ဇန်န၀ါရီ ၂၅ ရက်တွင် လန်ဒန်ရှိ တရုတ်သံရုံးအပြင်ဘက်၌ ဆန္ဒပြသူများစုဝေးပြီး တရုတ်တွင် ဆင်စွယ်ကုန်သွယ်မှု အဆုံးသတ်ရန် တောင်းဆိုနေကြစဉ်
ရှားပါးတိရစ္ဆာန် မှောင်ခိုကူးမှုကို အရှိန်မြှင့်နှိမ်နင်းရန် အသစ်ပြဋ္ဌာန်းခဲ့သော ဥပဒေအရ ဆင်စွယ်မှောင်ခိုကူးသည့် တရုတ်နိုင်ငံသားတစ်ဦးကို ကင်ညာတရားရုံးက ဇန်န၀ါရီ ၂၈ ရက်တွင် စံချိန်တင်ထောင်ဒဏ် ချမှတ်ခဲ့ရာ ယင်းဥပဒေအရ ပထမဆုံး ထောင်ဒဏ်ချမှတ်ခံရသူ ဖြစ်လာခဲ့သည်။
အသက် ၄၀ ရှိ တန်ယုံကျန်းကို ဒဏ်ငွရှီလင် သန်း ၂၀ (အမေရိကန်ဒေါ်လာ ၂၃၃၀၀၀) ပေးဆောင်ရန် သို့မဟုတ် ထောင်ဒဏ်ခုနစ်နှစ် ကျခံစေရန် တရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်သည်။ သူသည် ပြီးခဲ့သည့် သီတင်းပတ်က မိုဇမ်ဘစ်မှ တရုတ်သို့အပြန် နိုင်ရိုဘီလေဆိပ်တွင် တစ်ထောက်နားစဉ် ခရီးဆောင်အိတ်ထဲမှ အလေးချိန် ၃ ဒသမ ၄ ကီလို (၇ ဒသမ ၅ ပေါင်) ရှိ ဆင်စွယ်တစ်ချောင်း သယ်ယူလာသည်ကို ရှာဖွေတွေ့ရှိမှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ယင်းအတွက် အပြစ်ရှိကြောင်း ၎င်းက၀န်ခံခဲ့ပြီး ယင်းစီရင်ချက်ကို အယူခံဝင်ရန် ၁၄ ရက် အချိန်ရကြောင်း သိရသည်။
နာမည်ကျော် သဘာဝအမျိုးသားဥယျာဉ်များကို ကြီးကြပ်ရသည့် ကင်ညာတောရိုင်းတိရစ္ဆာန် ကာကွယ်ရေးဌာနမှ ပြောခွင့်ရသူက ယခုစီရင်ချက်ကို ကြိုဆိုခဲ့သည်။ ယခင်က တောရိုင်းတိရစ္ဆာန် မှောင်ခိုကူးသူများသည် ပြစ်ဒဏ်လျှော့ပေါ့ခံကြရပြီး ယခုစီရင်ချက်သည် အထင်ကရ စီရင်ထုံးဖြစ်သွားကြောင်း ၎င်းကပြောကြားခဲ့သည်။
ပြီးခဲ့သည့် တစ်လက အသက်ဝင်သည့် ဥပဒေသစ်၌ တောရိုင်းတိရစ္ဆာန်ပစ္စည်းများ တရားမ၀င် သယ်ဆောင်လျှင် အနိမ့်ဆုံးဒဏ်ငွေ ရှီလင်တစ်သန်း သို့မဟုတ် ထောင်ဒဏ်ငါးနှစ် သို့မဟုတ် နှစ်ရပ်လုံး ကျခံရနိုင်ကြောင်း သိရသည်။ အမြင့်ဆုံးအားဖြင့် ရှားပါးတိရစ္ဆာန်ကိုသတ်လျှင် ထောင်ဒဏ်တစ်သက်နှင့် ငွေဒဏ်ရှီလင်သန်း ၂၀ အထိ ကျခံရနိုင်ကြောင်း သိရသည်။
Ref:AFP
No comments:
Post a Comment