
Created on Wednesday, 16 October 2013
အစ္စရေး ပါလီမန်တွင် အောက်တိုဘာ ၁၄ ရက်က မိန့်ခွန်းပြောကြားနေသော အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန်နေတန်ယာဟု (၀ဲဘက်တတိယမြောက်) (Photo:AFP)
အီရန်ကို ပိတ်ဆို့မှုများ လျှော့ပေါ့ပေးရန် စဉ်းစားလျက် တစ်စိတ်တစ်ပိုင်း သဘောတူညီမှု ရယူခြင်းမျိုး မပြုလုပ်ရန် အစ္စရေးက ကမ္ဘာ့နိုင်ငံများကို အောက်တိုဘာ ၁၅ ရက်တွင် တောင်းဆိုခဲ့သည်။ အီရန်နှင့် နျူကလီးယား ဆွေးနွေးပွဲအသစ် မစတင်မီ နာရီပိုင်း အလိုတွင် အစ္စရေးက ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။ အောက်တိုဘာ ၁၄ ရက် နှောင်းပိုင်းတွင် ပြုလုပ်သော အစည်းအဝေးပြီးနောက် အစ္စရေး လုံခြုံရေးဆိုင်ရာ ကက်ဘိနက်အဖွဲ့က အီရန်နှင့် တစ်စိတ်တစ်ပိုင်း သဘောတူညီမှု ရယူခြင်းသည် အီရန်စစ်ဘက်ဆိုင်ရာ နျူကလီးယား အစီအစဉ်ကို အပြီးသတ်ဖျက်သိမ်းနိုင်မှုအား ပျက်ပြားစေမည်ဖြစ်ကြောင်း၊ ၎င်းတို့အပေါ် ပိတ်ဆို့မှုများကို ပျက်ပြယ်သွားစေ လိမ့်မည်ဖြစ်ကြောင်း နိုင်ငံတကာ အသိုင်းအ၀ိုင်းအား ထုတ်ပြန်ကြေညာခဲ့သည်။
P5+1 ဟုခေါ်သော အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ ရုရှား၊ ဂျာမနီတို့နှင့် အီရန်သည် ဂျီနီဗာမြို့တွင် အောက်တိုဘာ ၁၅ ရက်၌ နှစ်ရက်ကြာ တံခါးပိတ် ဆွေးနွေးပွဲ စတင်ရန် စီစဉ်ထားသည်။ အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက မကြာသေးခင် ရက်များအတွင်း အီရန်သမ္မတ ဟက်ဆန်ရိုဟာနီကို အလျှော့ပေးမှုများ မပြုလုပ်ရန် မီဒီယာမှတစ်ဆင့် သတိပေးမှု စတင်ပြုလုပ်ခဲ့သည်။ ရိုဟာနီ၏ ပြေငြိမ်းလိုသည့် လေသံကြောင့် ဆယ်စုနှစ်ချီ အငြင်းပွားနေသည့် အီရန်နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ အောင်မြင်သော ဖြေရှင်းချက် ရရှိမည်ဟု မျှော်လင့်ချက် ရှိလာခဲ့သည်။
အစ္စရေး လုံခြုံရေး ကက်ဘိနက်အဖွဲ့၏ ကြေညာချက်တွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများအား အီရန်နှင့် စေ့စပ်ညှိနှိုင်းရာ၌ သတိထားရန် ပန်ကြားခဲ့သည်။ "အီရန်က သူ့အနေနဲ့ နျူကလီးယားလက်နက် ဖွံ့ဖြိုးလာရေး လမ်းကြောင်းကို သိသိသာသာ ထိခိုက်မှု မရှိစေမယ့် တိုးသာဆုတ်သာ အလျှော့ပေးမှုမျိုးတွေ ပြုလုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ သူရဲ့ အလျှော့ပေးမှုတွေကို သီတင်းပတ် အနည်းငယ်အတွင်း ပြောင်းပြန်ပြန်လုပ်နိုင်မယ့် အနေအထားမျိုးနဲ့ပါ။ ဒီအတွက် အပေးအယူ အနေနဲ့ အီရန်က သူ့အပေါ် ချမှတ်ထားတာ နှစ်အတန် ကြာခဲ့ပြီဖြစ်တဲ့ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ တောင်းဆိုပါလိမ့်မယ်" ဟု ထုတ်ပြန်မှုတွင် ပါရှိသည်။
အစ္စရေး လုံခြုံရေး ကက်ဘိနက်အဖွဲ့က အီရန်အနေဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်ရေး အစီအစဉ် ဖွံ့ဖြိုးလာနိုင်စွမ်းရှိသည့် မည်သည့်သဘောတူညီချက် မျိုးကိုမှ မပြုလုပ်ရန် သတိပေးခဲ့သည်။
Ref:AFP
No comments:
Post a Comment