Pages - Menu

Tuesday, September 17, 2013

ရွှေဂက်(စ်) ဖြင့် ကျောက်ဖြူမြို့ပေါ်နှင့် ကျေးရွာ ၁၃ ရွာအား လျှပ်စစ်မီး စတင်ပေး

 Created on Tuesday, 17 September 2013




ကျောက်ဖြူမြို့တွင် ဓာတ်အားပေးနိုင်ရန်အတွက် ထရန်စဖော်မာများ တပ်ဆင်နေစဉ်

ရွှေဂက်(စ်)ဖြင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်နှင့် ကျေးရွာ ၁၃ ရွာတို့အား စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ လျှပ်စစ်မီး ပေးနေပြီ ဖြစ်ကြောင်း ကျောက်ဖြူမြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ သတင်းရရှိသည်။

ယင်းသို့ လျှပ်စစ်မီးသုံးစွဲခ နှုန်းထားကို သတ်မှတ်ရာတွင် အထွေထွေ စီးပွားရေး လုပ်ငန်းသုံးအတွက် တစ်ယူနစ်လျှင် ၇၅ ကျပ်နှုန်း ကောက်ခံမည်ဖြစ်ပြီး အထွေထွေ အိမ်သုံးအတွက် တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်းဖြင့် သတ်မှတ်ကောက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။ ရွှေဂက်(စ်)ဖြင့် ကျောက်ဖြူတစ်မြို့လုံး သာမက စီမံကိန်းပါ အနီးအနားကျေးရွာ ၂၁ ရွာသို့ပါလည်း မီးပေးရန် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ပြီးစီး နေပြီဖြစ်သော်လည်း ကျေးရွာ ၁၃ ရွာကို စတင်မီးပေးခြင်း ဖြစ်ကြောင်း သိရသည်။

ယခင်က ကျောက်ဖြူမြို့တွင် မီတာ အလုံးပေါင်း ၃၈၀၀ ခန့် ရှိသော်လည်း မီတာခ ၃၅ ကျပ်နှုန်းဖြင် လျှပ်စစ်မီး ဖြန့်ဖြူးပေးမည်ဟု သတင်းထွက်ပေါ်ပြီးနောက် လာရောက် မီတာလျှောက်ထားသူ များပြားနေပြီး မီတာအလုံးပေါင်း ၂၅၀၀ ခန့် လျှောက်ထားမှု ရှိနေကြောင်းနှင့် ဆက်လက်မီတာ လျှောက်ထားသူ များပြားဖွယ် ရှိကြောင်းလည်း သိရသည်။

ကျောက်ဖြူမြို့တွင် ယခင်က ထရန်စဖော်မာ ငါးလုံးသာ တပ်ဆင်ထားရှိသော်လည်း ယခုအခါ ထရန်စဖော်မာ ၁၇ လုံးအထိ တိုးချဲ့တပ်ဆင် ထားရှိပြီးဖြစ်ကာ မီတာလုံးရေ ၃၈၀၀ တပ်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှရရှိသည့် ညသဘာဝဓာတ်ငွေ့များကို အသုံးပြုပြီး၊ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး၊ ကျောက်ဖြူဒေသအတွင်း အကောင်အထည်ဖော်မည့် အထူးစက်မှုဇုန်များ ရေနက်ဆိပ်ကမ်း စီမံကိန်း လုပ်ငန်းများသို့ ဖြန့်ဝေပေးနိုင်မည် ဖြစ်ကြောင်း သိရပြီး ထိုသို့ပေးနိုင်ရန် ဂက်စ်တာဘိုင် စက်ကြီးများ တည်ဆောက်ရန်အတွက် နှစ်နှစ်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။


Eleven media group

No comments:

Post a Comment