Pages - Menu

Tuesday, December 17, 2013

တောင်ကိုရီးယား နိုင်ငံတွင် အိုင်စီတီနည်းပညာ သင်တန်းများ တက်ရောက်ရန် အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမ ၂၀ ဦးအား ပထမဆုံးအကြိမ် ရွေးချယ်စေလွှတ်မည်

Tuesday, 17 December 2013


ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းဆင်းလာသည့် ဆရာ၊ ဆရာမ အချို့အား တွေ့ရစဉ်

တောင်ကိုရီးယား နိုင်ငံရှိ ပညာရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့ှ်Sejong City Office Education မှ မြန်မာနိုင်ငံရှိ အခြေခံပညာကဏ္ဍ၊ အခြေခံပညာ ကျောင်းများအတွက် အိုင်စီတီ နည်းပညာဆိုင်ရာ အကူအညီများ ပေးသွားမည်ဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံသို့ အိုင်စီတီ နည်းပညာဆိုင်ရာ သင်တန်းများ တက်ရောက်ရန် အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမ ၂၀ ဦးအား ရွေးချယ်စေလွှတ် သွားမည်ဖြစ်ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်အောင်ရီက ပြောကြားသည်။

အဆိုပါ အစီအစဉ်အား ၂၀၁၄ ခုနှစ် ဧပြီလတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပညာသင် စေလွှတ်မည့် ဆရာ၊ ဆရာမများအား ရန်ကုန်တိုင်း ဒေသကြီး အမှတ် (၃) အခြေခံပညာ ဦးစီးဌာနမှ စိစစ်ရွေးချယ် သွားမည်ဖြစ်သည်။

''သူတို့ဆီမှာ Smart Education ကို အကောင်အထည် ဖော်နေတာဆိုတော့ အိုင်စီတီ နည်းပညာရပ်တွေနဲ့ ပတ်သက်ပြီးတော့ မျှဝေပေးချင်တယ်။ ဒါ့ကြောင့် အခြေခံပညာ ကျောင်းတွေမှာ ကွန်ပျူတာ ပညာရပ်တွေကို ပြန်လည်ဖြန့်ဝေပေးဖို့ ဆရာ၊ ဆရာမတွေကို အိုင်စီတီ နည်းပညာတွေကို ဝေမျှဖို့အတွက် ကမ်းလှမ်းလာတာပါ။ သူတို့ကို အိုင်စီတီ ပညာရပ်တွေကို စာတွေ့ရော လက်တွေ့ပါ ဖြေခိုင်းပါမယ်။ အဲဒီထဲကမှ ၂၀ ဦး ရွေးချယ်ပြီး စေလွှတ်မှာပါ။ ဒီခရီးစဉ်က ၁၄ ရက်ကြာမြင့်မှာပါ'' ဟု ရန်ကုန်တောင်ပိုင်းခရိုင် ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်အောင်ရီက ဆိုသည်။

တောင်ကိုရီးယားနိုင်ငံသို့ အိုင်စီတီ နည်းပညာ သင်တန်းများ တက်ရောက်ရန်အတွက် အရည်အချင်း စစ်ဆေးခြင်းကို ဇန်န၀ါရီလအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း စုစုပေါင်း ၂၇၁၂ ကျောင်းမှ ဆရာ၊ ဆရာမ ၃၀၀ ကျော်ပါဝင် ဖြေဆိုကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ Sejong City Office Education မှ နည်းပညာဆိုင်ရာ အကူအညီများ ပေးရန်အတွက် ရန်ကုန်တိုင်း ဒေသကြီးရှိ အမှတ် (၃)အခြေခံပညာ ဦးစီးဌာနနှင့် Sejong City Office Education မှ တာဝန်ရှိသူများက ဒီဇင်ဘာ ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၃) အခြေခံပညာ ဦးစီးဌာန၌ သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။ ဦးစွာ အိုင်စီတီ နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှု အနေဖြင့် တောင်ကိုရီးယားနိုင်ငံ Sejong City Office Education မှ ကွန်ပျူတာ အလုံး ၆၀ အား အမှတ်(၃) အခြေခံပညာ ဦးစီးဌာနသို့ ပေးအပ်ခဲ့ပြီး ၎င်းမှတစ်ဆင့် အဆိုပါ ကွန်ပျူတာများကို ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အခြေခံကျောင်းများသို့ ပြန်လည်ပေးအပ် သွားမည်ဖြစ်သည်။

EMG

No comments:

Post a Comment