Created on Saturday, 26 October 2013
ရန်ကုန်မြို့ သီလ၀ါ ဆိပ်ကမ်းတွင် ကုန်ကားများအား တွေ့ရစဉ်
တစ်လအတွင်း မြန်မာနိုင်ငံမှ အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်မှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလျံ ကျော်ရရှိခဲ့ပြီး ကုန်သွယ်မှု ပိုငွေမှာ ဒေါ်လာ ၁၃၆ သန်းကျော် ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။
တစ်လအတွင်းဟု ဆိုရာ၌ ယခုဘဏ္ဍာရေးနှစ် ဖြစ်သည့် ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ရက်ပေါင်း ၃၀ အတွင်း ပုံမှန်ကုန်သွယ်မှု လမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်း နှစ်ခုပေါင်းမှ ရငွေဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်သွယ်မှု လမ်းကြောင်းနှစ်ခုမှ ပို့ကုန်ပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၁၀၆၂ ဒသမ ၄၈ သန်းနှင့် သွင်းကုန်ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၉၂၆ ဒသမ ၀၄ သန်း ရှိခြင်းကြောင့် မြန်မာနိုင်ငံ အနေဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁၃၆ ဒသမ ၄၄ သန်း ရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် ပုံမှန်ကုန်သွယ်မှု လမ်းကြောင်းမှ ကုန်သွယ်ရာတွင် ပို့ကုန်ပမာဏထက် သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၇ သန်းကျော် ပိုများနေကြောင်း သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် ကုန်သွယ်မှုများ ပြုလုပ်ရာတွင် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ ကုန်သွယ်မှု ပိုငွေရှိနေပြီး ပုံမှန်ကုန်သွယ်မှု လမ်းကြောင်းမှာမူ ကုန်သွယ်မှု လိုငွေမှာ အမြဲပြနေခြင်းကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အနေဖြင့် တရားမ၀င် ကုန်သွယ်မှုများ ပပျောက်စေရန်နှင့် တရားဝင် ကုန်သွယ်မှုများ တိုးတက်ရရှိ စေရန်အတွက် သက်ဆိုင်ရာ ဌာနများဖြင့် ပူးပေါင်းကာ Mobiel Team အဖွဲ့များ ဖွဲ့စည်း၍ နယ်စပ်ကုန်သွယ်မှု လမ်းကြောင်း တစ်လျှောက်ကိုသာမက ပင်လယ်ရေကြောင်း ကုန်သွယ်မှု များကိုပါ စစ်ဆေးလျက် ရှိနေပြီး ယခုအခါ ဆိပ်ကမ်းများကိုပါ စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ကုန်သွယ်မှု ပြုလုပ်ရာတွင် တရုတ်၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ စင်ကာပူ၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံ စသည့် နိုင်ငံများဖြင့် ကုန်သွယ်မှု ပြုလုပ်လျက်ရှိပြီး ၂၀၁၂ -၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော် ရှိခဲ့ကြောင်း သိရသည်။
EMG

No comments:
Post a Comment