Pages - Menu

Tuesday, January 21, 2014

ဇန်န၀ါရီ ၂၀ ရက် နံနက်အစောပိုင်းက မြောက်ဥက္ကလာပ တရားရုံးတွင် မီးလောင်မှုဖြစ်ပွား၊ အမှုတွဲများထားသိုသောအခန်းမှ စတင်လောင်ကျွမ်းခြင်းဖြစ်၍ အမှုတွဲများအပြင် သက်သေခံပစ္စည်းများပါ ဆုံးရှုံး


သက်မင်း
မီးလောင်ကျွမ်းခဲ့သည့် မြောက်ဥက္ကလာပမြို့နယ် တရားရုံးအား တွေ့ရစဉ်


ဇန်န၀ါရီ ၂၀ ရက် နံနက်အစောပိုင်း ၃ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမှုတွဲများထားသိုသောအခန်းမှစတင်ကာ လောင်ကျွမ်းခဲ့ခြင်းဖြစ်၍ အမှုတွဲများအပြင် သက်သေခံပစ္စည်းများပါ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၂၀ ရက် နံနက် ၃ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် တရားရုံးရှိ ကလေးသူငယ်တရားရုံးနံဘေးခန်းဖြစ်သော ပေ ၂၀ ပတ်လည်ရှိ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်းသော စာကြည့်တိုက်၏ ၀ါယာကြိုးအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု မြောက်ဥက္ကလာပမြို့နယ် မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

မြောက်ဥက္ကလာပမြို့နယ်တရားရုံး မီးလောင်မှုကို မီးသတ်ယာဉ် ၂၇ စီး၊ ကွပ်ကဲမှုယာဉ် ၃ စီး၊ အထောက်အကူပြုယာဉ် ၃ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၀၇ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၇၈ ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရပြီး နံနက် ၃ နာရီ ၁၁ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် တရားရုံးမှ အမှုတွဲများအပါအ၀င် သက်သေခံပစ္စည်းများဖြစ်သော မော်တော်ဆိုင်ကယ်အစီး ၅၀၊ တရားရုံး၏ ပရိဘောဂပစ္စည်းများနှင့် သွပ်မိုးတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး မီးသတ်ဦးစီးဌာနက ပျက်စီးဆုံးရှုံးမှုတန်ဖိုးအဖြစ် ကျပ်ငွေ ၁၈ သိန်း တန်ဖိုးသတ်မှတ်ထားပြီး တရားရုံးညစောင့် နန္ဒထူး အသက်(၂၈)အား မြောက်ဥက္ကလာပရဲစခန်းတွင် (ပ)၄၈/၂၀၁၄ ပြစ်မှုဆိုင်ရာပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ကတော့ ဒီမီးလောင်မှုကို ၀ါယာကြိုးအပူလွန်ကဲတဲ့ မီးလောင်မှုလို့ပဲ ရီပို့တင်ပြီးသွားပါပြီ။ ဒီကိစ္စကို ဆက်လက်ပြီး စုံစမ်းစစ်ဆေးဖို့မရှိတော့ပါဘူး" ဟု မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးအေးကျော်က ပြောကြားသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်အကြောင်း သိရှိနိုင်ရန် မြောက်ဥက္ကလာပမြို့နယ် တရားသူကြီး ဦးခင်မောင်စီအား ဖုန်းဖြင့် ငါးကြိမ်ခန့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း "ကျွန်တော်မအားသေးလို့ပါ" ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

No comments:

Post a Comment