Created on Tuesday, 17 September 2013

ရန်ကုန်မြို့ နန်းသီတာ ဆိပ်ကမ်းသို့ ရောက်ရှိလာသော ရေယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ရန် တရုတ်နိုင်ငံမှ ၀ယ်ယူသည့် သောင်တူးရေယာဉ်များနှင့် အထောက်အကူပြုရေယာဉ် ၁၉ စင်းအား တရုတ်နိုင်ငံ CATIC ကုမ္ပဏီက ပို့ဆောင်ရေး ၀န်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသို့ စက်တင်ဘာ ၁၄ ရက်က လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြန်မာနိုင်ငံရှိ မြစ်ကြီးများတွင် မြစ်ကြောင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်ရန် သောင်တူးရေယာဉ်များနှင့် အထောက်အကူပြု ရေယာဉ်များ စုစုပေါင်း ၁၉ စင်း တည်ဆောက်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ CATIC ကုမ္ပဏီသို့ လုပ်ငန်းအပ်နှံ ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၂ သန်းခန့် ရှိကြောင်း သိရသည်။
CATIC ကုမ္ပဏီက ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှ စတင်တည်ဆောက်ခဲ့ရာ ၂၀၁၃ ခုနှစ် ဇွန်လတွင် တည်ဆောက်ပြီးစီး ခဲ့ခြင်းဖြစ်သည်။ ပထမအသုတ် အနေဖြင့် ၂၀၁၃ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် BBC Amber ရေယာဉ်ဖြင့် သောင်တူးရေယာဉ်နှင့် အထောက်အကူပြု ရေယာဉ် ၁၄ စင်း၊ သြဂုတ် ၂၈ ရက်တွင် သောင်တူးရေယာဉ် နှစ်စင်း၊ အထောက်အကူပြုရေယာဉ် သုံးစင်းနှင့် ရေယာဉ်အပိုပစ္စည်းများ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ CATIC ကုမ္ပဏီသို့ တည်ဆောက်ရန် အပ်နှံခဲ့သည့် သောင်တူးရေယာဉ် အမျိုးအစားများမှာ သောင်ခုတ်သဲစုတ် ရေယာဉ်ငါးစင်း၊ မြေတူးရေယာဉ် နှစ်စင်း၊ တွန်းရေယာဉ် တစ်စင်း၊ ကမ်းထိုးရေယာဉ် တစ်စင်း၊ မြေသယ်ယာဉ် လေးစင်းနှင့် အထောက်အကူပြု ရေယာဉ် ခြောက်စီး စုစုပေါင်း ၁၉ စင်းဖြစ်သည်။
''အခုရေယာဉ်တွေက Working Site တွေမှာ မသုံးရသေးဘူး။ ဒါကြောင့်မို့ တရုတ်နိုင်ငံက ပညာရှင်တွေနဲ့ ရန်ကုန်မြစ်ကြောင်းထဲက သောင်တူးဖို့ လိုအပ်တဲ့ နေရာတွေမှာ အရင်ဆုံးစမ်းသပ်ဦးမယ်။ ရေယာဉ်တွေရဲ့ Standard က သူတို့ပြောတဲ့အတိုင်း ရှိမရှိ အရင်စမ်းသပ် အသုံးပြုရဦးမှာ ဖြစ်ပါတယ်'' ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ပြောကြားခဲ့သည်။
ယခုအသစ်ထပ်မံ ရောက်ရှိလာသော သောင်တူးရေယာဉ်များနှင့် မူလရှိပြီး သောင်တူးရေယာဉ်များ ပေါင်း၍ မြစ်ကြောင်းပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက် သွားမည်ဟု ဆိုပါသည်။
Eleven media group
No comments:
Post a Comment