Sunday, 22 December 2013
ဗြိတိသျှသံအမတ်ကြီးနှင့်အဖွဲ့ ကချင်ပြည်နယ်တွင် ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းတစ်ခုတွင် နေထိုင်နေရသော ဒေသခံများနှင့် တွေ့ဆုံစဉ်
ဗြိတိန်မှ ကချင်ငြိမ်းချမ်းရေးနှင့် ဒုက္ခသည်များအတွက် ဆက်လက်ကူညီမည်ဟု ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ဒီဇင်ဘာ ၁၉ ရက်၊ ၂၀ ရက်တွင် လာရောက်လေ့လာသော ဗြိတိသျှသံအမတ်ကြီး အင်ဒရူးပက်ထရစ်နှင့် ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနအကြီးအကဲ ဂါဗင်မက်ဂလေဗာရီတို့က ပြောကြားသည်။
သံအမတ်ကြီးနှင့်အဖွဲ့သည် ကချင်ပြည်နယ်ရှိ ဘာသာရေးခေါင်းဆောင်များ၊ လူမှုရေးခေါင်းဆောင်များ၊ အစိုးရအဖွဲ့ဝင်များ၊မြောက်ပိုင်းတိုင်းမှူးနှင့် ကေအိုင်အိုကိုယ်စားပြု နည်းပညာအကြံပေးအဖွဲ့များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်မှာတော့ ကူညီနေတဲ့ အဖွဲ့အစည်းတွေကတစ်ဆင့် ဗြိတိန်အစိုးရက ကူညီနေပါတယ်။ ပြည်နယ်အစိုးရကို နေရာတိုင်း အကူအညီပေးနိုင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ နှစ်နှစ်ခွဲအတွင်း ဒေါ်လာသန်း ၂၀ ကူညီဖို့ရှိနေပြီး ကျန်တဲ့ ၁၀ သန်းလောက်ကတော့ လာမယ့်နှစ်အတွင်း ကူညီသွားမှာပါ . . .
သံအမတ်ကြီးက "ကချင်ပြည်နယ်မှာတော့ ကူညီနေတဲ့ အဖွဲ့အစည်းတွေကတစ်ဆင့် ဗြိတိန်အစိုးရက ကူညီနေပါတယ်။ ပြည်နယ်အစိုးရကို နေရာတိုင်း အကူအညီပေးနိုင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ နှစ်နှစ်ခွဲအတွင်း ဒေါ်လာသန်း ၂၀ ကူညီဖို့ရှိနေပြီး ကျန်တဲ့ ၁၀ သန်းလောက်ကတော့ လာမယ့်နှစ်အတွင်း ကူညီသွားမှာပါ"ဟု ပြောကြားသည်။
သံအမတ်ကြီးက "ဒုက္ခသည်စခန်းတွေမှာ ပညာရေးအထောက်အပံ့နဲ့ ဆေးဝါး၊ အလုပ်အကိုင်အခွင့်အလမ်းတွေ လိုအပ်နေတယ်"ဟုလည်း ဆက်လက်ပြောကြားသည်။ သံအမတ်အဖွဲ့သည် မြောက်ပိုင်းတိုင်းမှူးနှင့် ကေအိုင်အိုကိုယ်စားပြု နည်းပညာအကြံပေးအဖွဲ့များနှင့် သီးခြားတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းများကို ပြောကြားခဲ့ကြောင်း သိရသည်။
"လက်ရှိတိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်အတွင်းက ပြည်သူလူထုကို ဗြိတိန်အစိုးရက စိုးရိမ်နေပါတယ်။ မြောက်ပိုင်းတိုင်းမှူးကတော့ အရပ်သားတွေ ထိခိုက်မှုမရှိအောင် ဆောင်ရွက်နေပါတယ်လို့ ပြောပါတယ်။ လူ့အခွင့်ရေးနှင့် ကလေးစစ်သားကိစ္စတွေလည်း ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်ဟာ လူထု၊ ၀န်ကြီးဦးအောင်မင်း၊ ဗိုလ်ချုပ်ဂွမ်မော် စသည့်ပုဂ္ဂိုလ်များနှင့် လူမှု့အဖွဲ့အစည်းများကို တွေ့ဆုံခဲ့ပါတယ်။ ယုံကြည်မှု တည်ဆောက်ဖို့အတွက်တော့ လိုပါဦးမယ်။ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် ဗြိတိန်အစိုးရကနှစ်ဖက်စလုံးကို တတ်နိုင်သမျှကူညီသွားမှာပါ"ဟု သံအမတ်ကြီးက ပြောကြားသည်။
EMG

No comments:
Post a Comment