Pages - Menu

Tuesday, September 3, 2013

ပြွန်တန်ဆာ အ .ထ .က(၁) ကျောင်းဆောင် ဝရန်တာ အခင်း ပြိုကျ၍ ကျောင်းသူများ ဒဏ်ရာရရှိ

ပြွန်တန်ဆာ အ .ထ .က(၁) ကျောင်းဆောင် ဝရန်တာ အခင်း ပြိုကျ၍ ကျောင်းသူများ ဒဏ်ရာရရှိ

ပြွန်တန်ဆာ စက်တင်ဘာ ၂
ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင် မြို့နယ် ပြွန်တန်ဆာ အ.ထ.က (၁)၌ ယနေ့နံနက် ၈ နာရီ ၅၅ မိနစ်တွင် ကျောင်းဆောင် ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ အဆိုပါ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ နိုင်ငံတော် အလံအား အလေးပြုရန်အတွက် ကျောင်းအောက်သို့ ပြေးဆင်းစဉ် အလျား ပေ ၁၆ဝ၊ အနံပေ ၃ဝရှိ  နှစ်ထပ် ကျောင်းဆောင်သစ် အပေါ်ထပ် ဒသမ တန်း (A)မှ ဝရန်တာ အလျား ၉ ပေ၊ အနံ ၆ ပေ ပျဉ်းကတိုး လွှထိုး ခင်းထားသော ကြမ်းခင်းဆွေးမြည့်ကာ အချပ် လိုက်ပြုတ် ကျသဖြင့် ကျောင်းသူ ၁ဝဦး အောက်သို့ ပြုတ်ကျခဲ့ပြီး အောက်ထပ်ရှိ ဆဋ္ဌမတန်း(A)မှ ကျောင်းသူ လေးဦး ကိုပါ ထိခိုက်ခဲ့သည်။
ဒဏ်ရာရရှိသူ ၁၄ဦးအနက် ဒသမတန်းမှ မဇင်ပိုပိုဇင် (ဗိုက်အောင့်၊ ခေါင်းမူး)၊ မဖြူဖြူမေမောင် (ဗိုက်အောင့်)နှင့် မရွှေဇင်ထွန်း (ဗိုက်အောင့်)တို့ သုံးဦးအား ပဲခူးမြို့ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်း၍ ကုသစေခဲ့ပြီး ဒသမတန်းမှ မဝင့် သဉ္ဇာလှိုင်(ခြေထောက်ပွန်းပဲ့ ဒဏ်ရာ)၊ မစံကား ဝါခင် (ခေါင်းမူး)နှင့် ဆဋ္ဌမတန်းမှ မယုသက်ဦး (ခြေထောက်၊ ဒူး နှင့် ပေါင်နာ) ဒဏ်ရာရသူတို့ သုံးဦးအား ပြွန်တန်ဆာ တိုက်နယ် ဆေးရုံတွင် အတွင်း လူနာအဖြစ် တက်ရောက် ဆေးကုသမှု ခံယူကာ ကျန်ရှစ်ဦးမှာ  ပြင်ပလူနာ အဖြစ် ဆေးကုသမှု ခံယူခဲ့ရသည်။
အခင်း ဖြစ်နေရာသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟံစိုး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်၊ ပြွန်တန်ဆာ ရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ် စောလတ်၊ မြို့နယ်ပညာရေးမှူး ဒေါ်နော်ချစ်မေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ရောက်ရှိလာကာ လို အပ်သည်များကို ကူညီပံ့ပိုး ပေးခဲ့ပြီး ကျောင်းသားများအား ပညာသင်ကြားမှု မပျက်စေရေး အတွက် ဆောင်ရွက် ပေးခဲ့ ကြောင်း သတင်း ရရှိသည်။

မြဝတီ

No comments:

Post a Comment