Pages - Menu

Sunday, October 13, 2013

အီတလီ ကမ်းလွန်ပင်လယ်ပြင်တွင် သင်္ဘောတစ်စင်း နစ်မြုပ်မှုကြောင့် ပြောင်းရွှေ့နေထိုင်သူ ၅၀ ထက်မနည်း သေဆုံး

 Created on Saturday, 13 October 2013


အောက်တိုဘာ ၃ ရက်က လမ်ပီဒူဆာ ဆိပ်ကမ်းတွင် ရေနစ်သေဆုံးခဲ့သော ရွှေ့ပြောင်းအခြေချသူများ၏ အလောင်းများကို စီတန်းထားစဉ် (Photo:AP)

အီတလီနိုင်ငံ စစ္စလီကျွန်းနှင့် မော်လ်တာနိုင်ငံအကြား ကမ်းလွန်ပင်လယ်ပြင်တွင် ပြောင်းရွှေ့နေထိုင်သူများ လိုက်ပါလာသော သင်္ဘောတစ်စင်း အောက်တိုဘာ ၁၁ ရက်တွင် နစ်မြုပ်ခဲ့ရာ ဒါဇင်နှင့်ချီသော ကလေးများ အပါအ၀င် လူ ၅၀ ခန့် သေဆုံးခဲ့ကြောင်း အီတလီ အန်ဆာသတင်းဌာနက ဖော်ပြခဲ့သည်။

လူ ၁၅၀ ကို မော်လ်တာသင်္ဘော တစ်စင်းက ကယ်ဆယ်ခဲ့ပြီး အီတလီ ရေတပ်သင်္ဘော တစ်စင်းက အမျိုးသမီးများနှင့် ကလေး ၁၀ ဦး အပါအ၀င် လူ ၅၀ ခန့်ကို ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

အီတလီနိုင်ငံ လမ်ပီဒူဆာကျွန်းအနီး မော်လ်တာရေပြင်တွင် သင်္ဘောအခက်ကြုံနေစဉ် သင်္ဘောပေါ်တွင် လိုက်ပါခဲ့သူများက အာဏာပိုင်များထံ ဂြိုဟ်တုတယ်လီဖုန်းမှတစ်ဆင့် အကြောင်းကြားခဲ့သည်။ ခရီးသည်များက စစ်ရဟတ်ယာဉ် တစ်စင်းကို ၎င်းတို့အား သတိပြုမိစေရန် ကြိုးစားခဲ့ပြီးနောက် သင်္ဘောတိမ်းမှောက် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ကို ကူညီရန် မော်လ်တာက ကယ်ဆယ်ရေး သင်္ဘောများ၊ ရဟတ်ယာဉ်များ စေလွှတ်ခဲ့ပြီး အီတလီကလည်း ရဟတ်ယာဉ်များနှင့် ရေတပ်သင်္ဘောနှစ်စင်း စေလွှတ်ခဲ့သည်။ မော်လ်တာဝန်ကြီးချုပ် ဂျိုးဇက်မက်စ်ကပ်ကမူ သေဆုံးသူဦးရေ ၂၇ ဦးထက်မနည်းရှိကြောင်း ပြောကြားခဲ့သည်။

အောက်တိုဘာ ၃ ရက်ကလည်း လမ်ပီဒူဆာ ကျွန်းအနီးတွင် ခိုလှုံခွင့်တောင်းခံသူ ၅၀၀ ကျော် လိုက်ပါလာသော သင်္ဘောတစ်စင်း မီးလောင်နစ်မြုပ်ခဲ့ရာ လူ ၃၁၀ သေဆုံးခဲ့သည်။

Ref:AFP

No comments:

Post a Comment