Pages - Menu

Wednesday, September 4, 2013

နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းတစ်ခုအား KIA မှ ခြုံခို တိုက်ခိုက်ခဲ့

စက်တင်ဘာလ ၄ ရက် ၂၀၁၃

ကချင်ပြည်နယ် ပူတာအိုခရိုင်မချမ်းဘောမြို့နယ် အင်ခါးကားကျေးရွာအနီးတွင် သြဂုတ်လ ၂၈ ရက်နေ့က နယ်မြေ ရှင်းလင်းရေးဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းတစ်ခုအား ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)အဖွဲ့ တစ်ဖွဲ့မှ ချုံခိုတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

``ကျွန်တော်တို့ ရွာနားမှာ တပ်မတော်စစ်ကြောင်းကို KIA အဖွဲ့က စပြီးတိုက်တာပါ၊ သေနတ်သံတွေလည်း ကြားရတယ်။ တိုက်ပွဲဖြစ်တော့ ရွာသူရွာသားအားလုံး တောထဲကို ထွက်ပြေးကြတာပေါ့၊ ကျွန်တော်ကတော့ တစ်မိသားစုလုံးခေါ်ပြီး စက်လှေနဲ့ထွက်ပြေးလာတာပါ´´ဟု မချမ်းဘောမြို့သို့ ထွက်ပြေးလာသော အင်ခါးကား ကျေးရွာသားတစ်ဦးက ပြောပြ သည်။

သူကဆက်လက်၍ ``ကျွန်တော်တို့ရွာက အိမ်ခြေ ၂၀ ကျော်နဲ့ လူဦးရေ ၂၀၀ ခန့် ရှိပါတယ်။ မိုင် ၄၀ ဝေးတဲ့ မချမ်းဘော ကို ပြေးလာတာ ၁၁ ယောက်ရှိပါတယ်။ အခုတော့ မချမ်းဘောနှစ်ခြင်းအသင်းတော်မှာ ဖွင့်ထားတဲ့ စခန်းမှာ နေရပါတယ်။ တိုက်ပွဲတွေကြောင့် ကျွန်တော်တို့ရွာသားတွေအားလုံး ကြောက်နေကြပါတယ်။ ရွာပြန်ဖို့ ကတော့ မစဉ်းစားရဲပါဘူး´´ ဟု ပြောပြခဲ့သည်။

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့သည် ၂၀၁၃ ခု မတ်လမှ စ၍ တိုက်ပွဲများ ရပ်ဆိုင်း ထားခဲ့ရာ သြဂုတ်လကုန်ပိုင်းတွင် တိုက်ပွဲများပြန်လည် ဖြစ်ပွားလာခြင်းဖြစ်သည်။ ပြီးခဲ့သော ရက်ပိုင်းကလည်း KIA သည် NDAK အသွင်ပြောင်းပန်ဝါပြည်သူ့စစ်အဖွဲ့အား ချုံခိုမိုင်းဆွဲတိုက်ခိုက်မှုကြောင့် တိုက်ပွဲများ ဖြစ်ပွား ခဲ့သည်။ ပူတာအိုနှင့် ဆွမ်ပရာ ဘွမ်ကြားတွင် တပ်မတော်စစ်ကြောင်းများအား KIA အဖွဲ့မှ ချုံခိုတိုက်ခိုက်မှု ကြောင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့သည်။

အစိုးရနှင့် KIO တို့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို စက်တင်ဘာလ အတွင်း ဆွေးနွေးနိုင်ရန် ပြင်ဆင်ထား ကြောင်း အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ထံမှ သိရှိရပါသည်။

နော်မိုင်

zawlinhtwe29@gmail.com ဖြင့် ပေးပို့လာသော သတင်းအား ဖော်ပြပေးခြင်းဖြစ် ပါသည်။
မြန်မာ့ရောင်စဉ်

No comments:

Post a Comment