
ဖိလစ်ပိုင်နိုင်ငံ ဘိုဟောပြည်နယ်တွင် အောက်တိုဘာ ၁၅ ရက်က ငလျင်လှုပ်ပြီးနောက် ပျက်စီးခဲ့သော ဘုရားကျောင်းအနီး လမ်းလျှောက်နေသူများ
ဖိလစ်ပိုင်နိုင်ငံရှိ ကမ္ဘာလှည့် ခရီးသွား ဆွဲဆောင်ရာတွင် အကျော်ကြားဆုံး ကျွန်းသုံးကျွန်း၌ အောက်တိုဘာ ၁၅ ရက်က ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၇၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
သေဆုံးသူများအနက် ၅၇ ဦးမှာ ကမ်းခြေများ လှပမှုအတွက် ကျော်ကြားသည့် ဘိုဟောကျွန်းမှဖြစ်ပြီး ၁၅ ဦးမှာ ဆီဘူးမြို့မှ ဖြစ်သည်။ ဆီဘူးမြို့သည် ဖိလစ်ပိုင်နိုင်ငံ၏ စီပွားရေးနှင့် ကုန်သွယ်ရေးအတွက် ဒုတိယ အရေးပါဆုံး မြို့ဖြစ်ပြီး နိုင်ငံတွင်းရှိ အလှပဆုံး ကမ်းခြေများသို့သွားရန် ထွက်ပေါက်တစ်ခုလည်း ဖြစ်သည်။
ငလျင်သည် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၂ မိနစ်တွင် ဘိုဟောပြည်နယ်၊ ဘာလီလီဟန် ဒေသ၏ အရှေ့ဘက် ငါးကီလိုမီတာ (သုံးမိုင်) အကွာ၌ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ငလျင်သည် မြေအောက်အနက် ကီလိုမီတာ ၂၀ (၁၂ မိုင်) သို့ ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ငလျင်ဒဏ်ကြောင့် ခရစ်ယာန် ဘုရားကျောင်းဟောင်းများ၊ တက္ကသိုလ်တစ်ခု အပါအ၀င် အဆောက်အအုံသစ်များ ပြိုကျနေပုံ၊ အဓိကလမ်းများ ကွဲအက်သွားပုံတို့ကို မီဒီယာများတွင် ဖော်ပြခဲ့သည်။ ဆီဘူးမြို့ရှိ အဓိက ဆေးရုံများသို့လည်း လူနာအများအပြား ရောက်ရှိလာခဲ့သည်။ ငလျင်ကြောင့် ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်သွားသောကြောင့် အာဏာပိုင်များသည် ငလျင်ဒဏ်သင့် ဒေသများသို့ ဆက်သွယ်ရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ငလျင်ဗဟိုချက်သည် မနီလာမြို့တော်မှ ၆၂၉ ကီလိုမီတာ အကွာတွင်ဖြစ်ပြီး ငလျင်လှုပ်ခတ် ခဲ့ပြီးနောက် ပြင်းအား ၅ အဆင့်နှင့် အထက်ရှိသည့် နောက်ဆက်တွဲ ငလျင်လေးခု ထပ်မံလှုပ်ခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၁၅ ရက်က လှုပ်ခတ်ခဲ့သော ငလျင်၏ ပြင်းအားကို ၇ ဒသမ ၂ အဆင့်ရှိကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာရေး အဖွဲ့မှ ထုတ်ပြန်ခဲ့ပြီး မကြာမီတွင် ၇ ဒသမ ၁ အဆင့်သာရှိကြောင်း ပြောင်းလဲထုတ်ပြန်ခဲ့သည်။ ပစိဖိတ် သမုဒ္ဒရာ အတွင်း၌ ဆူနာမီလှိုင်း ဖြစ်ပေါ်လာခြေ ရှိသည်ဟု ပစိဖိတ် ဆူနာမီ သတိပေးဌာနမှ မထုတ်ပြန်ခဲ့ပေ။
ပစိဖိတ် မီးဝိုင်းဟု ခေါ်သောနေရာတွင် ရှိနေသည့် ဖိလစ်ပိုင်ကျွန်းစု နိုင်ငံတွင် ငလျင်များ၊ မီးတောင်ပေါက်ကွဲမှုများ မကြာခဏ ဖြစ်လေ့ရှိသည်။ ယမန်နှစ် ဖေဖော်ဝါရီလက နီဂရိုးကျွန်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့သည်။ ဖိလစ်ပိုင် နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် လူသေဆုံးမှု အများဆုံး ငလျင်သည် ပြင်းအား ၇ ဒသမ ၉ အဆင့်ရှိပြီး ၁၉၇၆ ခုနှစ်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ သေဆုံးသူ ၅၀၀၀ မှ ၈၀၀၀ အတွင်း ရှိခဲ့သည်။
Ref:AFP
No comments:
Post a Comment