Pages - Menu

Saturday, September 7, 2013

ဗြိတိသျှတို့၏ ကလေးဘဝ အကြိုက်ဆုံး ရုပ်ရှင်အဖြစ် E.T ဇာတ်ကားကို သတ်မှတ်





၁၉၈၂ ခုနှစ်က ထွက်ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်း လူကြိုက်များခဲ့တဲ့ E.T ဇာတ်ကား ကို ကလေးဘဝ အကြိုက်ဆုံး ရုပ်ရှင်အဖြစ် ဗြိတိန် နိုင်ငံသားတို့က မဲပေး ရွေးချယ်ခဲ့ကြတယ်လို့ Reuters သတင်း ဌာနမှာ ဖော်ပြထားပါတယ်။

အခုလို ကလေးဘဝ အကြိုက်ဆုံး ရုပ်ရှင် စစ်တမ်း ကောက်ယူမှုကို ကမ္ဘာကျော် ကိုရီးယား ကုမ္ပဏီ တစ်ခုဖြစ်တဲ့ ဆမ်ဆောင်း အီလက်ထရွန်နစ် ကုမ္ပဏီရဲ့ ဗြိတိန် ရုံးခွဲက တာဝန်ယူ ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ကျပန်း ရွေးချယ်ထားတဲ့ ဗြိတိန် နိုင်ငံသား ၁၅၀၀ ဦးကို ဆန္ဒ မဲပေးစေပြီး ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

E.T ရုပ်ရှင်ဟာ Bambi၊ The Lion King၊ Toy Story နဲ့ The Goonies ဇာတ်ကားတို့ကို ကျော်ဖြတ်ပြီး ဗြိတိန် နိုင်ငံသားတို့ရဲ့ ကလေးဘဝ အကြိုက်ဆုံး ရုပ်ရှင်အဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်တယ်လို့ ဆမ်ဆောင်း ကုမ္ပဏီရဲ့ ဗြိတိန်ရုံးခွဲက ထုတ်ပြန်တဲ့ ကြေညာချက် တစ်စောင်အရ သိရပါတယ်။

ဒါ့အပြင် ဗြိတိန် နိုင်ငံသားတို့ဟာ E.T ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ စတီဗင်စပီးလ်ဘာ့ဂ် ကိုလည်း အကြိုက်ဆုံး ဒါရိုက်တာအဖြစ် မဲပေး ရွေးချယ် ခဲ့ကြပါသေးတယ်။

၁၉၉၄ ခုနှစ်က ထွက်ရှိခဲ့ပြီး မော်ဂန် ဖရီးမန်း ပါဝင် သရုပ်ဆောင်ထားတဲ့ အမေရိကန်ရုပ်ရှင်ကား The Shawshank Redemption ဟာလည်း ဗြိတိန် နိုင်ငံသားတို့ ထပ်ကာထပ်ကာ အကြည့်ချင်ဆုံး ရုပ်ရှင် အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ယခု စစ်တမ်း ကောက်ယူခဲ့တဲ့ သူတွေရဲ့ ၇၀ ရာခိုင်နှုန်းက သူတို့ ရုပ်ရှင် ကြည့်ရတဲ့ အဓိက ရည်ရွယ်ချက်က စိတ် အပန်းပြေဖို့နဲ့ စိတ်ထွက်ပေါက် ရရှိဖို့ ဖြစ်တယ်လို့ ဖြေကြားခဲ့ကြောင်း စစ်တမ်း ကောက်ယူ အပြီးမှာ ထုတ်ပြန်တဲ့ ဆမ်ဆောင်း ကုမ္ပဏီရဲ့ ကြေညာချက် တစ်စောင်အရ သိရပါတယ်။


No comments:

Post a Comment