Thursday, November 14, 2013

စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း အဆင့်မြင့် စက္ကူစက်ရုံ (သာပေါင်း) အား နှစ် ၃၀ စာချုပ်ဖြင့် ထိုင်းကုမ္ပဏီက အမေရိကန်ဒေါ်လာ ၈၀ ဒသမ ၅ သန်းဖြင့် တင်ဒါအောင်

 Thursday, 14 November 2013


နိုဝင်ဘာ ၁၃ ရက်က စက်မှုဝန်ကြီးဌာနတွင် ပြုလုပ်သည့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီကို ကြေညာပွဲအား တွေ့ရစဉ်

စက်မှုဝန်ကြီးဌာန စက္ကူနှင့် အိမ်သုံးပစ္စည်းလုပ်ငန်း အဆင့်မြင့် စက္ကူစက်ရုံ(သာပေါင်း) အား နှစ် ၃၀ စာချုပ်ဖြင့် ထိုင်းနိုင်ငံ Double A ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ ၈၀ ဒသမ ၅ သန်းဖြင့် တင်ဒါ အောင်မြင် သွားကြောင်း နိုဝင်ဘာ ၁၃ ရက်က စက်မှုဝန်ကြီး ဌာနတွင် ပြုလုပ်သည့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီကြေညာပွဲမှ သိရသည်။

အဆင့်မြင့် စက္ကူစက်ရုံ (သာပေါင်း)အား အကျိုးတူ ပူးပေါင်းလုပ်ဆောင်ရန် စက်တင်ဘာလမှ အောက်တိုဘာလအထိ အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ရာ ပြည်တွင်းပြည်ပကုမ္ပဏီ ၁၀ ခုမှ စိတ်ဝင်စားခဲ့ပြီး ကုမ္ပဏီငါးခုမှ တင်ဒါတင်သွင်းခဲ့ရာ ကုမ္ပဏီငါးခုအနက် နှစ်ခုမှာ ပြည့်စုံမှုမရှိ၍ ကုမ္ပဏီသုံးခုသာ ရွေးချယ်ခဲ့ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသိန်းအောင်က "ဒီစက်ရုံဟာ နိုင်ငံတော်အတွက် အင်မတန် အရေးကြီးပါတယ်။ တန်ဖိုးရယ်၊ ၀န်ထမ်းအင်အား အများဆုံး စက်ရုံတစ်ရုံ ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်လို့ နိုင်ငံတော်ကဏ္ဍ တဖြည်းဖြည်းလျှော့ချဖို့ အစီအမံတွေနဲ့ ပြုပြင်ပြောင်းလဲရေးကို သွားနေတဲ့ အတွက်ကြောင့် ဒီစက်ရုံအနေနဲ့ မဖြစ်မနေ ပုဂ္ဂလိကဘက်ကို လွှဲပြောင်းမယ်ဆိုတာ ကိုလည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပြီးသလို လွှတ်တော်မှာလည်း အကြိမ်ကြိမ် ရှင်းလင်းပြီး ဖြစ်ပါတယ်။ နိုင်ငံတော်အကျိုးနဲ့ ရေရှည်အကျိုးကို ကြည့်ပြီး တကယ်လုပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ပေါင်းစပ်ပြီးတော့ ဒီစက်ရုံကို ငှားရမ်းသွားမှာ ဖြစ်ပါတယ်"ဟု ဆိုသည်။

Double A ကုမ္ပဏီ၏ အဆင့်မြင့် စက္ကူစက်ရုံ(သာပေါင်း)စက်ရုံငှားရမ်းခမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၀ သန်းဖြစ်ပြီး တစ်နှစ်ငှားရမ်းခ၏ ငါးရာခိုင်နှုန်းအား နှစ်နှစ်လျှင်တစ်ကြိမ် တိုးမြှင့်ပေးသွားမည် ဖြစ်ပြီး ၀န်ထမ်းလစာနှင့် ကုန်ကျစရိတ်များအား ငှားရမ်းစာချုပ် ချုပ်ဆိုပြီးသည်နှင့် ကျခံသွားမည်၊ တိုးချဲ့ရင်းနှီးမှုအဖြစ် တစ်နှစ်လျှင် တန်သုံးသိန်းကျ စက်ရုံအသစ်တစ်ရုံ တည်ဆောက်သွားမည် ဖြစ်သည်။

Double A ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဇော်လွင်က "နိုင်ငံတော်အတွက်ရယ်၊ ဒေသခံတွေရဲ့ အကျိုးစီးပွားကို တိုးတက်အောင် ဆောင်ရွက်ပါမယ်။ ၀န်ထမ်းလစာ စရိတ်တွေ ရရှိဖို့၊ ဒေသခံတွေ အလုပ်အကိုင်ရဖို့ လုပ်ရမှာဖြစ်ပါတယ်။ ပြည်တွင်းမှာ အားပေးမယ့်သူတွေက ရှိပြီးသားပါ" ဟု ဆိုသည်။

စက္ကူစက်ရုံ (သာပေါင်း)အား တင်ဒါတင်ထားသည့် ကုမ္ပဏီသုံးခုအနက် Bamboo World သည် ငှားရမ်းခများသော်လည်း ခိုင်မာသော အထောက်အထားနှင့် အစီအမံများတွင် အားနည်းချက်ရှိခြင်း၊ ယခုအောင်မြင်သော ကုမ္ပဏီအနေဖြင့် JK Paper ထက် ငှားရမ်းခ ပိုမိုခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုနှင့် စက်ရုံဝန်ထမ်းများသာမက ဒေသခံများအတွက်ပါ ဖန်တီးပေးနိုင်သည့် အစီအမံများ ရှိကြောင်း သိရသည်။

EMG

နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ လက်ပုံစံများကို ပြတိုက်တွင် ထိန်းသိမ်းထားမည်





Thursday, 14 November 2013

မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် တိုက်ပွဲဝင်ခဲ့ပြီး ဖမ်းဆီး အကျဉ်းချ ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားများ၏ လက်ကို ပလတ်စတာဖြင့် ပုံစံသွန်းယူကာ ပြတိုက်တစ်ခု ဖွင့်လှစ်၍ ထိန်းသိမ်းထားမည် ဖြစ်ကြောင်း ဓာတ်ပုံဆရာ ထိန်လင်းက ပြောကြားသည်။

A Show of Hand ဟု အမည်ပေးထားသည့် အဆိုပါ လှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးစသူတို့ အပါအဝင် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ထောင်ဝန်းကျင်၏ လက်များကို ပုံစံသွင်းယူကာ မှတ်တမ်း တင်ထားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့တော် ဗိုလ်အောင်ကျော်လမ်းရှိ Home Media ခန်းမတွင် ပြုလုပ်သည့် ပုံသွန်းလောင်းခြင်း အခမ်းအနားတွင် ၎င်းကယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ယင်းသို့ မှတ်တမ်းတင်ရာတွင် အကျဉ်းသားဟောင်းများ၏ အမည်၊ နေရပ်လိပ်စာ၊ အဖမ်းခံရသည့် ရက်စွဲ၊ ပြန်လည် လွတ်မြောက်သည့် ရက်စွဲစသည့် အချက်အလက် အပြည့်အစုံ ပါဝင်မည် ဖြစ်ပြီး အဆိုပါ လက်ပုံစံများကို ပြတိုက်တစ်ခု ဖွင့်လှစ်သိမ်းဆည်းမည် ဖြစ်ကြောင်း ၎င်းကရှင်ပြသည်။
“ကျိုးနေတဲ့လက်ကို ကျောက်ပတ်တီး ကိုင်ပေးရသလိုပဲ၊ နိုင်ငံရေးသမား ဆိုတာလည်း ကျိုးပဲ့နေတဲ့ နိုင်ငံကို အကောင်းပြန်ဖြစ်အောင် လုပ်ပေးနေတဲ့ သူတွေပါ။ ဒါကြောင့် အခုလိုလုပ်ဖို့ စိတ်ကူးရတာပါ၊ ဒီလက် တစ်ချောင်းစီမှာ ဇာတ်လမ်းတစ်ခုစီ ရှိပါတယ်” ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးလည်း ဖြစ်သူ ဓာတ်ပုံထိန်လင်းက ရှင်းပြသည်။

ယင်းသို့ လက်ပုံစံများ သွန်းလောင်း မှတ်တမ်းတင်ခြင်းကို လွန်ခဲ့သည့် တစ်လဝန်းကျင်က စတင်ခဲ့ပြီး လက်ရှိအချိန်ထိ အကျဉ်းသားဟောင်း ၁၂၀ ကျော်၏ ယာလက်ပုံစံများကို သွန်းယူ မှတ်တမ်းတင်ပြီး ဖြစ်သည့် အပြင် နယ်ဝေးရှိ အကျဉ်းသား ဟောင်းများထံ ကိုယ်တိုင် သွားရောက် ပုံစံယူမည် ဖြစ်ကြောင်း ၎င်း ဆက်လက် ပြောဆိုသည်။

ယခုကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် မြန်မာ့ဒီမိုကရေစီ အရေးတွင် နယ်ပယ် အသီးသီးမှာ လူတန်းစား အမျိုးမျိုး ပါဝင်လှုပ်ရှားခဲ့သည့် နိုင်ငံရေး ဖြစ်စဉ် များကို သမိုင်းမှတ်တမ်းအဖြစ် ထိန်းသိမ်းထားနိုင်မည် ဖြစ်ကြောင်း ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် တစ်ဦးအတွက် မဲဆွယ် လှုပ်ရှားပေးခဲ့မှုဖြင့် လူရွှင်တော် ဇာဂနာနှင့်အတူ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူ ဟာသသရုပ်ဆောင် အရိုင်းက ပြောကြားသည်။
“ကိုယ်ကတော့ ဒါကို ထောက်ခံ အားပေးပါတယ်။ မြန်မာနိုင်ငံအတွက် သူတို့တွေ ဘယ်လို ကြိုးစားအားထုတ်ခဲ့တယ်၊ ဘယ်လို အနစ်နာခံခဲ့တယ် ဆိုတာကို နောင်လာမယ့် နှစ်ပေါင်းများစွာမှာ နောင်လာနောက်သားတွေ သိရှိပြီး ဂုဏ်ယူလို့ ရတာပေါ့” ဟု ၎င်းကဆိုသည်။

ယနေ့ကျင်းပသည့် အခမ်းအနားတွင် နိုင်ငံရေး အကျဉ်းသားဟောင်းများ ဖြစ်ကြသည့် စာရေးဆရာ၊ သတင်းစာဆရာ ဦးမိုးသူ၊ ရုပ်ရှင်သရုပ်ဆောင် ဦးအောင်လွင် (စံရွှေမောင်)၊ ဟာသသရုပ်ဆောင်၊ ဒါရိုက်တာ ဦးသူရ (ဇာဂနာ)၊ ဦးအရိုင်း၊ ဦးသန့်စင်အောင် (ဓာတ်ပုံဆရာ)၊ ဒေါ်စမ်းစမ်းနွဲ့ (သာယာဝတီ)၊ ဒေါ်ချိုနွယ်ဦးနှင့် ဒေါ်ဥမ္မာတို့ ရှစ်ဦးတို့၏ လက်များကို ပုံစံသွန်းယူခဲ့သည်။

the voice

ကျောင်းမုန့်ဈေးတန်း အစားအသောက်များ FDA စစ်ဆေးမည်





Thursday, 14 November 2013
အခြေခံပညာ စာသင်ကျောင်း မုန့်ဈေးတန်းများတွင် ရောင်းချနေသော အစားအသောက်များ ကျန်းမာရေး ဘေးအန္တရာယ် ကင်းဝေးရေးအတွက် သက်ဆိုင်ရာ မြို့နယ်များ၌ လာမည့် ဒီဇင်ဘာလ နှောင်းပိုင်းမှ စတင်ကာ ဈေးကွက်စစ်တမ်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) မှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က The Voice သို့ ပြောကြားသည်။

ယင်းအစီအစဉ်ကို ကျောင်း ကျန်းမာရေးရှိသော မြို့နယ်တိုင်းတွင် ဆောင်ရွက်သွားရန် ရည်ရွယ်ထားပြီး ကျောင်း မုန့်ဈေးတန်းများတွင် ရောင်းချနေသော ပြည်တွင်း၊ ပြည်ပ အသင့်စားမုန့်များကို စစ်ဆေးမည့် အစီအစဉ်တစ်ခု ဖြစ်ကြောင်း၊ စားသုံးရန် မသင့်သော အစားအစာဟု ဆိုရာတွင် Safety (ဘေးအန္တရာယ် ကင်းရှင်းရေး) ကို အဓိက ဆိုလိုကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ ရောင်းချနေသော အစားအသောက်များတွင် ကျန်းမာရေး ဘေးအန္တရာယ် တွေ့ရှိပါက ပစ္စည်းများ ဖျက်သိမ်းခြင်း၊ အများပြည်သူ သိအောင် စားသုံးရန် မသင့်ကြောင်း ကြေညာခြင်း တို့ ပြုလုပ်သွားမည့် အပြင် ရရှိသော ဓာတ်ခွဲ စစ်ဆေးချက်ပေါ် မူတည်ကာ တရားစွဲဆိုမှုများအထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒေါက်တာထွန်းဇော်က The Voice သို့ ပြောဆိုသည်။

သို့သော် ကျောင်းကျန်းမာရေး အဖွဲ့ဝင်များသည် စိတ်ပါဝင်စားမှု နည်းပါးပြီး တွဲဖက် တာဝန်များ ပိုများလာသောကြောင့် လက်တွေ့ စစ်ဆေးမှုပိုင်းတွင် ထိရောက်မှု အားနည်းကာ ရောင်းချသော ဈေးသည်များကလည်း လိုက်နာမှု လျော့ရဲလာကြောင်း တောင်တွင်းကြီးမြို့နယ် ကျောင်း ကျန်းမာရေး အဖွဲ့ဝင် ဒေါက်တာကျော်ဆွေက ပြောဆိုသည်။
“လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ဒီနည်းတွေ သုံးပြီးပြီ။ ကျောင်းတွေ ဝင်စစ်တာက စစ်တာပဲ။ အောင်မြင်နိုင်မယ်လို့ မယုံကြည်တော့ဘူး” ဟု ၎င်းက ဆက်လက်ဆိုသည်။

လက်ရှိ အခြေခံပညာ စာသင်ကျောင်းများကို လိုက်လံ စစ်ဆေးမည့် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနတွင် ဝန်ထမ်းဦးရေ စုစုပေါင်း ၁၀၀ ခန့်သာ ရှိပြီး ယင်း လူ့စွမ်းအားအရင်း အမြစ်ပိုင်း လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် ကျန်းမာရေး ဝန်ကြီးဌာနက ဝန်ထမ်းဦးရေ တိုးမြှင့်ခွင့် ပြုထားသည်။

the voice

ဆရာ၊ ဆရာမများအတွက် လူမှုစီးပွား အခွင့်အလမ်းများ လိုအပ်ဟု ဒုတိယသမ္မတဆို





Thursday, 14 November 2013
ပညာရေး ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ဆရာ၊ ဆရာမများ၏ အရည်အသွေးပိုင်းမှာ အဓိက ကျသောကြောင့် ၎င်းတို့၏ လူမှုစီးပွားရေး အပါအဝင် တစ်သက်တာ ပညာရပ်များ ဆက်လက် သင်ကြားနိုင်ရေး အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်ကြောင်း နိုဝင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်သော ပညာရေး ဆွေးနွေးပွဲ၌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားသည်။

သို့သော် ပညာရေး အသုံးစရိတ်ပိုင်း အခက်အခဲများ ရှိနေသောကြောင့် ဦးစားပေး ဆောင်ရွက်သင့်သော ကဏ္ဍများကို လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမများ၏ အရည်အသွေးပိုင်း တိုးတက်စေရန် ၎င်းတို့ကိုယ်တိုင် ကြိုးစားရမည့်အပြင် ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားရေး အဆောက်အအုံများလည်း လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြော ဆိုသည်။
“ဒီကကျောင်းတွေ၊ တက္ကသိုလ်တွေက အင်မတန် ခံ့ညားတယ်။ ဒါပေမဲ့ ဆရာမတွေ၊ ကျောင်းသားတွေရဲ့ အရည်အချင်းက သူများကို မမီဘူး။ အဲဒီတော့ ဘွဲ့ရ ကျောင်းသားတွေကလည်း သူများတွေကို မမီ နိုင်တော့ဘူး” ဟု ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ညွှန်ကြားချက်နှင့် ဖွဲ့စည်းထားသော ပညာရေးမြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီ အကြံပြုချက်တွင် ဆရာ၊ ဆရာမများ အပါအ၀င် ပညာရေး ဝန်ထမ်း အားလုံးကို ရာထူးတိုး ပြောင်းရွှေ့ရာတွင် ထင်သာ မြင်သာရှိသော စနစ် ဖြစ်ပေါ်ရန် မူဝါဒတစ်ရပ် ရေးဆွဲရန်နှင့် ဆရာ၊ ဆရာမများ အရည်အသွေး မြှင့်တင်ရေးအတွက် တိုက်တွန်းထားသည်။

ယင်းအပြင် နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် လက်ရှိ ဆောင်ရွက်နေသော ပညာရေး မြှင့်တင်မှုများတွင် မူဝါဒရေးရာ ပါဝင်သူ များကို လက်တွေ့ကျကျ စဉ်းစားပြီးမှ လုပ်ဆောင်ကြရန်နှင့် ဦးစားပေး ပြင်ဆင်ရမည့် အပိုင်းများကို ညှိနှိုင်းကြရန် ထပ်မံ တိုက်တွန်းသွားသည်။
“ကျောင်းသား ဗဟိုပြု၊ ကလေးဗဟို ပြု သင်ကြားနည်းကို သွားတာ ဆိုပေမယ့် တကယ် အချိုးချကြည့်ရင် ကျောင်းသားနဲ့ ဆရာ အချိုး မညီမျှသေးတဲ့အတွက် ဒါမျိုးတွေကို ပြန်စဉ်းစားကြည့်ပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

နိုင်ငံတစ်ဝန်း အခြေခံပညာ ဆရာ၊ ဆရာမ ဦးရေသည် ၂၀၁၂-၂၀၁၃ ပညာ သင်နှစ်တွင် ၂၈၃,၅၉၀ ဦး ရှိပြီး ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် မူလတန်းပြ ဆရာ၊ ဆရာမ ၂၉,၅၃၅ ဦး ထပ်မံ ခန့်ထားခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။

 the voice

မေမြတ်မွန်ရဲ့ မှုံရွှေရည် သီချင်း


Thursday, November 14, 2013

အခုတလော နာမည်ကြီးနေတဲ့ အွန်လိုင်း အဆိုတော် မေမြတ်မွန်ရဲ့ နာမည်ကြီး မှုံရွှေရည် သီချင်းကို သီဆိုဖျော်ဖြေထားတာပါ။





အွန်လိုင်း အဆိုတော် မေမြတ်မွန်၊ ဓာတ်ပုံ- မေမြတ်မွန် ဖေ့စ်ဘုတ်

မေမြတ်မွန်ဟာ ခေတ်ပေါ် သီချင်းတွေနဲ့ အင်္ဂလိပ် သီချင်းတွေပဲ ဆိုတတ်တယ် ထင်နေသူတွေအတွက် မှုံရွှေရည် လို သီချင်းကို အခုလို ပိုင်ပိုင်နိုင်နိုင် ဆိုထားတာကို ပြန်လည် ဖော်ထုတ်ပေးလိုက်ပါတယ်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ လူငယ်ရံပုံငွေပွဲ တခုအတွက် မှုံရွှေရည် သီချင်းကို အွန်လိုင်း နာမည်ကြီး အဆိုတော် မေမြတ်မွန်က သီဆိုပြီး မြန်မာအကနဲ့ ယှဉ်တွဲ ကြည့်နိုင်ပါတယ်။






အိမ့်သံစဉ် ~

Wednesday, November 13, 2013

ဆလုံလူမျိုးများကို နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေး




Wednesday, November 13, 2013
 
တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ကျွန်းစုများပေါ်တွင် နေထိုင်သော ဆလုံ လူမျိုးများကို နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနေကြောင်း တနင်္သာရီတိုင်း ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရန် ၄င်းတို့နေထိုင်သည့် ကျွန်းစုများအထိ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လုပ်ဆောင် ပေးခြင်းဖြစ်ကြောင်း ၄င်းကရှင်းပြသည်။
“လောလောဆယ် ရာသီဥတု မကောင်းလို့ ခဏနားထားတယ်” ဟု ၄င်းကဆိုသည်။

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ဆလုံလူမျိုး တစ်ထောင်ခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ လက်ရှိအချိန်ထိ ဆလုံလူမျိုး ၂၀၀ ကျော်ခန့်ကို နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးထားပြီး ဖြစ်သော်လည်း ကျန်ဆလုံ လူမျိုးများ ကိုလည်း ထပ်မံ ပြုလုပ်ပေးမည် ဖြစ်ကြောင်း ၄င်းက ထုတ်ဖော် ပြောကြားသည်။

တနင်္သာရီတိုင်း ဒေသကြီးသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း လာရောက်စဉ်က ဆလုံလူမျိုး များကို နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးရန် ဒေသခံများက တင်ပြပြီး နောက်ပိုင်း နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးရေး စီမံချက်ကို နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ တင်ပြကာ စတင်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

တနင်္သာရီတိုင်း ဒေသကြီးအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးရေး စီမံချက်တွင် ဆလုံလူမျိုးစု များသာမက ပရှူး ကဲ့သို့သော လူမျိုးစုများ အတွက်လည်း ပါဝင်ကြောင်း ယင်းဌာန တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အသက် ၁၈ နှစ် ပြည့်ပြီးသူသည် နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားလို ပါက အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ တစ်စောင်၊ အသက်အတွက် ကျောင်းထောက်ခံစာ သို့မဟုတ် မွေးစာရင်း မူရင်းနှင့် မိတ္တူ၊ သွေးစစ်လက်မှတ် မူရင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ မိဘနှစ်ပါး ကိုင်ဆောင်ထားသော အထောက်အထား လက်မှတ်မူရင်းနှင့် မိတ္တူတို့ ပါရှိရမည် ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မုန်တိုင်းသင့် ဖိလစ်ပိုင်ကို ကူညီရန် အမေရိကန်နှင့် ဗြိတိန်တို့ စစ်သင်္ဘောများ စေလွှတ်

Wednesday, November 13, 2013



ဖိလစ်ပိုင်အရှေ့ပိုင်း လေတီကျွန်းစုရှိ တာလိုဘန်မြို့တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိလာသော C-130 လေယာဉ်တစ်စင်း (၀ဲ) ကိုတွေ့ရစဉ် (Photo:AFP)

တိုင်ဖွန်းဟိုင်ရန် တိုက်ခတ်မှုကြောင့် လူ ၁၀၀၀၀ ကျော် သေဆုံးဖွယ်ရှိသည့် ဖိလစ်ပိုင်ကို အကူအညီပေးရန် အမေရိကန်နှင့် ဗြိတိန်တို့က နိုဝင်ဘာ ၁၂ ရက်တွင် စစ်သင်္ဘောများ စေလွှတ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၈ ရက်က တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းဟိုင်ရန်နှင့်အတူ အလွန်ပြင်းထန်သည့် လေပြင်းများ၊ ဆူနာမီကဲ့သို့ လှိုင်းလုံးကြီးများသည် ဖိလစ်ပိုင် ကမ်းရိုးတန်း မြို့အားလုံးနီးပါးကို ဖျက်ဆီးခဲ့ပြီး သမ္မတ ဘီနစ်နိုအကွီနိုကလည်း အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။ "အဆိုးဆုံးကို ကျွန်တော်တို့ မျှော်လင့်ထားတယ်။ မုန်တိုင်းဒဏ်သင့် ဒေသတွေနဲ့ အဆက်အသွယ် ပိုရလေလေ၊ လူတွေပိုပြီးသေတာကို တွေ့ရှိလေလေ ဖြစ်နေတယ်" ဟု ကုလသမဂ္ဂ လူသားချင်း စာနာမှု အကူအညီပေးရေးဆိုင်ရာ ဒါရိုက်တာ ဂျွန်ဂျင်းက ပြောကြားခဲ့သည်။ လေတီပြည်နယ်၏ မြို့တော်တာကလိုဘန်သို့ ၁၆ ပေမြင့်သည့် လှိုင်းလုံးများ ရိုက်ခတ်ခဲ့ပြီး ယင်းမြို့တစ်မြို့တည်းတွင်ပင် လူ ၁၀၀၀၀ ၀န်းကျင် သေဆုံးဖွယ် ရှိသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ ဖိလစ်ပိုင် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းဖြစ်သော လူဦးရေ ၁၀ သန်းခန့် မုန်တိုင်းဒဏ် ခံစားခဲ့ကြရပြီး လူပေါင်း ၆၆၀၀၀၀ ကျော် အိုးမဲအိမ်မဲ့ ဖြစ်မည်ဟု ကုလသမဂ္ဂက ခန့်မှန်းခဲ့သည်။

လက်ရှိတွင် ဟောင်ကောင်တွင် ရှိနေသည့် USS George Washington လေယာဉ်တင် သင်္ဘောနှင့် အခြားစစ်သင်္ဘော ငါးစင်းတို့သည် နိုဝင်ဘာ ၁၂ ရက်တွင် အာရှမဟာမိတ် ဖိလစ်ပိုင်ကို အကူအညီပေးရန် ထွက်ခွာမည်ဖြစ်ပြီး နှစ်ရက်၊ သုံးရက်အတွင်း ရောက်ရှိမည်ဟု ပင်တဂွန်က ထုတ်ပြန်ခဲ့သည်။ နိုဝင်ဘာ ၁၁ ရက်ကလည်း အမေရိကန် မရိန်းတပ်သား ၉၀ ကျော် ပါဝင်သော ကျွမ်းကျင်အဖွဲ့သည် တာကလိုဘန်မြို့သို့ အကူအညီပေးရန်အတွက် ရောက်ရှိခဲ့သည်။

ဗြိတိန်ကလည်း စင်ကာပူတွင် လက်ရှိတပ်ဖြန့်ထားသည့် စစ်သင်္ဘော တစ်စင်းကို အကူအညီ ပေးရေးအတွက် ဖိလစ်ပိုင်သို့ အမြန်ဆုံး စေလွှတ်မည်ဟု ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်က နိုဝင်ဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။ ကုလသမဂ္ဂက ဖိလစ်ပိုင်သို့ အရေးပေါ် ရန်ပုံငွေထဲမှ ဒေါ်လာ ၂၅ သန်း ထုတ်ပေးခဲ့သည်။ သြစတြေးလျက ကယ်ဆယ်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၉ ဒသမ ၃၈ သန်းအထိ ကူညီမည်ဟု ကြေညာခဲ့သည်။ ဖိလစ်ပိုင်နှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသော တရုတ်က ဒေါ်လာတစ်သိန်း ကူညီမည်ဟု နိုဝင်ဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။

Ref:AFP

အီရန် နျူကလီးယား အစီအစဉ်ကို စစ်ဆေးရန် အီရန်နှင့် IAEA တို့ သဘောတူ

Wednesday, November 13, 2013



IAEA အကြီးအကဲ ယူကီယာအာမာနို (ယာ) နှင့် အီရန်အဏုမြူစွမ်းအင်အဖွဲ့ အကြီးအကဲ ဆာလေဟီတို့ကို တီဟီရန်ရှိ သတင်းစာ ရှင်းလင်းပွဲတွင် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ် (Photo:AFP)

အီရန် အငြင်းပွား နျူကလီးယား အစီအစဉ်ကို စုံစမ်းစစ်ဆေးမည့် အစီအစဉ် တစ်ရပ်ကို အီရန်နှင့် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) တို့အကြား နိုဝင်ဘာ ၁၁ ရက်တွင် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အင်အားကြီး နိုင်ငံများသည် အီရန်နျူကလီးယား အစီအစဉ်ကို ထိန်းချုပ်ဟန့်တားရန်အတွက် ကြားဖြတ်သဘောတူညီချက် တစ်ရပ်ရရှိရန် နီးကပ်လာပြီ ဖြစ်သည်ဟု သံတမန်များက အခိုင်အမာ ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်အတွင်း ဂျီနီဗာတွင် ကျင်းပသည့် အစည်းအဝေးတွင် မည်သည့်သဘောတူညီမှုမျှ မရရှိခဲ့ပေ။

ပဏာမ အဆင့်ဖြစ်ပြီး မပီပြင်သေးသော အဆိုပါ စုံစမ်းစစ်ဆေးမှုဆိုင်ရာ သဘောတူညီမှုသည် IAEA ၏ ကျယ်ကျယ်ပြန့်ပြန့် ကြီးကြပ်ကွပ်ကဲခွင့်ရရန် တောင်းဆိုမှုများကို ကျေနပ်နှစ်သိမ့်စေသည့် ပထမအဆင့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း လေ့လာသူများနှင့် သံတမန်များက ပြောကြားခဲ့သည်။

ယင်းသဘောတူညီချက်အရ အီရန်သည် ဓာတ်ပေါင်းဖိုသစ် အားလုံးနှင့် ပတ်သက်သော အချက်အလက်များကို သုံးလအတွင်း ပေးပို့ရမည်ဖြစ်ပြီး နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် လျာထားသည့် နေရာများနှင့် ယူရေနီယံ သန့်စင်မည့် နေရာများကို ဖော်ပြရမည်ဖြစ်သည်။

သဘောတူညီချက်နှင့် ပတ်သက်၍ စကားလုံးများမှာ ပြီးပြည့်စုံမှု မရှိသော်လည်း မှန်ကန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း အနောက်တိုင်း သံတမန် တစ်ဦးက ပြောကြားခဲ့သည်။ အီရန်နိုင်ငံသည် နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးပမ်းနေသည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ IAEA က စုံစမ်းစစ်ဆေးရန် ကြိုးပမ်းမှုများ ကာလကြာရှည်စွာ ရပ်တန့်နေခဲ့သည်။ အီရန်နိုင်ငံက သူ၏နျူကလီးယား အစီအစဉ်သည် ငြိမ်းချမ်းသော နည်းလမ်းအတွက် အသုံးပြုရန်သာဖြစ်ကြောင်း အမြဲတမ်း အခိုင်အမာ ပြောကြားခဲ့သည်။

နျူကလီးယား လက်နက်များအတွက် သုတေသနများကို အီရန်က ဆောင်ရွက်နေသည်ဟု စွပ်စွဲထားသည့် ပါချင်းစစ်တပ်နယ်မြေကို စစ်ဆေးရန် အစီအစဉ်မှာ ပင်မလုပ်ငန်းစဉ်အောက်ရှိ လုပ်ငန်းခွဲတစ်ရပ် ဖြစ်လာလိမ့်မည်ဟု IAEA အဖွဲ့ အကြီးအကဲ ယူကီယာအာမာနိုက ဆိုသည်။

အီရန်နိုင်ငံ၏ နျူကလီးယား အကြီးအကဲ အလီအက်ဘာဆာလေဟီက IAEA ၏ စုံစမ်းစစ်ဆေးရေးမှူးများအား အာရက်ဒေသ၌ တည်ဆောက်နေသော ဓာတ်ပေါင်းဖိုကို စစ်ဆေးရန် ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ယင်းသည် အပြုသဘောဆောင်သည့် လုပ်ဆောင်ချက် တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းကိစ္စသည် ဂျီနီဗာ ဆွေးနွေးပွဲ ပျက်ပြားရခြင်း၏ အဓိက အကြောင်းတရား တစ်ရပ်ဖြစ်ခဲ့သည်။ အီရန်နိုင်ငံသည် တောင်ဘက်ပိုင်းရှိ ဂါချင်းယူရေနီယံ မိုင်းတွင်းကိုလည်း စစ်ဆေးခွင့် ပြုလိမ့်မည်ဟု ဆိုသည်။

Ref:AFP

အပူပိုင်း မိုးနည်းရပ်ဝန်း ဒေသများတွင် မိုးခေါင်မှုကြောင့် လယ်ယာပျက်စီးမှုများနှင့် တိရ စ္ဆာန် အစာများ ရှားပါးမှုနှင့် သောက်သုံးရေ ခက်ခဲမှုများအတွက် ကျပ်သန်းပေါင်း ၆၇၂၂၇၁ ဒသမ ၆၇၅ အသုံးပြုရန် လျာထား

Wednesday, November 13, 2013



နေပြည်တော် ပျဉ်းမနားမြို့နယ်၊ သပြေတန်းကျေးရွာတွင် ရေရှားပါးမှုကြောင့် ရေကားတစ်စီးမှ ရေလာရောက် ပေးဝေနေသည်ကို ဧပြီလအတွင်းက တွေ့ရစဉ်

အပူပိုင်း မိုးနည်းရပ်ဝန်း ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့တွင် မိုးခေါင်မှုကြောင့် သီးနှံများ ပျက်စီးမှု၊ တိရစ္ဆာန် အစာများ ရှားပါးမှု၊ သောက်သုံးရေ ခက်ခဲရှားပါးမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆက်နွှယ်သည့် အလုပ်အကိုင် ခက်ခဲမှုများအတွက် ကျပ်သန်းပေါင်း ၆၇၂၂၇၁ ဒသမ ၆၇၅ အသုံးပြုရန် လျာထားကြောင်း အပူပိုင်း မိုးနည်းရပ်ဝန်း၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံချက် အဆိုပြု တင်ပြချက်များအရ သိရသည်။

IHLCA survey ၂၀၁၀ အရ အစားအစာ ချို့တဲ့မှုနှုန်းနှင့် ဆင်းရဲနွမ်းပါးမှုနှုန်းမှာ မကွေးတိုင်းဒေသကြီး ၂၇ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီး ၂၆ ဒသမ ၆ရာခိုင်နှုန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ၁၅ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ပြီး တိုင်းဒေသကြီး သုံးခုအတွင်း ကျေးလက်ဒေသများတွင် သောက်သုံးရေ ရရှိရေး လုပ်ငန်းများ၊ လယ်ယာစိုက်ပျိုးရေးနှင့် သားငါးမွေးမြူရေးတို့အတွက် လိုအပ်သော ရေရရှိရေး၊ စားနပ်ရိက္ခာ ဖူလုံရေး လုပ်ငန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများအား ကာလအတိုအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်များကို မြို့နယ် ၃၃ မြို့နယ်တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာ၊ ကမ္ဘာ့ဘဏ်၏ လူထုအခြေပြု ဖွံ့ဖြိုးရေး စီမံကိန်း၊ အီတလီ ဖွံ့ဖြိုးရေး ပူးပေါင်းလုပ်ဆောင်ရွက်မှု အဖွဲ့၏ အတိုးမဲ့ချေးငွေ၊ အာရှဖွံ့ဖြိုးရေးဘဏ်၏ ကျေးလက်အသက်မွေးဝမ်းကျောင်းနှင့် ၀င်ငွေမြှင့်တင်ရေး စီမံကိန်း၊ UN-Habitat ၏ ပြည်သူ့ဗဟိုပြု ဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေး စီမံကိန်း၊ IRD ၏ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ ရေရရှိရေးနှင့် ကျန်းမာသန့်ရှင်းရေး၊ သဘာဝ ဘေးအန္တရာယ် လျော့ချရေး စီမံကိန်း၊ JICA Grant Aid,Japan ODA Loan အစရှိသည်တို့အား ယခုစီမံချက်အတွင်း ပေါင်းစပ်ထည့်သွင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် UNDP ၏ Country Programme၊ Unicef၊ IFAD၊ BAJ တို့၏ စီမံကိန်းများကိုလည်း ယခုစီမံချက်အတွင်း ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်သည်။

တိုင်းဒေသကြီး သုံးခုတွင် မိုးခေါင်မှုကြောင့် သီးနှံများပျက်စီးမှု၊ တိရစ္ဆာန် အစာများ ရှားပါးမှုနှင့် သောက်သုံးရေ ခက်ခဲမှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ကျပ်သန်းပေါင်း ၁၇၄၆၀၀ ဒသမ ၄၄၉၊ မကွေးတိုင်းဒေသကြီး ကျပ်သန်းပေါင်း ၁၄၈၅၆၂ ဒသမ ၇၁၂ နှင့် မန္တလေးတိုင်း ဒေသကြီးတွင် ကျပ်သန်းပေါင်း ၁၈၅၄၄၅ ဒသမ ၈၃၄ စုစုပေါင်း ကျပ်သန်းပေါင်း ၆၇၂၂၇၁ ဒသမ ၆၇၅ လျာထားကြောင်း သိရသည်။

EMG

အရှေ့အနောက်စီးပွားရေးစင်္ကြံ EWEC ဖောက်လုပ်မှုပြီးစီးပါက မွန်ပြည်နယ်၊ မော်လမြိုင်၊ သထုံနှင့် ကရင်ပြည်နယ် ဘားအံ ဒေသများသည် စီးပွားရေးအရ အချက်အချာကျလာပြီး ခရီးသွား လုပ်ငန်းများလည်း ဖွံ့ဖြိုးလာနိုင်

Wednesday, 13 November 2013


မော်လမြိုင် စက်မှုဇုန်ကို နိုဝင်ဘာလအတွင်း တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

မြန်မာနိုင်ငံ အပါအ၀င် အာဆီယံ လေးနိုင်ငံကို ဖြတ်ထားပြီး မြန်မာနိုင်ငံ မော်လမြိုင်မြို့နှင့် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ကို ဆက်သွယ်ထားသော အရှေ့အနောက် စီးပွားရေးစင်္ကြံ EWEC ဖောက်လုပ်မှုမှာ မကြာမီ ပြီးစီးတော့မည် ဖြစ်ပြီး ထိုသို့ပြီးစီးပါက မွန်ပြည်နယ် မော်လမြိုင်၊ သထုံနှင့် ကရင်ပြည်နယ် ဘားအံဒေသများသည် စီးပွားရေးအရ အချက်အချာကျမှုနှင့်အတူ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးမည့် နေရာများ ဖြစ်လာနိုင်ကြောင်း Competitiveness for AEC ခေါင်းစဉ်ဖြင့် ကျင်းပသော အလုပ်ရုံ ဆွေးနွေးပွဲတွင် အာဆီယံ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ် ပြောကြားကြသည်။

"အရှေ့အနောက် စီးပွားရေး စင်္ကြံကနေ မြန်မာနိုင်ငံအတွက် ဘယ်လို အခွင့်အရေးတွေရှိမလဲဆိုတော့ အချက်လေးချက် ရည်မှန်းထားတယ်။ စီးပွားရေး ပိုပြီးတိုးတက်လာမယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုရလာမယ်။ နောက်တစ်ခုက ပို့ကုန်ပစ္စည်းတွေ ပိုပြီးတင်ပို့နိုင်မယ်။ ဒါမှ ဆင်းရဲမွဲတေမှု လျှော့ချနိုင်မယ်။ ဒီအချက်လေးချက်ကို ကျွန်တော်တို့ လက်ခံပြီး ဆောင်ရွက်နေတာပါ။ ဒီကော်ရီဒါကို ဘယ်ကိုဖြတ်သွားလဲဆိုတော့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကို ဖြတ်သွားတာ တွေ့ရတယ်။ ဒါကြောင့် မော်လမြိုင် ကနေပြီးတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကိုလည်း သွားနိုင်ပါတယ်။ ထိုင်းဘက်ကိုလည်း ဆင်းနိုင်တယ်။ မလေးရှားဘက်ကိုလည်း သွားနိုင်ပါတယ်။ နောက် River Export အနေနဲ့ဆိုရင် သံလွင်မြစ်၊ ဂျိုင်းမြစ်တွေကနေဖြတ်ပြီး တင်ပို့နိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကိုယ့်ရဲ့ ဈေးကွက်ကို ချဲ့ထွင်သွားနိုင်မှာကို တွေ့ရပါတယ်။ အခု ဒီကော်ရီဒါ ဖြတ်တဲ့လေးနိုင်ငံရဲ့ ဈေးကွက်ကို ရမယ်။ စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်းတွေ၊ အ၀တ်အထည်တွေ၊ သစ်သီးတွေ၊ ရော်ဘာတွေ၊ သစ်တောထွက် ပစ္စည်းတွေ၊ ရေထွက်ကုန်တွေ ဒါတွေက ဒီကော်ရီဒါမှာ ဆောင်ရွက်နိုင်ပါတယ်။ ဒါနဲ့အတူ Industrial Estate တွေကိုလည်း မြို့ကြီးတွေ၊ မော်လမြိုင်၊ သထုံ၊ ဘားအံနား တစ်ဝိုက်မှာ ဆောင်ရွက်မယ်ဆိုရင် စီးပွားရေး အခွင့်အလမ်းတွေ အများကြီး ရလာမှာပါ" ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်မြင့်က ပြောကြားသည်။

အလားတူ ခရီးသွားလာရေး လုပ်ငန်းများ များစွာ အရေးပါလာမည် ဖြစ်ကြောင်း၊ ဥပမာ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တစ်လျှာက်တွင် Tourist site များ များစွာရှိကြောင်း၊ ယခုဆိုလျှင် မော်လမြိုင်နှင့် ဘီလူး ကျွန်းကို ဆောက်လုပ်ရေး ၀န်ကြီးဌာနက တံတားထိုးဖို့ စီစဉ်နေကြောင်း သိရသည်။

"အဲဒီ ဘီလူးကျွန်းမှာ အရင်တုန်းက ကျောက်တံလုပ်တယ်။ ကျောက်သင်ပုန်းလုပ်တဲ့ ရွာလွတ်ဆိုတာ ရှိတယ်။ အခုအချိန်မှာ တိမ်ကောနေပြီ။ ဒါတွေကို ပြန်ပြီး ဖော်ထုတ်ပြီးတော့ ၊ အခြား Tourist site တွေလည်းရှိပါတယ်။ ဒီနေရာတွေက ခရီးသွားတွေကို ဆွဲဆောင်ဖို့ ရှိရင်းစွဲ Resource တွေ အများကြီးရှိတဲ့ နေရာပါ "ဟု ဦးအောင်မြင့်က ပြောကြားသည်။

ထို့အတူ East West Economic corridor အရှေ့အနောက် စီးပွားရေးစင်င်္ကြံကြောင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်သွယ်ရေးနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်မှု ပိုမိုအားကောင်းလာမည် ဖြစ်ကြောင်း၊ ဥပမာ ရန်ကုန် ဘန်ကောက် ရေလမ်းမှ မိုင် ၁၉၄၄ ရှိသော်လည်း ယခုလမ်းကြောမှ လာပါက မိုင် ၄၅၀ လောက်သာ ရှိကြောင်း၊ ရန်ကုန်မှ ဒါနန်းရေလမ်းမှ သွားလာပါက မိုင် ၂၀၀၀ ကျော်ရှိသော်လည်း ယခု လမ်းကြောမှ သွားပါက ၉၀၀ သာ ရှိမည် ဖြစ်ကြောင်း၊ ဘန်ကောက် ဒါနန်းမှာလည်း ရေလမ်းမှသွားပါက မိုင်ပေါင်း ၁၀၀၀ ကျော် ရှိသော်လည်း ကုန်းလမ်းမှလာပါက ၇၀၀ ကျော်သာ ရှိတော့မည်ဖြစ်သည့်အတွက် ဒေသအတွင်း ချိတ်ဆက်သွားလာမှုနှင့် ကုန်သွယ်မှုများစွာ ချောမွေ့သွားနိုင်ကြောင်း သိရသည်။

"နောက်ပြီးတော့ ဒီ East West Eco-nomic corridor ကို အထောက်အကူပြုဖို့ မော်လမြိုင်မှာ deep sea port တစ်ခုဆောက်ဖို့ ဆိုပြီးတော့ အရင်တုန်းက စီစဉ်ထားတယ်။ ဒါပေမဲ့ မော်လမြိုင် ဧရိယာဟာ deep sea port လုပ်ဖို့ အလွန်ခက်ခဲတဲ့ နေရာတစ်ခုဖြစ်တယ်လို့ သိရတယ်။ မော်လမြိုင်နားမှာ မဖြစ်နိုင်ဘူး။ ကုလားကုတ်လို နေရာမျိုးမှာ ဖြစ်နိုင်တယ်။ သူကတော့ သံဖြူဇရပ်နဲ့ မြိတ်ကြားထဲမှာ ရှိတယ်။ ဒါပေမဲ့ deep sea port လုပ်ဖို့ဆိုတာ ရင်းနှီးမြှုပ်နှံမှု လိုတယ်"ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ အရှေ့အနောက် စီးပွားရေးစင်္ကြံ ပြီးစီးပါက မော်လမြိုင်ဆိပ်ကမ်းမှ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်ရှိ ဆိပ်ကမ်းများနှင့် ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ မလေးရှားနိုင်ငံ ဆိပ်ကမ်းများကြား ကမ်းရိုးတန်း ကုန်တင် သင်္ဘောများဖြင့် ဆက်သွယ်နိုင်ခြင်း၊ သံလွင်၊ အတ္ထရံနှင့် ဂျိုင်းမြစ်များတစ်လျှောက် မြစ်ကြောင်း သွားလာရေး ကောင်းမွန်လာခြင်း၊ ယခုလက်ရှိ ရန်ကုန်မှ ကော့သောင်းအထိ ဆက်သွယ်ထားသော ကားလမ်းနှင့် အရှေ့အနောက် စင်္ကြံလမ်းတို့ကိုဖြတ်ပြီး ကုန်းလမ်း ချိတ်ဆက်မှု ကွန်ရက် ပေါ်ပေါက်လာမည် ဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲမှ သိရသည်။

အလားတူ ခရီးသွားလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်လာမည် ဖြစ်ပြီး ဥပမာ မော်လမြိုင်မြို့ ပတ်ဝန်းကျင်တွင် ကမ္ဘာ့အဆင့်မီ ခရီးသွားလာ လည်ပတ်နိုင်သော ဒေသများစွာရှိကြောင်း၊ မော်လမြိုင်၊ ဘီလူးကျွန်း၊ ကျိုက္ခမီ၊ ကျိုက်မရော၊ မုဒုံနှင့် သံဖြူဇရပ်တို့အပြင် စက်စဲကမ်းခြေတို့ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဤလမ်းကြောင်းကြောင့် အရှေ့ဘက်ဒေသတွင်ရှိသော စားသုံးသူ သန်း ၁၀၀ ရှိသည့် ကြီးမားသော ဈေးကွက်နှင့် ချိတ်ဆက်မှု ရရှိမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီးပွားရေးစင်္ကြံ အနေဖြင့် မြန်မာနိုင်ငံ အပါအ၀င် ထိုင်းနိုင်ငံ၊ လာအို၊ ဗီယက်နမ်နိုင်ငံများကို ဖြတ်၍ ဖောက်လုပ်ထားကြောင်း သိရသည်။

EMG

ငွေကြေးအရင်းအနှီး လိုအပ်နေသော မြန်မာကုမ္ပဏီများ စင်ကာပူ စတော့အိတ်ချိန်းတွင် စာရင်းဝင်ရန် စိတ်ဝင်စားမှု မြင့်တက်လာ





စင်ကာပူစတော့အိတ်ချိန်း အတွင်းပိုင်း တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-Bloomberg)

ငွေကြေးအရင်းအနှီး လိုအပ်နေသော မြန်မာကုမ္ပဏီများသည် စင်ကာပူ စတော့အိတ်ချိန်း ဈေးကွက်သို့ ၀င်ရောက်ရန် စိတ်ဝင်စားမှု မြင့်တက်လာကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြလိုက်သည်။

မြန်မာကုမ္ပဏီများနှင့် နီးကပ်စွာ လုပ်ကိုင်လျက်ရှိသော ဥပဒေ ကုမ္ပဏီများက လာမည့်နှစ် အနည်းငယ်အတွင်း စင်ကာပူ စတော့ဈေးကွက်တွင် စာရင်းဝင်မည့် မြန်မာကုမ္ပဏီ ခြောက်ခုမှ ၁၀ ခုအထိရှိကြောင်း ပြောကြားသည်။

မြန်မာကုမ္ပဏီများ အနေနှင့် စင်ကာပူ စတော့အိတ်ချိန်းသို့ ၀င်ရောက်ရန် ကော်ပိုရေးရှင်းဆိုင်ရာ အုပ်ချုပ်မှု စံနှုန်းများနှင့် ကိုက်ညီရန် လိုအပ်သည်ဟု သိရသည်။ လက်ရှိအချိန်ထိ ထိုစံနှုန်းများ ကိုက်ညီရန်မှာ အလှမ်းကွာဝေးနေဆဲဖြစ်ကြောင်း ဥပဒေ ပညာရှင်များနှင့် ဘဏ်လုပ်ငန်းရှင်များက သုံးသပ်သည်။

မြန်မာ သူဌေးကြီး အချို့ကို ယခင် အစိုးရနှင့် ပူးပေါင်းကာ တရားမ၀င် စီးပွားရှာမှုများကြောင့် အမေရိကန်က စီးပွားရေး ပိတ်ဆို့မှုများ ရှိနေခြင်းက စတော့အိတ်ချိန်း စာရင်းဝင်ရန် ပိုမိုရှုပ်ထွေးစေသည့် အကြောင်းရင်း တစ်ရပ်ဖြစ်သည်။ ဥရောပ သမဂ္ဂက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို ရုပ်သိမ်းလိုက်ပြီ ဖြစ်သော်လည်း အမေရိကန်က ၎င်းတို့၏ ပိတ်ဆို့မှုများကို ရွှေ့ဆိုင်းရုံသာ ရွှေ့ဆိုင်းခဲ့သည်။

လက်ရှိ စင်ကာပူ စတော့အိတ်ချိန်းတွင် စာရင်းဝင်ထားသည့် တစ်ခုတည်းသော မြန်မာကုမ္ပဏီမှာ Yoma Strategic Holdings ကုမ္ပဏီ တစ်ခုတည်းသာဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် အများပိုင် ကုမ္ပဏီပြောင်းကာ စာရင်းဝင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့၏ ရှယ်ယာဈေးများမှာ ၂၀၁၂ ခုနှစ်တွင် လေးဆမြင့်တက် သွားသည်ဟု သိရသည်။

"မြန်မာနိုင်ငံမှာ ဒီနေ့ဒီအချိန်အထိ ပြောစရာ စတော့ဈေးကွက် မရှိဘူး။ ငွေချေးစာချုပ် ဈေးကွက်မရှိဘူး။ ဘဏ်လုပ်ငန်းဈေးကွက် မရှိဘူး။ တချို့ ကုမ္ပဏီတွေမှာ ပိုင်ဆိုင်မှုတွေ ရှိပေမယ့် ငွေသားဖြစ်နိုင်မှု ရင်းမြစ်မရှိဘူး ဖြစ်နေတယ်" ဟု Yoma ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် အန်ဒရူးရစ်ကတ်က ဆိုသည်။

မြန်မာ ကုမ္ပဏီများထဲမှ ငွေရင်းလိုအပ်နေသည့် ကုမ္ပဏီများအတွက် ဘဏ်ချေးငွေ ရရှိမှုမှာ ခက်ခဲသလို မြေယာပိုင်ဆိုင်မှု ပြရပြီး အတိုးနှုန်းမှာလည်း ကြီးမြင့်နေသည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် တရားဝင် အသိအမှတ် ပြုထားခြင်း မဟုတ်သော်လည်း ရောင်းသူဝယ်သူ တိုက်ရိုက်ဆွေးနွေး ရောင်းဝယ်သည့် စနစ်ဖြင့် စတော့အရောင်းအ၀ယ် ပြုလုပ်သည့်ဈေးကွက် Over the Counter ဈေးကွက်လည်း မရှိသေးဘဲ Myanmar Securities Exchange Center (MSEC) တွင် စာရင်းဝင်ထားသည့် ကုမ္ပဏီနှစ်ခုသာ ရှိသည်ဟု ဆိုသည်။ အဆိုပါ ကုမ္ပဏီနှစ်ခုသည် ၁၉၉၀ ခုနှစ် အစောပိုင်းက တည်ထောင်ခဲ့သော သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းနှင့် မြန်မာနိုင်ငံသားများ ဘဏ်တို့ဖြစ်ကြသည်။ မြန်မာနိုင်ငံတွင် အများပိုင်ပြောင်းသည့် ကုမ္ပဏီအချို့ ရှိသော်လည်း MSEC တွင် ပြောင်းလဲခြင်း မဟုတ်ကြောင်း သိရသည်။

EMG

လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံမည့် အစီအစဉ် ရပ်ဆိုင်း၊ လာမည့် ဘဏ္ဍာနှစ်တွင် ပြန်လည်သုံးသပ် စိစစ်ပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်

 Created on Wednesday, 13 November 2013


နိုဝင်ဘာ ၁၂ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမြင်ကွင်း

နိုဝင်ဘာလမှစ၍ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီး လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြန်လည်ညှိနှိုင်း ဆွေးနွေးပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် နိုဝင်ဘာ ၁၂ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

နိုဝင်ဘာ ၈ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မလှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချရေး ကိစ္စနှင့် ပတ်သက်၍ အရေးကြီး အဆိုတစ်ရပ် တင်သွင်းခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များက အဆိုကို ထောက်ခံကာ ဓာတ်အားခ တိုးမြှင့်ကောက်ခံမှုအပေါ် ကန့်ကွက်ဆွေးနွေး ခဲ့ကြပြီးနောက် လွှတ်တော်က ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး လာရောက်ရှင်းလင်းရာတွင် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူဆောင်ရွက်မည်ဟု ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက "ပြည်ထောင်စုဝန်ကြီးပိုင်းက တင်ပြသွားတာက လျှပ်စ မဟာ ဗျူဟာမူဝါဒနဲ့ ပတ်သက်ပြီးတော့ နှစ် ၃၀ အပေါ် မူတည်ပြီးတော့ ဆွေးနွေးသွားတာ ရှိပါတယ်။ ဒီဆွေးနွေးချက်တွေဟာ ပြန်သုံးသပ်မယ်ဆိုရင် မိမိတို့နိုင်ငံမှာ ရှိနေတဲ့ လျှပ်စစ်ဥပဒေဟာ ဒီနေ့ခေတ်ကာလနဲ့ လိုက်လျောညီထွေ ရှိ၊ မရှိ။ ဒီအပေါ် မူတည်ပြီးတော့ လျှပ်စစ်ဥပဒေ ရေးဆွဲပြီးတော့ မူကြမ်းအဖြစ် လွှတ်တော်တစ်ရပ်က တင်ပြထားတာလည်း ရှိပါတယ်။ နောက်တစ်ခုက နှစ် ၃၀ စီမံကိန်းဆိုတာ လက်တွေ့ဖြစ်နိုင်၊ မဖြစ်နိုင် ဒါလည်းလေ့လာ သုံးသပ်ရမယ့် အကြောင်းကို ၀န်ကြီးကသော် လည်းကောင်း၊ သက်ဆိုင်ရာ ဆွေးနွေးတဲ့ သူကသော် လည်းကောင်း ဆွေးနွေးသွားတာ ဖြစ်တဲ့အတွက် နှစ် ၃၀ စီမံကိန်းနဲ့အတူ ဒီနေ့နိုင်ငံမှာ လိုအပ်တဲ့ လျှပ်စစ်များ ရရှိရေးအတွက် ဘယ်လိုလုပ်မလဲ ဆိုတာကို လက်တွေ့ကျတဲ့ စီမံကိန်း တစ်ခုတော့ ဖြစ်ဖို့လိုပါတယ်" ဟု ဆိုသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယကက "ပြီးခဲ့တဲ့ ရက်ကာလ အတွင်းက အရေးကြီး အဆိုအပေါ် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရ ကိုယ်စား ပြည်ထောင်စုဝန်ကြီးက ဒီအဆိုပေါ် မူတည်ပြီးတော့ လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံခြင်းကို ရပ်ဆိုင်းထားမယ်။ လာမယ့်ဘတ်ဂျက်နှစ် ကျတော့မှ ပြန်လည်သုံးသပ် စိစစ်ပြီးမှ ဆက်လက်ဆောင်ရွက် ပါမယ်ဆိုတဲ့ တင်ပြချက်ကလည်း ပြည်သူများရဲ့ လိုအပ်ချက်၊ ပြည်သူများရဲ့ ဆန္ဒများကို လေးစားစွာ ဖော်ဆောင်ပေးမှာ ဖြစ်သလို ပြည်ထောင်စု လွှတ်တော်ကိုလည်း ဒီလိုပဲ တင်ပြတယ်လို့ မိမိအနေနဲ့ မှတ်ယူပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့ဆွေးနွေးတာက အရေးကြီး အဆိုပေါ်မှာ မူတည်ပြီးတော့ သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရက အနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော်မှာ လာတင်ပြဖို့ဆိုတဲ့ ကိစ္စမှာ ၀န်ကြီးလာရောက် ရှင်းလင်းတင်ပြပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အဆိုပါ အတိုင်းပဲ လျှပ်စစ်တိုးမြှင့် ကောက်ခံခြင်းကို ခေတ္တရပ်ဆိုင်းပြီး လာမယ့်ဘတ်ဂျက်နှစ်မှာ စိစစ်ဆောင်ရွက်မယ် ဆိုတဲ့အပေါ် မူတည်ပြီးတော့ လွှတ်တော်မှာ မှတ်တမ်းတင် ထားရှိဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြေညာပါတယ်" ဟု ပြောကြားသည်။

လျှပ်စစ်ဝန်ကြီးဌာနမှ အများပြည်သူ၏ ဆန္ဒသဘောထားနှင့် လွှတ်တော်၏ ဆုံးဖြတ်ချက် ရယူခြင်း မရှိခဲ့ဘဲ လျှပ်စစ်ဓာတ်အားခများကို အများပြည်သူ (အိမ်သုံး) တစ်ယူနစ်မှ ၁၀၀ ယူနစ်အထိအတွက် ယခင်ဈေးနှုန်းအတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့်အထက် ၅၀ ကျပ်၊ အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ၅၀၀၀ ယူနစ်အထိအတွက် ၁၀၀ ကျပ်၊ ၅၀၀၁ ယူနစ်နှင့် အထက်အတွက် ၁၅၀ ကျပ်၊ အစိုးရဌာန ရုံးသုံးအတွက် တစ်ယူနစ် ၅၀ ကျပ်နှင့် အစိုးရဌာန စက်မှုသုံးအတွက် တစ်ယူနစ် ကျပ် ၁၀၀ ဖြင့် အသီးသီး ပြောင်းလဲကောက်ခံမည် ဖြစ်သည်ဟု ကြေညာခဲ့ပြီး ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

EMG

မြန်မာနိုင်ငံရှိ စက်မှုလက်မှု လုပ်ငန်းများထဲတွင် စားသောက်ကုန် လုပ်ငန်းမှာ ၆၆ ရာခိုင်နှုန်းအထိ ပါဝင်နေပြီး နှစ်စဉ် ငါးရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ တိုးတက်လုပ်ကိုင်မှု ရှိနေ

Wednesday, November 13, 2013


ဈေးကွက်အတွင်း ရောင်းချနေသည့် စားသောက်ကုန်များအား တွေ့ရစဉ်

မြန်မာနိုင်ငံရှိ စက်မှုလက်မှု လုပ်ငန်းများထဲတွင် စားသောက်ကုန် လုပ်ငန်းမှာ ၆၆ ရာခိုင်နှုန်းအထိ ပါဝင်နေပြီး နှစ်စဉ် ငါးရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ တိုးတက်လုပ်ကိုင်မှုများရှိကြောင်း မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းမှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးစိန်သောင်းဦးက ပြောကြားသည်။

ပြည်တွင်းမှ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများ ရှိသကဲ့သို့ ပြည်ပမှ မြန်မာနိုင်ငံတွင် အရောင်းကိုယ်စားလှယ် လာရောက်ရှာဖွေ၍ ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လုပ်ငန်းများမှာ နှစ်စဉ်တိုးတက် နေခြင်းဖြစ်ကြောင်း သိရသည်။

"ဒီလုပ်ငန်းက စားသုံးသူ အများဆုံးရှိတဲ့ လုပ်ငန်းတစ်ခု ဖြစ်တဲ့အတွက် ၀င်ရောက်လုပ်ကိုင်တဲ့သူတွေ များတယ်။ မြန်မာနိုင်ငံမှာဆိုရင် စားသောက်ကုန် ထုတ်လုပ်ဖို့အတွက် ကုန်ကြမ်းရှိတယ်။ စားသုံးသူရှိတယ် အဲဒီအတွက် ပြည်ပနိုင်ငံ တွေကလည်း မြန်မာပြည်ရဲ့ စားသောက်ကုန် ဈေးကွက်မှာ ၀င်ရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားပြီး အရောင်းကိုယ်စားလှယ်တွေကတစ်ဆင့် ပြည်တွင်းဈေးကွက်ကို ဖြန့်ကြတယ်" ဟု မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းမှ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးစိန်သောင်းဦးက ဆက်လက်ပြောကြားသည်။

အဆိုပါ လုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်မှုမှာ နှစ်စဉ်တိုးတက် နေသော်လည်း ပြည်တွင်းဈေးကွက် အတွင်း၌ အိမ်နီးချင်းမှ တင်သွင်းရောင်းချလျက်ရှိသည့် တန်ဖိုးနည်း စားသောက်ကုန်များအား ယှဉ်ပြိုင်ရောင်းချနိုင်ခြင်း မရှိသေးဘဲ လတ်တလော ကာလအတွင်း လျှပ်စစ်ဓာတ်အားပေးခများ ထပ်မံမြင့်တက်လိုက်ခြင်းသည် ပြည်တွင်းစားသောက်ကုန် လုပ်ငန်းများ၏ ထုတ်လုပ်မှု စရိတ်ကို ပိုမိုမြင့်တက် သွားစေနိုင်ပြီး စားသောက်ကုန် ကုန်ချောဈေးနှုန်းများ တက်သွားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဆိုသည်။

မြန်မာ့စားသောက်ကုန် လုပ်ငန်းများ အနေဖြင့် ပြည်တွင်းဈေးကွက်ကိုသာ အဓိက အားထား၍ ယှဉ်ပြိုင်လုပ်ကိုင် နေရပြီး မြန်မာနိုင်ငံ အနေဖြင့် စားသောက်ကုန်များကို တင်ပို့ခြင်းထက် တင်သွင်းခြင်းကိုသာ ပိုမိုပြုလုပ်နေရပြီး နယ်စပ်မှတစ်ဆင့် အရည်အသွေးနိမ့်သည့် စားသောက်ကုန်များ ၀င်ရောက်မှုများ ရှိနေကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် အာဆီယံ လွတ်လပ်သာ ကုန်သွယ်မှုကို အကောင်အထည်ဖော် လုပ်ကိုင်မည်ဖြစ်ရာ အာဆီယံ နိုင်ငံများမှ စားသောက်ကုန်များ အကောက်အခွန်မဲ့ ၀င်ရောက်လာမည် ဖြစ်သဖြင့် မြန်မာနိုင်ငံရှိ စားသောက်ကုန် လုပ်ငန်းများ ယှဉ်ပြိုင်လုပ်ကိုင်နိုင်ရန် စားသောက်ကုန် စံချိန်စံညွှန်း သတ်မှတ်မှုဆိုင်ရာများနှင့် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေများကို ပြဋ္ဌာန်းဆောင်ရွက်နိုင်ရန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

EMG

တိဗက်ခေါင်းဆောင်က တရုတ်ကို ကန့်ကွက်ခဲ့ပြီးနောက် တိဗက်ဘုန်းတော်ကြီးတစ်ပါး ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြ

Wednesday, November 13, 2013



နိုဝင်ဘာ ၁၁ ရက်က နယူးဒေလီတွင် ယမုံနာမြစ်ကမ်း၌ အခြားတိဗက် ဘုန်းကြီးများနှင့်အတူ ဆုတောင်းပွဲ ဆင်နွှဲနေသော တိဗက်ဘာသာရေးခေါင်းဆောင် အိုရင်ထရင်လေဒေါဂျီ (Photo:AFP)

ဒလိုင်းလားမား၏ နေရာကို ဆက်ခံမည့်သူအဖြစ် ရေပန်းစားနေသည့် တိဗက်ခေါင်းဆောင်တစ်ဦးက တိဗက်ဒေသတွင် စစ်တပ်များ လာရောက်ချထားခြင်းနှင့် အခြားသော စီမံချက်များ လာရောက်လုပ်ဆောင်နေခြင်းက အာရှဒေသအတွက် ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးရွားသည့် အကျိုးဆက်များကို ဖြစ်ပေါ်စေလိမ့်မည်ဟု နိုဝင်ဘာ ၁၁ ရက်တွင် သတိပေးခဲ့သည်။ တိဗက်ခေါင်းဆောင် အိုရင်ထရင်လေဒေါဂျီက ဟိမ၀န္တာ၏ မူလနိုင်ငံဖြစ်သော တိဗက်ဒေသတွင် တရုတ်တို့ ဖွံ့ဖြိုးရေးလုပ်ဆောင်ချက်များအပေါ် စိုးရိမ်မိပါကြောင်း ထုတ်ဖော်ပြောကြားရန် အိန္ဒိယ နိုင်ငံကိုလည်း တိုက်တွန်းလိုက်သည်။

နိုဝင်ဘာ ၁၁ ရက်မှာပင် တိဘက်ဘုန်းတော်ကြီး တစ်ပါးသည် တရုတ်ကို ဆန္ဒပြသည့် အနေဖြင့် မိမိကိုယ်မိမိ မီးရှို့ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။ တရုတ်ထိပ်တန်း ကွန်မြူနစ်ပါတီ ခေါင်းဆောင်များသည် အဓိက တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်နေချိန်တွင် တိဗက်ဘုန်းကြီး ဆာရင်းဂျော (၂၀ နှစ်) သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကျင်ဟိုင်းပြည်နယ်ရှိ တိဗက်တို့၏ ဒေသဖြစ်သော ဂေါင်လုမြို့တွင် မိမိကိုယ်မိမိ မီးရှို့ခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များက မီးကိုငြှိမ်းသတ်ခဲ့ပြီး ဂျောကိုဆေးရုံသို့ ပို့ခဲ့သည်။ ရဲတပ်ဖွဲ့က ဂျော၏အခြေအနေကို မသိရသေးကြောင်း ပြောကြားခဲ့သော်လည်း ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Free Tibet အဖွဲ့က ဂျောအသက် သေဆုံးခြင်း မရှိဟု ဆိုသည်။

အမေရိကန် အခြေစိုက် တိဗက်အရေးအတွက် နိုင်ငံတကာ လှုပ်ရှားမှု အဖွဲ့ဖြစ်သော ICT က အွန်လိုင်းတွင် တင်ခဲ့သည့် ပုံတစ်ပုံတွင် လမ်းလယ်၌ လူတစ်ဦးကို မီးများလောင်ကျွမ်းလျက်သား တွေ့ရှိရပြီး လူတစ်ဒါဇင်ကျော်ခန့်က မီတာများစွာ အကွာအဝေးမှနေ၍ ၀ိုင်းကြည့်နေကြသည်ကို တွေ့မြင်ရသည်။

တရုတ်ကွန်မြူနစ်ပါတီမှ ခေါင်းဆောင်များသည် ပေကျင်းမြို့တွင် လေးရက်ကြာ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်နေပြီး လာမည့်ဆယ်စုနှစ်အတွင်း နိုင်ငံတော်၏ စီးပွားရေး လမ်းကြောင်းကို ချမှတ်နိုင်ရန် မျှော်လင့်ထားသည်။

ဂေါင်လုမြို့၌ ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်သည် တိဗက်နှင့် အနီးအနား ပြည်နယ်များ၌ ၂၀၀၉ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့သည့် မိမိကိုယ်မိမိ မီးရှို့ကာ ဆန္ဒပြမှုပေါင်း ၁၂၀ ခန့်ထဲတွင် ပါဝင်သွားခဲ့သည်။ ယင်းကဲ့သို့ ဆန္ဒပြသူ အများစုမှာ သေဆုံးခဲ့ရသည်။

တိဗက်ဒေသတွင် အခါအားလျော်စွာ လူထုဆန္ဒပြပွဲများလည်း ဖြစ်ပွားလေ့ရှိပြီး တင်းမာမှုများ ကြီးထွားခဲ့သည်။

အောက်တိုဘာလ အစောပိုင်းက တရုတ်ရဲတပ်ဖွဲ့သည် တိဗက်ဒေသ၌ ဆန္ဒပြသည့် လူအုပ်ကြီးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြသေးကြောင်း သိရသည်။

Ref:AFP

Tuesday, November 12, 2013

ထားထက်ထက်နဲ့အတူပြိုင်မယ့် နိုင်ငံတကာကအလှမယ်လေးတွေရဲ့ ရေလည်ဟော့တဲ့ဓာတ်ပုံတွေပါ...

2013 Miss Grand

Miss Grand Wales 
miss grand 2013

Miss Grand Cuba
miss grand 2013

Miss Grand Brazil
miss grand 2013
  
Miss Grand Georgia
miss grand

Miss Grand Myanmar  
miss grand

Miss Grand Bolivia
miss grand
Miss Grand Belgium
miss grand 2013
Miss Grand Kenya  
miss grand 2013

Miss Grand Indonesia  
miss grand 2013

Miss Grand Thailand  
miss grand 2013

Miss Grand Sri Lanka  
miss grand 2013

Miss Grand Ukraine
miss grand 2013
Miss Grand Honduras
miss grand 2013

Related Posts Plugin for WordPress, Blogger...