ဇာမဏီအင်း ရေလှောင်တမံ ဧရိယာထဲတွင် နေထိုင်သည့် ကျူးကျော်အိမ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာနှင့် လက်ယက်စမ်းကျေးရွာအတွင်းရှိ ဇာမဏီအင်း ရေလှောင်တမံ ဧရိယာထဲ၌ နေထိုင်ကြသည့် ကျူးကျော်အိမ် ၂၀၀၀ မှ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့စည်းများထံသို့ နေထိုင်ခွင့် အသနားခံစာကို သက်ဆိုင်ရာအာဏာပိုင် အဖွဲ့စည်းများထံသို့ တတိယအကြိမ်တင်ခဲ့ကြောင်း သိရသည်။
တတိယအကြိမ် နေထိုင်ခွင့် အသနားခံစာကို ဖေဖော်ဝါရီ ၂၅ ရက်တွင် နေပြည်တော်ရှိ သမ္မတရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လယ်/ဆည်ရုံး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တောင်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့စည်းများထံ ပေးပို့ထားကြောင်း သိရသည်။
“အမေတို့အနေနဲ့ ဖျက်သိမ်းခံရရင် တခြားမှာ နေထိုင်ဖို့အတွက် ပိုက်ဆံလည်း မရှိကြဘူး။ အခု ဖျက်သိမ်းမယ်ဆိုပြီး သတိပေးစာတွေ ရောက်လာတော့ နေရထိုင်ရတာ ထိတ်တလန့်နဲ့ စိုးရိမ်သောကတွေ ရောက်နေတယ်။ ကိုယ်တစ်သက်လုံး နေထိုင်ခဲ့တဲ့ နေရာလေးမှာပဲ နေချင်တဲ့အတွက်ရယ် ပြီးတော့အစိုးရအနေနဲ့ ဒီနေရာမှာ လုပ်ငန်းဆောင်ရွက်တာမျိုးလည်း မရှိတဲ့အတွက် ဒီကလူတွေ စုပေါင်းပြီး နေထိုင်ခွင့် အသနားခံစာကို တင်ရတာပါ” ဟု အဆိုပါနေရာတွင် နှစ်ပေါင်း ၄၀ ကျော်ကြာ နေထိုင်နေသည့် အသက် ၆၈ နှစ်အရွယ် အဘွားဒေါ်အေးမြင့်က ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။
အဆိုပါ ရေလှောင်တမံ ဧရိယာသည် မြို့နယ်ဆည်မြောင်းဦးစီးဌာနပိုင် ဖြစ်သည်ဟု သိရပြီး ဧရိယာအကျယ်အ၀န်းမှာ ၁၁၉၇ ဧကအထိရှိကာ မြို့နယ်အုပ်ချုပ်ရေးရုံး အပါအ၀င် ဆည်မြောင်းဦးစီးဌာနမှလည်း ဖေဖော်ဝါရီ ၁၅ ရက် နောက်ဆုံးထားပြောင်းရွှေ့ပေးရန် အမိန့်ထုတ်ပြန်ထားသည်။
ထိုသို့ဖျက်သိမ်းရန် အမိန့်ထုတ်ပြန်ထားသည့်ရက်မှာ ကျော်လွန်နေပြီ ဖြစ်သောကြောင့် ရေလှောင်တမံဧရိယာအတွင်း နေထိုင်သည့် လူဦးရေ ၅၀၀၀ ၀န်းကျင်မှာ အင်အားသုံး ဖယ်ရှားခံရမည်ကို စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းဇာမဏီအင်း ရေလှောင်တမံ ဧရိယာထဲတွင် နေထိုင်သူများ၏ နေထိုင်မှု သက်တမ်းမှာ အနည်းဆုံး ၃ နှစ်မှ နှစ် ၂၀ ကျော်အထိ ရှိခဲ့ပြီး ဖယ်ရှားခံရပါက အခြားသို့ ပြောင်းရွေ့နေထိုင်ရန် ငွေကြေးမရှိခြင်းကြောင့် ဒေသခံများက သက်ဆိုင်ရာသို့ နေထိုင်ခွင့်အသနားခံစာ တင်ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မြေနေရာများမှာ ၁၉၉၄ ခုနှစ်က တမံဆောက်လုပ်ရန်အတွက်ဟုဆိုကာ အစိုးရမှ သိမ်းယူခဲ့ခြင်းဖြစ်ပြီး အသိမ်းခံရသူများထဲမှ မြေနေရာ အစားပြန်မရသူများက မြေကွက်လွတ်များတွင် ပြန်လည်အခြေချနေထိုင်ပြီး မြေကွက်လွတ်များကို ရောင်းချခြင်းများကြောင့် ယခုကဲ့သို့ ကျူးကျော်အရေအတွက် တိုးပွားလာခြင်းဖြစ်ကာ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် ဆည်မြောင်းဦးစီးဌာနက ဖယ်ရှားပေးရန် သုံးကြိမ်အထိ သတိပေး အကြောင်းကြားစာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
EMG
No comments:
Post a Comment