Friday, November 8, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်မတိုင်မီ တင်ပြရန်အဆို ပြည်ထောင်စုလွှတ်တော် အတည်ပြု

Friday, 08 November 2013


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထား ရယူရေး ဟောပြောပွဲကို NLD ပါတီက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်တွင် နိုဝင်ဘာ ၇ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ - ဇင်ဘိုလွင်)

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရန် ပြင်ဆင်ချက် အဆိုအား နိုဝင်ဘာ ၇ ရက်က အဆိုတင်သွင်းခဲ့ရာ ပြည်ထောင်စု လွှတ်တော်က သဘောတူ အတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ကော်မတီအနေဖြင့် အစီရင်ခံစာအား မူလသတ်မှတ်ထားသည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည်ဟု သတ်မှတ်ထားချက်အား ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက် မတိုင်မီ တင်သွင်းရမည်ဟု ပြောင်းလဲနိုင်ရန် ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ သတင်းထုတ်ပြန်ချက် (၁/၂၀၁၃)ဖြင့် ထုတ်ပြန်ခဲ့သော အကြံပြုချက်များကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မတိုင်မီ ပေးပို့ရန် သတ်မှတ်ချက်(အစား) ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မတိုင်မီပေးပို့ရန် အဆိုကို တင်သွင်းမှုကိုလည်း အတည်ပြုခဲ့သည်။

ဦးအေးမောက်က ''ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီသည် အများပြည်သူတို့ လိုလားချက်အရ လည်းကောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်၍ ပြည့်စုံသော အကြံပြုချက်များ ပေးပို့နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ မူလသတ်မှတ်ထားသည့် ဒီဇင်ဘာလတွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပချိန်နဲ့ တိုက်နေသည့် အတွက် သတ်မှတ်ရက်များအား ပြောင်းလဲပြင်ဆင် သတ်မှတ်ပေးရန် အဆိုတင်သွင်းခြင်း ဖြစ်ပါတယ်'' ဟု ပြောကြားသည်။ ကော်မတီတွင် ပါဝင်ခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုင်းကျော်အုန်း အစား ဦးစိုင်းဝင်းခိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်အစား မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၂ မှ ဦးဝင်းမောင်တို့ကို အစားထိုးခဲ့ကြောင်း သိရသည်။



ပူးပေါင်းကော်မတီသည် အများပြည်သူတို့ လိုလားချက်အရ လည်းကောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်၍ ပြည့်စုံသော အကြံပြုချက်များ ပေးပို့နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်...




အောက်တိုဘာ ၃၁ ရက်တွင် ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ယခုကဲ့သို့ နောက်ဆုတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခင်က အကြံပြုချက်များကို နိုဝင်ဘာ ၁၅ ရက် နောက်ဆုံးထား ပေးပို့ကြရန် ပြည်သူများထံ တောင်းခံခဲ့ကြောင်း၊ ထို့အတူ ကော်မတီ၏ အစီရင်ခံစာကို ဒီဇင်ဘာ ၃၁ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်မည်ဟု ဆုံးဖြတ်ထားခဲ့ကြကြောင်း သိရသည်။

သို့သော် ဖွဲ့စည်းပုံအခြေခံ လေ့လာသုံးသပ်ရေး ကော်မတီအနေဖြင့် ပြည်သူများထံမှ တောင်းခံထားသည့် အချိန်မှာ တိုတောင်းကြောင်း၊ ထို့ပြင် ဒီဇင်ဘာသည် အားကစားလနှင့်လည်း တိုက်ဆိုင်နေကြောင်း၊ အကြံပြုချက်များအပေါ် ၀ိုင်းဝန်းပြုစုရန် ရှိကြောင်း၊ ပြုစုချက် အပေါ်တွင် အသေးစိတ် ဆွေးနွေးရန်လည်း ရှိကြောင်း၊ ထို့ကြောင့် အချိန်သည် မလုံလောက်ဟု သုံးသပ်ပါကြောင်း၊ ယင်းဖြစ်ပေါ်လာသည့် အကြောင်းများကြောင့် မိမိတို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ အကြံဉာဏ် တောင်းခံသည့် အချိန်အား ဒီဇင်ဘာ ၃၁ ရက်အထိ တိုးမြှင့်ပြီး ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်တင်ပြရန် ၂၀၁၄ ခု နှစ်၊ ဇန်န၀ါရီ ၃၁ ရက် နောက်ဆုံးထား တင်ပြရန် သင့်လျော်မည်ဟု အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အဖွဲ့ဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က အစည်းအဝေး၌ ပြောကြားရာတွင် ''ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံသူ၊ နိုင်ငံသား အားလုံးနှင့် သက်ဆိုင်ကြောင်း၊ အားလုံးထံမှ အကြံဉာဏ် ရယူနေသည့်အတွက် ၀မ်းမြောက်မိပါကြောင်း၊ သို့သော် နိုင်ငံသူ၊ နိုင်ငံသား အားလုံးသည် ဥပဒေနှင့် နီးစပ်မှု မရှိသည့်အတွက် လေ့လာကြရမည်ကို နားလည်လက်ခံကြောင်း၊ ထို့ကြောင့် လေ့လာရမည့် အချိန်ကို ယခုလို သုံးလနီးပါး တိုးပေးခြင်းသည် လုံလောက်သည်ဟု ယူဆကြောင်း၊ ယခုကဲ့သို့ တိုးပေးပြီးပါက ကော်မတီမှ မပျက်မကွက် ဆက်လက်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံကြောင်း'' ဟု ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးနှင့် ပတ်သက်၍ ပြည်သူများထံမှ ရောက်ရှိလာသည့် အကြံပြုချက် များစွာရှိကြောင်း၊ ၎င်းတို့မှာ အခန်း(၁)အား အကြံပြုချက် စုစုပေါင်း ၅၁ ချက်၊ အခန်း (၂)အား ၁၅ ချက်၊ အခန်း (၃) အား ၁၅ ချက်၊ အခန်း (၄) အား ၃၃ ချက်၊ အခန်း(၅)အား ၁၁၈ ချက်၊ အခန်း (၆)အား ၂၅ ချက်၊ အခန်း (၇)အား သုံးချက်၊ အခန်း(၈)တွင် ၂၈ ချက်၊ အခန်း(၉) အား ကိုးချက်၊ အခန်း(၁၀)အား လေးချက်၊ အခန်း (၁၁)အား ၁၁ ချက်၊ အခန်း (၁၂) အား နှစ်ချက်၊ အခန်း (၁၃)အား နှစ်ချက်၊ အခန်း (၁၄)အား ၂ ချက်၊ အခန်း(၁၅)အား လေးချက် အသီးသီး အကြံပြု သုံးသပ်ချက်များ ပေးပို့ထားကြောင်း သိရသည်။

EMG

ကချင်ပြည်နယ် အခြေစိုက် ရှမ်းနီတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီဝင်များနှင့် အီးယူ သံအမတ်တို့ တွေ့ဆုံ



Friday, 08 November 2013



ရှမ်းနီ တိုင်းရင်းသားများ ဖွံ့ဖြိုတိုးတက်ရေး ပါတီဝင်များနှင့် အီးယူ သံအမတ်တို့ တွေ့ဆုံစဉ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် ရှမ်းနီ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီအဖွဲ့ဝင်များနှင့် ဥရောပသမဂ္ဂ (အီးယူ)သံအမတ် အဖွဲ့တို့ နိုဝင်ဘာ ၅ ရက်က မြစ်ကြီးနားမြို့ ခေမာသီရိ ရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံတွင် တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့သည်။

ယင်းသို့ တွေ့ဆုံစဉ် ရှမ်းနီလူမျိုးများအား မှတ်ပုံတင်ဌာန၌ အမည်စာရင်းပေါက်အောင် ဆောင်ရွက်ရာတွင် ကူညီပေးရန် အီးယူ သံအမတ်အဖွဲ့အား ရှမ်းနီပါတီဝင်များက အကူအညီ တောင်းခံခဲ့သည်။

ရှမ်းနီ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဦးကျော်လေးက "ရှမ်းနီတွေဟာ ကချင်ပြည်နယ်မှာ အများဆုံး နေကြပါတယ်။ အခုဆိုရင် လူမျိုးတောင် ပျောက်ခါနီးပါပြီ။ လူမျိုးကိုလည်း နာမည်အမျိုးမျိုး ခေါ်ဝေါ်နေပြီး လူဝင်မှု ကြီးကြပ်ရေးဌာနမှာတောင် အမည်မှန်မရှိပါဘူး။ ကျွန်တော်တို့ လူမျိုး၊ စကား၊ စာပေတွေဟာ ပျောက်ကွယ် လာပါတယ်။ အီးယူဘက်က တက်နိုင်သမျှ ကူညီဖို့လည်း ဖိတ်ခေါ်ပါတယ်"ဟု ဆိုသည်။

ရှမ်းနီ တိုင်းရင်းသားများ၏ အကူအညီ တောင်းခံမှုနှင့် ပတ်သက်ပြီး အီးယူ သံအမတ်ကြီး Mr.Roland Kobia က တတ်နိုင်သရွေ့ ကူညီသွားမည်ဟု ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

ရှမ်းနီ တိုင်းရင်းသားများသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် နေထိုင်ကြပြီး လက်ရှိတွင် ရှမ်းနီ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ရှမ်းနီလူဦးရေ စာရင်းကောက်ယူနေကာ ခန့်မှန်း လူဦးရေ သိန်း ၂၀ ၀န်းကျင် ရှိနေကြောင်း သိရသည်။


EMG

မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တစ်ပတ်အတွင်း ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော်ရှိပြီး မြန်မာ့ပို့ကုန်များ ပိုမိုတင်ပို့ခဲ့

Friday, 08 November 2013



မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်း

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နယ်စပ် ကူးသန်းရောင်းဝယ်ရေး စခန်းမှ တစ်ပတ်အတွင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော်ရှိပြီး သွင်းကုန်ထက် ပို့ကုန်တင်ပို့မှု များပြားခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိ မူဆယ်စခန်းမှ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၁၃၁ ဒသမ ၃၄၆ သန်းရှိ ခဲ့ပြီး အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၉၄၆ သန်း ရှိခဲ့သဖြင့် ယခုဘဏ္ဍာရေးနှစ် အတွင်း မူဆယ်နယ်စပ် စခန်းမှ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၁၉၂ ဒသမ ၂၉၂ သန်းရှိပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံ လေးနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရာတွင် တရုတ်နှင့် ကုန်သွယ်မှုပမာဏ အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော် ကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာန၏ ကုန်သွယ်မှု စာရင်းများအရ သိရသည်။

အိမ်နီးချင်း လေးနိုင်ငံဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်နှင့်ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးစသည့် နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာရေးနှစ် နိုဝင်ဘာ ၁ ရက်အထိ နယ်စပ်စခန်းများမှ ကုန်သွယ်မှု ပမာဏ စုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၂၇၉၂ သန်းကျော် ရရှိခဲ့ပြီး တရုတ်နှင့် ကုန်သွယ်မှု တစ်ခုတည်းမှ နှစ်ဘီလျံကျော် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက် ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောအုပ်စုဝင် ထုတ်ကုန်များကို နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ အိမ်နီးချင်း နိုင်ငံများသို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး အိမ်နီးချင်း နိုင်ငံများမှ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ကြောင်း သိရသည်။

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်သည့် စခန်းမှာ များပြားသော်လည်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပြုသည့် ပမာဏမှာမူ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုထက် များစွာလျော့နည်း နေသေးသည်။

လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော် ရရှိရန် လျာထားခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ ကုန်သွယ်မှု ပြုလုပ်နိုင်ရန် လျာထားကြောင်း သိရသည်။


EMG

USAID က မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နည်းပညာ အကူအညီများကို နောက်ထပ် ငါးနှစ်ပေးသွားမည်

Friday, 08 November 2013



ဖျာပုံမြို့နယ်၊ ဓမင်းဆိပ်ကျေးရွာရှိ စက်လှေတစ်စင်းအား တွေ့ရစဉ်

အမေရိကန် အခြေစိုက် အကူအညီပေးရေး အဖွဲ့ဖြစ်သည့် USAID မှ မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာအကူအညီများကို နောက်ထပ် ငါးနှစ် ပေးသွားမည် ဖြစ်ကြောင်း Winrock International အဖွဲ့အစည်းမှ မြန်မာနိုင်ငံဆိုင်ရာ Country Director ဒေါက်တာ အိသန္တာကျော်က ပြောကြားသည်။

လက်ရှိတွင် USAID ၏ ငွေကြေး ထောက်ပံ့မှုရယူကာ Winrock International အဖွဲ့အစည်းမှ လယ်သမားမှ လယ်သမား (Farmer to Farmer) အစီအစဉ်ဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ အပါအ၀င် လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင်လည်း နည်းပညာ အကူအညီများ ပေးလျှက်ရှိကြောင်း သိရသည်။

"မွေးမြူရေးနဲ့ ရေလုပ်ငန်း ကဏ္ဍတွေ အပါအ၀င် အခြား ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက်ပါ နည်းပညာ အကူအညီတွေပေးမှာပါ။ နည်းပညာ အကူအညီ ငါးနှစ်ပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရုံးခန်း ဖွင့်ဖို့ ရှိပါတယ်"ဟု Winrock International အဖွဲ့အစည်းမှ မြန်မာနိုင်ငံဆိုင်ရာ Country Director ဒေါက်တာ အိသန္တာကျော်က ပြောကြားသည်။

လက်ရှိတွင် USAID ၏ ငွေကြေး ထောက်ပံ့မှုရယူကာ Winrock International အဖွဲ့အစည်းမှ လယ်သမားမှ လယ်သမား (Farmer to Farmer) အစီအစဉ်ဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ အပါအ၀င် လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင်လည်း နည်းပညာ အကူအညီများ ပေးလျှက်ရှိကြောင်း . . .


မြန်မာနိုင်ငံတွင် USAID ၏ ငွေကြေး အထောက်အပံ့ကို ရယူကာ Winrock International အဖွဲ့အစည်းမှ ပညာရှင်များက Farmer to Farmer အစီအစဉ်အရ နည်းပညာ အကူအညီပေးရာတွင် စမ်းသပ်ကာလအဖြစ် မကြာခင် တစ်နှစ်ပြည့်မည့် အချိန်တွင် အကူအညီပေးခဲ့သည့် အစီရင်ခံစာများကို USAID သို့ တင်ပြရာတွင် ယင်းမှ ကျေနပ်မှု ရှိသည့်အတွက် နောက်ထပ်ငါးနှစ် အကူအညီထပ်ပေးရန် ဆုံးဖြတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ရေလုပ်ငန်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် USAID ရဲ့ နည်းပညာ အကူအညီတွေ အများကြီးရပါတယ်။ ငါးလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ နည်းပညာ အကူအညီတွေ ပေးနေတာ ဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

မြန်မာမွေးမြူရေး လုပ်ငန်းအဖွဲ့မှ အကြံပေး ဒေါက်တာ သန်းလှက "နောက်ငါးနှစ်မှာ ဒီမှာက ရုံးခန်းဖွင့်ပြီးတော့ အကူအညီပေးမှာ ဖြစ်တယ်။ ဒီမှာက Country Director လည်း ခန့်ပြီးပြီဆိုတော့ နည်းပညာအကူအညီ ပေးမှုတွေ လုပ်ရာမှ ပိုပြီးမြန်လိမ့်မယ်။ ပိုပြီးတော့ ထိရောက်မှု ရှိလိမ့်မယ်လို့ ကျွန်တော်ထင်တယ်"ဟု ပြောကြားသည်။

အမေရိကန် အခြေစိုက် အကူအညီပေးရေးအဖွဲ့ဖြစ်သည့် USAID ၏ ငွေကြေးအကူအညီကို ရယူပြီး Winrock International အဖွဲ့အစည်းမှ လယ်သမားမှ လယ်သမားသို့ (Farmer tot Farmer) အစီအစဉ်ဖြင့် နည်းပညာ အကူအညီများ ပေးရာတွင် မွေးမြူရေး၊ ရေလုပ်ငန်း၊ စိုက်ပျိုးရေးစသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အကူအညီ ပေးလျှက်ရှိကြောင်း သိရသည်။

EMG

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် စီးပွားရေး တိုးတက်မှု ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာမည် ဖြစ်သော်လည်း ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန်တွင်မူ စီးပွားရေး တိုးတက်မှုကို စိန်ခေါ်မှုများ ရှိလာနိုင်ကြောင်း ကမ္ဘာ့ဘဏ် သတိပေး


Friday, 08 November 2013

 

ရန်ကုန်ဆိပ်ကမ်းဧရိယာတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

၂၀၁၃-၂၀၁၄ ဘဏ္ဍာရးနှစ်အတွက် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်နှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာမည် ဖြစ်ပြီး အလယ်အလတ်ကာလတွင် ၆ ဒသမ ၉ ရာခိုင်နှုန်းအထိ မြင့်တက်ရန် ရည်မှန်းထားသော်လည်း ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန်တွင်မူ စီးပွားရေး တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို အာရုံစူးစိုက်ရန် ခက်ခဲသည့် စိန်ခေါ်မှုများ ရှိနေခြင်းသည် မြန်မာ့စီးပွားရေး အလားအလာအတွက် အန္တရာယ်ရှိလာနိုင်သည်ဟု ကမ္ဘာ့ဘဏ်က သတိပေးလိုက်ကြောင်း သတင်းရရှိသည်။

ယခုနှစ်တွင် စီးပွားရေး တိုးတက်လာခဲ့ခြင်း၏ အဓိက အကြောင်းရင်းမှာ ဓာတ်ငွေ့ထုတ်လုပ်မှု ဆက်လက် တိုးတက်နေခြင်းနှင့် ကုန်သွယ်မှု မြင့်တက်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း သတင်းရရှိသည်။ ဓာတ်ငွေ့ ထုတ်လုပ်မှု၊ ၀န်ဆောင်မှု၊ ဆောက်လုပ်ရေး၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများနှင့် လူသုံးကုန်ပစ္စည်း နိုင်ငံခြား တင်ပို့မှု အားကောင်းလာသောကြောင့် မြန်မာ့စီးပွားရေးသည် ၂၀၁၂-၁၃ တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ယခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းကျော် ရှိလာနိုင်ကြောင်း သုံးသပ်နိုင်ခြင်း ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။ ယခုနှစ်တွင် စီးပွားရေး တိုးတက်မှုနှင့်အတူ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၇ ဒသမ ၃ ရာခိုင်နှုန်း ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။

အလားတူ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ဘတ်ဂျက်လိုငွေ ၄ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၂-၂၀၁၃ ဘတ်ဂျက်လိုငွေမှာ ၃ ဒသမ ၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း သိရသည်။

စီးပွားရေးပညာရှင်များ၏ သုံးသပ်ချက်အရမူ မြန်မာနိုင်ငံ၏ ယခုနှစ် ဘတ်ဂျက်လိုငွေ ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ၂၀၁၂-၂၀၁၃ ဂျီဒီပီမှာ ၄၅ ဒသမ ၉ ဘီလျံရှိကြောင်း၊ ယခုနှစ် ဂျီဒီပီကိုမူ ၅၀ ဘီလျံ ၀န်းကျင်ခန့် ရှိနိုင်ကြောင်း သုံးသပ်ကြသည်။ စီးပွားရေး တိုးတက်မှုတွင် ၂၀၁၁ ခုနှစ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၁၃ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်း ခန့်မှန်းထားကြောင်း သိရသည်။

ယင်းကဲ့သို့ စီးပွားရေး တိုးတက်လာခြင်းမှာ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် သဘာဝ ဓာတ်ငွေ့ရောင်းချမှုမှ အမေရိကန် ဒေါ်လာ ၃ ဒသမ ၅ ဘီလျံရရှိခဲ့ရာမှ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၄ ဘီလျံထိ ရောက်ရှိခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ထုတ်ပြန်ထားသည်။

၂၀၁၃-၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီ ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု မျှော်မှန်းထားသော်လည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန်တွင်မူ စီးပွားရေး တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို အာရုံစူးစိုက်ရန် ခက်ခဲသည့် စိန်ခေါ်မှုများ ရှိနေကြောင်း သိရသည်။


EMG

ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ကာကွယ်ရေး ၀တ်စုံများ ထောက်ပံ့မည်



Friday, 08 November 2013


သံတွဲပဋိပက္ခ ဖြစ်စဉ်တွင် လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦး (ဓာတ်ပုံ- ၀င်းမြင့်ကျော်)

ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ကာကွယ်ရေး ချပ်ဝတ်စုံများ ထောက်ပံ့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် သူရဘိုနီက ပြောကြားသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ဥရောပသမဂ္ဂ၏ စံချိန်နှင့်အညီ ဖြည့်ဆည်းပေးသွားမည့် အပိုင်းမှာ အဓိကရုဏ်း နှိမ်နှင်းမှုတွင် ၀တ်ဆင်မည့် ချပ်ဝတ်များကို ဖြည့်ဆည်း တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို အဓိကရုဏ်း နှိမ်နှင်းရာတွင် နိုင်ငံတကာ စံနှုန်းများနှင့်အညီ ကိုင်တွယ်ဖြေရှင်းရန် နိုဝင်ဘာ ၄ ရက်မှစပြီး သင်တန်းပို့ချနေကြောင်း ပြည်ထဲရေး ၀န်ကြီးဋ္ဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်ထံမှ သိရသည်။

ရဲမှူးချုပ်သူရဘိုနီက ''ရဲတွေကို လေ့ကျင့်တဲ့ အပိုင်းကို သုံးပိုင်းခွဲပြီး ဆောင်ရွက်သွားမှာပါ။ ပထမတစ်ပိုင်းကတော့ Front Management ကိုလေ့ကျင့်မယ်။ ဒုတိယကတော့ Community Policy ဆိုတဲ့ အပိုင်းကို ရန်ကုန်တိုင်းထဲမှာ ရှိနေတဲ့ မြို့နယ်တစ်ခုခုမှာ လက်တွေ့ ပြည်သူလူထုနဲ့ရဲနဲ့ ပေါင်းပြီးတော့ ပိုပြီးတော့ကောင်းမွန်တဲ့ လုံခြုံရေး၊ နောက်ပြီးတော့ တရားဥပဒေ စိုးမိုးရေးကို ဘယ်လိုဆောင်ရွက်မလဲ ဆိုတဲ့ဟာကို သူတို့ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက Community Policy နဲ့ လိုက်လျောညီထွေတဲ့ နိုင်ငံတကာ အဆင့်မီတဲ့ ရဲလုပ်ငန်းစနစ်ကို အတည်ပြုပြီးပြီဆိုရင် ထုတ်ပြန်ပြီးတော့ တစ်ပြိုင်နက် ဆောင်ရွက်သွားမယ်။ ရဲတပ်ရင်းတွေက အရာရှိတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ တပ်ရင်းတစ်ရင်းလုံးကို လေ့ကျင့်မှာ ဖြစ်ပါတယ်။ နောက်ရဲတပ်ရင်းပေါင်း ၁၀ ရင်း လေ့ကျင့်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့နယ်တွေ၊ တိုင်းနှင့် ပြည်နယ်တွေ အားလုံးက ဆင့်ပွားသင်တန်းတွေကတော့ တစ်ပြည်လုံး အတိုင်းအတာအထိ ဒီလိုပုံစံအတိုင်းပဲ ဆောင်ရွက်သွားဖို့၊ အဲဒီလို လေ့ကျင့်တာနဲ့အညီ ကျွန်တော်တို့ရဲ့ သုံးစွဲတဲ့ ရဲအဆောင်အယောင် တွေကလည်း EU & JY Standard အတိုင်း သူတို့တပ်ဆင် ပေးသွားမှာ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။

ဆက်လက်၍ ''ဒီမိုကရေစီ အစိုးရဖွဲ့စည်း ပေါ်ပေါက်လာတဲ့ အခါမှာ ရဲလုပ်ငန်းဟာ ပိုပြီးတော့ များပြားလာပါတယ်။ များပြားလာတဲ့အတွက် အားလုံးစနစ်တကျ လုပ်ဆောင်နိုင်အောင် ရဲတပ်ဖွဲ့ကိုလည်း တိုးချဲ့ဖွဲ့စည်းသလို၊ နိုင်ငံတကာ အဆင့်မီ ရဲတပ်ဖွဲ့ဖြစ်အောင် ဆောင်ရွက်နေပါတယ်'' ဟု ပြောကြားသည်။

''ဥရောပသမဂ္ဂက ရဲတပ်ရင်း ၁၀ ရင်း မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေကို အီးယူရဲ့ စံချိန်နဲ့အညီ ချပ်ဝတ်စုံ (ကာကွယ်ရေး) တွေကို ထောက်ပံ့သွားပါမယ်'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဋ္ဌာနချုပ်မှ ရဲမှူးကြီး ကိုကိုအောင်က နိုဝင်ဘာ ၇ ရက်တွင် ပြောကြားသည်။


EMG

မြန်မာ-တောင်ကိုရီးယား ပူးပေါင်းထုတ်လုပ်သည့် ရိတ်သိမ်းခြွေလှေ့စက် အစီး ၄၀၀ ကို လက်ငင်းငွေချေ စနစ်အပြင် အရစ်ကျပေးချေမှု စနစ်ဖြင့်လည်း ရောင်းချမည်

Friday, 08 November 2013


ရိတ်သိမ်းခြွေလှေ့စက်ကို အသုံးပြုပြီး စပါးခြွေနေသည့် တောင်သူများ

စက်မှုဝန်ကြီးဌာနနှင့် တောင်ကိုရီးယား နိုင်ငံတို့ ပူးပေါင်းထုတ်လုပ်သည့် ရိတ်သိမ်းခြွေလှေ့ စက်များကို လက်ငင်းငွေချေ စနစ်အပြင် အရစ်ကျ ငွေပေးချေမှု စနစ်များဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ သိရသည်။

စက်မှုဝန်ကြီးဌာနတွင် မြင်းကောင်ရေ ၇၅ ကောင်အား အစီး ၂၀၀ နှင့် မြင်းကောင်ရေ ၈၅ ကောင်အား အစီး ၂၀၀ စုစုပေါင်း အစီး ၄၀၀ အသင့်ထုတ်လုပ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လိုအပ်ချက် ရှိနေသော ဒေသများသို့ လက်ငင်းငွေချေ စနစ်ဖြင့် လည်းကောင်း၊ အရစ်ကျ ငွေချေစနစ်ဖြင့် လည်းကောင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာန အနေဖြင့် လိုအပ်သည့် After sale service များ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းနှင့် spare part များရရှိရေး အပါအ၀င် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

''ခုချိန်မှာ ကုမ္ပဏီတွေကလည်း ပစ္စည်းဈေးနှုန်းကို သူတို့ထက်ဝက်ခံတယ်။ တောင်သူက ထက်ဝက်ကျခံဆိုတဲ့ စနစ်နဲ့ ကျေးရွာတွေမှာ လာရောင်းနေကြတာ ရှိပါတယ်။ တောင်သူတွေက ထက်ဝက်ခံရမယ် ဆိုရာမှာလည်း တောင်သူငါးဦး၊ ခုနစ်ဦးလောက်စုပြီး ၀ိုင်းကြီးချုပ်စနစ်နဲ့ ပြန်ဆပ်ရမယ်လို့ သိရပါ တယ်။ အစိုးရဘက်က လာရောင်းတာမျိုးတော့ မတွေ့ရသေးပါဘူး'' ဟု ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် အတွင်းမှ တောင်သူဦးသန်းမြင့်က ပြောကြားသည်။

''ရိတ်သိမ်းခြွေလှေ့စက်က တစ်စီးကို ကျပ်သိန်း ၁၆၀ လောက် ရှိတယ်ပြောတယ်။ သဲကုန်းမြို့နယ် ဘက်မှာတော့ ရိတ်သိမ်းခြွေလှေ့စက်တွေ အသုံးများတယ်။ ပေါင်းတည်ဘက်မှာတော့ မြေကျွံလို့ သိပ်မသုံးကြဘူး။ ရောင်းတာတွေကတော့ အရစ်ကျစနစ်ဆိုတော့ တောင်သူတွေ ၀ယ်သုံးကြပါတယ်။ တချို့ကုမ္ပဏီတွေဆို ရောင်းချင်လွန်းလို့ လက်ငင်း ၁၀ သိန်းပဲပေး၊ ကျန်တာနောက်မှပေး ဆိုပြီးတောင် ရောင်းကြတယ်'' ဟု ပဲခူးတိုင်းဒေသကြီးမှ တောင်သူတစ်ဦးက ဆိုသည်။

စက်မှုဝန်ကြီးဌာန အနေဖြင့် တောင်သူများသို့ ရိတ်သိမ်းခြွေလှေ့စက်များ ဖြန့်ဖြူးရောင်းချမည် ဖြစ်သောကြောင့် စက်မှုဝန်ကြီးဌာနသို့ တိုက်ရိုက် ဆက်သွယ်နိုင်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

EMG

လျှပ်စစ်မီတာခ လျှော့ချရေး ရန်ကုန်မြို့တွင် ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြ

 Created on Friday, 08 November 2013


နိုဝင်ဘာ ၇ ရက် ညပိုင်းက လျှပ်စစ်မီတာခ တိုးမြှင့်ခြင်းအပေါ် ဆန္ဒပြနေ သူများကို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံးရှေ့တွင် တွေ့ရစဉ် (ဓာတ်ပုံ- မင်းသိန်းနိုင်)

ရန်ကုန်မြို့အတွင်း လျှပ်စစ်မီတာခ ပုံမှန်ပြန်ဖြစ် စေရေးအတွက် ဖယောင်းတိုင်မီး ကိုင်ဆောင်ကာ လမ်းလျှောက်ပြီး ဒုတိယအကြိမ် ဆန္ဒပြမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ်မြောက် လမ်းလျှောက်ဆန္ဒပြမှုကို ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစုအဖွဲ့နှင့် Generation Youth အဖွဲ့တို့မှ ဦးဆောင်ကာ နိုဝင်ဘာ ၇ ရက် ညနေ ၆ နာရီခွဲခန့်တွင် မြေနီကုန်း မီးပွိုင့်အနီးမှ စတင်လမ်းလျှောက် ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး စမ်းချောင်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ် တို့ကိုဖြတ်ကာ အလုံမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေး ရုံးအထိ ဖယောင်းတိုင်မီး ကိုင်ဆောင်ကာ လမ်းလျှောက်ဆန္ဒ ပြခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒပြမှုနှင့် ပတ်သက်၍ ဆန္ဒပြမှုထဲတွင် ပါဝင်သော ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစုမှ ဦးသန်းဆွေက ''ဒီလို မီတာခကို တိုးမြှင့်ကောက်ခံတာဟာ မြစ်ဆုံစီမံကိန်းကို အကောင်အထည် ပြန်ဖော်ဖို့ စီစဉ်တာလို့ မြင်တယ်။ မီတာခဟာ တစ်ကျပ်တက်ရင် ကုန်ထုတ်စက်ရုံ တွေကလည်း လျှပ်စစ်မီတာခကြောင့် ကုန်ပစ္စည်း ဈေးနှုန်းတွေ တစ်ကျပ်တက်မယ်။ ၁၀ ကျပ်တက်ရင် ၁၀ ကျပ်တက်မယ်။ အဲဒါကြောင့် ပြည်သူတွေ ခံစားရမယ့် ဆင်းရဲဒုက္ခတွေကို ကြိုတွေးရင် မီတာခကို ပုံမှန်အတိုင်း ပြန်လည်သတ်မှတ်ဖို့ တောင်းဆိုပါတယ်'' ဟု ပြောကြားခဲ့သည်။

ထိုသို့ လမ်းလျှောက် ဆန္ဒပြရာ၌ ဖယောင်းတိုင်မီးများ ကိုင်ဆောင်ကာ ''လျှပ်စစ်မီတာခ လျှော့ချရေး ဒို့အရေး၊ ဒို့အရေး'' ဟု ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး လမ်းလျှောက် ဆန္ဒပြခဲ့သည့် အထဲတွင် လိုက်ပါဆန္ဒပြခဲ့သည့် ပြည်သူများကလည်း လျှပ်စစ်မီတာခ တိုးမြှင့်လိုက်သည့် အတွက် ခံစားကြုံတွေ့ရမည့် ဆင်းရဲဒုက္ခများကို ရင်ဖွင့်ပြောကြား ခဲ့ကြကြောင်း သိရသည်။

''ကျွန်မပြည်သူ တစ်ယောက်ပါ။ ကျွန်မကို ဘယ်အဖွဲ့အစည်းကမှ ခိုင်းစေလိုက်တာ မဟုတ်ပါဘူး။ ကျွန်မတစ်နေ့ရတဲ့ငွေက ကျပ် ၄၀၀၀ လောက်ပဲ ရပါတယ်။ ဒီလိုမီတာခတွေ တိုးလာတော့ ရှာတဲ့ငွေထဲက ပိုသုံးရတော့မယ်။ မတတ်နိုင်ပါဘူး။ ကျွန်မတို့လို ဆင်းရဲတဲ့သူတွေ အများကြီး ရှိပါသေးတယ်။ ချမ်းသာတဲ့ သူတွေက နည်းနည်းပါ။ ကြၽန္မလုပ္တာက အက်ႌခ်ဳပ္တာပါ။ ကျွန်မယောက်ျား လေးတွေနဲ့ တန်းတူလုပ်နေ ရပါတယ်။ ဒါကြောင့် ကျွန်မရဲ့ ရင်ထဲကလာတဲ့ ခံစားချက်တွေကို လာရောက် ထုတ်ဖော်တာပါ'' ဟု ဆန္ဒပြမှုတွင် လိုက်ပါသူ ပြည်သူတစ်ဦး ဖြစ်သည့် မသင်းမြတ်မြတ်စိုးက ပြောကြားခဲ့သည်။



နိုဝင်ဘာ ၇ ရက်ညပိုင်းက လျှပ်စစ်မီတာခ တိုးမြှင်းခြင်းအပေါ် ဆန္ဒပြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)

ယင်းနောက် ဆန္ဒပြသည့် အထဲတွင် ပါဝင်သည့်သူ တစ်ဦးက ယခုလိုဆန္ဒပြပြီး မီတာခလျော့ချရေး တောင်းဆိုခြင်းသည် ပြည်သူ့ဆန္ဒအတိုင်း တောင်းခံခြင်းသည် ပြည်သူတွေ၏ ဆန္ဒအား ကိုယ်စားပြုခြင်း ဟုတ်၊ မဟုတ် မေးမြန်းခဲ့ပြီး အနီးပတ်ဝန်းကျင် ရပ်ကွက်များရှိ ပြည်သူများက ဟုတ်ပါသည်ဟု တစ်ညီတစ်ညွတ်တည်း ကြွေးကြော်ခဲ့ကြ ကြောင်းလည်း သိရသည်။

ထို့အပြင် ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစုမှ ကိုသိန်းအောင်မြင့်က ''အခုလို မီတာခကို ချက်ချင်းကြီး တိုးမြှင့်လိုက်တာဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီပါဘူး။ အမှန်ဆိုရင် ပြည်သူ့တွေရဲ့ ဆန္ဒကို မေးမြန်းခံယူပြီးမှ လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်တာကမှ ဒီမိုကရေစီ စနစ်ပါ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တွေကိုလည်း ပြည်သူကပဲ ရွေးကောက်တင်မြှောက် ထားတာပါ။ အဲဒီ ကိုယ်စားလှယ် တွေထဲမှာ ပြည်သူတွေဘက်က ရပ်တည်ပေးတဲ့ ကိုယ်စားလှယ်တွေကို လက်ချိုးရေလို့တောင် ရပါတယ်။ မီတာခတက်လို့ ဖြစ်လာမယ့် ပြည်သူတွေရဲ့ ဒုက္ခတွေကို ပြည်သူ့လွှတ်တော်က မျက်ကွယ် မပြုသင့်ပါဘူး။ အခုကို မီတာခတက်လို့ ကျွန်တော်တို့ ပြည်သူတွေတောင် မကပါဘူး။ လစာ နှစ်ပဲ တစ်ပြားရတဲ့ အစိုးရအခြေခံ ၀န်ထမ်းတွေဆိုရင်လဲ ဒီထက်ပိုပြီး ဆင်းရဲတွင်း နက်မှုတွေ ကိုကြုံတွေ့ရမှာပါပဲ'' ဟု ပြောသည်။

ထိုသို့ဆန္ဒပြမှုမှာ မြေနီကုန်းမှ စတင်လမ်းလျှောက်စဉ် လူအင်အား ၄၀ ကျော်ခန့်သာရှိပြီး လမ်းတစ်လျှောက် ပြည်သူများမှလည်း ထပ်မံလိုက်ပါ လမ်းလျှောက် ဆန္ဒပြခဲ့ကြရာ အလုံလျှပ်စစ် ဓာတ်အားပေးရေး ရုံးရှေ့အရောက်တွင် လူအင်အား ၁၅၀ ကျော်ခန့်အထိ ဖြစ်သွားခဲ့ကြောင်း သိရသည်။

အလုံမြို့နယ် လျှပ်စစ်ဓာတ်အား ပေးရေးဌာနမှ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ခိုင်၏ အင်တာနက်ပေါ်တွင် ပြောကြားခဲ့သည့် ပြောကြားချက်နှင့် ပတ်သက်၍ ''အင်တာနက်ပေါ်မှာ သူရေးထားတာက ကျွန်တော်တို့တွေက ပြည်သူကို ကိုယ်စားပြုတဲ့သူတွေ မဟုတ်ဘူး။ ပြည်သူကို ကိုယ်စားပြုတဲ့ သူတွေဆိုရင် သူ့အနေနဲ့ ဦးညွတ်ကန်တော့ လိုက်မယ်လို့ ပြောပါတယ်။ ဒီလိုပြောတာဟာ မနေ့က ဆန္ဒပြတဲ့သူတွေကို စော်ကားလိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်လည်း ပြည်သူတစ်ယောက်ပဲ။ ကျွန်တော်တို့ အခက်အခဲရှိလို့ တောင်းဆိုလို့လည်း ကျွန်တော်တို့ပဲ ပြေလည်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တောင်းဆိုလို့ ပြေလည်သွားမယ်ဆို တစ်တိုင်းပြည်လုံး ပြေလည်သွားမှာပါ။ ကျွန်တော်တို့က ပြည်သူကိုကိုယ်စားပြုခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေကို ကိုယ်စားပြုတဲ့ အဖွဲ့တွေ မဟုတ်ဘူးလို့ မရှက်မရွံ့ ပြောခြင်းဟာ၊ ဒါဟာပြည်သူ တစ်ရပ်လုံးကို စော်ကားလိုက်ခြင်း ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ဦးအောင်ခိုင်အနေနဲ့ ပြည်သူတွေအပေါ် ပြောတဲ့စကားကို သူကိုယ်တိုင် ရုတ်သိမ်းပေးပါ။ ကျွန်တော်တို့ကို ရှိခိုးစရာ မလိုပါဘူး။ လူကြီးလူကောင်းဆန်စွာ ပြောဆိုဆက်ဆံပေးပါ။ တိုင်းပြည်မှာ ကြည်ညိုခံလောက်တဲ့ လူတစ်ယောက်၊ အာဏာရှိသော လူတစ်ယောက်ဆိုရင် စကားကို လက်လွတ်စပယ် မပြောပါနဲ့။ သူအဲလိုပြောခြင်းဟာ တိုင်းပြည်သိက္ခာ ဘယ်လောက် ကျမလဲဆိုတာ လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်'' ဟု Generation Youth မှ ကိုတင်ထွဋ်ပိုင်က ပြောကြားခဲ့သည်။

ထို့အပြင် နိုဝင်ဘာ ၈ ရက် ညနေ ၆ နာရီခန့်တွင်လည်း မင်္ဂလာတောင်ညွန့်မြို့နယ် ဖဆပလ အိမ်ရာအနီးမှ စတင်စုဝေးပြီး ဆက်လက်ဆန္ဒ ပြသွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

EMG

ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အား ထူးကုမ္ပဏီသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပေးထားသည့် ဈေးနှုန်းမှာ နည်းပါးနေ၍ စာချုပ်သစ် ပြင်ဆင်ချုပ်ဆိုသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်က အဆိုတင်သွင်း

 Created on Friday, 08 November 2013


နိုဝင်ဘာ ၇ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူး အစည်းအဝေးပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)

ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အား ထူးကုမ္ပဏီသို့ ငှားရမ်းလုပ်ကိုင်ခွင့် ပေးထားသည့် ဈေးနှုန်းမှာ နည်းပါးနေ၍ အစိုးရအနေဖြင့် စာချုပ်ပြင်ဆင် ချုပ်ဆိုသင့်ကြောင်း နိုဝင်ဘာ ၇ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက အဆိုတင်သွင်းခဲ့သည်။

''တိရစ္ဆာန်ဥယျာဉ် ငှားရမ်းခနဲ့ ဆိုင်ခန်းငှားရမ်းခငွေကျပ် ၇၀ ဒသမ ၈၄၀ သန်း ကိစ္စကို ကျွန်မအနည်းငယ် ဆွေးနွေးရမယ်ဆိုရင် တိရစ္ဆာန်ဥယျာဉ် ငှားရမ်းတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု အစိုးရက ဆောင်ရွက်တယ်လို့ သိရပါတယ်။ တိရစ္ဆာန်ဥယျာဉ်ဟာ ၀င်ကြေးတစ်ယောက်ကို ၁၀၀၀ ကျပ် ကောက်နေတာ ဖြစ်ပါတယ်။ မြေဧက အကျယ်အ၀န်းက အားလုံးသိကြတဲ့ အတိုင်းပါပဲ။ အဲဒီထဲမှာလည်း ဆိုင်ခန်းတွေ အများကြီး ပါပါတယ်။ ငှားရမ်းထားတဲ့ တစ်နှစ်သန်း ၇၀ နဲ့ ယှဉ်ကြည့်ရင် ကန်တော်ကြီးက ငါးပြတိုက် ကလေးကို ငှားရမ်းတာ သန်း ၁၂၀ ရတယ်ဆိုတော့ ကြီးမားတဲ့ ကွာဟချက်ကြီး ဖြစ်နေတာကို တွေ့ရပါတယ်။ ပြည်ထောင်စု အစိုးရက နည်းပါးတဲ့ ဈေးနှုန်းနဲ့ ဒီကုမ္ပဏီကို ငှားရမ်းထားတယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတိအလင်း ဖော်ပြထားပြီး ဖြစ်ပါတယ်။ အစိုးရတစ်ရပ်က အရင်အစိုးရ လုပ်ထားတဲ့ မမျှတတဲ့ အနေအထားတွေကို ဆက်ခံစရာ မလိုပါဘူး။ မမျှတတဲ့တာဝန်တွေကို ယူစရာ မလိုပါဘူး။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအသစ် အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား ၂ ပါ အခွင့်အရေးဖြစ်တဲ့ အတွက်ကြောင့် တိရစ္ဆာန်ဥယျာဉ် ငှားရမ်းခ၊ ဆိုင်ခန်းငှားရမ်းခတွေနဲ့ ပတ်သက်ပြီးတော့ သင့်တင့်မျှတတဲ့ ခေတ်ကာလ ပေါက်ဈေးနဲ့ ပြန်ရဖို့အတွက် ကျွန်မအနေနဲ့ ပြည်ထောင်စု အစိုးရက မူလစာချုပ်ချုပ်ဆိုတဲ့ တိရစ္ဆာန်ဥယျာဉ် ငှားရမ်းခနဲ့ ဆိုင်ခန်းငှားရမ်းခငွေများကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ပြန်လည်စိစစ် သုံးသပ်ရေး စာချုပ်အသစ်ချုပ်ဆိုရန် အဆိုတင်သွင်းပါတယ်'' ဟု ဒေါက်တာညိုညိုသင်းက အဆိုတင်သွင်းရာတွင် ထည့်သွင်း ပြောကြားသည်။

''ဒီလောက်နဲ့ ငှားရမ်းထားတာဆိုတော့ ဒီကုမ္ပဏီက အခွင့်ထူးခံလိုမျိုး ဖြစ်နေတာပေါ့။ သန်း ၇၀ (သိန်း ၇၀၀ ကျော်) ကို ဆယ်နှစ်စာချုပ်နဲ့ အစိုးရသစ် မတက်မီ သုံးရက်အလိုဖြစ်တဲ့ ၂၀၁၁ ခုနှစ် မတ် ၂၈ ရက်မှာ စာချုပ်ချုပ်ခဲ့တယ်။ ခေတ်ကာလ ဈေးနှုန်းနဲ့ မကိုက်ညီဘူး။ ဒါကြောင့် ပြန်လည်သုံးသပ်ရမယ်။ ဒီလောက် အကျယ်ကြီးကို သိန်း ၇၀၀ ဆိုတော့ အဓိပ္ပါယ် မရှိဘူး။ ဆိုင်ခန်းငှားရမ်း ခတွေလည်း မနည်းဘူး ရမှာလေ။ ၀င်ကြေးကလည်း ၁၀၀၀ လေ။ ဒီလိုအစိုးရက ငှားခနှုန်းထားတိုးလို့ သူတို့လည်း ၀င်ကြေးကို လိုက်မတိုးအောင် အစိုးရက ၀င်ကြေးကို သတ်မှတ်ပေးရမယ်။ ကြိုက်ရင်ငှား၊ မကြိုက်ရင်မငှားနဲ့၊ ၀င်ကြေးကို ဘယ်လောက်အထိပဲ ကောက်ရမလဲဆိုတာ အသေးစိတ်ကျတဲ့ အချက်တွေနဲ့ စာချုပ်ချုပ်ဖို့လိုတယ်'' ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

ယင်းသို့ အဆိုတင်သွင်းမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် လက်ခံခဲ့ပြီး ပြန်လည်စိစစ် သုံးသပ်ပေးရန် ကတိပြုခဲ့ကြောင်း ဒေါက်တာညိုညိုသင်းက ဆိုသည်။

EMG

ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ ခုံးကျော်တံတားကို ဖြတ်သန်းခွင့် ပေးခဲ့သော်လည်း ပွဲရုံဝင်းအတွင်းနှင့် ဘုရင့်နောင် လမ်းမကြီးတစ်လျှောက် အချိန်ကြာမြင့်စွာ ယာဉ်ကြော ပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပေါ်

 Created on Friday, 08 November 2013


ဘုရင့်နောင်လမ်းမ တစ်နေရာ၌ ယာဉ်ကြော ပိတ်ဆို့မှုအား နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ရန်ကုန်မြို့တွင် ယာဉ်ကြော ပိတ်ဆို့မှုများ လျော့နည်းစေရန် တည်ဆောက်လျက်ရှိသည့် ခုံးကျော်တံတား စီမံကိန်းများအနက် နှစ်ထပ်တည်ဆောက်လျက် ရှိသည့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်း၏ ဘုရင့်နောင် လမ်းမကြီးပေါ် ဖြတ်သန်းတည်ဆောက် ထားသည့် ခုံးကျော်တံတားကို အောက်တိုဘာ ၃၁ ရက်က စတင်အသုံးပြုခွင့် ပြုခဲ့သော်လည်း ပွဲရုံဝင်းအတွင်းနှင့် ဘုရင့်နောင် လမ်းမကြီး တစ်လျှောက် အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှုများ ဆက်တိုက်ဆိုးရွားစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။

''ကျွန်တော်တို့ ကုန်စည်ဒိုင်မှာ မနက်ခင်းပိုင်း အရောင်းအ၀ယ် လုပ်မယ့်သူတွေ ၀င်းထဲကို လမ်းလျောက်ပြီး ၀င်လာရတယ်။ ကားကို သီရိမွန်ပလာဇာရှေ့၊ ဒါမှမဟုတ် ဘုရင့်နောင် လမ်းမနားမှာ ရပ်ထားခဲ့ပြီး လူက ခြေကျင်လျှောက်ပြီး ကုန်စည်ဒိုင် လာရတယ်။ ဘုရင့်နောင် ပွဲရုံတွေမှာ အလုပ်လုပ်တဲ့သူတွေ တော်တော်ဒုက္ခ ရောက်ပါတယ်ဗျာ။ ကိုယ်ပိုင်ကားတောင် နှစ်စီးထားရမလို ဖြစ်နေတယ်။ ၀င်းထဲကကား အပြင်ကို ထွက်ဖို့အရေး ကားကို တစ်လှိမ့်ချင်း ထွက်ရတယ်။ တစ်ခါတလေ လေး၊ ငါး နာရီကြာမှ ၀င်းအပြင် ရောက်တယ်။ မနက် ၉ နာရီလောက်ကနေ ည ၉ နာရီ၊ ၁၀ နာရီလောက်အထိ ကားပိတ်နေတာ လေးရက်ဆက်တိုက် ဖြစ်နေပြီ။ ကားပိတ်တာက တော်တော် အခြေအနေ ဆိုးနေပါတယ်'' ဟု ဘုရင့်နောင် ကုန်စည်ဒိုင်မှ ပဲလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

ဘုရင့်နောင် ပွဲရုံဝင်းအတွင်း နေ့စဉ်ကုန်တင်ကုန်ချ ပြုလုပ်နေသည့် ကုန်တင်ယာဉ်ကြီး အစီးရေမှာ ၁၃၀၀ ၀န်းကျင်ခန့် ရှိနေပြီး အိမ်စီးကားများနှင့် ဆိုပါက တစ်နေ့လျှင် ယာဉ်အစီးရေ ၆၀၀၀ မှ ၇၀၀၀ ကြား ၀င်ထွက်သွားလာ နေကြောင်း ဘုရင့်နောင်စခန်း အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောကြားသည်။

''သီရိမင်္ဂလာဈေးကနေ ပေါက်တောဝဘက်ကို သွားဖို့ ကားငှားတာ၊ ဘုရင့်နောင် တံတားကို ဖြတ်ဖို့ကို တစ်နာရီလောက် စောင့်လိုက်ရတယ်။ တံတားပေါ်မှာက ကားတွေ ကျပ်နေတာ မဟုတ်ဘဲ တံတားဟိုဘက် အဆင်းနဲ့ ဒီဘက်အဆင်းမှာ လှုပ်မရအောင်ကားတွေပိတ်နေတာ။ မနေ့ကလည်း ဒီအတိုင်းပဲ၊ ဒီနေ့လည်း ပိတ်တာပဲ။ ဆက်တိုက်ပဲ ကားတွေပိတ်နေတာ'' ဟု ရွှေပြည်သာ မြို့နယ်မှ ကိုအောင်ကျော်ကျော်က ပြောကြားသည်။

ဘုရင့်နောင် ပွဲရုံဝင်းအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ လျော့ပါးရေးအတွက် နိုဝင်ဘာ ၇ ရက်၊ နံနက် ၁၀ နာရီက ယာဉ်စည်းကမ်း လမ်းစည်းကမ်း ညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပပြီး အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ အသိပေး နှိုးဆော်စာ ၃/၂၀၁၃ ကို ထုတ်ပြန်ခဲ့ကြောင်း အဆိုပါအသင်း တွဲဖက် အတွင်းရေးမှူး ဦးကိုကိုနိုင်က ပြောကြားသည်။

ယင်းအသိပေးစာအရ ဘုရင့်နောင်ဝင်း အတွင်းရှိ ရိုးကြီးချောင်း ပတ်လမ်းမှ ထွက်ခွာလာသော ကုန်တင်ယာဉ်များသည် ဘယ်၊ ညာ နှစ်ဖက်စလုံးအား ကွေ့၍ရပြီး ကံ့ကော်လမ်းမကြီးနှင့် ယင်းမာလမ်းမ ကြီးများမှ ထွက်ခွာလာသော ကုန်တင်ယာဉ်များသည် ညာကွေ့ခွင့်သာ ပြုထားကြောင်း၊ အင်းစိန်မြို့နယ် ဘက်သို့ ထွက်ခွာမည် ဆိုပါက တံတားအောက်မှ ဂငယ်ကွေ့ ကွေ့၍သာ သွားခွင့်ပြုထားကြောင်း၊ အင်းစိန်မြို့နယ်ဘက်မှ လာသော ကုန်တင်ယာဉ်များသည် ရိုးကြီးချောင်းပတ်လမ်း၊ ကံ့ကော်လမ်းမကြီးနှင့် ယင်းမာလမ်းများမှသာ ကွေ့၍ ဘုရင့်နောင် ၀င်းအတွင်းသို့ ၀င်ရောက်ခွင့် ပြုထားကြောင်း၊ (အင်ကြင်းလမ်းမှ ၀င်ခွင့်မပြုပါ)၊ ထို့ပြင် မြို့တွင်းမှ ၀င်ရောက်လာသော ကုန်တင်ယာဉ်များသည် ဘုရင့်နောင် မီးပွိုင့်မှ အင်ကြင်းလမ်းနှင့် နွယ်သာကီ လမ်းများမှ ဘုရင့်နောင်ဝင်း အတွင်းသို့ ၀င်ရောက်ကြပါရန် အသိပေး နှိုးဆော်ထားကြောင်း သိရသည်။

EMG

လျှပ်စစ်ဓာတ်အား ဈေးနှုန်းတိုးမြှင့် တောင်းခံခြင်းအပေါ် ပြည်သူလူထု ဆန္ဒအရ ပြန်လည်လျှော့ချပေးရန် အရေးကြီးအဆို နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းမည်



Friday, 08 November 2013

နိုဝင်ဘာ ၆ ရက် ညပိုင်းက လျှပ်စစ်မီတာခ တိုးမြှင့်ခြင်းအပေါ် ရန်ကုန်မြို့ ဆူးလေဘုရားအနီးတွင် ဆန္ဒပြနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)

လျှပ်စစ်ဓာတ်အားဈေးနှုန်း တိုးမြှင့်တောင်းခံခြင်းအပေါ် ပြည်သူလူထု ဆန္ဒအရ ပြန်လျှော့ပေးရန် အရေးကြီး အဆိုကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းမည် ဖြစ်သည်။

နိုဝင်ဘာ ၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ''လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းများ မြှင့်တက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးမှုများသည် ယနေ့ဆွေးနွေးနေသည့် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ အမေရိကန်ဒေါ်လာ သန်း ၆၀ ချေးယူမည့် ကိစ္စများနှင့် မသက်ဆိုင်ကြောင်း၊ လျှပ်စစ်ဓာတ်အားခ နှုန်းထားများ မြင့်တက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြန်လည်လျှော့ချပေးရန် လိုအပ်သည်ဟု ယုံကြည်ချက် ရှိပါက သီးခြားအဆိုတစ်ရပ် လွှတ်တော်သို့ တင်သွင်းရန်လိုကြောင်း'' ဟု ပြောကြားသည်။

လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောက်ခံ တာတွေအပေါ် ပြည်သူလူထုရဲ့ ခံစားမှုတွေနဲ့ ပြည်သူ့အသံတွေ ထွက်ပေါ်လာတဲ့အတွက် ဒီအဆိုကို တင်မှာဖြစ်ပါတယ်။ လက်ရှိ သတ်မှတ်လိုက်တဲ့ နှုန်းထားတွေကို ပြန်လည် လျှော့ချပေးဖို့ ဖြစ်ပါတယ်။ ဥပမာ မီတာခ တစ်ယူနစ် ၃၅ ကျပ်နှုန်းက ယူနစ် ၁၀၀ အထိ သတ်မှတ်တယ်ဆိုရင်...


၎င်းအရေးကြီး အဆိုအား မလှိုင်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က တင်သွင်းမည်ဖြစ်ပြီး ပြည်သူများ၏ ဆန္ဒအရ တင်သွင်းရန် စီစဉ်ရခြင်း ဖြစ်သည်ဟု ဦးအေးမောက်က ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ''လျှပ်စစ်ဓာတ်အား တိုးမြှင့်ကောက်ခံ တာတွေအပေါ် ပြည်သူလူထုရဲ့ ခံစားမှုတွေနဲ့ ပြည်သူ့အသံတွေ ထွက်ပေါ်လာတဲ့အတွက် ဒီအဆိုကို တင်မှာဖြစ်ပါတယ်။ လက်ရှိ သတ်မှတ်လိုက်တဲ့ နှုန်းထားတွေကို ပြန်လည် လျှော့ချပေးဖို့ ဖြစ်ပါတယ်။ ဥပမာ မီတာခ တစ်ယူနစ် ၃၅ ကျပ်နှုန်းက ယူနစ် ၁၀၀ အထိ သတ်မှတ်တယ်ဆိုရင် အခုအဆိုအရ ယူနစ် ၂၀၀ အထိ ပြောင်းလဲသတ်မှတ်ပေးဖို့၊ ဈေးနှုန်းလျှော့ချပေးဖို့၊ နိုင်ငံတကာလို စနစ်တွေပြောင်းဖို့ တင်ပြသွားမှာပါ။ နိုင်ငံတကာမှာက ဇိမ်ခံတဲ့ လုပ်ငန်းတွေဆို တစ်မျိုးယူတယ်။ SME လို Primary Production လုပ်တဲ့ သူတွေကျတော့ လျှော့ယူပေါ့။ အဲလိုမျိုးတွေပါမယ်။ နောက်လျှပ်စစ်ဓာတ်အားခ နှုန်းထားတွေကို ပြည်နယ်နဲ့တိုင်း Average နှုန်းထားအတိုင်း ခံစားနိုင်စေဖို့အဆို တင်သွင်းသွားမှာပါ'' ဟု ပြောကြားသည်။



နိုဝင်ဘာ ၇ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး

လွှတ်တော်သို့ တင်သွင်းသည့် အဆိုကို ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုကြောင်း ဆုံးဖြတ်ပါက ပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့် မဖြစ်မနေ ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အားခ နှုန်းထားများ ဖြစ်သင့်ဖြစ်ထိုက်သည်ထက် ပိုများနေပါက ပြည်သူလူထုအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်မည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများ ရပ်ဆိုင်းသွားနိုင်ကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားများ အလေအလွင့် မဖြစ်ရေးကို အာရုံစိုက် လုပ်ဆောင်ပြီးမှသာ လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို အလျှော့အတင်း ပြုလုပ်သင့်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက သုံးသပ်ပြောကြားသည်။

ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားခ လျှော့ချရေး ဆန္ဒပြမှုများ နိုဝင်ဘာ ၆ ရက်က ဖြစ်ပွားခဲ့သည်။


EMG

တစ်ဦးချင်းအပေါ် ဖုန်းကြားဖြတ် နားထောင်မှုများကို ကာကွယ်သွားမည်ဖြစ်ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ အစိုးရက တိကျသည့်စည်းမျဉ်း ထုတ်ပြန်ပေးရန် တယ်လီနော်လိုလား

Friday, 08 November 2013


မိုဘိုင်းဖုန်းများမှာ နေ့စဉ်ဘ၀တွင် အရေးပါလာပြီး လူငယ်များ မိုဘိုင်းအသုံးပြုနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကေခိုင်ဝင့်)

တယ်လီနော် ကုမ္ပဏီ၏ ဖုန်းလိုင်းတွင် ကြားဖြတ်နားထောင်မှုများကို လူတစ်ဦး တစ်ယောက်ချင်းစီအပေါ် မပြုလုပ်နိုင်ရန် ကာကွယ်ပေး သွားမည်ဖြစ်ပြီး အစိုးရအနေနှင့် ဖုန်းကြားဖြတ် နားထောင်မှုများနှင့် ပတ်သက်၍ တိကျသည့် စည်းမျဉ်းများ ထုတ်ပြန်ပေးရန် လိုလားကြောင်း တယ်လီနော် မြန်မာ၏ စီအီးအို မစ္စတာပတ်တာဖားဘတ်က ပြောကြားသည်။

''တရားဥပဒေအရ ဖုန်းလိုင်းဖြတ် နားထောင်ခွင့်ကို ဘယ်သူက ဘယ်အချိန်မှာ အမိန့်ပေးနိုင်တယ်၊ ဘယ်လိုလူက စောင့်ကြပ်ကြည့်ရှုမယ်ဆိုတာ တိတိကျကျ ထုတ်ပြန်ပေးဖို့ ၀န်ကြီးထံ စာတင်ထားပါတယ်။ ရာဇ၀တ်မှု အကြီးကြီး ကျူးလွန်တယ်လို့ ဆုံးဖြတ်ခံရသူအတွက် ဖုန်းလိုင်းဖြတ် နားထောင်မယ် ဆိုတာကတော့ လုပ်သင့်ပါတယ်။ ဒါနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကို ရှင်းရှင်းလင်းလင်း ထုတ်ပေးမယ်လို့ မျှော်လင့်ပါတယ်'' ဟု မစ္စတာပတ်တာဖားဘတ်က ပြောကြားသည်။

တယ်လီနော် ကုမ္ပဏီအနေနှင့် ၎င်းလုပ်ကိုင်သော နိုင်ငံတိုင်းတွင် ဥပဒေကို လိုက်နာကြောင်းနှင့် အဆိုပါ ဥပဒေကလည်း ရှင်းလင်းပြတ်သားသည့် ဥပဒေဖြစ်ရန် လိုကြောင်း ၎င်းကဆိုသည်။

''တယ်လီနော်က တစ်ဦးတစ်ယောက်ချင်းကို ကာကွယ်ပေးသွားမယ်။ ဥပဒေကိုတော့ လိုက်နာပါမယ်။ ဥပဒေအရ ကြားဖြတ် နားထောင်ခြင်းဟာ ပြစ်မှုကြီးတွေကို ကာကွယ်ပေးရာမှာ အထောက်အကူ ပေးနိုင်တာလည်း ရှိပါတယ်'' ဟု တယ်လီနော် မြန်မာ၏ စီအီးအိုက ဆက်လက် ပြောကြားသည်။

မကြာသေးမီက အော်ရီဒူးကုမ္ပဏီက ၎င်းတို့၏ ဖုန်းလိုင်းများကို ကြားဖြတ်နားထောင်ခြင်း မပြုလုပ်နိုင်ရန် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း ပြည်တွင်း စာနယ်ဇင်း အချို့တွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် တယ်လီနော်ကုမ္ပဏီနှင့် အော်ရီဒူး ကုမ္ပဏီများကို ရွေးချယ်ထားပြီး ဆက်သွယ်ရေး နည်းဥပဒေများလည်း ပေါ်ထွက်လာပြီ ဖြစ်သဖြင့် ၂၀၁၃ ခုနှစ် မတိုင်မီ လိုင်စင်ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

၎င်းကုမ္ပဏီနှစ်ခုက လိုင်စင်ရရှိအပြီး ရှစ်လအကြာတွင် ၎င်းကုမ္ပဏီများ၏ ဆင်းမ်ကတ်များကို စတင်ရောင်းချမည် ဖြစ်သဖြင့် ၂၀၁၄ နှစ် နှစ်လယ်ခန့်တွင် ၎င်းတို့၏ ၀န်ဆောင်မှုများကို စတင်ရရှိဖွယ် ရှိနေကြောင်း သိရသည်။

လက်ရှိအချိန်တွင် တယ်လီနော် အနေနှင့် ကွန်ရက်များ တည်ဆောက်ရန် သက်ဆိုင်ရာ ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ဆွေးနွေးနေပြီး ၎င်းတို့၏ ဆင်းမ်ကတ်များ ဖြန့်ချိပေးမည့် ကုမ္ပဏီများကိုလည်း ဖိတ်ခေါ်ရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။

EMG

မုန်းချောင်းနှင့် မန်းချောင်း ရေလျှံမှုကြောင့် ပွင့်ဖြူမြို့နယ် လယ်ကိုင်း တိုက်နယ်အတွင်း ရိတ်သိမ်းခါနီး လယ်ဧက ၂၀၀၀ ခန့် ပျက်စီးခဲ့ကာ လယ်ပိုင်ရှင်များ ဆန်ဝယ်ယူ စားသုံးနေရ

 Created on Friday, 08 November 2013


မကွေးတိုင်း ပွင့်ဖြူမြို့နယ် လယ်ကိုင်းတိုက်နယ်မြို့ရှိ ချောင်းရေလျှံမှုကြောင့် ပျက်စီးနေသော စပါးခင်းများအား တွေ့ရစဉ်

အောက်တိုဘာ လကုန်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်း၍ မုန်းချောင်းနှင့် မန်းချောင်းတို့မှ ရေလျှံကာ နှစ်ကြိမ်ဆက် ရေနစ်မြုပ် ခဲ့သောကြောင့် မကွေးတိုင်း ပွင့်ဖြူမြို့နယ် လယ်ကိုင်းတိုက်နယ် အတွင်းရှိ ရိတ်သိမ်းခါနီး လယ်ဧက ၂၀၀၀ ခန့် ပျက်စီးခဲ့ကာ လယ်ပိုင်ရှင်များ ဆန်ကိုပြန်လည် ၀ယ်ယူစားသုံး လာရကာ စပါးဈေးနှင့် ဆန်ဈေးများ မြင့်တက်လာကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

ယင်းလယ်မြေများ အတွင်း မိုးစပါးအဖြစ် မနောသုခ၊ ဧရာကျောက်စိမ်းစသည့် စပါးမျိုးများအား စိုက်ပျိုးခဲ့ရာ စပါးပင်များ အနှံမြိုင်ချိန် သီးလုံးထည့်ချိန်တွင် လယ်မြေများပေါ် ခြောက်ပေခန့်အထိ ငါးရက်ကြာ ရေမြုပ်ခဲ့သောကြောင့် လုံးဝမရိတ်သိမ်း ရတော့သည်အထိ ပျက်စီးမှုများ ရှိခဲ့ကြောင်း ထိုသို့ပျက်စီးခဲ့မှုကြောင့် စပါးဆုံးရှုံးမှုအပြင် နွားစာအတွက် ကောက်ရိုးများပါ ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောကြားသည်။

''ဒီလိုပျက်စီးတဲ့အထိ ရေနစ်တာတော့ မကြုံဖူးသေးဘူး။ ကျွန်တော့် လယ်ရှစ်ဧကကျော်က ဘာမှမရိတ်သိမ်း လိုက်ရဘူး။ အခုနွားစာအတွက် သူများယာမြေထဲမှာ ငှားကြဲထားရတယ် ဆန်ကိုလည်း တစ်ပြည် ကျပ် ၁၅၀၀ နဲ့ ပြန်ဝယ်စားရတယ် အရင်က ဆန်ဈေးဒီလောက်ထိ မတက်ဖူးဘူး'' ဟု လယ်ကိုင်းမြို့ဟောင်းမှ စပါးခင်း ပျက်စီးခဲ့သည့် လယ်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။

လယ်ကိုင်း တိုက်နယ်အတွင်း ယခင်နှစ်များက စပါးပေါ်ချိန်တွင် တစ်တင်းကျပ် ၄၀၀၀ ၀န်းကျင်သာ ဈေးရှိခဲ့သော်လည်း ယခုနှစ်တွင် ကျပ် ၅၆၀၀ အထိ ဈေး မြင့်တက်လာခဲ့ကြောင်း ယင်းဒေသတွင် စပါးတစ်ဧက စိုက်ပျိုးရန် မျိုးစေ့ဖိုး လုပ်သားခနှင့် ဓာတ်မြေသြဇာဖိုးများ အပါအ၀င် ကျပ်တစ်သိန်းခွဲကျော် ကုန်ကျလေ့ ရှိခဲ့သောကြောင့် လယ်တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်း ထုတ်ချေးထားသည့် စိုက်ပျိုးစရိတ် ချေးငွေများ ပြန်လည်ပေးသွင်းရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း စပါးခင်း ရေနစ်မြုပ် ပျက်စီးခဲ့သည့် ဒေသခံ တောင်သူများထံမှ သိရသည်။

EMG

ရခိုင်ပြည်နယ် လမ်းပြမြေပုံ၏ ပြန်လည်ထူထောင်ရေး ကဏ္ဍတွင် အသေးစားနှင့် အလတ်စား အသက်မွေး လုပ်ငန်းများအတွက် နိုင်ငံတော် ဘတ်ဂျက်ဖြင့် အဓိကထား လုပ်ဆောင်မည်

 Created on Friday, 08 November 2013


ရခိုင်ပြည်နယ် ငပလီကမ်းခြေအနီးရှိ တံငါကျေးရွာတွင် ရေလုပ်သားများအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

ရခိုင်ပြည်နယ်အတွက် စီမံရေးဆွဲနေသော လမ်းပြမြေပုံ၏ ပြန်လည်ထူထောင်ရေး ကဏ္ဍတွင် အသေးစား အလတ်စား အသက်မွေး လုပ်ငန်းများအတွက် နိုင်ငံတော် ဘတ်ဂျက်ဖြင့် အဓိကထား လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွက် လမ်းပြမြေပုံ (Road map) အောက်တိုဘာလ အတွင်းမှစပြီး လုပ်ဆောင်ရန် ဆွေးနွေးခဲ့ပြီးနောက်တွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော် ရေး ဗဟိုကော်မတီနှင့် ဆပ်ကော်မတီ ၆ ခု ပါ ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းတို့အနက်မှ ပြန်လည် ထူထောင်ရေး ကဏ္ဍအတွင်းရှိ သက်ဆိုင်ရာ ဌာနများအလိုက်မှ နိုင်ငံတော် ဘတ်ဂျက်ဖြင့် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။

''ဒီစီမံချက် အတွက် နိုင်ငံတော်ဘတ်ဂျက်နဲ့ အဓိကထား လုပ်ဆောင်သွားမှာဖြစ်တယ်။ နောက်ပြီး ငါးဖမ်းတဲ့ လုပ်ငန်းလုပ်တဲ့ သူတွေကို ဘယ်လို အထောက်အကူပေး နိုင်မလဲဆိုတဲ့ အပိုင်းတွေ စသဖြင့် အသေးစား အလတ်စား လုပ်ငန်းတွေ ဖြစ်တယ်'' ဟု ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက ပြောကြားသည်။

ရခိုင်ပြည်နယ် လမ်းပြမြေပုံ (Road map) နှင့် ပတ်သက်၍ ဖွဲ့စည်းထားသော သက်ဆိုင်ရာ ကော်မတီ အလိုက်မှ လုပ်နိုင်သော လုပ်ငန်းများနှင့် ပတ်သက်ပြီး ဗဟိုကော်မတီသို့ တင်ပြနိုင်ရန် လုပ်ဆောင်နေပြီး၊ ယင်းမှတစ်ဆင့် မည်သည့် အချက်ကို စတင်အကောင်အထည်ဖော်ရန် ဆွေးနွေးမှုများ မကြာမီ ပြုလုပ်မည် ဖြစ်သည်။

သို့သော် အဓိကအနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဖြစ်သော ကျန်းမာရေး၊ ပညာရေး ကဏ္ဍများမှာ အဓိကထား လိုအပ်နေသေးကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနမှ သိရသည်။

ယင်းအတွက် ရခိုင်ပြည်နယ် စီမံချက်အတွင်း ဒေါ်လာသန်း ၁၀၉ ဒဿမ ၃ သန်း လိုအပ်နေပြီး လက်ရှိတွင် သန်း ၈၀ ခန့် ရရှိထားကြောင်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီထံမှ သိရသည်။

ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေး စခန်းများတွင် လူဦးရေ စုစုပေါင်း တစ်သိန်းလေးသောင်းကျော်ခန့် ရှိနေပြီး ယင်းတို့အနက် လူဦးရေ ရှစ်သောင်းလေးထောင်ခန့်မှာ အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ ဖြစ်ကြောင်း၊ ယခုနှစ် စက်တင်ဘာအတွင်း ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်တွင် အိမ်ခြေ ၁၁၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လက်ရှိအချိန်ထိ အခြေခံပညာ ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ ၈၀၀ ကျော်မှာ ပြန်လည် တက်ရောက်နိုင်ခြင်း မရှိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း ခြောက်ဖွဲ့၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း ၁၂ ဖွဲ့နှင့် ပြည်တွင်း အစိုးရအဖွဲ့ မဟုတ်သော အဖွဲ့အစည်း တစ်ဖွဲ့တို့နှင့် အစိုးရမှ ပူးပေါင်းဆောင်ရွက်နေသည်။

EMG

Thursday, November 7, 2013

နိုင်ငံတကာ အလှပြမော်ဒယ်လ်နှင့် ကားကြော်ငြာရုပ်ပုံရိုက်ကူးထားတဲ့




အလှပြမော်ဒယ်လ် လေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ International Automobile Collection များကို
စုစည်းတင်ဆက်ပေးလိုက်ပါတယ်။





























Related Posts Plugin for WordPress, Blogger...