Pages - Menu

Friday, November 29, 2013

မကွေးတိုင်းအတွင်း ဧရာဝတီမြစ်ကမ်း တစ်လျှောက် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ယခုနှစ်အတွင်း ကမ်းပြိုမှု အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသဖြင့် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ




မကွေးတိုင်းအတွင်း ဧရာဝတီ မြစ်ကမ်းတစ်လျှောက် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ယခုနှစ် ရေတက်ကာလမှ ရေကျကာလအထိ ကမ်းပြိုမှုများ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ရွှေ့ပြောင်း ခဲ့ရသောကြောင့် မကွေးတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှ နိုဝင်ဘာ လလယ်ပိုင်းကစ၍ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ဒေသခံများနှင့် အဆိုပါဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မကွေးတိုင်း စလင်းမြို့နယ် ဘိုကုန်းကျေးရွာ၊ ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာ၊ ရှားတောကျေးရွာ၊ မင်းဘူးမြို့နယ် နိဗ္ဗာန်ကျွန်း ကျေးရွာ၊ ရေနံချောင်းမြို့နယ် ကျမ်းကိုင်ကျွန်း ကျေးရွာအုပ်စု၊ မကွေးမြို့နယ် မြေနုကျွန်း ကျေးရွာ၊ မင်းလှမြို့နယ် ကမ်းနားလမ်းနှင့် အောင်လံမြို့နယ် သရက်တော ရပ်ကွက်တို့တွင် ကမ်းပြိုမှုကြုံတွေ့ ခဲ့ရကြောင်း၊ ယခုနှစ်တွင် ဧရာဝတီမြစ်ရေ အတက်အကျနှစ်ကြိမ် ဖြစ်ပေါ်ခဲ့သောကြောင့် ရေတက်ချိန်နှင့် ရေကျချိန်တိုင်း ကမ်းပြိုလေ့ ရှိခဲ့ကြောင်း၊ လက်ရှိတွင် ရေငြိမ်စပြုလာ၍ ကမ်းပြိုမှုလည်း လျော့နည်းလာကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ကမ်းပြိုခဲ့သည့် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ အနက် အောင်လံမြို့ သရက်တော ရပ်ကွက် အ.မ.ကကျောင်း အနောက်ဘက် ကမ်းပြိုခဲ့သည့် နေရာတွင် အလျား ပေ ၄၅၀ လျှောစောက် ပေ ၂၀ ရှိ ကျောက်စီ နံရံတစ်ခုအား လည်းကောင်း၊ မကွေးမြို့ နယ် မြေနုကျွန်း ကျေးရွာတွင် ရေနက်ကြောင်းကြောင့် ကမ်းပြိုခဲ့သည့် နေရာ၌ ပေ ၁၅၀ အရှည်ရှိ ကျောက်စီရေကာ ငါးခုအားလည်းကောင်း၊ မကွေးတိုင်းအတွင်း ရေစကြိုမြို့နယ် ချင်းတွင်း မြစ်ကြောင်းနှင့် ထီးလင်းမြို့နယ် မောချောင်း တို့တွင်လည်း ကျောက်စီရေကာနှင့် မျောတိုင်ရေကာများအား လည်းကောင်း တည်ဆောက်လျက် ရှိကြောင်း မကွေးတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ သိရသည်။

''မြစ်တစ်ခုဟာ တိုက်စားခြင်း၊ အနည်များ သယ်ယူပို့ဆောင်ခြင်းနဲ့ ရေစီးလျော့တဲ့ နေရာမှာ အနည်ပို့ချခြင်းတွေ လုပ်ဆောင်ပါတယ်။ အဲဒါတွေဟာ ရှင်သန်နေတဲ့ မြစ်တစ်စင်းရဲ့ သဘာဝပါ။ အခုရေကြောင်း ကျပ်တဲ့နေရာတွေနဲ့ ကမ်းပြိုတဲ့ နေရာတွေမှာ ကာကွယ်မှုတွေ လုပ်နေပါတယ်။ အရင်နှစ်တွေကလည်း လုပ်ခဲ့တာ ရှိပါတယ်'' ဟု အဆိုပါ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ကမ်းပြို၍ နေအိမ်ရွှေ့ပြောင်း ခဲ့ရသူများမှာ ပြောင်းရွှေ့ထားသည့် နေအိမ်များ၏ ထရံနှင့် တိုင်လုံးများ ရေမျောခံရသည်များလည်း ရှိကြောင်း သိရသည်။

(မကွေးတိုင်း ပွင့်ဖြူမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာ၌ ကမ်းပါးပြိုမှုကြောင့် ပြောင်းရွှေ့ရန် ပြင်ဆင်နေစဉ်)
EMG

No comments:

Post a Comment