Tuesday, October 1, 2013

အမျိုးသမီးများ ကားမောင်းပါက သားအိမ်ထိခိုက်နိုင်ဟု ဆော်ဒီဘာသာရေးခေါင်းဆောင် ပြောကြား




အစ္စလာမ် ဘာသာရေး၏ အထင်ကရ ဦးဆောင်နိုင်ငံ တစ်ခုဖြစ်သော ဆော်ဒီတွင် အမျိုးသမီးများ ကားမောင်းခွင့်အတွက် တက်ကြွသော လှုပ်ရှားတောင်းဆိုမှုများ ဖြစ်ပေါ်လာချိန်တွင် ဘာသာရေး ခေါင်းဆောင် တစ်ဦးဖြစ်သော ရှိတ်ခ်ဆာလား အယ်လ်လိုဟိုင်ဒန်က ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးများ ကားမောင်းခြင်းသည် ယင်းတို့၏ သားအိမ်ကို ထိခိုက်စေနိုင်ပြီး သားဖွားသည့်အခါ ပြဿနာများ ဖြစ်ပေါ်စေနိုင်ကြောင်း ဆော်ဒီအာရေဗျ ဘာသာရေး ခေါင်းဆောင်တစ်ဦးက ပြောကြားလိုက်သည်။ အစ္စလာမ် ဘာသာရေး၏ အထင်ကရ ဦးဆောင်နိုင်ငံ တစ်ခုဖြစ်သော ဆော်ဒီတွင် အမျိုးသမီးများ ကားမောင်းခွင့်အတွက် တက်ကြွသော လှုပ်ရှားတောင်းဆိုမှုများ ဖြစ်ပေါ်လာချိန်တွင် ဘာသာရေး ခေါင်းဆောင် တစ်ဦးဖြစ်သော ရှိတ်ခ်ဆာလား အယ်လ်လိုဟိုင်ဒန်က ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူများက နိုင်ငံအတွင်းရှိ အမျိုးသမီးများ အနေဖြင့် အောက်တိုဘာလ (၂၆)ရက်နေ့တွင် သတ်မှတ်ချက်များကို ဖီဆန်ကာ လမ်းများပေါ် ကားထွက်မောင်းရန် နှိုးဆော်လျှက်ရှိသည်။

Twitterတွင် အစပြု လှုံ့ဆော်ခဲ့သည့် ယင်းအစီအစဉ်တွင် ပါဝင်ရန် အမျိုးသမီး (၁၁၀၀၀)မျှက စာရင်းပေးထားသည်။ ဆော်ဒီတွင် အမျိုးသမီးများ ကားမောင်းခွင့်ရရေး တောင်းဆိုမှုကို ဆယ်စုနှစ် နှစ်ခုနီးပါးမျှ ဆက်တိုက် တောင်းဆိုလာသော်လည်း မအောင်မြင်ခဲ့ချေ။ ဆော်ဒီတွင် အမျိုးသမီးများ ကားမောင်းခွင့်ကို ပိတ်ပင်ထားပြီး ယင်းတို့ ကားမောင်းနေသည်ကို တွေ့ရှိပါက ရဲများက ဖမ်းဆီးခြင်း၊ ဒဏ်ငွေရိုက်ခြင်းများ ပြုလုပ်လေ့ရှိသည်။ ထို့အပြင် ယာဉ်မောင်းလိုင်စင်ကိုလည်း အမျိုးသားများ အတွက်သာ ထုတ်ပေးကြောင်း သိရသည်။

ရှိတ်ခ်ဆာလားက "အမျိုးသမီးတစ်ယောက် ကားမောင်းဖို့ ဆိုတာက တကယ်တမ်း စစ်မှန်တဲ့ လိုအပ်ချက် မဟုတ်ပါဘူး။ တစ်ဖက်မှာ ဒီလုပ်ဆောင်မှုကနေ ဇီဝကမ္မ ရှုထောင့်ကနေ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ဆေးပညာ ရှုထောင့်က ကြည့်မယ်ဆိုရင်လည်း အမျိုးသမီးတွေ ကားမောင်းခြင်းဟု သားအိမ်ကို အလိုအလျောက် ထိခိုက်စေမယ်ဆိုတာ မြင်သာပါတယ်။ ဘာကြောင့်လဲဆိုတော့ တင်ပါးဆုံရိုးကို အပေါ်ဘက်ကို ဖိတွန်းသလို ဖြစ်နေတယ်လေ"ဟု ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ "ကျွန်တော်တို့ တွေ့ရှိထားတာက ကားမောင်းတဲ့ အမျိုးသမီးတွေဟာ ကလေးမွေးတဲ့အခါ သားအိမ်ထဲမှာ တည်ရှိတဲ့ ဒီဂရီ အတိမ်းအစောင်း လွဲမှားတဲ့ ပြဿနာတွေ ကြုံရတာကို သတိပြုမိထားပါတယ်"ဟုလည်း ဆိုသည်။

ရှိတ်ခ်ဆာလားသည် ဆော်ဒီတွင် အမျိုးသမီးများအတွက် အခွင့်အရေးများ တိုးမြှင့်ပေးရေးကို ငြင်သာပျော့ပြောင်းစွာ လုပ်ဆောင်သွားရန် အစီအစဉ်ကို ကန့်ကွက်နေသူ တစ်ဦးလည်း ဖြစ်သည်။ ဆော်ဒီတွင် အမျိုးသမီးများကို ကားမောင်းခွင့် မပေးခြင်းသည် ဘာသာရေး သက်ရောက်မှု လွှမ်းမိုးသည့် ထုံးတမ်းစဉ်လာ ဥပဒေ တစ်ရပ်သဖွယ် တည်ရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း ယင်းကိုဆန့်ကျင်သူများက အမျိုးသမီး တစ်ဦးသည် ကားမောင်းခွင့် မရှိသည့်အတွက် မိသားစုဝင် မဟုတ်သည့် အမျိုးသမီး ဒရိုင်ဗာ တစ်ဦးကို ငှားရမ်းရခြင်းကဲ့သို့ ပြဿနာမျိုး ရှိနိုင်ကြောင်း ထောက်ပြထားကြသည်။


From : ..planet

အမေရိကမှ ပြန်လာသော အီရန်သမ္မတ ဖိနပ်ဖြင့် ပစ်ပေါက်ခံရ





အမေရိကန်ပြည်ထောင်စု၌ ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ခဲ့သည့် အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီသည် အီရန်သို့ ပြန်လည် ရောက်ရှိလာစဉ် ဆန္ဒပြသူများ၏ ဖိနပ်ဖြင့် ပစ်ပေါက်ခြင်းကို ခံလိုက်ရကြောင်း လုံခြုံရေး အရာရှိများ၏ ပြောကြားချက်ကို CNN သတင်းဌာနက ရေးသားဖော်ပြသည်။

သမ္မတ ဟတ်ဆန်ရိုဟာနီကို ဖိနပ်ဖြင့် ပေါက်သူများမှာ အမေရိကန်ပြည်ထောင်စုနှင့် အီရန်အကြား တွေ့ဆုံ စကားပြောမည့် အစီအစဉ်ကို ဆန့်ကျင်သည့် ဆန္ဒပြအုပ်စုများ ဖြစ်ကြပြီး ၎င်းကို ထောက်ခံသူများကလည်း မြို့တော်တီဟီရန် လေဆိပ်သို့ လာရောက် ကြိုဆိုခဲ့ကြသည်ဟု အီရန်နိုင်ငံပိုင် Fararu သတင်းဌာနက ရေးသားဖော်ပြသည်။
“တီဟီရန် လေဆိပ်ကို သမ္မတရိုဟာနီ ရောက်ရှိလာချိန်မှာ သူ့ကိုထောက်ခံသူတွေရော၊ အမေရိကန်နဲ့ တွေ့ဆုံ စကားပြောမယ့် ကိစ္စကို မကျေနပ်သူတွေပါ စောင့်နေခဲ့ကြတာ” ဟု အီရန် လုံခြုံရေး အရာရှိတစ်ဦးက ပြောကြားသည်။

ဖိနပ်ဖြင့်ပေါက်မှု ဖြစ်ပွားပြီးနောက် ဟတ်ဆန်ရိုဟာနီသည် ထောက်ခံသူနှင့် ကန့်ကွက်သူများကြားမှပင် ကောင်းမွန်စွာ ထွက်ခွာသွားနိုင်ကြောင်း၊ သမ္မတကို တစ်စုံတစ်ရာ ထိခိုက်ခဲ့ခြင်း မရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထိုသို့ အမေရိကန်ပြည်ထောင်စုမှ အီရန်သို့ ပြန်လည် ရောက်ရှိလာချိန်တွင် ရာပေါင်းများစွာသော အီရန်ပြည်သူများက “ရိုဟာနီကို ကျုပ်တို့ထောက်ခံတယ်” ဟု ကျယ်လောင်စွာ အော်ဟစ်ပြောဆိုခဲ့ကြသည်။

လေ့လာစောင့်ကြည့်သူများ အဆိုအရ ဖိနပ်ဖြင့် ပေါက်ခဲ့သည့် ဆန္ဒပြအုပ်စုများ၏ နောက်ကွယ်တွင် သဘောထား တင်းမာသူ အီရန် နိုင်ငံရေးသမားများ ရှိနေပြီး ၎င်းတို့က အမေရိကန်ပြည်ထောင်စုနှင့် အီရန်အကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမည်ကို မလိုလားကြောင်း သိရသည်။

သဘောထား အလယ်အလတ်ရှိသူအဖြစ် သတ်မှတ်ပြောဆိုခြင်း ခံထားရသူ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်နေစဉ်အတွင်း အမေရိကန် သမ္မတအိုဘားမားနှင့် တယ်လီဖုန်းဖြင့် စကားပြောဆို ဆွေးနွေးခဲ့သည်။

ထိုသို့ အီရန်နှင့် အမေရိကန်သမ္မတတို့အကြား တိုက်ရိုက်စကား ပြောဆိုမှုမှာ ၁၉၇၉ ခုနှစ်နောက်ပိုင်း ကာလများအတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။

ဟတ်ဆန်ရိုဟာနီ၏ လတ်တလော ထုတ်ဖော်ပြောဆိုမှုများအရ အငြင်းပွားစရာ ဖြစ်နေသော အီရန် နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ သဘောတူညီမှုများ ရရှိနိုင်မည်ဟု မျှော်လင့်ရကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။

အနောက်နိုင်ငံများက အီရန်၏ နျူကလီးယား အစီအစဉ်သည် လက်နက် ထုတ်လုပ်ရန် ဖြစ်သည်ဟု ယုံကြည်ထားကြသော်လည်း အီရန်က ငြိမ်းချမ်းရေးအတွက်သာ ဖြစ်ကြောင်း ကြေညာထားသည်။

အရှေ့အလယ်ပိုင်းဒေသတွင် ဖိနပ်ဖြင့် ပစ်ပေါက်မှုမှာ ယဉ်ကျေးမှုအရသော် လည်းကောင်း၊ ဘာသာရေးအရသော် လည်းကောင်း အလွန်အမင်း ရိုင်းပျသော အပြုအမူတစ်ခု ဖြစ်သည်။


From : .. the voice


မိုးကာကို သန့်စင်အောင် ဘယ်လိုဆေးကြောမလဲ





ယခုလို မိုးရာသီအခါသမယတွင် မိုးကာအင်္ကျီများကို ပုံမှန်ဆေးကြောပေးလိုခြင်း (သို့) မဆေးဘဲပစ် ထားသည်မှာကြာပြီဖြစ်၍ ဆေးကြော လိုပါက၊ လိုအပ်သောပစ္စည်းများမှာ – အ၀တ်စ၊ ရေဇလုံ (သို့) ရေပုံး အသေး၊ မုန့်ဖုတ်ဆိုဒါ၊ ဗနီကာ၊ ရေ မြှုပ်၊ ဇလုံအကြီးစားတို့ဖြစ်သည်။
(၁) ရေပုံးထဲကို ဗနီကာအနည်းငယ် ထည့်ပါ။
(၂) မိုးကာအင်္ကျီကိုဖြန့်ပါ။
(၃) ဗနီကာရည်ကို အ၀တ်စ(သို့) ရေမြှုပ်တွင်ဆွတ်ပါ။
(၄) မိုးကာအင်္ကျီ၏ မျက်နှာပြင်ကို ဗနီကာနှင့် ဖြည်းဖြည်းချင်းသုတ်ပါ။ အထူးသဖြင့် မြေကြီး၊ ရွှံ့များပေနေသောနေရာကို ပို၍လိမ်းပေးပါ။
(၅) ထို့နောက် မျက်နှာသုတ်ပ၀ါ အခြောက်စနှင့် လိုက်ပြီးသုတ်ပါ။
(၆) မိုးကာ၏အတွင်းသားကိုလည်း အထက်ပါနည်းအတိုင်း ပြုလုပ်ပါ။
(၇) ပြီးမှ မိုးကာတစ်ထည်လုံးကို ရေ ရိုးရိုးဖြင့် ဆေးချပါ။
(၈) ရေဇလုံအကြီးစားထဲသို့ မိုးကာ ကိုမြှုပ်နိုင်သည်အထိ ရေကိုထည့်ပါ။
(၉) မုန့်ဖုတ်ဆိုဒါခွက် တစ်ဝက်ကို ရေထဲသို့ထည့်ပါ။ မိုးကာကို (၁)နာရီခန့်စိမ်ပါ။ သို့မှသာ အညစ် အကြေး၊ ဖုံများလုံးဝကျွတ်သွားမည် ဖြစ်သည်။
(၁၀) ထို့နောက် ရေအေးသန့်သန့်ဖြင့် သေချာစွာဆေးချပါ။ အင်္ကျီချိတ်နှင့် ချိတ်၍ (သို့) စင်ပေါ်တွင် လှမ်းပြီး အခြောက်ခံပါ။ ခြောက်သွားလျှင် ဗနီကာနံ့လုံးဝပျောက်ပြီး သန့်စင် သော မိုးကာကို ရရှိမှာဖြစ်သည်။

HT
Health Updates Journal

ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုမဖြစ်ပွား အောင်ကာကွယ်နိုင် သလား






Suicide အများစုဟာ ကြိုတင် ကာကွယ်နိုင်ပြီး စိတ်ကျနေတဲ့ အဆုံး စီရင်နိုင်ချေများနေတဲ့သူတွေကို စကားပြောပေးခြင်း၊ အချိန်ကာလအ လိုက် နှစ်သိမ့်ဆွေးနွေးပေးခြင်းအား ဖြင့် လျော့ကျစေနိုင်တယ်လို့ သိရပါ တယ်။
Cosmos စိတ်ကျန်းမာရေးနှင့် အပြုအမူဆိုင်ရာ သိပ္ပံမှ ဒါရိုက်တာ Sunil Mitital က “ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်နိုင်ခြင်း ( Suicidal tendency )ဆိုတာဟာ စိတ်ပိုင်းဆိုင် ရာနာမကျန်းမှုတစ်ခုဖြစ်ပြီး ကာကွယ် နိုင်ပါတယ်။ အဆုံးစီရင်နိုင်ချေရှိသူ တွေကို သူရဲ့မိသားစုတွေ၊ သူငယ်ချင်းဆွေမျိုးတွေက အလွယ်တကူကြို တင်သိရှိနိုင်ပါတယ်။ သူတို့ဟာ စိတ် ပိုင်းဆိုင်ရာ ထိခိုက်မှုလက္ခဏာတွေပြ နေပါတယ်” လို့ပြောကြားထားပါတယ်။
နှစ်စဉ်စက်တင်ဘာ (၁၀)ရက် နေ့ဟာ ကမ္ဘာလုံးဆိုင်ရာ မိမိကိုယ်ကို အဆုံးစီရင်ခြင်းအား ကာကွယ်သည့် နေ့ဖြစ်ပြီး ယခုနှစ်အတွက် ဆောင်ပုဒ်ကတော့ Suicide ကိုကာကွယ်ဖို့ စကားပြောပေးစို့လို့ အဓိပ္ပာယ်ရပါ တယ်။ ဥပမာတစ်ခုကို ပေးရရင် လူမှုကွန်ယက်မှာရေးသားထားမှုအရ မိမိကိုယ်ကို အဆုံးစီရင်မယ့် လက္ခ ဏာတွေရှိနေတဲ့ ဘောလိဝုဒ်သရုပ် ဆောင်မင်းသမီး Jiah Khan ကို စိတ်ကျန်းမာရေးအထူးကုဆရာဝန် ကြီးတွေက ဖျောင်းဖျ၊ အကြံဉာဏ်ပေး နိုင်တဲ့အတွက် သူမအသက်ကို ကာကွယ်နိုင်ခဲ့ပါတယ်။
ပြဿနာကို မဖြေရှင်းနိုင်ခြင်း၊ ပေါင်းသင်းဆက်ဆံရေးမှာ ပြဿနာ ရှိနေခြင်းတွေဟာ မိမိကိုယ်မိမိနာ ကျင်ထိခိုက်အောင် လုပ်မိစေတဲ့အ ချက်တွေပဲဖြစ်ပါတယ်။ National Crime Records Bureau ရဲ့ ထုတ်ပြန်ချက်အရ မိမိကိုယ်ကိုအဆုံး စီရင်သူများမှာ အသက်(၁၅)နှစ်မှ (၄၉)နှစ်အတွင်း အများစုဖြစ်ပြီး ၂၀၁၂ခုနှစ်အတွင်းမှာ ၁၃၅၄၄၅ ဦး သောလူတွေဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားနေတယ်လို့ သိရှိရပါတယ်။ ကိုယ့်ကိုယ်ကိုယ် ထိ ခိုက်အောင်လုပ်မိစေတဲ့ အကြောင်း ရင်းခံတွေကို မိသားစုဝင်တွေက လေ့လာစူးစမ်းပြီး စိတ်ပိုင်းဆိုင်ရာ ခွန်အား၊နွေးထွေးမှုတွေ ပေးခြင်းက Sucide ဖြစ်ပွားနှုန်းတွေကို လျော့ကျစေမှာပါလို့ စိတ်ကျန်းမာရေးအထူး ကုဆရာဝန်ကြီး Dr. Mitalli Srivas tava ကပြောကြားခဲ့ပါတယ်။
ငြိမ်းအေး
Ref: IANS

Health Updates Journal

ဦးရေပြားယားယံခြင်းအတွက် လွယ်ကူသက်သာနည်းလမ်းများ




ဦးရေပြားယားယံခြင်းဟာ ဗောက်ထခြင်းကြောင့် အဓိကဖြစ်ရပါ တယ်။ ဆိုးရွားပြင်းထန်တဲ့ အခြေအနေမှာဆိုရင် နာကျင်ခြင်း၊ အကွက် များပေါ်ခြင်းနဲ့ ပူလောင်တဲ့ ခံစားမှု တွေကိုပါ ဦးရေပြားမှာ ကြုံတွေ့ရနိုင် ပါတယ်။ သက်သာစေမယ့် နည်း လမ်းတချို့ကို ပြောပြပေးပါ့မယ်။
၁။ ရနံ့သင်းတဲ့ အလှဆီကိုသုံးပါ
ဒီ aroma oil တွေကို ရနံ့ကုထုံး အတွက် သာမကဘဲ ဦးရေပြားအတွက်လည်း သုံးလို့ရပါတယ်။ လာဗင် ဒါရနံ့၊ လက်ဖက်ရနံ့၊ အုန်းသီးရနံ့၊ သံလွင်ဆီစသဖြင့် အမျိုးမျိုးရှိပါ တယ်။ သတိပြုရမှာကတော့ ရနံ့ဆီ ကိုရေနဲ့ ရောပြီးသာ အသုံးပြုရပါမယ်။ ပြီးရင်ဦးရေပြားကို အဲဒီရနံ့အဆီကို အသုံးပြုပြီး နှိပ်နယ်ပေးခြင်းဟာ ဘက်တီးရီးယားနဲ့ မှိုပိုးတွေကို ကာကွယ်ပေးပြီး ဦးရေပြားယားယံခြင်းကို သက်သာစေပါတယ်။
၂။ လီမွန်သီးကို အသုံးပြုပါ
ခေါင်းမလျှော်ခင် လီမွန်သီးတစ်လုံးကို အရည်ညှစ်ပြီး ဦးရေပြားကို သုတ်လိမ်းပေးရင် ဗောက်ထခြင်းကို တားဆီးပေးပါတယ်။ တကယ်လို့ ဦးရေပြား ခြောက်သွေ့နေတယ်ဆိုရင်တော့ လီမွန်သီးအရည်ထဲမှာ ဒိန်ချဉ် လက်ဖက်စားဇွန်း လေးငါး ဇွန်းလောက်ထည့်ပြီး သုတ်လိမ်းပေးပြီးမှ ခေါင်းလျှော်ပေးပါ။
၃။ ပန်းသီးဝိုင်
ပန်းသီးနဲ့ပြုလုပ်ထားတဲ့ ဗီနီဂါ သို့မဟုတ် ၀ိုင်ဟာ ဦးရေပြားကို ရောင်ရမ်းခြင်းကနေ သက်သာစေပြီး ဦးရေပြားယားယံခြင်းကို ကာကွယ်ပေးပါတယ်။ ရေငါးဆ၊ ပန်းသီး ဗီနီဂါသို့ ၀ိုင်တစ်ဆကို ရောထားတဲ့ အရည်ကို ဦးရေပြားကို သုတ်လိမ်းပေးပါ။ ၁၅မိနစ်လောက်ကြာရင် ရေ သန့်သန့်နဲ့ဆေးချပေးပါ။ ဒါဆိုရင် ဆံပင်ကျွတ်ခြင်းကိုလည်း ကာကွယ် နိုင်ပါပြီ။
၎။ ရှားစောင်းလက်ပတ်အမှုန့်
ဦးရေပြားနေလောင်ခြင်း၊ အဖု ပေါက်ခြင်းတွေအတွက်ကတော့ ရှားစောင်းလက်ပတ်ပေါင်ဒါမှုန့်ကို ဦးရေ ပြားကို လိမ်းပေးပါ။ ပေါင်ဒါမရလည်း ဂျယ်လ်ကို အသုံးပြုနိုင်ပါတယ်။ ဘက်တီးရီးယားတွေ ဦးရေပြားကို ခိုအောင်းနေတာကို ကာကွယ်ပေးတဲ့ အပြင် အေးမြတဲ့ ရှားစောင်းလက်ပတ်ဟာ ဦးရေပြားပူလောင်ခြင်းကို သက် သာစေပါတယ်။
သက်ကို
ref: medindia

Health Updates Journal

အသုံးများတဲ့ သန္ဓေတားနည်းများ




(၁) အမျိုးသားသုံးကွန်ဒွန်
အလွယ်ကူဆုံးအသုံးပြုနိုင်တဲ့ နည်းလမ်းဖြစ်ပြီး ဈေး ကွက်ထဲမှာ အလွယ်တကူရရှိနိုင်ပါတယ်။ သန္ဓေတားရန် သာမက လိင်မှတစ်ဆင့် ကူးစက်တတ်သည့်ရောဂါများ ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ တစ်ကြိမ်သာ အသုံး ပြုနိုင်ပြီး အရည်အသွေးနိမ့်တဲ့ ပစ္စည်းအချို့ဟာ ပေါက်ပြဲ လွယ်ပါတယ်။

(၂) သောက်ဆေး
လက်ညိုးကဒ်လို့ လူသိများတဲ့ ပဋိသန္ဓေတားသောက် ဆေးဟာ နေ့စဉ်မှန်မှန်သောက်မည်ဆိုလျှင် (၉၅) ရာခိုင်နှုန်း စိတ်ချရပါတယ်။ ရာသီသွေးမှန်မှန် ပေါ်စေတာ ကြောင့် သွေးမပေါ်ခြင်းကို စိတ်အနှောင့်အယှက်ဖြစ်တတ်သူ အမျိုးသမီးများအတွက် ကိုက်ညီပါတယ်။ ကူးစက်ရောဂါများကို ကာကွယ်နိုင်ခြင်းမရှိသလို နေ့စဉ် အချိန်မှန်မှန် မမေ့မလျော့ သောက်ဖြစ်ဖို့ အားထုတ်ရပါ တယ်။

(၃) သုံးလခံထိုးဆေး
တစ်ခါထိုးထားလျှင် သုံးလအထိ ပဋိသန္ဓေတားပေးပါတယ်။ (၉၉) ရာနှုန်း အာမခံချက်ပေးနိုင်ပြီး နေ့စဉ် သုံးစွဲရတဲ့ ဒုက္ခမှကင်းဝေးစေပါတယ်။ ဆေးထိုးပြီးတာနှင့် ရာသီသွေးထိမ် သွားတတ်ပြီး ဆေးဖြတ်၍ ခြောက်လ မှဆယ့်ရှစ်လအတွင်း သွေးပြန်ပေါ်ပါတယ်။ သားအိမ်ကင်ဆာကိုလည်း ကာကွယ်ပေးပါတယ်။ ကိုယ်အလေး ချိန်တက်လာခြင်း၊ မောပန်းခြင်း၊ အရိုးသိပ်သည်းဆ ကျလာတတ်ခြင်းတို့ ဖြစ်တတ်ပါတယ်။ အချို့အမျိုးသမီး တွေမှာ ဆေးထိုးစသုံးလမှခြောက်လ အတွင်း ရာသီသွေး အချိန်မမှန်ခြင်း၊ ပုံမှန်မဟုတ်သည့် အချိန်သွေးပေါ်တတ်ခြင်း တို့ကြုံရလေ့ရှိသောကြောင့် ဓမ္မတာမမှန်ခြင်းကို ကြောင့်ကြတတ်သူအမျိုးသမီးများအတွက် အသုံးပြုရ ခက်ခဲစေပါတယ်။

(၄) အသားမြှုပ်တားဆေး
(၉၉)ရာနှုန်းပဋိသန္ဓေ တားပေး နိုင်ပြီးတစ်ခါထည့် ထားလျှင် သုံးနှစ်မှ ငါးနှစ်အထိခံပါတယ်။ အသားထဲမြှုပ် တဲ့အခါ၊ အသစ်လဲလှယ်တဲ့အခါ အရေပြားကိုဓါးရာ တစ်ချက်ပေးပြီး ပြုလုပ်ရပါတယ်။ ထိုးဆေးများကဲ့သို့ ပင် ရာသီသွေးထိမ်တတ်ပါတယ်။

(၅) သားအိမ်တွင်းသန္ဓေတားပစ္စည်း
(၉၉) ရာနှုန်းကာကွယ်နိုင်ပြီး သားအိမ်တွင်ရှိနေသမျှ ကာလပတ်လုံး သန္ဓေတားပေးမှာဖြစ်ပါတယ်။ သားအိမ် တွင်းရှိနေပေမယ့် မိမိကိုယ်တိုင်ကော၊ မိမိအဖော်ကိုပါ ပစ္စည်းရှိနေကြောင်း ခံစားချက်တစ်စုံတစ်ရာမဖြစ်စေပါဘူး။ ရာသီသွေးများများ ပေါ်သူတွေကို ကုသတဲ့အနေနှင့် အသုံးပြုနိုင်ပြီး အချိန်မရွေး ပြန်ထုတ် နိုင်ပါတယ်။
ဇော်ကို
Source:NHS

Health Updates Journal

ပါကစ္စတန်တွင် ငလျင်တစ်ခု ထပ်မံလှုပ်ခတ်




အ၀ါရန်ခရိုင်တွင် ငလျင်ကြောင့် ပျက်စီးသွားသော ရွှံ့အိမ်များအပြင်တွင် စုဝေးနေကြသည့် ပါကစ္စတန် ငလျင်ဒုက္ခသည်များ (Photo:AFP)

စက်တင်ဘာ ၂၄ ရက်က လူ ၃၀၀ ကျော် သေဆုံးခဲ့သည့် အင်အား ၇ ဒသမ ၇ ရစ်ခ်ျစတာ စကေးရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သော ပါကစ္စတန် နိုင်ငံတွင် စက်တင်ဘာ ၂၈ ရက်က အင်အား ၆ ဒသမ ၈ ရစ်ခ်ျစတာ စကေးရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားကြောင်း သိရသည်။

နိုင်ငံ အနောက်တောင်ပိုင်း၊ အ၀ါရန်ခရိုင် အရှေ့မြောက်ဘက် ၉၆ ကီလိုမီတာ အကွာရှိ မြေအောက် ၁၄ ကီလိုမီတာကို ဗဟိုပြုကာ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲခန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘူမိလေ့လာရေး အဖွဲ့က ထုတ်ပြန်ခဲ့သည်။

"အခုလှုပ်ခတ်တဲ့ ငလျင်ဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့ နောက်ဆက်တွဲ မဟုတ်ပါဘူး။ သီးခြားလှုပ်ခဲ့တာပါ" ဟု ပါကစ္စတန် အမျိုးသား ငလျင်ဌာ နညွှန်ကြားရေးမှူး ဇာဟစ်ရာဖီက ပြောကြားခဲ့သည်။

ဘလူချစ္စတန်ပြည်နယ်၊ အ၀ါရန်ခရိုင်တွင် စက်တင်ဘာ ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူ ၃၅၉ ဦး သေဆုံးခဲ့ပြီး တစ်သိန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြောင်း သိရသည်။

အဆိုပါ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာ ရသူများကို စက်တင်ဘာ ၂၈ ရက်အထိ ဆေးရုံသို့ ပို့ပေးနေရဆဲဖြစ်ကြောင်း သိရသည်။

ပါကစ္စတန် မိုးလေ၀သဌာန အကြီးအကဲ အာရစ်မာဟုဒ်က စက်တင်ဘာ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်မှာ အင်အား ၇ ဒသမ ၂ ရစ်ခ်ျစတာစကေးရှိကြောင်း Express News သတင်းဌာနသို့ ပြောကြားခဲ့သည်။

Ref:AFP

ပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်လာသန်း ၂၅၀ လိုအပ်ဟု ဆီးရီးယား ပြောကြား




အီရတ်နိုင်ငံ ဘဂ္ဂဒက်မြောက်ပိုင်း ၃၅၀ ကီလိုမီတာ အကွာရှိ အီအာဘေးမြို့ရှိ ဆီးရီးယား ဒုက္ခသည်စခန်း (Photo:AP)

စစ်ပွဲကြောင့် ပျက်စီးသွားမှုများကို ပြန်လည်တည်ဆောက်ရန် လာမည့်နှစ်အတွင်း နိုင်ငံတော် အသုံးစရိတ်မှ ဒေါ်လာသန်း ၂၅၀ (ဆီးရီးယားပေါင် ဘီလျံ ၅၀) သတ်မှတ်ခဲ့ကြောင်း ဆီးရီးယားဝန်ကြီးချုပ် ၀ါအယ်လ်ဟယ်လ်ကီ၏ ပြောကြားချက်ကို ကိုးကား၍ အစိုးရ လိုလားသည့် Al-Watan သတင်းစာက စက်တင်ဘာ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။

၂၀၁၃ ခုနှစ် အတွင်းက အဆိုပါ ကဏ္ဍများအတွက် အသုံးစရိတ်ကို ပေါင် ၃၀ ဘီလျံ သတ်မှတ်ခဲ့ကြောင်း သိရသည်။ "အရေးပေါ် အကူအညီ ပေးရေးနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေအတွက် ၂၀၁၄ ခုနှစ် နိုင်ငံတော် အသုံးစရိတ်ကို ဆီးရီးယား ပေါင် ၅၀ ဘီလျံအထိ တိုးမြှင့်သတ်မှတ် ထားပါတယ်" ဟု ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။

ဟယ်လ်ကီက "စားနပ်ရိက္ခာ၊ စွမ်းအင်နဲ့ ဆေးဝါးအန္တရာယ် ကင်းရှင်းရေးတို့ကို အဓိက ဦးစားပေး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ဆီးရီးယား စားနပ်ရိက္ခာ ပြတ်လပ်မှုသည် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်နှင့် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့တို့က ပြီးခဲ့သည့် တစ်ပတ်တွင် ပြောကြားခဲ့သည်။ လပေါင်း ၃၀ ကြာခဲ့ပြီဖြစ်သော ဆီးရီးယား ပဋိပက္ခတွင် လူ ၁၁၀၀၀၀ ကျော် သေဆုံးခဲ့ပြီး သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ချမှတ်ရန် ရုရှားနှင့် အမေရိကန်တို့ လွန်ဆွဲနေချိန်တွင် ကျင်းပမည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အထွေထွေ ညီလာခံတွင် ဆီးရီးယားအရေးက အဓိက ဆွေးနွေးရမည့် အကြောင်းအရာတစ်ခု ဖြစ်သည်။ ဓာတုလက်နက် ဖျက်သိမ်းရေးကို မလိုက်နာပါက ဆီးရီးယားကို အရေးယူရန် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွင် ပါဝင်ဖွယ်ရှိကြောင်း ရုရှားသံတမန် တစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

Ref:AFP

ဂီနီတွင် ဆယ်စုနှစ် တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် ပါလီမန် ရွေးကောက်ပွဲ ကျင်းပ

 

မြို့တော်ကွန်နာကရီတွင် ဂီနီပြည်သူ့ပါတီ (RPG) ထောက်ခံသူများက စက်တင်ဘာ ၂၆ ရက်က မဲဆွယ်မှု တစ်ခုတွင် ပါဝင်နေစဉ် (Photo:AFP)


မတည်မငြိမ် ဖြစ်ပွားခဲ့သော ဂီနီနိုင်ငံ၏ ဆယ်စုနှစ် တစ်ခုကျော်အတွင်း ပထမဆုံး ပါလီမန် ရွေးကောက်ပွဲများကို စက်တင်ဘာ ၂၈ ရက်တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့ကြောင်း သိရသည်။

အမျိုးသား လွှတ်တော်တွင် အမတ်နေရာ ၁၁၄ နေရာအတွက် ကိုယ်စားလှယ်လောင်း ၁၇၀၀ ကျော်က ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် စစ်တပ်အုပ်ချုပ်မှု အဆုံးသတ်ပြီးနောက် ဂီနီကို အုပ်ချုပ်လာခဲ့သော အသွင်ကူးပြောင်းရေး ပါလီမန်အစား ယင်းအမျိုးသား လွှတ်တော်က အစားထိုးမည် ဖြစ်သည်။

၂၀၁၀ ပြည့်နှစ်တွင် သမ္မတ အယ်လ်ဖာကွန်ဒီ ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ခြောက်လအတွင်း ပါလီမန် ရွေးကောက်ပွဲ ကျင်းပရန် မူလက စီစဉ်ထားခဲ့သော်လည်း နိုင်ငံတွင်း အငြင်းပွားမှုများကြောင့် ကြိမ်ဖန်များစွာ ရွှေ့ဆိုင်းမှု ပြုလုပ်ခဲ့ရသည်။ ၁၉၅၈ ခုနှစ်တွင် ပြင်သစ်လက်အောက်မှ လွတ်မြောက်ပြီး ကတည်းက ဂီနီတွင် လူမျိုးရေး တင်းမာမှုများ ဖြစ်ပွားခဲ့သည်။

"ယခု ရွေးကောက်ပွဲဟာ ငါးနှစ်ကြာ အသွင်ကူးပြောင်းကာလမှာ ၀ရုန်းသုန်းကား အခြေအနေကနေ ကျွန်တော်တို့ကို လွတ်မြောက်စေမှာပါ" ဟု ကွန်ဒီက စက်တင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ ယင်းရွေးကောက်ပွဲသည် သတ္တုရင်းမြစ် ပေါများသော ဂီနီအတွက် အကျိုးအမြတ်များ ပြည့်ဝစွာ ခံစားရမည့် ခေတ်သစ်ရောက်ရှိမည်ဟု အချက်ပြနေကြောင်း ကွန်ဒီက ဆိုသည်။

ယခု ရွေးကောက်ပွဲကို ၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံး ဒီမိုကရေစီနည်းကျ အစစ်အမှန် ပါလီမန် ရွေးကောက်ပွဲအဖြစ် ယူဆထားကြသည်။ စစ်အာဏာရှင် လက်ထက်တွင် ကျင်းပခဲ့သော ၂၀၀၂ ခုနှစ် ရွေးကောက်ပွဲသည် အတိုက်အခံများ၏ သပိတ်မှောက်ခဲ့ကြပြီး အတုအယောင် ရွေးကောက်ပွဲအဖြစ် သတ်မှတ်ခဲ့ကြသည်။

သမ္မတကွန်ဒီ အစိုးရနှင့် ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ မသမာမှု ပြုလုပ်မှုများအား တားဆီးရန် ပျက်ကွက်ခဲ့သည်ဟု အတိုက်အခံတို့က စွပ်စွဲထားကာ မြို့တော်ကွန်နာကရီတွင် ဆန္ဒပြခဲ့ကြသည်။ ယခုသီတင်းပတ် အစောပိုင်းအတွင်း ဆန္ဒပြသူများနှင့် လုံခြုံရေး တပ်ဖွဲ့များအကြား ပဋိပက္ခ ဖြစ်ပွားကာ ရဲတစ်ဦး သေဆုံးပြီး လူ ၇၀ ကျော် ဒဏ်ရာရခဲ့သည်။

Ref:AFP

ဇမ်ဘိုအန်ဂါမြို့တွင် သူပုန်တို့နှင့် စစ်ဆင်ရေး ပြီးဆုံးသွားပြီဟု ဖိလစ်ပိုင် ကြေညာ




အလောင်းပုပ်ပွ အနံ့များကြောင့် ဓာတ်ငွေ့ကာ မျက်နှာဖုံး ၀တ်ဆင်ထားသော ဖိလစ်ပိုင်စစ်သားများ ပျက်စီးနေသော အိမ်များအကြား စက်တင်ဘာ ၂၆ ရက်က ကင်းလှည့်နေစဉ် (Photo:AFP)

ဖိလစ်ပိုင် တောင်ပိုင်းတွင် ဓားစာခံ ၂၀၀ နီးပါးကို ဖမ်းဆီးထားသော မွတ်စလင် သူပုန်များနှင့် သီတင်းပတ်သုံးပတ်ကြာ စစ်ဆင်ရေး ပြီးဆုံးသွားပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူအားလုံး လွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး Voltaire Gazmin က စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ အစိုးရတပ်များက ကယ်တင်ခြင်းနှင့် မိုရိုအမျိုးသား လွတ်မြောက်ရေးတပ်ဦး (MNLF) က လွှတ်ပေးခြင်းတို့ကြောင့် လွတ်မြောက်လာသူ ဓားစာခံ ၁၉၅ ဦး ရှိခဲ့ကြောင်း သိရသည်။

၁၉ ရက်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း သူပုန် ၁၆၆ ဦး၊ အစိုးရနှင့် ရဲတပ်ဖွဲ့ဝင် ၂၃ ဦးနှင့် အရပ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်ထားသည်။ ဖမ်းဆီးထားသည့် သူပုန် ၂၃၈ ဦးကို လက်နက်ကိုင် ပုန်ကန်မှု၊ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို ချိုးဖောက်မှုများဖြင့် တရားစွဲဆို သွားမည်ဖြစ်ကြောင်း သိရသည်။

"သူပုန်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံ မကျန်တော့ဘူးဆိုတာ သိရှိရပါတယ်" ဟု ဖိလစ်ပိုင်စစ်တပ် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဒိုမင်ဂိုတူတန်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ဗိုလ်မှူးချုပ် တူတန်က အစိုးရတပ်ဖွဲ့များ၏ စစ်ဆင်ရေးသည် မပြီးသေးကြောင်း၊ လက်တစ်ဆုပ်စာ သူပုန်အချို့သည် ပုန်းအောင်းနေသေးကြောင်း ပြောကြားထားသည်။ "မြို့တွေထဲမှာ သူပုန်တွေ ကျန်နေပါသေးတယ်။ သူတို့အထဲက တစ်ယောက်ကျန်သေးတယ် ဆိုရင်တောင်မှ သူ့အနေနဲ့ လူတွေကို ပစ်သတ်နိုင်ပါသေးတယ်" ဟု တူတန်က ပြောကြားသည်။

ဖိလစ်ပိုင်သမ္မတ ဘီနစ်နိုအကွီနို၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး အဘီဂေးဗယ်တီက "တိုက်ပွဲတွေ စဖြစ်တဲ့နေ့ကစပြီး ကျွန်မတို့ရဲ့ တာဝန်က ဓားစာခံတွေ အန္တရာယ်ကင်းရှင်းရေး အတွက်ပါပဲ။ အရပ်သားတွေကို အန္တရာယ် ကင်းရှင်းစွာ ပြန်ခေါ်နိုင်ရေးဖြစ်ပြီး အခုဒီတာဝန်တွေ ပြီးစီးသွားခဲ့ပါပြီ" ဟု နိုင်ငံပိုင် အသံလွှင့် ဌာနမှတစ်ဆင့် ပြောကြားခဲ့သည်။

ယခု တိုက်ခိုက်မှုများကို ဦးဆောင်ခဲ့သည့် MNLF သူပုန်ခေါင်းဆောင် ဟာဘာမာလစ်နှင့် တိုက်ခိုက်မှုကို ကြိုးကိုင်ဆောင်ရွက် ခဲ့သည်ဆိုသော MNLF အဖွဲ့ ထူထောင်ခဲ့သူ နူအာမစ်ဆူအာရီတို့ ပုန်းအောင်းနေသည့် နေရာကို မသိရှိရသေးပေ။

အခြား မွတ်စလင် သူပုန်အဖွဲ့နှင့် အစိုးရတို့အကြား ပြုလုပ်နေသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ပျက်စီးစေရန်အတွက် တိုက်ခိုက်မှုများ ပြုလုပ်ရန် မစ်ဆူအာရီက မာလစ်နှင့် သူပုန်ရာပေါင်းများစွာကို ဇမ်ဘိုအန်ဂါမြို့သို့ စေလွှတ်ခဲ့ကြောင်း သိရသည်။

Ref:AFP

ချင်းတောင်ခြေတွင် တောင်ကျရေ ကျဆင်းလာမှုကြောင့် မြေပြိုခြင်း အိမ်၊ တိရစ္ဆာန်များ မျောပါခြင်းနှင့် လူသေဆုံးမှုများ ရှိခဲ့

 Created on Tuesday, 01 October 2013

ကလေးဝမြို့နယ် ကျောက်ခုတ်ကျေးရွာအနီး မြေပြိုမှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်သူထွန်း)

ကလေး၊ ကလေးဝ၊ တမူးမြို့နယ်များတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာသဖြင့် မြေပြိုကျခြင်း၊ အိမ်များ၊ တိရစ္ဆာန်များ မျောပါခြင်းများ ဖြစ်ခဲ့ကာ ဒေသတွင်းရှိ ကားလမ်းများ ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

''အခုဆိုရင် ကလေးမြို့နဲ့ ကလေးဝမြို့ ၂၄ မိုင်ခရီးမှာ မြေပြိုမှုကြောင့် လမ်းတွေ ပိတ်နေတယ်။ သစ်ချောက်ကျေးရွာက ၀ါးရဲတံတားက အောက်ခြေတိုင် မရှိတော့ဘူး။ သစ်ချောက်ကျေးရွာနဲ့ ကျောက္ကာကျေးရွာ ကြားမှာ မြေပြိုနေတာ လေးနေရာလောက် ရှိတယ်။ ၁၂ မိုင်တံတားအနီး စိုက်ခင်းကျေး ရွာ ကွန်ပျူတာ တက္ကသိုလ်ရှေ့ ကျီကုန်းကျေးရွာနဲ့ ရှစ်မျက်နှာဘုရားနဲ့ ကလေးမြို့ကြားမှာ ရေတွေကျော်နေပြီး လှေတွေ၊ စက်လှေတွေနဲ့ သွားရတယ်။ ကလေး-ဂန့်ဂေါ လမ်းပေါ်က နန်းကလိန် တံတားလည်း ပြုတ်ကျသွားတယ်။ ဂန့်ဂေါမြို့အ၀င်က စိုင်ဒူး တံတားကလည်း အောက်ခြေ တိုက်စားသွားလို့ ကားဖြတ်လို့ မရဘူး'' ဟု ကလေးမြို့ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။



တောင်ကျရေ ကျဆင်းလာမှုကြောင့် ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာအတွင်း ရေလျှံမှုများ ဖြစ်ပေါ်နေစဉ်

တောင်ကျချောင်းရေ ကျဆင်းမှုကြောင့် နတ်ကြီးကုန်းကျေးရွာအုပ်စု ဘုန်းချောင်းရေ ကျဆင်းမှုကြောင့် တဲများ၊ လူများ၊ တိရစ္ဆာန်များ မျောပါမှုများ ရှိခဲ့သည်ဟု သိရသည်။

''ချောင်းရေကြောင့် တဲပေါင်း ၄၀ ကျော် လောက် မျောမယ်။ ကလေးငယ်တစ်ဦး၊ ယောက်ျားတစ်ဦး၊ အမျိုးသမီးတစ်ဦး သေတယ်လို့ သိရတယ်။ ရေက ရုတ်တရက် တိုးလာတာ။ ကျွဲတွေနွားတွေလည်း တော်တော်မျောတယ်'' ဟု နတ်ကြီးကုန်းကျေးရွာ ဒေသခံ ကိုမျိုးကိုကိုက ပြောကြားသည်။

စခန်းကြီးကျေးရွာနှင့် နန်းစောင်းပု ကျေးရွာတို့တွင်လည်း နေရဉ္ဖရာချောင်းကျမှုကြောင့် အိမ်များမျောပါခြင်း တိရစ္ဆာန်များ မျောပါခြင်းများ ရှိခဲ့ပြီး လူအသေအပျောက် မရှိဟု သိရပါသည်။ ထို့ပြင် ကလေးဝ- ကလေးမြို့ ကားလမ်းနံဘေးရှိ နတ်ကြီးကုန်းကျေးရွာ၊ ကျောက္ကာကျေးရွာ၊ စိုက်ခင်းကျေးရွာ ၊ကျီကုန်းကျေးရွာတို့နှင့် တောင်ဦးရွာ၊ ပြင်သာကျေးရွာနှင့် မြစ်သာမြစ် ကမ်းနံဘေးရှိ ကျေးရွာအားလုံး ရေကြီးမှုဒဏ်ကို ခံစားခဲ့ကြရသည်ဟု သိရှိရသည်။

ကလေးမြို့အတွင်း တွင်လည်း ဆိပ်ကမ်းသာ တံတားမှာ ဥပုဒ်ချောင်းအတွင်း မျောပါခဲ့ပြီး ကလေးဝလမ်းပေါ်ရှိ ဆေးရုံတံတားမှာ ကမ်းကပ်အုတ်ခုံ ပြိုကျခဲ့ရကြောင်း သိရှိရသည်။
EMG

တိုက်လေယာဉ်တစ်စင်း ရန်ကုန်လေဆိပ် ပြေးလမ်းပေါ်၌ အရှိန်ထိန်းချုပ်သည့် လေထီးမပွင့်၍ ရန်ကုန်လေဆိပ် ခေတ္တပိတ်ခဲ့ရ

Created on Tuesday, 01 October 2013


မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှ တိုက်လေယာဉ်တစ်စင်းအား ၂၀၁၃ မတ် ၁၉ ရက်က ရန်ကုန်လေဆိပ်၌ တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်တစ်စင်း ရန်ကုန်လေဆိပ် ပြေးလမ်းပေါ်၌ အရှိန်ထိန်းချုပ်သည့် လေ ထီးမပွင့်မှုကြောင့် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ခေတ္တပိတ်ခဲ့ရကြောင်း သတင်းရရှိသည်။

''မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်က တိုက်လေယာဉ်တစ်စင်း ရန်ကုန်လေဆိပ်ကို ဆင်းသက်ချိန်မှာ အရှိန်ထိန်းချုပ်တဲ့ လေထီးမပွင့်လို့ ပြေးလမ်းပေါ်မှာ ခဏရပ်သွားတာပါ။ ခဏနေတော့ သူတို့ လေတပ်ဌာနချုပ် လေယာဉ်တွေနဲ့ ဆွဲယူသွားပါတယ်။ ဒီလို ဖြစ်နေတဲ့ အချိန်မှာ ရန်ကုန်လေဆိပ်ကို ဆင်းမယ့်လေယာဉ်တချို့ ခဏဆင်းလို့မရ ဖြစ်သွားတာပါ'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

ယင်းသို့ ရန်ကုန်လေဆိပ်အား ခေတ္တပိတ်ခဲ့ရသဖြင့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) မှ ဗန်ကောက်-ရန်ကုန်ခရီးစဉ် ပျံသန်းသည့် ခရီးစဉ်အမှတ် 8M 336 လေယာဉ်သည် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ခေတ္တသွားရောက် ဆင်းသက်ပြီးမှသာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ဆင်းသက် ခဲ့ရကြောင်း သိရသည်။ အဆိုပါ လေယာဉ်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက် ရမည့်အစား ညနေ ၃ နာရီ ၁၅ မိနစ်မှသာ ဆိုက်ရောက် နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

''ရန်ကုန်လေဆိပ်ကို ခဏပိတ်ထားတဲ့ အချိန်နဲ့ ကျွန်မတို့ 8 M 336 လေယာဉ်ဆင်းမယ့် အချိန်နဲ့ ကွက်တိဖြစ်သွားလို့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ခဏသွား ဆင်းခဲ့ရတာပါ။ ပြီးမှ ရန်ကုန်လေဆိပ်ကို ပြန်ဆင်းခဲ့ပါတယ်'' ဟု (MAI) လေကြောင်းလိုင်းမှ Marketing Manager ဒေါ်အေးမရသာက စက်တင်ဘာ ၃၀ ရက်က ပြောပြသည်။

ယခုကဲ့သို့ လေယာဉ်ပြေးလမ်းပေါ်တွင် လေယာဉ်တစ်စင်း မတော်တဆမှု ဖြစ်ပွားမှုကြောင့် လေဆိပ်သို့ ဆင်းသက်မည့် အခြားလေယာဉ်များနှင့် လေဆိပ်မှ ထွက်ခွာမည့် လေယာဉ်များ ဆင်းသက်-ထွက်ခွာ၍ မရဖြစ်ခြင်းမှာ လေယာဉ်ပြေးလမ်း တစ်ခုတည်းရှိသည့် လေဆိပ်ဖြစ်သည့် အတွက် ဖြစ်ကြောင်း သိရသည်။

''အခုလို လေယာဉ်ပြေးလမ်းပေါ်မှာ လေယာဉ်တစ်စင်း တစ်ခုခုဖြစ်လို့ ကျန်တဲ့ လေယာဉ်တွေ ဆင်းမရ၊ တက်မရဖြစ်တာက ပြေးလမ်းတစ်ခုတည်း ရှိတာကြောင့်ပါ။ ပြေးလမ်းသာ နှစ်ခုရှိမယ်ဆိုရင် ဒီလိုပြဿနာတွေ ဘာမှမရှိနိုင်ပါဘူး။ ကျွန်တော်တို့ အနေနဲ့ကတော့ လေကြောင်းဦးစီးဌာနက ဆင်းခွင့်ပေးပါလို့ပြောတဲ့ လေယာဉ်တိုင်းကို ဆင်းခွင့်ပြုပါတယ်'' ဟု မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဦးထွန်းနေ၀င်းက ပြောကြားသည်။
EMG

လက်ပံတောင်းတောင် စီမံကိန်းအတွင်းရှိ လယ်တီဆရာတော်ကြီး၏ စေတီနှင့် သိမ်တော်ကိစ္စ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြနေစဉ်အတွင်း မူလအတိုင်း ထားရှိရန် တိုင်းဒေသကြီး အစိုးရကတိပြု

Created on Tuesday, 01 October 2013


ဆန္ဒထုတ်ဖော် သူများနှင့် ဖြေလျော့ညှိနှိုင်းရေးအဖွဲ့တို့ စည်တီးဘုန်းကြီး ကျောင်းအတွင်း တွေ့ဆုံကြစဉ်

လက်ပံတောင်းတောင် ဒေသရှိ လယ်တီဆရာတော် ဘုရားကြီး၏ သိမ်တော်နှင့် စေတီအား ပြည်ထောင်စု လွှတ်တော်တွင် တင်ပြနေစဉ်အတွင်း မူလအတိုင်း မပျက်မယွင်း ထားရှိရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စက်တင်ဘာ ၃၀ ရက် ညနေပိုင်းတွင် ကတိပြု လက်မှတ်ထိုးခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင်သို့ လမ်းလျှောက် သူများမှာ စက်တင်ဘာ ၂၉ ရက် ညနေပိုင်းတွင် အဆိုပါ စည်တီးဘုန်းကြီးကျောင်းသို့ ရောက်ရှိကာ တစ်ညအိပ်နားခိုခဲ့ပြီး ၃၀ ရက် နံနက် ၇ နာရီတွင် ဆက်လက် ထွက်ခွာရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တားမြစ်ပိတ်ပင် ထားမှုကြောင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယင်းသို့ ညှိနှိုင်းရာတွင် စီတန်းလှည့်လည်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မအရ ယခုကဲ့သို့ စီတန်းလှည့်လည်ခြင်းကို တားမြစ်ပိတ်ပင်ခြင်း ဖြစ်ကြောင်း၊ လွှတ်တော်တွင် တင်ပြနေစဉ်အတွင်း မပျက်မစီး မရွှေ့မပြောင်းဘဲ ပကတိအတိုင်း တည်ရှိစေရမည် ဖြစ်ကြောင်းကို တိုင်းဒေသကြီး သာသနာဝန်ကြီး၊ စက်မှုနှင့်လျှပ်စစ်ဝန်ကြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး စသည်တို့မှ သဘောတူညီ ကတိပြုခဲ့ကြသည်။

''ညှိနှိုင်းသဘောတူတဲ့ အချက်ထဲမှာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကနေ စီတန်းလမ်းလျှေက် သူတွေကို အခုလို ဖြစ်ရပ်မျိုး မပေါ်ပေါက်တဲ့ အချိန်ထိ အရေးယူခြင်း မပြုဖို့ ပါဝင်ပါတယ်။ အခုဖြစ်စဉ်ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်းတို့ ကြားဝင်ညှိနှိုင်း ပေးခဲ့ပြီး လွှတ်တော်မှာ တင်ပြပေးသွားမှာပါ။ ဒီအတောအတွင်း မူလအတိုင်း မပျက်မယွင်း ရှိစေဖို့ ၀န်ကြီးတွေ အဖွဲ့က သဘောတူ ကတိပြုလို့ လမ်းဆက် မလျှောက်တော့တာပါ'' ဟု လက်ပံတောင်းအရေး ဆောင်ရွက်နေသူ ဆရာတော်ဦးသုက ပြောကြားသည်။

EMG

ပထမဆုံး အကြိမ်အဖြစ် ဂျပန်ရေတပ်မှ လေ့ကျင့်ရေး စစ်သင်္ဘောသုံးစင်း မြန်မာနိုင်ငံသို့ ငါးရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်

 Created on Tuesday, 01 October 2013


စက်တင်ဘာ ၃၀ ရက်က သီလ၀ါဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ဂျပန်ရေတပ်မှ လေ့ကျင့်ရေး စစ်သင်္ဘောကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်ဇော်ထွန်း)

ဂျပန်ရေတပ် ကာကွယ်ရေး တပ်ဖွဲ့မှ လေ့ကျင့်ရေး စစ်သင်္ဘောသုံးစင်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် ငါးရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ-ဂျပန် နှစ်နိုင်ငံ အပြန်အလှန် နားလည်မှုအရ ဂျပန်ရေတပ် ကာကွယ်ရေး တပ်ဖွဲ့မှ အရာရှိများအား ပြည်ပလေ့ကျင့် သင်တန်းပေးရေး အစီအစဉ်အရ လာရောက်ခြင်းဖြစ်ပြီး မြန်မာ့တပ်မတော် (ရေ) မှ အရာရှိ စစ်သည်များနှင့် အားကစား ပူးပေါင်း လေ့ကျင့်မှုများ၊ အခြားကူးလူး ဆက်ဆံမှုများ ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

ဂျပန်ရေတပ် ကာကွယ်ရေး တပ်ဖွဲ့အနေဖြင့် ယခုလာရောက်သည့် ခရီးစဉ်တွင် မြန်မာ့တပ်မတော် (ရေ) နှင့် စစ်ရေးလေ့ကျင့်မှုများ ပူးပေါင်း လုပ်ဆောင်သွားရန် အစီအစဉ် မရှိသော်လည်း အနာဂတ် ခရီးစဉ်များတွင် ယင်းကဲ့သို့ စစ်ရေးလေ့ကျင့်မှုများ ပူးပေါင်းပြုလုပ်သွားရန် အစီအစဉ် ရှိကြောင်း သိရသည်။

''အခုခရီးစဉ်မှာတော့ စစ်ရေးလေ့ကျင့်မှုတွေ ပူးပေါင်းလုပ်ဆောင်ဖို့ အစီအစဉ် မရှိပေမယ့် အနာဂတ် မြန်မာနိုင်ငံကို လာရောက်မယ့် ချစ်ကြည်ရေး ခရီးစဉ်တွေမှာတော့ စစ်ရေးလေ့ကျင့်မှုတွေ ပူးပေါင်းလုပ်ဆောင်ဖို့ အစီအစဉ် ရှိပါတယ်'' ဟု ဂျပန်ရေတပ် ကာကွယ်ရေးတပ်ဖွဲ့မှ စစ်ရေယာဉ်မှူး F. KITGAWA က ပြောကြားသည်။

ဂျပန်ရေတပ် ကာကွယ်ရေး တပ်ဖွဲ့မှ လေ့ကျင့်ရေး သင်္ဘောများဖြစ်သော KASHIMA, SHIRAYUKI, ISOYUKI သင်္ဘောသုံးစင်းတွင် အရာရှိစစ်သည် ၇၀၀ ကျော် လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် ခေတ္တနေထိုင်မည့် ငါးရက်ကြာ ကာလအတွင်း ရန်ကုန်မြို့တွင်း ထင်ရှားသည့် နေရာများသို့ သွားရောက် လည်ပတ်ရန် စီစဉ်ထားကြောင်း သိရသည်။



စက်တင်ဘာ ၃၀ ရက်က သီလ၀ါဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ဂျပန်ရေတပ်မှ လေ့ကျင့်ရေး စစ်သင်္ဘောများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

လက်ရှိမြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် မြန်မာနိုင်ငံသားများနှင့် ချစ်ကြည်ရေးအရ ကူးလူးဆက်ဆံမှုများ ပြုလုပ်နိုင်သည့်အတွက် ၀မ်းသာမိကြောင်းလည်း စစ်ရေယာဉ်မှူး F. KITGAWA က ပြောကြားသည်။

ယခုကဲ့သို့ ပထမဆုံးအကြိမ်အဖြစ် ဂျပန်ရေတပ် ကာကွယ်ရေး တပ်ဖွဲ့မှ လေ့ကျင့်ရေး သင်္ဘောများ လာရောက်ခြင်းကို လှိုက်လှဲစွာ ကြိုဆိုခဲ့သည့် မြန်မာ့တပ်မတော်(ရေ)မှ အရာရှိ စစ်သည်များအား The Daily Eleven သတင်းစာက သဘောထား မှတ်ချက်ပေးရန် မေးမြန်းမှုအပေါ် မြန်မာ့တပ်မတော် (ရေ) မှ အရာရှိ စစ်သည်များက ဖြေကြားရန် ငြင်းဆိုခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများအား တိုးမြှင့်ဆောင်ရွက် လျက်ရှိပြီး ၂၀၁၃ ခုနှစ် အတွင်း အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံမှ စစ်သင်္ဘောများ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း သိရသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ တရုတ်နှင့် ကိုရီးယားနိုင်ငံများမှ ရေကြောင်းဘက်ဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရန် ရေကြောင်းဌာနမှ M.V HAIXUN 01 သင်္ဘောသည် ဇူလိုင်၂၄ ရက်က မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည်။

၎င်းပြင် တရုတ်နိုင်ငံမှ ရေတပ်ဆေးရုံ သင်္ဘော (Peace Ark) သည် မြန်မာနိုင်ငံသို့ သြဂုတ် ၂၈ ရက်က ရောက်ရှိခဲ့ပြီး အခမဲ့ ဆေးကုသမှုများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

EMG

ဘာသာပေါင်းစုံ ပါဝင်သော မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း နှစ်နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနားတွင် မြစ်ဆုံစီမံကိန်း ရပ်တန့်ရန် ဘာသာဝင်အားလုံး ဆန္ဒပြု

Created on Tuesday, 01 October 2013


မြစ်ဆုံရပ်ဆိုင်းခြင်း နှစ်နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဘာသာပေါင်းစုံ ပါဝင်သော မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း နှစ်နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနားကို ဒေသခံ ဘာသာဝင်များက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယင်းဆုတောင်းပွဲသို့ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများ၊ ဟိန္ဒူဘာသာဝင်များ၊ ဆစ်ခ် ဘာသာဝင်များ၊ မွတ်စလင် ဘာသာဝင်များ၊ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ သာသနာ့ ဝန်ထမ်းများ လူဦးရေ ၃၀၀ ၀န်းကျင် တက်ရောက်ခဲ့ပြီး အခမ်းအနား ပြီးဆုံးခါနီးတွင် မြစ်ဆုံစီမံကိန်း ရပ်တန့်ရန် ဘာသာဝင် အားလုံးက ဆန္ဒပြုခဲ့ကြကြောင်း သိရသည်။

ယင်းဆုတောင်းပွဲတွင် ဘာသာပေါင်းစုံမှ လူဆယ်ဦးခန့်က မိမိတို့၏ ဆန္ဒနှင့် အမြင်များကို ထုတ်ဖော်ခဲ့ကြပြီး ဓမ္မဆရာဖာသာ နော်ဒင့်က ''လူတွေပယောဂ ကြောင့်တော့ မြန်မာမြို့ရွာတွေ မပျက်စီးစေချင်ဘူး။ ကချင် ပြည်နယ်မှာ လျှပ်စစ်လိုအပ်ချက်ဟာ ၅၀ မဂ္ဂါဝပ်လိုတယ်။ မြစ်ဆုံစီမံကိန်းဟာ မဂ္ဂါ ၀ပ် ၆၀၀၀ ကျော် ထုတ်လုပ်မယ် ဆိုတော့ ဒီလောက်ကြီးမားပြီး အန္တရာယ်များတဲ့ မြစ်ဆုံဆည် စီမံကိန်းဟာ လုံးဝမလိုအပ်ပါဘူး။ ယခု စီမံကိန်း မစတင်ခင်ကတည်းက လမ်းကြော တစ်လျှောက်က သစ်တောကြီးတွေ မကျန်တော့ဘူး။ ဒီဒေသကြီးသာ တရုတ်နိုင်ငံကို အပ်လိုက်ရင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာက ဘယ်မှာထားမှာလဲ။ ကျွန်တော်တို့ လက်ထက်မှာ အချိန်မီတားရမှာ။အခုတောင် ကျွန်တော်တို့ ကချင်ပြည်နယ်ရဲ့ ဘ၀ဟာ သံယံဇာတတွေ ထုတ်ယူလွန်းလို့ ကြံဖတ်ဘ၀ ရောက်နေပါပြီ''ဟု မိန့်သည်။

အခြားဆွေးနွေး သူများကလည်း မြစ်ဆုံစီမံကိန်းမှာ စင်ကာပူနိုင်ငံထက် သုံးဆကြီးမားသော တောင်ပေါ် ပင်လယ်ကြီးဖြစ်ပြီး ငလျင်ကြောနေရာတွင် တည်ဆောက်ထားသောကြောင့် ၎င်းဆည်ရေကြော တစ်လျှောက်တွင် မြန်မာနိုင်ငံသားများ မည်ကဲ့သို့ နေထိုင်ရမည်ကို စဉ်းစားစေလိုကြောင်း၊ ၎င်းအပြင် တရုတ်နိုင်ငံ၏ နည်းပညာ အရည်အသွေးနှင့် မိမိနိုင်ငံ၏ လုံခြုံရေး အခြေအနေကိုပါထည့် သွင်း စဉ်းစားကြရမည် ဖြစ်ကြောင်း၊ လုံးဝ အန္တရာယ် မရှိနိုင်ဟု ယူဆတည်ဆောက်ခဲ့သော ၀ိုင်းမော်မြို့နယ် အတွင်းက ၀ါရှောင် ဆည်ကလေးပင် သုံးကြိမ်တိုင် ဆည်ကျိုးပေါက်မှု ဖြစ်ပေါ်ခဲ့ပြီး လူအများ သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ကမ္ဘာပေါ်တွင်လည်း ဆည်များ၏ အန္တရာယ်ကြောင့် သေဆုံးဒုက္ခ ရောက်ရသူများ မရေမတွက် နိုင်အောင် ရှိကြောင်း တက်ရောက်သူများက ဆိုသည်။

ယင်းဆုတောင်းပွဲသို့ တက်ရောက်ခဲ့သူ ဒေါက်တာတူးဂျာက ၂၀၁၅ ရွေးကောက်ပွဲ တွင် မြစ်ဆုံဆည် စီမံကိန်းမှာ အကြီးမားဆုံး ဒီဘိတ်ဖြစ်လာနိုင်ပြီး ပြည်သူများ၏ ဆန္ဒသာ အဓိကကျကြောင်း ပြောကြားသည်။

၂၀၁၀ ခုနှစ် မေ ၂၈ ရက်တွင် နိုင်ငံတော် အစိုးရက မေခ-မလိခနှင့် ဧရာဝတီမြစ်ဆုံ ရေအားလQပ်စစ် စီမံကိန်းများ အကောင် အထည်ဖော်ခြင်း၊ မောင်းနှင်ဓာတ်အားထုတ် လုပ်ခြင်း၊ ပြန်လည်လွှဲပြောင်းခြင်းတို့ ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံခွင့်လိုင်စင် ထုတ်ပေးခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည် ရေကာတာ စီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ရပ်ဆိုင်း လိုက်ကြောင်း ကြေညာခဲ့သည်မှာ ယခု စက် တင်ဘာ ၃၀ ရက်တွင် နှစ်နှစ်ပြည်ခဲ့ပြီဖြစ် သည်။ မြစ်ဆုံဆည် တည်ဆောက်သည့် CPI ကုမ္ပဏီမှာ ယင်းစီမံကိန်းကို ပြန်လည် အကောင်အထည် ဖော်လိုပြီး ဆိုးကျိုးထက်ကောင်း ကျိုးများကြောင်း လွန်ခဲ့သော ဇွန် ၂၃ ရက် တွင် ကချင်ပြည်နယ် သတင်းစာ ဆရာအသင်း ၀င်များနှင့် သတင်းစာ ဆရာများအား CPI ကုမ္ပဏီ မန်နေဂျာ လီကောင်ဝှါက ဆိုသည်။

CPI ကုမ္ပဏီသည် ဧရာဝတီ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ် တည်ဆောက်ရန် မြစ်ဆုံ၊ ချီဖွေ၊ ၀ူဆောက်၊ ဖီဆော၊ ခေါင် လံဖူး၊ ယဲ့နန်၊ လာဆာတို့တွင် စီမံကိန်း ခုနှစ်ခုရှိပြီး စုစုပေါင်း စက်တပ်ဆင်အင်အားမှာ မဂ္ဂါဝပ် နှစ်သောင်းခန့်ရှိပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှုန်း ၁၀၀ ဘီလျံ ယူနစ်ခန့် ရှိမည်ဟု ယင်းကုမ္ပဏီ၏ မှတ်တမ်းစာအုပ်တွင် ဖော်ပြထားသည်။

EMG

Related Posts Plugin for WordPress, Blogger...