Wednesday, 06 November 2013

အင်္ဂါဂြိုဟ် လေ့လာရေးယာဉ်ကို သယ်ဆောင်မည့် PSLV-C25 ဒုံးပျံအနီး အောက်တိုဘာ ၃၀ ရက်က စောင့်ကြပ်နေသော အိန္ဒိယ လုံခြုံရေးများ (Photo:AFP)
အိန္ဒိယသည် အင်္ဂါဂြိုဟ် လေ့လာရေး ခရီးစဉ်ကို နိုဝင်ဘာ ၅ ရက်က အောင်မြင်စွာ လွှတ်တင်ခဲ့ပြီး အာရှတွင် အင်္ဂါဂြိုဟ်သို့ ရောက်ရှိသော ပထမဆုံးနိုင်ငံ ဖြစ်လာရေး ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ခဲ့ပြီဖြစ်သည်။ အလေးချိန် ၁ ဒသမ ၃၅ တန်ရှိသော မောင်းသူမဲ့ လေ့လာရေးယာဉ်ကို နိုင်ငံတောင်ပိုင်း သီရိဟာရီကိုတာ အာကာသစခန်းမှ ဒေသစံတော်ချိန် ၂း၃၈ နာရီတွင် လွှတ်တင်ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံက ကြေညာခဲ့သည်။
အမေရိကန်၊ ရုရှားနှင့် ဥရောပနိုင်ငံများသာ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သော အင်္ဂါဂြိုဟ် လေ့လာရေး ခရီးစဉ်ကို အိန္ဒိယက အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ရက် ၃၀၀ ကြာမြင့်မည့် အင်္ဂါဂြိုဟ် ခရီးစဉ် "Mangalyaan" ကို လွန်ခဲ့သည့် ၁၅ လက အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ကြေညာခဲ့သည်။ ရွှေရောင်လေ့လာရေးယာဉ်သည် ကားငယ်တစ်စီး၏ အရွယ်အစားရှိပြီး အင်္ဂါဂြိုဟ်တွင် မီသိန်းဓာတ်ငွေ့ ရှိ၊ မရှိကို စူးစမ်းရှာဖွေမည် ဖြစ်သည်။ ထို့ပြင် အင်္ဂါဂြိုဟ် မျက်နှာပြင် လက္ခဏာများ၊ သတ္တုများနှင့် ဂြိုဟ်၏လေထုတို့ကို လေ့လာရန် အိန္ဒိယ အာကာသ သုတေသနအဖွဲ့ (Indian Space Research Organisation (ISRO)) က ရည်မှန်းထားသည်။
အာရှတွင် အင်္ဂါဂြိုဟ် လေ့လာရေးအတွက် ဂျပန်က ၁၉၉၈ ခုနှစ်၌ ကြိုးပမ်းခဲ့ဖူးပြီး မအောင်မြင်ခဲ့ပေ။ တရုတ်ကလည်း ၂၀၁၂ ခုနှစ်တွင် အင်္ဂါဂြိုဟ်သို့ လေ့လာရေးယာဉ် စေလွှတ်ရန် ကြိုးပမ်းခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ပေ။
အိန္ဒိယသည် ၁၉၇၅ ခုနှစ်က ပထမဆုံး ဂြိုဟ်တုလွှတ်တင်နိုင်ခဲ့ပြီး အာကာသ သုတေသနကို စတင်ဆောင်ရွက်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် လသို့လူမဲ့ အာကာသယာဉ် စေလွှတ်နိုင်ခဲ့သော အိန္ဒိယသည် ၂၀၁၆ ခုနှစ်တွင် လူလိုက်ပါသော အာကာသ ခရီးစဉ်ကို ကိုယ်တိုင်စေလွှတ်ရန် စီစဉ်နေသည်။
အင်္ဂါဂြိုဟ် ခရီးစဉ်သည် ဒေါ်လာ ၇၃ သန်း ကုန်ကျပြီး ယခုလနှောင်းပိုင်းတွင် အမေရိကန်က လွှတ်တင်ရန် စီစဉ်ထားသည့် အင်္ဂါဂြိုဟ် ခရီးစဉ် ကုန်ကျစရိတ်၏ ခြောက်ပုံတစ်ပုံသာ ရှိသည်။ နာဆာ၏ အင်္ဂါဂြိုဟ် ခရီးစဉ်သည် ဒေါ်လာ ၄၅၅ သန်း ကုန်ကျမည်ဖြစ်သည်။ အင်္ဂါဂြိုဟ်၌ လေထုပျောက်ဆုံးရသည့် အကြောင်းရင်းကို လေ့လာရန် အမေရိကန်သည် နိုဝင်ဘာ ၁၈ ရက်တွင် အာကာသယာဉ် Maven ကို စေလွှတ်မည် ဖြစ်သည်။
Ref:AFP
No comments:
Post a Comment