ဖေဖော်ဝါရီ ၁၉ ရက် အစောပိုင်းတွင် ကိဗ်မြို့ရှိ လွတ်လပ်ရေးရင်ပြင်၌ ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ်ပွားနေသော အစိုးရဆန့်ကျင် ဆန္ဒပြသူများ (Photo:AFP)
သုံးလကြာမြင့်လာသော ယူကရိန်းနိုင်ငံရေး ပဋိပက္ခ စတင်ပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁၈ ရက်တွင် အဆိုးရွားဆုံး ပဋိပက္ခအတွင်း လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်တွင် မြို့တော်ကိဗ်မြို့လယ်၌ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ နှိမ်နင်းမှုကို ဆန္ဒပြသူများက ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
အရုဏ်ချိန် ကျော်လွန်လာခဲ့ပြီးနောက် မြို့လယ်ရှိ လွတ်လပ်ရေးရင်ပြင်မှ ဆန္ဒပြစခန်းများကို ဖြိုခွင်းရန်ကြိုးပမ်းသော ရဲများအား ဆန္ဒပြသူများက ဓာတ်ဆီပုလင်းဗုံးများဖြင့် ပစ်ခတ်ခဲ့ကြသည်။ ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များက ထောင်နှင့်ချီသော ဆန္ဒပြသူများကို မျက်ရည်ယိုဓာတ်ငွေ့များဖြင့် မိုးရွာချသကဲ့သို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ရင်ပြင်ရှိ ဆန္ဒပြတဲ အများပြားမှာ မီးလောင်ခံရပြီး ပျက်စီးနေပြီဖြစ်ကြောင်း သိရသည်။ ဆန္ဒပြစခန်းများတွင် မီးလောင်ပြီး မီးခိုးလုံးများ မိုးပေါ်သို့တက်နေချိန်တွင် ဒိုင်းများ၊ ဦးထုပ်များ၊ ကိုယ်ခံအင်္ကျီများ ၀တ်ထားသော ရဲများနှင့် ဆန္ဒပြသူများသည် ကမ္ဘာပျက်တစ်ခုတွင် ရင်ဆိုင်နေရသည့်ပုံစံ မျက်နှာချင်းဆိုင်နေကြသည်။
အနောက်နိုင်ငံနှင့် ရုရှားတို့၏ အနာဂတ်မဟာမိတ် ဖြစ်ဖွယ်ရှိသည့် ယူကရိန်းတွင် အကြမ်းဖက်မှု မြင့်တက်နေမှုအတွက် ဥရောပနှင့် အမေရိကန်တို့အတွက် တပ်လှန့်မှုဖြစ်စေခဲ့သည်။ သို့သော် နိုဝင်ဘာတွင် အစိုးရဆန့်ကျင် ဆန္ဒပြမှု စတင်ခဲ့ပြီးနောက်ပိုင်း ဆန္ဒပြသူများအား အပြင်းထန်ဆုံး နှိမ်နင်းမှုကို ရပ်တန့်ရန် တောင်းဆိုမှုများအား ယူကရိန်းသမ္မတ ဗစ်တာယာနူကိုဗစ်က ပယ်ချခဲ့သည်။ ပဋိပက္ခ ပြင်းထန်နေစဉ် နိုင်ငံသို့ မိန့်ခွန်းပြောကြားရာ၌ ယာနူကိုဗစ်က အတိုက်အခံတို့သည် သတ်မှတ်စည်းကို အလွန်အမင်း ကျော်လွန်သွားပြီး မိမိကိုဖြုတ်ချရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။
အာဏာပိုင်များက မြေအောက်ရထား ပြေးဆွဲမှုကို ရပ်ဆိုင်းပြီး မြို့တော်မှလာသော လမ်းကြောင်းများကို ကန့်သတ်ခဲ့သဖြင့် ကိဗ်မှာ ‘ပိတ်ကျသည့် အခြေအနေ’ ကြုံနေရသည်။ ဖေဖော်ဝါရီ ၁၈ ရက်တွင် သမ္မတ ဆန့်ကျင်သူ ၂၀၀၀၀ ၀န်းကျင်က ပါလီမန်အပြင်ဘက်တွင် ရဲတပ်ဖွဲ့နှင့် ပဋိပက္ခဖြစ်ပွားရာမှ အစပြုကာ လမ်းပေါ်တွင် ဆန္ဒပြသူများနှင့် ရဲများအကြား အကြမ်းဖက်ပဋိပက္ခသို့ အသွင်ပြောင်းသွားခဲ့ခြင်းဖြစ်သည်။ ယင်းအကြမ်းဖက် ပဋိပက္ခအတွင်း လူ ၂၅ ဦး သေဆုံးခဲ့ပြီး ၂၄၁ ဦးကို ဆေးရုံတင်ထားရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
Ref:AFP
No comments:
Post a Comment