Tuesday, November 12, 2013

တရားဥပဒေ စိုးမိုးရေးနှင့် မထိန်းသိမ်းဘဲ ပြစ်မှုပြစ်ဒဏ်များနှင့် နိုင်ငံကို ထိန်းသိမ်းသွားမည် ဆိုပါက ပြည်သူများ အနေဖြင့် တကယ့်ဒီမိုကရေစီစိတ်ဓာတ် ဖြစ်ပေါ်မလာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

 Created on Tuesday, 12 November 2013


နိုဝင်ဘာ ၁၁ ရက်ကကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်မှ ပါဝင်ဆွေးနွေးစဉ်

တရားဥပဒေ စိုးမိုးရေးဖြင့် ထိန်းသိမ်းခြင်း မဟုတ်ဘဲ ပြစ်မှုပြစ်ဒဏ်များဖြင့်သာ နိုင်ငံကို ထိန်းသိမ်းမည် ဆိုပါက ပြည်သူများသည် တကယ့်ဒီမိုကရေစီ စိတ်ဓာတ် ဖွံ့ဖြိုးလာမည် မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုဝင်ဘာ ၁၁ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကြမ်း ဆွေးနွေးရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းဥပဒေကြမ်းပါ ပြစ်မှုပြစ်ဒဏ်ခန်းတွင် ခွင့်ပြုချက် မရှိဘဲ ရပ်ရွာအခြေပြုလုပ်ငန်း သို့မဟုတ် အိမ်အခြေပြုလုပ်ငန်း ဆောင်ရွက်ခြင်း၊ ခွင့်ပြုချက်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းသည့် ကာလအတွင်းတွင် လည်းကောင်း၊ ပယ်ဖျက်ပြီးနောက်တွင် သော်လည်းကောင်း၊ ရပ်ရွာအခြေပြုလုပ်ငန်း သို့မဟုတ် အိမ်အခြေပြုလုပ်ငန်း ဆောင်ရွက်ခြင်းတို့သည် ပြစ်မှုထင်ရှား စီရင်ခြင်း ခံရပါက ကျပ် ၁၀ သိန်းထက် မပိုသော ငွေဒဏ်ချမှတ် ရမည်ဟူသော ပုဒ် ၃၄/(က) နှင့် (ခ) တို့ကို ပယ်ဖျက်ပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။


နေ့ကလေးထိန်းဌာန ဖွင့်တာလေးလောက်နဲ့ ဒဏ်ပေးမယ် ဆိုတာကလည်း မသင့်တော်တဲ့အပြင် ပြစ်မှု ပြစ်ဒဏ် ဆိုတာကို ကျွန်မလည်း ကန့်ကွက်ပါတယ်။ ကျွန်မတို့ ပြည်သူလူထုကို ပြစ်မှုပြစ်ဒဏ်နဲ့ ထိန်းသိမ်းမှာလား။ တရားဥပဒေ စိုးမိုးရေးနဲ့ ဥပဒေရဲ့ ပြည်သူအပေါ်မှာ စေတနာထားမှုနဲ့ ထိန်းသိမ်းမှာလား ဆိုတာကို ကျွန်မတို့ စဉ်းစားဖို့ လိုပါတယ်။ ပြစ်မှုပြစ်ဒဏ်နဲ့ပဲ ကျွန်မတို့နိုင်ငံကို ထိန်းသိမ်းသွားမယ်ဆိုရင် တကယ့် ဒီမိုကရေစီ စိတ်ဓာတ်တွေ ဖွံ့ဖြိုးနိုင်မှာ မဟုတ်ပါဘူးလို့ ဥက္ကဋ္ဌကြီးက တစ်ဆင့် ပြောကြားလိုပါတယ်...

''ပြစ်မှုပြစ်ဒဏ်ကိစ္စနဲ့ ပတ်သက်လို့ ပြောချင်ပါတယ်။ ဥပဒေကြမ်း ကော်မတီက ပြောသွားတာက ဒီမိုကရေစီ နုနယ်သေးတဲ့ အချိန်မှာ ပြစ်မှုပြစ်ဒဏ်ဆိုတာ လိုတယ်။ ကျွန်မတို့ကတော့ ပြောင်းပြန်ယူပါတယ်။ ဒီမိုကရေစီ နုနယ်နေသေးတဲ့ အချိန်မှာ တရားဥပဒေ စိုးမိုးရေး ပေါ်ပေါက်ဖို့အတွက် ဥပဒေဆိုတာ ပြည်သူလူထုကို ကာကွယ်ဖို့ဖြစ်တယ်။ ပြည်သူလူထုကို ဒဏ်ပေးဖို့မဟုတ်ဘူး ဆိုတာ ထင်ထင်ရှားရှား အများသိအောင် လုပ်ပေးဖို့ လိုပါတယ်။ အခုဒီမှာ ရပ်ရွာအခြေပြု၊ အိမ်အခြေပြုဆိုတာ ကလေးလေးတွေကို အိမ်မှာခေါ်ပြီး ထိန်းတာ နေ့ကလေးထိန်း ကျောင်းတွေနဲ့ မတူပါဘူး။ နေ့ကလေးထိန်းဌာန ဖွင့်တာလေးလောက်နဲ့ ဒဏ်ပေးမယ် ဆိုတာကလည်း မသင့်တော်တဲ့အပြင် ပြစ်မှု ပြစ်ဒဏ် ဆိုတာကို ကျွန်မလည်း ကန့်ကွက်ပါတယ်။ ကျွန်မတို့ ပြည်သူလူထုကို ပြစ်မှုပြစ်ဒဏ်နဲ့ ထိန်းသိမ်းမှာလား။ တရားဥပဒေ စိုးမိုးရေးနဲ့ ဥပဒေရဲ့ ပြည်သူအပေါ်မှာ စေတနာထားမှုနဲ့ ထိန်းသိမ်းမှာလား ဆိုတာကို ကျွန်မတို့ စဉ်းစားဖို့ လိုပါတယ်။ ပြစ်မှုပြစ်ဒဏ်နဲ့ပဲ ကျွန်မတို့နိုင်ငံကို ထိန်းသိမ်းသွားမယ်ဆိုရင် တကယ့် ဒီမိုကရေစီ စိတ်ဓာတ်တွေ ဖွံ့ဖြိုးနိုင်မှာ မဟုတ်ပါဘူးလို့ ဥက္ကဋ္ဌကြီးက တစ်ဆင့် ပြောကြားလိုပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့နောက် ဥပဒေကြမ်းပါ ပြစ်မှုပြစ်ဒဏ်အခန်းကို ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး ကော်မတီ၊ ၀န်ကြီးဌာနတို့က ရှင်းလင်းပြောကြားခဲ့ကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သီးခြားဆွေးနွေးမှု ပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ဆွေးနွေးမှုကို ရပ်ဆိုင်းခဲ့သည်။

EMG

မြ၀တီနယ်စပ်မှ အောက်တိုဘာလအတွင်း လုပ်ငန်းသုံးနှင့် လူသုံးကုန်၊ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆိုင်ကယ် အပါအ၀င် အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၁၉ သန်းဖိုး ကုန်သွယ်နိုင်ခဲ့

 Created on Tuesday, 12 November 2013


မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားပေါ်မှာ ပြည်တွင်းသို့ တင်သွင်းလာသော စက်ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်များကို တွေ့ရစဉ်

မြ၀တီ-ရန်ကုန် ကုန်သွယ်လမ်းကြောင်းတွင် ပြည်ပမှ တရားမ၀င် ကုန်စည်တင်သွင်းမှုအား Mobile Team ဖြင့် အရေးယူ ဆောင်ရွက်မှု တင်းကျပ်လာပြီးနောက် နယ်စပ်မှ တရားဝင်ကုန်သွယ်မှု မြင့်တက်လာခဲ့ကြောင်း တရားဝင် ကုန်ပစ္စည်း တင်သွင်းမှု မြင့်တက်လာခြင်းနှင့်အတူ မြ၀တီနယ်စပ်မှ အောက်တိုဘာလအတွင်း အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၁၉ သန်းဖိုး ကုန်သွယ်နိုင်ခဲ့ကြောင်း မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ သိရသည်။

မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာလ အတွင်းက ပြည်တွင်းဈေးကွက်သို့ တင်သွင်းမှုတွင် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၃၉၆ သန်းရှိပြီး တစ်ဖက် ထိုင်းနိုင်ငံသို့ တင်ပို့မှုတွင်လည်း ပမာဏအားဖြင့် ဒေါ် လာ ၃ ဒသမ ၃၂၈ သန်းဖိုး ကုန်သွယ်နိုင်ခဲ့ကာ ယခင်လထက် ဒေါ်လာ ၁ ဒသမ ၃၁၄ သန်း ပိုမိုကုန်သွယ် နိုင်ခဲ့ကြောင်း သိရသည်။

မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပြည်တွင်းသို့  ကုန်သွယ်မှု မြင့်တက်ခဲ့သလို ပြည်ပပို့ကုန်တွင်လည်း ယခင်လကထက် မြင့်တက်ခဲ့ခြင်းကြောင့် ဘဏ္ဍာနှစ်သစ် အစဖြစ်သော ဧပြီလမှ အောက်တိုဘာ လကုန်အထိ ခုနစ်လတာ ကာလအတွင်း ကုန်သွယ်မှု ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၁၆၁ ဒသမ ၆၄၇ သန်း ကုန်သွယ်နိုင်ခဲ့သည်ဟု ဆိုသည်။

မြ၀တီနယ်စပ် ဒေါနတောင်ကျော် ကုန်သွယ်လမ်းမှ ပြည်တွင်းဈေးကွက်သို့ တင်သွင်းရာတွင် ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးနှင့် လူသုံးကုန်၊ စားသုံးကုန်များ၊ ဓာတ်မြေသြဇာ၊ စက်သုံးဆီ၊ ဘိလပ်မြေ၊ စားအုန်းဆီ၊ အချိုမှုန့်၊ အချိုရည်မျိုးစုံနှင့် ဆိုင်ကယ်များ အဓိကတင်သွင်း လျက်ရှိကြောင်း သိရသည်။

''မြ၀တီ-ရန်ကုန် ကုန်သွယ်လမ်းကြောင်းမှ တရားမ၀င် ကုန်ပစ္စည်း တင်သွင်းမှုကို Mobile Team အဖွဲ့က တင်းတင်းကျပ်ကျပ် အရေးယူ ဆောင်ရွက်လာပြီးနောက် တရားဝင်ကုန်သွယ်မှု မြင့်တက် လာနိုင်ပေမယ့် တစ်နိုင်တစ်ပိုင် ကုန်သည်တွေရဲ့ ကုန်သွယ်မှု လျော့ကျလာတယ်'' ဟု မြ၀တီ- ဘားအံ ယာဉ်မောင်းတစ်ဦးက ပြောသည်။

EMG

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်မှ ပူးပေါင်းရန် ကမ်းလှမ်းလာပါက လက်ခံ ဆွေးနွေးမည်ဟု SNDP ဆို

 Created on Tuesday, 12 November 2013


SNLD ပါတီ၏ ပါတီတည်ထောင်ခြင်း (၂၅) နှစ်ပြည့် အခမ်းအနားကို လားရှိုးမြို့၌ ပြုလုပ်စဉ် (ဓာတ်ပုံ-SNLD)

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဘက်က ပါတီနှစ်ပါတီ ပူးပေါင်းရန် ကမ်းလှမ်းလာပါက လက်ခံဆွေးနွေး သွားမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) နှင့် ပူးပေါင်းရန်အတွက် ၎င်းတို့ဘက်မှ ဖိတ်ခေါ်ကမ်းလှမ်းမှု ပြုလုပ်သွားမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က နိုဝင်ဘာ ၁၀ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည့်အပေါ် ဦးစိုင်းအိုက်ပေါင်းက ယင်းကဲ့သိုY ပြန်လည် ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဖိတ်ခေါ်ကမ်းလှမ်းရင်တော့ လက်ခံဆွေးနွေးရမှာပေါ့။ ကျွန်တော်တို့ကလည်း ငါးဦးကော်မတီ ဖွဲ့ထားတယ်။ ဒုဥက္ကဋ္ဌ ဦးစိုင်းဆောင်စီ ဦးဆောင်ထားတယ်။ တစ်နှစ်လောက်ရှိပြီ။ တကယ်လို့ ဖိတ်ခေါ်ကမ်းလှမ်းတယ်ဆိုရင် ငါးဦးကော်မတီနဲ့ အရင်တွေ့ခိုင်းမှာပေါ့။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ ပူးပေါင်းမယ်ဆိုရင် နှစ်ပါတီလုံး ဖျက်ရမယ်လို့ ပြောထားတယ်လေ။ အဲဒါကလည်း ဘယ်လိုလာမလဲ မသိသေးဘူး'' ဟု ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အောက်တိုဘာ ၂၆ ရက်က ပြည့်မြောက်ခဲ့သည့် ပါတီတည်ထောင်ခြင်း (၂၅) နှစ်ပြည့်အတွက် မြို့နယ်အားလုံး ပါဝင်သည့် အထိမ်းအမှတ်ပွဲကို နိုဝင်ဘာ ၉ ရက် တွင် လားရှိုးမြို့၌ ပြုလုပ်ခဲ့ပြီး အဆိုပါပွဲအပြီးတွင် မြို့နယ်အသီးသီးမှ တက်ရောက်လာသည့် ကိုယ်စားလှယ်များက ၎င်းတို့၏အမြင်များကို နှစ်ရက်ကြာ သီးသန့်ဆွေးနွေးခဲ့ကြပြီး ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (SSIAC) ၏ သဘောတူညီချက်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ၏ တိုက်တွန်းချက်အရ SNDP နှင့် လက်တွဲပူးပေါင်းနိုင်ရနှ်SNLD ကဖိတ်ခေါ်ကမ်းလှမ်းပြီး ကြိုးစားအကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဟု ကြေညာချက်တွင် ပါရှိသည်။

''အရင်က သူတို့ဘက်က ပူးပေါင်းရေးအတွက် ငါးဦးကော်မတီ ဖွဲ့ထားတယ်ဆိုပြီး နောက်ပိုင်းကျတော့ အသံပျောက်သွားလို့ ကျွန်တော်တို့ဘက်က ပြန်စလိုက်တာ။ အဲဒီငါးဦး ကော်မတီက တရားဝင်ကြေညာတာ မဟုတ်တော့ ကျွန်တော်တို့က အခုတရားဝင် ကြေညာတာ။ ပူးပေါင်းရေးကို စတင်ကမ်းလှမ်းတာကိုတော့ ရန်ကုန်ပြန်ရောက်တာနဲ့ စတင်သွားမှာဆိုတော့ ဒီလထဲပဲ ဖြစ်ဖို့များပါတယ်'' ဟု SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။

ထို့ပြင် အဆိုပါ ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို SNLD က ၀င်ရောက်ယှဉ်ပြိုင်ရန် သင့်မသင့်ကိုလည်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့က စတင်လေ့လာ သုံးသပ်မှုများ အလေးအနက်ပြု ဆောင်ရွက်သွားမည်ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

အဆိုပါ (၂၅) နှစ်ပြည့် ငွေရတု အထိမ်းအမှတ်ပွဲသို့ SNLD ပါတီ ရုံးခွဲများရှိသည့် မြို့နယ်များအနက် ၂၂ မြို့နယ်မှ ကိုယ်စားလှယ် ၁၀၀၀ ကျော် တက်ရောက်ခဲ့ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကို ၁၉၈၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ကာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပြီးနောက် ဒုတိယအများဆုံး အနိုင်ရရှိခဲ့သည့် ပါတီတစ်ခုဖြစ်ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် တည်ထောင်ခဲ့သည့် ပါတီတစ်ခုဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၁၈ နေရာ၊ အမျိုးသား လွှတ်တော် သုံးနေရာ၊ ပြည်နယ်လွှတ်တော် ၃၄ နေရာနှင့် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်နှစ် နေရာရရှိခဲ့သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော် တစ်နေရာ အနိုင်ရရှိခဲ့ကာ လက်ရှိပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ် တတိယ အများဆုံးရှိသည့် ပါတီတစ်ခုဖြစ်ကြောင်း သိရသည်။

EMG

အသက်မသေဆုံးသေးသူ တစ်ဦးအား စောင့်ရှောက်မည့်သူ မရှိ၍ သင်္ချိုင်းဇရပ်တစ်ခုတွင် လာရောက်စွန့်ပစ်မှု မြိတ်မြို့တွင် ဖြစ်ပွား

 Created on Tuesday, 12 November 2013


မြိတ်မြို့ရှိ တရုတ်သင်္ချိုင်းဇရပ်တွင် စွန့်ပစ်ခံရသူတစ်ဦးကို တွေ့ရစဉ်

လေဖြတ်ရောဂါ ခံစားနေရပြီး အသက်သေဆုံးခြင်း မရှိသေးသည့်လူနာတစ်ဦးအား စောင့်ရှောက်မည့်သူ မရှိသောကြောင့် မြိတ်မြို့ရှိ သင်္ချိုင်းဇရပ် တစ်ခုတွင် လာရောက် စွန့်ပစ်ခံထားရသူအား တာဝန်ရှိသူများက ဆေးရုံသို့ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၃ ရက်က ကန်ကြီးရပ်ကွက် ဘီလမ်းရှိ နေအိမ်ဟောင်း တစ်ခုတွင် ၀င်ရောက်နေထိုင် နေသူတစ်ဦးမှာ လေဖြတ်ရောဂါ ခံစားနေရသောကြောင့် ဆေးရုံသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီးတင်ပို့ ပေးခဲ့ရကြောင်း သိရသည်။ ဆေးရုံသို့ တင်ပို့ပေးခဲ့ရသည့် လူနာမှာ ဆွေမျိုးမရှိဘဲ ရပ်ကွက်အတွင်းသို့ လာရောက်နေထိုင်သူ တစ်ဦးဖြစ်ကြောင်း သိရသည်။

''ဆေးရုံကို နိုဝင်ဘာ ၃ ရက်မှာတင်ပါတယ်။ လူနာကို ကူညီစောင့်ရှောက်ပေးဖို့ လူငှားပေးပါတယ်။ ဒါပေမဲ့ ဆေးရုံက ဘာမှမဖြစ်တဲ့ လူနာကို ဒီမှာထားခွင့် မရှိဘူးလို့ ပြောတယ်။ ပြီးတော့ လူနာကို လာခေါ်ဖို့ ထပ်ခါတလဲလဲ ပြောဆိုတာပါ။ တကယ်တော့ လူနာရှင်က ကျွန်တော်တို့ မဟုတ်ပါဘူး။ ဆွေမျိုးတွေလည်း တစ်ယောက်မှ မရှိပါဘူး။ ဒါကြောင့် အစိုးရဆေးရုံကို တင်ပို့ပေးတာပါ။ ဒါကို ကျွန်တော်တို့ကို ပြန်အပ်ပါတယ်။ လူနာက လမ်းတောင်မလျှောက်နိုင် တော့ပါဘူး။ ကျွန်တော်တို့က အစိုးရဆေးရုံကတောင် ကျန်းမာရေး စောင့်ရှောက်မှု မပေးနိုင်တော့ဘူးဆိုရင် ကျွန်တော်တို့လည်း ဘယ်မှာသွားထား ရမလဲလို့ မေးခဲ့ပါတယ်။ ဒါလည်း လက်မခံတော့ ကျွန်တော်တို့ လူနာကို ပြန်ယူလာရပါတယ်။ လူနာကို နိုဝင်ဘာ ၇ ရက်မှာ ဆေးရုံကနေ ပြန်ယူလာရပြီး ကလွင်-ဘာသာပေါင်းစုံ သင်္ချိုင်းက တရုတ်သင်္ချိုင်းဇရပ်မှာ သွားရောက် ထားရစ်ခဲ့ရတာပါ'' ဟု ကန်ကြီးရပ်မှ ကူညီပေးခဲ့သူ တစ်ဦးက ပြောကြားသည်။

အဆိုပါလူနာမှာ အသက် ၃၀ ၀န်းကျင်ခန့် ရှိကြောင်း အရက်သောက်သုံးမှု များသောကြောင့် လေဖြတ်သွားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

''ကျွန်တော်တို့ ကျေးရွာက ဇရပ်ကို ညနေပိုင်းမှာ လူခြောက်ယောက် လောက်ကလာပြီး စွန့်ပစ်သွားတာပါ သူနဲ့အတူ အချိုရည်ဘူးတွေလည်း ထားပေးခဲ့ပါတယ်။ အရင်ကလည်းဒီလိုပဲ အရှင်လတ်လတ် လာစွန့်ပစ်သွားပြီး သေဆုံးသွားလို့ ကျွန်တော်တို့ သဂြုင်္ိလ်ပေးလိုက်ရပြီးပါပြီ'' ဟု ကလွင်ကျေးရွာ နေထိုင်သူတစ်ဦးက ပြောကြားသည်။

နိုဝင်ဘာ ၇ ရက်က အစိုးရဆေးရုံမှ လက်မခံသောကြောင့် လာရောက် စွန့်ပစ်ခံခဲ့ရသည့် လူနာအကြောင်း မြိတ်မြို့နေ လူမှုကွန်ယက် ဖေ့ဘွတ်သုံးစွဲ သူများအကြား သတင်းပြန့်နှံ့ ခဲ့ပြီးနောက် တာဝန်ရှိသူများက နိုဝင်ဘာ ၁၀ ရက် ည ၁၀ နာခွဲခန့်တွင် လာရောက်ယူဆောင်သွားပြီး ဆေးရုံသို့ ပြန်လည်တင်ပို့ ပေးခဲ့ကြောင်း သိရသည်။

EMG

Monday, November 11, 2013

MTV EMA's 2013 ဆုပေးပွဲ လူပြောအများဆုံး လူကြည့်အများဆုံး ပွဲတက်ဝတ်ဆုံများ



နယ်သာလန်နိုင်ငံ Amsterdam မြို့မှာကျင်းပပြီးစီးခဲ့ပြီဖြစ်တဲ့ MTV EMA's 2013 ဆုပေးပွဲမှာ လူကြည့်များခဲ့တဲ့ ပွဲတက်ဝတ်ဆုံ ဖက်ရှင်ပုံရိပ်များကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
အဲဒီထဲမှာ ပွဲတက်သူတွေ အားလုံး အလန်းစားဖက်ရှင်တွေနဲ့ ပွဲတက်ခဲ့ပေမယ့် ထူးထူးခြားခြား ကေတီပယ်ရီကတော့ ရိုးရှင်းတဲ့ ဖက်ရှင်ဒီဇိုင်းနဲ့ မြင်တွေ့ခဲ့ ရပြန်ပါတယ်။ သူမရဲ့ရိုးစင်းတဲ့ ဖက်ရှင်ဒီဇိုင်းကြောင့် အဆိုပါပွဲမှာ လူစိတ်ဝင်စားမှုများစေခဲ့ပြန်ပါတယ်။ ကဲ..ဟုတ်ပါပြီ။ ဥရောပ မှာကျင်းပခဲ့တဲ့ MTV EMA's 2013 ဘယ်သူတွေ စိတ်ဝင်စားမှုအများဆုံး ဖက်ရှင်ဖြစ်စေခဲ့သလည်း ဆိုတာကြည့်လိုက်ရအောင်။
















၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ ၀န်ကြီးဌာန ၁၉ ခုမှ နိုင်ငံတော်သို့ ပေးသွင်းရန် ကျပ်သန်းပေါင်း ၁၀ သိန်းကျော်၊ အမေရိကန်ဒေါ်လာ ၄၄ သန်းကျော်နှင့် ရွှေစင် ၁၁၀၀ ပိဿာကျော် ကြွေးကျန်ရှိနေ

Monday, November 11, 2013



နိုဝင်ဘာ ၈ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်

၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်အထိ ပြည်ထောင်စု ၀န်ကြီးဌာန ၁၉ ခုမှ နိုင်ငံတော်သို့ ကျပ်သန်း ၁၁၂၅၀၇၇ ဒသမ ၀၄၂၊ အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၃၈၁ သန်း၊ ရွှေစင် ၁၁၃၉၄၈ ဒသမ ၁၃ ကျပ်သား၊ သံချောင်း ၅ ဒသမ ၃၆၂ တန် ပေးသွင်းရန် ကြွေးကျန်ရှိနေကြောင်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ပထမ ခြောက်လပတ် နိုင်ငံတော်၏ ရသုံးစာရင်းများကို စစ်ဆေးတွေ့ရှိချက်များအရ သိရသည်။

နိုင်ငံတော်သို့ ကြွေးကျန်ပေးရန် ကျန်ရှိနေသည့် ၀န်ကြီးဌာနများမှာ ပြန်ကြားရေး ၀န်ကြီးဌာန၊ လယ်/ဆည်၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ သစ်တော၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှု၊ စီးပွား/ကူးသန်း၊ ပညာရေး၊ ကျန်းမာရေး၊ သတ္တုတွင်း၊ ဘဏ္ဍာရေး၊ စီမံ/စီးပွား၊ ဆောက်လုပ်ရေး၊ ရထား၊ သိပ္ပံနှင့် နည်းပညာ၊ ဟိုတယ်/ခရီး စသည့်ဝန်ကြီးဌာနများဖြစ်သည်။

သတ္တုတွင်း ၀န်ကြီးဌာန၏ ကြွေးကျန်များနှင့် ပတ်သက်၍ သာပေါင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းက "၀န်ကြီးဌာန၏ ရွှေစင်ကြွေးကျန်များမှာ ယခင်အစီရင်ခံစာပါထက် လျော့ကျရမည့်အစား၊ သုံးဆခွဲ ပိုမြင့်တက်လာကြောင်း၊ ယင်းကြွေးကျန်ကိစ္စသည် စာရင်းဇယား ပျက်ကွက်မှု သက်သက်မဟုတ်သဖြင့် ၀န်ကြီးဌာနနှင့် ကန်ထရိုက်တို့အကြား ပြည်ထောင်စု အစိုးရက ၀င်ရောက်ဆွေးနွေးပေးရန် တိုက်တွန်းဆွေးနွေးခဲ့သည်။

ယင်းကြွေးကျန်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဒုတိယ၀န်ကြီးများက ပြည်ထောင်စု ၀န်ကြီးဌာနများကိုယ်စား နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ပြည်ထောင်စု လွှတ်တော်၌ လာရောက်ရှင်းလင်း ပြောကြားခဲ့ပြီး ယင်းကြွေးကျန်များ ပြန်လည်ရရှိရန်အတွက် တည်ဆဲဥပဒေများအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြု ပြောကြားသည်။

ယင်းကဲ့သို့ ၀န်ကြီးဌာနများမှ လွှတ်တော်တွင် ကတိပေးပြောဆိုမှုနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ၀န်ကြီးဌာနတိုင်းသည် ကတိပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ သို့ရာတွင် ယင်းကတိများအတိုင်း ဆောင်ရွက်နိုင်မည်၊ ဆောင်ရွက်ရန်ဖြစ်နိုင်မည် ဖြစ်သောကြောင့် ပြန်လည်သုံးသပ်ရန် လိုကြောင်း၊ တည်ဆဲဥပဒေများအရ ဆောင်ရွက်မည် ဆိုပါက ၀န်ကြီးဌာနများအကြား၊ ၀န်ကြီးဌာနနှင့် ပြည်သူများအကြား မပြေလည်မှုနှင့် မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်ကြောင်း ပြောကြားသည်။

"မလုပ်နိုင်သော ကတိကို ပေးထားခြင်းသည် ကတိခံသွားတဲ့ပုဂ္ဂိုလ် သို့မဟုတ် သက်ဆိုင်ရာ ၀န်ကြီးဌာနမှာလည်း တာဝန်တွေ ရှိနေမှာ ဖြစ်ပါတတယ်။ ဒါကြောင့် ဒီလို ဆောင်ရွက်တဲ့ နေရာမှာ ပြည်ထောင်စုလွှတ်တော် အတွက်ကော တာဝန်ကျေအောင်၊ အစိုးရ အုပ်ချုပ်ရေး အဖွဲ့နဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနလည်း တာဝန်ကျေအောင်၊ အဆင်ပြေအောင် လုပ်ပေးဖို့ လိုလိမ့်မယ် ထင်ပါတယ်။ ကတိပေးသွားတဲ့ ၀န်ကြီးဌာနတွေ ပြန်ကြည့်ပါ။ တကယ်ပေးတဲ့ အတိုင်းရော လုပ်နိုင်ကြမှာလား။ သို့ရာတွင် လွှတ်တော်ကို တက်ပြီးတဲ့ အခါမှာ ကတိပေးမှ ဖြစ်တယ်ဆိုပြီးတော့ ကတိပေးခဲ့တယ်။ လက်တွေ့ကျတော့ ကတိအတိုင်း မဆောင်ရွက်နိုင်ဘူးဆိုရင် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ဌာနအသီးသီးမှာ ကတိပျက်ကွက်မှုတွေ ဖြစ်မယ်။ အဲဒီအခါ ပြည်ထောင်စု လွှတ်တော်ကလည်း ကတိတွေ ပျက်ကွက်တာကို ဒီအတိုင်း ကြည့်နေရမယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်မှာလည်း တာဝန်ရှိပါတယ်။ ဒါကြောင့်မို့ ပြဿနာ တစ်ရပ်ကို ဖြေရှင်းတဲ့ နေရာမှာ ဘက်စုံထောင့်စုံ ပါဝင်ဆွေးနွေး အဖြေရှာပြီး လုပ်ဆောင်မှုဟာ အကောင်းဆုံး ဖြစ်ပါတယ်" ဟု ဆိုသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ရငွေကျပ် ၁၀ ဒသမ ၅၂၃ ထရီလီယံ၊ သုံးငွေကျပ် ၁၃ ဒသမ ၀၄၁ ထရီလီယံ၊ လိုငွေကျပ် ၂ ဒသ မ ၅၁၈ ထရီလီယံ၊ ဂျီဒီပီမှာ ကျပ် ၅၁ ဒသမ ၃၈၃ ထရီလီယံဖြစ်ပြီး၊ လိုငွေနှင့် ဂျီဒီပီ အချိုးမှာ ၄ ဒသမ ၉ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု အစိုးရအဖွဲ့က ၀န်ကြီးဌာနများအလိုက် နိုင်ငံတော်သို့ ပေးသွင်းရန်ရှိသည့် ၂၈-၁၀-၂၀၁၃ ရက်အထိ စုစုပေါင်း ကြွေးကျန်စာရင်း


စဉ် ၀န်ကြီးဌာန ကျပ် (သန်း) အမေရိကန်ဒေါ်လာ(သန်း) ပစ္စည်း
၁ ပြန်ကြားရေး ၄၁၈ ဒသမ ၆၄၄


၂ လယ်/ဆည် ၄၄၂၅၀၄ ဒသမ ၈၄၁


၃ မွေး/ရေ ၂၈၈၀၅ ဒသမ ၇၈၆


၎ ဆက်သွယ်ရေး ၂၁၈၀ ဒသမ ၇၉၄ ၇ ဒသမ ၄၂၉

၅ ပို့ဆောင်ရေး ၇၉၆၁ ဒသမ ၅၉၄ ၁ ဒသမ ၁၁၈

၆ သစ်တော ၁၄ ဒသမ ၆၄၁ ၀ ဒသမ ၇၈၄

၇ လျှပ်စစ် ၂၇၆၂၇၉ ဒသမ ၁၇၆


၈ စွမ်းအင် ၁၀၄၃၉၅ ဒသမ ၃၈၉


၉ စက်မှု ၂၇၇၂ ဒသမ ၄၄၅


၁၀ စီးပွား/ကူးသန်း ၄၁၉၉ ဒသမ ၇၅၃


၁၁ ပညာရေး ၁၅၁ ဒသမ ၃၉၄


၁၂ ကျန်းမာရေး ၁၄၂၅ ဒသမ ၁၁၃


၁၃ သတ္တှုတွင်း ၇၉၄ ဒသမ ၁၁၈
ရွှေစင် ၁၁၃၉၄၈ ဒသမ ၁၃ ကျပ်သား
၁၄ ဘဏ္ဍာရေး ၁၈၃၀၉၆ ဒသမ ၉၈၅ ၁၀ ဒသမ ၀၄၁

၁၅ စီမံ/စီးပွား ၅၄၇၀၁ ဒသမ ၄၆၉


၁၆ ဆောက်လုပ်ရေး ၈၁၉၈ ဒသမ ၁၈၄ ၀ ဒသမ ၁၁၅

၁၇ ရထား ၆၃၀၉ ဒသမ ၉၀၉
သံချောင်း ၅ ဒသမ ၃၆၂ တန်
၁၈ သိပ္ပံနှင့်နည်းပညာ ၈၆၆ ဒသမ ၈၀၇
၁၉ ဟိုတယ်/ခရီး
၂၄ ဒသမ ၈၉၄

စုစုပေါင်း ၁၁၂၅၀၇၇ ဒသမ ၀၄၂ ၄၄ ဒသမ ၃၈၁ ရွှေစင် ၁၁၃၉၄၈ ဒသမ ၁၃ ကျပ်သား

သံချောင်း ၅ ဒသမ ၃၆၂ တန်

မှတ်ချက်။ ။ဘဏ္ဍာရေး ၀န်ကြီးဌာန၏ ကြွေးကျန်တွင် ကျပ်ငွေနှင့် အမေရိကန်ဒေါ်လာအပြင် FEC သန်း ၀ ဒသမ ၀၇၄၊ ယမ်း ၀ ဒသမ ၂၆ သန်း၊ ရင်းဂစ် ၀ ဒသမ ၀၀၂ သန်း၊ ယူရို ၂ ဒသမ ၃၉၆ များ ပါဝင်သည်။

ယခုနှစ်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ စက်မှုဇုန် မြေများကို နိုင်ငံသား အမည်ခံများဖြင့် ဂျပန်နှင့် တရုတ်နိုင်ငံများမှ အများဆုံး လာရောက်ဝယ်ယူ

Monday, November 11, 2013


သီလ၀ါစက်မှုဇုန် မြေကွက်အစိတ်အပိုင်း တစ်ခုကို တွေ့ရစဉ်

ရန်ကုန်မြို့ရှိ စက်မှုဇုန် မြေများကို ယခုနှစ်ပိုင်းအတွင်း နိုင်ငံသား အမည်ခံကာ ဂျပန်နှင့် တရုတ်နိုင်ငံတို့မှ လုပ်ငန်းရှင်များက အများဆုံး လာရောက်ဝယ်ယူနေပြီး ငှားရမ်းမှုလည်း မြင့်တက်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများထံမှ သိရသည်။

"စက်မှုဇုန်တွေမှာတော့ လောလောဆယ် ရွှေပြည်သာ စက်မှုဇုန်တွေမှာ တရုတ်လူမျိုးတွေ အငှားများပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေ အနေနဲ့ကတော့ အရောင်းအ၀ယ် ပုံမှန်ပါပဲ။ တစ်ပေပတ်လည် မြေဈေးနှုန်း သတ်မှတ်ပြီး နောက်ပိုင်းမှာ ၀ယ်ရောင်းသမားတွေ မရှိသလောက် နည်းသွားတယ်။ တကယ်လုပ်ငန်း လုပ်မယ့်သူတွေပဲ ၀ယ်ကြတယ်။ နိုင်ငံခြားသား လုပ်ငန်းရှင်တွေ အနေနဲ့ကျတော့ တရုတ်နိုင်ငံက ယမန်နှစ်ကထက်စာရင် အငှားများလာတယ်။ သူတို့အနေနဲ့ အထည်ချုပ် လုပ်ငန်းတွေ၊ စက်ပစ္စည်းတွေ သိုလှောင်ဖို့အတွက် ငှားကြတယ်။ မြန်မာနိုင်ငံ အနေနဲ့ တံခါးဖွင့်လိုက်တာလည်း ပါတာပေါ့" ဟု ဗဟိုအိမ်၊ ခြံ၊ မြေ၊ စက်မှုဇုန် ၀န်ဆောင်မှု လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အလားတူ ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက်အတွင်း မြေဈေးမြင့်တက် နေသည့်နည်းတူ စက်မှုဇုန် မြေဈေးမှာလည်း မြင့်တက်လျက်ရှိကာ ၀ါးတစ်ရာကဲ့သို့ စက်မှုဇုန်များ၌ပင် ယခင်က ကျပ်သိန်း ၁၀၀၀ ခန့်သာရှိသည့် မြေကွက်များသည် ယခုအခါ ကျပ်သိန်း ၁၄၀၀၊ ၁၅၀၀ ၀န်းကျင်အထိ မြင့်တက်လာကြောင်း သိရသည်။

"အစ်မတို့ ကုမ္ပဏီမှာတော့ ဂျပန်၊ တရုတ်နိုင်ငံတို့က နိုင်ငံခြားသားတွေ အငှားများပါတယ်။ ရွှေလင်ဗန်း စက်မှုဇုန်မှာ အလုပ်ဖြစ်ပါတယ်။ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ အနေနဲ့က စက်မှုဇုန်တွေကို လာရောက်စုံစမ်းတာလည်း များတယ်။ အငှားလည်း ဒီနှစ်အတွင်းမှာ သိသိသာသာကို များလာပါတယ်။ ဈေးတွေကတော့ ၂၀၁၂ ခုနှစ်ကထက်စာရင် အတက်ချည်းပဲ" ဟု အောင်သမာဓိ ကုမ္ပဏီလီမိတက်မှ မဇင်ဝေထွန်းက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် မြေကွက်များ ရယူထားပြီး လုပ်ကိုင်ခြင်း မရှိသည့် ကုမ္ပဏီများထံမှ ပြန်လည်သိမ်းဆည်းပြီး အမှန်တကယ် လုပ်ကိုင်မည့် လုပ်ငန်းရှင်များအား ချထားပေးသွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသိန်းအောင်က အောက်တိုဘာ ၂၉ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေး၌ မေးခွန်းဖြေကြားရာတွင် ပြောကြားသည်။ ထို့နောက် ရန်ကုန်မြို့ရှိ စက်မှုဇုန် အချို့၌ မြေကွက်ဝယ်ယူ ထားသူများကို အမြန်ဆုံး စက်ရုံဆောက်ကြရန် သတိပေးထားကြောင်း ရန်ကုန်စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီမှ သိရသည်။

ရန်ကုန်မြို့ရှိ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီမှ စက်မှုဇုန်များကို လာမည့်ဒီဇင်ဘာတွင် ကွင်းဆင်းစစ်ဆေး သွားမည်ဖြစ်ကြောင်းနှင့် စက်မှုဇုန်ရှိ မြေယာကိစ္စများကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။

"စက်မှုဇုန်မြေဈေးက တက်တောင်တက်နေတယ်။ စက်မှုဇုန်တွေမှာ မြေကွက်တွေယူထားပြီး အကောင်အထည် မဖော်ရင် သိမ်းမယ်ဆိုပြီး ၀န်ကြီးပြောသွားတာ ရှိတယ်။ အမှန်တော့ အဲဒီလို သိမ်းနေတာတွေက အယောင်ပြလုပ်နေတာ တော်တော်ကြာပြီ။ ဒုသမ္မတ လှိုင်သာယာ လာတုန်းကလည်း သိမ်းမယ်ဘာညာ ပြောသွားတယ်။ အခုလည်း SME တွေကို တွန်းအားပေးမယ် ဘာညာပြောနေကြတယ်။ အမှန်က တကယ် အကောင်အထည် မဖော်တဲ့ မြေတွေကို အမှန်တကယ် သိမ်းလိုက်ရမှာ။ အဲဒီလို သိမ်းလိုက်ရင် စက်မှုဇုန်မြေဈေးဆိုတာ ပြုတ်ကျသွားမှာ။ ဒီနေ့ ဒီအချိန်မှာ ခြံစည်းရိုး ခတ်တာတောင် မစောင့်နဲ့။ မြေကွက်တွေ ချပေးထားတာ နှစ် ၂၀ တော င်ရှိနေပြီ။ အခုထိ ခြံစည်းရိုးတောင် မခတ်တာတွေ ရှိနေသေးတယ်။ မျက်နှာတွေ ထောက်နေတော့ အရေးယူမှုတွေ မလုပ်ကြဘူး" ဟုလည်း လှိုင်သာယာ စက်မှုဇုန်မှ လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးသန်းစိုးက ပြောကြားသည်။

စက်မှုဇုန်မြေများ၏ လက်ရှိအငှား ဈေးနှုန်းများမှာ တစ်ပေပတ်လည်လျှင် ကျပ် ၂၀၀၊ ၂၅၀ ရှိပြီး အရောင်းဈေးနှုန်းမှာ တစ်ဧကလျှင် ကျပ်သိန်း ၃၀၀၀ မှ ၃၅၀၀ ၀န်းကျင်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

စက်မှုဇုန်အလိုက် အရောင်းနှင့် အငှားဈေးနှုန်းများ


စဉ် မြို့နယ် အကြောင်းအရာ ဈေးနှုန်း (ကျပ်သိန်း)
၁။ တ/ဒဂုံစက်မှုဇုန် မြေ (80'x 120'၊ ဂို (40'x 80') 3RC ၈၉၀၀
၂။ သာကေတစက်မှုဇုန် မြေ (60'x 130'၊ ဂို (50'x 120') PW ၂၅
၃။ ရွှေလင်ဗန်းစက်မှုဇုန် မြေ (၈ဧက) မြေသီးသန့်(အုတ်တံတိုင်းခတ်ပြီး) ၂၄၀၀၀
၎။ ရွှေလင်ဗန်းစက်မှုဇုန် မြေ (၁.၈၅ဧက) မြေသီးသန့် (ခြံခတ်ပြီး) ၁၅(တစ်ဧက)
၅။ ဒဂုံဆိပ်ကမ်းစက်မှုဇုန် မြေ (၆.၇၅ဧက) ဂို (S.S) သုံးဧက 500 KVA ဂရန် ၆၅၀၀၀
၆။ ၀ါးတစ်ရာစက်မှုဇုန် မြေ (၆.၁၄၅ဧက) ပါမစ် ၂၅၀၀၀
၇။ လှိုင်သာယာစက်မှုဇုန် မြေ (၂.၉မတ်) ဂို (100'x 100') ဂို (60'x 80') 33KVA ၁၈၀၀၀
၈။ ရွှေပြည်သာစက်မှုဇုန် မြေ (၂.၀၄ဧက) ဂို (100'x 310') 315 KVA, Office ၂၁၀၀၀

EMG

စုပေါင်းပိုင် အဆောက်အအုံ တစ်ခုတွင် နေထိုင်သူများ အနေဖြင့် ရောင်းချခွင့်၊ ငှားရမ်းခွင့်နှင့် မြေပိုင်ဆိုင်ခွင့်၊ ပေါင်နှံခွင့်များ အပါအ၀င် နိုင်ငံခြားသားအား ရောင်းချနိုင်မည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်း ပြဋ္ဌာန်း

Monday, November 11, 2013


ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်

စုပေါင်းပိုင် အဆောက်အအုံ တစ်ခုတွင် စုပေါင်းနေထိုင် သူများအနေနှင့် ရောင်းချခွင့်၊ ငှားရမ်းခွင့်နှင့် မြေပိုင်ဆိုင်ခွင့်၊ ပေါင်နှံခွင့်များ အပါအ၀င် ဆဋ္ဌမထပ်နှင့် အထက် ၄၀ ရာခိုင်နှုန်း မကျော်သော အခန်းများအား နိုင်ငံခြားသားများသို့ ရောင်းချနိုင်မည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းအား နိုဝင်ဘာ ၁၀ ရက်က ပြည်သူများ သိရှိအကြံပြုနိုင်ရန် ထုတ်ပြန်ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။

ယခု ပြဋ္ဌာန်းလိုက်သည့် ဥပဒေကြမ်းတွင် မြေပိုင်ဆိုင်သူ အနေနှင့် စုပေါင်းပိုင် အဆောက်အအုံအဖြစ် မှတ်ပုံတင်သည့်မြေသည် တစ်ဧကနှင့်အထက် ဖြစ်ရန်လိုအပ်ပြီး တစ်ဧကအောက် ဖြစ်ပါက ၀န်ကြီးဌာန၏ သီးခြားခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း သိရသည်။

မှတ်ပုံတင်ပြီးချိန်တွင် မှတ်ပုံတင်သည့် မြေအနေနှင့် မည်သည့်အဖွဲ့အစည်း၊ တစ်ဦးတစ်ယောက်၏ ပိုင်ဆိုင်မှုအဖြစ် ရှိနေမည် မဟုတ်ဘဲ စုပေါင်းပိုင်ဆိုင်သူ အားလုံးနှင့် အကျုံးဝင်သော မြေအဖြစ်သာ ရပ်တည်နေမည်ဖြစ်ကြောင်း ပုဒ်မ ၁၄ တွင် ပြဋ္ဌာန်းထားသည်။

အဆိုပါ အဆောက်အအုံအား စုပေါင်းပိုင် မြေအဖြစ်မှ ရပ်စဲခြင်း၊ ဖြိုဖျက်၍ အသစ်ပြန်လည် တည်ဆောက်ခြင်း စသည့်လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် စုပေါင်းနေထိုင်သူများ၏ သင်းလုံးကျွတ် အထူးအစည်း အဝေးများတွင် အသင်းဝင် ၇၅ ရာခိုင်နှုန်း၏ ထောက်ခံမှုဖြင့် အသစ်တည်ဆောက်ခြင်း၊ စုပေါင်းပိုင်မြေ အဖြစ်မှ ရပ်စဲခြင်း လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ကြောင်း ပုဒ်မ ၃၄ တွင် ပြဋ္ဌာန်းချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ (Condominium Law) မရှိသဖြင့် မြေပိုင်ဆိုင်သူနှင့် အခန်းပိုင်ဆိုင်သူများအကြား အမြဲတစေ အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့်အပြင် တိုက်ခန်းများအား လက်ဝယ်ပိုင်ဆိုင်သူ အနေနှင့် မြေပိုင်ဆိုင်ခွင့် မရှိသည့်အတွက် ဘဏ်များတွင် ပိုင်ဆိုင်သည့် တိုက်ခန်းများအား ပေါင်နှံခွင့် မရှိသည့် ပြဿနာများ၊ Condominium တစ်ခုတွင် နေထိုင်သူများ အနေနှင့် Condominium တွင် အေးချမ်းစွာနေနိုင်ရေး စီမံခန့်ခွဲနိုင်မည့် ကော်မတီ ဖွဲ့စည်းခွင့် မရှိသဖြင့် မြေပိုင်ဆိုင်သူ အလိုကျ နေထိုင်ရသည့် ပြဿနာများနှင့် ရင်ဆိုင်နေရပြီး လက်ရှိပြဋ္ဌာန်းသည့် ဥပဒေတွင် အဆိုပါ အချက်များအား ပြေလည်စေနိုင်သည့် ပုဒ်မများ ပါဝင်ပြဋ္ဌာန်းထားကြောင်း သိရသည်။

ယခု ဥပဒေအား မပြဋ္ဌာန်းမီ ဆောက်လုပ်ခဲ့သည့် စုပေါင်းပိုင် အဆောက်အအုံများ အနေနှင့် စုပေါင်းပိုင် အဆောက်အအုံအဖြစ် မှတ်ပုံတင်ရန် ပုဒ်မ ၇ တွင် ပြဋ္ဌာန်းချက်များဖြစ်သည့် ပိုင်ဆိုင်ခွင့် လွှဲပြောင်းနိုင်သော မြေဖြစ်ခြင်း၊ မြေပိုင်ဆိုင်သူမှ စုပေါင်းပိုင်မြေအဖြစ် လွှဲပြောင်းပေးအပ်ခြင်း၊ မြို့ပြစီမံကိန်းအရ သတ်မှတ်ချက်နှင့် ကိုက်ညီခြင်း၊ မြေတစ်ဧကထက် ကျော်လွန်ခြင်း၊ မကျော်လွန်ပါက ၀န်ကြီးဌာန ခွင့်ပြုချက် ရယူခြင်းနှင့် ၀န်ကြီးဌာန၏ စုပေါင်းပိုင် အဆောက်အအုံဖြစ်ရန် သတ်မှတ်သည့် လိုအပ်သော အထပ်၊ အခန်းအရေအတွက်၊ စုပေါင်းပိုင်ပစ္စည်း စသည့်သတ်မှတ်ချက်များနှင့် ကိုက်ညီရန် လိုအပ်သည်။

EMG

ရန်ကုန်မြို့ရှိ လမ်းမကြီးများပေါ်တွင် အချိန်ကြာမြင့်စွာနှင့် ညအိပ်ရပ်နားထားသော ကွန်တိန်နာ ယာဉ်ကြီးများကို ကရိန်းဖြင့် သယ်ယူရှင်းလင်းရန် စီစဉ်နေ

Monday, November 11, 2013



ရန်ကုန်မြို့အတွင်း သွားလာနေသည့် ကွန်တိန်နာတင် ယာဉ်ကြီးများကို တွေ့ရစဉ်

ရန်ကုန်မြို့ရှိ လမ်းမကြီးများပေါ်တွင် အချိန်ကြာမြင့်စွာ ရပ်တန့်ထားခြင်းနှင့် ညအိပ်ရပ်နားထားသော ကွန်တိန်နာ ယာဉ်ကြီးများအား ကရိန်ဖြင့်ဆွဲမ၍ ရှင်းလင်းမှု ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ရန်ကုန်မြို့ရှိ လမ်းမများပေါ်တွင် ကွန်တိန်နာယာဉ်နှင့် နောက်တွဲယာဉ်ကြီး အချို့မှာ အချိန်ကြာမြင့်စွာ ရပ်တန့်ထားခြင်း၊ နေ့ရောညပါ ရပ်ထားခြင်းကြောင့် လမ်းမကြီးပေါ်တွင် ညအချိန်ယာဉ်များ သွားလာရာတွင် အဆိုပါ ယာဉ်များအား ၀င်တိုက်မိခြင်း၊ အချိန်ကြာမြင့်စွာ ရပ်တန့်ထားခြင်းကြောင့် လေးလမ်းသွား လမ်းများမှာ နှစ်လမ်းသာ သွား၍ရခြင်း၊ လမ်းသွားလမ်းလာ အများပြည်သူအတွက် အနှောင့်အယှက်များနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိအတွင်း လမ်းမကြီးများပေါ်တွင် မောင်းနှင်သွားလာလျက်ရှိသည့် သစ်လုံးတင်ယာဉ်များ၊ ကုန်တင်ယာဉ်ကြီးများ၊ ကွန်တိန်နာ ယာဉ်ကြီးများ၊ အခြားယာဉ်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအောက်ရှိ ရာပြတ်ဌာန၊ လမ်းတံတားဌာန၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာနရှိ စည်ပင်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် လှည့်ကင်းယာဉ် သုံးစီးဖြင့် စည်းကမ်းထိန်းသိမ်းလျက် ရှိကြောင်း၊ အဓိက လမ်းမကြီးများဖြစ်သော ပြည်လမ်း၊ ခရေပင်လမ်း၊ ဒညင်းကုန်းလမ်းဆုံ၊ အောက်မင်္ဂလာဒုံလမ်း၊ ညောင်တုန်းလမ်း၊ မင်းဓမ္မလမ်း၊ ပါရမီလမ်း၊ လေဆိပ်လမ်း၊ ဗဟိုလမ်း၊ ရွှေပြည်သာ တံတားလမ်း၊ လှိုင်မြစ်လမ်း၊ အမှတ် (၃) လမ်း၊ အမှတ် (၂) လမ်း၊ သံသုမာလမ်း၊ ယမုံနာလမ်း၊ ရှုခင်းသာလမ်း၊ ကမ်းနားလမ်း၊ ကွန်ကရစ် လမ်းသစ်တို့တွင် လှည့်ကင်းယာဉ်များဖြင့် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ တစ်ကြိမ်၊ ည ၆ နာရီမှ ၁၂ နာရီအထိ တစ်ကြိမ် ရှင်းလင်းခြင်းကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ပြုလုပ်နေကြောင်း သိရသည်။

၂၀၁၂ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၀၁၃ အောက်တိုဘာ ၁၈ ရက်အထိ ကွန်တိန်နာ အပါအ၀င် ယာဉ်အစီးရေ ၄၃၅၈ စီးအား မ၀င်ရလမ်းများ ၀င်ခြင်း၊ မရပ်ရ နေရာတွင် ရပ်တန့်ခြင်း၊ ကုန်စည်ပိုမို တင်ဆောင်ခြင်း၊ အချိန်ကြာမြင့်စွာ ရပ်တန့်မှုတို့အတွက် သက်ဆိုင်ရာ ယာဉ်ထိန်းတရားရုံးနှင့် စည်ပင်တရားရုံးတို့တွင် အရေးယူခဲ့ကြောင်း သိရသည်။

ထို့အပြင် အခွံမပါ၊ ကွန်တိန်နာ မပါဘဲ လမ်းမကြီးများပေါ်တွင် ညအိပ်ရပ်နားထားတဲ့ နောက်တွဲယာဉ်များကို မှတ်သားဖမ်းဆီး ပုံစံဖြင့် မှတ်တမ်းတင်ထားသော ယာဉ်အစီးရေထဲမှ အစီး ၃၃၀ ကို ယာဉ်ထိန်းတရားရုံးသို့ အရေးယူ ဆောင်ရွက်ရန် ပေးပို့ခဲ့ပြီး လက်ရှိအရေးယူမှုထက် ထိရောက်သော ကရိန်းဖြင့် ဆွဲမ၍ အရေးယူသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

EMG

လူရည်ချွန် တွေ့ဆုံပွဲ ကော်မတီ အစည်းအဝေးပွဲတွင် ဗဟိုအလုပ် အမှုဆောင် ရွေးချယ်နိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်း

 Created on Monday, 11 November 2013


လူရည်ချွန်တွေ့ဆုံပွဲ ကော်မတီ အစည်းအဝေးကို တွေ့ရစဉ်

လူရည်ချွန် တွေ့ဆုံပွဲ ကော်မတီ အစည်းအဝေးကို နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် ဆေးတက္ကသိုလ် (၁)၊ စာသင်ဆောင် (၂) ၌ ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် ဗဟိုအလုပ် အမှုဆောင် ရွေးချယ်နိုင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ယင်းရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းရခြင်းမှာ ဇန်န၀ါရီ ၅ ရက်တွင် ပြုလုပ်မည့် လူရည်ချွန် ပြန်လည်တွေ့ဆုံပွဲတွင် ဗဟိုအလုပ်အမှုဆောင် ဖွဲ့စည်းနိုင်ရန် အတွက်ဖြစ်ပြီး အဆိုပါ ရွေးကောက်ပွဲ ကော်မရှင်တွင် ဒေါက်တာသန်းသန်းဆွေ (ဥက္ကဋ္ဌ)၊ ဦးမင်းဆွေ (အတွင်းရေးမှူး)၊ ဒေါ်ညိုညိုခင် (တွဲဖက်အတွင်းရေးမှူး)၊ ဒေါက်တာဦးမောင်မောင်လေး (အထက်မြန်မာပြည်)၊ ဦးတင်လှိုင် (လယ်တွင်းသား စောချစ်) နှင့် ဒေါ်ခင်မြင့်မြင့်တို့ဖြင့် ပါဝင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ထို့နောက် ဗဟိုအလုပ်အမှုဆောင်အဖြစ် အဆိုပြုလွှာများကို ဖြန့်ဖြူးခဲ့ပြီး ဖွဲ့စည်းပုံ ကိစ္စနှင့် ပြည်တွင်းပြည်ပ လူရည်ချွန် ကွန်ရက်ပုံစံနှင့် လုပ်ထုံးစည်းမျဉ်း စည်းကမ်းကိစ္စများကို ထပ်မံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းနေ့ အစည်းအဝေးပွဲတွင်ပင် ဗဟိုအလုပ် အမှုဆောင်အဖြစ် အဆိုပြုလွှာ (၃၁) စောင်ကို လက်ခံရရှိပြီး အစည်းအဝေး မတက်ရောက်နိုင်ခဲ့သော လူရည်ချွန်များ အနေဖြင့်လည်း ယင်းအဆိုပြုလွှာများကို ဒေါက်တာဒေါ်သန်းဆွေ Novel Square Clinic လမ်း ၂၀ နှင့် အနော်ရထာလမ်းထောင့်၊ ဖုန်း ၀၁-၃၇၃၇ ၉၄၊ ၉၅၊ ၉၆၊ ၉၇၊ ၉၈၊ ၉၉ တို့တွင် ရယူနိုင်ပြီး အဆိုပြုလွှာများကို နိုဝင်ဘာ ၁၀ ရက်မှစ၍ လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

ဇန်န၀ါရီ ၅ ရက်တွင် ဖွဲ့စည်းမည့် ဗဟိုအလုပ် အမှုဆောင် ဖွဲ့စည်းပုံမှာ ဥက္ကဋ္ဌ တစ်ဦး၊ ဒုဥက္ကဋ္ဌ နှစ်ဦး၊ အတွင်းရေးမှူးတစ်ဦး၊ တွဲဖက်အတွင်းရေးမှူး နှစ်ဦး၊ ဘဏ္ဍာရေးမှူး တစ်ဦး၊ တွဲဖက်ဘဏ္ဍာရေးမှူး တစ်ဦး၊ စာရင်းကိုင် တစ်ဦး၊ စာရင်းစစ် တစ်ဦး၊ ပြန်ကြားဆက်သွယ်ရေး တစ်ဦး၊ အဖွဲ့ဝင် အရန်နှစ်ဦး၊ ပြောရေးဆိုခွင့်ရ တစ်ဦး၊ အဖွဲ့ဝင် အရန် နှစ်ဦးနှင့် အမှုဆောင် ၁၁ ဦးတို့ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ လူရည်ချွန် ဆက်သွယ်ရန်လိပ်စာ စာရင်းစာအုပ်ပြုစုမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းပြခြင်းနှင့် ဘဏ္ဍာရေးစာရင်း အ၀င်အထွက်များကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို လူရည်ချွန် ၃၉ ဦး တက်ရောက်ခဲ့ပြီး ၁၉၆၄-၁၉၈၈ အတွင်း လူရည်ချွန် စီမံကိန်းဖြင့် သတ္တမတန်းမှ တက္ကသိုလ်ကောလိပ် သိပံ္ပများမှ ဘက်စုံထူးချွန်သော ကျောင်းသားကျောင်းသူနှင့် သင်္ချာလူရည်ချွန်များကို တစ်နှစ်လျှင် ၃၀၀ ဦး ရွေးချယ်ခဲ့ရာ ရွေးချယ်ခံရသည့် လူရည်ချွန်ပေါင်း ၅၁၇၁ ဦးအထိ ရှိခဲ့ကြောင်း လူရည်ချွန်ဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။

ယင်းသို့ ဗဟိုအလုပ်အမှုဆောင် ဖွဲ့အစည်းရခြင်း၏ ရည်ရွယ်ချက်မှာ ၁၉၆၄-၈၈ အတွင်း ရွေးချယ်ခံရသော လူရည်ချွန်၊ သင်္ချာလူရည်ချွန်အားလုံး ပြန်လည်စုစည်းရန်ဖြစ်ပြီး နိုင်ငံနှင့် လူမျိုးအတွက် အကျိုးပြုသော ပညာရှင် အင်အားစု (Think Tank) အဖြစ် ရပ်တည်နိုင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

EMG

ရန်ကုန်မြို့ ဒုတိယ စီးပွားရေး ဗဟိုဇုန်နှင့် မင်္ဂလာတောင်ညွန့် စီးပွားရေး စီမံကိန်း မြေနေရာများ ငှားရမ်းခြင်းမှ ၀င်ငွေကျပ် ၇၉ ဘီလျံကျော် ရမည်ဟု လျာထား



Monday, November 11, 2013


မရမ်းကုန်း မြို့နယ်အတွင်း ဒုတိယ စီးပွားရေးမြို့တော် ဧရိယာ အနီးပတ်ဝန်းကျင်အား တွေ့ရစဉ်

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင် အကောင်အထည်ဖော်မည့် ဒုတိယ စီးပွားရေး ဗဟိုဇုန် (မင်းဓမ္မ စီမံကိန်း)နှင့် မင်္ဂလာတောင်ညွန့် စီးပွားရေး အဆောက်အအုံများ စီမံကိန်းတို့ ပြုလုပ်မည့် မြေနေရာများ လုပ်ငန်းရှင်များအား ငှားရမ်းခြင်းမှ ပရီမီယံကြေး ၀င်ငွေ ကျပ် ၇၉ ဒသမ ၂၃၈ ဘီလျံ ရမည်ဟု လျာထားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြားသည်။

မရမ်းကုန်းမြို့နယ် ဒုတိယ ဗဟိုစီးပွားရေးဇုန် ဧရိယာ ၃၆ ဒသမ ၅၅၁ ဧကနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် စီးပွားရေး အဆောက်အုံများ စီမံကိန်းအတွက် စက်ရုံနှင့် မော်တော်ယာဉ်ဝင်း မြေဧရိယာ ၈ ဒသမ ၅၁၈ ဧကတို့ကို ငှားရမ်းခြင်းမှ ပရီယံကြေးဝင်ငွေ ကျပ် ၇၉ ဒသမ ၂၃၈ ဘီလျံ ရရှိရန် မှန်းထားခြင်း ဖြစ်သည်။

ရန်ကုန်မြို့၏ ဒုတိယစီးပွားရေး ဗဟိုဇုန် စီမံကိန်းနှင့် မင်္ဂလာတောင်ညွန့် စီးပွားရေး အဆောက်အအုံများ စီမံကိန်း မြေနေရာများအား ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ၊ ပြည်တွင်းနှင့် ပြည်ပ ဖက်စပ်လုပ်ကိုင်မည့် လုပ်ငန်းရှင်များအား ငှားရမ်းရန် တင်ဒါခေါ်ယူထားပြီး၊ လျှောက်လွှာများကို စက်တင်ဘာလလယ်မှ စတင်ရောင်းချခဲ့ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် နောက်ဆုံးထား တင်ဒါသွင်းရမည်ဖြစ်သည်။

ဒုတိယ ဗဟိုစီးပွားရေးဇုန် စီမံကိန်းအတွက် စိတ်ဝင်စား၍ လျှောက်လွှာဝယ်ယူထားသော ကုမ္ပဏီ ၂၅ ခုခန့် ရှိနေပြီး ကိုရီးယား Sae.A Trading Co. Ltd၊ ပြည်တွင်းရှိ နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် လက်ရှိရွှေဂုံတိုင် ခုံးကျော်တံတား ဆောက်လုပ်နေသော Capital Development Co .Ltd၊ A1 Construction၊ Asia Picific Construction၊ Ayeyar Hin Thar Construction၊ Yangon Engineering Group စသည်တို့ ပါဝင်ပြီး ယင်းစီမံကိန်းတွင် ဟိုတယ်၊ ကွန်ဗင်းရှင်းစင်တာ၊ ပြခန်းကြီးများ၊ ကဇာတ်ရုံများ၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်ကြီးများ၊ အီလက်ထရွန်နစ် စင်တာများ၊ အရောင်းခန်းမကြီးများနှင့် ရုံးခန်းအဆောက်အအုံများ ပါဝင်မည်ဖြစ်ပြီး ၂၀၁၄ တွင် စတင်ရန် မှန်းထားသည်။

မရမ်းကုန်းမြို့နယ် ဒုတိယ ဗဟိုစီးပွားရေးဇုန် ဧရိယာ ၃၆ ဒသမ ၅၅၁ ဧကနှင့် မင်္ဂလာတောင်ညွန့်မြို့နယ် စီးပွားရေး အဆောက်အုံများ စီမံကိန်းအတွက် စက်ရုံနှင့် မော်တော်ယာဉ်ဝင်း မြေဧရိယာ ၈ ဒသမ ၅၁၈ ဧကတို့ကို ငှားရမ်းခြင်းမှ ပရီယံကြေးဝင်ငွေ ကျပ် ၇၉ ဒသမ ၂၃၈ ဘီလျံ ရရှိရန် မှန်းထားခြင်းဖြစ် . . . . .


ရန်ကုန်မြို့လယ်နှင့် နီးကပ်နေသည့် မင်္ဂလာတောင်ညွန့် စီးပွားရေး အဆောက်အအုံများ စီမံကိန်းကို ဗိုလ်မင်းရောင်လမ်း ဂုဏ်ရည်လမ်းတို့တွင် အကောင်အထည် ဖော်မည်ဖြစ်ပြီး ဟိုတယ်၊ ကွန်ဗင်းရှင်းစင်တာ၊ ပြခန်းကြီးများ၊ ကဇာတ်ရုံများ၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်ကြီးများ၊ အီလက်ထရွန်နစ် စင်တာများ၊ အရောင်းပြခန်းမကြီးများ (Shopping Mall)၊ ရုံးခန်းအဆောက်အအုံများနှင့် လူနေကွန်ဒို တိုက်ခန်းများ တည်ဆောက်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။


ယင်းစီမံကိန်းအတွက် မြေငှားရမ်း လုပ်ကိုင်လို၍ လျှောက်လွှာဝယ်ယူထားသည့် ကုမ္ပဏီ ၂၀ နီးပါးရှိပြီး ပြည်ပနှင့် ပြည်တွင်း ဖက်စပ်ကုမ္ပဏီ အနေဖြင့် Daiwa Housing Industry Co.Ltd (Tokyo) & Shin Ye Htut Construction Management and Developer Co.,ltd၊ ပြည်တွင်းရှိ နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် Capital Development Co.,Ltd၊ A1 Construction၊ Asia Picific Construction၊ New Innovation Co., Ltd၊ Ga Mone Pwint Co.,Ltd။ IGE Co.Ltd အပြင် TDDPC Co.,Ltd ? KYAY "O" KYEE Construction၊ Electrum Construction စသည်တို့ ပါဝင်သည်။

အဆိုပါ စီမံကိန်း နှစ်ခုစလုံးတွင် မြေငှားရမ်း လုပ်ကိုင်လိုသူများ အနေဖြင့် အာမခံ စပေါ်ငွေ အမေရိကန်ဒေါ်လာ တစ်သန်း တင်ထားရမည်ဟု ထုတ်ပြန်ထားသည်။


EMG

Royal Green River အပျော်စီး သင်္ဘောသစ် ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘော ခရီးစဉ် စတင်ပြေးဆွဲမည်

Monday, November 11, 2013



Royal Green River အပျော်စီး သင်္ဘောအား ရန်ကုန်မြစ်အတွင်း တွေ့ရစဉ် (Photo:www.royalgreenriver.com)

Royal Green River အပျော်စီး သင်္ဘောသစ်ဖြင့် ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘော ခရီးစဉ်များအား ယခုလအတွင်း စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Royal Green River အပျော်စီးသင်္ဘော ခရီးစဉ်အား အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင် ဗိုလ်တထောင်ဆိပ်ကမ်းမှ စတင်ထွက်ခွာမည်ဖြစ်ကာ အချိန်နှစ်နာရီခန့် ရန်ကုန်မြစ်အတွင်း ရှုခင်းများကြည့်ရှု အပန်းဖြေပြီး ဗိုလ်တထောင် ဆိပ်ကမ်းသို့ ပြန်လည်ဆိုက်ကပ်မည်ဟု သိရသည်။

"နိုဝင်ဘာလကစပြီး အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘော ခရီးစဉ် ပြေးဆွဲမှာပါ။ စင်းလုံးငှား ခရီးစဉ်တွေလည်း ငှားရမ်းနိုင်မှာပါ" ဟု Royal Green River အပျော်စီးသင်္ဘော ကုမ္ပဏီမှ MD ဦးဌေးအောင်က ပြောပါသည်။

Royal Green River အပျော်စီး သင်္ဘောသစ်အား ယခုနှစ် ခရီးသွား ရာသီတွင် မန္တလေး၊ ပုဂံ၊ ဗန်းမော်စသည့် ရက်ရှည်ခရီးစဉ်များကိုလည်း စင်းလုံးငှား အနေဖြင့် ငှားရမ်းနိုင်မည်ဖြစ်သည်။ Royal Green River အပျော်စီး သင်္ဘောတွင် အိပ်ခန်းရှစ်ခန်း၊ ထမင်းစားခန်း၊ ဘားကောင်တာများ ပါဝင်ပြီး ညအိပ်ခရီးစဉ်တွင် ခရီးသည် ၁၆ ဦး တည်းခိုလိုက်ပါ နိုင်မည်ဖြစ်ပြီး နေ့ခရီးစဉ်များတွင်မူ ခရီးသည် ၅၀ ဦး လိုက်ပါနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် နိုဝင်ဘာလမှ စတင်ကာ မန္တလေးမြို့ အခြေပြု၍ အပျော်စီး သင်္ဘောခရီးစဉ် ပြေးဆွဲသည့် သင်္ဘောကုမ္ပဏီသစ်များ တိုးချဲ့လာကြပြီး သင်္ဘောစီးရေများလည်း တိုးချဲ့ပြေးဆွဲလာသည်။

ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် အပျော်စီးသင်္ဘော ခရီးစဉ်များ စီစဉ်ပြေးဆွဲနေသော မြန်မာနိုင်ငံသားပိုင် Irrawaddy Princess River Cruise သင်္ဘောကုမ္ပဏီ၏ သုံးစင်းမြောက် သင်္ဘောသစ်ဖြစ်သော Princess Royal အပျော်စီး သင်္ဘောအား မန္တလေး-ပုဂံ နှစ်ညအိပ် သုံးရက်ခရီးစဉ်နှင့် ပုဂံ-မန္တလေး နှစ်ညအိပ် သုံးရက်ခရီးစဉ်များအား ယခုလတွင် ပြေးဆွဲမည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များသည် မန္တလေးမြို့မှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အလှအပများကို ခံစားပြီး စစ်ကိုင်း၊ မင်းကွန်း၊ ပုဂံ၊ ဗန်းမော် စသည့်ဒေသများသို့ အပျော်စီးသင်္ဘော ခရီးစဉ်များဖြင့် သွားရောက်လည်ပတ်ခြင်းအား အထူးစိတ်ဝင်စားမှု ရှိသောကြောင့် မြန်မာနိုင်ငံရှိ ခရီးသွား ကုမ္ပဏီများသည် အပျော်စီး သင်္ဘောများ တည်ဆောက်ပြီး အပျော်စီးသင်္ဘော ခရီးစဉ်များကို စီစဉ်လာကြခြင်းဖြစ်ကြောင်း သိရသည်။

EMG

ဂျပန်နိုင်ငံ၏ အသေးစား အလတ်စား လုပ်ငန်းရှင်များ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ရန် ဈေးကွက်လာရောက် ရှာဖွေ



Monday, November 11, 2013

UMFCCI ၏ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန် ရှင်းလင်းပြောကြားစဉ် (ဓာတ်ပုံ-အေးမြတ်မွန်)

ဂျပန်နိုင်ငံ၏ အသေးစား အလတ်စား လုပ်ငန်းရှင်များမှ မြန်မာနိုင်ငံရှိ အသေးစား အလတ်စား လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ရန်အတွက် ဈေးကွက်လာရောက် ရှာဖွေခြင်းကို နိုဝင်ဘာ ၉ ရက်က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ UMFCCI ရုံးချုပ်တွင် လာရောက် ပြုလုပ်ခဲ့သည်။

ဂျပန်နိုင်ငံရှိ အသေးစား အလတ်စားလုပ်ငန်း လုပ်ကိုင်နေသော ကုမ္ပဏီခုနစ်ခု ပါဝင်ခဲ့ပြီး အဆိုပါ ကုမ္ပဏီများမှ မြန်မာနိုင်ငံရှိ အသေးစား အလတ်စား လုပ်ကိုင်နေသော လုပ်ငန်းရှင် ၃၀ ကျော်နှင့် တွေ့ဆုံခဲ့ကာ လုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ရန်အတွက် ဖိတ်ခေါ်ခဲ့သည်။

စွန့်ပစ်သတ္တုများ သန့်စင်ခြင်း လုပ်ငန်း၊ လျှပ်စစ်နှင့် ပတ်သက်သည့် စက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ၊ အိမ်၊ ခြံ၊ မြေလုပ်ငန်း၊ ခရီးသွား လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ ကားနှင့်ဆက်စပ်ပစ္စည်းများ ဆိုင်ရာလုပ်ငန်း၊ ပလတ်စတစ် လုပ်ငန်း၊ ဆေးဝါးလုပ်ငန်းများ စသည့်လုပ်ငန်းများတွင် ပူးပေါင်းလုပ်ကိုင်ရန်အတွက် ဖိတ်ခေါ်ခဲ့သည်။

"သူတို့ဘက်က SME လုပ်ငန်းရှင်တွေ ခေါ်လာတယ်။ ဒီက SME လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပေးတဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ SME လုပ်ငန်းတွေလည်း အခွင့်အလမ်းတွေ ရှိလာမယ်။ လုပ်ငန်းတွေ ဖြစ်ထွန်းလာမယ်။ ဂျပန်နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ SME တွေရဲ့ support ကြောင့်ဖြစ်တယ်။ အန်ကယ်တို့ နိုင်ငံမှာလည်း SME လုပ်ငန်းတွေ ကြီးထွားဖွံ့ဖြိုး တိုးတက်လာမှ စီးပွားရေး လုပ်ငန်းတွေလည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရရှိလာမှာ ဖြစ်တယ်။ ဒါကြောင့် ခုလိုမျိုး SME လုပ်ငန်းရှင်တွေ အချင်းချင်း တွေ့ဆုံပေးတာ ဖြစ်တယ်" ဟု UMFCCI ၏ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်က ပြောကြားသည်။ အလားတူ ဂျပန်-မြန်မာ Business Matching ကို မတ်လအတွင်းက ကျင်းပခဲ့ပြီး အမေရိကန်ဒေါ်လာ ကိုးသန်းကျော်အထိ MoU ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

EMG

တစ်နှစ်လျှင် ရော်ဘာတန်ချိန် ခုနစ်သိန်းမှ ရှစ်သိန်းအထိ လိုအပ်ချက် ရှိခြင်းကြောင့် ဂျပန်ကားတာယာ ထုတ်လုပ်သည့် ကုမ္ပဏီများက မြန်မာ့ရော်ဘာ ကုန်ကြမ်းများကို ၀ယ်ယူတင်သွင်းရန် စီစဉ်

Monday, November 11, 2013


တနင်္သာရီတိုင်း ဒေသကြီးအတွင်း ရော်ဘာကုန်ကြမ်း ထုတ်လုပ်နေမှုအား တွေ့ရစဉ်

တစ်နှစ်လျှင် ရော်ဘာတန်ချိန် ခုနစ်သိန်းမှ ရှစ်သိန်းအထိ လိုအပ်ချက် ရှိခြင်းကြောင့် ဂျပန်ကားတာယာ ထုတ်လုပ်သည့် ကုမ္ပဏီများမှ မြန်မာ့ရော်ဘာ ကုန်ကြမ်းများကို ၀ယ်ယူတင်သွင်းရန် စီစဉ်နေကြောင်း သိရသည်။

ယင်းကဲ့သို့ ၀ယ်ယူရာတွင် မြန်မာနိုင်ငံမှ ရော်ဘာကုန်ကြမ်းများကို ဂျပန်ဈေးကွက်မှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိစေရန် ဂျပန်ပညာရှင်များကိုယ်တိုင် မြန်မာနိုင်ငံရှိ ရော်ဘာခြံများတွင် နည်းပညာပေးခြင်းများ လာရောက်ပြုလုပ်မည်ဖြစ်ပြီး အရည်အသွေး အဆင့်မြင့်လာပြီး ဂျပန်ဈေးကွက်ဝင် ရော်ဘာကုန်ကြမ်းများ ထုတ်လုပ်နိုင်သည့် အချိန်တွင် စတင်ဝယ်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံက ရော်ဘာကုန်ကြမ်းတွေ ဂျပန်နိုင်ငံ ဈေးကွက်ဝင်ဖို့အတွက် အရည်အသွေး မြှင့်တင်ဖို့ လိုအပ်ပါတယ်။ ဒါကို မြန်မာရော်ဘာ အသင်းနဲ့ ပူးပေါင်းပြီး နည်းပညာ ပေးသွားမှာပါ။ ဂျပန်နိုင်ငံက လိုအပ်တဲ့ အရည်သွေး သတ်မှတ်ချက် ကိုက်ညီပြီဆိုတာနဲ့ ဂျပန်နိုင်ငံ ဈေးကွက်ကို ၀ယ်ယူတင်သွင်းဖို့ စီစဉ်ထားပါတယ်" ဟု The Rubber Trade Association of Japan မှ Secretary-General ဖြစ်သူ Mr. Yoshio Kanai က ပြောပြသည်။ မြန်မာ-ဂျပန်နိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို နိုဝင်ဘာ ၄ ရက်က မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ ဂျပန်နိုင်ငံ ရော်ဘာထုတ်လုပ်သူများ အသင်းနှင့် The Rubber Trade Association of Japan မှ တာဝန်ရှိသူများက လက်မှတ်ရေးထိုး ခဲ့ကြကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကုန်ကြမ်းများကို မလေးရှား၊ ဗီယက်နမ်၊ ကိုရီးယား၊ တရုတ်၊ စင်ကာပူ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ယူအေအီး၊ ထိုင်းစသည့် နိုင်ငံများသို့ တင်ပို့လျက်ရှိသည်။

EMG

အခွန်ရှောင်သူများ ရှိနေပြီး အများလိုက်နာနိုင်သည့် အခွန်ဥပဒေများ ပြဋ္ဌာန်းမည်ဟု မိတ္ထီလာမြို့ ဒေသခံများနှင့် တွေ့ဆုံစဉ် သူရဦးရွှေမန်း ပြောကြား

 Created on Monday, 11 November 2013


ပြည်ထောင်စုလွှတ်တော် နာယကနှင့် မိတ္ထီလာမြို့ ဒေသခံများ တွေ့ဆုံဆွေးနွေးစဉ်

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် မိတ္ထီလာမြို့ ဒေသခံများ နိုဝင်ဘာ ၁၀ ရက်တွင် တွေဆုံခဲ့ကြသည်။ ထို့ပြင် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ကျောက်ဆည်၊ ၀မ်းတွင်းနှင့် မိတ္ထီလာမြို့များရှိ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက မိန့်ခွန်းပြောကြားရာတွင် "ဥပဒေတစ်ရပ် ပြဋ္ဌာန်းတယ် ဆိုတာက အများအတွက် အကျိုးရှိစေသော၊ အများလိုက်နာနိုင်တဲ့ ဥပဒေတွေဖြစ်ဖို့ လိုတယ်။ အများအတွက် အကျိုးမရှိဘူး။ မမျှတဘူး။ မလိုက်နာနိုင်တဲ့ ဥပဒေ စတင်ပြဋ္ဌာန်းလိုက်ပြီ ဆိုကတည်းက ဥပဒေကို အလိုလို ချိုးဖောက်ဖို့ အများကြီး ဖြစ်လာနိုင်တယ်။ အခွန်နဲ့ ပတ်သက်လို့ အခွန်ရှောင်တာတွေ၊ အခွန်ပုန်းတာတွေနဲ့ အခွန်နဲ့ ပတ်သက်လို့ မသမာမှု ရှိတာတွေ အများကြီးပဲ။ ဒါ့ကြောင့်မို့လို့ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေက အများလိုက်နာ နိုင်မှသာလျှင် ဒီဥပဒေဟာ တရားမျှတမယ်။ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နိုင်မယ်။ အခွန်ကိစ္စတင် မဟုတ်ဘူး။ ဘယ်ဥပဒေပဲဖြစ်ဖြစ် အများလိုက်နာနိုင်တဲ့ ဥပဒေဖြစ်ဖို့ အရေးကြီးတယ်။ အဲဒါတွေက ကျွန်တော်တို့ ကြိုးစားပြီး လုပ်မယ်" ဟု ပြောကြားသည်။

ထိုပြင် လက်ရှိအချိန်တွင် ပြည်ထောင်စုလွှတ်တော်မှ ပြင်ဆင်ပြဋ္ဌာန်းပြီးသည့် ဥပဒေပေါင်း ၇၀ ကျော်ရှိပြီ ဖြစ်ကြောင်းနှင့် မိမိတို့ထံ၌ ထပ်မံပြဋ္ဌာန်းရန် ဥပဒေပေါင်း ၅၀ ကျော် ရှိနေကြောင်း ထည့်သွင်းပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဖက်ဒရယ်ဆန်သောပုံစံ ရေးဆွဲထားကြောင်း၊ အရေးကြီးသည်က ပြည်ထောင်စုဖြစ်ကြောင်း၊ ပြည်ထောင်စု ဆိုသည်မှာ စုစည်းနေမှ နိုင်ငံဖွံဖြိုး တိုးတက်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စု စနစ်နှင့် ဒီမိုကရေစီစနစ် ယှဉ်တွဲကျင့်သုံးသည့် အမေရိကန်၊ ဂျာမနီနှင့် အခြားထိပ်တန်း နိုင်ငံကြီးများအား အတုယူသင့်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

ထိုပြင် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအား တရားမျှတစွာဖြင့် အနိုင်ရရှိအောင် ကြိုးစားရမည်ဟု သူရဦးရွှေမန်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

EMG

Related Posts Plugin for WordPress, Blogger...