Pages - Menu

Saturday, October 26, 2013

ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် လေကြောင်း သဘောတူစာချုပ် ပြင်ဆင်ချုပ်ဆို ခဲ့မှုကြောင့် ၎င်းနိုင်ငံများမှ လေကြောင်းလိုင်း တစ်ခုထက် ပိုမိုပျံသန်းနိုင်မည်

 Created on Saturday, 26 October 2013

ကိုရီးယား လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းကို တွေ့ရစဉ်

ယခုနှစ်၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်စသည့် နိုင်ငံနှစ်ခုနှင့် လေကြောင်း သဘောတူစာချုပ်အား ပြင်ဆင်ချုပ်ဆိုခဲ့ကြောင်း သိရသည်။ သို့ဖြစ်၍ အဆိုပါ နိုင်ငံနှစ်ခုမှ မြန်မာနိုင်ငံသို့ တိုက်ရိုက်လေကြောင်းလိုင်း တစ်ခုထက် ပိုမိုပျံသန်း နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

''အခုနှစ်ထဲမှာ ကိုရီးယားနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှစ်ခုနဲ့ လေကြောင်း သဘောတူ စာချုပ်ကို ပြင်ဆင်ချုပ်ဆို ခဲ့ပါတယ်။ ဒီလို ပြင်ဆင်ချုပ်ဆိုတယ်ဆိုတာ အရင်ကချုပ်ဆိုခဲ့တဲ့ စာချုပ်မှာ ခေတ်နဲ့မလျော်ညီ တော့တဲ့ အချက်အလက်တွေ၊ ထပ်မံထည့်သွင်းရမယ့် အချက်တွေကို ပါဝင်နိုင်အောင်လို့ပါ'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားခဲ့သည်။

ယင်းသို့ ပြင်ဆင်ချုပ်ဆိုခဲ့ပြီးနောက် ယခင်က နိုင်ငံတစ်နိုင်ငံမှ လေကြောင်းလိုင်း တစ်ခုကိုသာ ပျံသန်းခွင့်ပြုခဲ့သည့် စနစ် Single designation အား ပယ်ဖျက်ခဲ့ပြီး Multiple designation အဖြစ် ပြောင်းလဲချုပ်ဆို နိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလေကြောင်း ပို့ဆောင်ရေး ဆွေးနွေးမှုအရ မြန်မာနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းနှင့် အဲပုဂံလေကြောင်းလိုင်းတို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တိုက်ရိုက်ပျံသန်းခွင့် ရရှိခဲ့သည်။

ယခုနှစ်တွင် ကိုရီးယားနိုင်ငံနှင့် လေကြောင်းသဘောတူ စာချုပ်ကို ပြင်ဆင်ချုပ်ဆို နိုင်ခဲ့မှုကြောင့် ကိုရီးယားနိုင်ငံမှ ANA လေကြောင်းလိုင်းနှင့် အေးရှားနား လေကြောင်းလိုင်းတို့ မြန်မာနိုင်ငံနှင့် တိုက်ရိုက်ခရီးစဉ် စတင်ပျံသန်း နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ သာမက ဥရောပ၊ အမေရိက၊ အစ္စရေးနှင့် ယူအေအီး နိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၄၆ နိုင်ငံနှင့် လေကြောင်းသဘောတူ စာချုပ်များ ချုပ်ဆိုထားသည်။

နှစ်နိုင်ငံ လေကြောင်း သဘောတူစာချုပ်ဟု ဆိုရာတွင် နှစ်နိုင်ငံကြား အပြန်အလှန် လေကြောင်းပျံသန်းခြင်းနှင့် ၀န်ဆောင်မှုများ ပြုလုပ်ရာတွင် လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများကို ချုပ်ဆိုသည့် Air Transport Agreement (or) Air Services Agreement အဖြစ် ချုပ်ဆိုလေ့ရှိပြီး လေကြောင်းလိုင်း သတ်မှတ်ခြင်း၊ ပျံသန်းခွင့်နှင့် Commercial Agreement များကို MoU အဖြစ် လက်မှတ် ရေးထိုးခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် အစောဆုံး လေကြောင်း သဘောတူစာချုပ် ချုပ်ဆိုမှုအဖြစ် ၁၉၄၉ ခုနှစ်တွင် အမေရိကန်နိုင်ငံနှင့် Air Transport Agreement အား ချုပ်ဆိုခဲ့သည်။

EMG

မိုးနှောင်းကာလ မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် မိုးကြီး


 Created on Saturday, 26 October 2013


အောက်တိုဘာ ၂၅ ရက်က ရန်ကုန်မြို့တွင် မိုးသည်းထန်စွာရွာပြီး ဗညားဒလ လမ်းပေါ်တွင် ရေကြီးရေလျှံ ဖြစ်ပွားနေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းအတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေမှုကြောင့် မိုးလွန်ကာလသို့ ရောက်နေသော်လည်း မြန်မာနိုင်ငံဒေသ အနှံ့အပြား၌ မိုးရွာသွန်းမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၅ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက် များအရ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသာ လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက် တည်ရှိနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

''အခုရွာသွန်းနေတဲ့မိုးက ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းကြောင့် ဖြစ်တယ်။ အဲဒီလေဖိအားနည်း ရပ်ဝန်းကနေပြီးတော့ တိမ်သွယ်တန်းတွေ ဖြစ်ပေါ်ပြီး တိမ်ထုတစ်ခု ဖြစ်လာတဲ့အတွက် ချင်း၊ ရခိုင်နဲ့ ရန်ကုန်လို နေရာတွေမှာ မိုးရွာသွန်းတာ ဖြစ်တယ်။ လေဖိအားနည်း ရပ်ဝန်းက ဆက်လက် တည်ရှိနေတဲ့ အတွက် နောက်ထပ် မိုးရွာသွန်း နိုင်ပါတယ်'' ဟု ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။

ယခုနှစ်အတွင်း ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပွားသော မုန်တိုင်းများသည် မြန်မာနိုင်ငံ အတွင်းသို့ နှစ်ကြိမ်သာ ၀င်ရောက်ခဲ့ပြီး မိုးလွန်ကာလများတွင် အနည်းဆုံး မုန်တိုင်းနှစ်ကြိမ်ခန့် ဆက်လက်ဝင်ရောက် နိုင်သေးကြောင်းလည်း Myanmar Climate Change Watch မှ သိရသည်။

''ဘင်္ဂလား ပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေက မြန်မာနိုင်ငံကို တစ်နှစ် လေးလုံးလောက် ၀င်တယ်။ အခုလက်ရှိက နှစ်လုံးပဲ ရှိသေးတယ်။ နောက်ထပ် ၀င်လာမယ့် မုန်တိုင်းတွေက မိုးလွန်ကာလမှာ ဖြစ်ပေါ်လာ နိုင်တဲ့အတွက် သတိပြုရမှာပါ'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။



ဗဟန်းမြို့နယ်၊ ၀င်္ကပါလမ်းအား အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)

''အောက်တိုဘာ ၂၅ ရက် ညနေ ၃ နာရီ ကျော်ကျော်က မိုးတွေရွာတယ်။ မိုးက သည်းသည်းမဲမဲ ရွာတာမျိုးတော့ မဟုတ်ပါဘူး။ နောက်ထပ် မိုးဆက်တိုက် ရွာလာရင်တော့ သီးနှံတွေအတွက် စိုးရိမ်စရာ ရှိလာတယ်'' ဟုလည်း ပဲခူးတိုင်း ဒေသကြီး၊ ပေါင်းတည်မြို့မှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

အလားတူ မကွေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့မှ ဒေသခံ တစ်ဦးကလည်း ''မနေ့ကတော့ ဒီမှာ မိုးတွေအရမ်းရွာတယ်။ အောက်တိုဘာ ၂၅ ရက်တော့မရွာသေးဘူး။ ဒါပေမဲ့ ဒီနေ့တစ်နေ့လုံး မိုးတွေအုံ့နေတယ်'' ဟုလည်း ပြောကြားခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် နေရာအနှံတွင် ရေဖုံးလွှမ်းမှုများ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

''အောက်တိုဘာ ၂၅ ရက် မိုးရွာတာက တော်တော်ကိုပြင်းတယ်။ ကျွန်တော်တို့ လမ်းထဲမှာဆို ရေကဒူးခေါင်း ကျော်တဲ့အထိကို နစ်တယ်။ အရင်က အဲဒီလောက် မဆိုးပေမယ့် အခုနောက်ပိုင်းဆို မိုးရွာတိုင်း ရေနစ်မြုပ်နေတယ်'' ဟု ဗဟန်းမြို့နယ် ၀င်္ကပါလမ်းအတွင်း နေထိုင်သူ တစ်ဦးက ပြောကြားသည်။

EMG

မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံရှိ ဆင်းဟတ်စ် တော်ဝင်စစ်တက္ကသိုလ်သို့ သွားရောက်လေ့လာပြီး မိန့်ခွန်းပြောကြား

 Created on Saturday, 26 October 2013

ဆင်းဟတ်စ် တော်ဝင်စစ် တက္ကသိုလ်သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနှုတ်ဆက် နေသည့် တော်ဝင်စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် Stuart Skeates (လက်ဝဲ) နှင့် ဒုတိယကျောင်းအုပ် ဗိုလ်မှူး Chris Sargent (လက်ယာ)တို့ကို တွေ့ရစဉ်

ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၂၅ ရက် ညနေပိုင်းတွင် အင်္ဂလန်တောင်ပိုင်း၊ ကင်ဘာလေ (Camberley) မြို့ရှိ ဆင်းဟတ်စ် (Sandhurst) တော်ဝင် စစ်တက္ကသိုလ်သို့ သွားရောက်လေ့လာပြီး မိန့်ခွန်းပြောကြားခဲ့သည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ဒုတိယအကြိမ် ဥရောပခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် လူဇင်ဘတ်၊ ဘယ်လ်ဂျီယံနှင့် ပြင်သစ်နိုင်ငံများသို့ သွားရောက်ခဲ့ပြီးနောက် ဗြိတိန်နိုင်ငံသို့ အောက်တိုဘာ ၂၂ ရက်တွင် ရောက်ရှိလာခြင်းဖြစ်ကာ ငါးရက်ကြာ နေထိုင်မည်ဖြစ်သည်။ ယခုအကြိမ်သည် ဗြိတိန်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်ခြင်းဖြစ်ပြီး ၎င်း၏ ငါးရက်ကြာ ခရီးစဉ်တွင် ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ အိမ်ရှေ့မင်းသား ချားလ်စ်အပါအ၀င် နိုင်ငံရေး ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၂၄ ရက်က မြောက်အိုင်ယာလန်သို့ သွားရောက် လေ့လာခဲ့ပြီး Belfast မြို့ရှိ Wellington ကောလိပ်တွင် အမှာစကား ပြောကြားခဲ့သည်။ ယမန်နေ့ (အောက်တိုဘာ ၂၅ ရက်) တွင် ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂလန် တောင်ပိုင်း၊ ကင်ဘာလေမြို့ရှိ ကမ္ဘာကျော် ဆင်းဟတ်စ် တော်ဝင်စစ် တက္ကသိုလ်သို့ သွားရောက်လေ့လာခဲ့ပြီး မိန့်ခွန်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဆင်းဟတ်စ် တော်ဝင်စစ် တက္ကသိုလ်သို့ ရောက်ရှိချိန်တွင် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် Stuart Skeates က လာရောက်ကြိုဆို နှုတ်ဆက်ခဲ့ပြီး တော်ဝင်စစ်တက္ကသိုလ် အတွင်း လေ့ကျင့်သင်ကြား နေမှုများကို လှည့်လည် ကြည့်ရှုလေ့လာခဲ့ပြီး တော်ဝင်စစ်တက္ကသိုလ် ခန်းမဆောင်တွင် မိန့်ခွန်းပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံတွင် ငါးရက်ကြာ နေထိုင်ပြီးနောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အီတလီနိုင်ငံသို့ ဆက်လက် ထွက်ခွာမည် ဖြစ်သည်။

EMG

မြန်မာနိုင်ငံမှ တစ်လအတွင်း အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်မှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလျံကျော် ရှိခဲ့ပြီး ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၁၃၆ သန်းကျော်ရှိ

 Created on Saturday, 26 October 2013


ရန်ကုန်မြို့ သီလ၀ါ ဆိပ်ကမ်းတွင် ကုန်ကားများအား တွေ့ရစဉ်

တစ်လအတွင်း မြန်မာနိုင်ငံမှ အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်မှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလျံ ကျော်ရရှိခဲ့ပြီး ကုန်သွယ်မှု ပိုငွေမှာ ဒေါ်လာ ၁၃၆ သန်းကျော် ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

တစ်လအတွင်းဟု ဆိုရာ၌ ယခုဘဏ္ဍာရေးနှစ် ဖြစ်သည့် ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ရက်ပေါင်း ၃၀ အတွင်း ပုံမှန်ကုန်သွယ်မှု လမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်း နှစ်ခုပေါင်းမှ ရငွေဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်သွယ်မှု လမ်းကြောင်းနှစ်ခုမှ ပို့ကုန်ပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၁၀၆၂ ဒသမ ၄၈ သန်းနှင့် သွင်းကုန်ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၉၂၆ ဒသမ ၀၄ သန်း ရှိခြင်းကြောင့် မြန်မာနိုင်ငံ အနေဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁၃၆ ဒသမ ၄၄ သန်း ရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် ပုံမှန်ကုန်သွယ်မှု လမ်းကြောင်းမှ ကုန်သွယ်ရာတွင် ပို့ကုန်ပမာဏထက် သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၇ သန်းကျော် ပိုများနေကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ကုန်သွယ်မှုများ ပြုလုပ်ရာတွင် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှ ကုန်သွယ်မှု ပိုငွေရှိနေပြီး ပုံမှန်ကုန်သွယ်မှု လမ်းကြောင်းမှာမူ ကုန်သွယ်မှု လိုငွေမှာ အမြဲပြနေခြင်းကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အနေဖြင့် တရားမ၀င် ကုန်သွယ်မှုများ ပပျောက်စေရန်နှင့် တရားဝင် ကုန်သွယ်မှုများ တိုးတက်ရရှိ စေရန်အတွက် သက်ဆိုင်ရာ ဌာနများဖြင့် ပူးပေါင်းကာ Mobiel Team အဖွဲ့များ ဖွဲ့စည်း၍ နယ်စပ်ကုန်သွယ်မှု လမ်းကြောင်း တစ်လျှောက်ကိုသာမက ပင်လယ်ရေကြောင်း ကုန်သွယ်မှု များကိုပါ စစ်ဆေးလျက် ရှိနေပြီး ယခုအခါ ဆိပ်ကမ်းများကိုပါ စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ကုန်သွယ်မှု ပြုလုပ်ရာတွင် တရုတ်၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ စင်ကာပူ၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံ စသည့် နိုင်ငံများဖြင့် ကုန်သွယ်မှု ပြုလုပ်လျက်ရှိပြီး ၂၀၁၂ -၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော် ရှိခဲ့ကြောင်း သိရသည်။

EMG

ပြည်ထောင်စု အစိုးရ၏ ဖြည့်စွက်တောင်းခံ ငွေများအား ခွင့်ပြုသင့်သော်လည်း တောင်းခံမှု များနေသော ဌာနအဖွဲ့အစည်း များကိုမူ သက်ဆိုင်ရာ ကော်မတီများက စိစစ်သင့်ကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ကော်မတီ အကြံပြု

 Created on Saturday, 26 October 2013


အောက်တိုဘာ ၂၅ ရက်က ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး

ပြည်ထောင်စု အစိုးရ၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းပါ တောင်းခံမှုငွေ ပမာဏများသည် မူလခွင့်ပြုထားပြီးငွေ၏ ၈ ဒသမ ၄၉ ရာခိုင်နှုန်းသာ ရှိသဖြင့် ခွင့်ပြုသင့် သော်လည်း တောင်းခံမှု များသောဌာန အဖွဲ့အစည်းများကိုမူ သက်ဆိုင်ရာ ကော်မတီများနှင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက အသေးစိတ် စိစစ်သင့်ကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစီရင်ခံစာ၌ အကြံပြုထားသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲ ခွင့်ပြုရန် တောင်းခံလာသည့်ငွေမှာ သာမန်သုံးငွေ ကျပ် ၄၁၆ ဒသမ ၂ ဘီလျံ၊ ငွေလုံးငွေရင်း ကျပ် ၄၇၀ ဒသမ ၀ ဘီလျံ၊ ကြွေးမြီအသုံးစရိတ်ငွေ ကျပ် ၁၁၁ ဒသမ ၀ ဘီလျံ၊ လုပ်ငန်းသုံးရင်းနှီးငွေ ကျပ် ၃၉၆ ဒသမ ၇ ဘီလျံ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ထောက်ပံ့ငွေ ကျပ် ၇၇ ဒသမ ၃ ဘီလျံဖြစ်ပြီး စုစုပေါင်းငွေ ကျပ် ၁၄၇၁ ဒသမ ၂ ဘီလျံ ဖြစ်ကြောင်း သိရသည်။

မူလခွင့်ပြုထားသော ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စုစုပေါင်းသုံးငွေအဖြစ် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေအရ ခွင့်ပြုထားသည့် ငွေများမှာ သာမန်သုံးငွေ ကျပ် ၁၁၆၈၄ ဒသမ ၂ ဘီလျံ၊ ငွေလုံးငွေရင်းသုံးငွေ ကျပ် ၄၉၂၈ ဒသမ ၆ ဘီလျံ၊ ကြွေးမြီကျပ် ၇၀၀ ဒသမ ၀ ဘီလျံဖြစ်ပြီး စုစုပေါင်းငွေ ကျပ် ၁၇၃၁၂ ဒသမ ၈ ဘီလျံ ဖြစ်သဖြင့် ထပ်မံတောင်းခံငွေ ကျပ် ၁၄၇၁ ဒသမ ၂ ဘီလျံအား အချိုးချပါက ရာခိုင်နှုန်းအားဖြင့် ၈ ဒသမ ၄၉ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်တွင် မူလခွင့်ပြုငွေထက် ထပ်မံဖြည့်စွက် တောင်းခံငွေမှာ ရာခိုင်နှုန်းအားဖြင့် ၁၄ ဒသမ ၉၄ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်တွင် မူလခွင့်ပြုငွေထက် ထပ်မံဖြည့်စွက် တောင်းခံငွေမှာ ရာခိုင်နှုန်းအားဖြင့် ၁၉ ဒသမ ၂၉ ရာခိုင်နှုန်း ဖြစ်သဖြင့် နိုင်ငံတကာ စံနှုန်းများအရ တည်ငြိမ်တည့်မှန်သော ဘတ်ဂျက်တစ်ခု ဖြစ်ရန်အတွက် နောက်ထပ်ဖြည့်စွက် ခွင့်ပြုငွေအား မူလခွင့်ပြုငွေ၏ ၁၀ ရာခိုင်နှုန်းထက် မကျော်သင့်ကြောင်း သိရသဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဖြည့်စွက်တောင်းခံငွေမှာ ၈ ဒသမ ၄၉ ရာခိုင်နှုန်း ဖြစ်သဖြင့် သင့်လျော်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက သုံးသပ်ဖော်ပြထားသည်။

အဆိုပါ ဖြည့်စွက်ငွေများကို ဗဟိုအဖွဲ့အစည်း ခြောက်ခု၊ ၀န်ကြီးဌာန ၃၀ ခု၊ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်း ၁၂ ခု၊ စည်ပင်သာယာရေး ကော်မတီ ၃၃ ခု စုစုပေါင်း အဖွဲ့အစည်း ၅၁ ခုတို့မှ တောင်းခံခြင်း ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကိုသာ တင်သွင်းရန် ဖြစ်သော်လည်း ဘဏ္ဍာရေးနှစ် ကုန်တွင် ဖြစ်ပေါ်လာမည့် အခြေအနေများကို ပြည်ထောင်စု လွှတ်တော်မှ သိရှိနိုင်ရန်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေ(RE) ငွေစာရင်းကို ရောထွေးတင်ပြ ထားသဖြင့် ရှင်းလင်းမြင်သာစွာ တင်ပြသင့်ကြောင်းနှင့် အစိုးရအဖွဲ့ အနေဖြင့် ရန်ပုံငွေ တိုးမြှင့်တောင်းခံ ရခြင်းသည် အမှန်တကယ် မဖြစ်မနေ လိုအပ်သည့်အတွက် တောင်းခံရခြင်း ဖြစ်ကြောင်းကို ပေါ်လွင်အောင် တင်ပြရန် လိုအပ်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက မှတ်ချက်ပြုထားသည်။

ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ ဘဏ္ဍာငွေများကို ထောက်ပံ့ခြင်း၊ ချေးငွေများ ခွင့်ပြုခြင်း ဆောင်ရွက်ရာတွင် တင်ပြထားသည့် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်း အပေါ်တွင် မူတည်၍ ပြုပြင်ပြောင်းလဲ ခွင့်ပြုခြင်းထက် ပိုမိုခိုင်မာသည့် အခြေခံ အချက်များပေါ် မူတည်၍ သတ်မှတ်သင့်ကြောင်းကိုလည်း သဘောထား မှတ်ချက်ပေးထားသည်။