Wednesday, February 12, 2014

တရုတ်မယားအဖြစ် ရောင်းစားခဲ့သည့်မိသားစုကို လူကုန်ကူးမှု ပုဒ်မ ၂၈(က)ဖြင့် အမှုဖွင့်




စစ်ကိုင်းတိုင်းဒေသ ကြီး ကလေးမြို့နယ်မှ ၁၉ နှစ်အရွယ်အမျိုး သမီးတစ်ဦးကို တရုတ်နိုင်ငံရှိ ဖိနပ်စက်ရုံ၌ အလုပ်ရ မည်ဆိုပြီး လိမ်လည်ခေါ်ဆောင် ကာ တရုတ်မယားအဖြစ်ရောင်းစားခဲ့သည့် သားအမိသား အဖသုံးဦး ကို အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။ ရောင်းစားခံရသူအမျိုးသမီးငယ် မှာ တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် ဖျင်တင်းရှန် မြို့ ထန်ချွင်းရွာတွင် ရောက်ရှိနေကြောင်း သိရသဖြင့် ပြန်လည်ကယ်တင်ရ ရှိရေး တပ်ဖွဲ့ စု(မူဆယ်)မှ ရွှေလီနယ်စပ်ဆက်ဆံရေးရုံး နှင့် ဆက်သွယ်ဆောင်ရွက်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဖေဖော် ၀ါရီလအတွင်းက တစ်ရွာတည်းနေထိုင်သူ ဦး.....၊ ဒေါ်....နှင့် သမီး မ....(တရုတ်နိုင်ငံသားနှင့် အိမ်ထောင်ကျနေသူ) တို့ သုံးဦးက ရွာသို့ရောက်ရှိလာပြီး ၎င်းင်း၏သမီးအား တရုတ်နိုင်ငံ ရှိ ဖိနပ်စက်ရုံတွင် တစ်လလျှင် တရုတ်ငွေ ယွမ် ၂၀၀၀ ခန့်ရရှိ မည်ဟုပြော ကာခေါ်ဆောင်သွားပြီး တရုတ် အမျိုးသားတစ်ဦးထံ ယွမ် ၆၈၀၀၀ ဖြင့် ရောင်းစားခဲ့ကြောင်း တရုတ်မယား အဖြစ် ရောင်းစားခံရသူ အမျိုးသမီးငယ်၏ ဖခင် ထံမှသိရသည်။

““ခေါ်သွားတဲ့ မိသားစုက မကြာ ခင်မှာ လားရှိုးကိုပြောင်းသွားတယ်။ ပြီးခဲ့တဲ့ လလောက်က သူတို့ မိသားစု ရွာ ကိုပြန်လာ တယ်။ သမီးက ဖိနပ်စက်ရုံမှာ အလုပ်ကောင်း ကောင်းလုပ်နေတယ်လို့ပြောတယ်။ ဇန်န ၀ါရီ ၄ ရက်ကမှာ သမီးနဲ့အင်တာနက်မှာ အဆက်အသွယ်ရခဲ့တယ်””ဟု အမျိုးသမီး ငယ်၏ ဖခင်ကပြော သည်။

ရောင်းစားခံရသူ အမျိုးသမီးငယ် မှ ကိုယ်ဝန်ရှစ်လရှိနေပြီဖြစ်ကြောင်းသိရ သဖြင့် တပ်ဖွဲ့စု(မူဆယ်)မှ တရား လိုပြုလုပ် ၍ ရောင်းစားခဲ့သူမိသားစုသုံးဦးကို အရေး ယူပေးရန်တိုင်ကြားခဲ့သောကြောင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၃ဝရက်က မူဆယ် မြို့မရဲစ ခန်းမှ (ပ)၁၈/၂၀၁၄၊ လူကုန်ကူးမှုတား ဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၈ (က)ဖြင့် အဆိုပါမိသားစုဝင်သုံးဦးကို အမှုဖွင့်အရေး ယူခဲ့ခြင်းဖြစ်သည်။

““တရုတ်နိုင်ငံမှာဖြစ်ပွားတဲ့ လူ ကုန်ကူးမှုတွေမှာ တရုတ်မယားအဖြစ် ရောင်း စားခံရမှုက ရာခိုင်နှုန်း အားဖြင့် ၉၃ ဒသမ ၂၂ ရာခိုင်နှုန်းရှိနေတယ်။ အဲဒါကြောင့် မြန် မာအမျိုးသမီးတွေအနေနဲ့ တရုတ်နိုင်ငံကို သွားပြီး အလုပ်လုပ်မယ်ဆိုရင် အလွန် အန္တရာယ်များတဲ့အတွက် အလုပ်ကိုသွား မလုပ်သင့်ဘူး””ဟု နေပြည်တော်လူကုန်ကူး မှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးမင်း နိုင်က ပြောသည်။

၂၀၁၃ခုနှစ်အတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ လူကုန်ကူးမှု ၁၀၂ မှုဖြစ် ပွားခဲ့ပြီး တရုတ်နိုင်ငံတွင် ၅၉ မှုဖြစ်ပွား ခဲ့ ကြောင်း၊ အဆိုပါအမှုများထဲတွင် အဓမ္မမွေး စားမှုနှစ်မှု၊ အဓမ္မအလုပ်စေခိုင်းမှုနှစ်မှုဖြစ် ပြီး ကျန် ၅၅မှုမှာ မယား အဖြစ် ရောင်းစား သည့်အမှုများဖြစ်ကြောင်း နေပြည်တော် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရှိရသည်။

မိတ္ထီလာရှိ အလိုတော်ပြည့်ပုံတော် ဆင်းတုများအနက် ကမ္ဘာ့အကြီးဆုံး ဆင်းတုအား အမိုးစတင်တပ်ဆင်





မိတ္ထီလာမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်းအနီး အလိုတော်ပြည့်အောင်မြေ ဓမ္မဗောဓိရိပ်သာတွင် တည်ထားကိုးကွယ်လျက်ရှိသည့် ပလ္လင်တံကဲပါ ဉာဏ်တော်အမြင့် ၃၇ ပေရှိ ကမ္ဘာ့အကြီးဆုံး အလိုတော်ပြည့်ပုံတော် ဆင်းတုအား အမိုးတပ်ဆင်မည့်လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အလိုတော်ပြည့်အောင်မြေ ဓမ္မဗောဓိရိပ်သာ ဆရာတော်မှ မိန့်ကြားသည်။

“ဒီဆင်းတုက အလိုတော်ပြည့်ပုံစံထဲမှာတော့ ကမ္ဘာ့အကြီးဆုံး၊ ဉာဏ်တော်အမြင့်ဆုံးလို့ သတ်မှတ်လို့ရပါတယ်။ အလိုတော်ပြည့်ပုံစံ ဆင်းတုတွေထဲမှာ ဒီဘုရားဆင်းတုလောက် ဉာဏ်တော်မြင့်တာ ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ သိရိလင်္ကာစတဲ့ အရှေ့တောင်အာရှ ဗုဒ္ဓဘာသာနိုင်ငံတွေမှာလည်း မရှိဘူး။ ဥရောပနိုင်ငံတွေမှာလည်း မရှိပါဘူး။ ဒါကြောင့်မို့ အလိုတော်ပြည့် ပုံစံတွေထဲမှာတော့ ဒီဘုရားလောက် ဉာဏ်တော်မြင့်တာ မရှိဘူးလို့ သတ်မှတ်တဲ့အတွက် ကမ္ဘာ့အကြီးဆုံးလို့ သတ်မှတ်ခြင်းဖြစ်ပါတယ်။ နောက်ခုတော့ ဒီကမ္ဘာ့အကြီးဆုံး အလိုတော်ပြည့်ပုံတော် မြတ်စွာဘုရားကြီးကို အမိုးတပ်ဆင်မယ့်လုပ်ငန်းတွေ စတင်ဆောင်ရွက်နေပါပြီ၊ အမိုးတပ်ဆင်ဖို့ ကုန်ကျငွေ သိန်းသုံးရာလောက် ကုန်မယ်ခန့်မှန်းပါတယ်၊ မန္တလေးက ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ အမိုးတပ်ဆင်သွားမှာပါ” ဟု အလိုတော်ပြည့်အောင်မြေ ဓမ္မဗောဓိရိပ်သာဆရာတော် ဦးပညာသာရက မိန့်ကြားသည်။ ကမ္ဘာ့အကြီးဆုံး အလိုတော်ပြည့်ပုံတော် မြတ်စွာဘုရားအား ၁၃၇၀ ပြည့်နှစ် ၀ါဆိုလပြည့်နေ့မှ စတင်ပြီး ပုဂံမြို့ ပန်းချီ၊ ပန်းပု၊ ဗိသုကာပညာရှင် ဦးသီဟနှင့်အဖွဲ့မှ စတင်တည်ထားကိုးကွယ်ရာ ၁၃၇၀ ပြည့်နှစ် သီတင်းကျွတ်လပြည့်နေ့ ရက်ပေါင်း ၉၀ အကြာတွင် ပြီးမြောက်၍ ဌာပနာတော်သွင်း မင်္ဂလာကျင်းပနိုင်ခဲ့ကြောင်းသိရပြီး ဉာဏ်တော်အမြင့် ၃၇ ပေရှိပြီး သိန်း ၂၀၀ ကျော် ကုန်ကျခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့ အလိုတော်ပြည့်အောင်မြေ ဓမ္မဗောဓိရိပ်သာ ကမ္ဘာ့အကြီးဆုံး အလိုတော်ပြည့်ပုံတော် မြတ်စွာဘုရားအား ဖူးမြော်ရစဉ်

ချစ်သူများနေ့ လက်ဆောင်

"အဲဒီနေ့မှာ အဆင့်မြင့် ဟိုတယ်ကြီးတွေမှာထက် မိုတယ်တွေ၊ တည်းခိုခန်းတွေမှာ အခန်းရဖို့ မသေချာဘူး..."

၂ဝ၁၁ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဧရာဝတီအွန်လိုင်းမှာ တင်ခဲ့တဲ့ ဆောင်းပါးကို ပြန်လည် ဖော်ပြပါတယ်။ နရီလင်းလက် ရေးသားတဲ့ဆောင်းပါး ဖြစ်ပါတယ်။

လပြည့်ဝန်း ပလာဇာရှေ့မှာ ကားငှားဖို့ စောင့်နေတဲ့၊ အဖြူရောင် တီရှပ်ပေါ်မှာ အသည်းပုံ Love၊ Life စာတန်း ထိုးထားတဲ့ ဆင်တူ အင်္ကျီဝတ် စုံတွဲကို ကြည့်ပြီး ဒီနေ့တရက်တော့ ချစ်သူကို သတိရမိတယ်လို့ သူ့ချစ်သူနဲ့ လမ်းခွဲခဲ့ပြီးသူ မကေခိုင်က ဆိုပါတယ်။

ဒီနေ့အတွက် သူ့မှာ ဘာအစီအစဉ်မှ မရှိပေမယ့် ကော်ဖီဆိုင်မှာ အတူတူထိုင်ပြီး စကားဖောင်ဖွဲ့နေတဲ့ စုံတွဲတွေ၊ ရှော့ပင်း စင်တာထဲမှာ လှည့်ပတ်သွားလာပြီး ဈေးဝယ်နေတဲ့ စုံတွဲတွေ၊ ဂိမ်းပြိုင်ပွဲ ၀င်နေတဲ့ စုံတွဲတွေ၊ လက်ဆောင် အပြန်အလှန် လဲလှယ်နေတဲ့ စုံတွဲတွေကို မနက် အလုပ်လာကတည်းက တောက်လျှောက် တွေ့ရတာကတော့ ကြည်နူးစရာ ကောင်းတယ် လို့ လပြည့်ဝန်းပလာဇာမှာ အရောင်းဝန်ထမ်း လုပ်ကိုင်နေတဲ့ သူက ဆက်ပြောပါတယ်။

“အလုပ် တရက်ပျက်ရင် တရက်စာဖြတ်တော့ ချစ်သူရှိသေးရင်လည်း ဒီနေ့ လည်ဖြစ်မယ်မထင်ဘူး” လို့ မကေခိုင်က ဆိုပါတယ်။

မြန်မာနိုင်ငံဟာ စီးပွားရေး၊ နိုင်ငံရေး ပြဿနာတွေကြောင့် ပြင်ပကမ္ဘာနဲ့ တော်တော်လေး အဆက်ပြတ်၊ အထီးကျန် နေပေမယ့်လည်း လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက်က စတင်ပြီး လူငယ်ထုကြားမှာ ခေတ်စားလာတဲ့ ချစ်သူများနေ့မှာတော့ ပန်းစည်းတွေ ပေးတာ၊ ချောကလက်ကျွေးတာ၊ ပို့စ်ကတ် လဲလှယ်ကြတာ စတဲ့ အလေ့အထတွေကတော့ ပိုများလာတာ တွေ့ရပါတယ်။

အဲဒီလက်ဆောင်တွေရဲ့ အောက်မှာ ဖုံးကွယ်နေတဲ့ အမှတ်တရ လက်ဆောင်တခု ရှိနေပါတယ်။ ဒါကတော့ အပျို၊ လူပျို ဘ၀ကို စွန့်လွှတ်ပြီး အဲဒီနေ့မှာ ချစ်သူနဲ့ အတူတူ စနေမယ်ဆိုတဲ့ အလေ့အထ မြန်မာပြည်မှာ ရှိနေပြီ ဆိုတာပါပဲ။

“ကျနော် သတိထားမိသလောက် သိပ်မကြာသေးဘူး။ ၃ နှစ်လောက်ပဲ ရှိဦးမယ်။ အဲဒီနေ့ဆို တည်းခိုခန်းက အချိန်ပိုင်းနဲ့တင် ၀င်ငွေ တော်တော် ဖြောင့်တာ။ တချို့ဆို အခန်း ပတ်ရှာတာ မရလို့ ဒီမှာပဲ ထိုင်စောင့်နေရတဲ့ အထိပါ ရှိတယ်” လို့ ကန် တော်ကြီးအနီးမှာ ရှိတဲ့ နယူးကန်တော်ရိပ် ဟိုတယ် ၀န်ထမ်းတဦးက ပြောပါတယ်။

အဲဒီနေ့မှာ အဆင့်မြင့် ဟိုတယ်ကြီးတွေမှာထက် မိုတယ်တွေ၊ တည်းခိုခန်းတွေမှာ အခန်းရဖို့ မသေချာဘူးလို့ သူက ဆိုပါတယ်။

ဒီလို ထွန်းကားလာတာကြောင့်လည်း ပန်းခြံ၊ စားသောက်ဆိုင်နဲ့ ရှော့ပင်းမောလ်က ပရိုမိုးရှင်းပွဲတွေ၊ ချစ်သူများနေ့ စင်တင် တေးဂီတ ဖျော်ဖြေပွဲတွေအပြင် တည်းခိုခန်းနဲ့ မိုတယ်တွေမှာ အဲဒီနေ့ဆို အခန်းအပြည့် ငှားရတဲ့အထိ ရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေ ဆီက သိရပါတယ်။

“သန်လျင်လို တည်းခိုခန်းနဲ့ ဟိုတယ်ပေါတဲ့ နေရာမှာတောင် အဲဒီနေ့ဆို အခန်းရဖို့ မလွယ်ဘူး” လို့ သန်လျင်မြို့နယ် သီလဝါဆိပ်ကမ်း MITT က အရာရှိ တဦးဖြစ်တဲ့ ကိုကျော်မင်းဆွေက ပြောပါတယ်။

ချောကလက်နဲ့ ပန်းစည်းပေးတာတွေက ၁၄ နှစ်အောက် လူငယ်တွေကြားမှာပဲ ရှိတော့တဲ့ အလေ့အထ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ယုဇနပလာဇာ အနောက်ဘက်က တောင်ပေါ်သား တည်းခိုခန်း၊ မြေနီကုန်းနားက Motherland ၊ Summer place၊ ဖိုးစိန် လမ်းပေါ်က ဟိုတယ်တွေ၊ အင်းတွေမှာဆိုလည်း စုံတွဲတွေ အပြည့်လို့ သိရပါတယ်။

ရန်ကုန်က အထက်တန်းကျောင်းသား တဦးဖြစ်တဲ့ ဇေယျာကတော့ သာမန်နေ့တွေမှာထက် ချစ်သူများနေ့မှာ စုံတွဲတွေ အတူ အိပ်ကြတာ အဓိပ္ပာယ် ပိုရှိတယ်၊ ပိုပြီး လေးနက်မှုကို ပြတယ်လို့ ဆိုပါတယ်။

“လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဆိုရင်တော့ မယူဖြစ်ရင် အတူတူနေတယ် ဆိုတာ မိန်းကလေးရော၊ ယောက်ျားလေး အတွက်ပါ နစ်နာတယ် ဆိုတဲ့ စကားက မှန်ပါသေးတယ်။ အခုခေတ်မှာတော့ ရန်ကုန် အသိုင်းအ၀န်းမှာ ဆို ဒီလိုကိစ္စကို လက်မခံတော့ ပါဘူးလို့” သူက ပြောပါတယ်။

အခုခေတ်မှာ လူငယ်တွေက အတူတူနေတဲ့ကိစ္စကို ပွင့်လင်းတယ်လို့ မြင်လာ လက်ခံလာပြီး သူတို့ ဆယ်ကျော်သက်တွေ အ လယ် မှာတော့ ဖြစ်သင့်တဲ့ သဘာဝ တခုလို့ မြင်တယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင် ချစ်သူများနေ့ ဆိုတာ စောင့်ဆိုင်းရတဲ့ ရက်တရက်လို့ ပြောကြပါတယ်။ ထိုင်း မှာရှိတဲ့ အထူး နေ့ထူးနေ့မြတ်တွေ အမျိုးစုံရှိတဲ့ ကြားထဲက ထိုင်းတွေဟာလည်း ချစ်သူများနေ့ကို နေ့ထူးနေ့မြတ် တရက်လို သတ်မှတ်ထား ကျင်းပကြတာ ၁၀ စုနှစ်တခုလောက် ရှိပါပြီ။

စေ့စပ်ပွဲတွေ၊ လက်ထပ်ပွဲတွေက အဲဒီနေ့မှာ အများဆုံး ကျင်းပတတ်ကြသလို၊ ချစ်သူတွေလည်း အဲဒီနေ့ကနေ စပြီး အတူတူ နေကြပါတယ်။ အဲဒီနေ့ဟာ ထိုင်း တနိုင်ငံလုံးမှာ ကွန်ဒုံး အရောင်းရဆုံး နေ့လို့လည်း သိရပါတယ်။ ထိုင်း လူမျိုးတွေက ချစ်သူများနေ့အတွက် အကုန်အကျခံကြတဲ့ ပိုက်ဆံတွေက မနည်းပါဘူး။

ချစ်သူများနေ့ဟာ အနောက်နိုင်ငံက အစပြုခဲ့တဲ့၊ မြန်မာ့ယဉ်ကျေးမှု မဟုတ်ပေမယ့် ချစ်သူတွေ အချင်းချင်း လက်ဆောင်တွေ ဖလှယ်ကြတာ၊ ပန်းကလေးတွေ၊ ကဗျာကလေးတွေ ပို့ပေးကြတာ ကြည်နူးစရာ ကောင်းပါတယ်လို့ စာရေးဆရာမ နုနုရည် (အင်းဝ) က ဆိုပါတယ်။ ဒါပေမယ့် စီးဆင်းလာတဲ့ ယဉ်ကျေးမှုမှာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို သတိမူ သင့်တယ်လို့ ပြောပါတယ်။

“အဲဒီ ရေစီးကြောင်းကြီးထဲကို တိုက်စားပွတ်တိုက်ပြီး ပါမသွားစေချင်တာကတော့ Virgin ဆိုတဲ့ အပျိုစင် ဂုဏ်လေးပါပဲ။ စောင့်ထိန်းနိုင်ခြင်းတန်ဖိုး၊ မိမိကိုယ်ကိုယ် ယုံကြည်မှု တန်ဖိုး၊ သိက္ခာ တန်ဖိုး၊ ယဉ်ကျေးမှု တန်ဖိုးတွေနဲ့ ပြည့်စုံနေတဲ့ အပျိုစင် ဆိုတဲ့ ဂုဏ်လေးကို မြန်မာ မိန်းကလေးငယ်တွေ ဂုဏ်ယူစွာနဲ့ စောင့်ရှောက်ထိန်းသိမ်းစေချင်ပါတယ်” လို့ မြန်မာစာ ဆရာမ တဦးလည်း ဖြစ်တဲ့ စာရေးဆရာမ နုနုရည် (အင်းဝ) က ဆိုပါတယ်။

ဆရာမ နုနုရည်က သူ့ကို ရှေးဆန်လိုက်တာလို့ ပြောချင်ပြောပါစေ၊ ရယ်စရာလို့လည်း ထင်ကောင်း ထင်မယ်၊ ဒါပေမယ့် ကိုယ့် ယဉ်ကျေးမှုဆိုတာကို ထိန်းသိမ်းစောင့်ရှောက်ချင်တဲ့၊ ကိုယ့်ယုံကြည်မှု သိက္ခာကို တန်ဖိုးထားချင်တဲ့ မြန်မာမိန်းကလေးတွေ အနေနဲ့ ကတော့ နားလည်လောက်မယ် ထင်ပါတယ်လို့ ဆက်ပြောပါတယ်။

တနင်္လာနေ့လို ပျားပန်းခတ်မျှ ရှုပ်ထွေးလှတဲ့ ရန်ကုန်လမ်းတွေပေါ်မှာ ဆင်တူ အင်္ကျီဝတ်ဆင်ထားတဲ့ စုံတွဲတွေ၊ ချစ်သူများနေ့ စင်တင် ဂီတ ဖျော်ဖြေပွဲ ကြော်ငြာ ဘေလ်ဘုတ်ကြီးတွေ၊ လမ်းမ ကြီးပေါ်အထိ လျှံကျလာတော့မယ် ထင်ရတဲ့ အင်းလျား ကန်ပေါင်က စုံတွဲတွေဟာ ရန်ကုန်မြို့ရဲ့ ချစ်သူများနေ့ ပွဲတော်ကို ထင်ရှားပေါ်လွင်စေတဲ့ ပြယုဂ်တွေပါပဲ။

ဒီလိုနေ့မှာ စုံတွဲတွေ အတူနေတာကြောင့် တည်းခိုခန်းတွေမှာ အခန်းတွေ မအားလပ်တဲ့အထိ ဖြစ်နေပေမယ့် ကွန်ဒုံးတွေရဲ့ ရောင်းအားကတော့ သိသိသာသာ တက်မလာပါဘူးလို့ ဆေးဝါး ကုမ္ပဏီ တခုမှာ လုပ်ကိုင်နေတဲ့ လူငယ်ဆရာဝန် တဦးက ပြောပါတယ်။

“ကွန်ဒုံးသုံးတာကို ကြေးစားဆန်တယ်လို့ သဘောထားလို့ လိင်ဆက်ဆံချိန်မှာ ကွန်ဒုံး မသုံးဖြစ်တာ များတယ်။ သုံးတဲ့ အချိန်ကလည်း ကြေးစား လိင်အလုပ်သမ မိန်းကလေးတွေနဲ့ နေတဲ့အချိန်ပဲ။ လေ့လာရသလောက် ချစ်သူတွေ၊ သမီး ရည်းစားတွေ ကြားထဲမှာ ကွန်ဒုံးမသုံးကြဘူး။ အဲဒါနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ အမြင်တွေ ရှိတာကို ဘယ်လိုမှ မတားဆီး နိုင်သေးဘူး” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ တခြား အိမ်နီးချင်းနိုင်ငံတွေ ကွာခြားတာကတော့ မူလတန်းကျောင်းသား ကျောင်းသူ အရွယ်ကတည်းက လိင် ပညာပေး သင်ခန်းစာတွေကို အစိုးရကျောင်းတွေမှာ သေသေချာချာ သင်ကြားပေးတာပါ။ မြန်မာပြည်က အစိုးရကျောင်း တွေကတော့ ယဉ်ကျေးမှုဆိုတဲ့ တံတိုင်းနဲ့ ဘောင်ခတ်ထားပြီး ဒီလို သင်ခန်းစာတွေကို ရှက်စရာလို့ မြင်နေသေးတာ တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် ဒီနေ့လို ချစ်သူများနေ့မှာ ဟိုတယ်တွေ၊ ကလပ်တွေမှာ ကွန်ဒုံး အခမဲ့ဝေတဲ့ ဓလေ့မျိုး ရှိပါတယ်။

အမျိုးသမီး သတင်းထောက်တဦးက “အိမ်ထောင်ကွဲတွေကို တွေ့ရတာ များလို့လားတော့ မသိဘူး။ ယူလိုက်ပြီးမှ အဆင် မပြေတာထက် အတူနေရင်း လေ့လာ စေချင်တယ်။ တကယ်ချစ်တဲ့သူ ဆိုရင်တော့ အစဉ်အလာတွေ မထိန်းသိမ်းချင်ဘူး။ ကိုယ့်မှာလည်း လွတ်လပ်ခွင့် ရှိတယ်လေ။ အပျိုစင် မဟုတ်တော့ပေမယ့်လည်း ကိုယ့်ကို ချစ်တဲ့၊ ကြိုက်တဲ့ ယောက်ျားက ယူလိမ့်မယ်” လို့ ပြောပါတယ်။

ဒီလို ချစ်သူစုံတွဲတွေ လက်မထပ်ခင် အတူတူနေတာနဲ့ ပတ်သက်ပြီး ဘာသာစကား သင်တန်းကျောင်း တကျောင်းမှာ အင်္ဂလိပ်စာ သင်ကြားနေတဲ့ မကေဇင်သွယ်က “တရားဝင် လက်ထပ်ထားတာ မဟုတ်သေးတဲ့ အတွက် အဲဒီလို နေလိုက်ပြီးလို့ မယူဖြစ်ကြတော့ရင် ယောက်ျားလေးက ဘာမှမဖြစ်ဘူး။ မိန်းကလေးပဲ နစ်နာမှာလေ။ မယူခင် အဲဒီ အခွင့်အရေးကို ယောက်ျားလေးတွေကို မပေးသင့်ဘူး။ မြန်မာ့ ယဉ်ကျေးမှုနဲ့ ကြည့်ပြီး ပြောရရင်လည်း မကိုက်ညီဘူး” လို့ ပြောပါတယ်။

မြန်မာပြည်မှာ HIV/ AIDS ရောဂါနဲ့ ပတ်သက်လို့ ပညာပေးနေတဲ့ NGO အဖွဲ့အစည်း PSI ရဲ့ ဆက်သွယ်ရေး အရာရှိ တဦးဖြစ်သလို၊ ကျန်းမာရေး အသိပညာပေး စာပေတွေ ရေးသားနေတဲ့ စာရေးဆရာမ မြနှောင်းညိုက အချိန်မတိုင်ခင် သိပ်နုနယ်တဲ့ အရွယ်မှာ လိင်ဆက်ဆံတာကို မလုပ်စေချင်ပါဘူးလို့ ဆိုပါတယ်။

“လက်မထပ်ခင် အတူနေတဲ့ အလေ့အထကို ခေတ်နဲ့လျော်ညီတဲ့ အကြံပေးရရင် မယူနိုင်သေးဘဲ တအိမ်တည်းမှာ အတူတူနေ ကြတဲ့ အခိုက်အတန့် တယောက်နဲ့တယောက် သစ္စာ ရှိစေချင်တယ်။ ကွဲသွားကြလို့ မယူဖြစ်ရင် HIV စစ်ပေါ့” လို့ ဆရာမ မြနှောင်းညိုက ဆက်ပြောပါတယ်။

ဒီအချိန်မှာတော့ မော်လမြိုင်မြို့ပေါ်က အင်တာနက်ဆိုင် တဆိုင်မှာ လွန်ခဲ့တဲ့ ၅ ရက်လောက် ကတည်းက ချစ်သူနဲ့ တွေ့ဆုံ စကားပြောနိုင်ဖို့ အတွက် စက်တလုံး ချန်ထားပေးဖို့ တောင်းဆိုထားတဲ့ အသက် ၂၀ အရွယ် မနှင်းအိကတော့ သူ ချိန်းဆို ထားတဲ့ နာရီအတိုင်း အရောက်သွားနိုင်ဖို့ ပြင်ဆင် နေတယ်လို့ သိရပါတယ်။

“လက်ဆောင် ကိုယ်တိုင်ကိုယ်ကျ မပေးရပေမယ့် အင်တာနက်ကနေ ဒီမတိုင်ခင်ကတည်းက ကြိုရှာထားတဲ့ Valentine ကတ် ကို ဒီနေ့ ပို့ပေးလိုက်တယ်။ ဖုန်းပြောချင်ပေမယ့် အိမ်ကို တိုက်ရိုက်ခေါ်ဖို့ ဖုန်းက အဆင်မပြောတော့ ဂျီတော့ခ် ကနေပဲ ပြောရ တာပေါ့။ ဒီနေ့ အတွက် အမှတ်တရက သူများတွေလို အကောင်အထည်ပြလို့ မရတဲ့ ချစ်စကားတွေပဲ ရှိတယ်လို့” သူက ဆိုပါတယ်။

ချစ်သူသာ အနားမှာ ရှိမယ်ဆိုရင် အတူတူလျှောက်လည်ပြီး တနေရာရာ သွားဖို့ စီစဉ်မယ်၊ သူကြိုက်တဲ့ ပန်းကို အဲဒီနေ့မှာ ပေးဖို့ တောင်းဆိုမယ်လို့ မနှင်းအိက ဆက်ပြောပါတယ်။

နိုင်ငံ တ၀န်းလုံး ကျင်းပနေတဲ့ ချစ်သူများနေ့ဟာ အနောက် နိုင်ငံတွေမှာ ဓလေ့တခုလို ဖြစ်နေပေမယ့် ကူးစက်ခံ အရှေ့တိုင်း နိုင်ငံတွေ မှာကတော့ ချစ်သူများနေ့ကို ပိုပြီး အမှတ်တရ ဖြစ်အောင် ဖန်တီး ကြတာ တွေ့လာရပါတယ်။

ရောမ ခေတ်က ချစ်သူ ၂ ဦးကို တိတ်တဆိတ် ထိမ်းမြားပေးခဲ့တာကြောင့် သေဒဏ်ပေးခံရတဲ့ ဘုန်းတော်ကြီး St. Valentine ကို ဂုဏ်ပြုတဲ့အနေနဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ကို ချစ်သူများနေ့လို့ သတ်မှတ်ခဲ့ကြပါတယ်။

ဒီ အနောက်တိုင်း ယဉ်ကျေးမှုက မြန်မာ လူငယ်တွေရဲ့ ယဉ်ကျေးမှုကို စတင် ဖျက်ဆီးနေပြီလား ဆိုတာကတော့ စဉ်းစား စရာပါ။ ။

ဂျက်ဖာဆင်ဗိမာန်၌ အိုဘားမားနှင့် အော်လွန်းဒ်တို့ သမိုင်းဝင်ချစ်ကြည်ရေး အသစ်ပြန်စ


ဖေဖော်ဝါရီ ၁၀ ရက်က အိုဘားမား၊ အော်လွန်းဒ် (၀ဲ) နှင့် ဂျက်ဖာဆင်ဖောင်ဒေးရှင်းဥက္ကဋ္ဌ လက်စလီဂရင်းဘိုမန် (ယာ) တို့ ဂျက်ဖာဆင်အိမ်တော်သို့ သွားရောက်ခဲ့စဉ် (Photo:AFP)


ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်းဒ်သည် သူ၏အမေရိကန်ခရီးစဉ်ကို ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်ခဲ့ပြီး အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့်အတူ အမေရိကန်ပြည်ထောင်စုကို ထူထောင်သူလည်းဖြစ် ပြင်သစ်လိုလားသူလည်းဖြစ်သောသော မတ်ဂျက်ဖာဆင်၏ နေအိမ်သို့ သွားရောက်ဂါရ၀ခဲ့သည်။

အော်လွန်းဒ်သည် သူ၏ချစ်မှုရေးရာ ကိစ္စများနှင့် ပတ်သက်၍ စိတ်ရှုပ်ထွေးရမှုများကို မသိကျိုးကျွံပြုရန် ကြိုးပမ်းသည့်အနေဖြင့် ပြင်သစ်၏သက်တမ်းအရင့်ဆုံး မဟာမိတ် အမေရိကန်နှင့် သမိုင်းဝင်ဆက်ဆံရေးကို မီးမောင်းထိုးပြရင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အလျင်အမြန် ကြီးထွားလာရန် ရည်ရွယ်လျက် အမေရိကန်သို့ လာရောက်ခြင်းဖြစ်သည်။ အိုဘားမားသည် အင်ဒရူးလေတပ် အခြေစိုက်စခန်းသို့ ဆိုက်ရောက်လာသည့် ဘိုးရင်း ၇၅၇ အမျိုးအစား Air Force One လေယာဉ်လှေကား၌ အော်လွန်းဒ်နှင့် တွေ့ဆုံခဲ့သည်။ အော်လွန်းဒ်သည် မွန်တီဆယ်လိုရှိ ဂျက်ဖာဆင်ချစ်မြတ်နိုးခဲ့သည့် အိမ်တော်သို့သွားရောက်ရန် ဗာဂျီးနီးယားသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ယင်းခရီးစဉ်ကို အင်္ဂလိပ်စကားပြောကောင်းသော အော်လွန်းဒ်နှင့် အိုဘားမားတို့အတွက် သမိုင်းဝင်သင်္ကေတများ ပြည့်နှက်နေသည့် ၀န်းကျင်များကို နောက်ခံထားလျက် ပုဂ္ဂိုလ်ရေးဆိုင်ရာ ခင်မင်ရင်းနှီးမှု ရယူရန် အခွင့်အလမ်း တစ်ရပ်အဖြစ် စီစဉ်ခဲ့ခြင်းလည်းဖြစ်သည်။

အိုဘားမားက “ဂျက်ဖာဆင်ဟာ တစ်လျှောက်လုံး ပြင်သစ်လိုလားသူ ဖြစ်ခဲ့ပါတယ်။ သူရဲ့ဒီအိမ်ဟာ ပြင်သစ်တော်လှန်ရေးရဲ့ သြဇာသက်ရောက်မှုနဲ့ အမေရိကန်တော်လှန်ရေးကို ဦးဆောင်ကူညီခဲ့တဲ့ သဘောတူညီမှုကို ကိုယ်စားပြုပါတယ်” ဟု ပြောကြားခဲ့သည်။

အော်လွန်းဒ်ကလည်း သမိုင်းဝင်ထင်ဟပ်ချက်များကို ရှည်လျားစွာ ပြောကြားခဲ့ရာ ယင်းတွင် ဂျော့ဝါရှင်တန်၏ တော်လှန်ရေးတပ်မတော်တွင် ပါဝင်လျက် အမေရိကန် လွတ်လပ်ရေးအတွက် တိုက်ခိုက်ဝင်ခဲ့သော ပြင်သစ်သူကောင်းမျိုးနွယ် မားကွက်ဒီလာဖာယက်၏ အကြောင်းလည်း ပါဝင်သည်။ သူက “ဂျက်ဖာဆင်နဲ့ လာဖာယက်တို့ခေတ်တုန်းကလည်း ကျွန်တော်တို့ဟာ မဟာမိတ်တွေ ဖြစ်ခဲ့ကြသလို ဒီကနေ့မှာလည်း ကျွန်တော်တို့ဟာ မဟာမိတ်တွေပါပဲ” ဟု ပြောကြားခဲ့သည်။ သူတို့နှစ်ဦးသည် ဖေဖော်ဝါရီ ၁၁ ရက်တွင် ဘဲဥပုံ စည်းဝေးခန်းမ၌ ဆီးရီးယားစစ်ပွဲ၊ အီရန်နျူကလီးယား အစီအစဉ်၊ ယူကရိန်းနိုင်ငံရေး အကျပ်အတည်းနှင့် အာဖရိက လုံခြုံရေးပြဿနာတို့အား အဓိကထား ဆွေးနွေးကြမည်ဖြစ်သည်။

Ref:AFP

တရုတ်နှင့်ထိုင်ဝမ်တို့ ၆၅ နှစ်အတွင်း ပထမဆုံးအကြိမ် သမိုင်းဝင်ဆွေးနွေးပွဲ စတင်ဆွေးနွေးမည်



ဖေဖော်ဝါရီ ၁၁ ရက်တွင် နန်ကျင်းရှိ Purple Mountain ဧည့်ဂေဟာ၌ ထိုင်ဝမ်ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ပြည်မကြီး ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးနေစဉ် ()


လွန်ခဲ့သည့် ၆၅ နှစ်က ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံမှ ထိုင်ဝမ်ခွဲထွက်ပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် နှစ်ဖက်အစိုးရအဆင့် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၁ ရက်တွင် စတင်ခဲ့ပြီး ခါးသီးသော ရန်ဘက်ဟောင်းအကြား သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။

ထိုင်ဝမ်၏ တရုတ်ပြည်မကြီးဆိုင်ရာ မူဝါဒကောင်စီဝန်ကြီး ၀မ်ယုချီ၏ လေးရက်ကြာခရီးစဉ် ပထမရက်၌ တရုတ်ပြည်မကြီးဆိုင်ရာ တာဝန်ရှိသူ ကျန်းကျီကျန်နှင့် တွေ့ဆုံရန် နန်ကျင်းမြို့သို့ ရောက်ရှိခဲ့ကြောင်း ထိုင်ဝမ်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ တရုတ်အရှေ့ပိုင်းရှိ နန်ကျင်းမြို့သည် ၂၀ ရာစု၏ ပထမထက်ဝက် ကာလအတွင်း ၀မ်ယုချီတို့၏ ကူမင်တန်ပါတီ သို့မဟုတ် အမျိုးသားရေးဝါဒီပါတီက အုပ်ချုပ်စဉ် နိုင်ငံ၏မြို့တော် ဖြစ်ခဲ့သည်။ ကူမင်တန်ပါတီသည် ၁၉၄၉ ခုနှစ်တွင် လူသန်းနှင့်ချီ သေဆုံးခဲ့သည့် တရုတ်ပြည်တွင်းစစ်၌ မော်စီတုံး၏ ကွန်မြူနစ်များကို ရှုံးနိမ့်ခဲ့ပြီး အမျိုးသားရေးဝါဒီခေါင်းဆောင် ချန်ကေရှိတ်အား ထောက်ခံသူနှစ်သန်းခန့် ထိုင်ဝမ်ဘက်သို့ ထွက်ပြေးခဲ့ကြကြောင်း သိရသည်။ ယင်းအချိန်မှစပြီး ပြည်မကြီးနှင့် ထိုင်ဝမ်ကျွန်းတို့သည် သီးခြားစီ ရပ်တည်ခဲ့ကြပြီး စစ်မှန်သော တရုတ်အစိုးရဖြစ်ကြောင်း နှစ်ဖက်စလုံးက ကြေညာခဲ့ကြသည်။ ၁၉၉၀ ပြည့်နှစ်ရောက်မှသာ ကြားခံအဖွဲ့အစည်းများမှတစ်ဆင့် နှစ်ဖက်ဆက်သွယ်မှု ပြန်လည်စတင်ခဲ့သည်။

ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျင်းပသည့် ယခုတွေ့ဆုံမှုသည် ဆက်ဆံရေးတိုးတက်စေရန် နှစ်ပေါင်းများစွာ ကြိုးပမ်းမှု၏ အသီးအပွင့်ဖြစ်သည်။ သို့သော် တရုတ်အစိုးရသည် ထိုင်ဝမ်ကို ပြည်မကြီးနှင့်ပူးပေါင်းရန် စောင့်ဆိုင်းနေသော သူပုန်နယ်မြေအဖြစ် ရှုမြင်ထားဆဲဖြစ်ပြီး လိုအပ်ပါက အင်အားအသုံးပြုမည်ဟု ခြိမ်းခြောက်ထားသည်။ ထိုင်ဝမ်သည် ဆယ်စုနှစ်နှင့်ချီ သံတမန်ရေးရာ အထီးကျန်မှု ပိုဖြစ်လာခဲ့ပြီး ၁၉၇၁ ခုနှစ်တွင် ကုလသမဂ္ဂ၌ တရုတ်ကိုယ်စားပြုနေရာကို လက်လွှတ်ခဲ့ရသည်။ သို့သော် ထိုင်ဝမ်ကို အမေရိကန်က စစ်ရေးအကူအညီပေးပြီးနောက် စီးပွားရေးမှာ တစ်ဟုန်ထိုး တိုးတက်ခဲ့သည်။

ယခုဆွေးနွေးမှုတွင် ထိုင်ဝမ်သည် စီးပွားရေး အကျိုးအမြတ် သေချာရေး သို့မဟုတ် လုံခြုံရေးအာမခံချက် ရရှိရေး စသည့်လက်တွေ့ကျသော ရလဒ်များရရှိရန် အဓိကအာရုံစိုက်ဖွယ်ရှိပြီး တရုတ်ကမူ ထိုင်ဝမ်ကျွန်းနှင့် ပြန်လည်ပေါင်းစည်းရေး ရေရှည်စီမံကိန်းကို အဓိကထားဖွယ်ရှိသည်။

၂၀၀၈ ခုနှစ်တွင် မာယင်ကျိုး ထိုင်ဝမ်သမ္မတ ဖြစ်လာပြီးနောက် တရုတ်နှင့်ထိုင်ဝမ်ဆက်ဆံရေး တိုးတက်မှုရရှိခဲ့သည်။ ပြန်လည်ရင်ကြားစေ့ရေးအတွက် အရေးပါသည်ဟု သတ်မှတ်သော စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး မူဘောင်သဘောတူညီချက်ကိုလည်း ၂၀၁၀ ပြည့်နှစ်ဇွန်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

Ref:AFP

တရားမျှတပြီး အပြုသဘောဆောင်သော နျူကလီးယားဆွေးနွေးပွဲကို အလိုရှိကြောင်း အီရန်သမ္မတ ရိုဟာနီပြောကြား


တီဟီရန်မြို့၏ လွတ်လပ်ရေးရင်ပြင်တွင် ဖေဖော်ဝါရီ ၁၁ ရက်က မိန့်ခွန်းပြောကြားနေသော ရိုဟာနီ (၀ဲ) (Photo:AFP)


နျူကလီးယား ဆွေးနွေးပွဲများတွင် အီရန်၏ မျှတပြီး အပြုသဘောဆောင်သော သဘောထားအတိုင်း ဆောင်ရွက်ရန် ကမ္ဘာ့အင်အားကြီးနိုင်ငံများကို အီရန်သမ္မတ ဟက်ဆန်ရိုဟာနီက ဖေဖော်ဝါရီ ၁၁ ရက်တွင် တောင်းဆိုခဲ့သည်။ ကမ္ဘာ့အင်အားကြီး နိုင်ငံများသည် အီရန်အပေါ် စစ်ဘက်ဆိုင်ရာ ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ ထင်ယောင်ထင်မှား မဖြစ်သင့်ကြောင်းလည်း ရိုဟာနီက ပြောကြားခဲ့သည်။

အီရန်သည် ကမ္ဘာ့အင်အားကြီးနိုင်ငံ ငါးနိုင်ငံဖြစ်သော ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်၊ ရုရှားနှင့် တရုတ်၊ ဂျာမနီတို့ပါဝင်သည့် P5+1 အင်အားကြီးခြောက်နိုင်ငံနှင့် ဗီယင်နာတွင် လာမည့်သီတင်းပတ်အတွင်း ဆွေးနွေးပွဲ ပြန်လည်စတင်မည်ဖြစ်သည်။

“အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းဘောင်ထဲကနေ တရားမျှတပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို ဖြစ်စေဖို့ အီရန်က ကတိပေးပါတယ်။ လာမယ့်ဆွေးနွေးပွဲမှာ တခြားဆွေးနွေးဖက် နိုင်ငံတွေကိုလည်း အလားတူဆန္ဒထားဖို့ မျှော်လင့်ပါတယ်” ဟု ရိုဟာနီက အစ္စလာမ္မစ်တော်လှန်ရေး (၃၅)နှစ်မြောက် အထိမ်းအမှတ်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

“ကျွန်တော်ရှင်းရှင်းပဲ ပြောမယ်ဗျာ။ အီရန်ကို စစ်ဘက်ဆိုင်ရာ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ အချို့က ထင်ယောင်ထင်မှား ဖြစ်နေမယ်ဆိုရင် အဲ့ဒီလူတွေ မျက်မှန်သစ်လဲတပ်ဖို့ လိုနေပါပြီ။ ကမ္ဘာပေါ်မှာ အီရန်ကို စစ်ဘက်ဆိုင်ရာ ခြိမ်းခြောက်မှု မရှိပါဘူး” ဟု ရိုဟာနီက ပြောကြားခဲ့သည်။

အမေရိကန်နှင့် အစ္စရေးတို့က အီရန်၏ နျူကလီးယားလက်နက် ရရှိရေးကို တားဆီးရန် စစ်ရေးအရ အရေးယူဆောင်ရွက်နိုင်ခြေကို မပယ်ချထားပေ။ အီရန်ကလည်း နျူကလီးယား အစီအစဉ်များသည် ငြိမ်းချမ်းသောရည်ရွယ်ချက် သက်သက်အတွက်သာဖြစ်ကြောင်း ခုခံပြောကြားထားသည်။

အီရန်က နိုင်ငံတကာ၏ ပိတ်ဆို့မှုများကို လျှော့ချပေးရန် အလဲအလှယ်အနေဖြင့် ခြောက်လအတွင်း ၎င်း၏နျူကလီးယား လှုပ်ရှားမှုအချို့ကို ရပ်ဆိုင်းထားရန် ပြီးခဲ့သည့်နိုဝင်ဘာက အကြိုသဘောတူညီမှု ရရှိခဲ့သည်။ အီရန်၏နျူကလီးယား အစီအစဉ်များနှင့်ပတ်သက်၍ အနောက်နိုင်ငံများ၏ စိုးရိမ်မှုများကို ဖြေဖျောက်ပေးမည့် အပြီးသတ်သဘောတူညီချက် ရရှိပါက အနောက်အင်အားကြီးနိုင်ငံများသည် အီရန်၏ ရေနံနှင့်ဘဏ်လုပ်ငန်းကို ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးမည်ဖြစ်သည်။

Ref:AFP

တရုတ်ပြည့်တန်ဆာလုပ်ငန်း ဟိုးလေးတကျော် ဖြစ်လာပြီးနောက် ဖမ်းဆီးမှုများနှင့် အွန်လိုင်းဝေဖန်မှုများ ပြင်းထန်လာ


ဖေဖော်ဝါရီ ၉ ရက်က ကွမ်တုံပြည်နယ် တောင်ကွမ်မြို့၌ ဖျော်ဖြေရေးစင်တာတစ်ခုကို ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းခဲ့ပြီးနောက် ရိုက်ကူးထားသောဓာတ်ပုံ (Photo:AFP)


တရုတ်နိုင်ငံပိုင် အသံလွှင့်ဌာနတစ်ခုက တရုတ်နိုင်ငံ၏ လိင်မြို့တော်ဟု ထင်ရှားလာသော တောင်ကွမ်ရှိ တွင်ကျယ်နေသည့် ပြည့်တန်ဆာလုပ်ငန်းအကြောင်း ဖော်ထုတ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စစ်ဆင်ရေးတစ်ရပ်အဖြစ် အကြီးအကျယ် နှိမ်နင်းမှုဖြစ်ပွားခဲ့သည်။ ၎င်းအပြင် အွန်လိုင်း၌ ဝေဖန်သံများလည်း ပွက်ပွက်ညံခဲ့သည်။

ရဲတပ်ဖွဲ့ဝင် ၆ဝဝဝ ကျော်တို့သည် တောင်ပိုင်းကွမ်တုံပြည်နယ် တောင်ကွမ်မြို့ရှိ ရာနှင့်ချီသော ဟိုတယ်များ၊ ချွေးထုတ်ခန်းများနှင့် ကာရာအိုကေဆိုင်များကို ဝင်ရောက်စီးနင်းခဲ့ကြပြီး လူပေါင်း ၆၇ ဦးကို ဖမ်းဆီးကာ နေရာပေါင်း ၁၂ ခုကို ပိတ်ပစ်ခဲ့သည်။ ရဲတပ်ဖွဲ့ အကြီးအကဲနှစ်ဦးကိုလည်း ရာထူးမှချထားလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ကြေညာလိုက်သည်။

တနင်္ဂနွေနေ့ည သတင်းအစီအစဉ် တစ်ရပ်တွင် တရုတ်ဗဟို ရုပ်မြင်သံကြားဌာန (CCTV) က တောင်ကွမ်မြို့တွင် ကြီးထွားနေသော ပြည့်တန်ဆာလုပ်ငန်းအကြောင်း အသေးစိတ် တင်ဆက်ခဲ့သည်။ တောင်ကွမ်သည် စက်မှုလုပ်ငန်းထွန်းကားသည့် တစ်မြို့ဖြစ်ပြီး ယင်းမြို့ရှိ ရွှေ့ပြောင်းလုပ်သား ၁ဝ ဦးတွင် တစ်ဦးနှုန်းသည် လိင်လုပ်ငန်း၌ ပါဝင်နေသည်ဟုဆိုသည်။

ဝှက်ထားသော ကင်မရာများကို အသုံးပြုလျက် ထုတ်လွှင့်ပြသခဲ့သည့် CCTV ၏ နာရီဝက်ကြာ အစီအစဉ်တွင် အခန်းများအတွင်းနှင့် နေရာပေါင်းများစွာရှိ စင်မြင့်များပေါ် တဲလင့်ရှိုးပုံစံမျိုးဖြင့် တန်းစီရပ်နေသည့် အမျိုးသမီးငယ်များစွာကို တွေ့မြင်ရပြီး ဧည့်သည်အယောင်ဆောင်ထားသော သတင်းထောက်က တစ်ဦးချင်းစီ၏ ဈေးနှုန်းများကို မေးမြန်းနေပုံကို ပြသခဲ့သည်။ ယင်းအစီအစဉ်တွင် သတင်းထောက်က မြို့တွင်းရဲစခန်းနှစ်ခုကို ဖုန်းဆက်တိုင်ကြားပုံကိုပါ ပြသခဲ့ပြီး နှစ်ကြိမ်စလုံး၌ ရဲများမြို့ရောက်လာခဲ့ပေ။ သတင်းထောက်က လိင်လုပ်ငန်းလုပ်ကိုင်နေသည့်နေရာမှ ဝန်ထမ်းတစ်ဦးကို “ရဲတွေရောက်လာမှာလား” ဟု မေးမြန်းခဲ့ပြီး ဝန်ထမ်းက “စိတ်မပူပါနဲ့ ရဲတွေမလာပါဘူး” ဟု ဖြေကြားခဲ့ပုံကိုလည်း ပြသခဲ့သည်။

CCTV ၏ ပြသမှုကို တုံ့ပြန်သည့်အနေဖြင့် ရဲများက တောင်ကွမ်မြို့ရှိ ပြည့်တန်ဆာလုပ်ငန်းများကို သုံးလတိုင်တိုင် အပြင်းအထန်နှိမ်နင်းခဲ့ရာ တရုတ်အင်တာနက် အသုံးပြုသူများက CCTV ကို အပြင်းအထန် ဝေဖန်ခဲ့ကြသည်။ CCTV သည် လိင်လုပ်ငန်းဖြစ်ပေါ်လာခြင်း အကြောင်းရင်းများ၏ တကယ့်ဇာစ်မြစ်ကို မတင်ပြဘဲ လုပ်ငန်းတွင်ပါဝင်သည့် အမျိုးသမီးများကို အရှက်ခွဲရုံ အတွက်သာ အာရုံပြုခဲ့သည်ဟု အချို့က ဝေဖန်ကြသည်။

Sina Weibo တွင် ဖော်ပြသည့် ကျော်ကြားသော မက်ဆေ့ဂ်ျတစ်ခုတွင် “မငိုပါနဲ့၊ တောင်ကွမ်ရယ်။ CCTV က အညှာအတာ ကင်းမဲ့လွန်းပေမယ့် ကမ္ဘာကြီးကတော့ မေတ္တာတွေအပြည့်နဲ့ပါ။ အားတင်းထားပါကွယ်” ဟူ၍ဖြစ်သည်။ အချို့က တောင်ကွမ်တွင် မည်သူမဆိုသိနေသည့် လုပ်ငန်းအကြောင်းကို တကူးတက ဖော်ထုတ်ခဲ့ရသည့် CCTV သတင်းထောက်ကို လှောင်ပြောင်ခဲ့ကြရသည်။ ယင်းသည် စတားဘက်က တရုတ်များကို ဈေးမတန်တဆယူကြောင်း ဖော်ထုတ်တင်ပြပုံမျိုးနှင့် တူသည်ဟုလည်း လှောင်ပြောင်ခဲ့ကြသည်။

Ref:AFP

ချစ်သူနဲ့ ဒိတ်လုပ်တဲ့အခါ သင်ရော သင့်ချစ်သူပါ သဘောကျစေမယ့် အမိုက်စား ၀တ်စုံ ၇မျိုး



တစ်ခါတစ်လေ ချစ်သူနဲ့ဒိတ်လုပ်တဲ့အခါ အရမ်းတိုတာမျိုး၊ ဟိုက်တာမျိုးတွေ ၀တ်စားသွားလို့ အဆင်မပြေတာမျိုးတွေ ကြုံဖူးမှာပါ။ ကိုယ့်ချစ်သူက နောက်တစ်ခါ ဒီလို ၀တ်မလာနဲ့နော်လို့ အပြောခံရရင် ကိုယ်လည်း အောင့်သက်သက်ဖြစ်သလို နှစ်ယောက်စလုံး အနေရခက်စေမှာပါ။ ဒီလိုပဲ အချိန်တိုင်း ယောင်္ကျားဆန်ဆန် တီရှပ်၊ စပို့ရှပ်နဲ့ ဂျင်းဘောင်းဘီကြီးနဲ့ဆိုတော့လည်း ကြာရင် ဘယ်ရင်ခုန်စရာကောင်းတော့မလဲနော်။ ဒါ့ကြောင့် ကိုယ်နဲ့ရော ကိုယ့်ချစ်သူပါ စိတ်ကြိုက်ဖြစ်စေမယ့် အမိုက်စား အ၀တ်အစားလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။ အဖြူရောင်ဝတ်စုံ၊ dress တွေဟာ မြင်တွေ့ရသူတိုင်းကို အာရုံကိုဖမ်းစားနိုင်ပါတယ်။ တစ်ကိုယ်လုံးအဖြူရောင်နဲ့ ပတ်သက်တာတွေကြီး ဆင်မြန်းထားလို့ အူကြောင်ကြောင်ကြီးလို့ မခံစားပါနဲ့။ သူများနဲ့မတူတဲ့ ဖက်ရှင်တစ်ခု ပိုင်ဆိုင်ထားတာလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနေပါ။



၂။ကိုယ့်ရဲ့ဘော်ဒီအလှကိုလည်း ပေါ်လွင်စေမယ်၊ ကြည့်ရတာလည်း အရမ်းကြီး ဟော့နေတာမျိုး မဖြစ်စေချင်ရင်တော့ ခုနောက်ဆုံး ပျိုမေတွေ vote အများဆုံးပေးထားတဲ့ ဖက်ရှင်တစ်မျိုးကို ပြောပြပေးပါမယ်။ အပေါ်က sweatshirtလိုဟာမျိုးနဲ့ အောက်က body-conscious စကတ်လိုဟာမျိုး တွဲဝတ်လိုက်ပါ။ ဒီမှာ အတွေ့ရနည်းနေသေးပေမယ့် သိပ်ကိုအထာကျတဲ့ ဖက်ရှင်ပါပဲ။



၃။ဘယ်ကောင်လေးမဆို ကိုယ့်ချစ်သူကောင်မလေးကို တီရှပ်၊ skinny ဘောင်းဘီကို တွဲဖက်ဝတ်ဆင်ထားတဲ့ ရိုးရှင်းတဲ့အလှမျိုး တွေ့ဖူးချင်ကြမှာပါ။ ဒါပေမယ့် ဒီလိုဖက်ရှင်မျိုးကို သာမန်လို့ မထင်ရအောင်တော့ ကိုယ်စီးမယ့်ဖိနပ်၊ ကိုယ့်ရဲ့မျက်နှာအပြင်အဆင်၊ အခြားသောအဆင်တန်ဆာတွေနဲ့ ပြင်ဆင်တတ်ဖို့လိုတာပေါ့နော်။



၎။ဆက်စီမကျပေမယ့် အထာကျတယ်လို့ ခံစားနိုင်စေဖို့ ဒူးလောက်ရှည်တဲ့ dress တစ်ထည်နဲ့ ဂျက်ကတ်အမိုက်စား တွဲဝတ်ကြည့်လိုက်ပါ။ စီးမယ့် ဖိနပ်ကတော့ boot ဖြစ်ရင် ပိုကောင်းပါတယ်။ အားလုံးဝိုင်းငေးရတဲ့ ဖက်ရှင်မျိုးမို့ ကိုယ်နဲ့တွဲပြီး လမ်းလျှောက်သွားမယ့် ကိုယ့်ချစ်သူကောင်လေး အကျေနပ်ကြီး ကျေနပ်စေမှာပါ။



၅။မလိုက်ဖက်ဘူးလို့ထင်တဲ့အရာတွေကို ရောပြီးဝတ်ဆင်ကြည့်ဖူးပါသလား။ ပုံမှာပြထားသလို စီးကွင့်တွေနဲ့ ဖန်တီးထားတဲ့ pencil စကတ်မျိုးနဲ့ အပေါ်က student coat လို အရာမျိုး ရောဝတ်ကြည့်တာကို ပြောတာပါ။ ဒါဟာ ဘယ်သူမှ မထင်ထားတဲ့ ဖက်ရှင်တွေထဲက တစ်ခုပါ။ ချစ်သူနဲ့ ညစာစားတဲ့အခါ ၀တ်သွားကြည့်လိုက်ပါ။



၆။ရိုးရှင်းတဲ့ဖက်ရှင်က အဆန်းဆုံးဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ကိုယ်ဝတ်ထားတဲ့ အင်္ကျံ၊ စကတ်ကို နည်းနည်းလေး အထာကျစေချင်ရင် ဂျင်းအင်္ကျံတစ်ထပ် ထပ်လိုက်ရုံပါပဲ။ ဒါဟာ ချစ်သူနဲ့တွေ့ဖို့ လေး၊ ငါးနာရီအချိန်ပေးထားတာမျိုး မပေါက်ဘဲ ချစ်သူကောင်လေးကလည်း နှစ်ခြိုက်စေမယ့် ဖက်ရှင်တစ်ခုပါပဲ။ အောက်ကစီးမယ့်ဖိနပ်ကိုလည်း All Star လိုဟာမျိုးပဲရွေးပါ။ Converse မဟုတ်ရင်တောင် sneaker အမိုက်စားတစ်ရံလောက်ပေါ့။



၇။မိန်းကလေးတွေအတွက် မငြင်းပယ်နိုင်တဲ့ ဖက်ရှင်အဆင်အသွေးတွေထဲမှာ အကွက်တွေ၊ အစက် အပြောက်တွေ ထိပ်ဆုံးက ပါဝင်နေဆဲပါ။ ကိုယ့်ဆီမှာ အဲ့ဒီလိုမျိုး ရှပ်အကွက်လေးတွေ၊ အစက်အပြောက်ဘောင်းဘီလေးတွေ၊ နောက် ဗြောင်အဖြူရှပ်လေးတွေ ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ကိုယ်ကြိုက်တဲ့အချိန်သာဝတ် ဘယ်တော့မှ ရိုးသွားမှာ မဟုတ်ပါဘူး။





Ref:luckymag.com

Vogue မဂ္ဂဇင်းအတွက် Madonna ဟန်လွှမ်းမိုးတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းဓာတ်ပုံအရိုက်ခံခဲ့တဲ့ Miley Cyrus


မကြာသေးမီက Miley Cyrus တစ်ယောက်ဟာ W မဂ္ဂဇင်းအတွက် လိင်အသားပေး ဓာတ်ပုံတွေရိုက်ခဲ့ပြီး တစ်ဆင့်တက်လာပါတယ်။

Miley ဟာ အဲဒီ့ W မဂ္ဂဇင်း issue အတွက် ရိုက်ခဲ့တဲ့ စိတ်အနှောက်အယှက်ဖြစ်စရာ ပုံတွေကိုတင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့သားမြတ်ခေါင်းအစိတ်အပိုင်းအချို့ကိုလှစ်ဟပြသခဲ့တဲ့ရိုက်ချက်တွေဖြစ်ပါတယ်။

အခုအခါမှာတော့သူမဟာ Vogue မဂ္ဂဇင်း German edition မတ်လ အတွဲအတွက်လုံးဝကို အထက်ပိုင်းဗလာကျင်းပြီးဓာတ်ပုံအရိုက်ခံခဲ့တာဖြစ်ပါတယ်။

Miley ဟာဒီရိုက်ကူးမှုအတွက် Madonna ပုံလုံးဝဖမ်းခဲ့တာဖြစ်ပါတယ်။ Material Girl MTV ထဲကစတိုင်လ်အတိုင်း ဆံပင်အတုနဲ့ အနီရောင်တောက်တောက် နှုတ်ခမ်းနီတွေလိမ်းထားတာဖြစ်ပါတယ်။

ပြီးတော့ဓာတ်ပုံနှစ်ပုံအတွက်ပေါ်ပိုင်းဗလာကျင်းခဲ့ပါတယ်။ သူမဟာအရွယ်ရောက်သူတစ်ဦးဖြစ်ပြီး သူများတွေဘယ်လိုထင်ထင်ဂရုမစိုက်ကြောင်းပြောသွားပါတယ်။

Miley ဟာ W မဂ္ဂဇင်းနဲ့ရိုက်ထားတဲ့ဓာတ်ပုံရိုက်ကူးတုန်းက ဓာတ်ပုံဆရာနှစ်ဦးဖြစ်တဲ့ Mert Alas နဲ့ Marcus Piggott တို့နဲ့ အိပ်ရာထဲမှာ လဲလျောင်းပြီး ရိုက်ကူးထားတဲ့ပုံကိုလဲ twitter မှာတင်ခဲ့ပါတယ်။












Ref:starpulse.com

ဖက်ရှင်က လူတစ်ယောက်အတွက် ၈၀ရာခိုင်နှုန်းလောက်အရေးပါတယ်လို့ ဆိုတဲ့ သဲနော်ဇာ




၂၀၁၀ အကယ်ဒမီဗန်းကိုင်လုပ်ရင်းနဲ့ အခုနောက်ပိုင်း ဗီဒီယိုဇာတ်ကား တော်တော်များများမှာ ပါဝင်သရုပ်ဆောင်နေရပြီဖြစ်တဲ့ သဲနော်ဇာကို ဖက်ရှင်နဲ့ ပတ်သက်ပြီး သူမရဲ့အမြင်လေးတွေ ဘယ်လိုရှိတယ်ဆိုတာကို မေးမြန်းဖြစ်ခဲ့တာကတော့ ‘သဲနော်ဇာက ဖက်ရှင်နဲ့ပတ်သက်ပြီးတော့ ကာရိုက်တာနဲ့ဆိုရင်တော့ ကာရိုက်တာနဲ့ လိုက်အောင်လို့ဝတ်ဖြစ်ပါတယ်။ အပြင်မှာဆိုရင်တော့ Classicဆန်ဆန်လေးတွေ ဝတ်ဖြစ်နေပါတယ်။ Classic စတိုင်လ်မျိုးဝတ်ရတာ ကိုပိုကြိုက်နေတယ်။ အင်တာနက်ကလည်း လေ့လာဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့၊ သဘောကျတဲ့ပုံစံ မျိုးတွေတွေ့ရင်တော့ Saveပြီး သိမ်းထားတတ်တယ်။ စုဆောင်းထားတတ်တယ်။ လိုသလို အသုံးပြုလို့ရအောင်ပါ။ ဖက်ရှင်နဲ့ ပတ်သက်ပြီးပြောရရင် သဲနော်ဇာက ဖက်ရှင်အရမ်းကျတဲ့အထဲမှာ မပါပါဘူး။ ဒါပေမဲ့ ဖက်ရှင်က ကိုယ်နဲ့လိုက်ဖက်ပြီး ကိုယ့်အတွက်ယုံကြည်မှုနဲ့ သက်တောင့်သက်သာရှိစေမယ်ဆိုရင် လူကြားထဲမှာလည်း နေရထိုင်ရတာ သက်တောင့်သက်သာရှိမယ်။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုရှိစေမှာပါ။ ကိုယ်နဲ့ မလိုက်ဖက်တဲ့ဖက်ရှင်ပုံစံမျိုးတွေ ဝတ်ပြီးတော့ မဝံ့မရဲဖြစ်နေမယ် ဆိုရင် ဘယ်လောက်ပဲ အဝတ်အစားက ဖက်ရှင်ကျနေပါစေ၊ ကိုယ်နဲ့လိုက်ဖက်မှာ မဟုတ်ပါဘူး။ ဖက်ရှင်ကျတဲ့ သူတစ်ယောက်မဖြစ်နိုင်ဘူးပေါ့။ ဖက်ရှင်က လူတစ်ယောက်အတွက် ၈၀ရာခိုင်နှုန်း လောက်အရေးကြီးပါတယ်လို့ဆိုပြီးပြောပြခဲ့ပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသတွင် နယ်လှည့်ဆေးကုသရေး ရေယာဉ်အဖြစ် အသုံးပြုမည့် Swimming Doctors 2 ရေယာဉ်သစ် ရေချပွဲပြုလုပ်


Swimming Doctors 2 ရေယာဉ်သစ်ကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)


မြစ်ဝကျွန်းပေါ်ဒေသတွင် နယ်လှည့်ဆေးကုသရေး ရေယာဉ်အဖြစ် အသုံးပြုမည့် Swimming Doctors 2 ရေယာဉ်ရေချပွဲကို ဖေဖော်ဝါရီ ၁၁ ရက်က မြန်မာ့သင်္ဘောကျင်းလုပ်ငန်း လျှောလမ်းသုံးလွန်းကျင်း၌ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

Swimming Doctors 2 ရေယာဉ်ရေချပွဲ အခမ်းအနားကို ဂျာမနီနိုင်ငံသမ္မတ မစ္စတာဂျိုဝါချင်ဂေါက်ခ်၏ဇနီး မစ္စစ်ဒါနီလာရှိတ်နှင့်အဖွဲ့၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟံစိန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါရေယာဉ်အား ဂျာမနီနိုင်ငံ Stif tung life ဖောင်ဒေးရှင်းက လှူဒါန်းခြင်းဖြစ်ပြီး Uniteam Marine (Yangon) Ltd မှ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသို့ လုပ်ငန်းအပ်နှံ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဂျာမနီနိုင်ငံ Stif tung life ဖောင်ဒေးရှင်းသည် နာဂစ်မုန်တိုင်းဖြစ်ပြီး နောက်ပိုင်းမှစ၍ မြစ်ဝကျွန်းပေါ် ဒေသများတွင် ဆေးရုံသင်္ဘောဖြင့် ဆေးကုသရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် စာသင်ကျောင်းဆောက်လုပ် လှူဒါန်းခြင်းနှင့် ဆိုလာမီးအိမ် လှူဒါန်းခြင်းများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖောင်ဒေးရှင်းမှ လှူဒါန်းသော နယ်လှည့်ဆေးကုသရေး ရေယာဉ်မှာ ယခုအစင်းသည် ဒုတိယမြောက်ဖြစ်ပြီး Swimming Doctors 1 ရေယာဉ်ဖြင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် ဆေးကုသရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“Stif tung life ဖောင်ဒေးရှင်းက ဆေးရုံသင်္ဘောနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေဖြစ်တဲ့ ဘိုကလေး၊ ဖျာပုံနဲ့ ဒေးဒရဲဒေသတွေမှာ ဆေးကုသပေးတဲ့ ဝန်ဆောင်မှုကို ပေးအပ်သွားမှာပါ။ နောက်တစ်လခွဲလောက် အကြာမှာ သင်္ဘောပြင်ဆင်မှုတွေ ပြီးစီးလို့ ဆေးကုသတဲ့လုပ်ငန်းကို စတင်နိုင်တော့မှာပါ” ဟု Uniteam Marine (Yangon) Ltd မှ MD ဖြစ်သူ Capt သန်းဦးက ပြောကြားသည်။

Swimming Doctors 2 ရေယာဉ်သည် အလျားပေ ၁ဝဝ၊ ဗြက် ၂၅ ပေ၊ ဇောက် ၇ ဒသမ ၅ ပေ၊ ရေစူးလေးပေ၊ အမြန်နှုန်းကိုးမိုင်ရှိပြီး ၁၇၉ ကီလိုဝပ်ရှိ ပင်မအင်ဂျင်နှစ်လုံးနှင့် ၃ဝ ကီလိုဝပ်ရှိ မီးစက်တပ်ဆင်ထားကြောင်း သိရသည်။

ရေယာဉ်တွင် ဆေးကုသခန်းသုံးခန်း၊ အရေးပေါ်ခွဲစိတ်ခန်းတစ်ခန်း၊ ဓာတ်ခွဲခန်းတစ်ခန်း၊ သွားဘက်ဆိုင်ရာ ကုသခန်းတစ်ခန်းနှင့် ဆေးသိုလှောင်ခန်းတစ်ခန်း ပါရှိကြောင်း သိရသည်။ ရေယာဉ်၏တန်ဖိုးမှာ ကျပ်သန်း ၃၅ဝ ဖြစ်ကြောင်း သိရသည်။

ဆံကေသာသန်စွမ်းစေမယ့် လျှို့ဝှက်ချက်



ဆံပင်တွေ နက်မှောင်ဖို့ ၊ သန်စွမ်းဖို့ ၊ ထူထဲပြီးတောက်ပနေစေဖို့အတွက် လျှို့ဝှက်ချက်ဆိုတာ ဈေးကြီးတဲ့ ခေါင်းလျှော်ရည်တွေနဲ့ နာမည်ကြီး ဗြူးတီးဆလွန်းတွေရဲ့ ကုသပေးမှုတွေ မဟုတ်ပါဘူး။ လျှို့ဝှက်ချက်က သင့်ရဲ့ အစားအသောက် ပုံစံပါပဲ။ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အမျိုးမျိုးသော အစားအစာတွေကသာ ဆံကေသာအတွက် ကုစားမှုအစစ်အမှန်ပါ။

အခုဖော်ပြပေးမယ့် အာဟာရတွေကို အသုံးချပြီး ကျန်းမာသန်စွမ်းတဲ့ ဆံပင်တွေ ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားကြည့်လိုက်ပါ။

(၁) Iron and Zinc



Iron နဲ့ Zinc တို့က သင့်ဦးခေါင်းအရေပြားမှာရှိတဲ့ မွှေးညှင်းပေါက်လေးတွေကို ကြီးထွားစေပါတယ်။ ဒါအတွက်ကတော့ အနီရောင်ရဲရဲ အသားတွေကို စားပေးပါ။ အသားတွေက အဟာရဓါတ်လည်း ပြည့်ဝတဲ့ အတွက် တစ်ပါတ်ကို နှစ်ကြိမ်လောက်တော့ စားပေးသင့်ပါတယ်။

(၂) Vitamin D



လေ့လာတွေ့ရှိချက် အများကြီးအပြီးမှာ ဗီတာမင်ဒီဟာ သင့်ရဲ့ဆံပင်ကို သန်စွမ်းစေပါတယ်တဲ့။ ဒါပေမယ့် ဗီတာမင်ဒီဆိုတာ လှည့်ကွက်များတဲ့ ဓါတ်ပါ။ သဘာဝအစားအစာတွေမှာ အနည်းငယ်သာ ပါဝင်တတ်ပြီး နေရောင်ခြည်ထဲမှာ မိနစ်အနည်းငယ်လောက် ထိုင်ရုံနဲ့လည်း ရတတ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးပညာရှင်တွေကတော့ UV ray တွေရှိတာကြောင့် ဒီနည်းလမ်းကို ကန့်ကွက်ပါတယ်။ ဒီတော့ အကောင်းဆုံးက ဗီတာမင်ဒီ ပါဝင်တဲ့ အားဆေးတွေ သောက်သုံးဖို့ပါပဲ။

(၃) Protein



ပရိုတိန်းဆိုတဲ့ အသားဓါတ်ကတော့ ဘ၀တစ်ခုတည်ဆောက်ရာမှာ အုတ်ချပ်တွေလို အရေးပါတဲ့ အရာပါပဲ။ ဆဲလ်တွေကြီးထွားဖို့ အားပေးနိုင်ပြီး ဆဲအသစ်တွေ ပြန်လည်မွေးဖွားပေးပါတယ်။ ဆံပင်ရဲ့ ခံနိုင်အားကိုလည်း ပြန်လည်တည်ဆောက်ပေးပါတယ်။ အမျိုးသမီးတွေအနေနဲ့ အနည်းဆုံး တစ်ရက်ကို ၄၆ ဂရမ်လောက် စားပေးသင့်ပါတယ်။ ကြက်သား (၃)အောင်စ စားသုံးရင် ၂၃ ဂရမ်ရနိုင်ပါတယ်။

(၄) Omega-3 Fatty Acids



အဆီဓါတ်များတဲ့ငါး(ဥပမာ-ဆယ်လ်မွန်)လို ငါးမျိုးကို တစ်ပါတ်နှစ်ကြိမ် စားပေးခြင်းက ဆံပင်ကို ရေဓါတ် ပြည့်ဝစေပါတယ်။ ပိုးသားလို နူးညံ့ဖို့အတွက်တော့ အိုမီဂါ-၃ အက်ဆစ်ဓါတ်တွေက သော့ချက်ဖြစ်ပြီး နှလုံးကိုလည်း အထောက်အကူပေးပါတယ်။

(၅) Biotin



ကြက်ဥတွေဟာ ဗီတာမင် ဘီ ဓါတ်ကြွယ်ဝပြီး ဆံကေသာ သန်စွမ်းဖို့အတွက်တော့ မရှိမဖြစ်လိုအပ်ပါတယ်။ ပြီးတော့ ပရိုတိန်း ၊ ကလိုရင်း နဲ့ ဗီတာမင် ဒီ စတာတွေရဲ့ အရင်းအမြစ်ဆိုလည်း မမှားပါဘူး။

ဒီအစားအစာတွေကို သင့်ရဲ့နေ့စဉ် အစားအသောက်စာရင်းမှာ အလှည့်ကျ ထည့်သွင်းပေးသွားမယ် ဆိုရင်တော့ ဘယ်ခေါင်းလျှော်ရည် ၊ ဘယ်ဗြူးတီးဆလွန်းမှ မလိုတော့ပါဘူး။ သင့်ဆံပင်တွေ သန်စွမ်းမယ့် အခွင့်အရေးက သင့်လက်တကမ်းမှာပါ။

Ref:health.com

ချစ်သူနှစ်ဦးကြား မရှိမဖြစ်လိုအပ်တဲ့ အရာလေးတွေ



လူ (၁၀၀)ကိုမေးလိုက်ရင် (၈၀) လောက်ကတော့ ဈေးကြီးတဲ့ ညစာဒိတ်တွေနဲ့ တန်ဖိုးကြီး လက်ဆောင်ပစ္စည်းတွေက ချစ်ခရီးလမ်းရဲ့ သော့ချက်ပါလို့ ဖြေတတ်ကြပါလိမ့်မယ်။ ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ သင်တို့ထင်တာမှားပါတယ်။

အခုဖော်ပြပေးမယ့် မဖြစ်စလောက်သော သေးငယ်တဲ့ အပြုအမူလေးတွေက ချစ်ခရီးလမ်းမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်စေနိုင်တယ်ဆိုတာ သင်သတိမူမိမှာ မဟုတ်ပါဘူး။ သင့်ရဲ့ ချစ်ခရီးလမ်း ဒီထက်သာယာဖြောင့်ဖြူးဖို့ ဆိုရင်တော့ နှလုံးသားထဲမှာ ချစ်ခြင်းအပြည့်ရှိနေဖို့နဲ့ ဒီအပြုအမူလေးတွေကို ထပ်ပေါင်းထည့်ဖို့ပဲ လိုတာပါ။

(၁) မနက်လင်းချိန်နဲ့ အိပ်ရာဝင်ချိန်တွေအတွက် သတိတရစာတိုလေးတွေ ပို့ပါ။

မိုးလင်းချိန်မှာ “မင်္ဂလာမနက်ခင်းပါ ကောင်လေး/ကောင်မလေးရေ။ အိပ်ရာနိုးနိုးချင်း မင်းကိုပဲသတိရတယ်” စသဖြင့် နှုတ်ဆက်စာလေးတွေ ပို့ပေးခြင်းက သင့်အတွက် အပန်းမကြီးပေမယ့်လည်း အလွန်အသုံးဝင်ပါတယ်။ ဒီလိုပဲ ညအိပ်ရာဝင်ချိန်လေးတွေမှာလည်း “ဒီနေ့အရာရာ အဆင်ပြေလား။ မင်းအကြောင်းပဲတွေးနေမိလို့ အိပ်မရသေးဘူး” စတာမျိုး ပို့ပေးပေါ့။ အိပ်ရာဝင်ချိန် စာတိုလေးတွေမှာ အနမ်းလေးတွေ ထည့်ပေးဖို့လည်း မမေ့နဲ့နော်။

(၂) အိမ်ရှေ့ရောက်တဲ့အထိ စိတ်ချရအောင်လိုက်ပို့ပေးတဲ့ အကျင့်ရှိပါ။

ဒီအချက်ကိုပြောလို့ သူမရဲ့ ယဉ်မောင်းသမားတစ်ဦး ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ဆိုလိုတာက gentleman မှန်သမျှဟာ သူတို့ရဲ့ကောင်မလေးကို ချိန်းတွေ့ပြီးအပြန် အန္တရာယ်ကင်းအောင် ဂရုစိုက်တာမျိုးတော့ လုပ်သင့်ပါတယ်။ သူမအနေနဲ့လည်း တစ်ယောက်တည်းပြန်လို့ရသလို သင်ကလည်း သူမကို ကာကွယ်ပေးနိုင်တဲ့ တစ်ဦးတည်းသော အမျိုးသား မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအချက်ကို ရိုးရိုးရှင်းရှင်းပဲ တွေးကြည့်တဲ့အခါ သင့်ရဲ့ သူမအပေါ်တန်ဖိုးထား ဂရုစိုက်မှုကို ဖော်ပြတာပါ။

(၃) သူမရဲ့ယုံကြည်ရသူ ဖြစ်ပါစေ။

ချစ်သူနှစ်ဦးကြား အရေးကြီးဆုံးနဲ့ တန်ဖိုးအရှိဆုံး အချက်ကတော့ တစ်ဦးနဲ့တစ်ဦး ပွင့်လင်းစွာ ဆွေးနွေးနိုင်တာပဲ ဖြစ်ပါတယ်။ တစိမ်းတွေထဲက အရင်းနှီးဆုံးဖြစ်တဲ့ သင်တို့နှစ်ဦးမှာ တစ်ဦးရဲ့လျှို့ဝှက်ချက်ကို တစ်ဦးက ယုံကြည်စွာ ဆွေးနွေးနိုင်ပြီဆိုရင်တော့ ဒီချစ်ခရီးလမ်းက ပျက်ယွင်းဖို့ အတော်လေးခဲယဉ်းသွားပါပြီ။ ဒါကြောင့် တစ်ဦးနဲ့တစ်ဦး ယုံကြည်ရအောင် လုပ်ဆောင်ပါ။

(၄) ရက်စွဲတွေကို မှတ်ထားပါ။

အမျိုးသားတွေမှာ ရက်စွဲမမှတ်မိတတ်တဲ့ ပြဿနာရှိပြီး အမျိုးသမီးတွေကလည်း ဒါကိုပဲ ပြဿနာ ရှာချင်ကြပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ ရက်စွဲတချို့ (ဥပမာ-မွေးနေ့၊ ချစ်သက်နှစ်ပတ်လည်နေ့၊ စတွေ့တဲ့နေ့) စတာမျိုးလောက်တော့ မှတ်မိနိုင်အောင်ကြိုးစားထားပါ။ ဖုန်းထဲမှာပဲဖြစ်ဖြစ် သူမမသိအောင် သိမ်းဆည်းထားပါ။ သူမမေးတဲ့ ရက်စွဲတစ်ခုကို တန်းခနဲဖြေနိုင်ရင်တော့ သင်အတော်လေးအမှတ်ရမှာပါ။ ဒီအချက်လေးကလည်း သေးငယ်ပေမယ့် အရေးပါပါတယ်။

(၅) မျှော်လင့်ချက်ပန်းတိုင်တွေကို ဝေမျှပါ။

သင့်ရဲ့ ရည်မှန်းချက်တွေနဲ့ အသက်မွေးဝမ်းကြောင်း အစီအစဉ်တွေထဲ သူမကို ထည့်သွင်းစဉ်းစားပြီး မျှဝေပေးခြင်းက အလွန်ပဲအရေးကြီးပါတယ်။ ဒီအပြုအမူက သူမကို သင်ဘယ်လောက်ထိ ရည်ရွယ်ထားကြောင်း သိစေနိုင်ပြီး သင့်အတွက်သူမက အရေးပါတယ်လို့ ဆိုလိုတာလည်း ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ကို ရှက်ရွံ့နေစရာမလိုပဲ သင့်အလုပ်အကြောင်းကို သူမနဲ့ ဆွေးနွေးလို့ရရင် ဆွေးနွေးပါ။

ပြောခဲ့တဲ့ ဒီအပြုအမူ ၊ အပြောအဆိုလေးတွေဟာ ဘာမှအပန်းမကြီးတာ မှန်ပေမယ့် သင်တို့ချစ်ခရီးလမ်းကိုတော့ အများကြီးအထောက်အကူဖြစ်တာပေါ့။ နားလည်မှုနဲ့ ပြည့်စုံနိုင်မယ့် ချစ်ခြင်းတစ်ခုဆိုတာ ရွှေတွေ ငွေတွေပေးဝယ်လို့ မရတာအသေအချပါပဲ။

Ref:mensxp.com

ဆေးလိပ်သောက်သူ အမျိုးသမီးများ ရင်သားကင်ဆာ သတိထား



ဆေးလိပ်သောက်တတ်တဲ့ အမျိုးသမီးတွေ ဆေးလိပ်ဖြတ်ဖို့ အကြောင်းရင်းတစ်ခု ရလာပါပြီ။ လေ့လာမှုသစ်တစ်ရပ်အရ ရင်သားကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း နဲ့ ဆေးလိပ်သောက်တာအကြား ဆက်စပ်မှုတစ်ရပ် ရှိနေပါတယ်။

ဒီသုတေသနရပ်ကို ၀ါရှင်တန်ပြည်နယ်၊ Seattle ဆိပ်ကမ်းမြို့ Hutchinson ကင်ဆာသုတေသနစင်တာ ကနေ ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၂၀-၄၄ကြား ကင်ဆာရောဂါသည် အမျိုးသမီးတွေကို ၂၀၀၄ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း လေ့လာခဲ့တာဖြစ်ပါတယ်။ estrogen receptor-positive မူကွဲ ရင်သားကင်ဆာဖြစ်နေသူ ၇၇၈ယောက်နဲ့ triple-negative မူကွဲ ရင်သားကင်ဆာဖြစ်နေသူ ၁၈၂ယောက် တို့ရဲ့ သုတေသနရလဒ်တွေကို ကင်ဆာကင်းမဲ့သူ အမျိုးသမီး ၉၃၈ ယောက်နဲ့ နှိုင်းယှဉ်လေ့လာခဲ့တာပါ။

သုတေသနရပ်ကို ဒေါက်တာ Christopher Li ကဦးဆောင်ခဲ့ပါတယ်။ ဆေးလိပ်တစ်နေ့ တစ်ဗူးနှုန်းနဲ့ ဆယ်နှစ်အနည်းဆုံး သောက်လာတဲ့ အမျိုးသမီးတွေဟာ estrogen receptor-positive မူကွဲ ရင်သားကင်ဆာဖြစ်ဖို့ ၆၀ရာခိုင်နှုန်း ဖြစ်နိုင်ခြေမြင့်သွားတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆေးလိပ် တစ်နေ့တစ်ဗူးနှုန်းထက် လျော့သောက်တဲ့ အမျိုးသမီးတွေဟာတော့ ၁၅နှစ်ကြာတဲ့အခါ ရင်သားကင်ဆာဖြစ်ပွားမှုနှုန်း ၅၀ရာခိုင်နှုန်း မြင့်တက်သွားပါတယ်။ တစ်ခါတစ်လေ အပျင်းပြေ ဆေးလိပ်သောက်တတ်တဲ့ အမျိုးသမီးတွေဟာတော့ ဘယ်ရင်သားကင်ဆာအမျိုးအစားမဆို ဖြစ်ပွားနိုင်နှုန်း ၃၀ရာခိုင်နှုန်း မြင့်တက်သွားပါလိမ့်မယ်။

ဒါပေမဲ့ ပိုခံရခက်ပြီး ရှားပါး ရင်သားကင်ဆာ မူကွဲဖြစ်တဲ့ triple-negative ရင်သားကင်ဆာမျိုးကိုတော့ ဆေးလိပ်သောက်သူတွေမှာ ဖြစ်ပွားတာ မတွေ့ရပါဘူး။

Ref:techtimes.com

အထာလည်းကျ လှလည်းလှမယ့် အဆင်ဒီဇိုင်းပါတဲ့ ဘောင်းဘီများ




ဝတ်နေကျ ဘောင်းဘီပုံစံမျိုးတွေနဲ့ ခွဲထွက်ပြီး အဆင်ဒီဇိုင်းပါတဲ့ ဘောင်းဘီလေးတွေ ၀တ်မကြည့်ချင်ဘူးလား။ ပေါ့ပါးပြီး အထာကျမယ့်အပြင် လူတိုင်းငေးမယ့် ဒီဇိုင်းတွေ ဈေးကွက်ထဲမှာ ရှိနေပြီဖြစ်တာကြောင့် ရယ်ဒီမိတ်ပဲ ၀ယ်ဝယ်၊ ချုပ်ပဲဝတ်ဝတ် အားလုံးနဲ့ ကွဲပြားနေမှာတော့ အမှန်ပါပဲ။ ဒီလိုဘောင်းဘီမျိုးဆို ရှပ်၊ တီရှပ်အမိုက်စား လေးတွေနဲ့ တွဲဝတ်လို့လည်း အဆင်ပြေတာမို့ ထသွားထလာအတွက် တကယ့်ကို အမိုက်စားပါပဲ။

၁။ဘောင်းဘီက စပန့်သားလို အပျော့သား မဟုတ်ဘဲ ဒီလို ပိုး၊ဖဲသားလို အသားမျိုးကို အကျပ်ချုပ်ထားတဲ့ ဒီဇိုင်းဆိုရင်တော့ ဒင်နာ၊ ပါတီ ပွဲတက်အတွက် အဆင်ပြေစေမှာပါ။



၂။အသားအပျော့သားကို အကျပ်ချုပ်ထားတာမျိုး မဟုတ်ဘူးဆိုရင်လည်း အပေါ်က တီရှပ်လေးတွေနဲ့ တွဲဝတ်လို့ အဆင်ပြေတာပါပဲ။ ဖိနပ်ကိုတော့ boot ပုံစံမျိုးတွေသာ ရွေးချယ်လိုက်ပါ။



၃။အလုံး၊ အစက် ဒီဇိုင်းတွေကတော့ ဘယ်တော့မှ မပစ်ပယ်သင့်တဲ့ ဒီဇိုင်းမို့ ရှာဝတ်ထားလိုက်ပါ။



၎။Floral ဒီဇိုင်းတွေက နွေရာသီအတွက် သင့်တော်လွန်းတာမို့ အပွပဲဝတ်ဝတ်၊ အကျပ်ပဲ ဖြစ်ဖြစ် ရှိသင့်တဲ့ ဒီဇိုင်းတစ်မျိုးပါ။



၅။သူများနဲ့မတူတဲ့ ဒီဇိုင်းမျိုးတွေက ကိုယ့်ကိုထူးခြားစေတယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ်နဲ့လည်း လိုက်ဖက်တယ်၊ အရောင်၊ ဒီဇိုင်းကိုလည်း ကြိုက်တယ်ဆိုရင် မ၀တ်ရဲစရာ ဘာရှိမှာလဲနော်။



၆။ဘောင်းဘီက အရှည်မဟုတ်ဘဲ crop ဆိုလည်း မိုက်တာပါပဲ။ ဖိနပ်ကိုသာ နည်းနည်းရွေးချယ်ဝတ်ဆင်ပေးပါ။



၇။ဟိုးအရင်တုန်းက ပေါ်ခဲ့တဲ့ ခေါင်းလောင်းဘောင်းဘီမျိုးတွေ ခုပြန်ခေတ်စားနေပါပြီ။ ဒါ့ကြောင့် ကိုယ်ဝတ်ရဲတယ်၊ ကြိုက်တယ်ဆို တစ်ထည်လောက်တော့ ၀ယ်ထားလိုက်ပေါ့။



Ref:luckymag.com

Related Posts Plugin for WordPress, Blogger...