Showing posts with label KNU. Show all posts
Showing posts with label KNU. Show all posts

Thursday, October 31, 2013

လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲ၌ နိုင်ငံရေး ဆွေးနွေးမှု မပြုလုပ်မီ အပစ်ရပ်ကိစ္စကို ဦးစွာဆွေးနွေးခြင်း အစီအစဉ်အား RCSS၊ KNU ကန့်ကွက်

 Thursday, 31 October 2013


ဦးဟန်ညောင်ဝေ ဆွေးနွေးနေစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာ ထိပ်သီး ဆွေးနွေးပွဲ အစီအစဉ်၌ နိုင်ငံရေး ဆွေးနွေးမှု မပြုလုပ်မီ အပစ်ရပ်ကိစ္စကို ဦးစွာဆွေးနွေးရန် အစီအစဉ် ချမှတ်ခဲ့ခြင်းအား ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တို့က ကန့်ကွက်ခဲ့ကြသည်။

မူလက ရေးဆွဲထားသည့် ဆွေးနွေးပွဲ အစီအစဉ်တွင် အစီအစဉ် အမှတ်စဉ်(၁၁)၌ တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး (က) အဖွဲ့လိုက် အမြင်သဘောထားများ သုံးသပ် တင်ပြခြင်း၊ (ခ) UNFC မှ ချမှတ်ထားသော ဘုံသဘောထားအပေါ် ရှင်းလင်းတင်ပြခြင်း၊ သုံးသပ်ခြင်း၊ (ဂ) အစိုးရမှ ပေးပို့ထားသော လက်မှတ်ရေးထိုးရန် သဘောထား မူကြမ်းအပေါ် သုံးသပ်ခြင်း၊ (ဃ) သဘောထား ဆုံးဖြတ်ခြင်း။ အစီအစဉ် အမှတ်စဉ် (၁၂) ၌ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကိစ္စ KNU နှင့် RCSS ကိုယ်စားလှယ်များ အစိုးရ ကိုယ်စားလှယ်နှင့် ဆွေးနွေးထားသည့်အပေါ် ရှင်းလင်းတင်ပြခြင်း၊ အစီအစဉ် အမှတ်စဉ်(၁၃)၌ နိုင်ငံရေး ဆွေးနွေးရေးကိစ္စ အခြေခံ သဘောထား ချမှတ်ခြင်းတို့ ဖြစ်ကြပြီး ထိုအစီအစဉ်များသည် ရှေ့နောက်မညီသဖြင့် ပြင်ဆင်ပေးရန် RCSS နှင့် KNU တို့က ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

အခမ်းအနား မစတင်မီ အချိန်တွင် အခမ်းအနားမှူး နိုင်ဟံသာက အစီအစဉ်များနှင့် ပတ်သက်ပြီး ပြင်ဆင်လိုသည်များရှိပါက ပြင်ဆင်ရန် ဖိတ်ခေါ်ပြီးနောက် RCSS ၏ အကြံပေးအနေဖြင့် လိုက်ပါလာသော ဦးဟန်ညောင်ဝေက စတင် ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

"နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကိစ္စ KUN နှင့် RCSS ကိုယ်စားလှယ်များ အစိုးရ ကိုယ်စားလှယ်နှင့် ဆွေးနွေးသည့်အပေါ် ရှင်းလင်းတင်ပြခြင်း။ ဒီ ၁၁ နဲ့ ၁၂ ကို ခွဲလို့ မရဘူးထင်တယ်လို့ ကျွန်တော်က တင်ပြချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က အပစ်အခတ် ရပ်စဲရေးကိစ္စပဲ ဆွေးနွေးမှာ မဟုတ်ဘူး။ နိုင်ငံရေး ဆွေးနွေးဖို့ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲတာဟာ နိုင်ငံရေး ဆွေးနွေးနိုင်ဖို့သာ တစ်ဆင့်ဖြစ်ပါတယ်။ ဒီနှစ်ခုကို ခွဲပြီး ဆွေးနွေးလို့တော့ အဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော်မြင်ပါတယ်။ နောက်ထပ် နံပါတ် ၁၁၊ က၊ ခ၊ ဃ မှာ သဘောထား ဆုံးဖြတ်ချက် ချမှတ်ခြင်းဆိုတဲ့ နေရာမှာ ကျွန်တော်တို့က နိုင်ငံရေး ဆွေးနွေးပွဲကိစ္စ ကျေကျေလည်လည် မဆွေးနွေးသေးဘဲနဲ့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးမယ်။ ပြီးတော့မှ ဆုံးဖြတ်ချက် ချလိုက်မယ်ဆိုရင်တော့ အစီအစဉ် ပြောင်းပြန်ဖြစ်နေမလားလို့ ကျွန်တော်မြင်ပါတယ်။ ဆုံးဖြတ်ချက် ချမယ်ဆိုတဲ့နေရာမှာလည်း နံပါတ် ၁၃ နောက်မှာမှ ဆုံးဖြတ်ချက်ချတာ ပိုအဆင်ပြေမယ် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေး ဆွေးနွေးပွဲကိစ္စ ကျွန်တော်တို့ အချင်းချင်းကြား မသိဘဲနဲ့ ဘာဆုံးဖြတ်ချက်ချမလဲဆိုတာ ကျွန်တော်မေးချင်ပါတယ်"ဟု ဦးဟန်ညောင်ဝေက ဆိုသည်။

ဦးဟန်ညောင်ဝေ၏ ပြောကြားချက်ကို KNU ၏ အကြံပေးအရာရှိ ဗိုလ်မှူးကြီး တူးတူးလေးက ထောက်ခံဆွေးနွေးခဲ့ပြီး နိုင်ငံရေးပြဿနာ ဖြေရှင်းရေးကို ဦးစားပေး ဆွေးနွေးသင့်သည်ဟု ပြောကြားသည်။

"လက်နက်ကိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ ယာယီအပစ်အခတ်ပဲ ရပ်စဲ ရပ်စဲ၊ တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ပဲ ရပ်စဲ ရပ်စဲ ဒါတွေဟာ ဒုတိယ ကဏ္ဍတစ်ခုအနေနဲ့ ဖြစ်နေပါတယ်။ နိုင်ငံရေးကိစ္စကို ဘယ်လို ဆွေးနွေးမယ်ဆိုတာကို ကျွန်တော်တို့ တိတိကျကျ သတ်မှတ်ချက်မရှိဘဲနဲ့ အဲဒီအပေါ်မှာ အခြေခံမထားဘဲနဲ့ ကျွန်တော်တို့ ဆက်လက်ပြီးတော့ သွားနိုင်ဖို့ကတော့ အခက်အခဲ အများကြီးရှိပါမယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အဖွဲ့အစည်းအားလုံးရဲ့ခံယူချက်ဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ဆိုတာ အဓိက ဘယ်လိုဖြေရှင်းမယ်ဆိုတာက အရင်ဆုံး ဆွေးနွေးသင့်တယ်လို့ ကျွန်တော်ကတော့ ထပ်လောင်း တင်ပြလိုပါတယ်"ဟု ဗိုလ်မှူးကြီး တူးတူးလေးက ဆိုသည်။

"အပစ်အခတ် ရပ်စဲရေးနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို ခွဲလိုက်မယ်ဆိုလို့ရှိရင် ဒီလိုခွဲခြင်းအားဖြင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို အနှောင့်အယှက်ပဲဖြစ်ဖြစ် အခက်အခဲပဲဖြစ်ဖြစ် ရှိလာမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်က ထိရောက်မှု မရှိရုံသာမကဘဲနဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းဖို့အတွက် အတားအဆီးဖြစ်နိုင်စရာ ရှိတယ်ဆိုတဲ့အကြောင်း၊ နိုင်ငံရေးပြဿနာ ဖြေရှင်းရေးကို အရင်ဆုံး စဉ်းစားသင့်တယ်" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထို့နောက် RCSS ၏ အကြံပေးပုဂ္ဂိုလ် ဦးခွန်ဆိုင်းက ဦးဟန်ညောင်ဝေနှင့် ဗိုလ်မှူးကြီး တူးတူးလေးတို့၏ တင်ပြချက်ကို ဖြည့်စွက် ပြောကြားသည်။

"ကျွန်တော်မြင်တာကတော့ ဘယ်လိုလဲဆိုတော့ အခုကျွန်တော်တို့ အစိုးရအနေနဲ့ အပစ်အခတ် ရပ်စဲရေးကို ကမ်းလှမ်းလာတယ်။ ဘယ်ကနေစလဲဆိုတော့ ကျွန်တော်တို့ UNFC တို့ UNFCထဲမှာ မပါတဲ့ အဖွဲ့ဝင် မဟုတ်တာတို့ ပူးပေါင်းပြီးတော့ ရေးဆွဲထားတဲ့ Comprehensive Union Peace and Ceasefire Agreement မူကြမ်းကို ကျွန်တော်တို့ ဆွဲထားပါတယ်။ ဧပြီလမှာ ပြီးပါတယ်။ အဲဒီမူကြမ်းကို အစိုးရဘက်ကို တင်ပြတဲ့ အခါကျတော့ အစိုးရဘက်ကနေပြီးတော့ သူတို့အနေနဲ့တော့ မြင်တယ်။ အကောင်းမြင်ပါတယ်။ သို့သော်လည်းပဲ အစိုးရအတွင်းမှာ တစ်စုံလုံးကို တင်ပြဖို့ အခက်အခဲရှိတယ်။ အပိုင်းခွဲပြီးတော့ တင်ပြချင်တယ်။ အဲဒါနဲ့ ကျွန်တော်တို့ရဲ့မူကြမ်းကို နှစ်ခြမ်းခွဲလိုက်ပြီးတော့မှ အပစ်အခတ် ရပ်စဲရေးက တစ်ခြမ်း၊ နောက်ပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲဆိုတာ နောက်ထပ် တစ်ခြမ်း ဖြစ်သွားပါတယ်။ အဲဒီတော့ ကျွန်တော်ထင်တာက ပထမဦးဆုံးက ကျွန်တော်တို့ နိုင်ငံရေး အခြေအနေတစ်ရပ်ကို ကျွန်တော်တို့ တင်ပြချက်က ဘယ်လိုရှိသလဲဆိုတာ အရင်ရှင်းလင်း တင်ပြထားပြီးတော့မှ အပစ်အခတ် ရပ်စဲရေးအကြောင်းကို ဆက်ဆွေးနွေးမယ်ဆိုရင် ပိုပြီးတော့မှ အဆင်ပြေမယ်။ ပိုပြီးတော့ ထိရောက်မယ်။ ကျွန်တော်တို့ ဆွေးနွေးချက်ကလည်း မှန်ကန်နိုင်မယ်လို့ ထင်ပါတယ်"ဟု ဦးခွန်ဆိုင်းက ဆိုသည်။

ထို့နောက် ၎င်းတို့၏ ဆွေးနွေးချက်များကို ကွန်ဖရင့်ကျင်းပရေး ဦးဆောင်အဖွဲ့ကိုယ်စား ဦးနိုင်ဟံသာ ညှိနှိုင်းခဲ့ပြီး အခမ်းအနား အစီအစဉ်(၁၂)ကို (၁၁) သို့ လည်းကောင်း ပြောင်းလဲ သတ်မှတ်ပေးခဲ့သည်။

RCSS သည် UNFC အဖွဲ့ဝင် မဟုတ်ဘဲ WGEC အဖွဲ့ဖြစ်သည့်အပြင် RCSS ၏ အကြံပေးအဖြစ် လိုင်ဇာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဦးဟန်ညောင်ဝေမှာ Euro-Burma Office (EBO) အဖွဲ့၏ ဒါရိုက်တာ ဖြစ်သည်။

EMG

Monday, October 21, 2013

ဗုံးဖောက်ခွဲသူများသည် KNU အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်ဖြစ်ပြီး ထိုသူများကို နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းသူများရှိကာ ရွှေတိဂုံစေတီ၌ ဖောက်ခွဲရန်ပါ ကြံစည်မှုရှိခဲ့

 Monday, 21 October 2013

KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က သတင်းထောက်များအား ဖြေကြားနေစဉ်

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အနှံ့အပြား၌ ဖြစ်ပေါ်ခဲ့သော ဗုံးဖောက်ခွဲမှု၊ ဗုံးတွေ့ရှိမှုများတွင် ဗုံးဖောက်ခွဲ ခဲ့သူများသည် KNU အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်ဖြစ်ပြီး ထိုသူများ၏ နောက်ကွယ်တွင် ကြိုးကိုင်စေခိုင်း သူများရှိကာ ရွှေတိဂုံစေတီ၌ ဗုံးဖောက်ခွဲရန်ပါ ကြံစည်မှုများ ရှိခဲ့ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က အောက်တိုဘာ ၂၀ ရက်က မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို (MPC) ၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

KNU က စီစဉ်ပြုလုပ်သော အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ KNU ဗဟိုအလုပ် အမှုဆောင်များဖြစ်သော ပဒိုမန်းငြိမ်းမောင်၊ ပဒိုစောရွှေမောင်းနှင့် KNU ကာကွယ်ရေးဌာနမှ ပဒိုစောရော်ဂျာခင်တို့ တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုစောရွှေမောင်းတို့ နှစ်ဦးသာ တက်ရောက်ခဲ့ပြီး ပဒိုမန်းငြိမ်းမောင် တစ်ဦးတည်းက ရှင်းလင်းသွားခဲ့ခြင်း ဖြစ်သည်။

KNU ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၉ ရက်က နေပြည်တော်၌ အစိုးရအဖွဲ့ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး အောက်တိုဘာ ၂၀ ရက်တွင် ဗုံးဖောက်ခွဲမှုကြောင့် ဖမ်းဆီးခံထား ရသူများနှင့် တွေ့ဆုံပြီးနောက် မွန်းလွဲပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

"အခုမနက်ပိုင်းမှာ ဖမ်းမိထားတဲ့ စောမြင့်ငွေ၊ KNU ရဲ့ တပ်သားဟောင်း၊ KNU ရဲ့ တပ်မတော်သား မဟုတ်ပါဘူး။ ဌာနေပြည်သူ့စစ် အဆင့်လောက်ပဲ ရှိပါတယ်။ သုံးလေးနှစ် အမှုထမ်းခဲ့တယ်။ ကျွန်တော်တို့ သူ့ကိုလေ့လာ ကြည့်တယ်။ လူငယ်ဘ၀ပဲ ရှိပါသေးတယ်။ သူက အထက်ကခိုင်းလို့ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ သူလည်း ရိုးရိုးသားသားပဲ ၀န်ခံတယ်။ ကျွန်တော်တို့ အဓိက ပြောချင်တာကတော့ ဒီလိုဆောင်ရွက် မှုတွေဟာ KNU ရဲ့ သဘောထား မဟုတ်ဘူး။ အောက်ခြေသူတို့ရဲ့ ခံစားချက်ပေါ်မှာ ရှေ့တန်းထားပြီး ဆောင်ရွက်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ရပ်လေး တစ်ခုပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ် ဖြစ်ရပ်လေး တစ်ခုကို KNU ရဲ့ သဘောထား အနေနဲ့ မမှတ်ယူစေချင်ဘူး" ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

"ဒီကောင်လေးတွေကို ပြန်မေးကြည့်တဲ့ အခါကျတော့ သူတို့သွားရောက်ခဲ့တဲ့ နေရာတွေဟာ သာသနိက အဆောက်အအုံတွေကို အဓိက သွားလေ့လာတယ်။ သာသနိက အဆောက်အအုံတွေကို အဓိက ပစ်မှတ်ထားပြီးတော့ ရွှေတိဂုံဘုရားကြီးမှာတောင် ဖောက်ခွဲဖို့ စဉ်းစားပါတယ်။ ဖောက်ခွဲမယ့် နေ့ရက်ကလည်း မွတ်စလင် ဘာသာဝင်တွေရဲ့ အိဒ်နေ့မှာလုပ်ဖို့ ရွေးချယ်ပါတယ်။ ဆိုတဲ့ အခါကျတော့ တော်တော်ရည်ရွယ်ချက် ကြီးကြီးမားမားနဲ့ လုပ်ဆောင်တယ်။ ဒါကြောင့်မို့လို့ ဒီဟာက နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ဆောင်တာ ဖြစ်တယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ငြိမ်းချမ်းစပြုနေတဲ့ ဘာသာရေး ပဋိပက္ခ၊ လူမျိုးရေး ပဋိပက္ခတွေကို ပြန်လည်ဆူပူဖို့ ရည်ရွယ်တယ်။ တစ်ခုက KNU ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်ကို ဖျက်လိုဖျက်ဆီး လုပ်လိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ ဖြစ်တယ်" ဟု မန်းငြိမ်းမောင်က ဆက်လက်ပြောကြားသည်။

ဗုံးဖောက်ခွဲသူများသည် ပုဂံသို့ နှစ်ကြိမ်သွားရောက်ပြီး အာနန္ဒာ ဘုရား၌ ဖောက်ခွဲရန်ပါ လေ့လာမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းတို့ကို လိုက်ပါပို့ဆောင်သည့် ယာဉ်မောင်း၏ ပြောကြားချက်ကို ကိုးကားပြီး ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ထိုသူများ၏ နောက်ကွယ်မှ ကြိုးကိုင်စေခိုင်း သူများကိုမူ မသိရသေးကြောင်း ၎င်းကဆိုသည်။

"သူတို့ရဲ့ နောက်ကွယ်က ညွှန်ကြားတဲ့ ကြိုးကိုင်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဖော်ထုတ်လို့ မရဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လေ့လာပြီး ဒီတွေ့ဆုံခဲ့ရတဲ့ ပြုလုပ်ခဲ့တဲ့ လူငယ်တွေဟာ ရိုးရိုးသားသားပဲ။ သူတို့မှာ ဘာရည်ရွယ်ချက် ကြီးကြီးမားမား မရှိဘူး။ ခိုင်းလို့သာ လုပ်ရတယ် ဆိုတဲ့အခါကျတော့ နောက်ကွယ်က စီစဉ်ညွှန်ကြားချက် ရှိတယ်လို့ ကျွန်တော်တို့ လေ့လာသုံးသပ်လို့ ရပါတယ်။ ဒါကြောင့်မို့ ဒါကိုတော့ ကျွန်တော်တို့က လေ့လာစုံစမ်းပြီးတော့ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာ နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီအပေါ်မှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ထို့အပြင် KNU အဖွဲ့အတွင်း သဘောထား ကွဲမှုများ ရှိကြောင်းကိုလည်း ၎င်းက၀န်ခံ ပြောကြားသွားခဲ့ပြီး အဖွဲ့အစည်းတိုင်းတွင် ဖြစ်တတ်သည့် သဘောသာဖြစ်ကြောင်း ဆိုပါသည်။

"ဘယ်အဖွဲ့အစည်းမဆို လုံးဝဥဿုံ ထိန်းချုပ်လို့ရတဲ့ အဖွဲ့အစည်းဆိုတာ မရှိဘူး။ ကျွန်တော်တို့လို တောတွင်းက အဖွဲ့အစည်း မပြောနဲ့ နိုင်ငံတော် အစိုးရတောင် အကျင့်ပျက် ခြစားမှုတွေ၊ တရားဥပဒေ စိုးမိုးမှုတွေ အခုထက်ထိကို လက်တွေ့အကောင်အထည် မဖော်နိုင်သေးဘူး။ ကျွန်တော်တို့မှာလည်း ဒီလိုအဖွဲ့အစည်းမှာ ဗဟိုရဲ့ ဦးစီးချုပ်ကိုင်မှုကို မနာခံတဲ့သူတွေ အနည်းနဲ့အများ ရှိမှာပဲ။ ဒါကျွန်တော် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းပြောတာ ဖြစ်တယ်။ ကျွန်တော်တို့ အဖွဲ့အစည်း အသီးသီးမှာ တိုင်းပြည်ရဲ့ နိုင်ငံရေး အလှည့်အပြောင်းကို ယုံကြည်တဲ့သူတွေ ရှိတယ်။ လက်မခံတဲ့သူတွေ ရှိတယ်။ သံသယရှိတဲ့သူတွေ ရှိတယ်။ ဒါကလည်း သဘာဝကျတယ်လို့ ကျွန်တော်ထင်တယ်" ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

KNU အဖွဲ့အစည်းဝင်များက ယခုကိစ္စကို ပါဝင်ကျူးလွန်သည် ဆိုပါက တရားနည်းလမ်းကျစွာဖြင့် စုံစမ်းဖော်ထုတ် အရေးယူမည် ဖြစ်ကြောင်းနှင့် ယခုကိစ္စသည် KNU ဗဟို၏ လုပ်ဆောင်ချက် မဟုတ်သော်လည်း KNU နှင့် ဆက်နွှယ်နေသည့်အတွက် ဗုံးဖောက်ခွဲမှုများကြောင့် သေကျေထိခိုက် နစ်နာခဲ့ရသည့် ကာယကံရှင်များကို တောင်းပန်ကြောင်း ပဒိုမန်းငြိမ်းမောင်က ဆိုသည်။

"ဒါဟာ KNU ဗဟိုရဲ့ သဘောထားလည်း မဟုတ်ဘူး။ KNU ဗဟိုရဲ့ စီစဉ်ဆောင်ရွက်မှုလည်း မဟုတ်ဘူး။ သို့သော်လည်း KNU အဖွဲ့အစည်းနဲ့ တစ်စုံတစ်ရာ ပါဝင်ပတ်သက်တဲ့အတွက် အဲဒီကာကယံရှင်တွေကို အနူးအညွတ် တောင်းပန်တယ်" ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ယခင်က ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုများတွင် KNU ပါဝင်ပတ်သက်သည်ဆိုသော အစိုးရ၏ စွပ်စွဲချက်များ ရှိခဲ့သည့်အတွက် ထိုစွပ်စွဲချက်များ မှန်၊ မမှန်နှင့် KNU အနေဖြင့် ဗုံးဖောက်ခွဲမှုများကို ပြုလုပ်ခဲ့ခြင်း ရှိ၊ မရှိ မေးခွန်းကိုမူ ပဒိုမန်းငြိမ်းမောင်က အတိအကျ ရှင်းပြခဲ့ခြင်း မရှိဘဲ မွန်-မြန်မာ နှစ်လေးဆယ်စစ် သမိုင်းနှင့် ဆက်စပ်ပြီး စစ်၏ သဘောသဘာဝများကိုသာ ရှင်းပြသွားခဲ့ပါသည်။

အောက်တိုဘာ ၁၁ ရက်က တောင်ငူမြို့ရှိ တည်းခိုခန်းတစ်ခုတွင် ဗုံးပေါက်ကွဲမှု တစ်ခုမှ စတင်ကာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ် စသည့်မြန်မာနိုင်ငံ အနှံ့အပြားတွင် ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူ၊ သံသယရှိသူများမှာ ကရင်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့နှင့် ဆက်စပ်မှု ရှိနေသည်ဟု ပြောဆိုခဲ့ပြီးနောက် KNU ဘက်က ရှင်းလင်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ဗုံးဖောက်ခွဲမှုတွင် ကျူးလွန်သူဟု ဖမ်းဆီးခံထားရသော စောမြင့်လွင်သည် KNU ၏ တပ်သားဟောင်း တစ်ဦးဖြစ်ပြီး ပြည်သူ့စစ် အဆင့်သာရှိကာ KNU အဖွဲ့မှ အနားယူထားသည်မှာ သုံးနှစ်ခန့် ကြာမြင့်ပြီဖြစ်ကြောင်း၊ ဖမ်းဆီးရမိခြင်း မရှိသေးဘဲ အဓိက ကျူးလွန်သူဟု ထုတ်ဖော်ပြောဆိုထားသည့် စောနေတိုးမှာ KNU တပ်မဟာ ၅ ၏ မြို့နယ်အဆင့် စီးပွားရေး တာဝန်ခံဖြစ်ကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

EMG

Monday, September 16, 2013

မူးယစ်ဆေးဝါး နှိမ်နင်းရာတွင် KNU/KNLA ပူးပေါင်းပါဝင်လို



ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းချမှုနှင့် တရားမဝင် စီးပွားရှာနေသည့် အဖွဲ့အစည်းများကို နှိမ်နင်းမည်ဆိုပါက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) က အစိုးရနှင့် ပူးပေါင်း ပါဝင်လိုကြောင်း ကရင်အမျိုးသား အစည်းအရုံး။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU/KNLA) စစ်ဗျူဟာမှူး ဗိုလ်မှူး ကြီး စောတိုက်ဂါးက ပြောကြားသည်။

“လူငယ်တွေ ပျက်စီးစေပြီး ဒေသဖွံ့ဖြိုးရေးကို နှောင့်နှေးစေတဲ့အတွက် ကျွန်တော်တို့ အဖွဲ့ကလူတွေ ပါရင်လည်း တရားဥပဒေအတိုင်း အရေးယူပါ။ ဌာနဆိုင်ရာက လူတွေလုပ် ရင်လည်း အဲဒီလူတွေကိုပါ အရေးယူပါ” ဟု၎င်းကဆိုသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့ပေါ်တွင် စားသောက်ဆိုင် အမည်ခံ ပြီး လောင်း ကစား ရုံများ၊ နိုက်ကလပ်များ တစ်ရာဝန်းကျင်ခန့် ရှိကြောင်း၊ ယင်းမူးယစ်ဆေးဝါးနှင့် လောင်း ကစားရုံများတွင် ပါဝင်ပတ်သက်နေသူ အချို့မှာ KNU/KNLA မှ လူအချို့ ဖြစ်နေသည်ဟု ဆိုခြင်းကို လည်း ငြင်း ဆိုထားပြီး တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်းများမှ ပါဝင်မှုများ ရှိနေပါကလည်း မည်သူမဆို ထိရောက် စွာ နှိမ်နင်းသွား သင့်ကြောင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါး က ပြောကြား သည်။

ထို့ပြင် လောင်းကစားရုံများမှ နောက်ဆက်တွဲ ရာဇဝတ်မူများ မကြာ ခဏ ဖြစ်ပွားလျက် ရှိနေသည်ကို တွေ့ရကြောင်း၊ ယင်းသို့အစိုးရနင့် ကရင် လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်သည့် KNU၊ ကရင် အမျိုးသား အစည်း ရုံး။ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ တိုးတက်သော ဗုဒ္ဓဘာ သာအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ နယ်ခြားစောင့်တပ် (BGF) တို့ပူးပေါင်း၍ ၂၀၁၅ ခုနှစ်တွင် ကရင်ပြည်နယ် အတွင်းနှင့် ထိုင်း-မြန်မာ နယ်စပ်မြို့များတွင် မူးယစ်ဆေးဝါး၊ လောင်းကစားနှင့် ဒုစရိုက်လုပ်ငန်းများ ပပျောက်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) ထံမှ သိရသည်။

The Voice Weekly

Tuesday, September 3, 2013

ဒီကေဘီအေ တပ်ဖွဲ့ဝင်တစ်ဦးကို ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် အစိုးရစစ်တပ်မှ ထိန်းသိမ်းထား


ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် အခြေစိုက်သည့် ဒီမိုကရေစီကရင်အကျိုးပြု တပ်မတော်(ဒီကေဘီအေ)ဌာနချုပ် လက်အောက်ခံ အထူးစစ်ကြောင်းတပ်ဖွဲ့မှ ဒုဗိုလ် အဆင့်ရှိသူတစ်ဦးကို ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ရှိ အစိုးရစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒီကေဘီအေက ယနေ့တွင် ပြောကြားလိုက်သည်။

မအူပင်မြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း(ခမရ-၂၇)မှ ဗိုလ်မှူးဝင်းအောင်က ဒီကေဘီအေမှ ဒုဗိုလ် စောမြစော ဆိုသူကို သြဂုတ်လ ၂၆ရက်နေ့က မအူပင်မြို့နယ်အတွင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒီကေဘီအေ၏ အထူးစစ်ကြောင်းမှူး ဗိုလ်မှူးစောအေ၀မ်းက ကေအိုင်စီသို့ ပြောသည်။
သြဂုတ်လ ၂၁ရက်က စောမြစောသည် ဘုရားသုံးဆူမြို့မှ ၎င်း၏ ဇာတိ မြောင်းမြသို့ ပြန်သွားပြီးနောက် သြဂုတ်လ ၂၆ရက်နေ့တွင် အဖမ်းဆီးခံရကာ သက်ဆိုင်ရာ အစိုးရအာဏာပိုင် များက ပြန်လည် လွတ်ပေးမည်ဟု ပြောသော်လည်း ယခုထိ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်း ဒီကေဘီအေက ဆိုသည်။

ဘုရားသုံးဆူမြို့ရှိ အမည်မဖော်လိုသူ အစိုးရနှင့် နီးစပ်သူတစ်ဦးက “သူ့(စောမြစော)ဆီကနေ ကျည်ဆံ နှစ်ထောင့်တွေ့လို့ အဲလိုထိန်းသိမ်းထားလိုက်တာလို့ ကျနော်တို့ကြားရတယ်။ ပြန်လွတ်ပေးဖို့တော့ အစီအစဉ် ရှိတယ်။ ဘယ်နေ့ဘယ်ရက်မှာ ပြန်လွတ်ပေးမယ်ဆိုတာတော့ ပြောလို့ မရပါဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ဘုရားသုံးဆူမြို့ရှိ အစိုးရနှင့် ဒီကေဘီအေအကြား နှစ်ဖက်ဆက်သွယ်ရေးကိစ္စအတွက် ထားရှိသည့် စစ်ဖက်ရေး ရာ လုံခြုံရေးအဖွဲ့(စရဖ) တာဝန်ရှိသူနှင့် ယမန်နေ့က တွေ့ဆုံခဲ့သလို ယနေ့နံနက် ၈နာရီခန့်၌ လည်း တွေ့ဆုံပြီး စောမြစော ပြန်လည်လွတ်မြောက်ရေးအတွက် ဆက်သွယ်ပေးရန် ပြောဆိုထားသည်ဟု ဗိုလ်မှူး စောအေ၀မ်းက ပြောဆိုသည်။

ဗိုလ်မှူးစောအေ၀မ်းက “စရဖနဲ့ ကျနော်တွေ့တဲ့အခါ ကျနော့်လူကို လွတ်ပေးဖို့ (ခမရ-၂၇)နဲ့ ဆက်သွယ်ပေး ဖို့ ပြောတယ်။ လွတ်ပေးမယ်ဆိုရင်လည်း အချိန်အတိအကျ ပြောဖို့ပေါ့နော်”ဟု ရှင်းပြသည်။ လက်ရှိ စောမြေစော အဖမ်းခံရခြင်းနှင့် ပတ်သက်၍ ဒီကေဘီအေဌာနချုပ်ရှိ ခေါင်းဆောင်အချို့အပါအ၀င် ဗိုလ်ချုပ် စောလားပွယ်သို့ အသိပေးအကြောင်းကြားထားသည်ဟု ဗိုလ်မှူး စောအေ၀မ်းက ပြောသည်။

စောခါးစူးညား (ကေအိုင်စီ)

လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် ငြိမ်းချမ်းရေး ဆောင်ရွက်နေစဉ်ကာလ အတွင်း လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးများကောက်ခံခြင်းများအား နေရာအနှံလုပ်ဆောင်လျက် ရှိကြောင်း သိရပါသည်။ ယခုဖြစ်စဉ်မှာ နယ်မြေလူထုမှ သတင်းပေးသည့် အတွက်ဖမ်းဆီးထားကြောင်း သတင်း ရှိသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်ကလည်း SSA(ရွက်စစ်)မှ ဆက်ကြေးကောက်သည့် တာဝန်ခံ ကိုလည်း ရွာသားများ သတင်းပေးသည့်အတွက် ဖမ်းဆီးခဲ့ရသည်။

Friday, August 23, 2013

KNU တပ်မဟာ(၄) မှ ထားဝယ်-ထီးခီးလမ်း လိုင်းကားများနှင့် မြန်မာနံပါတ်တပ်ကားများကို ဖမ်းဆီးထား


KNU တပ်မဟာ(၄)မှ ထားဝယ် - ထီးခီးလမ်း၊ မေတ္တာမြို့နယ်ခွဲအလွန် ဆင်ဖြူတိုင်ရွာအနီးတွင်  ထားဝယ်-ထီးခီ လိုင်းကားများအား ဖမ်းဆီးထိန်းသိမ်းထားပါသည်။ယခင်နေ့များက ထားဝယ်ခရိုင် သရက်ချောင်းဘက်တွင် KNU မှ လူအချို့ကိုယ်တိုင် မောင်းနှင်ပြီးပို့ဆောင်လာသော လိုင်စင်မဲ့(ဝစ်သောက်)ကားတစီးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ခြင်းအတွက် တန်ပြန်တုံပြန် ကလဲ့စားချေခြင်းဟု နယ်မြေခံများဆီမှ တစ်ဆင့်သိရှိရပါသည် ။

ဖမ်းဆီးထိန်းသိမ်းထားသော လိုင်းကားများတွင် ရွှေမင်းသမီးယာဉ်လိုင်းမှ မော်တော်ယာဉ် (၂)စီးနှင့်   တရားဝင်(မြန်မာ)နံပါတ်ပြားတပ်ထားသောကားများပါရှိသည်။.ဒေသအခေါ်.ဈေးကား/ထိုင်းကား(ဝစ်သောက်ကား)တွေကိုတာ့ ဆက်ကြေးပေးဆောင်ဖြတ်သန်းခွင့်ယူထားသောကြောင့် သွားခွင်ပြုထားကြောင်း သိရှိရပါသည် ။ငြိမ်းချမ်းရေးစကားဆိုလျှက် အပစ်အခတ်ရပ်စဲရေးကာလတွင် တရားဥပဒေဘောင်ကိုကျော်လွန်ပြီး ရဲတင်းစွာကျုးလွန်နေရုံမက တရားဥပဒေဘောင်အတွင်းမှ မှန်ကန်စွာ တည်ရှိလိုက်နာနေသော မော်တော်ယာဉ်များကိုသာဖမ်းဆီးပြီး တရားမဝင် လိုင်စင်မဲ့(ဝစ်သောက်ကား)များကို စီးပွါးဖြစ်ပို့ဆောင်/ဖြတ်သန်းခွင့် ပေးနေခြင်းကို နားမလည်နိုင်အောင်ပင်ဖြစ်ရပါသည် ။

KNU ၏ပါးစပ်ဖျားမှ ထွက်ပေါ်လာသော တရားဥပဒေ ဆိုသော စကားများကို မည်သို့ယုံကြည်ရမည်နည်း ။KNU ၏ ငြိမ်းချမ်းရေးစကားများက မည်သည့်အသွင်ဆောင်နေပါသနည်း ။စစ်ပန်းချိန်တွင် ခေတ္တ အပစ်အခတ်ရပ်စဲပြီး တရားဥပဒေ ဘောင်အတွင်းခေတ္တဝင်ရောက်ကာ လက်နက်အားကိုးဖြင့် မိုက်ကန်းစွာ စီးပွါးရှာ အင်အား+လက်နက် စုနေခြင်းလောဟု ထင်မြင်မိပါကြောင်း ။
(မောင်ကျောက်ခဲ အဖွဲ့)

Related Posts Plugin for WordPress, Blogger...