Pages - Menu

Thursday, January 16, 2014

ပန်းလှိုင်တံတား အဆင်းနှင့် လှိုင်သာယာတွံတေး လမ်းမပေါ်ရှိ မဖျက်သိမ်းရသေးသော ကျူးကျော်တဲများကို လူအင်အား ၁၀၀၀ ခန့်ဖြင့် ထပ်မံဖျက်သိမ်း

Thursday, January 16, 2014

ဇန်န၀ါရီ ၁၅ ရက် နံနက်ပိုင်းက ကျူးကျော်တဲများအားဖျက်ရန် လာရောက်သည့် ‘တာဝန်’ လက်ပတ် ပတ်ထားသူများအား တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)


ပန်းလှိုင်တံတား အဆင်းနှင့် လှိုင်သာယာတွံတေး လမ်းမပေါ်ရှိ မဖျက်သိမ်းရသေးသော ကျူးကျော်တဲများကို ဇန်န၀ါရီ ၁၅ ရက် နံနက်ပိုင်းက ရဲတပ်ဖွဲ့ဝင်နှင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်အင်အား စုစုပေါင်း ၁၀၀၀ ခန့်ဖြင့် ထပ်မံဖျက်သိမ်းခဲ့ကြကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်အင်အား ၄၀၀ ခန့်နှင့် တွံတေးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ ခေါ်ဆောင်ထားသော လှိုင်သာယာ-တွံတေး လမ်းမပေါ်ရှိ ကျေးရွာများမှ ရွာသား ၆၀၀ ခန့်ပါဝင်ကြောင်း သိရပြီး ယင်းကဲ့သို့ ဖျက်သိမ်းရာတွင် တစ်ဖက်နှင့်တစ်ဖက် အနည်းငယ် အချင်းပွားမှုကြောင့် ဖမ်းဆီးခံရသူများလည်း ရှိခဲ့ကြောင်း ကျူးကျော်သူများ၏ ပြောကြားချက်အရ သိရသည်။

“ဒိုင်းခနဲဆို သေနတ်ပစ်သံတစ်ချက် ကြားလိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က ကြောက်လို့ဝပ်နေရတယ်။ အဲဒီမှာတင်ခုတ် ဟေ့၊ ဖျက်ဟေ့ဆိုပြီး ပါလာတဲ့လူတွေက အိမ်တွေကို ၀င်ဖျက်တော့တာပဲ။ ရဲတွေက ထွက်ပြေးတဲ့သူတွေကို လေးခွနဲ့လှမ်းပစ်တယ်။ စကားများ အချေအတင်ဖြစ်ပြီး နေအိမ်မဖျက်သိမ်းသေးတဲ့ လူတွေကိုတော့ ဖမ်းဆီးထိန်းသိမ်းတာတွေ ရှိပါတယ်။ ဥပဒေအရ လိုက်ဖျက်တယ်ဆိုပေမယ့် ကျွန်တော်တို့က ဘယ်မှာသွားနေရမှာလဲ။ တကယ်ကို ဆင်းရဲသားပပျောက်ရေး ဖြစ်နေပြီ” ဟု ပန်းလှိုင်တံတားအောက်ခြေရှိ ကျူးကျော်အိမ် ဆောက်လုပ်သူတစ်ဦးက ပြောကြားသည်။ ထို့ပြင် ပန်းလှိုင်တံတား အဆင်းရှိ ကျူးကျော်အိမ်ရာများကို လက်ပတ်အနီဖြင့် တာဝန်ဆိုသောသူများက မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။

“သေနတ်ဖောက်တယ်ဆိုတာ မဟုတ်ပါဘူး။ ဒိုင်းတွေကိုရိုက်တော့ မြည်သံထွက်တာပါ။ မီးရှို့တယ်ဆိုတာလည်း ဘယ်စဖျက်တဲ့နေ့က ပြန်သွားတဲ့အိမ်တွေ ရှိသလို မပြန်ရသေးတဲ့ မိသားစုတွေလည်း ရှိနေပါတယ်” မီးရှို့တာတော့ ဘယ်သူတွေရှို့မှန်း မသိပါဘူး” ဟု တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က ပြောကြားသည်။

ယင်းကျူးကျော်အိမ်ရာများသို့ ရှင်းလင်းရာတွင် ဦးဆောင်ခဲ့သည့် တောင်ပိုင်းခရိုင် ဒုတိယရဲမှူးကြီး အေးမြင့်ကြည်က “သေနတ်မဖောက်ပါဘူး။ ၀ါးဆစ်ဘူးတွေခေါက်လို့ အသံမြည်တာပါ။ ရန်တွေဖြစ်လို့ ဆေးရုံရောက်တယ် ဆိုတာလည်း မဟုတ်ပါဘူး” ဟု ပြောကြားသည်။

ယင်းကျူးကျော်အိမ်ရာများကို ဇန်န၀ါရီ ၁၄ ရက် နံနက်အစောပိုင်း ကတည်းက ဖယ်ရှားခဲ့ခြင်းဖြစ်ပြီး ကျူးကျော်နေထိုင်သူများမှာ လက်ရှိအချိန်တွင် နေရာရွှေ့ပြောင်းရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

EMG

No comments:

Post a Comment