Pages - Menu

Friday, January 3, 2014

အီသီယိုးပီးယားတွင် တောင်ဆူဒန်အစိုးရနှင့် သူပုန်များ အပစ်အခတ် ရပ်စဲရေးအတွက် စတင်ဆွေးနွေး




ဒီဇင်ဘာ ၃၁ ရက်တွင် တောင်ဆူဒန်ရှိ Upper Nile ပြည်နယ်၌ လုံခြုံရေးစောင့်ကြပ်နေသော တောင်ဆူဒန် စစ်သားတစ်ဦး (Photo:AFP)


လူထောင်ပေါင်းများစွာ သေဆုံးစေခဲ့သည့် သုံးပတ်နီးပါးကြာ တောင်ဆူဒန် ပြည်တွင်းပဋိပက္ခကို အဆုံးသတ်စေရန် ရည်ရွယ်သော အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲအတွက် တောင်ဆူဒန်အစိုးရနှင့် သူပုန်တို့သည် အီသီယိုးပီးယားမြို့တော် အဒစ်အဘာဘာတွင် ဇန်န၀ါရီ ၁ ရက်က တွေ့ဆုံခဲ့ကြသည်။ ကယ်ဆယ်ရေး လုပ်သားများက တောင်ဆူဒန် ပဋိပက္ခကြောင့် ပြည်သူများ အကျပ်အတည်း ပိုမိုဆိုးရွားလာကြောင်း သတိပေးနေချိန်တွင် အစိုးရနှင့် သူပုန်ဘက်မှ စေ့စပ်ညှိနှိုင်းရေး အဖွဲ့များသည် အဒစ်အဘာဘာရှိ ဟိုတယ်ကြီးတစ်ခုတွင် စုဝေးခဲ့ကြသည်။

ယင်းသို့ နှစ်ဖက်စလုံးက ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ခြင်းမှာ တိုးတက်မှုလက္ခဏာ တစ်ခုဖြစ်သည်ဟု ကုလသမဂ္ဂ အထူးသံတမန် ဟေဒီဂျွန်ဆင်က ပြောကြားခဲ့သည်။ တောင်ဆူဒန်တွင် သီတင်းပတ် သုံးပတ်နီးပါး ကြာမြင့်လာပြီဖြစ်သော အကြမ်းဖက် ပဋိပက္ခကြောင့် လူ ၂၀၀၀၀၀ ခန့် နေအိမ်စွန့်ခွာ ပြေးခဲ့ရသည်။ ယင်းအခြေအနေတွင် ပြန်လည်ရင်ကြားစေ့ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ အရေးတကြီး လိုအပ်နေသည်ဟု ဂျွန်ဆင်က ပြောကြားခဲ့သည်။

တောင်ဆူဒန် အပစ်အခတ်ရပ်စဲရေးအတွက် လုပ်ထုံးလုပ်နည်းများကို စောင့်ကြည့်စစ်ဆေးရာတွင် အာရုံစိုက်မည်ဟု ကြားဝင်စေ့စပ်ပေးနေသည့် အီသီယိုးပီးယား အစိုးရက ကြေညာခဲ့သည်။ တောင်ဆူဒန်အစိုးရနှင့် သူပုန်များသည် ဇန်န၀ါရီ ၂ ရက်တွင် စတင်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သော်လည်း တရားဝင် ဆွေးနွေးညှိနှိုင်းမှုများမှာ ရက်အတန်ကြာ စောင့်ဆိုင်းရဖွယ် ရှိသည်ဟု အီသီယိုးပီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

တောင်ဆူဒန်တွင် ဒုတိယသမ္မတဟောင်း ရိတ်မာခါသည် အာဏာသိမ်းရန် ကြိုးပမ်းနေသည်ဟု သမ္မတဆယ်လ်ဗာကီရာက စွပ်စွဲခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်တွင် အကြမ်းဖက်ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သည်။ ယင်းစွပ်စွဲချက်ကို မာခါက ငြင်းဆန်ခဲ့ပြီး ဆယ်လ်ဗာကီရာသည် အတိုက်အခံများကို အကြမ်းဖက် နှိမ်နင်းနေသည်ဟု တန်ပြန်စွပ်စွဲခဲ့သည်။

ယင်းနောက် နိုင်ငံတစ်ဝန်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရေနံရင်းမြစ် ကြွယ်ဝသည့် နိုင်ငံမြောက်ပိုင်း ဒေသအများအပြားကို သူပုန်များက သိမ်းပိုက်ခဲ့သည်။ ဂျောင်လေးပြည်နယ်မြို့တော် ဘော်ကိုလည်း သူပုန်များက ဒီဇင်ဘာ ၃၁ ရက်တွင် သိမ်းပိုက်ခဲ့ပြီး ယင်းဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

Ref:AFP

No comments:

Post a Comment