Sunday, December 1, 2013

တစ်နေ့လျှင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူ လူနာသစ် ၂၀ ခန့်ရှိပြီး ခင်ပွန်းမှတစ်ဆင့် ဇနီးသို့ ကူးစက်ခံရနှုန်းသည် အများဆုံးဖြစ်နေ




မြန်မာနိုင်ငံ၌ တစ်နေ့လျှင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူ လူနာသစ် ၂၀ ခန့် ရှိနေပြီး ကူးစက်ခံရသူ အများစုမှာ ခင်ပွန်းမှတစ်ဆင့် အိမ်ထောင်ရှင် အမျိုးသမီးထံသို့ ကူးစက်မှုမှာ အများဆုံးဖြစ်နေကြောင်း ကျန်းမာရေး ဦးစီးဌာန၊ UNAIDS၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့ ပူးပေါင်းတွက်ချက်ထားသည့် "HIV Estimates and Projections Asian Epidemiological Model Myanmar 2010-2015" တွင် ဖော်ပြထားချက်များအရ သိရသည်။

"ကူးစက်ခံရတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေဆိုရင်လည်း သူတို့ကိုယ်တိုင် ဘယ်မှမသွား၊ ဘာအန္တရာယ်ရှိတဲ့ အပြုအမူမှ မလုပ်ဘဲ အိမ်ထဲမှာပဲနေပြီး ကိုယ်တိုင်ကူးစက် ခံရမယ်လို့ မတွေးမိတဲ့သူတွေ ဖြစ်နေတယ်။ အန္တရာယ် ထူးထူးခြားခြား မရှိတဲ့ အမျိုးသမီးတွေမှာ ရောဂါကူးစက်မှုတွေ ဖြစ်နေတာပါ။ တွက်ကြည့်မယ်ဆိုရင် တစ်ရက်ကို အိမ်ထောင်ရှင် အမျိုးသမီး ခြောက်ဦးဝန်းကျင်လောက်က အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေ ရပါတယ်" ဟု Marie Stopes International မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်က ပြောကြားသည်။

ထို့ပြင် အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်များအတွက် အေအာတီစင်တာသစ်များ တိုးချဲ့ပေးမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ဆေးဝါးလိုအပ်ချက်၏ ၈၅ ရာခိုင်နှုန်း အထိပေးရန် လျာထားကြောင်း ကျန်းမာရေး ဦးစီးဌာန၊ အမျိုးသား ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ သိရသည်။

လက်ရှိ အေအာတီဆေးဝါး လိုအပ်နေသည့် အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်များအနက် ခြောက်သောင်းကျော် (၄၈ ဒသမ ၅ ရာခိုင်နှုန်း) ကို ဆေးပေးလျက်ရှိပြီး လာမည့် ၂၀၁၆ ခုနှစ်တွင် ဝေဒနာရှင် တစ်သိန်းကျော် (၈၅ ရာခိုင်နှုန်း) အထိ တိုးမြှင့်ပေးသွားရန် လျာထားကြောင်းနှင့် မြန်မာနိုင်ငံတွင် ခန့်မှန်းတွက်ချက် မှုများအရ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ဝေဒနာရှင်ပေါင်း တစ်သိန်းနှစ်သောင်း ကျော်ခန့်ရှိကြောင်း သိရသည်။

အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသူများ၏ ကိုယ်ခံအားစနစ်ကို စစ်ဆေးပေးသည့် CD4 တိုင်းတာရေး စက်များကို လိုအပ်ချက်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုးချဲ့တပ်ဆင် ပေးမည်ဖြစ်ကြောင်းနှင့် လက်ရှိတိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိ စစ်ဆေးပေးသည့် HIV Test-kits များ ပြတ်လပ်နေခြင်းနှင့် CD4 စက်များ မရှိခြင်းတို့ကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် CD4 စက်အလုံး ၄၀ ခန့် မှာယူထားပြီး ယင်းစက်များ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ လိုအပ်နေသည့် နေရာများတွင် တိုးချဲ့တပ်ဆင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် HIV/AIDS Section တွင် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားနေသည့် ဝေဒနာရှင် အမျိုးသမီးများအား တွေ့ရစဉ်)
EMG

မြစ်ဆုံရွာဟောင်း (တန်ဖဲ)ရွာတွင် နေထိုင်သူများအား အတည်တကျ နေထိုင်ခြင်း မပြုရန် မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှ သတိပေး



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံရွာဟောင်း (တန်ဖဲ)ရွာတွင် နေထိုင်သူများအား အတည်တကျ နေထိုင်ခြင်း မပြုရန်နှင့် နေထိုင်ပါက ပုဒ်မ-၁၈၈ ကျူးကျော်နေထိုင်မှုဖြင့် အရေးယူနိုင်ကြောင်း နိုဝင်ဘာ ၂၉ ရက်က မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ လာရောက်ပြီး သတိပေးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

ဒေသခံ တစ်ဦးက "မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲဝန်ထမ်း အချို့နဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ ပါတယ်။ အတည်တကျ မနေထိုင်ဖို့နဲ့ နေထိုင်ရင် ပုဒ်မ-၁၈၈ နဲ့ အရေးယူနိုင်ကြောင်း ပြောသွားပါတယ်။ ဖမ်းဆီးတာတော့ မလုပ်သေးပါဘူး။ ရွာသားတွေကလည်း ရွှေ့ပြောင်းထားရတဲ့ရွာမှာ ၀မ်းစာရှာရတာခက်လို့ လာရောက်လုပ်ကိုင်ရကြောင်း ပြောပြပါတယ်။ ဒေသခံတွေကတော့ ရေရှည်မှာ ဘယ်လိုအသက်မွေး ရမလဲဆိုတာ စိုးရိမ်နေကြတယ်" ဟု ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက "အဲဒီရွာတွေမှာ အတည်တကျ မနေဖို့သွား လာရောက်ကွင်းဆင်းတာပါ။ ဒေသခံတွေကို အစိုးရက လျော်ကြေး၊ နစ်နှာကြေးတွေ၊ နေစရာတွေ ပေးထားပြီးဖြစ်လို့ ဆက်လက်နေထိုင်မယ်ဆိုရင် ပုဒ်မ-၁၈၈ နဲ့ အရေးယူလို့ ရပါတယ်" ဟု The Daily Eleven သို့ ပြောကြားသည်။

မြစ်ဆုံကျေးရွာတွင် နေထိုင်သူများအား သွားရောက်စစ်ဆေး စုံစမ်းရန် ပြီးခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်ရောက်လာသည့် ၀န်ကြီးလေးဦး မြစ်ဆုံသို့ လာရောက်လည်ပတ်ချိန်တွင် ရွာဟောင်း၌ နေထိုင်သူများအား တွေ့မြင်ကာ သက်ဆိုင်ရာသို့ ပြောဆိုခဲ့ပြီး ယခုကဲ့သို့ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ အစိုးရ ၀န်ထမ်းများက ဆိုသည်။

မြစ်ဆုံဒေသမှ ရွှေ့ပြောင်းခဲ့သူများမှာ ကျေးရွာသစ်များတွင် စိုက်ပျိုးရန် မြေမကောင်းခြင်း၊ တိရစ္ဆာန်များ မွေးမြူရန် နေရာမရှိခြင်း၊ စားရေးနေရေးနှင့် ၀မ်းစာရှာဖွေရန် ခက်ခဲခြင်းတို့ကြောင့် မူလကျေးရွာများတွင် ပြန်လည်နေထိုင်ပြီး လုပ်ကိုင်စားသောက်ခွင့်ပြုရန် နိုင်ငံတော် သမ္မတနှင့် အစိုးရ ဌာနများ၊ ၀န်ကြီးဌာနများသို့ အသနားခံစာများကို လွန်ခဲ့သော နှစ်များတွင် ပေးပို့ထားကြောင်း သိရသည်။ ဒေသခံများမှာ ရွှေ့ပြောင်းကျေးရွာများတွင် ၀မ်းစာရှာဖွေ စားသောက်ရန် ခက်ခဲသည့်အတွက် အလုပ်လုပ်နိုင်သူ အများစုမှာ ရပ်ဝေးဒေသများသို့ သွားရောက်စီးပွား ရှာနေရကြောင်း ဒေသခံများက ဆိုသည်။

(မြစ်ဆုံဒေသ တန်ဖဲရွာအနီးတွင် ဒေသခံများ တစ်ပိုင်တစ်နိုင် ရွှေကျင်နေသည်ကို နိုဝင်ဘာလဆန်းက တွေ့ရစဉ် (ဓာတ်ပုံ- အောင်ဇော်ထွန်း))
EMG

မြ၀တီ-ရန်ကုန် လမ်းပိုင်းတွင် နှစ်ရက်အတွင်း ခရီးသည်တင် မှန်လုံယာဉ်နှင့် Mobile Team ရှောင်ကွင်းယာဉ်များမှ ကျပ် ၇၆ ဒသမ ၅၉၄ သိန်း တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးရမိ



မြ၀တီ-ရန်ကုန် ကုန်သွယ်မှု လမ်းပိုင်းတွင် ခရီးသည်တင် မှန်လုံယာဉ်နှင့် Mobile Team ရှောင်ကွင်းယာဉ်တို့မှ နိုဝင်ဘာ ၁၉ ရက်နှင့် ၂၀ နှစ်ရက်အတွင်း ကျပ် ၇၆ ဒသမ ၅၉၄ သိန်းတန်ဖိုးရှိမြ၀တီ-ရန်ကုန် ကုန်သွယ်မှု လမ်းပိုင်းတွင် ခရီးသည်တင် မှန်လုံယာဉ်နှင့် Mobile Team ရှောင်ကွင်းယာဉ်တို့မှ နိုဝင်ဘာ ၁၉ ရက်နှင့် ၂၀ နှစ်ရက်အတွင်း ကျပ် ၇၆ ဒသမ ၅၉၄ သိန်းတန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

မြ၀တီ-ရန်ကုန် လမ်းပေါ်ရှိ ဝေါမြို့နယ်၊ ညောင်ခါးရှည်-မြစ်ကျိုးလမ်းဆုံတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ထားသည့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော Mobile Team လရ-၂ တွဲဖက် တရားမ၀င် ထိန်းချုပ်ရေး ဗဟိုကော်မတီ ကွပ်ကဲမှုရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစီးသည့် အဖွဲ့သည် နိုဝင်ဘာ ၁၉ ရက်တွင် မြ၀တီမှ ရွှေကျင်သို့ မောင်းနှင်လာသော ယာဉ်အမှတ် ၅ဃ/---- မှန်လုံယာဉ်ပေါ်မှ Beer Chang၊ Singer Beer၊ Sprite၊ ကြာဆံဖာ၊ Dedoo အချိုရည်၊ M-150 အချိုရည်၊ Birdy ကော်ဖီနှင့် ရွက်ဖျန်းအားဆေး အစရှိသော အကောက်ခွန်မဲ့ ပစ္စည်းရှစ်မျိုး၊ ခန့်မှန်းတန်ဖိုး ကျပ် ၁၄ ဒသမ ၈၇၄ သိန်းဖိုးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အတူ မြ၀တီမှ မန္တလေးသို့ မောင်းနှင်လာသော ၃င/--- မှန်လုံယာဉ်ပေါ်၌ တင်ဆောင်လာသည့် အကောက်ခွန်မဲ့ အသားတု ကီလို ၂၃၀၀၊ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၄၀ ခန့်အား သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ညောင်ခါးရှည်-မြစ်ကျိုးလမ်းဆုံရှိ Mobile Team - ၂ စစ်ဆေးရေးဂိတ်၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာ ကားလမ်းနှင့် ရထားလမ်းဆုံအနီး ရှောင်ကွင်းလမ်းမှ တရားမ၀င် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ သယ်ဆောင်ရန် တင်ချမှုများ ပြုလုပ်နေကြောင်း သတင်းရရှိချက်အရ သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်ပါ ကုန်ပစ္စည်းများ စုပုံထားရှိပြီး လူနှင့်ယာဉ်မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ ယာဉ်ပေါ်ပါ ပစ္စည်းများမှာ ပဲနို့၊ Dedoo အချိုရည်နှင့် အသားတုများဖြစ်ပြီး စုစုပေါင်း ခန့်မှန်းတန်ဖိုး ၂၁ ဒသမ ၇၂ သိန်းခန့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

(မြ၀တီ-ရန်ကုန် ကုန်သွယ်လမ်းကြောင်းပေါ်မှ ကုန်တင်ယာဉ်များအား မြ၀တီမြို့တွင် တွေ့ရစဉ် (ဓာတ်ပုံ- ကိုရွှေသိန်း))
EMG

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဒေသတွင်း မွေးမြူရေး လုပ်ငန်းများ ထက်ဝက်ကျော် ကျဆင်း



လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဒေသတွင်း မွေးမြူရေးလုပ်ငန်း ထက်ဝက်ခန့် ကျဆင်းသွားကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ဒေသရှိ မိုးကြိုးပြင်၊ ဆည်တည်း၊ ဖောင်းကား၊ ကျော်ရွာ၊ ရွှေလှေ၊ ၀က်မှေး၊ ကံတော၊ တုံ၊ လယ်တီ၊ ဇီးတော စသည့်ကျေးရွာများတွင် ဆိတ်၊ သိုးမွေးမြူရေးကို တောင်သူလုပ်ငန်းနှင့် တွဲဖက်၍ အဓိကထား လုပ်ကိုင်ခဲ့ကြပြီး လက်ပံတောင်းတောင် စီမံကိန်း ပေါ်ပေါက်လာခဲ့ပြီးနောက်တွင် ယာမြေများနှင့် စားကျက်မြေများ တဖြည်းဖြည်း ဆုံးရှုံးလာခဲ့မှုကြောင့် မွေးမြူထားသည့် ဆိတ်အုပ်၊ သိုးအုပ်များကို ပြန်လည်ရောင်းချမှု များပြားလာခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

"ဒီဘက်ရွာတွေ အကုန်လုံးက လက်ပံတောင်းတောင်ကြီးကို အမှီပြုပြီး မွေးမြူရေး လုပ်ကြရတာ။ စီမံကိန်း အတွင်းမှာရှိတဲ့ ယာမြေတွေ၊ စားကျက်မြေတွေကို သိမ်းပြီး သံဆူးကြိုး အကာအရံတွေ လုပ်လိုက်တော့ ဆိတ်၊ သိုးကျောင်းစရာမြေက တဖြည်းဖြည်း နည်းလာတယ်။ အဲဒီလိုသာ ဆက်လုပ်နေမယ်ဆိုရင် စားကျက်မြေနဲ့ စိုက်ပျိုးမြေတွေ အကုန်ပျောက်သွားမှာပဲဆိုပြီး ဆိတ်၊ သိုးအုပ်တွေ အကုန်ရောင်းလိုက် ကြတယ်" ဟု ဆည်တည်းကျေးရွာမှ ဆိတ်၊ သိုး မွေးမြူရေး လုပ်ကိုင်သူ ဦးသိန်းအောင်က ဆိုသည်။

"အရင်က ဒီကျေးရွာတွေမှာ ဆိတ်၊ သိုးမွေးမြူရေးကို တောင်သူလုပ်ငန်းနဲ့တွဲပြီး လုပ်ကိုင်တဲ့သူ သုံးပုံနှစ်ပုံလောက် ရှိတယ်။ အခု သုံးပုံတစ်ပုံလောက်ပဲ ကျန်တော့တယ်။ မွေးမြူရေးဘက်က၀င်တဲ့ ၀င်ငွေလျော့နည်းသွားသလို တောင်သူလုပ်ငန်းအတွက် မြေသြဇာလည်း ၀ယ်သုံးနေရပြီ။ ဆိတ်၊ သိုး၊ နွားချေးမြေသြဇာနဲ့ဆို သုံးနှစ်လောက် ကောင်းကောင်းစိုက်ပျိုးလို့ ရတယ်။ အခုတော့ ဓာတ်မြေသြဇာ ၀ယ်သုံးနေရတာ" ဟု တောင်သူကြီး ဒေါ်ခင်စန်းက ပြောပြသည်။

အဆိုပါ ကျေးရွာများရှိ တောင်သူများ အနေဖြင့် ဆိတ်အကောင်ရေ (၅၀)တစ်အုပ်လျှင် ကျပ် (၂၅)သိန်း ရင်းနှီးမြှုပ်နှံ၍ မွေးမြူလုပ်ကိုင်ကြပြီး ခြောက်လတစ်ခါ ပြန်လည်ရောင်းချရာမှ တစ်နှစ်လျှင် ငွေကျပ်ကိုးသိန်း ဆယ်သိန်းခန့် ၀င်ငွေရရှိကြောင်း၊ ဆိတ်တစ်ကောင်လျှင် ငါးသောင်း၊ သိုးတစ်ကောင်လျှင် ခြောက်သောင်းခုနှစ်သောင်းကျပ် ဈေးရှိကြောင်း သိရသည်။

(လက်ပံတောင်းတောင် အနီးတွင် ဒေသခံများ မွေးမြူထားသော ဆိတ်အုပ်အား လွှတ်ကျောင်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူ))
EMG

Quarto Product ကုမ္ပဏီမှ ဖမ်းဆီးမိသည့် ဘီယာ၊ ၀ိုင် အပါအ၀င် လိုင်စင်မဲ့ တင်သွင်းသည့် ပြဿနာများအတွက် စီးပွားကူးသန်း ဒုဝန်ကြီး ဦးဆောင်ကာ ဖြေရှင်းမှုများ ပြုလုပ်နေ



လှိုင်မြို့နယ်ရှိ Quarto Product ကုမ္ပဏီမှ ဘီယာ၊ ၀ိုင်နှင့် လိုင်စင်မဲ့ တင်သွင်းသည့် ကုန်စည်များ ဖမ်းဆီးရမိသည့် ဖြစ်စဉ်တွင် နိုင်ငံခြားသား သုံးဦးနှင့် ဟိုတယ်နှစ်ခု ပါဝင်ပတ်သက်နေပြီး ထိုသို့အလားတူ ပြဿနာများ ဆက်လက် မဖြစ်ပွားရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးဆောင်၍ ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ သတင်းရရှိသည်။

Quarto Product ကုမ္ပဏီမှ လိုင်စင်မဲ့ တင်သွင်းသည့် ကုန်စည်များ အပါအ၀င် ဘီယာနှင့် ၀ိုင်များ တင်သွင်းခဲ့သည့် ဖြစ်စဉ်တွင် ကမ္ဘောဒီးယား နိုင်ငံသားတစ်ဦးနှင့် စင်ကာပူ နိုင်ငံသားတစ်ဦး အပါအ၀င် နိုင်ငံခြားသားသုံးဦး ပါဝင်ပတ်သက်နေပြီး ထိုကဲ့သို့ ပတ်သက်မှုများနှင့် ဆက်နွှယ်နေမှုမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ဆက်နွှယ်နေကြောင်း သိရသည်။

အလားတူပင် မြန်မာနိုင်ငံ၌ အရက်၊ ဘီယာ၊ ၀ိုင်များအား လေဆိပ်ရှိ Duty Free Shop နှင့် ဟိုတယ်များတွင်သာ တင်သွင်းရောင်းချခွင့် ပြုထားပြီး ကျန်နေရာများတွင် ရောင်းချရန်နှင့် တင်သွင်းရန် ခွင့်ပြုမထားသော ကန့်သတ်ကုန်စည်များ ဖြစ်နေပြီး တင်သွင်းခွင့်ကိုလည်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ ခွင့်ပြုချက်ရရှိမှသာ တင်သွင်းခွင့်ပြုကြောင်း သိရသည်။

"တရားဝင် တင်သွင်းထားတဲ့ ဘီယာ၊ ၀ိုင်တွေက ဟိုတယ်နှစ်ခုရဲ့ တင်သွင်းခွင့် လိုင်စင်ကို ကိုယ်စားလှယ်အနေနဲ့ တင်သွင်းခဲ့တာ တွေ့ရှိရတယ်။ အဲဒါကြောင့် ဟိုတယ်ခရီး ၀န်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ညီမညီ စစ်ဆေးဖို့ တင်ပြခဲ့ရတယ်။ နောက်ပြီး Quarto Product ကုမ္ပဏီအနေနဲ့ နိုင်ငံတွင်းကို ကန့်သတ်ဘီယာ၊ ၀ိုင်တွေတင်သွင်းမှုမှာ ကမ္ဘောဒီးယား နိုင်ငံသားတစ်ဦး၊ စင်ကာပူ နိုင်ငံသားတစ်ဦး အပါအ၀င် နိုင်ငံခြားသားသုံးဦး ပါဝင်ပတ်သက်နေတာ တွေ့ရတယ်။ အဲဒီအကြောင်းကိုလည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကို ဆက်လက် တင်ပြထားပါတယ်။ နိုင်ငံခြားသားသုံးဦး ပါဝင် ပတ်သက်နေတယ် ဆိုတာက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နဲ့ သက်ဆိုင်ပြီး သူတို့ရဲ့ ခွင့်ပြုချက်ထဲမှာ ဒီလိုမျိုး ခွင့်ပြုခဲ့သလားဆိုတာနဲ့ သက်ဆိုင်ပါတယ်"ဟု ဦးသိန်းထွန်းဦးက ဆိုသည်။

လက်ရှိအချိန်တွင် ထိုသို့ အရက်၊ ဘီယာ၊ ၀ိုင် စသည့် ကန့်သတ်ကုန်စည်များ တင်သွင်းမှုနှင့် ပတ်သက်၍ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနအပါအ၀င် ဟိုတယ်လုပ်ငန်းရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီးမှ ဦးဆောင်ပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ Quarto Product ကုမ္ပဏီမှ တရားဝင် ခွင့်ပြုချက်ဖြင့် တင်သွင်းသည့် ကုန်စည်များ အပါအ၀င် လိုင်စင်မဲ့ တင်သွင်းခဲ့သည့် ကုန်စည်များအား စစ်ဆေးမှုအရ ၀ိုင်၊ အချိုရည်၊ ဘီယာသုံးမျိုးနှင့် စားသောက်ကုန်များတွင် IL /ID မရှိ ကုန်ပစ္စည်း ၁၀ မျိုး ခန့်မှန်းတန်ဖိုးကျပ် ၁၉၃သိန်းဝန်းကျင်၊ IL /ID မရှိ ကုန်ပစ္စည်း ၇၂မျိုး ခန့်မှန်းတန်ဖိုးကျပ် ၁၂၇ သိန်းဝန်းကျင်၊ IL /ID ထက် မြေပြင်စာရင်းပိုနှစ်မျိုး ခန့်မှန်းတန်ဖိုးကျပ် ၆၈ သိန်းဝန်းကျင်နှင့် Co လွဲဝိုင် ၄၂၆၂ အမျိုးအစား ကိုးမျိုးနှင့် ခန့်မှန်းတန်ဖိုး ၂၅၅ သိန်းဝန်းကျင်နှင့် စုစုပေါင်း ကုန်ပစ္စည်း ၉၃ မျိုးနှင့် ခန့်မှန်းတန်ဖိုး ၆၄၄ သိန်းကျော်ဖိုးခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း ဦးသိန်းထွန်းဦးက ဆိုသည်။

အဆိုပါ ကုမ္ပဏီတွင် တရားမ၀င်ပစ္စည်းများ စစ်ဆေးတွေ့ရှိခဲ့မှုအပေါ်အတိုင်း အရေးယူဆောင်ရွက်ရန် Quarto Product ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာအား ပို့ကုန်၊ သွင်းကုန် ဥပဒေနှင့် အကောက်အခွန် ဥပဒေများဖြင့် စစ်ဆေး အရေးယူထားကြောင်း သိရသည်။

(ဖမ်းဆီးရမိသည့် ဘီယာ၊ ၀ိုင်နှင့် လိုင်စင်မဲ့ တင်သွင်းသည့် ကုန်စည်များအား တွေ့ရစဉ်(ဓာတ်ပုံ-အောင်ရဲကို))
EMG

မြို့နယ် ၂၀ ရှိ အလုပ်သမားများ၏ ကုန်ကျစရိတ်ကို စစ်တမ်းကောက်ယူနေပြီး အနိမ့်ဆုံးလစာ သတ်မှတ်ရာတွင် ထည့်သွင်း တင်ပြသွားမည်



ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၀ တွင် အလုပ်သမားများ၏ အထွေထွေ ကုန်ကျစရိတ်များကို စစ်တမ်းကောက်ယူနေပြီး အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရာတွင် အလုပ်သမား ၀န်ကြီးဌာနသို့ ထည့်သွင်း တင်ပြသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂချုပ်(ယာယီ)မှ သိရသည်။

အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်ရန်အတွက် တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ စမ်းချောင်း၊ တာမွေ၊ ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒလ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ သာကေတ၊ သင်္ဃန်းကျွန်း၊ အောင်ဆန်း(ဖော့ကန်)၊ ရွှေပေါက္ကံ၊ မရမ်းကုန်းနှင့် ဆိပ်ကြီးခနောင်တို မြို့နယ်များမှ အလုပ်သမားများ၏ စားဝတ်နေရေး အထွေအထွေ ကုန်ကျစရိတ်တို့ကို နိုဝင်ဘာမှ စတင်ကာ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် (ယာယီ)မှ ဦးဆောင်၍ စစ်တမ်း ကောက်ယူနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်တမ်းကောက်ယူရာ၌ လူသုံးဦး ပါဝင်သည့် မိသားစုတစ်စု၏ ကုန်ကျစရိတ်သည် တစ်လလျှင် ပျမ်းမျှ နှစ်သိန်းနီးပါးရှိနေပြီး အလုပ်သမားတစ်ဦး၏ လက်ရှိဝင်ငွေမှာ အများဆုံး တစ်သိန်းဝန်းကျင်ခန့်သာ ရှိကြောင်း သိရသည်။

"မိသားစုတစ်စုကို မူလတန်းအရွယ် ကျောင်းသားတစ်ယောက် အပါအ၀င် သုံးယောက်နှုန်းနဲ့ တွက်ချက်ထားတယ်။ သူ့ရဲ့ မီးဖိုချောင် အသုံးစရိတ်၊ အိမ်လခ၊ ကလေးကျောင်းစရိတ်စတဲ့ အထွေထွေ ကုန်ကျစရိတ်က တစ်လကို တစ်သိန်းကိုးသောင်း နီးပါးရှိတယ်။ ဒါက အခြေခံ ကုန်ကျစရိတ်ပဲ ရှိသေးတယ်။ နောက်ထပ် စက်ရုံအလုပ်ရုံသမားတွေရဲ့ စားဝတ်နေရေး အခြေအနေကို ထပ်ပြီး စာရင်းကောက်ဖို့ရှိတယ်"ဟု မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် (ယာယီ)မှ အဖွဲ့ဝင် ဦးထွန်းညွှန့်ဦးက ဆိုသည်။

"စစ်တမ်းကောက်ယူလို့ရတဲ့ အချက်အလက်ပေါ် မူတည်ပြီး အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခလစာက ဘယ်လောက် သတ်မှတ်သင့်တယ်ဆိုတာကို အလုပ်သမားဝန်ကြီးဌာနကို တင်ပြသွားမှာပါ" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အနိမ့်ဆုံး အခြေခံလုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနနှင့် ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်တို့ ပူးပေါင်းကာ အလုပ်သမားတစ်ဦး၏ စားသောက်မှု ကုန်ကျစရိတ်၊ မိသားစုနှုန်း လက်ရှိဝင်ငွေတို့ကို သုတေသန ပြုလုပ်လျှက်ရှိပြီး စက်ရုံအလုပ်ရုံများတွင် ကွင်းဆင်း လေ့လာမှုများ ပြုလုပ်နေကြောင်း သိရသည်။

(ရန်ကုန်-ဒလ ဆိပ်ကမ်းအဆင်း တံတားပေါ်တွင် အလုပ်သမားအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်))
EMG

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ နေ့စဉ် ကုဗပေနှစ်သန်း မန္တလေး ဓာတ်အားခွဲ ဌာနသို့ စတင်ဖြန့်ဝေနေပြီး ကျောက်ဆည်စက်မှုဇုန်သို့ အဓိကပေးပို့မည်



မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ နေ့စဉ်ကုဗပေ နှစ်သန်းကို မန္တလေး ဓာတ်အားခွဲဌာနသို့ နိုဝင်ဘာ ၂၄ ရက်မှ စတင်ကာ ဒေသခံများသို့ ဖြန့်ဝေနေပြီဖြစ်ကြောင်း ပိုက်လိုင်းကုမ္ပဏီ SEAGP မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မန္တလေး ဓာတ်အားခွဲ ဌာနမှ ပို့လွှတ်မည့် သဘာဝ ဓာတ်ငွေ့များကို ကျောက်ဆည်စက်မှုဇုန်သို့ အဓိက ပေးပို့မည်ဖြစ်ကြောင်း၊ ကျောက်ဆည်စက်မှုဇုန်သည် မြန်မာအစိုးရမှ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လမ်းအူကြောင်း အနေအထား တိုင်းတာချက်ဖြင့် သတ်မှတ်ကာ ဆောင်ရွက်ခဲ့သည့် စက်မှုဇုန်ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်စက်မှုဇုန်အတွင်း သဘာဝဓာတ်ငွေ့သုံး စက်ရုံ ၁၁ ခု လျာထားပြီး လက်ရှိတွင် ငါးခုသာ အသုံးပြုလျက်ရှိကြောင်း၊ ယင်းစက်ရုံများမှာ ဘိလပ်မြေစက်ရုံ၊ ဦးထုပ်စက်ရုံ၊ ဖိနပ်ချုပ်စက်ရုံ၊ အတွင်းအင်္ကျီစက်ရုံနှင့် ဖန်ထည်မှန်ထည် စက်ရုံတို့ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်စက်မှုဇုန်သို့ ပို့လွှတ်သည့် သဘာဝဓာတ်ငွေ့၏ တစ်ဝက်မှာ ဒေါ်လာခြောက်သန်းကျော် ရင်းနှီးထားသည့် ဖန်ချက်စက်ရုံသို့ ပေးပို့မည်ဖြစ်ကြောင်း၊ အဆိုပါ ဖန်ချက်စက်ရုံ၏ တစ်ရက် ဖန်ထုတ်နှုန်းမှာ ၁၁၇ တန်ဖြစ်၍ တစ်နှစ်ထုတ်လုပ်မှု ပမာဏမှာ တန်ချိန်ပေါင်း ၄၂၇၀၀ ဖြစ်ကြောင်း သိရသည်။

"တစ်နှစ်ဖြန့်ဝေနှုန်း ပမာဏက အတိအကျ မသိနိုင်သေးဘဲ MOGE ရဲ့ အပတ်စဉ် ဖြန့်ဝေစီမံချက်အတိုင်း ဆောင်ရွက်လျက် ရှိပါတယ်။ စတင်ဖြန့်ဝေချိန်မှာ သဘာဝဓာတ်ငွေ့ လိုအပ်မှုများမှာ မဟုတ်ဘူးလို့ ခန့်မှန်းရပါတယ်။ စုစုပေါင်း ဖြန့်ဝေနှုန်းကို တစ်နှစ်ဖြန့်ဝေမှု စီမံချက်နဲ့ ချိန်ယူရမှာ ဖြစ်ပါတယ်" ဟု အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ မန္တလေး စီမံခန့်ခွဲရေး ဦးစီးဌာန၊ လုံခြုံရေး ဌာနစိတ်မှူးက ပြောကြားသည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ကျောက်ဖြူတွင် အစပြု၍ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းကာ ရွှေလီမှတစ်ဆင့် တရုတ်နိုင်ငံသို့ သွယ်တန်းထားခြင်းဖြစ်ကာ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ သဘာဝ ဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပို့လွှတ်နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် အရှည် ၇၉၃ ကီလိုမီတာ အရှည်ရှိပြီး တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလျံ ပို့လွှတ်မည်ဖြစ်ကြောင်း သိရသည်။

(ကျောက်ဖြူမြို့နယ်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအား တွေ့ရစဉ်)
EMG

ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် မီဒီယာကတ် ရရှိပြီးသူများအား မီဒီယာစင်တာဝင်ရန် MPC ကတ် ပြုလုပ်ရာတွင် ငွေနှစ်သောင်းခွဲ ပေးသွင်းစရာ မလို



ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် မီဒီယာကတ် ရရှိပြီးသူများအား မီဒီယာစင်တာ ၀င်ရန် MPC ကတ် ပြုလုပ်ရာတွင် ငွေနှစ်သောင်းခွဲ ပေးသွင်းစရာ မလိုကြောင်း နိုဝင်ဘာ ၃၀ ရက် မဏိရတနာ ကျောက်စိမ်းခန်းမတွင် ပြုလုပ်သည့် ပြန်ကြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာ ရှင်းလင်းပွဲ၌ သိရသည်။

ပြန်ကြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးလှိုင်မြင့်က "မီဒီယာကတ် ရရှိသူအားလုံးသည် ဒီ MPC ကတ်ကို ပိုင်ဆိုင်ခွင့် ရှိပါတယ်။ ကျွန်တော်တို့ ဒါကို စီလည်းစီစဉ် နေပါပြီ။ နှစ်သောင်းခွဲဆိုတဲ့ ကိစ္စက သတင်းလွဲချော်မှုပဲ ဖြစ်မှာပါ။ ကျွန်တော်တို့ နှစ်သောင်းခွဲကို တရားဝင်လည်း မထုတ်ပြန်သေးပါဘူး။ သတင်းစကား ပျံ့နှံ့သွားတယ်လို့ပဲ ယူဆပါတယ်။ မီဒီယာကတ် ရှိတဲ့သူတိုင်းကို MPC ကတ် ထုတ်ပေးမှာပါ။ ကိုယ့်သတင်းသမားတွေ ၀င်လို့ရအောင်နဲ့ လုံခြုံရေးလည်း ပိုပြီးကောင်းမွန်အောင်လုပ်တာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ "လုံခြုံရေးက အလွန်အရေးကြီးပါတယ်။ တစ်ကမ္ဘာလုံးကို ပျံ့နှံ့ဖို့ အတွက် ဒီနေရာကြီးက လုပ်ပေးမှာပါ။ ဒီနေရာကြီး လုံခြုံရေး ကျိုးပေါက်သွားရင် ဘယ်သူမှ မသိတော့ဘူး။ အလွန်အရေး ကြီးတဲ့အတွက် ဒီကတ်ကို လုပ်ရခြင်း ဖြစ်ပါတယ်။ ကျန်တဲ့ ရည်ရွယ်ချက် ဘာမှမပါဘူး။ အမြန်ဆုံး ဖြစ်အောင်လုပ်ပေးဖို့ စီစဉ်နေပါတယ်။ ကျွန်တော်တို့ဆီကို သတ်မှတ်ထားတဲ့ရက်မှာ မလာဘဲနဲ့ နောက်မှလာတဲ့သူ၊ ရုတ်တရက် ရောက်လာတဲ့ သူတွေအတွက်ကတော့ အခုပြောတဲ့ နှစ်သောင်းခွဲပါ။ ရက် ၂၀ နဲ့ နှစ်သောင်းခွဲ စားလိုက်ရင် နည်းနည်းပဲ ကျမှာပါ။ လက်ရှိရပြီးသားသူတွေ စာရင်းရထားတဲ့သူတွေ လုံးဝပေးစရာ မလိုပါဘူး" ဟု ဦးလှိုင်မြင့်က ပြောကြားသည်။

၂၀၁၃ ခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲ သတင်းရယူရန် ပြည်တွင်းပြည်ပ သတင်းထောက် ဦးရေမှာ ပြည်တွင်းသတင်းထောက် ၃၆၉ ဦး၊ မဇ္ဈိမ ၁၀၅ ဦး၊ သတင်းနှင့် စာနယ်ဇင်း ၁၈၄ ဦး၊ နိုင်ငံတကာ သတင်းထောက် ၁၁၂ ဦး၊ ဘလော့ဂါ ၃၆၃ ဦး၊ မြန်မာ့အသံ ၆၆၈ ဦး၊ ဖော်အဲဗား ၅၉၇ ဦးနှင့် စကိုင်းနက် ၄၆၇ ဦး စုစုပေါင်း သတင်းထောက် ၂၈၆၅ ဦး တရားဝင် သတင်းရယူ သွားမည်ဖြစ်ကြောင်း သိရသည်။

(နိုဝင်ဘာ ၃၀ ရက်က မဏိရတနာ ကျောက်စိမ်းခန်းမတွင် ပြုလုပ်သည့် ပြန်ကြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းစာ ရှင်းလင်းပွဲအား တွေ့ရစဉ်)
EMG

ရေထွက်ကုန် မက်ထရစ်တန်ချိန် နှစ်သိန်းကျော် ပြည်ပသို့ တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကျော်ရရှိ



မြန်မာ့ရေထွက်ကုန် ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရာ၌ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၏ ရှစ်လတာ ကာလအတွင်း မက်ထရစ်တန်ချိန် နှစ်သိန်းကျော် တင်ပို့ထားပြီး ပို့ကုန်ဝင်ငွေ ရရှိမှုမှာ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကျော် ရရှိထားကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရေထွက်ကုန် ပစ္စည်းများကို ပြည်ပသို့ ပုံမှန်ကုန်သွယ် တင်ပို့မှု အနေဖြင့် တင်ပို့ရာတွင် ယခုဘဏ္ဍာနှစ် တစ်နှစ်လုံး၌ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၄၀ ရရှိရန် လျာထားပြီး ဘဏ္ဍာနှစ်၏ ရှစ်လတာ ကာလတွင် အမေရိကန်ဒေါ်လာ သန်း ၁၆၀ ကျော် ရရှိထားကြောင်း သတင်းအချက်အလက် များအရ သိရသည်။

ထို့အပြင် ရေထွက်ကုန်များကို နယ်စပ်ကုန်သွယ် တင်ပို့အနေဖြင့် တင်ပို့ရာတွင် ယခုဘဏ္ဍာရေးနှစ်၌ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ရရှိရန် လျာထားကြောင်း သိရပြီး လက်ရှိ ဘဏ္ဍာရေးနှစ်၏ ရှစ်လတာ ကာလအတွင်း အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော် ရရှိထားပြီးဖြစ်ကြောင်း သိသည်။

ပြည်ပသို့ ရေထွက်ကုန် တင်ပို့ရာတွင် ပုံမှန်ကုန်သွယ် တင်ပို့မှုဖြင့် တင်ပို့ရာ၌ ရေထွက်ကုန် မက်ထရစ်တန်ချိန် ၉၆၀၀၀ ကျော် တင်ပို့ထားနိုင်ပြီး နယ်စပ်ကုန်သွယ် တင်ပို့မှုမှာ မက်ထရစ်တန်ချိန် ၁၁၀၀၀၀ ကျော် တင်ပို့ထားနိုင်ပြီးဖြစ်ကြောင်း သိရသည်။

ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ရေထွက်ကုန်များကို ပြည်ပသို့ တင်ပို့ရာ၌ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရရှိရန် လျာထားပြီး လက်ရှိဘဏ္ဍာရေးနှစ်၏ ရှစ်လတာ ကာလတွင် ပို့ကုန်ဝင်ငွေ ရရှိမှုမှာ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကျော် ရရှိထားကြောင်း သတင်းအချက် အလက်များအရ သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၆၅၀ ကျော် ရရှိခဲ့ပြီး အများဆုံး ပို့ကုန်ဝင်ငွေ ရရှိသည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း သိရသည်။

ယခု ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ရေထွက်ကုန် တင်ပို့ရာတွင် ရေချိုငါး တင်ပို့မှု ပို့ကုန်ဝင်ငွေ ရရှိမှု နည်းပါးနေပြီး ငါးရှဥ့်နှင့် ကဏန်းတင်ပို့မှုတို့မှ ပို့ကုန်ဝင်ငွေ အများဆုံး ရရှိထားကြောင်း သိရသည်။

(ပြည်ပတင်ပို့မည့် ရေထွက်ကုန်များအား ပြုပြင်ထုတ်လုပ် နေသည်ကို တွေ့ရစဉ်)
EMG

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် တလိုင်းဒတ် ကျောက်ထုတ်စခန်းကြောင့် နစ်နာခဲ့သော ဒေသခံများအား လျော်ကြေးပေးရန် ITD ကုမ္ပဏီနှင့် ဒေသခံများ သဘောတူ



တနသာင်္ရီတိုင်းဒေသကြီးရှိ ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းမှ မြောက်ဘက် ငါးမိုင်ခန့်အကွာ တလိုင်းဒတ်တောင် ကျောက်ထုတ်စခန်း ၀န်းကျင်ရှိ ဥယျာဉ်ခြံမြေများနှင့် လယ်ယာမြေများမှာ ယခုနှစ် မိုးတွင်းကာလတွင် ပျက်စီးခဲ့ရသဖြင့် ဆုံးရှုံးနစ်နာခဲ့သူ ၁၁ ဦးအား စီမံကိန်း တည်ဆောက်နေသည့် အီတာလျံ-ထိုင်းကုမ္ပဏီ (Italian-Thai Development Co;Ltd-ITD)မှ လျော်ကြေးငွေများ ပေးချေရန် နိုဝင်ဘာ ၂၉ ရက်က ဒေသခံများနှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ လေ့လာရသလောက်က ကျောက်ထုတ်နေတဲ့နေရာ ၀န်းကျင်မှာရှိတဲ့ လယ်မြေတွေက အထိခိုက်ဆုံး ဖြစ်နေပါတယ်။ မိုးရွာလိုက်တဲ့ အချိန်မှာ တောင်ပေါ်ကနေ သဲတွေ၊ မြေစာတွေ ပြိုဆင်းလာမှုနဲ့ ကားလမ်းတစ်လျှောက်က ရေမြောင်းတွေ မကောင်းလို့ လယ်မြေတွေ ရေနစ်ဆုံးရှုံးခဲ့တာ တွေ့ရတယ်။ ဒီနေ့ သဘောတူလက်မှတ် ရေးထိုးခဲ့တဲ့သူတွေ အနေနဲ့ ဒီဇင်ဘာ ၂ ရက်မှာ လျော်ကြေးငွေ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ တလိုင်းဒတ်တောင်က ထားဝယ်စီမံကိန်းရဲ့ ဧရိယာမှာ ပါဝင်ခြင်း မရှိပါဘူး။ နိုင်ငံတော် အစိုးရက ဒီတောင်က ထွက်လာတဲ့ ဟာတွေကို ဒေသအစိုးရကနေ အခွန်ကောက်ခံ နိုင်ရန်အတွက် စီမံကိန်း ပြင်ပနေရာမှာ ထားခြင်းဖြစ်ပါတယ်။ စီမံကိန်း ပြင်ပနေရာဖြစ်တဲ့ တောင်ခြေက ထိခိုက်နစ်နာသူ ဒေသခံတွေကိုတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ထားဝယ်အများပိုင် ကုမ္ပဏီ (DDPC)နဲ့ ITD ကုမ္ပဏီတို့က တာဝန်ယူပြီး ဖြေရှင်းပါလိမ့်မယ်။ အခုပေးတဲ့ လျော်ကြေးကို မကျေနပ်လို့ စောဒကတက်ရင်တော့ လျော်ကြေးပေးအပ်ခြင်း မပြုတော့ဘဲ ပြန်လည်ရုပ်သိမ်းပါမယ်။ နောက်တစ်ကြိမ် ထပ်မပေးတော့ပါဘူး။ ဒါနောက်ဆုံး ပေးခြင်းပါပဲ" ဟု လျော်ကြေးငွေ ပေးအပ်မှုနှင့် ပတ်သက်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန ဒုဝန်ကြီး ဦးဘုန်းဆွေက ပြောကြားခဲ့သည်။

ကျောက်ထုတ်စခန်း ၀န်းကျင်အနီး စီမံကိန်း ဧရိယာအတွင်းရှိ ဒေသခံ ၁၁ ဦး၏ ဆုံးရှုံးခဲ့သော သီးနှံပင်များကို လျော်ကြေးငွေ ပေးချေရာတွင် ရော်ဘာပင် တစ်ပင်အတွက် အပင်သက်တမ်း ၁ နှစ်မှ ၃ နှစ်အတွင်း ရှိပါက ကျပ်တစ်သောင်း၊ သက်တမ်းသုံးနှစ်မှ ခြောက်နှစ်အတွင်း ရှိပါက ကျပ် ၇၀၀၀၀ နှင့် ခြောက်နှစ်နှင့် အထက်ရှိသော အပင်များအား ကျပ်တစ်သိန်းနှုန်းဖြင့် သဘောတူ သတ်မှတ်ခဲ့ကြောင်း သိရသည်။

(တလိုင်းဒတ် ကျောက်ထုတ်စခန်းအား နိုဝင်ဘာ လဆန်းအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ - ဖြိုးဇင်))
EMG

မြန်မာနိုင်ငံ၌ လုပ်ထုံးလုပ်နည်းပိုင်း ဆိုင်ရာများနှင့် ပတ်သက်၍ စိုးရိမ်နေရဆဲ ဖြစ်သောကြောင့် ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုသည် သီလ၀ါ စက်မှုဇုန် အကောင်အထည် ဖော်နိုင်မှုအပေါ် မူတည်နေကြောင်း ဂျပန်ဒုတိယ ကုန်သွယ်ရေးဝန်ကြီး ပြောကြား



မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ၏ ကုန်သွယ်မှု တိုးတက်နေသော်လည်း ရင်းနှီးမြှုပ်နှံမှု အပိုင်းတွင် လုပ်ထုံးလုပ်နည်းပိုင်း ဆိုင်ရာများနှင့် ပတ်သက်၍ စိုးရိမ်နေရဆဲဖြစ်ကြောင်း၊ ထို့အတွက် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၅ ခုနှစ် သီလ၀ါ စက်မှုဇုန် အကောင်အထည် ပေါ်လာမှုအပေါ် များစွာမူတည်နေကြောင်း ဂျပန်နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ၀န်ကြီး မစ္စတာ ရာချီဟီကိုအီဆိုဟာကီက နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင် ကျင်းပခဲ့သော သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (က)ဖွင့်ပွဲ အခမ်းအနား၌ ပြောကြားခဲ့သည်။

"ဒီနှစ်ထဲမှာ မြန်မာနိုင်ငံကို ဂျပန်နိုင်ငံက နိုင်ငံ့ခေါင်းဆောင် တော်တော်များများ အလာရောက်ဆုံးနှစ်ပါ။ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်နိုင်ဖို့ ဂျပန်လုပ်ငန်း ရှင်တွေကလည်း စိတ်ဝင်စားပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကိုလည်း လုပ်ငန်းရှင် တော်တော်များများက စိတ်ဝင်စားကြပါတယ်။ ဒီလို စိတ်ဝင်စားကြ ပေမဲ့လည်း ချီတုံချတုံ ဖြစ်နေတဲ့ အပိုင်းလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းပိုင်း ဆိုင်ရာတွေကို စိုးရိမ်ပူပန်မှုတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ နောက်ပိုင်းမှာ ထပ်ဝင်လာမလာဘူး ဆိုတာကတော့ သီလ၀ါရဲ့ အောင်မြင်မှုအပေါ် အများကြီး မူတည်နေပါတယ်။ စီမံကိန်းနဲ့ ပတ်သက်တဲ့ အခြေခံ အဆောက်အအုံပိုင်းတွေ ဖွံ့ဖြိုးတိုးတက် သွားဖို့လည်း ဂျပန်အစိုးရက ထောက်ပံ့ကူညီ သွားမှာပါ" ဟု ဂျပန်နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ၀န်ကြီး မစ္စတာရာချီဟီကိုအီဆိုဟာကီက ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက မြန်မာ-ဂျပန် နှစ်နိုင်ငံ စီးပွားရေးအရ ပိုမိုတိုးမြှင့် လုပ်ကိုင်သွားနိုင်ရန် ဆန္ဒရှိကြောင်း၊ အလားတူ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများလည်း ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"အခု အကောင်အထည်ဖော်မယ့် သီလ၀ါ အထူးစီးပွားရေးဇုန်ရဲ့ class A က ဟက်တာပေါင်း ၄၀၀ ရှိပါတယ်။ ၂၀၁၅ နွေရာသီမှာ အပ်နှံနိုင်ဖို့ သက်ဆိုင်ရာ ကုမ္ပဏီက စီစဉ်ထားပါတယ်။ သီလ၀ါ အထူးစီးပွားရေးဇုန်ဟာ ရန်ကုန်မြို့ကနေ ကီလိုမီတာ ၂၀ ဝေးကွာတဲ့ နေရာမှာ ရှိတဲ့အတွက် ကုန်ထုတ်လုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နိုင်ပါတယ်။ စီးပွားရေး အခြေအနေ ကောင်းတွေလည်း ရရှိလာမှာ ဖြစ်ပါတယ်။ လျှပ်စစ်မီး ရရှိရေး၊ ရေရရှိရေး၊ လမ်းတံတား တည်ဆောက်ရေး လုပ်ငန်းတွေကိုလည်း နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင် သွားမယ်လို့ ကြားသိရပါတယ်" ဟု သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ၀င်ရောက်ရင်းနှီး မြှုပ်နှံထားသော ဂျပန်နိုင်ငံ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းမှ ယာဆူဟီကိုက ပြောကြားခဲ့သည်။

သီလ၀ါ အထူးစီးပွားရေးဇုန်အား တည်ဆောက်အကောင်အထည် ဖော်ရေးနှင့် ပတ်သက်၍ ၂၀၁၂ လောက်မှစ၍ စတင်ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပြီး ၂၀၁၃ တွင် အကောင်အထည် ပေါ်လာနိုင်သည့်အတွက် တစ်နှစ်တာ ကာလအတွင်း နှစ်နိုင်ငံပူး ပေါင်းဆောင်ရွက်မှု အရှိန်မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲတွင် ဂျပန်ဘက်မှ ပြောကြားခဲ့သည်။

မကြာသေးခင်က ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် Doing Business အစီရင်ခံစာအရ မြန်မာနိုင်ငံသည် စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများ ရှုပ်ထွေးမှုများ ရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ခက်ခဲနေဆဲ ဖြစ်သည့်အတွက် နိုင်ငံပေါင်း ၁၈၉ နိုင်ငံတွင် ၁၈၂ အဆင့်၌ ရောက်ရှိနေကြောင်းလည်း ဖော်ပြထားသည်။

(ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင် ကျင်းပခဲ့သော သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း (က) ဖွင့်ပွဲ အခမ်းအနားအား တွေ့ရစဉ်)
EMG

ရန်ကုန်တိုင်းဒေသကြီးအတွင်း စားဝတ်နေရေး အခက်ခဲနှင့် အလုပ်ကိုင် အခွင့်အလမ်း ရှားပါးနေ၍ ခိုးမှုများ အများဆုံး ဖြစ်ပွားနေကြောင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ပြောကြား



ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေသော မှုခင်းဖြစ်စဉ်များအနက် ခိုးမှုဖြစ်စဉ်မှာ အများဆုံး ဖြစ်ပွားနေပြီး ယင်းကဲ့သို့ ဖြစ်ပွားရခြင်းမှာ စားဝတ်နေရေး အခက်ခဲနှင့် အလုပ်ကိုင် အခွင့်လမ်းရှားပါးမှုနှင့် ဆက်စပ်မှု ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း ခိုးမှု ၇၉ မှုဖြစ်ပွားခဲ့ပြီး ၃၅ မှုအား ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ အောက်တိုဘာ၌ ခိုးမှုဖြစ်စဉ် ၈၄ မှုဖြစ်ပွားခဲ့ပြီး ၄၅ မှုအား ဖော်ထုတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

"ရန်ကုန်တိုင်းဒေသကြီးမှာ ဖြစ်ပွားနေတဲ့ မှုခင်းဖြစ်စဉ်တွေ အားလုံးထဲမှာဆိုရင် ခိုးမှုဖြစ်စဉ်တွေက အများဆုံး ဖြစ်ပွားနေပါတယ်။ အဓိကကတော့ စားဝတ်နေရေးနဲ့ အလုပ်ကိုင် အခွင့်လမ်းရှားပါးမှုကြောင့် ဖြစ်ပါတယ်။ အလုပ်ရှိတဲ့လူကတော့ မှုခင်းဖြစ်စဉ်ကျူးလွန်ဖို့ စဉ်းစားနိုင်မှာ မဟုတ်ပါဘူး။ စားစရာမရှိတော့လည်း ဒီလိုကိစ္စတွေ ကိုစဉ်းစားပြီးတော့ ကျူးလွန်နေကြတာ ဖြစ်ပါတယ်။ ခိုးမှုနဲ့ ထောင်ကျနေတဲ့ သူတွေကလည်း ပြစ်ဒဏ်မစေ့ခင် လျှော့ရက်တွေ၊ လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ ပြန်ထွက်လာတာတွေ ရှိတယ်။ ထွက်လာတဲ့ သူတွေကလည်း ခိုးမှုနဲ့ပဲပြန်ပြီး အသက်မွေးဝမ်းကျောင်း ပြုကြတယ်" ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားခဲ့သည်။

"ဒီလိုမှုခင်းဖြစ်စဉ်တွေ လျော့ကျသွားဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကြိုတင်ကာကွယ်မှုတွေ၊ ဖမ်းဆီးမှုတွေ၊ ဟောပြောပွဲတွေ ပြုလုပ်နေပေမဲ့လည်း ပြစ်မှုကျူးလွန်ခဲ့သူ နောက်တစ်ကြိမ် ထပ်မံမကျူးလွန်နိုင်အောင် ဥပဒေဘောင်ထဲကနေပြီးတော့ အထိရောက်ဆုံး အရေးယူဖို့လိုပါတယ်။ လူသတ်မှု ကျူးလွန်တဲ့သူတွေကို အမြန်ဆုံးဖမ်းမိဖို့ ရဲတပ်ဖွဲ့မှာ တာဝန်ရှိတယ်။ ဖမ်းမိတဲ့သူကို တရားရုံးအနေနဲ့ကလည်း ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့ လိုအပ်ပါတယ်" ဟု ဗိုလ်မှူးကြီးတင်ဝင်းက ဆက်လက် ပြောကြားခဲ့သည်။

(ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိသည့် ခိုးမှုတရားခံတစ်ဦးနှင့် ခိုးရာပါပစ္စည်းများအား တွေ့ရစဉ်)

ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းများကို ရှောင်ရှားပြီး ဆွေးနွေးညှိနှိုင်းရေး နည်းလမ်းများနှင့် အဖြေရှာ လုပ်ဆောင်ရန် သမ္မတ ဦးသိန်းစိန် တိုက်တွန်း



နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းများကို ရှောင်ရှားပြီး ဆွေးနွေးညှိနှိုင်းရေး နည်းလမ်းများဖြင့် အဖြေရှာ လုပ်ဆောင်ရန် သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာ ၃၀ ရက်တွင် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမ၌ "တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ" ခေါင်းစဉ်ဖြင့် ပြုလုပ်သော ဆွေးနွေးပွဲတွင် အမှာစကား ပြောကြားရာ၌ သမ္မတ ဦးသိန်းစိန်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"မြန်မာနိုင်ငံမှာ ရှင်သန်နေပြီဖြစ်တဲ့ အရပ်ဘက် အဖွဲ့အစည်းများနဲ့ လူထုအခြေပြု အဖွဲ့အစည်းများ အနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်နွှယ်နေတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်အကောင်အထည်ဖော်တဲ့ နေရာမှာ မိမိတို့ ရည်မှန်းချက်၊ ယုံကြည်ချက်ကို အခြေခံပြီး လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ကြောင်း ပြောကြားလိုပါတယ်။ ဒါပေမဲ့ ယနေ့ကာလလို ထိလွယ်ရှလွယ် အခြေအနေများ၊ မရေရာ မသေချာမှုများနဲ့ စိန်ခေါ်မှုများစွာ ရှိနေတဲ့ မိမိတို့ လူ့အဖွဲ့အစည်းအတွက် ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းတွေကို ရှောင်ရှားပြီး ဆွေးနွေးညှိနှိုင်းရေး နည်းလမ်းများနဲ့ အဖြေရှာ လုပ်ဆောင်ကြဖို့လည်း ပြောကြားလိုပါတယ်" ဟု သမ္မတ ဦးသိန်းစိန်က ဆိုသည်။

ယင်းကဲ့သို့ အဖြေရှာ လုပ်ဆောင်သည့် နေရာတွင် အဖွဲ့အစည်း တစ်ခုချင်း အနေနှင့်သော် လည်းကောင်း၊ နိုင်ငံသား တစ်ဦးချင်း အနေနှင့်သော် လည်းကောင်း လက်ရှိရရှိထားသည့် နိုင်ငံရေး အပြောင်းအလဲများ ဆက်လက်ရှင်သန်ရေးနှင့် ခိုင်မာသည့် အသွင်ကူးပြောင်းရေးများ ပေါ်ပေါက်လာရေးဆိုသည့် ရှုမြင်မှုများကို အခြေခံသော ချဉ်းကပ်မှုများ၊ လုပ်ဆောင်မှုများကို ဆက်လက်ဆောင်ရွက် ကြရန်လည်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တည်ဆောက်ရာတွင်လည်း နောက်ဆုံးညှိနှိုင်းသည့် အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် အောင်မြင်စွာ တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ အမျိုးသား စည်းလုံးညီညွတ်မှုကို စုစည်းနိုင်ဖို့ ဆိုပါက မိမိတို့ လူ့အဖွဲ့အစည်းတွင် အစိုးရနှင့် ပြည်သူကြား၊ Institutions များနှင့် ပြည်သူအကြား၊ နိုင်ငံသား တစ်ဦးနှင့် တစ်ဦးအကြား ကာလကြာရှည် ပျောက်ဆုံးခဲ့ရသော အပြန်အလှန် ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ရန်လည်း အထူးလိုအပ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်က "နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူဘောင်များ ချမှတ်ခြင်းနဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ခြင်းဆိုတဲ့ အရေးကြီးတဲ့ အဆင့်များ တက်လှမ်းနိုင်ဖို့ နောက်ဆုံးအဆင့် ညှိနှိုင်းတဲ့ အဆင့်ကို ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ် အဆင့်ဆင့်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ထားပါတယ်" ဟု ပြောကြားသည်။

ဖြတ်သန်းခဲ့ရသည့် နိုင်ငံရေး အတွေ့အကြုံများအရ လက်ရှိလူ့အဖွဲ့အစည်းတွင် သံသယများ မြင့်တက်ခဲ့ရပြီး အချင်းချင်း ယုံကြည်မှု လျော့နည်းခဲ့ကြောင်း၊ ယင်းအချက်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့် အမျိုးသားနိုင်ငံရေး ဖြစ်စဉ်သစ်များ အရှိန်အဟုန်ဖြင့် တိုးတက်ရန် ဖန်တီးသည့် နေရာတွင် စိန်ခေါ်မှုတစ်ခု အနေဖြင့် တည်ရှိနေဆဲဖြစ်ကြောင်း၊ နိုင်ငံရေး ဖြစ်စဉ်သစ်များ တည်ဆောက်သည့် နေရာတွင် အဓိကကျသည့် ပြည်သူလူထုကြား ယုံကြည်မှု တည်ဆောက်ခြင်းဆိုသည့် ကိစ္စကို အရပ်ဘက် လူ့အဖွဲ့အစည်းများက ပိုမိုဆောင်ရွက်နိုင်စွမ်း ရှိသည်ဟု သုံးသပ်မိကြောင်းလည်း ၎င်းက ပြောကြားသွားသည်။

အချင်းချင်းကြား ယုံကြည်မှုနည်းပါး နိမ့်ပါးနေသည့် လူ့အဖွဲ့အစည်းများတွင် တွေ့မြင်ရလေ့ရှိသော အားနည်းချက်များအဖြစ် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ပြီး မှန်ကန်သည့် လုပ်ရပ်များနှင့် ကြိုးပမ်းမှုများကို လိုရာဆွဲပုံဖော်ခြင်း၊ အစဉ်အမြဲ ရှင်သန်နေသည်ဟု လိုအပ်သည့် အယူအဆသစ်များ၊ အတွေးအခေါ် သစ်များကို လက်မခံဘဲ ရှေးရိုးကျပြီး အစွန်းမလွတ်သည့် အတွေးအခေါ် ဟောင်းများကို ကိုင်စွဲထားလေ့ရှိခြင်း၊ အထွေထွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများ၏ အားနည်းချက်များ၊ လိုအပ်ချက်များကို အဆိုးမြင်အဖြစ် ပြောဆိုခြင်းဆိုသည့် ရပ်တည်ချက်များ ထားရှိခြင်း၊ အချင်းချင်း သတင်းအချက်အလက်များ မျှဝေလိုခြင်း မရှိဘဲ သတင်းထိမ်ချန်ပြီး အသာစီးရဖို့ ကြိုးစားသည့်အတွက် ပွင့်လင်းမျှတသည့် ဆွေးနွေးညှိနှိုင်း အဖြေရှာမှုများကို အဟန့်အတား ဖြစ်စေခြင်းဆိုသည့် အားနည်းချက်များဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။

(နိုဝင်ဘာ ၃၀ ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်))
EMG

လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေသည် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အဟန့်အတား ဖြစ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေသော မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၃၀ ရက် စနေနေ့တွင် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ Monash တက္ကသိုလ်မှ ပေးအပ်သော ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို လက်ခံရယူခဲ့ပြီး အဆိုပါ အခမ်းအနား၌ မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီသို့ သွားရာလမ်းကြောင်းနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားသည်။

Monash တက္ကသိုလ်ဝင်းအတွင်း ကျင်းပသည့် အခမ်းအနားသို့ လူပေါင်း ၁၅၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ၎င်းတို့၏ သူရဲကောင်းအား တစ်သက်မှာတစ်ခါ အနီးကပ် မြင်တွေ့ခွင့်ရမည့် အခွင့်အရေးအတွက် လူပေါင်းများစွာသည် စိတ်အားထက်သန် နေခဲ့ကြသည်။ ယခု ဂုဏ်ထူးဆောင် ပါရဂူဘွဲ့မှာ ဥပဒေ ပါရဂူဘွဲ့ဖြစ်ပြီး သြစတြေးလျနိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စတုတ္ထအကြိမ်မြောက် ဆုလက်ခံ ရယူခြင်း ဖြစ်သည်။ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာတွင် သူမ၏ နိုင်ငံအနေဖြင့် စစ်တပ်အုပ်စိုးမှုမှ ရုန်းထွက်လာနိုင်ခဲ့သည့် အချိန်တွင် ဥပဒေ စိုးမိုးမှုအတွက် အများကြီး လုပ်ဆောင်ရန် လိုသေးကြောင်း ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်က သူ့အိပ်မက်မှာ မတူကွဲပြားသော မျိုးနွယ်စုများအားလုံး တရားဥပဒေ မျက်မှောက်တွင် တန်းတူရည်တူ ဆက်ဆံခံရရေး ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ထိုအခြေအနေမျိုး ရောက်ရန်အတွက် အဝေးကြီး လျှောက်လမ်းကြရဦးမည်ဖြစ်ကြောင်း ပြောကြားသည်။

"အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ ကျွန်မတို့ရဲ့ ရပိုင်ခွင့်တွေကို အပြည့်အ၀ ရရှိနိုင်ဖို့အတွက် အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။ အဲဒီလိုမှ ကျွန်မတို့ လိုချင်တဲ့ ပန်းတိုင်ကို အတူတကွ သွားနိုင်ပါလိမ့်မယ်။ ကျွန်မတို့ ကွဲပြားနေမယ်ဆိုရင် အောင်မြင်မှာ မဟုတ်ဘူး။ ရှုံးနိမ့်သွားလိမ့်မယ်။ အဲဒီအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ အလွန်အရေး ကြီးပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

"မျိုးစေ့လေးကတော့ စိုက်ပျိုးပြီးသွားပါပြီ။ အဲဒီ မျိုးစေ့လေး အမြစ်စတင် ထွက်ပေါ်လာနိုင်ဖို့အတွက် ရောက်အောင်သွားရ ပါလိမ့်မယ်။ ကျွန်မတို့ အနေနဲ့ လျှောက်လှမ်းစရာ အဝေးကြီး ကျန်ပါသေးတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

တိုင်းရင်းသား မျိုးနွယ်စုများက အကြီးအကျယ် ကန့်ကွက်နေသော နိုင်ငံ၏ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ဥပဒေ အသိုင်းအ၀ိုင်းသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

"အဲဒီ အခြေခံ ဥပဒေဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို မဖြစ်မြောက်အောင် တားဆီးနေပါတယ်။ အခြေခံ ဥပဒေ ဆိုတာဟာ နိုင်ငံထဲမှာရှိတဲ့ ပြည်သူအများစုက လက်ခံနိုင်ရ ပါလိမ့်မယ်။ အခြေခံ ဥပဒေနဲ့ ပတ်သက်လို့ လူတိုင်းက သူတို့ကို အကာအကွယ် ပေးနေတယ်လို့ ခံစားနိုင်ရမှာဖြစ်ပြီး နိုင်ငံတိုင်းမှာရှိတဲ့ အခြားဘယ်သူတွေနဲ့မဆို တန်းတူညီမျှ ရှိတယ်လို့ ခံစားမိနေရမှာ ဖြစ်ပါတယ်" ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မဲလ်ဘုန်းမြို့သည် ဒေါ်အောင်ဆန်းစုကြည်၏ သြစတြေးလျနိုင်ငံ ငါးရက်ကြာ ခရီးစဉ်၌ နောက်ဆုံးလာရောက်သည့် မြို့ဖြစ်သည်။ ဒီဇင်ဘာ ၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာမိသားစု အသိုင်းအ၀ိုင်းများနှင့် တွေ့ဆုံမည်ဖြစ်ပြီး ကမ္ဘာ့ AIDS နေ့ အခမ်းအနားတွင်လည်း မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

(နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မဲလ်ဘုန်းမြို့ရှိ Monash တက္ကသိုလ်မှ ပေးအပ်သော ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို နိုဝင်ဘာ ၃၀ ရက်က လက်ခံရယူစဉ် (Photo:AFP))

၁၉၉၂ ခုနှစ်မှစခဲ့သည့် ဇာတ်လမ်းတစ်ပုဒ်



(Written by - အိသဉ္ဖာကျာ် )

နှစ်စဉ် ဒီဇင်ဘာ ၁ ရက်ကို ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (World AIDS Days) အဖြစ် သတ်မှတ်ကာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အထိမ်းအမှတ်နေ့ တစ်ခုအဖြစ် လုပ်ဆောင်လာခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီ ဖြစ်သည်။

ကမ္ဘာပေါ်တွင် အိပ်(ခ်ျ)အိုင်ဗွီပိုးတွေ့ လူနာတစ်ဦးကို ၁၉၈၈ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံတွင် ပထမဆုံး အေအိုင်ဒီအက်(စ်) လူနာတစ်ဦးကို ၁၉၉၂ ခုနှစ်တွင် တွေ့ရှိခဲ့သည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို အမျိုးသားကျန်းမာရေး စီမံကိန်းတွင် ပထမဦးစားပေး တိုက်ဖျက်ရမည့် ရောဂါကြီးတစ်ခုအသွင် သတ်မှတ်ထားပြီး နိုင်ငံရေး၊ လူမှုစီးပွားရေးနှင့် ပြည်သူ့ကျန်းမာရေးအရ အရေးပါသည့်အတွက် ဦးစားပေး ရောဂါကြီး သုံးမျိုးတွင် ထည့်သွင်း သတ်မှတ်ထားခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိအိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသူ ဦးရေ နှစ်သိန်းဝန်းကျင်ခန့် ရှိသည်ဟု ခန့်မှန်းထားပြီး တစ်နေ့လျှင် လူဦးရေ ၂၀ ခန့်မှာ အကြောင်းအမျိုးမျိုးကြောင့် ရောဂါကူးစက် ခံနေရသူများဖြစ်သည်ဟု ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်နေသူများက ဆိုသည်။

ရောဂါ ကူးစက်ခံထားရသူများအနက် ၄၃ ရာခိုင်နှုန်းလောက်သာ အေအာရ်တီ ဆေးဝါးရရှိနေကြပြီး ကျန်အရေအတွက်မှာ ဆေးဝါးလိုအပ်ချက် ရှိနေသော်လည်း ယနေ့ အချိန်အထိ မရကြသေးပေ။ ယခုကဲ့သို့ ၄၃ ရာခိုင်နှုန်းကို ပေးနိုင်ခြင်းမှာ အစိုးရသစ် လက်ထက် ကျန်းမာရေးဆိုင်ရာ အသုံးစရိတ်များ ပိုမိုရရှိလာမှု အပါအ၀င် ပြောင်းလဲလာသည့် နိုင်ငံရေး မူဝါဒများအရ နိုင်ငံတကာမှ ကူညီထောက်ပံ့ ပေးမှုများကြောင့်သာ ဖြစ်သည်။

အေအာရ်တီဆေးဝါးများကို ကျန်းမာရေးဦးစီးဌာန၊ ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ ၂၀၀၅ ခုနှစ်မှစ၍ ရန်ကုန်မြို့ ဝေဘာဂီအထူးကု ဆေးရုံကြီး၊ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးနှင့် ထိုင်း-မြန်မာနယ်စပ် ဆေးရုံကြီးလေးခုတွင် အေအာရ်တီ ဆေးဝါးကုသရေးဌာနများ ဖွင့်လှစ်ကာ အေအာရ်တီ ဆေးဝါးကုသမှု လုပ်ငန်းများကို စတင်လုပ်ဆောင်ပေးခဲ့ပြီး လက်ရှိတွင် အစိုးရဆေးရုံကြီး ၄၈ ခု၌ ကုသပေးနေသည်ဟု အမျိုးသား ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်မှ သိရသည်။

အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များအတွက် လာမည့် ၂၀၁၅ ခုနှစ်အကုန်တွင် အစိုးရဆေးရုံကြီး ၆၅ ခုနှင့် ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ ဆေးခန်းခုနစ်ခုတို့တွင် အေအာရ်တီ စင်တာအသစ်များ တိုးချဲ့ လုပ်ဆောင်ရန် စီစဉ်နေသည်ဟု သိရပြီး ယင်းအေအာရ်တီ စင်တာများတွင် ခြောက်လမှ တစ်နှစ်အထိ အေအာရ်တီဆေးဝါးဖြင့် ကုသမှုခံယူပြီးသော လူနာများအား မြို့နယ်အဆင့် Decentralized ART Sites များသို့ လွှဲပြောင်းပေးပြီး ဆက်လက်ကုသမှု ပေးမည်ဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း Decentralized ART Sites ၃၀ အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ၁၀၁ ခုအထိ တိုးချဲ့သွားရန် လျာထားသည်ဟု NAP မှ သိရသည်။

ယနေ့အချိန်အထိ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များအပေါ် လူမှုအသိုင်းအ၀ိုင်းကြားတွင် ခွဲခြားဆက်ဆံမှုများမှာ ရှိနေဆဲပင်ဖြစ်ပြီး အိပ်ခ်ျအိုင်ဗွီပိုးရှိသည့် လူနာတစ်ဦး ဆေးရုံတက် ခွဲစိတ်ကုသမှု ခံယူရမည်ဆိုလျှင် ပုံမှန်လူများထက် နှစ်ဆပေးဆောင်နေရသေးသည့် နေရာများရှိနေသေးသည်။ တချို့ဆေးရုံ ဆေးခန်းများမှာမူ ဆေးဝါးကုသမှု ခံယူရန်ကိုပင် ငြင်းပယ်လေ့ရှိသည်ဟု အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များအပေါ် ၀န်ဆောင်မှုပေးနေသည့် လူမှုအဖွဲ့အစည်းများက ဆိုသည်။

ဝေဒနာရှင်များအပေါ် ပတ်ဝန်းကျင် လူမှုအသိုင်းအ၀ိုင်းမှ စော်ကားပြောဆိုခြင်း၊ ပစ်ပယ်ထားခြင်း၊ အများပြည်သူ စုပေါင်းလုပ်ကိုင်ရသည့် အလုပ်များတွင် ဖိတ်ကြားခံရမှု မရှိခြင်း၊ အထွေထွေ ၀န်ဆောင်မှုများ မရရှိခြင်း၊ အိမ်ရှင်မှ ဖယ်ခိုင်းခြင်း၊ အများသုံးနေရာများ(ရေတွင်းရေကန်၊ အိမ်သာ၊ သောက်သုံးရေစသည်)တွင် အသုံးပြုခွင့်မရရှိခြင်း စသည့် ခွဲခြားဆက်ဆံခံရမှုများမှာ အများဆုံးဖြစ်နေသည်ဟု ဆိုသည်။

"ပိုးရှိနေတယ်လို့သိတာနဲ့ တစ်ပြိုင်နက် မိသားစုဝင်တွေကစပြီး ခွဲခြားဆက်ဆံမှုတွေ စလုပ်လာတယ်။ နောက်ပိုင်းလုပ်ငန်းခွင်၊ ပတ်ဝန်းကျင်က နှိမ်ချပြောဆိုတာတွေ ရှိလာတယ်။ အားလုံးထဲမှာ စိတ်အထိခိုက်ဆုံးက မိသားစုဝင်တွေက ခွဲခြားဆက်ဆံခံရတာပဲ"ဟု Myanmar Positive Group အဖွဲ့ဝင် တစ်ဦးဖြစ်သူ မောင်သူရက ဆိုသည်။

အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များနှင့် မိသားစုဝင်အများစုမှာ အိမ်ရာရွှေ့ပြောင်းခြင်းကို အနည်းနှင့်အများ ပြုလုပ်ဖူးသူများဖြစ်ပြီး ပတ်ဝန်းကျင်မှ ခွဲခြားဆက်ဆံခြင်း အပါအ၀င် အေအာရ်တီ ဆေးဝါးရရှိနိုင်သည့် နေရာများသို့ ပြောင်းရွှေ့ကြခြင်းမှာ အများစုဖြစ်ရာ အချို့မှာမူ အိမ်ရှင်မှ ဖယ်ခိုင်းခြင်း၊ ငွေကြေး အဆင်မပြေလာမှုများကြောင့် ပြောင်းရွှေ့နေကြရခြင်း ဖြစ်သည်ဟု ကိုသူရက ဆက်လက် ပြောပြခဲ့သည်။

"အရင်အလုပ်မှာ လုပ်နေတာ ကြာပေမယ့် ရောဂါပိုးတွေ့လို့ ထုတ်ပယ်ခံရတယ်။ရောဂါပိုးက ရှိနေတယ်။ အလုပ်လုပ်မှလည်း ဖြစ်မယ်။ ၀င်ငွေရမယ့် အလုပ်တစ်ခုကိုလုပ်ဖို့ ကုမ္ပဏီတစ်ခုကို ၀င်လျှောက်တာ သူတို့ကုမ္ပဏီကို ၀င်ပြီဆိုတာနဲ့ သွေးတန်းစစ်တယ်။ ဘာအတွက်လဲမေးတော့ သူတို့က စားသောက်ကုန်လုပ်ငန်းတစ်ခု ဖြစ်နေတဲ့အတွက် စစ်ကိုစစ်ရတယ်လို့ ပြောတယ်။ သွေးစစ်ရင် တန်းသိမှာနဲ့ပဲဆိုတော့ ဘာမှပြောမနေဘဲ တန်းပြန်ခဲ့တာပါပဲ" ဟု အေအာရ်တီ ဆေးဝါးသောက်သုံးနေရသူ မသန္တာဝင်းက သူမ၏ အတွေ့အကြုံကို ပြောပြခဲ့သည်။

ရောဂါပိုးရှိသူအများစုမှာ အလုပ်ပတ်ဝန်းကျင်တွင် မိမိတို့အကြောင်းကို ထုတ်ဖော်ပြောကြားလေ့ မရှိသော်လည်း အချို့လုပ်ငန်းခွင်များမှာ သွေးစစ်ဆေးလေ့ရှိပြီး ရောဂါပိုးတွေ့ရှိခဲ့ပါက အလုပ်မှ ထုတ်ပယ်လေ့ ရှိကြကြောင်း၊ ဝေဒနာရှင်အများစုမှာ ယခုကဲ့သို့ အတွေ့အကြုံမျိုးကို ခံစားဖူးကြောင်း သူမက ဆက်လက်ပြောပြခဲ့သည်။

အလုပ်ပတ်ဝန်းကျင်တွင် အိပ်ခ်ျအိုင်ဗွီပိုး ရှိခြင်း မရှိခြင်းအပေါ် ပြစ်တင်ရှုတ်ချခြင်း၊ ခွဲခြားနှိမ်ချ ဆက်ဆံခြင်းများ မပြုလုပ်သင့်ဘဲ လုပ်ငန်းခွင်တွင် နေ့စဉ် ထိတွေ့ဆက်ဆံနေရုံမျှဖြင့် ရောဂါပိုးကူးစက်နိုင်ခြေ မရှိပေ။

မြန်မာနိုင်ငံ၏ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် အမျိုးသားအဆင့် တိုက်ဖျက်ရေး အစီအစဉ်များတွင် စီးပွားရေးကဏ္ဍမှ ပါဝင်ဆောင်ရွက်ရမည့် တာဝန်များပါရှိသည့်အတွက် ပထမအဆင့်အနေဖြင့် မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်များမှ အိပ်ခ်ျအိုင်ဗွီနှင့် ပတ်သက်၍ ခွဲခြားနှိမ်ချဆက်ဆံခြင်း မပြုရန် သဘောတူလက်မှတ် ရေးထိုးခဲ့ကြသော်လည်း ဝေဒနာရှင်များအား အလုပ်မှ ထုတ်ပယ်ခြင်းများ ရှိနေသေးသည်။

လက်ရှိတွင် အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ကာကွယ်တိုက်ဖျက် ပြုစုကုသရေး လုပ်ငန်းများကို ပြည်တွင်း လူမှုရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ လူမှုရေး အဖွဲ့အစည်းများဖြင့် ပူးပေါင်းလုပ်ဆောင်နေပြီး ဝေဒနာရှင်များအား အထူးကုဆေးရုံ(မင်္ဂလာဒုံ)၊ အထူးကုဆေးရုံ (သာကေတ)အပါအ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ်ဆေးရုံများတွင် ဆေးဝါးကုသမှု ပြုလုပ်ပေးနေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် အာဆီယံ အေအိုင်ဒီအက်စ်ရောဂါ တားဆီးရေးလုပ်ငန်းအဖွဲ့ (ASEAN Task Force On Aids) တွင်လည်းကောင်း၊ မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများအတွင်း အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ပြန့်ပွားမှု တားဆီးရေး စီမံချက်တွင် လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ဒေသ ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းတွင် လည်းကောင်း၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၏ ဒေသဆိုင်ရာနှင့် ဗဟိုအဆင့် စီမံချက်လုပ်ငန်းများတွင် လည်းကောင်း ပူးပေါင်းလုပ်ဆောင်နေသည်ဟု သိရသည်။

(ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (ဒီဇင်ဘာ ၁ ရက်) (World AIDS Days) အဖြစ် နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့တွင် စုပေါင်းလမ်းလျှောက်ကြစဉ် (ဓာတ်ပုံ) ထွယ်ဆန်အောင်)
EMG

Related Posts Plugin for WordPress, Blogger...