Thursday, 12 December 2013

တရုတ်-မြန်မာနယ်စပ် မူဆယ်ရှိ နန်းတော်စစ်ဆေးရေး စခန်းအား တွေ့မြင်ရစဉ်
မြန်မာနိုင်ငံနှင့် ထိုင်းနယ်စပ်များတွင် ၂၀၁၃ ခုနှစ် သြဂုတ် ၂၈ ရက်က ဖွင့်လှစ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက်များကဲ့သို့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်-ရွှေလီဂိတ်ကိုလည်း အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက် (International Check-point) အဖြစ် တိုးမြှင့်ဖွင့်လှစ်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းကိုက ပြောကြားသည်။
ယင်းကဲ့သို့ ဖွင့်လှစ်ပြီးပါက သက်တမ်းရှိသော နိုင်ငံကူးလက်မှတ် (Valid Passport) နှင့် သက်တမ်းရှိသော ဗီဇာ (Valid Visa) ကိုင်ဆောင်သည့် တရုတ်နိုင်ငံသားများနှင့် တတိယ နိုင်ငံသားများကို ၀င်/ထွက်ခွင့် ပြုသွား မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ တရုတ်နိုင်ငံသားများနှင့် တတိယ နိုင်ငံသားများသည် မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ၀င်/ထွက်ပေါက် (International Checkpoint) များဖြစ်သည့် တာချီလိတ်၊ မြ၀တီ၊ ထီးခီး၊ ကော့သောင်း ၀င်/ထွက်ပေါက်များနှင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် လေဆိပ်များမှ ၀င်ထွက်ခွင့်များ ရရှိမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရတို့အကြား နယ်စပ်ဒေသ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ် မတ် ၂၅ ရက်က ရန်ကုန်မြို့တွင် လက်မှတ်ရေးထိုး ခဲ့ကြခြင်းဖြစ်ကြောင်း၊ အဆိုပါ သဘောတူ စာချုပ်အရ တရားဝင် သတ်မှတ်ထားသည့် ၀င်/ထွက်ပေါက်ရှစ်ခု သတ်မှတ်ခဲ့ကြောင်း သိရသည်။
လက်ရှိကာလ၌ နမ့်ခမ်း-နောင်ဒါအို၊ မူဆယ်-ရွှေလီဂိတ်များတွင် ၀င်/ထွက်ပေါက်များအား နံနက် ၆ နာရီမှ ည ၁၀ နာရီ ၃၀ မိနစ်အထိ ၀င်/ထွက်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။
မြန်မာ-တရုတ် နယ်စပ်ဒေသ နှစ်နိုင်ငံသားများအား နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass)၊ ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် (Temporary Border Pass)များဖြင့် ၀င်/ထွက်ခွင့်ပြုလျက် ရှိကြောင်းနှင့် တစ်ကြိမ်လျှင် ခြောက်ညအိပ် ခုနစ်ရက် ၀င်/ထွက်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။
မြန်မာ-တရုတ်နယ်စပ်ရှိ တရားဝင် သတ်မှတ်ထားသည့် ၀င်/ထွက်ပေါက်များ
(၁) ကန်ပိုက်တီး - ဟွဂျိုး
(၂) လွယ်ဂျယ် - ကျန်းဖန်
(၃) နမ့်ခမ်း - နောင်ဒါအို
(၄) မူဆယ် - ရွှေလီ
(၅) ကြူကုတ် - ၀မ်တိန်
(၆) ရန်လုံကျိုင်း - နမ့်ဆန်
(၇) ချင်းရွှေဟော် - မန်တိန်း
(၈) မိုင်းလား - တာ့လော်
EMG
No comments:
Post a Comment