Pages - Menu

Monday, October 21, 2013

အောက်တိုဘာ ၂၀ ရက် ညပိုင်းက သိမ်ကြီးဈေး ဒီရုံလေးလွှာ မင်္ဂလာရုပ်ရှင်ရုံ ကားပါကင်ရှိ စတိုခန်း မီးလောင်မှုဖြစ်ပွား

 Created on Monday, 21 October 2013


မီးလောင်မှုဖြစ်ပွားခဲ့သည့် သိမ်ကြီးဈေး ဒီရုံလေးလွှာအား တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်၊ ၂၄ လမ်း အလယ်ဘလောက်၊ သိမ်ကြီးဈေး ဒီရုံလေးလွှာ မင်္ဂလာရုပ်ရှင်ရုံ ကားပါကင်ရှိ စတိုခန်း (ယခင်သန့်စင်ခန်းဟောင်း) ၌ အောက်တိုဘာ ၂၀ ရက် ညပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်း မီးသတ်ဦးစီးမှူး ဦးကြည်ဝင်းက "အရင်ကတော့ အိမ်သာခန်းပဲ အဲဒီအခန်းကနေ စလောင်တာ။ ပတ်ဝန်းကျင်ပြောတာတော့ မီးရှုးမီးပန်း မှန်ပေါက်ကနေ ၀င်တာလို့ပြောတယ်။ ကျွန်တော်တို့ ကြည့်တာတော့ မှန်ကွဲထားတဲ့ အရာမတွေ့ဘူး။ အဲဒီပိုင်ရှင် ပြောတာလည်း တရုတ်ကတ်မှန်တချို့ အချပ်တွေ ကွဲနေတယ်လို့ ပြောတယ်။ တရုတ်ကတ်မှန်ဘောင် အနေအထား မဟုတ်ဘူး။ မှန်ကနေ ၀င်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ နောက်တစ်ခုက အခန်းထဲမှာ အနေအထား ကြည့်တာက အတွင်းထဲက စလောင်တယ်။ အောက်ခြေပိုင်းကလောင်တယ်။ ပစ္စည်းတွေကလည်း အလိုအလျောက်လောင်တဲ့ ပစ္စည်းတွေ မဟုတ်ဘူး။ မီးစတင်လောင်တဲ့ အကြောင်းကတော့ စုံစမ်းဆဲ ဖြစ်ပါတယ်" ဟု ပြောကြားသည်။

မီးလောင်ကျွမ်းမှု အကြောင်းအရင်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ယင်းစတိုခန်း အနီးရှိ စီစီတီဗွီ ကင်မရာမှတ်တမ်းများ ရယူပြီး စစ်ဆေးရန် ဆောင်ရွက်လျက် ရှိသည်။

"မီးခိုးတွေ ထွက်နေတာနဲ့ ဒီအခန်းက သော့နှစ်လုံး ခတ်ထားတာကို ရိုက်ဖွင့်ပြီး ကျွန်တော်တို့ဆီက မီးသတ်ဆေးဗူးနဲ့ ၀င်ငြှိမ်းတာပါ" ဟု ယင်းလေးလွှာတွင် လုံခြုံရေး ဆောင်ရွက်နေသူက ရဲတပ်ဖွဲ့ဝင်များ၏ စစ်ဆေးမှုကို ပြန်လည်ဖြေကြား ခဲ့သည်။

ယင်းမီးလောင်မှုကြောင့် စတိုခန်းအတွင်းရှိ ပလတ်စတစ် ပစ္စည်းများ၊ တိတ်ခွေ၊ အလှကြည့်မှန်၊ စူပါဂလူး၊ အ၀တ်လျှော်ဘရက်ရှ် စသည့်အိမ်သုံးပစ္စည်းများ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အကြမ်းဖျင်း တွက်ချက်မှုအရ သိန်းနှစ်ဆယ်ဝန်းကျင်ခန့် ဆုံးရှုံးခဲ့ကြောင်း တိုင်းမီးသတ်ဦးစီးမှူးက ပြောကြားသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ ည ၈ နာရီ ၂၅ မိနစ်အချိန်တွင် စတင်လောင်ကျွမ်းခဲ့ပြီး ၈ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးလောင်မှုဖြစ်စဉ်သို့ မီးသတ်ယာဉ် ၂၄ စီး၊ အုပ်ချုပ်မှုယာဉ်ငါးစီး လာရောက်၍ မီးငြှိမ်းသတ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

EMG

No comments:

Post a Comment