Pages - Menu

Tuesday, November 19, 2013

အစိုးရနှင့် ပုဂ္ဂလိက နယ်ပယ် မှ ခေါင်းဆောင်ပိုင်းများကို GE ကုမ္ပဏီက သင်တန်းပေးရန် စီစဉ်






အမေရိကန်နိုင်ငံ၏ GE (General Electric) စီးပွားရေး လုပ်ငန်းစုက မြန်မာနိုင်ငံ အစိုးရပိုင်းနှင့် ပုဂ္ဂလိက နယ်ပယ်ရှိ စီးပွားရေး၊ လူမှုရေး ကဏ္ဍတို့တွင် ဦးဆောင်သူများ ကို ရွေးချယ်ကာ အမေရိကန် ပြည်ထောင်စုတွင် ခေါင်းဆောင်မှု စွမ်းရည်ဆိုင်ရာ သင်တန်းကို ပို့ချပေးရန် စီစဉ်နေကြောင်း ယင်းကုမ္ပဏီ၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

GE ကုမ္ပဏီသည် ၎င်းတို့စီစဉ်မည့် အဆိုပါ သင်တန်းအတွက် မြန်မာနိုင်ငံ၏ အစိုးရ၊ ပုဂ္ဂလိကပိုင်း ခေါင်းဆောင်နေသူများထဲမှ ငါးဆယ်ဦးကို ရွေးချယ်သွားမည် ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ နယူးယောက် မြို့တွင် သင်တန်းပို့ချသွားမည် ဖြစ်သည်။

၎င်းတို့သည် မြန်မာနိုင်ငံ အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်း အသီးသီးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဆက် သွယ်ရေး ကဏ္ဍများ လက်ရှိအနေ အထားထက် ပိုမို တိုးတက်လာစေရန် အတွက် အဆိုပါ သင်တန်းကို ရည်ရွယ်သည်ဟု သိရသည်။

“ ကျွန်တော်တို့ စီးပွားရေး လုပ်ငန်းစု အနေနဲ့ ဖွံ့ဖြိုး တိုးတက်မှုဘက်ကို ဦးတည်လာနေတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိနဲ့ အနာဂတ်မှာ ပေါ်ပေါက်လာမယ့် ခေါင်းဆောင်တွေရဲ့ စွမ်းရည်တွေ မြင့်မားမှု ပိုရရှိလာဖို့ အတွက်ကို အဓိကအခြေ ခံ ကူညီပေးသွားမှာပါ ” ဟု GE ကုမ္ပဏီ၏ မြန်မာနိုင်ငံဌာန ကိုယ်စားလှယ်ချုပ် Mr.Andrew Leem အင်တာနက်ဂျာနယ်သို့ ပြောကြားသည်။ အမေရိကန်နိုင်ငံ၏ အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ကဏ္ဍအသီးသီးတွင် စွမ်းရည်မြှင့်တင်ခြင်းနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှုများအတွက် ကန်ဒေါ်လာ ခုနစ်သန်း ပမာဏကို ထောက်ပံ့ပေးသွားမည်ဟု ယခုနှစ် အစောပိုင်း ကာလများက ပြည်တွင်းမီဒီယာများသို့ ပြောကြားခဲ့သည်။


ထို့ကြောင့် GE ကုမ္ပဏီ အနေဖြင့် ပြည်တွင်း၏ စီးပွားရေး ကဏ္ဍကို အဓိကထား၍ ဆက်တိုက် ဆိုသလို ပါဝင်လာတော့မည် ဖြစ်ပြီး ယင်းအချက်က နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးကဏ္ဍများ သာမကဘဲ လိုအပ်ချက် ရှိနေဆဲ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်မှုနှုန်းကိုပါ အထောက်အပံ့ ပေးနိုင်လိမ့်မည်ဟု မြန်မာ့စီးပွားရေး လုပ်ငန်းရှင် အချို့က သုံးသပ်ကြသည်။


အနောက် ဥရောပနိုင်ငံများက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျှော့ပေးပြီး နောက်ပိုင်း ပြည်တွင်း၏ စီးပွားရေး နယ်ပယ်အတွင်းသို့ ဝင်ရောက်လာသည့် GE ကုမ္ပဏီ အနေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မှု အပိုင်းတွင်လည်း ပါဝင်သွားမည်ဟု ပြီးခဲ့သည့် လအနည်းငယ်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲများတွင် ပြောကြားခဲ့သည်။

ယုဇနကိုကို

internetjournal

No comments:

Post a Comment