
အီရတ်မြောက်ပိုင်း ကာ့ဒ်ဒေသမြို့တော် အာဘီအရှေ့ဘက်ရှိ ကူရူဂူဆက် ဒုက္ခသည်စခန်းကို အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ် (Photo:AFP)
ဆီးရီးယားတွင် တိုက်ပွဲဆင်နွှဲနေသော အဖွဲ့များနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများသည် ဆီးရီးယား အရပ်သားများအတွက် လိုအပ်သောအ ကူအညီများ ပေးခြင်းကို ဓာတုလက်နက်ကိစ္စ ကိုင်တွယ်ဖြေရှင်းခြင်းကဲ့သို့ အရေးပေါ် ဦးစားပေးအဖြစ် ဆောင်ရွက်ရန် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က အောက်တိုဘာ ၁၅ ရက်တွင် တောင်းဆိုခဲ့သည်။
ကမ္ဘာ့ဓာတုလက်နက် ဖျက်ဆီးမှုများအတွက် ဓာတုလက်နက် တားဆီးရေးအဖွဲ့ (OPCW) က ငြိမ်းချမ်းရေး နိုဗယ်ဆု ရရှိပြီးနောက် လေးရက်အကြာတွင် ယင်းတောင်းဆိုချက် ထွက်ရှိခဲ့ခြင်း ဖြစ်သည်။
သမ္မတ ဘာရှာအယ်လ်အာဆတ် အစိုးရ၏ ပိတ်ဆို့မှုကြောင့် သို့မဟုတ် တိုက်ပွဲပြင်းထန်မှုကြောင့် ဆီးရီးယားဒေသ အများအပြားကို လူသားချင်း စာနာထောက်ထားမှု အဖွဲ့များမှ ၀န်ထမ်းများ ၀င်ရောက်ခွင့် မရကြကြောင်း MSF က ထုတ်ပြန်ခဲ့သည်။
ဒမတ်စကတ် ဆင်ခြေဖုံး အရပ်များဖြစ်သော အရှေ့ဂိုတာနှင့် အနောက်ဂိုတာတို့ကို OPCW မှ စစ်ဆေးရေး ကျွမ်းကျင်သူများ ၀င်ရောက်ခွင့် ရသော်လည်း MSF မှ ၀န်ထမ်းများ ၀င်ရောက်ခွင့် မရသဖြင့် ဆေးဝါးပြတ်လပ်မှုများ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပြီး စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် အာဟာရ ပြတ်လပ်မှုများ ဖြစ်ပ်ါနေကြောင်း MSF က ထောက်ပြခဲ့သည်။
နှစ်နှစ်ခွဲကြာ ဆီးရီးယား ပြည်တွင်းစစ်အတွင်း နိုင်ငံသားငါးသန်း နေရပ်ကို စွန့်ခွာခဲ့ကြရသည်။ ဆီးရီးယား အစိုးရသည် လူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းများအတွက် ဗီဇာအရေအတွက်ကို လျှော့ချလာပြီး အတိုက်အခံများ ထိန်းချုပ်ထားသော ဒေသများသို့ အကူအညီ ပေးမှုများကို တင်းကျပ်လာကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။
ဆီးရီးယားမြောက်ပိုင်းတွင် ယခုသီတင်းပတ်အတွင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့မှ ၀န်ထမ်းခုနစ်ဦး ပြန်ပေးဆွဲခံခဲ့ရပြီး အောက်တိုဘာ ၁၄ ရက်တွင် လေးဦးပြန်လည် လွတ်မြောက်ခဲ့သည်။ ယင်းပြန်ပေးဆွဲမှုက ဆီးရီးယားတွင် လူသားချင်း စာနာထောက်ထားမှုရေးရာ အဖွဲ့အစည်းများ ရင်ဆိုင်နေရသော အန္တရာယ် အခြေအနေများကို မီးမောင်းထိုးပြခဲ့သည်။
Ref:AFP
No comments:
Post a Comment