Friday, January 10, 2014ဝေယံဖြိုးဦး

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအား နိုဝင်ဘာအတွင်းက တွေ့ရစဉ်
လွှတ်တော်သို့ တင်သွင်းမည့် ဘတ်ဂျက် ဥပဒေကြမ်းအရ လာမည့် ဘဏ္ဍာနှစ်တွင် နိုင်ငံတော်၏ ဘတ်ဂျက်လိုငွေ ကျပ်ဘီလျံ ၂၇၀၀ ကျော် ရှိလာမည် ဖြစ်သော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ နှစ်ဆကျော် ပိုမိုထောက်ပံ့မည်ဟု သိရသည်။
ဇန်န၀ါရီ ၁၃ ရက်တွင် စတင်မည့် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းမည့် ဘတ်ဂျက် ဥပဒေကြမ်းများအရ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ပြည်ထောင်စု၏ ရငွေများ တိုးလာသကဲ့သို့ သုံးစွဲငွေများလည်း တိုးတက်လာကြောင်း၊ ပြည်ပအကူအညီ ရရှိငွေနှင့် ပြည်ပချေးငွေများ တစ်နှစ်ထက်တစ်နှစ် တိုးတက်ရရှိလာကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ ထောက်ပံ့ဖြည့်ဆည်း ပေးခြင်းကို ပိုမိုတိုးမြှင့် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ဘတ်ဂျက်ဥပဒေကြမ်းပါ စိစစ်ပြီး စာရင်းများအရ ပြည်ထောင်စု၏ စုစုပေါင်းရငွေမှာ ကျပ် ၁၆၅၄၄ ဒသမ ၆၄၇ ဘီလျံ၊ စုစုပေါင်း သုံးငွေမှာ ကျပ် ၁၉၂၉၅ ဒသမ ၂၉၂ ဘီလျံဖြစ်၍ လိုငွေကျပ် ၂၇၅၀ ဒသမ ၆၄၅ ဘီလျံ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယခုနှစ်အတွက် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၏ လိုငွေအတွက် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ ကျပ် ၁၄၂၁ ဒသမ ၇၃၇ ဘီလျံထောက်ပံ့ ပေးမည်ဖြစ်ပြီး ကျပ် ၂၅ ဒသမ ၅၁၇ ဘီလျံကို ချေးငွေအဖြစ် ခွင့်ပြုပေးမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၄-၂၀၁၅ ခုနှစ် တစ်မျိုးသားလုံး၏ စုစုပေါင်းပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုး(ဂျီဒီပီ)သည် ကျပ် ၆၆၁၈၇ ဒသမ ၁၁၉ ဘီလျံဖြစ်သည့် အတွက် လိုငွေနှင့် ဂျီဒီပီအချိုးသည် ၄ ဒသမ ၁၆ ရာခိုင်နှုန်းရှိမည် ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လိုငွေအတွက် ထောက်ပံ့ပေးငွေသည် ကျပ် ၁၄၂၁ ဒသမ ၇၃၇ ဘီလျံဖြစ်ပြီး ယခင်နှစ်က ထောက်ပံ့ငွေကျပ် ၆၂၆ ဒသမ ၃၃၃ ဘီလျံနှင့် နှိုင်းယှဉ်ပါက နှစ်ဆကျော် ပိုမိုထောက်ပံ့ရန် ဖြစ်ကြောင်း သိရသည်။
ပညာရေး အသုံးစရိတ် အနေဖြင့် ယခင်နှစ်က စုစုပေါင်း အသုံးစရိတ်တွင် ပါဝင်မှုအချိုး ၅ ဒသမ ၄၃ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခု နှစ်တွင် ၅ ဒသမ ၉၂ ရာခိုင်နှုန်းသို့ လည်းကောင်း တိုးမြှင့်သုံးစွဲရန် ရှိကြောင်း၊ လာမည့်နှစ်တွင် အခြေခံပညာ အလယ်တန်းကိုလည်း အခမဲ့ပညာ သင်ကြားခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေး အသုံးစရိတ် အနေဖြင့် ယခင်နှစ်က စုစုပေါင်း အသုံးစရိတ်တွင် ပါဝင်မှု အချိုး ၃ ဒသမ ၁၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၃ ဒသမ ၃၈ ရာခိုင်နှုန်းသို့ လည်းကောင်း တိုးမြှင့်သုံးစွဲရန် လျာထားကြောင်း သိရသည်။
လာမည့်ဘဏ္ဍာရေး နှစ်အတွင်း မမျှော်လင့်သော သဘာဝဘေး အန္တရာယ်များ၊ မဖြစ်မနေ သုံးစွဲရန်လိုအပ်သည့် အသုံးစရိတ်များ၊ ငွေစာရင်း ခေါင်းစဉ်လွှဲပြောင်း သုံးစွဲရန် မဖြစ်နိုင်သည့် အသုံးစရိတ်များအတွက် သီးသန့်ရန်ပုံငွေအဖြစ် ကျပ်ဘီလျံ ၁၀၀ ကိုလည်း ယခင်နှစ်အတိုင်း လျာထားကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်က “လာမယ့်နှစ် အစိုးရရဲ့အသုံးစရိတ်က ဒီနှစ်ထက် ပိုများလာမယ်လို့ ခန့်မှန်းပါတယ်။ ဒီနှစ်မှာ အစိုးရရဲ့ ၀င်ငွေလည်း ပိုကောင်းလာတယ်။ အာဆီယံထိပ်သီး အစည်းအဝေးရှိတယ်။ အဲဒီအတွက် ဘတ်ဂျက်က ပိုများမယ်။ နောက်တစ်ချက်က ရငွေနဲ့ အခွန်ရငွေလည်း တိုးလာတဲ့အတွက် ဖြစ်ပါတယ်။ ဒီနှစ်မှာ အခွန်ရငွေတွေလည်း တိုးလာပါတယ်။ တိုးလာတဲ့ အခွန်ရငွေ အသေးစိတ်ကတော့ ဘဏ္ဍာရေးက တင်ပြမှ လွှတ်တော်မှာ ဆွေးနွေးမှာပါ” ဟု ပြောကြားသည်။
EMG