တိုက်ကြီးမြို့နယ်တွင် ဆိတ်ကျောင်းနေသည့် အသက် ၁၃ နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးကို အရက် မူးနေသည့် အသက် ၆၂ နှစ်အမျိုးသားကြီးက အဓမ္မပြုကျင့်ရန် လုပ်ဆောင်သည်ဆိုသည့် တိုင်တန်းမှုကို မြို့နယ်ရဲစခန်းက ဖေဖော်ဝါရီ ၄ ရက်တွင် အမှုဖွင့်စစ်ဆေးနေသည်ဟု စခန်းမှူး ရဲအုပ်သန်းဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါ အမှုမှာ ဖေဖော်ဝါရီ ၄ ရက် က ဖောင်ကြီး-ပဲခူး ကားလမ်းဘေး နှင်းဆီမြိုင်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဆိတ်ကျောင်းနေသည့် အဆိုပါမိန်းကလေးငယ်ကို တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ ကျေးရွာတစ်ခုရှိ အသက် ၆၂ နှစ်အရွယ် အမျိုးသားက ဆိတ်များပြသပေးရန် ပြောဆိုပြီးနောက် အဓမ္မပြုကျင့်ရန် ကြံစည်အား ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ကလေးငယ်၏ မိသားစုဘက်က တိုင်တန်းထားသည်။
အဆိုပါ အမျိုးသားကြီးမှာ အရက်မူးနေပြီး မိန်းကလေးငယ်ကို ဂျိုးဖြူပိုက်လိုင်းအနီးတွင် တွန်းလှဲပြီး သားမယားပြုကျင့်ရန် ကြိုးစားလုပ်ဆောင်ခဲ့သဖြင့် မိန်းကလေးက ရုန်းကန်ထွက်ပြေးလာရသည်ဟုလည်း ဆို ထားသည်။
ထို့ကြောင့် အသက် ၄၅ နှစ်ရှိမိခင်ဖြစ်သူက သမီးငယ်အားအဓမ္မပြုကျင့်ရန် ကြံစည်လုပ်ဆောင်သူကို အရေးယူပေးရန် အမှုဖွင့် တိုင်တန်းလိုက်ခြင်းလည်း ဖြစ်သည်။
“တိုင်တန်းခံထားရသူက အဖိုးကြီးပါ၊ သူပြစ်မှုကျူးလွန်ကြောင်း ရဲစခန်းမှာ ၀န်ခံထားပါတယ်။ ကျွန်တော် တို့ သူ့ကိုအဓမ္မမှု ကျူးလွန်ရန် ကြိုးစားအားထုတ်မှုနဲ့ ဆက်လက်အရေးယူသွားမှာပါ”ဟု ရဲအုပ်သန်းဦးက ရှင်းပြခဲ့သည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်သူကို တိုက်ကြီးရဲစခန်းက (ပ)၄၆/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ ဖြင့် တရားစွဲတင်ရန် အမှုကို စစ်ဆေးတည်ဆောက်နေသည်ဟု ရဲစခန်းက ဆိုထားသည်။
Mizzima
No comments:
Post a Comment