Monday, December 16, 2013

ရန်ကုန်လေဆိပ် ပြည်တွင်းခရီးစဉ် နားနေဆောင်အဖြစ် ယာယီအသုံးပြုမည့် ဂုဏ်ပြုခန်းမဆောင် ပြင်ဆင်ခြင်း လုပ်ငန်းများ စတင်

Monday, 16 December 2013



ပြည်တွင်းခရီးသည် နားနေဆောင်အဖြစ် အသုံးပြုသွားမည့် လေဆိပ်ဂုဏ်ပြုခန်းမဆောင်အား တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

ရန်ကုန်လေဆိပ် ပြည်တွင်းခရီးစဉ် နားနေဆောင်အဖြစ် ယာယီအသုံးပြုသွားမည့် လေဆိပ်ဂုဏ်ပြု ခန်းမဆောင်အား ပြင်ဆင်ခြင်း လုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ပြည်တွင်းခရီးသည် နားနေဆောင် အဆောက်အုံဟောင်းအား ဖြိုချ၍ အသစ်တည်ဆောက်နေစဉ် ရန်ကုန်လေဆိပ် ဂုဏ်ပြုခန်းမဆောင်အား ပြည်တွင်းခရီးစဉ် နားနေဆောင်အဖြစ် အသုံးပြုသွားမည် ဖြစ်သည်။

"ရန်ကုန်လေဆိပ် ပြည်တွင်းခရီးသည် ထွက်ခွာခန်းမဆောင်ကို အပြီးဖြိုချပြီး အသစ်တည်ဆောက်တာကို ၂၀၁၄ ဇန်န၀ါရီမှာ စတင်လုပ်ဆောင် သွားမှာပါ။ ပြည်တွင်းခရီးသည် ထွက်ခွာဆောင်ကို ဖြိုချပြီး အသစ်တည်ဆောက်နေတဲ့ အချိန်မှာ ရန်ကုန်လေဆိပ် ဂုဏ်ပြုခန်းမဆောင်ကို ပြည်တွင်းခရီးသည် ထွက်ခွာဆောင်အဖြစ် အသုံးပြုသွားမှာပါ" ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေမန်နေဂျာ ဦးဝင်းကိုက ပြောကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်တွင်းခရီးသည် ဆိုက်ရောက်ထွက်ခွာဆောင်အား ဖြိုချ၍ အသစ်တည်ဆောက်ခြင်းအား ၂၀၁၄ နှစ်ဆန်းပိုင်းတွင် စတင်ပြီး တည်ဆောက်ရေးကာလ ၁၈ လအတွင်း အပြီးတည်ဆောက် ပေးရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ လက်ရှိခရီးသည် ၂ ဒသမ ၇ သန်း လက်ခံနိုင်စွမ်းရှိသည့် ရန်ကုန်လေဆိပ်အား ခရီးသည်ခြောက်သန်း လက်ခံနိုင်စွမ်းရှိရန် တည်ဆောက်ပေးရမည် ဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား အဆင့်မြှင့်တင် တည်ဆောက်ရန် အေးရှားဝေါလ်ကုမ္ပဏီ လက်အောက်ခံ Pioneer Aerodrome Services ကုမ္ပဏီအား ရွေးချယ်ခဲ့ပြီး၊ အဆိုပါကုမ္ပဏီနှင့် လေဆိပ်တည်ဆောက်ရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

EMG

ဆေးဝါးလိုအပ်ချက် ရှိနေသည့် ဆေးယဉ်ပါး တီဘီဝေဒနာရှင်များအတွက် လာမည့်နှစ်အတွင်း UNITAID အဖွဲ့မှ အကူအညီများ ဆက်လက်ပေးသွားမည်

Monday, 16 December 2013



ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါကုဆေးရုံ (အောင်ဆန်း) တွင် တက်ရောက်ကုသနေသည့် ဝေဒနာရှင် တစ်ဦးအား တွေ့ရစဉ်

ဆေးဝါးလိုအပ်ချက် ရှိနေသည့် ဆေးယဉ်ပါး တီဘီဝေဒနာရှင်များအတွက် UNITAID အဖွဲ့မှ လာမည့်နှစ်အတွင်း အကူအညီများ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာန အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ သိရသည်။

UNITAID အဖွဲ့ အနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ဆေးယဉ်ပါး တီဘီလူနာများအတွက် နောက်ဆုံးပေါ် မော်လီကျူးအဆင့် ရောဂါရှာဖွေရေးစက် (Gene Xpert Machine) များကို တီဘီရောဂါ တိုက်ဖျက်ရေးဌာန(ရန်ကုန်) အပါအ၀င် လားရှိုး၊ တောင်ကြီးနှင့် မကွေးတိုင်းဒေသကြီးများတွင် တပ်ဆင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်များကို UNITAID အဖွဲ့နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်နေသည့် 'ကမ္ဘာ့ဆေးယဉ်ပါး တီဘီရောဂါရှာဖွေစစ်ဆေးခြင်း စီမံချက်' မှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် ယင်းစက်သည် ဆေးယဉ်ပါးရောဂါ ဟုတ်မဟုတ် စစ်ဆေးမှုအတွက် အချိန်နှစ်နာရီခန့်သာ ကြာမြင့်မည်ဖြစ်သည်။

UNITAID အဖွဲ့ အနေဖြင့် ရန်ကုန်နှင့် မန္တလေးမြို့များရှိ မှီငြမ်းပြု တီဘီရောဂါ ဓာတ်ခွဲဌာနများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၌ အကူအညီများပေးခဲ့ပြီး ယင်းဌာနခွဲများမှ လာမည့် ၂၀၁၄ ခုနှစ်တွင် ဆေးယဉ်ပါး တီဘီရောဂါ ဝေဒနာရှင် ၂၄၀၀ ခန့်ကို ရှာဖွေတွေ့ရှိနိုင်ရန် မျှော်မှန်းထားကြောင်းနှင့် ဆေးယဉ်ပါး တီဘီဝေဒနာရှင် စုစုပေါင်းအနက်မှ ထက်ဝက်ခန့်၏ ဆေးဝါးကုန်ကျမှု စရိတ်အပါအ၀င် ဆေးယဉ်ပါး တီဘီနှင့်ဆိုင်သည့် လုပ်ငန်းများအတွက် ယင်းအဖွဲ့မှ ၂၀၁၃ ခုနှစ် အထိ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း ပံ့ပိုးထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဆေးယဉ်ပါး တီဘီဖြစ်ပွားမှု ရှိမရှိ ၂၀၀၂ ခုနှစ်တွင် စတင်စမ်းသပ်ခဲ့ပြီး ယင်းနှစ်၌ပင် တီဘီဝေဒနာရှင် ၁၀၀ လျှင် လေးဦးခန့် ဆေးယဉ်ပါးဖြစ်ပွားမှု ရှိခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ထပ်မံစစ်ဆေးရာ တီဘီဝေဒနာရှင် ၁၀၀ လျှင် လေးဦးကျော်အထိ ဖြစ်ပွားနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တီဘီလူနာသစ်များတွင် လက်ရှိဆေးယဉ်ပါးတီဘီ ဖြစ်ပွားနှုန်းမှာ ၄ ဒသမ ၂ ရာခိုင်နှုန်းခန့်ရှိပြီး တီဘီလူနာဟောင်းများတွင်မူ ၁၀ ရာခိုင်နှုန်းခန့် ရှိကြောင်းနှင့် ခန့်မှန်းတွက်ချက်မှုများအရ အသက် ၁၅ နှစ်နှင့်အထက် လူတစ်သိန်းလျှင် သလိပ်ပိုးတွေ့ တီဘီရောဂါ ဖြစ်ပွားသူဦးရေ ၂၄၀ ကျော်ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

တီဘီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် Global Fund to Fight AIDS, TB and Malaria (GFATM) နှင့် Three Millennium Development Goal Fund (3MDG Fund) တို့မှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါး ထောက်ပံ့ပေးမည်ဖြစ်ကြောင်းနှင့် ထောက်ပံ့မှု အစီအစဉ်အရ နှစ်တိုစီမံကိန်းဖြင့် ရောဂါသုံးမျိုး ကမ္ဘာ့ရန်ပုံငွေ (GFATM) မှ ၂၀၁၃-၂၀၁၆ ခုနှစ်အတွင်း တီဘီရောဂါအတွက် အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၃ သန်းကို လည်းကောင်း၊ 3MDG Fund မှ တီဘီရောဂါ တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၇ သန်းခန့်ကိုလည်း ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

UNITAID အဖွဲ့အစည်းကို ဘရာဇီးလ်၊ ချီလီ၊ ပြင်သစ်၊ နော်ဝေနှင့် ယူကေနိုင်ငံများ စုပေါင်း၍ အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်၊ ငှက်ဖျားနှင့် တီဘီရောဂါ တိုက်ဖျက်ရေးအတွက် ၂၀၀၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၉၄ နိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီ၊ တီဘီ၊ ငှက်ဖျားရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

EMG

သီလ၀ါဆိပ်ကမ်းသို့ ကမ္ဘာလှည့် ခရီးသည် ၆၅၀ ကျော်ပါဝင်သည့် အမေရိကန် အပျော်စီးသင်္ဘော တတိယအကြိမ် ဆိုက်ကပ်


 Monday, 16 December 2013


ဒီဇင်ဘာ ၁၅ ရက်က သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ကပ်လာသည့် M.V Seven Sea Voyager သင်္ဘောကို တွေ့ရစဉ်

ကမ္ဘာလှည့် ခရီးသွား ၆၅၀ ကျော်ကို တင်ဆောင်လာသော အမေရိကန် အပျော်စီးသင်္ဘော M.V Seven Sea Voyager သည် ဒီဇင်ဘာ ၁၅ ရက်က သီလ၀ါဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။

အဆိုပါ သင်္ဘောတွင် ခရီးသည် ၆၅၉ ဦးနှင့် သင်္ဘောဝန်ထမ်း ၄၅၂ ဦး လိုက်ပါလာပြီး ယင်းသင်္ဘောသည် သီရိလင်္ကာနိုင်ငံ Trincomalee ဆိပ်ကမ်းမှတစ်ဆင့် လာရောက်ခြင်းဖြစ်ကာ မြန်မာနိုင်ငံတွင် နှစ်ရက်ကြာ ရပ်နားမည်ဖြစ်ကြောင်း Myanmar Voyages ခရီးသွားလုပ်ငန်းမှ သိရသည်။

ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘော M.V Seven Sea Voyager ခရီးစဉ်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ပို့ဆောင်ရေး ၀န်ကြီးဌာနမှ ကူညီမှုတို့ဖြင့် Myanmar Voyages International Tourism ကုမ္ပဏီက စီစဉ်ခြင်းဖြစ်သည်။

အဆိုပါ သင်္ဘောတွင် လိုက်ပါလာသည့် ခရီးသွားများမှာ ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား၊ သန်လျင်၊ ကျိုက်ခေါက်ဘုရားနှင့် မြို့တွင်းအနှံ့ လည်ပတ်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒီဇင်ဘာ ၁၆ ရက်တွင် ပုဂံသို့ လေယာဉ်ဖြင့် တစ်ညအိပ်ခရီးကို သွားရောက်လည်ပတ်မည်ကာ ဒီဇင်ဘာ ၁၇ ရက်တွင် ပဲခူးမြို့သို့လည်း သွားရောက်လည်ပတ်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ ခရီးစဉ်များကို သွားရောက်လည်ပတ်ပြီးနောက် ဒီဇင်ဘာ ၁၇ ရက် ညနေ ၅ နာရီတွင် သီလ၀ါ ဆိပ်ကမ်းမှတစ်ဆင့် ထိုင်းနိုင်ငံ ဖူးခက်ဆိပ်ကမ်းမြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ယခုနှစ်ပိုင်းတွင် နိုင်ငံတကာမှ စိတ်ဝင်စားမှု ပိုမိုများပြားလာခြင်းကြောင့် ခရီးသွားအ၀င် မြင့်တက်လျက်ရှိကာ ယခုနှစ်ကုန်ပိုင်းအထိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ စာရင်းများအရ နှစ်သန်းနီးပါး ရှိပြီဖြစ်ကာ လေဆိပ်ဝင်ပေါက်များနှင့် နယ်စပ်ဂိတ်များမှသာမက သင်္ဘောများဖြင့်လည်း ဆိပ်ကမ်းများမှတစ်ဆင့် ကမ္ဘာလှည့် ခရီးသွား အများအပြား ၀င်ရောက်လျက် ရှိသည်။

EMG

လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ အတွက် မေးခွန်းတစ်ခု . . .၊ ၀န်ကြီးဌာန ၁၉ ခု၊ ကြွေးကျန်ငွေ ကျပ် ၁၁၂၅ ဘီလျံကျော်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ငွေကြေးအရှုပ်အရှင်းကို ဘယ်လိုကိုင်တွယ် ဆောင်ရွက်မလဲ

Monday, 16 December 2013



ရန်ကုန်မြို့ရှိ တရားရုံးတစ်ရုံးတွင် လာဘ်ငွေပေးရန် မလိုကြောင်း အသိပေးစာ ထုတ်ပြန်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - နေထွန်းနိုင်)

၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တစ်ရပ်ကို တင်သွင်းခဲ့သည်။ ထိုအစီရင်ခံစာသည် ပြီးခဲ့သည့် မတ်လက ပြည်ထောင်စု စာရင်းစစ်ချုပ်က တင်သွင်းခဲ့သည့် အစီရင်ခံစာအပြီး ဒုတိယမြောက် ထွက်ပေါ်လာသည့် အစီရင်ခံစာ ဖြစ်သည်။

ပြည်ထောင်စု စာရင်းစစ်ချုပ်၏ မတ်လအစီရင်ခံစာတွင် ၀န်ကြီးဌာန ခြောက်ခု၏ ဘဏ္ဍာငွေ အလွဲသုံးစား ပြုလုပ်မှုများကို ဖော်ပြခဲ့သည်။ ထိုအချိန်က ဘဏ္ဍာငွေ အလွဲသုံးစား ပြုလုပ်သည်ဟု သတ်မှတ်ခြင်း ခံခဲ့ရသည့် ၀န်ကြီးဌာနများမှာ ပြန်ကြားရေး ၀န်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေး ၀န်ကြီးဌာန၊ သတ္တုတွင်း ၀န်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနတို့ ဖြစ်ကြသည်။

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမခြောက်လ၊ နိုင်ငံတော်၏ အရအသုံး စာရင်းများကို စစ်ဆေးရာတွင် စစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ် ကန့်ကွက်ချက်များ အရေးယူ ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာအပေါ် စိစစ်တင်ပြခြင်း အစီရင်ခံစာတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ၀န်ကြီးဌာန တစ်ခုချင်းစီအလိုက် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြီးဖြစ်သည့် ကြွေးကျန်များအပြင် ထပ်မံစစ်ဆေး တွေ့ရှိသည့် ကြွေးကျန်များ၊ ၂၀၁၂-၂၀၁၃ ခုနှစ်နှစ် ပထမခြောက်လပတ် ၀န်ကြီးဌာန ခုနှစ်ခု၏ ကြွေးကျန်စာရင်း၊ ၀န်ကြီးဌာနများမှ နိုင်ငံတော်သို့ ပေးသွင်းရန် ယခင်နှစ် အဆက်ဆက် ဖြစ်ပေါ်ခဲ့သော ကြွေးကျန်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ၀န်ကြီးဌာများအလိုက် နိုင်ငံတော်သို့ ပေးသွင်းရန်ရှိသည့် အောက်တိုဘာ နောက်ဆုံးပတ်အထိ စုစုပေါင်း ကြွေးကျန်စာရင်း အစရှိသည်တို့ကို အသေးစိတ် ဖော်ပြခဲ့သည်။

နိုဝင်ဘာ အစီရင်ခံစာ၏ ဖော်ပြချက်

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ နိုဝင်ဘာ အစီရင်ခံစာ ဖော်ပြချက်တွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးမှု အတိုင်းအတာ နယ်ပယ်ကို ဖော်ပြခဲ့သည့်အပြင် ၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာနှစ် စစ်ဆေးတွေ့ရှိချက်များမှ ၂၀၁၃ ခုနှစ် သြဂုတ် ၂၀ ရက်အထိ ဆက်လက်ပေးသွင်းရန် အရေးယူ ဆောင်ရွက်မှု ပြီးပြတ်ရန် ကျန်ရှိနေသော ၀န်ကြီးဌာန ခြောက်ခုကို ထပ်မံဖော်ပြခဲ့သည်။

ထိုဖော်ပြချက်အရ ပြန်ကြားရေး ၀န်ကြီးဌာနက ကျပ်ငွေ ၁၁၇ ဒသမ ၇၀၁ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန (ယခု မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန) က ကျပ်ငွေ ၂၈၅၀၈ ဒသမ ၈၂၀ သန်း၊ စက်မှုဝန်ကြီးဌာနက ကျပ်ငွေ ၄၂ ဒသမ ၉၉၁ သန်း၊ ကျန်းမာရေး ၀န်ကြီးဌာနက ကျပ်ငွေ ၂၅ ဒသမ ၇၃၀ သန်း၊ သတ္တုတွင်း ၀န်ကြီးဌာနက ကျပ်ငွေ ၂၈၂ ဒသမ ၈၆၇ သန်းနှင့် ရွှေစင် ၃၁၇၈၁ ဒသမ ၆၉ ကျပ်သား၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၈၉၄ သန်းကို ပေးသွင်းရန် ရှိနေကြောင်း သိရသည်။

ထို့ပြင် ၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ထပ်မံစစ်ဆေး တွေ့ရှိချက်တွင် ၀န်ကြီးဌာန ၁၂ ခုမှ နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရန် ကြွေးကျန်ဖြစ်ပေါ်ခဲ့သည့်အနက် အချို့ပေးသွင်းပြီးနောက် ဆက်လက်ပေးသွင်းရန် ကျန်ရှိနေသည့် ၀န်ကြီးဌာန လေးခုမှာ ထပ်မံပေါ်ပေါက် လာခဲ့သည်။

နိုင်ငံ့ဘဏ္ဍာငွေ ဒီနှစ်အတွက် ဘယ်ပြည်နယ် ဘယ်တိုင်းအတွက် ဘယ်လောက်ဆိုပြီး ချပေးလိုက်ပါတယ်။ ချပေးတဲ့အခါ ဌာနစရိတ်ဆိုပြီး တချို့ကလည်း ၁၀ ရာခိုင်နှုန်း ယူလိုက်ပါတယ်။ ၁၀ ရာခိုင်နှုန်းအပြင် နောက်ထပ် ၁၀ ရာခိုင်နှုန်းကို ခေါင်းစဉ်မဖော်ဘဲ ထပ်ယူပါတယ်။ အဆင့်ဆင့်ဖြတ်ပြီး တဲ့အခါမှာ အောက်ခြေကို ရောက်တဲ့အခါ ရာခိုင်နှုန်း ၄၀ ပဲ ရောက်ပါတယ် . . . . .


ထပ်မံစစ်ဆေး တွေ့ရှိချက်အရ ကြွေးကျန်ပေးသွင်းရန် ကျန်ရှိနေသော ၀န်ကြီးဌာန လေးခုတွင် ပြန်ကြားရေး ၀န်ကြီးဌာနက ငွေကျပ် ၃၀၀ ဒသမ ၉၄၃ သန်း၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနက ကျပ် ၁ ဒသမ ၇၃၁ သန်း၊ ပညာရေး ၀န်ကြီးဌာနက ကျပ်ငွေ ၆ ဒသမ ၄၅၂ သန်း၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ကျပ်ငွေ ၂ ဒသမ ၃၀၈ သန်းတို့ ဖြစ်ကြသည်။

ပိုများလာတဲ့ ကြွေးကျန်

၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမ ခြောက်လပတ်အတွက် နိုင်ငံတော် အရအသုံး စာရင်းများကို စစ်ဆေးရာ၌ ဗဟိုအဖွဲ့အစည်း ရှစ်ခု၊ ၀န်ကြီးဌာန ၂၉ ခုနှင့် စည်ပင်သာယာရေး ကော်မတီ/ အဖွဲ့အစည်းများမှ နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ငွေများ ဖြစ်ပေါ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ကြသည်။ ထိုအဖွဲ့အစည်းများအနက် အချို့မှာ ပေးသွင်းခဲ့ပြီး ပေးသွင်းရန် ကျန်ရှိနေသော ၀န်ကြီးဌာန ခုနစ်ခု ထပ်မံပေါ်ထွက် လာခဲ့သည်။ ထိုဝန်ကြီးဌာန ခုနစ်ခုအနက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ငွေကျပ် ၉၀ ဒသမ ၄၁၀ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနက ငွေကျပ် ၂၉၆ ဒသမ ၉၆၆ သန်း၊ စက်မှုဝန်ကြီးဌာနက ၂၈ ဒသမ ၈၂၅ သန်း၊ ပညာရေး ၀န်ကြီးဌာနက ၁၄၄ ဒသမ ၉၄၂ သန်း၊ ကျန်းမာရေး ၀န်ကြီးဌာနက ၇ ဒသမ ၃၀၈ သန်း၊ သတ္တုတွင်း ၀န်ကြီးဌာနက ၃၂၀ ဒသမ ၅၅၄ သန်းနှင့် ရွှေစင် ၈၂၁၆၆ ဒသမ ၄၄ ကျပ်သား၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ငွေကျပ် ၁၁ ဒသမ ၉၉၄ သန်းနှင့် သံချောင်း ၅ ဒသမ ၃၆၂ တန်တို့ ပေးသွင်းရန် ကျန်ရှိခဲ့သည်။

၎င်းအပြင် နှစ်အဆက်ဆက် ကြွေးကျန်စာရင်းအဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးဌာန ၁၆ ခုက နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိငွေမှာ ၂၀၁၂ ခုနှစ် စက်တင်ဘာအထိ ကျပ်ငွေ ၁၃၆၈ ဘီလျံကျော်၊ အမေရိကန်ဒေါ်လာ ၃၂ သန်း၊ FEC ၀ ဒသမ ၀၇၄ သန်း၊ ဂျပန်ယန်းငွေ ၀ ဒသမ ၂၆၀ သန်း၊ ရင်းဂစ် ၀ ဒသမ ၀၀၂ သန်း၊ ယူရိုငွေ ၂ ဒသမ ၃၉၆ သန်း၊ ဒီဇယ်ဆီ ၁၄၄၆၈ ဂါလန် ရှိခဲ့သည်။ ထိုကြွေးကျန်များကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိခဲ့ပြီး အချို့သော ၀န်ကြီးဌာနများ အနေဖြင့် အရေးယူ ဆောင်ရွက်မှု ပြုလုပ်ခဲ့သည်။ အရေးယူဆောင်ရွက်မှု အချို့ကြောင့် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်အထိ ၀န်ကြီးဌာန ၁၅ ခု နှစ်အဆက်ဆက် ကျန်ရှိနေသော ကြွေးကျန်မှာ ကျပ်ငွေ ၁၀၉၄ ဘီလျံ၊ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၄၈၇ သန်း၊ FEC ၀ ဒသမ ၀၇၄ သန်း၊ ဂျပန်ယန်းငွေ ၀ ဒသမ ၂၆၀ သန်း၊ ရင်းဂစ် ၀ ဒသမ ၀၀၂ သန်း၊ ယူရိုငွေ ၂ ဒသမ ၃၉၆ သန်း ဆက်လက်ကျန်ရှိနေသည်။

၂၀၁၁-၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမပတ် ခြောက်လပတ်အထိ စစ်ဆေးတွေ့ရှိချက်များအရ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်အထိ ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးဌာန ၁၉ ခုက ပေးသွင်းရန် ကျန်ရှိနေသော ကြွေးကျန်စုစုပေါင်းမှာ ကျပ်ငွေ ၁၁၂၅ ဘီလျံကျော်၊ အမေရိကန်ဒေါ်လာ ၄၄ သန်းကျော်နှင့် ရွှေစင် ၁၁၃၉၄၈ ဒသမ ၁၃ ကျပ်သား ဖြစ်သည်။

အရေးယူ ဆောင်ရွက်မှု

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာအရ ၀န်ကြီးဌာန အဖွဲ့အစည်း ၂၆ ခုတွင် ဥပဒေ လုပ်ထုံးလုပ်နည်း၊ တည်ဆဲဘဏ္ဍာရေး စည်းမျဉ်းများ၊ ၀န်ထမ်းစည်းမျဉ်းများနှင့် မညီညွတ်သော စစ်ဆေးတွေ့ရှိချက်များကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများမှ အရေးယူ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ သို့သော် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်ခဲ့ကြောင်းနှင့် မည်သူတို့ကို အရေးယူ ဆောင်ရွက်ခဲ့ခြင်းကိုမူ သိသာထင်ရှားစွာ မတွေ့မြင်ခဲ့ရပေ။

ပြည်ထောင်စု အစိုးရအဖွဲ့၏ ၀န်ကြီးဌာနအချို့ အနေဖြင့် မတ်လစစ်ဆေးတွေ့ရှိချက်များနှင့် ထပ်မံစစ်ဆေး တွေ့ရှိချက်များကို စာရင်းရှင်းနိုင်ခြင်း မရှိသေးသည့်အပြင် ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမခြောက်လအတွင်း စစ်ဆေးတွေ့ရှိချက်များကိုလည်း ဖြေရှင်းရန် တာဝန်ရှိနေသည်။

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သဘောထားမှာမူ ပြည်ထောင်စု အစိုးရအဖွဲ့၏ နှစ်အဆက်ဆက် ကြွေးကျန်မှာ များပြားလွန်းသဖြင့် မည်ကဲ့သို့ လုပ်ဆောင်မည် ဆိုခြင်းကို ပြည်ထောင်စု လွှတ်တော်သို့ လာရောက်ရှင်းလင်းရန် လိုမည်ဟု မှတ်ချက်ပေးခဲ့သည်။

ထို့ပြင် နောက်ထပ်ဘဏ္ဍာရေးနှစ်တစ်ခု စတင်ရန် အချိန်သုံးလခန့်သာ လိုတော့ချိန်၌ ပြည်ထောင်စု အစိုးရအဖွဲ့၊ ၀န်ကြီးဌာနများ၏ ကြွေးကျန်ကို ဘဏ္ဍာရေးနှစ်သစ် မစတင်မီ မည်မျှအထိ ပေးသွင်းနိုင်မည် ဆိုသည်မှာ မရေရာသော အခြေအနေတွင် ရှိနေသည်။

ကြွေးကျန်များနှင့် အလွဲသုံးစားမှု ဆက်နွှယ်နေသလား

ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးဌာနများ၏ ကြွေးကျန်ငွေနှင့် ၀န်ကြီးဌာနများ၏ ငွေကြေးအလွဲသုံးစား မည်မျှဆက်နွှယ်နေသည် ဆိုခြင်းကို မေးခွန်းထုတ်မှုများ ရှိနေသည်။

အချို့သော ၀န်ကြီးဌာနများကမူ ၎င်းတို့၏ ကြွေးကျန်များမှာ ငွေကြေးအလွဲသုံးစားမှုကြောင့် ပေါ်ပေါက်ခဲ့ရခြင်း မဟုတ်ဘဲ လုပ်ထုံးလုပ်နည်း အမှားကြောင့် ပေါ်ပေါက်ခဲ့ရသည်ဟု ဆိုသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ၎င်းတို့ဝန်ကြီးဌာန၏ ကြွေးကျန်ငွေမှာ လုပ်ငန်းရှင်များမှ ငွေပြန်မဆပ်သောကြောင့် ဖြစ်ပေါ်ခဲ့ရသည်ဟု ပြောကြားသည်။

"ကျွန်တော်တို့ အကြွေးတွေ ပြန်မရတော့ အရှုံးပေါ်တယ်။ နောက်ဒီလို အရှုံးပေါ်တဲ့ အစိုးရပိုင်တွေကို ပြည်သူပိုင် လုပ်ရမယ် လွှတ်တော်က တောင်းဆိုလာတယ်။ ဒီမှာ စာရင်းရှင်းဖို့တွေ ဖြစ်လာတယ်။ အကြွေးပြန်သိမ်းတာရယ်၊ စာရင်းရှင်းလင်း ဖျက်သိမ်းတာရယ် ပေါင်းလိုက်တော့ စာရင်းအမြန်ရှင်းပါဆိုပြီး လွှတ်တော်က တောင်းဆိုတယ်။ ခင်ဗျားတို့ ရအောင်မတောင်းနိုင်ရင် မတောင်းတဲ့ ၀န်ကြီးဌာနကို အရေးယူမယ်။ အဲဒီမှာ လွှတ်တော်က တစ်ရစ်ထပ်တိုးတယ်။ အလွဲသုံးစားတာ မဟုတ်ဘဲနဲ့ ပြန်မဆပ်နိုင်တဲ့ ကိစ္စတွေ ဖြစ်လာတာပေါ့" ဟု ဦးအုန်းမြင့်က ပြောကြားသည်။

ဦးအုန်းမြင့်က ထိုကဲ့သို့ ပြောကြားသော်လည်း လွှတ်တော်နှင့် အများပြည်သူအကြား ၀န်ကြီးဌာနများ၏ ရှင်းလင်းမှုသည် 'ထမင်းရေပူ လျှာလွှဲ' သဘောသာ ဖြစ်နေသည်ဆိုသော ဝေဖန်မှုများ ရှိနေသည်။

လက်ရှိအချိန်တွင် ကြွေးကျန်ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဌာနတွင်း လက်သိပ်ထိုး ဖြေရှင်းမှုဖြင့်သာ လုပ်ဆောင်နေခြင်း ဖြစ်သည့်အတွက် ကြွေးကျန်ကိစ္စများတွင် အလွဲသုံးစား ပြုလုပ်မှု မည်မျှရှိနေသည် ဆိုသည်ကို မှန်းဆရန် ခက်ခဲနေသည်။ သို့ရာတွင် သီးခြားလွတ်လပ်သော စာရင်းစစ်အဖွဲ့များ ၀င်ရောက်စစ်ဆေးမည် ဆိုပါက ငွေကြေးအလွဲသုံးစား ပြုလုပ်မှုများ ပေါ်ပေါက်နိုင်ကြောင်း ပြောကြားမှုများ ရှိနေသည်။

"၀န်ကြီးဌာနတွေရဲ့ ကြွေးကျန်တွေ၊ ငွေအလွဲသုံးစား ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ လက်ခံနိုင်တဲ့ ဖြေရှင်းနည်းနဲ့သော် လည်းကောင်း၊ တိကျတဲ့ ဖြေရှင်းနည်းနဲ့သော် လည်းကောင်း ဖြေရှင်းတာ မဟုတ်ဘူး။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပြီးပါပြီဆိုတဲ့ အနေအထားမျိုး ရောက်ရုံလောက် လုပ်သွားတာကို တွေ့ရတယ်" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။

အခြားတစ်ဖက်တွင်လည်း အစိုးရ ၀န်ကြီးဌာနများအကြား အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုများနှင့် ငွေကြေးအလွဲသုံးစား ပြုလုပ်မှုများက အမြစ်တွယ်နေဆဲ ဖြစ်ခြင်းကြောင့် ၀န်ကြီးဌာနများ၏ ကြွေးကျန်ငွေကိစ္စမှာ မေးခွန်းများစွာ ရှိနေဆဲဖြစ်သည်။

ခြစားမှုတွေကို ဘယ်လောက်အထိ အရေးယူထားလဲ

အစိုးရ ၀န်ကြီးဌာနများ၏ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုများနှင့် ငွေကြေးအလွဲသုံးစား ပြုလုပ်မှုများကို အရေးယူနိုင်မည့် 'အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ' မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် အာဏာတည်ခဲ့ပြီ ဖြစ်သည်။ သို့သော် ယနေ့အချိန်အထိ အဆိုပါ ဥပဒေမှာ ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်း မရှိသေးဘဲ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၈ ရက်က ဖွဲ့စည်းထားသော 'လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ' ၏ လုပ်ဆောင်မှုများကိုလည်း သိသာထင်ရှားစွာ မမြင်ရသေးပေ။

ထိုကော်မတီ၌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်၊ သမ္မတရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ သမ္မတရုံးဝန်ကြီးဌာန (၅) ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းတို့ ပါဝင်ခဲ့သည်။

နိုင်ငံတော်သမ္မတရုံးက အဓိက ကြိုးကိုင်ခဲ့သော 'လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီ' ၏ ဆောင်ရွက်မှုများမှာ ပွင့်လင်းမြင်သာမှု မရှိဘဲ ပြည်သူများကလည်း အားရမှု မရှိကြောင်း ပြောကြားခဲ့ကြသည်။

"အခုချိန်အထိ ကျွန်တော်တို့ပဲ မသိလို့လားတော့ မသိဘူးခင်ဗျ။ ပြည်သူကို ချပြတာတို့၊ သူတို့ဆောင်ရွက်နေတာတို့ကို အခုချိန် အထိတော့ မတွေ့သေးဘူး။ ဒါမျိုးပဲ ရှိနေသေးတယ် ဆိုရင်တော့ ဆက်ပြီးတော့ မကြောက်မရွံ့နဲ့ လုပ်နေကြမလားလို့ ထင်တယ်ခင်ဗျ" ဟု ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီအဖွဲ့ဝင် ဦးအေးမောက်က ပြောကြားသည်။

ဝန်ကြီးဌာနတွေရဲ့ ကြွေးကျန်တွေ၊ ငွေအလွဲသုံးစား ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ လက်ခံနိုင်တဲ့ ဖြေရှင်းနည်းနဲ့သော် လည်းကောင်း၊ တိကျတဲ့ ဖြေရှင်းနည်းနဲ့သော် လည်းကောင်း ဖြေရှင်းတာ မဟုတ်ဘူး။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပြီးပါပြီဆိုတဲ့ အနေအထားမျိုး ရောက်ရုံလောက် လုပ်သွားတာကို တွေ့ရတယ် . . . . .


ဦးအေးမောက်သည် ဒီဇင်ဘာ ၁ ရက်ထုတ် Messenger သတင်းဂျာနယ် အင်တာဗျူးတွင် "နိုင်ငံတော်သမ္မတ လုပ်တာကို အကောင်အထည်ဖော်မယ့် လူတွေက ကျွန်တော့်အမြင် ပြောရရင် ဗြောင်ညာနေတဲ့ သဘောပဲ။ ဒါကြောင့် သမ္မတကြီးနားမှာ ရှိနေတဲ့ လူတွေက သမ္မတကြီးကိုတော့ မညာစေချင်ဘူး" ဟု ပြောကြားခဲ့သူ ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ် သြဂုတ် ၁၃ ရက်က ပြုလုပ်ခဲ့သော ဒုတိယအကြိမ် စီမံကိန်းကော်မရှင် အစည်းအဝေးတွင် လာဘ်ပေးလာဘ်ယူမှုများသည် အစိုးရ၏ ဂုဏ်သိက္ခာ၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် ထိထိရောက်ရောက် အပြစ်ပေးတားဆီးရန် လိုအပ်ကြောင်း ပြောကြားသည်။

၂၀၁၃ ခုနှစ် သြဂုတ် ၈ ရက်က ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ရေး အဖွဲ့၏ ထုတ်ပြန်ချက်တွင် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance) နှင့် သန့်ရှင်းသောအစိုးရ (Clean Government) ဖြစ်စေရေးအတွက် သမ္မတရုံးဝန်ကြီး တစ်ဦးအား ကြီးကြပ်စေခဲ့ရာ အဂတိလိုက်စားသော နိုင်ငံ့ဝန်ထမ်းများအပေါ် အရေးယူပေးရန် တင်ပြတိုင်ကြားစာ ၁၁၉ စောင် လက်ခံစစ်ဆေးမှုအရ နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်များအရ အရေးယူခံရသူ ၃၆၂ ဦး၊ ဌာနပြောင်းရွှေ့ခဲ့သူ ၆၉ ဦး၊ အငြိမ်းစားပေးခဲ့သူ ၁၈ ဦးနှင့် ထောင်ဒဏ်ချမှတ်ခံရသူ တစ်ဦးရှိခဲ့ကြောင်း ဆိုသည်။

ထိုအရေးယူမှု ပမာဏသည် ၀န်ကြီးဌာနများအတွင်း ဖြစ်ပေါ်နေသော ခြစားမှုများနှင့် နှိုင်းယှဉ်ပါက ထိရောက်သော အရေအတွက် မဟုတ်သည့်အပြင် ထိရောက်မှု မရှိသော အရေးယူမှုများ ဖြစ်သည်ဟုလည်း ရှုမြင်နေကြသည်။

နိုင်ငံ့ဝန်ထမ်းများ၏ အဂတိ လိုက်စားမှုအပေါ် အရေးယူခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်၊ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်အား မေးမြန်းရာ သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်ထံသို့ မေးမြန်းရန် လမ်းညွှန်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတော် သမ္မတရုံးသို့ ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ချေ။

"တချို့ကျတော့ အသေးစား အရေးယူလိုက်ရတာ ရှိတယ်။ တချို့ကျတော့ ထုတ်ပယ်လိုက်ရတာ ရှိတယ်။ အရေးယူသင့် ယူထိုက်သူများကို အရေးယူရန် ရှိပါတယ်။ သို့သော်လည်း သူတို့မှားယွင်းတာတွေဟာ အလွဲသုံးစား လုပ်တာကြောင့် မဟုတ်ဘဲ လုပ်ထုံးလုပ်နည်းကြောင့် မှားယွင်းတာ၊ ကြန့်ကြာအောင် ဆောင်ရွက်တဲ့အတွက် အလွဲသုံးစား လုပ်လို့ဆိုပြီး ထောင်ကျသွားတာ မရှိပါဘူး" ဟု ဦးအုန်းမြင့်က ပြောကြားသည်။

အငယ်ဆိုရင် Under Table အကြီးဆိုရင် Share Table

အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှု၊ ငွေကြေးအလွဲသုံးစားပြုမှုများနှင့် လာဘ်ပေးလာဘ်ယူမှုများမှာ ယဉ်ကျေးမှုသဖွယ် အမြစ်တွယ်နေဆဲ ဖြစ်သည်ဟု Weekly Eleven က တွေ့ဆုံခဲ့သော အစိုးရ၀န်ထမ်းများ၊ ဌာနဆိုင်ရာနှင့် ချိတ်ဆက်လုပ်ကိုင်နေရသူများက ပြောကြားသည်။ အချို့ဝန်ထမ်းများမှာမူ ၎င်းတို့ကိုယ်တိုင် လာဘ်ငွေယူသည်ဟု ၀န်ခံပြောကြားခဲ့ပြီး အထက်လူကြီးများ၏ လာဘ်ယူမှုများကိုလည်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

"အချို့ ၀န်ကြီးဌာနတွေမှာလည်း Under Table ပေါ့လေ။ အောက်ပိုင်းရာထူးတွေ အတွက်ကတော့ Under Table လို့ ခေါ်ပါတယ်။ လာဘ်ပေးလာဘ်ယူမှုက ရှိနေဆဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ထိရောက်တဲ့ အရေးယူမှုကလည်း အားနည်းနေတာကို ၀န်ကြီးဌာန အများစုမှာ တွေ့နေရပါတယ်။ အဲဒီလို အရေးယူမှု အားနည်းလို့ ရှိရင်တော့ဖြင့် လာဘ်ပေးလာဘ်ယူမှု၊ အဂတိ လိုက်စားမှုတွေက ဆက်ပြီးအားကောင်းနေဦးမှာ ဖြစ်တယ်လို့ သုံးသပ်လို့ရပါတယ်။ အထက်ပိုင်း လူကြီးတွေကျတော့ Under Table မဟုတ်တော့ပါဘူး။ ဘယ်လိုပြောရမလဲ။ Share Table လို့ ပြောရမလား မသိပါဘူး" ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားသည်။

ထို့အပြင် Bank Information Center (BIC) မှ မစ္စတာ ဂျဲလ်ဆန်ဂါစီယာ ပြောကြားသော အမေရိကန်ဒေါ်လာ ၁၁ ဘီလျံ ကိစ္စမှာလည်း တစ်နေ့တွင် ပေါ်ထွက်လာမည့် အကြောင်းအရာ ဖြစ်သည်ဟု သူရဦးအောင်ကိုက ပြောကြားခဲ့သည်။

"ပြောရမယ်ဆိုရင် ၁၁ ဘီလျံကိစ္စပေါ့။ ၁၁ ဘီလျံကိစ္စက ကျွန်တော်ပြောခဲ့ပါတယ်။ အဲဒီထက် မကပါဘူး။ နိုင်ငံတော် ဘဏ္ဍာငွေ မဟုတ်ပါဘူး။ Share Table ရထား တဲ့ Share ပေါ့လေ။ ဒါတွေက Share ရထားတာတွေ ဖြစ်ပါတယ်။ လုပ်ငန်းကြီးတွေမှာလေ။ ၁၁ ဘီလျံ မကပါဘူး။ နောင်တစ်ချိန်မှာ ဒါတွေက ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ဘယ်နိုင်ငံက ဘယ်ဘဏ်တွေမှာ ထားလဲဆိုတာ အကြမ်းဖျင်းတော့ သိပါတယ်။ ပမာဏသာ မသိတာပါ။ ဒါတွေက တစ်ချိန်မှာ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်" ဟု သူရဦးအောင်ကိုက ဆိုသည်။

ပြည်သူဆီရောက်တာ ရာခိုင်နှုန်း ၄၀

အစိုးရ ၀န်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများထံသို့ နိုင်ငံတော်က ဘတ်ဂျက်အပြည့်အ၀ သတ်မှတ်ပေးသော်လည်း အောက်ခြေပြည်သူလူထုထံ အမှန်တကယ် ရောက်ရှိသည့် ပမာဏမှာ ခွင့်ပြုပေးသော ဘတ်ဂျက်၏ ရာခိုင်နှုန်း ၄၀ ခန့်သာရှိကြောင်း သိရသည်။

"ပလိုင်းပေါက်နဲ့ ဖားကောက်နေခဲ့တာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပါပြီ။ နိုင်ငံ့ဘဏ္ဍာငွေတွေက ၀န်ကြီးဌာန တစ်ခုပေါ့လေ။ နိုင်ငံ့ဘဏ္ဍာငွေ ဒီနှစ်အတွက် ဘယ်ပြည်နယ် ဘယ်တိုင်းအတွက် ဘယ်လောက်ဆိုပြီး ချပေးလိုက်ပါတယ်။ ချပေးတဲ့အခါ ဌာနစရိတ်ဆိုပြီး တချို့ကလည်း ၁၀ ရာခိုင်နှုန်း ယူလိုက်ပါတယ်။ ၁၀ ရာခိုင်နှုန်းအပြင် နောက်ထပ် ၁၀ ရာခိုင်နှုန်းကို ခေါင်းစဉ်မဖော်ဘဲ ထပ်ယူပါတယ်။ အဆင့်ဆင့်ဖြတ်ပြီး တဲ့အခါမှာ အောက်ခြေကို ရောက်တဲ့အခါ ရာခိုင်နှုန်း ၄၀ ပဲ ရောက်ပါတယ်။ ရာခိုင်နှုန်း ၆၀ ကတော့ အဆင့်ဆင့် ဖြတ်တောက်ပြီး တရားဝင်ရော၊ တရားမ၀င်ရော လေလွင့်ကုန်တာ များပါတယ်။ ဌာနတိုင်း လိုလိုပါပဲ။ အလေအလွင့်တွေ များနေပါတယ်" ဟု သူရဦးအောင်ကိုက ပြောကြားသည်။

"နယ်တွေမှာ ဖြစ်နေတာက တိုင်း/ဒေသကြီးအဖွဲ့က ငွေချပေးလိုက်တယ်။ ငွေချပေးလိုက်လို့ရှိရင် တချို့၊ တချို့နေရာတွေမှာ ကျွန်တော်တို့ကို လာပြောကြတာပေါ့။ ဘာသုံးသွားမှန်း မသိဘူး။ ဘယ်လိုသုံးသွားမှန်း မသိဘူး။ ငွေကတော့ ဘယ်လောက် ကုန်သွားပြီ။ ဘယ်လောက်ကျမှန်းလဲ မသိဘူး" ဟု ဦးအေးမောက်က ပြောကြားသည်။

ထို့ကြောင့် မည်သည့်နေရာတွင် မည်မျှသုံးသည်ဆိုခြင်းကို သိရှိနိုင်ရန် လွတ်လပ်သည့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းစစ်ဆေးသင့်သည်ဟု ဦးအေးမောက်က အကြံပြုသည်။

"ပြန်ပြီးတော့ ကောင်တာဖွဲ့ စစ်ဆေးတဲ့အဖွဲ့ မရှိဘူး။ သူ့ဌာန အတွင်းမှာသာ စစ်ဆေးတာသာရှိတော့ အပြင်အဖွဲ့အနေနဲ့ စစ်ဆေးသင့်တယ်။ ဘတ်ဂျက်ဆွဲတော့ မူဝါဒအပိုင်းမှာ ဒါလေးတွေ ဆောင်ရွက်ပေးပါဆိုပြီး ကျွန်တော်တင်ပြတယ်။ ဒါပေမဲ့ တက်မလာဘူးဗျ" ဟု ဦးအေးမောက်က ဆက်လက်ပြောကြားသည်။

အုပ်ချုပ်ရေးပိုင်းက ကာကွယ်ပေးနေသလား

အစိုးရ ၀န်ကြီးဌာနများ၌ ခြစားမှုများ ကျယ်ပြန့်စွာ ဖြစ်ပေါ်နေခြင်းကို လွှတ်တော်ပိုင်းက ဝေဖန်ထောက်ပြခြင်းများ ရှိသော်လည်း ထိရောက်စွာ အရေးယူမှုများ မရှိခြင်းမှာ အုပ်ချုပ်ရေးပိုင်းက ကာကွယ်ပေးနေသည့်သဘော သက်ရောက်နေကြောင်း ဝေဖန်မှုများ ရှိနေသည်။

"တာဝန်ယူမှု တာဝန်ခံမှုက လေးစားဖို့ ကောင်းတယ်။ ဖြစ်သင့်တယ်။ ကိုယ့်တာဝန် ကိုယ်ယူသွားရတာမျိုးတွေ ရှိတယ်။ တချို့ကိစ္စတွေအတွက် ကျန်တဲ့လူတွေကို အရေးယူမယ်ဆိုရင် အခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိကြီးပိုင်းတွေပါ ပါသွားမယ့်သဘော ရှိပါတယ်။ အဲဒါတွေကြောင့် တချို့ဟာတွေက ဖုံးဖုံးဖိဖိနဲ့ လုပ်သွားကြတာ ရှိတယ်လို့ သုံးသပ်ချင်ပါတယ်" ဟု ဦးခိုင်မောင်ရည်က ပြောကြားသည်။

၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမ ခြောက်လပတ်အတွက် နိုင်ငံတော် အရအသုံး စာရင်းများကို စစ်ဆေးရာ၌ ဗဟိုအဖွဲ့အစည်း ရှစ်ခု၊ ၀န်ကြီးဌာန ၂၉ ခုနှင့် စည်ပင်သာယာရေး ကော်မတီ/ အဖွဲ့အစည်းများမှ နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ငွေများ ဖြစ်ပေါ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ကြသည်။ ထိုအဖွဲ့အစည်းများအနက် အချို့မှာ ပေးသွင်းခဲ့ပြီး ပေးသွင်းရန် ကျန်ရှိနေသော ၀န်ကြီးဌာန ခုနစ်ခု ထပ်မံပေါ်ထွက် လာခဲ့သည် . . . . .


"ပြန်ကြားရေးက သတင်းစာကိစ္စဆိုရင် အလွဲသုံးစားလုပ်တဲ့သူက ထောင်ထဲရောက်နေတယ်။ ထောင်အကျခံမယ်။ ဒီလိုကျပ်သန်းပေါင်းများစွာ အလွဲသုံးစားမှုက တစ်ယောက်နှစ်ယောက်တည်းနဲ့ လုပ်လို့ရတာ မဟုတ်ဘူး။ သေချာပေါ်အောင် စုံစမ်းစစ်ဆေးရေး အဖွဲ့တွေနဲ့ စစ်မယ်ဆိုရင် တခြားအလွဲသုံးစားမှုတွေပါ ပေါ်လာမယ်။ အစိုးရ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ညာနေသလို ဖြစ်နေတယ်။ အဲဒီအတွက် ပြည်ထောင်စု စာရင်းစစ်ချုပ် အနေနဲ့လည်း ထဲထဲဝင်ဝင် စစ်ဆေးဖို့ လိုပါတယ်" ဟု ဦးခိုင်မောင်ရည်က ဆက်လက်ပြောကြားသည်။

လာဘ်ပေးလာဘ်ယူမှု အပိုင်းများတွင် အစိုးရ အုပ်ချုပ်ရေးပိုင်းက အကာအကွယ်ပေးမှုမှာ အထင်အရှား ဖြစ်နေကြောင်း ပြောကြားမှုများ ရှိနေသည်။

"အုပ်ချုပ်ရေးပိုင်းက ၀င်ရောက်ကာကွယ်ပေးနေတာ ရှိကောင်းရှိနိုင်တယ်။ ဘာလို့လဲဆိုရင် အခုဟာက တအုံနွေးနွေးကြီးလို ဖြစ်နေတယ်။ အဲဒီကိစ္စတွေက။ ဘာမှ ပွင့်ပွင့်လင်းလင်းပေါ့လေ။ Do or Die ပေါ့လေ။ အဲဒါမျိုးလေးတွေတော့ သွားမတွေ့ရဘူး" ဟု ဦးအေးမောက်က ပြောကြားသည်။

လာမည့် လွှတ်တော်အစည်းအဝေးတွင် ၀န်ကြီးဌာန ၁၉ ခု၏ ကြွေးကျန်ကိစ္စ ရှင်းလင်းရန် အချက်ကို တိုက်တွန်းမည့်အပြင် သုံးနှစ်တာ ကာလအတွင်း ၀န်ကြီးဌာနများ၏ လုပ်ဆောင်မှုကိုလည်း မေးမြန်းရန်ရှိကြောင်း သိရသည်။

"သူတို့တွေ ဖြေမလားတော့ မသိဘူး။ ၀န်ကြီးဌာနတွေ အားလုံးရဲ့ အရေးကြီးတဲ့ ဌာနတစ်ခုချင်း၊ ဒီဌာနတွေရဲ့ ပြီးခဲ့တဲ့ သုံးနှစ်တာ ကာလအတွင်း ဘယ်လောက်များ စွမ်းဆောင်လုပ်သလဲ။ ဘယ်လောက်အထိများ အတိုင်းအတာအထိ ဆောင်ရွက်ပေးခဲ့သလဲပေါ့လေ။ ပြည်သူတွေ လက်ခံလာအောင်။ ကျွန်တော်တို့က ခင်ဗျားတို့ လုပ်တာတွေ အောင်မြင်သလား၊ မအောင်မြင်သလား မေးမယ်" ဟု ဦးအေးမောက်က ပြောကြားသည်။

လက်ရှိတွင် ရပ်ကျေးအုပ်ချုပ်ရေးပိုင်းမှအစ ၀န်ကြီးဌာနများအထိ ပတ်သက်ဆက်နွှယ်မှုရှိသော အဂတိ လိုက်စားမှုနှင့် ပတ်သက်၍ တိုင်ကြားစာများကို လက်ခံရရှိထားပြီးဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။ ထိုတိုင်ကြားစာများထဲတွင် အများစုမှာ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် ပတ်သက်နေပြီး ဘဏ္ဍာအခွန် ၀န်ကြီးဌာနနှင့် ပတ်သက်သော တိုင်ကြားစာများကိုလည်း ရရှိထားကြောင်း သိရသည်။

ဝန်ကြီးဌာနများ၏ မလျော်မကန် ပြုလုပ်မှုများကို လက်ရှိအချိန်အထိ ထိရောက်သော အရေးယူမှု မရှိသေးခြင်းကြောင့် အဂတိ လိုက်စားမှုနှင့် အကျင့်ပျက် ခြစားမှုများမှာ ဆက်လက်အားကောင်း နေမည်ဖြစ်ကြောင်း သိရသည်။


EMG














ဝေဇယန္တာ လမ်းမကြီးပေါ်တွင် ဘီယာများ တင်ဆောင်လာသည့်ယာဉ် တိမ်းမှောက်မှုဖြစ်ပွား


 Monday, 16 December 2013


တိမ်းမှောက်သည့် ယာဉ်အတွင်းမှ ဘီယာဘူးခွံများအား ထုတ်ယူနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)

မရမ်းကုန်းမြို့နယ်၊ ဝေဇယန္တာ လမ်းမကြီးပေါ် ရေကူးအသံလွှင့်ရုံအနီး ဘီယာများ တင်ဆောင်လာသည့် ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၅ ရက် ညနေ ၄ နာရီ ၀န်းကျင်ခန့်တွင် ဝေဇယန္တာလမ်းမကြီး မြောက်ဥက္ကလာဘက်မှ တောင်ဥက္ကလာဘက်သို့ မောင်းနှင်လာသော လိုက်(စ်)အိပ် အမျိုးအစား ယာဉ်အမှတ် ၈ည/..... မှာ ရေကူးအသံလွှင့်ရုံနား အရောက်တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦး လိုက်ပါလာကြောင်း သိရသည်။

"ကားက မြောက်ဥက္ကလာဘက်ကနေ လာတာ။ ကားပေါ်မှာ အမျိုးသားလေးဦးနဲ့ အမျိုးသမီးနှစ်ဦး ပါလာတာ တွေ့တယ်။ ဒီကားက အဝေးပြေးကနေ ဘီယာတွေတင်ပြီး မင်္ဂလာဈေးကို သွားမှာလို့တော့ ကြားရတယ်။ ကားမှောက်လို့ ကျွန်တော်တို့ ပြေးကြည့်တော့ ယာဉ်မောင်းက အရက်မူးနေတာ" ဟု ယာဉ်တိုက်မှုအား မျက်မြင်တွေ့သူ ကိုပြည့်စုံက ဆိုသည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကာ မြောက်ဥက္ကလာမြို့နယ်ရှိ မေဓါဝီဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။

၎င်းယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်အား မရမ်းကုန်း မြို့မရဲစခန်းမှ ယာဉ် (ပ) ၉၇၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈ ဖြင့် အမှုဖွင့်ကာ ယာဉ်မောင်းအား ဖမ်းဆီးစစ်ဆေးလျက် ရှိသည်။

ဂျပန်ရင်းနှီးမြှုပ်နှံသူများအတွက် တည်ငြိမ်သည့် ဥပဒေအကာအကွယ်ရရန် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ သဘောတူစာချုပ် လက်မှတ်ရေးထိုး

Monday, 16 December 2013



သမ္မတဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ ဒီဇင်ဘာ ၁၅ ရက်က တိုကျိုမြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (Photo:AFP)

ဂျပန်ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုခိုင်မာသော ကာကွယ်မှုများနှင့် တည်ငြိမ်သော ဥပဒေစောင့်ရှောက်မှု ရရှိရန် အချက်များ ပါဝင်သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ် တစ်ရပ်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ ဒီဇင်ဘာ ၁၅ ရက်တွင် တိုကျိုမြို့၌ လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။

တိုကျိုမြို့ နိုင်ငံတော်ဧည့်ရိပ်သာတွင် ဒီဇင်ဘာ ၁၄ ရက်က ဂျပန်-အာဆီယံ ဆက်ဆံမှု နှစ် (၄၀) ပြည့် အထိမ်းအမှတ် ထိပ်သီးဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး မြန်မာ-ဂျပန် ထိပ်သီးအစည်းအဝေးကို ဒီဇင်ဘာ ၁၅ ရက်၌ ကျင်းပခဲ့ရာတွင် ယခုသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

နိုင်ငံတကာ စည်းမျည်းစည်းကမ်းများနှင့်အညီ အခြားနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ကဲ့သို့ပင် ဂျပန်ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ကာကွယ်မှုများ ရရှိရန်အပြင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် လိုအပ်သည့် အရာများအတွက် ပစ္စည်းတင်ပို့မှု၊ နည်းပညာ လွှဲပြောင်းမှုနှင့် အခြားလိုအပ်ချက်များအပေါ် အခွန်စည်းကြပ်မှု မလုပ်ဆောင်ရန် သဘောတူစာချုပ်တွင် ဖော်ပြထားကြောင်း သိရသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများအတွက် ပွင့်လင်းမြင်သာမှု ပိုမိုဖြစ်စေရေးကိုလည်း အဆိုပါ စာချုပ်တွင် ဖော်ပြထားသည်။

ဂျပန်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး အလှူရှင်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင် တင်ရှိနေသည့် ကြွေးမြီ ဒေါ်လာ ၅ ဒသမ ၃၂ ဘီလျံ ပယ်ဖျက်ခဲ့ကာ ချေးငွေများကို ထပ်မံပေးသွားမည်ဖြစ်ကြောင်း သိရသည်။



ဒီဇင်ဘာ ၁၅ ရက်က မြန်မာ-ဂျပန် နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးနေကြစဉ် (Photo:AFP)

ဂျပန်ဝန်ကြီးချုပ် အာဘေးက မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတို့တွင် ပုဂ္ဂလိက ကဏ္ဍနှင့် အများပြည်သူ ကဏ္ဍတို့မှ အကူအညီ ပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ဂျပန်နိုင်ငံ၏ စီးပွားရေးများကို အထောက်အပံ့ဖြစ်စေမည့် အခြေခံ အဆောက်အအုံ ကဏ္ဍနှင့် အဓိက ဖွံ့ဖြိုးရေး အစီအစဉ်များအတွက် ချေးငွေများ ထပ်မံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၁၉၈၈ ခုနှစ် စစ်အာဏာမသိမ်းမီ ကာလက ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နီးကပ်သော ဆက်ဆံမှုများ ရှိခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အမေရိကန်နှင့် အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ရာတွင် ဂျပန်နိုင်ငံက ပါဝင်ခဲ့ခြင်း မရှိသော်လည်း စီးပွားရေးအရ ဆက်ဆံမှု အများအပြားကို ရပ်ဆိုင်းခဲ့ပြီး အစိုးရ အကူအညီများကို ဖြတ်တောက်ခဲ့သည်။

ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုသည် လက်ရှိအချိန်တွင် တရုတ်၊ အိန္ဒိယနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေသေးပြီး Mitsubishi Corp.၊ Marubeni Corp. နှင့် Sumitomo Corp. တို့သည် အကျယ်အ၀န်း ဧက ၅၉၀၀ ရှိသော သီလ၀ါ အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

Ref:AP

အမေရိကန်နိုင်ငံမှ ပက်ပ်စီလုပ်ငန်းနှင့် စာချုပ်ချုပ်ဆိုထားသည့် ကိုရီးယားအခြေစိုက် Lotte Chilsung ကုမ္ပဏီ မြန်မာနိုင်ငံတွင် အဖျော်ယမကာ ဖြန့်ဖြူးရောင်းချမည်


  Created on Sunday, 15 December 2013 18:29



ပြည်တွင်းဈေးကွက်အတွင်း ရောင်းချနေသည့် ပြည်တွင်းပြည်ပထုတ် အချိုရည်များအား တွေ့ရစဉ်

အမေရိကန်မှ ပက်ပ်စီထုတ်လုပ်သည့် လုပ်ငန်းနှင့် စာချုပ်ချုပ်ဆိုထားသည့် ကိုရီးယားအခြေစိုက် Lotte Chilsung ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် အဖျော်ယမကာ ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း သိရသည်။

ထုတ်ကုန်များအား မြန်မာဈေးကွက်တွင် ဖြန့်ဖြူးရောင်းချရန်အတွက် ရုံးခွဲဖွင့်လှစ်ခွင့်ကို Lotte Chilsung Beverage Co., Ltd အမည်ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသို့ One Stop Service စနစ်ဖြင့် လျှောက်ထားခဲ့ရာ ဒီဇင်ဘာ ၁၀ ရက်တွင် ယာယီဖွဲ့စည်းမှတ်ပုံတင်ခွင့် ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။

Lotte Chilsung ကုမ္ပဏီမှ သောက်ရေသန့်၊ အချိုရည်မျိုးစုံ၊ အားဖြည့်အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည်နှင့် အရက်ပါဝင်သည့် အဖျော်ယမကာ စသည်ဖြင့် ထုတ်ကုန်မျိုးစုံ ထုတ်လုပ်ကာ ဂျပန်၊ အမေရိကန်၊ တရုတ်၊ ဗီယက်နမ်နှင့် ရှရှားစသည့် နိုင်ငံပေါင်း ၃၀ ၏ ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး အာရှဈေးကွက်တွင် Top 10 စာရင်းဝင်သည့် အများပိုင် ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။

ရုံးချုပ်မှာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် တည်ရှိပြီး ၁၉၅၀ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကာ ကုမ္ပဏီမှ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများကို လက်လီလက်ကား ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းကို လုပ်ကိုင်နေပြီး ၁၉၈၉ ခုနှစ်တွင် အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်သည့် ပက်ပ်စီထုတ်လုပ်သည့် လုပ်ငန်းဖြင့် လုပ်ငန်းသဘောတူ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး တရုတ်၊ ဖိလစ်ပိုင်နှင့် ရှရှားနိုင်ငံတို့တွင် ရုံးခွဲများ ဖွင့်လှစ်ထားကြောင်း သိရသည်။

နိုဝင်ဘာလ အတွင်း၌ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် အတွင်းရှိ Dagon Center 1 မြေညီထပ်တွင် ပီဇာ၊ အီတလီခေါက်ဆွဲနှင့် ရေခဲမုန့် ပြုလုပ်၍ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းကို မြန်မာ၊ ထိုင်းနှင့်ဟောင်ကောင် ကုမ္ပဏီတို့မှ ဖက်စပ်မြှုပ်နှံ လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး မေလအတွင်းက စင်ကာပူ ကုမ္ပဏီတစ်ခုနှင့် မြန်မာကုမ္ပဏီဖြစ်သည့် Alliance Brewery Co.,Ltd. တို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် Heineken တံဆိပ်ဘီယာ၊ ဆိုဒါ၊ အရက်မပါဝင်သော အဖျော်ရည်နှင့် ဆက်စပ်အဖျော်ရည်များ ထုတ်လုပ်ရောင်းချခွင့်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ခွင့်ပြုခဲ့ကြောင်း သိရသည်။

EMG

မြန်မာဆီးဂိမ်းစ် ပရိသတ် စိတ်ဝင်စားမှုနှုန်း မြင့်မားပြီး ဝေဖန်မှုများလည်း ရှိနေ

Monday, 16 December 2013



ဒီဇင်ဘာ ၁၄ ရက်က မြန်မာနှင့်ထိုင်းတို့၏ အမျိုးသားဘောလုံးပြိုင်ပွဲ မတိုင်မီ လာရောက်အားပေးသည့် ပရိသတ်များအား သုဝဏ္ဏအားကစားကွင်း အပြင်ဘက် လမ်းမပေါ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းစ်အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက ၄၄ နှစ်ကြာပြီးနောက်တွင် ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့ပြီး ပရိသတ် စိတ်ဝင်စားမှု များစွာရရှိမှုနှင့်အတူ တစ်ဖက်တွင်လည်း ပြိုင်ပွဲနှင့် ပတ်သက်၍ ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်ဖြစ်သည့် နေပြည်တော်ရှိ အားကစားရုံသစ်ကြီးများတွင် ဆီးဂိမ်းစ်ပြိုင်ပွဲကို အဓိက ကျင်းပပြုလုပ်ခဲ့သည့် မြန်မာဆီးဂိမ်းစ်မှာ ဒီဇင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့သည့် ဖွင့်ပွဲအခမ်းအနား အပြီးတွင် ပြည်သူများအကြား စိတ်ဝင်စားမှု ပိုမိုရရှိ လာခဲ့သည်။ ဒေသတွင်း အကြီးကျယ်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်သည့် ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲကို မြန်မာနိုင်ငံက အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့သည့်အပေါ် ပြည်သူများနှင့်အတူ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ချီးကျူးပြောဆိုမှုများလည်း ရှိခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကို လူအင်အား ၉၀၀၀ ကျော်ဖြင့် တင်ဆက်ပြသ သွားခဲ့သည့်အပြင် ၀ဏ္ဏသဒ္ဓိ အားကစားကွင်းကြီး၌ မီးရှူးမီးပန်းများနှင့် အဆင့်မြင့် နည်းပညာ အသုံးပြုကာ ငွေကြေးအမြောက်အမြား အကုန်ကျခံ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။

"ဆီးဂိမ်းစ်ဖွင့်ပွဲကို အိမ်မှာပဲ ရုပ်သံကနေ ကြည့်ဖြစ်တယ်။ အစကတော့ နိုင်ငံအနေနဲ့ အဲဒီလောက် ခမ်းခမ်းနားနား လုပ်နိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ တော်တော်ကြီးကြီးကျယ်ကျယ် လုပ်သွားခဲ့သလို နိုင်ငံအနေနဲ့လည်း ဒီပြိုင်ပွဲအတွက် ငွေကြေးအတော့်ကို သုံးစွဲထားပုံလည်း ရပါတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံတကာနဲ့ ယှဉ်ရင်တော့ မျက်နှာမငယ်ရဘူးလို့တော့ ကျွန်တော်ထင်ပါတယ်" ဟု ရန်ကုန်မြို့ခံ ကျောင်းဆရာတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာဆီးဂိမ်းစ်မှာ ဒီဇင်ဘာ ၁၁ ရက်နောက်ပိုင်းတွင် ကြည့်ရှုအားပေးသူ ပရိသတ် ပိုမိုများပြားလာပြီး အမြို့မြို့အနယ်နယ်မှ ပြည်သူများ အနေဖြင့် ပြိုင်ပွဲကျင်းပရာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်သို့ လှည့်လည်သွားရောက် ကြည့်ရှုမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

ကျွန်တော်တို့ ပြည်သူတွေဟာ စီးပွားရေး အကျပ်အတည်းကြားမှာ အတော်လေး ရုန်းကန်နေရတာပါ။ ဒီပြိုင်ပွဲအတွက် ဘီလျံနဲ့ချီ သုံးစွဲခဲ့ရတဲ့ ငွေတွေဟာ နိုင်ငံရဲ့ ဘဏ္ဍာငွေတွေပဲ ဖြစ်ပါတယ်။ အခုလို တိုင်းပြည်ဆင်းရဲနေချိန်မှာ ဒါကြီးကို လုပ်ဆောင်ရတာဟာ စီးပွားရေးအရတော့ အတော်လေး Risk ယူရတဲ့ ကိစ္စပါ . . . . .


"ကြုံတောင့်ကြုံခဲ အခွင့်အရေးမို့ နောင်ချိုကနေ ဒီအထိ လာအားပေးတာ။ အားကစားနည်း တော်တော်များများကို လိုက်အားပေးဖြစ်တယ်။ ကျွန်တော် အဓိက စိတ်ဝင်စားတာက ဘောလီဘော ပြိုင်ပွဲပါ။ ဒါပေမဲ့ ဘောလီဘောပွဲ ကျင်းပတဲ့ ဇေယျာသီရိကွင်းက အရမ်းဝေးလို့ သွားအားမပေးလိုက်ရဘူး။ မိဘမဲ့ ကျောင်းတွေမှာ ကျွန်တော်က ကျောင်းဆရာ လုပ်တာဆိုတော့ အခြားအားကစားနည်းတွေကိုလည်း လိုက်အားပေးချင်ပေမဲ့ ကျွန်တော့်ဒေသကို ပြန်ရမှာဖြစ်လို့ အားမပေးဖြစ်တော့ပါဘူး" ဟု ရှမ်းပြည်နယ် နောင်ချိုမြို့မှ ဦးအောင်စိုးက နေပြည်တော်တွင် ကျင်းပသော ဆီးဂိမ်းစ်ပြိုင်ပွဲကို လာရောက်အားပေးမှုနှင့် ပတ်သက်ပြီး ပြောပြခဲ့သည်။

"ပြိုင်ပွဲလာရောက် ကြည့်ရှုရတာ အခက်အခဲ ရှိပါတယ်။ လက်မှတ်ထုတ်တာ စောင့်ရတာတစ်မျိုး၊ အားကစားရုံတွေဝေးပြီး ဘတ်စ်ကားတွေ မလာတာ လူတွေကျပ်ညပ်နေတာတစ်မျိုး ဒုက္ခတော့ ရောက်ပါတယ်။ ဒါပေမဲ့ အခုပြိုင်ပွဲကြီးဟာ ပျော်ဖို့ကောင်းတာတော့ အမှန်ပါပဲ။ စရိတ်စားခနဲ့ အထွေထွေ ဈေးနှုန်းတွေကြီးလို့ နေ့တိုင်းလာအား မပေးနိုင်ပါဘူး" ဟု ပျဉ်းမနားမှ နေပြည်တော်သို့ လာရောက်အားပေးသူ ဦးဇော်မင်းအောင်က ပြောကြားသည်။

(၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ၃၃ မျိုး ကျင်းပခဲ့ခြင်းဖြစ်ပြီး နေပြည်တော်၌ အားကစားနည်း အများစုကို ကျင်းပခဲ့ခြင်းဖြစ်ရာ ပရိသတ်အများစု အနေဖြင့် သွားလာရေး အဆင်မပြေမှုများလည်း ကြုံခဲ့ကြကြောင်း သိရသည်။

"အချို့ပွဲတွေမှာဆိုရင် ကလေးတွေပဲရှိပြီး အပြင်က လာကြည့်တဲ့သူ နည်းပါတယ်။ ကျွန်တော့်အနေနဲ့လည်း စရိတ်စားခကြီးတော့ ရုံးပိတ်ရက်ကျမှပဲ ကြည့်နိုင်ပါတယ်" ဟု ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ၀န်ထမ်းတစ်ဦးကလည်း ပြောဆိုခဲ့သည်။

ဆီးဂိမ်းစ်ကာလတွင် ကြည့်ရှုသူ ပရိသတ်များ အနေဖြင့် သွားလာရေး အဆင်မပြေမှု၊ နေထိုင်စားသောက်စရိတ် ကြီးမြင့်မှုနှင့် ဘောလုံးပြိုင်ပွဲကဲ့သို့သော လူအများ စိတ်ဝင်စားသည့် ပြိုင်ပွဲများတွင် လက်မှတ်ရရှိရန် ခက်ခဲခြင်း၊ မှောင်ခိုဈေးနှုန်းများဖြင့် ရောင်းချမှုများ ရှိနေခြင်းအပေါ် ပရိသတ်များက ဝေဖန်မှုများ ရှိနေခြင်းဖြစ်သည်။

"အားကစားကွင်းတွေက လာရတာ ဝေးတယ်။ ဘတ်စ်ကားတွေ ရှိမှန်းလည်း မသိဘူး။ လမ်းညွှန်တွေကလည်း မရှိဘူး။ တစ်ခုနဲ့တစ်ခုကြားမှာ လမ်းလျှောက်နေရတာ၊ ကားတွေတစ်စီးနဲ့ တစ်စီးကြား ကြာလွန်းတာ၊ စားသောက်ဆိုင်တွေနည်းပြီး ဈေးတွေကြီးတာ၊ အဓိကက နေပြည်တော်မှာ သွားလာရေးခက်ခဲလို့ ပွဲတွေအစုံလိုက် ကြည့်ချင်ပေမဲ့ တစ်နေရာတည်းမှာပဲ အကြာကြီး ကြည့်နေရပါတယ်" ဟု တပ်ကုန်းမှ ကိုဇာနည်စိုးက ပြောကြားခဲ့သည်။



မြန်မာနှင့်ထိုင်း အမျိုးသားဘောလုံးပြိုင်ပွဲတွင် ကွင်းအတွင်း၌ အားပေးနေကြသော မြန်မာပရိသတ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

"ဒီလိုပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း မရှိခဲ့တာ နှစ်ပေါင်း ၄၀ ကျော် ကြာနေပါပြီ။ အဲဒီတော့ အခုအချိန်မှာ ဘယ်လိုပဲဖြစ်နေဖြစ်နေ ကိုယ့်အသင်း၊ ကိုယ့်အားကစားသမားတွေကို ကိုယ့်နိုင်ငံအတွက် အားရပါးရ အားပေးချင်ပါတယ်။ အထူးသဖြင့် တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ ဘောလုံးပွဲတွေမှာဆိုရင် ကိုယ်တိုင်ကွင်းထဲကို သွားရောက်အားပေးသလို၊ ကွင်းလုံးပြည့်အားပေးမှုတွေကို မြင်ရတော့ ကျွန်တော်ဝမ်းသာ ကျေနပ်မိပါတယ်။ ကျွန်တော်အပါအ၀င် ပြည်သူတွေအားလုံးက မြန်မာ့ဘောလုံး ရွှေခေတ်ကို ပြန်ပြီးတမ်းတ ချင်နေကြပါတယ်။ ပွဲတွေငတ်လာတာ ကြာပြီဆိုတော့ လက်မှတ်တွေ ဘယ်လောက်ဈေးကြီးကြီး ၀ယ်ဖို့ဘယ်လောက်ခက်ခက် အားပေးမှာပါပဲ။ မြန်မာတွေကိုလည်း နိုင်စေချင်တယ်။ ကိုယ့်အိမ်ကိုယ့်ပရိသတ်ရှေ့မှာ အားကစားသမားတွေ အနေနဲ့လည်း နိုင်အောင်ကြိုးစား ပေးသင့်ပါတယ်" ဟု ကမာရွတ်မှ ကိုကျော်ကျော်က ပြောကြားခဲ့သည်။

ထို့ပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းနေသော မြန်မာနိုင်ငံ အနေဖြင့် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရပေရာ ယခုကဲ့သို့ နိုင်ငံတကာအဆင့် ပြိုင်ပွဲမျိုးကို နိုင်ငံတော် ဘဏ္ဍာငွေများစွာ အကုန်ကျခံ သုံးစွဲပြုလုပ်ခဲ့ရမှုနှင့် ဂယက်အပေါ် စီးပွားရေး ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်အချို့က စိုးရိမ်လျက်ရှိကြောင်းလည်း သိရသည်။

"အခုလို နိုင်ငံတကာအဆင့် ပြိုင်ပွဲတွေကို ဒီမှာမကျင်းပရတာ အတော်လေးကြာပါပြီ။ ဒီအတွက် အခုပြိုင်ပွဲကို ကြိုဆိုပါတယ်။ ဒါပေမဲ့ အခြားတစ်ဖက်မှာတော့ ကျွန်တော်တို့ ပြည်သူတွေဟာ စီးပွားရေး အကျပ်အတည်းကြားမှာ အတော်လေး ရုန်းကန်နေရတာပါ။ ဒီပြိုင်ပွဲအတွက် ဘီလျံနဲ့ချီ သုံးစွဲခဲ့ရတဲ့ ငွေတွေဟာ နိုင်ငံရဲ့ ဘဏ္ဍာငွေတွေပဲ ဖြစ်ပါတယ်။ အခုလို တိုင်းပြည်ဆင်းရဲနေချိန်မှာ ဒါကြီးကို လုပ်ဆောင်ရတာဟာ စီးပွားရေးအရတော့ အတော်လေး Risk ယူရတဲ့ ကိစ္စပါ။ ပြိုင်ပွဲကြီး ပြီးတဲ့အချိန်မှာ ဖြစ်လာမယ့် ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေ စီးပွားရေးနဲ့ဆိုင်တဲ့ ဂယက်တွေ၊ နောက်တစ်ခါ ဆီးဂိမ်းစ်နဲ့ပတ်သက်ပြီး ငွေကြေးသုံးစွဲမှု ပမာဏတွေအပေါ် ပြန်လည်ဆန်းစစ်မှုတွေ၊ ဒီပြိုင်ပွဲကြီးကနေ ရလာမယ့် အနာဂတ် အကျိုးအမြတ်တွေအတွက် ကျွန်တော်တို့ အများကြီး စဉ်းစားရပါမယ်။ ဒါတွေကိုလည်း အစိုးရအနေနဲ့ တွက်ထားသင့်ပါတယ်" ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးသိန်းအောင်က ပြောကြားခဲ့သည်။

EMG

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်ပါက တပ်မတော်နှင့်ပြည်သူ ရင်ကြားစေ့ရေး အကြီးမားဆုံး အဟန့်အတား ဖြစ်နေဦးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Monday, 16 December 2013


သာယာဝတီမြို့တွင် ပြုလုပ်သော လူထုဆန္ဒသဘောထား ရယူပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားစဉ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်ပါက တပ်မတော်နှင့်ပြည်သူ ရင်ကြားစေ့ရေးအတွက် အကြီးမားဆုံးသော အဟန့်အတား ဖြစ်နေဦးမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုသဘောထားရယူပွဲ အခမ်းအနားတွင် ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပဲခူးတိုင်းဒေသကြီး ဒေသလုံးဆိုင်ရာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် စပ်လျဉ်း၍ လူထုသဘောထား ရယူပွဲ အခမ်းအနားကို သာယာဝတီမြို့ အားကစားကွင်းအတွင်း ဒီဇင်ဘာ ၁၅ ရက် နံနက်က ပြုလုပ်ခဲ့ရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယက ဦးတင်ဦးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင်များ တက်ရောက်၍ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သိကောင်းစရာများကို ဆွေးနွေးပြောဆိုစဉ် ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"အမျိုးသား ရင်ကြားစေ့ရေးနဲ့ ပတ်သက်ရင် ကျွန်မတို့နိုင်ငံမှာ အချက်ကြီးနှစ်ချက် ရှိတယ်။ တိုင်းရင်းသားများကြား ရင်ကြားစေ့ရေး၊ တိုင်းရင်းသားများကြား ညီညွတ်ရေး၊ တပ်မတော်နဲ့ ပြည်သူကြား ရင်ကြားစေ့ရေး၊ တပ်မတော်နဲ့ ပြည်သူကြား ညီညွတ်ရေး ဒီလိုဆောင်ရွက်သွားရမှာ ဖြစ်တယ်။ ဒီလိုဆောင်ရွက်တဲ့ နေရာမှာ တကယ့်အဟန့်အတားကြီးက အခု ၂၀၀၈ ဖွဲ့စည်းပုံကြီးပဲ ဖြစ်တယ်လို့ ကျွန်မတင်ပြလိုပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူနည်းစုက ရေးဆွဲ၍ ပြည်သူလူထုက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံအောင် လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ပုံလုပ်နည်း မသင့်တော်သလို လက်ရှိဖွဲ့စည်းပုံမှာ နိုင်ငံကို ညီညွတ်အောင် မလုပ်နိုင်ဘဲ ပြည်သူနှင့် တပ်မတော်ကြား စိတ်ဝမ်းကွဲစေကြောင်း၊ ယင်းသို့ပြောနေရခြင်းမှာ တပ်မတော်ကို မလိုလား၍သော် လည်းကောင်း၊ စေတနာမထား၍သော် လည်းကောင်း မဟုတ်ဘဲ စိတ်ဝမ်းကွဲစေသည့် အခြေခံဥပဒေကို ပြင်ဆင်ပြီး တပ်မတော်နှင့်ပြည်သူ တစ်သားတည်း ဖြစ်စေလို၍ဖြစ်ကြောင်း ထပ်လောင်းပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြင်ဆင်ရေးကော်မတီတစ်ရပ် ဖွဲ့စည်း၍ ပြင်ဆင်ရေးဆိုင်ရာ အချက်ကိုးချက်ပါ ကြေညာချက် တစ်စောင်ကို စက်တင်ဘာ ၂၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ပြင်ဆင်ရေး အသစ်ရေးဆွဲရေး အားနည်းချက်၊ အားသာချက်များကို တိုင်းရင်းသား ပါတီများနှင့် တိုင်ပင်ခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်ဒေသများအလိုက် အခြေခံဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ခြင်းများ ပြုလုပ်ပြီးမှ ယခုကဲ့သို့ လူထုသဘောထား ကောက်ယူမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းကော်မတီထံမှ သိရသည်။

"၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက တပ်မတော်သားတွေက အခွင့်အရေးတစ်မျိုး၊ ပြည်သူက အခွင့်အရေးတစ်မျိုးဆိုတာ ပေါ်လွင်နေပါတယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍကို အစဉ်တစိုက် အလေးပေး ပြဋ္ဌာန်းထားတာတွေ အများကြီး တွေ့ရတယ်။ ရှေ့နောက်မညီညွတ်တဲ့ ဥပဒေတွေ အများကြီးတွေ့တယ်" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဖွဲ့စည်းပုံပြင်ဆင်ရေး ဗဟိုကော်မတီအဖွဲ့ဝင် ဦးဌေးဦးက ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး အတွင်းရှိ ပါတီအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူလူထု သုံးသောင်းခွဲခန့် တက်ရောက်ခဲ့ပြီး ပြင်ဆင်ရေးအတွက် သဘောတူထောက်ခံသူ ၉၅ ရာခိုင်နှုန်း၊ အသစ်ပြန်လည် ရေးဆွဲရေး ၅ ရာခိုင်နှုန်း သဘောထား ကောက်ခံရရှိခဲ့ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လက်ပံတန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းထံက သိရသည်။

EMG

Sunday, December 15, 2013

ရန်ကုန်-မှော်ဘီပြေးဆွဲသည့် ဟိုင်းလတ်ယာဉ်တစ်စီး ကျိုက္ကလဲ့ ရထားခုံးကျော်တံတားပေါ်မှ အောက်သို့ပြုတ်ကျခဲ့ရာ ခရီးသည်နှစ်ဦး သေဆုံးပြီး ၁၁ ဦးဒဏ်ရာရ

 Sunday, 15 December 2013


ရထားခုံးကျော်တံတားပေါ်မှ အောက်သို့ပြုတ်ကျသွားသည့် ယာဉ်အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-ဦးအောင်ကြည်)

ဒီဇင်ဘာ ၁၄ ရက် နံနက်အစောပိုင်းက ရန်ကုန်-မှော်ဘီပြေးဆွဲသည့် ခရီးသည်တင် ဟိုင်းလတ်ယာဉ်တစ်စီး မင်္ဂလာဒုံမြို့နယ် ကျိုက္ကလဲ့ ရထားခုံးကျော်တံတားပေါ်မှ အရှိန်လွန်၍ အောက်သို့ထိုးကျခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ထိုးကျမှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်နှစ်ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မင်္ဂလာဒုံမြို့မရဲစခန်းမှ စုံစမ်းသိရှိရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မှော်ဘီ-ရန်ကုန် ပြေးဆွဲနေသည့် ခရီးသည်တင် ဟိုင်းလတ်ယာဉ်မှာ နံနက် ၅ နာရီဝန်းကျင်ခန့်က အဆိုပါခုံးကျော်တံတားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲရှေ့တွင် မောင်းနှင်နေသည့် ယာဉ်တစ်စီးအား နောက်မှပွတ်တိုက်မိပြီး တံတားအောက်သို့ ထိုးကျသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းမြင့်က "အရှိန်ပြင်းတော့ တံတားပေါ်မှာစလစ်ဖြစ်ပြီး ရှေ့ကကားနောက်ပိုင်းကို ပွတ်တိုက်ခဲ့တယ်။ ဆက်ပြီးတော့ တံတားပေါင်ကိုကျော်ပြီး အောက်ထိုးကျသွားတာပါ။ ခရီးသည်နှစ်ဦးကတော့ ပွဲချင်းပြီးသေတယ်။ ကျန်ခရီးသည် ၁၁ ဦးကိုတော့ ဆေးရုံကို ပို့ထားပါတယ်" ဟု ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းက ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါတံတားပေါ်မှ ယာဉ်ပြုတ်ကျမှုကြောင့် သေဆုံးခဲ့သည့် ခရီးသည်နှစ်ဦးမှာ ဦးကျော်သင်း(၅၁)နှစ်နှင့် ဒေါ်မြမြခိုင် အသက် (၅၃)နှစ်တို့ဖြစ်ပြီး ယာဉ်မောင်းဖြစ်သူမှာ ယာဉ်အားထား၍ ထွက်ပြေးနေကြောင်း သိရသည်။

ဆီးဂိမ်းစ်ကာလအတွင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ နိုင်ငံခြားသားလာရောက်မှု များပြား

Sunday, 15 December 2013


ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ လာရောက်ကြသူများအား ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ်

ဆီးဂိမ်းစ်အားကစားပြိုင်ပွဲ ကာလအတွင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ နိုင်ငံခြားသားဝင်ရောက်မှု များပြားလာကြောင်း ရန်ကုန်တိရစ္ဆာန်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ အကောင်သစ်များ ထပ်မံထည့်သွင်းထားခြင်းမရှိသော်လည်း တိရစ္ဆာန်ရုံသန့်ရှင်းရေးနှင့် အသေးစားပြင်ဆင်မှုများကို လုပ်ဆောင်ထားကြောင်း သိရသည်။

"ဆီးဂိမ်းစ်ကာလမှာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို နိုင်ငံခြားသား ၀င်ရောက်တာက အရင်ထက် ပိုများလာတယ်။ လူဝင်အရေအတွက်ကိုတော့ ခန့်မှန်းလို့မရဘူး။ ဒီနေ့ဆို လာအိုနိုင်ငံက ကစားသမားတွေ အများကြီးလာတယ်။
ဆီးဂိမ်းစ်ပြိုင်ပွဲရှိလို့ လာကြတာ။ ပုံမှန်ဆိုရင်တော့ နည်းတယ်" ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက ဆိုသည်။

နိုင်ငံခြားသားများအတွက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဝင်ကြေးကို တစ်ဦးလျှင် ကျပ် ၂၀၀၀ သတ်မှတ်ထားပြီး ပြည်တွင်းရှိ အသင်းအဖွဲ့အများကို တစ်ဦးလျှင် ကျပ် ၅၀၀၊ သာမန်ဝင်ရောက်လေ့လာသူများကို တစ်ဦးလျှင် ၀င်ကြေးကျပ် ၁၀၀၀ အဖြစ် ကောက်ခံလျှက်ရှိကြောင်း သိရသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ကမ္ဘာ့ရှားပါးတိရစ္ဆာများဖြစ်သည့် ပန်ဒါနီ၊ ကျား၊ ခြင်္သေ့၊ ကြံ့ဖြူ၊ ရေမြင်းပု၊ ကြံ့သူတော်၊ သစ်ကုလားအုတ်၊ ရွှေသမင်၊ ချင်ပန်စီမျောက်ဝံ၊ ဆင်၊ မျောက်လွဲကျော်၊ ကြောင်တံငါ၊ မျောက်ညို၊ ဖျံ၊ ဂျီလှောင်(ယုန်သမင်)၊ ဒေါင်းစိမ်း၊ ဒေါင်းပြာ၊ မန်ဒါလီရိုင်း၊ ဒုံးစက်၊ ကတ်ဆိုဝါရီ၊ ကြိုးကြာ၊ ကြယ်လိပ်တို့ကို အများပြည်သူလေ့လာနိုင်ရန် ပြသထားသည်။

မကြာသေးမီကာလအတွင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ရှားပါးမျိုးနွယ်ဝင် ကျားဖြူတစ်ကောင်၊ သစ်ကုလားအုတ်တစ်ကောင်နှင့် အမေဇုန်တောမှ အယ်လ်ပိုင်းမား ငါးတို့ကို အသစ်ထည့်သွင်းပြထားပြီး ရေမြင်း၊ တောကြီးမြွေဟောက်တို့မှ သားပေါက်ထားကြောင်း သိရသည်။

EMG

တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် မြန်မာ-တရုတ် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပွဲကျင်းပ

Sunday, 15 December 2013


ဖွံ့ဖြိုးတိုးတက်မှုနှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဆီသို့ခေါင်းစဉ်ဖြင့် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ်

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသော ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှာ မြန်မာ့လူ့အဖွဲ့အစည်းအား လိမ်ညာသွားသည့် စီမံကိန်းဖြစ်နေသည့်အပြင် အစိုးရမှလည်း လျစ်လျူရှုထားကြောင်း ဒေသခံများနှင့် ဥပဒေပညာရှင်များက ဒီဇင်ဘာ ၁၄ ရက်က ရန်ကုန်မြို့ရှိ Orchid ဟိုတယ်တွင် ကျင်းပခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဆီသို့ ခေါင်းစဉ်ဖြင့် ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယခင်စစ်အစိုးရလက်ထက်တွင် တရုတ်နိုင်ငံအစိုးရပိုင် ရေနံကော်ပိုရေးရှင်း (CNPC) မှ လုပ်ပိုင်ခွင့်ရရှိခဲ့သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းသည် လက်ရှိအချိန်တွင် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့များ စတင်ပို့လွှတ်နေပြီ ဖြစ်သည်။

"စီမံကိန်းလုပ်မယ်ဆိုတာ ဒေသခံတွေ ကြိုသိခဲ့ကြသလား။ ကိုယ့်လယ်ကွက်ထဲမှာ ဘူဒိုဇာကြီးဝင်ထိုးမှ သိခဲ့တာလား။ ပြီးတော့ ရန်ကုန်မှာရှိတဲ့ ဆီဆိုင်တွေမှာ ဖုန်းမပြောရ။ ဆေးလိပ်မသောက်ရဆိုတဲ့ အသိပညာပေးမှုတွေ လုပ်နေချိန်မှာ ပိုက်လိုင်းဖြတ်သန်းရာ ဒေသခံတွေက ပိုက်လိုင်းဘေးမှာ ချက်ပြုတ်စားသောက်နေတာမျိုးက ပွင့်လင်းမြင်သာမှုမရှိ။ အသိပညာပေးမှု မရှိခဲ့ဘူးဆိုတာကို ဖော်ပြနေပါတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေကြောင့် ဒီပိုက်လိုင်းစီမံကိန်းကြီးက မြန်မာပြည်သူလူထု၊ မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးဟာ နစ်နာမှုများစွာ ကြုံတွေ့ခဲ့ရပြီး လိမ်ညာမှုခံခဲ့ရသလို အစိုးရကလည်း ဒေသခံတွေ နစ်နာမှုတွေကို လျစ်လျူရှုထားတဲ့ အနေအထားတွေနဲ့ ရင်ဆိုင်နေရပါတယ်" ဟု တရားလွှတ်တော်ရှေ့နေ ဦးဟန်ရှင်ဝင်းက ပြောကြားသည်။

မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းပြဿနာများအပေါ် အစိုးရအနေနှင့် ၁၉၇၅ နိုင်ငံသား အခွင့်အရေး ကာကွယ်ပေးသည့်ဥပဒေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ၂၀၁၂ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေ စသည့်ဥပဒေများဖြင့် ကူညီစောင့်ရှောက်ပေးမှု အားနည်းနေကြောင်း ဦးဟန်ရှင်ဝင်းက ဆက်လက်ပြောကြားခဲ့ပြီး လက်ရှိပြဿနာများတွင်လည်း လယ်ယာမြေအသိမ်းခံရသည့် လယ်သမားများကိုသာ တရားစွဲဆိုခံနေရပြီး မူလလက်ငုတ် လယ်ယာမြေပိုင်ရှင်များမှာ စီမံကိန်းကြောင့် နစ်နာနေမှုများအား တရားစွဲဆိုနိုင်မှုမရှိ ဖြစ်နေကြောင်း ဝေဖန်ပြောကြားခဲ့သည်။

"ကျွန်တော်နေတဲ့ ဆုံကုန်းရွာမှာဆိုရင် ပိတောက်မြိုင်ရပ်ကွက်ကနေ အိမ်ဝိုင်း ၁၈ ၀ိုင်းကိုဖျက်တော့ လျော်ကြေး ကျပ် ၃၀၀၀၀ ကျော်ပဲရတယ်။ ဒီအိမ်ဝိုင်းမှာ နေလို့လည်းမရတော့ဘူး။ သူတို့လျော်တဲ့ငွေနဲ့ နောက်တစ်ဝိုင်းလည်း ၀ယ်လို့မရပါဘူး။ နောက်ပြီးတော့ လယ်ယာမြေသိမ်းတဲ့ ပြဿနာတွေမှာဆိုလည်း တရုတ်က လယ်သိမ်းခံရတဲ့ လယ်သမားတွေက တစ်ဧကကို မြန်မာငွေကျပ်သိန်း ၃၀၀ ရနေချိန်မှာ မြန်မာလယ်သမားတွေက အမြင့်ဆုံးကျပ်သိန်း ၁၃၀ ကနေ အနိမ့်ဆုံးကျပ် ရှစ်သိန်းပဲ ရနေတာမျိုး မမျှတမှုတွေ ဖြေရှင်းပေးဖို့လိုပါတယ်"ဟု မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၊ ဆုံကုန်းကျေးရွာနေ ဆလိုင်းရွှေလေးက ဆိုသည်။

မြန်မာ-တရုတ် ရေနံပိုက်လိုင်းဖြတ်သန်းရာ ငဖဲမြို့နယ်အတွင်းရှိ ဒေသခံ ၃၀၀ ကျော်ခန့်မှာလည်း မြေယာလျော်ကြေးများ ရရှိမှုဖြေရှင်းပေးမှုမရှိ ဖြစ်နေကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသူ ဒေသခံများက တညီတညွတ်ပြောကြားသည်။

"ဒီစီမံကိန်းကြောင့် မင်းဘူး-အမ်းလမ်းပေါ်က ရေထွက်ပေါက်တွေ ပျက်စီးသွားတယ်။ ဒီရေထွက်ပေါက်တွေ ပျက်စီးသွားရင် အနောက်ရိုးမကြီးတစ်ခုလုံး ပျက်စီးသွားနိုင်သလို တောင်ပေါ်မှာနေကြတဲ့ အရှိုချင်းလူမျိုးတွေလည်း နေစရာ ရွာပျောက်သွားမယ်" ဟု ဧရာဝတီမြစ် အနောက်ဘက် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဦးသန့်စင်က ဆိုသည်။

မြေယာလျော်ကြေးများကို အကြောင်းပြု၍ ဒေသခံအာဏာပိုင်များနှင့် မြေတိုင်းစာရေးများ အကျိုးအမြတ်များစွာ ရရှိခြင်းမှာ ပိုက်လိုင်းဖြတ်သန်းရာ မြို့နယ် ၂၁မြို့နယ်၏ ဒေသအချို့တွင် ဖြစ်ပေါ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားခဲ့သည်။

EMG

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၅ ဘီလျံကျော်ရှိလာပြီး ယခင်ဘဏ္ဍာနှစ်ထက် သုံးဘီလျံကျော် ပိုမိုကုန်သွယ်ခဲ့

Sunday, 15 December 2013


ပင်လယ်ရေကြောင်းကုန်သွယ်မှုဆောင်ရွက်သည့် ဗိုလ်အောင်ကျော်ဆိပ်ကမ်းအား တွေ့ရစဉ်

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၅ ဘီလျံကျော်ရှိလာပြီး ယခင်ဘဏ္ဍာရေးနှစ်ထက် အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ စာရင်းများအရ သိရသည်။

လက်ရှိဘဏ္ဍာရေးနှစ် ဒီဇင်ဘာ ၆ ရက်အထိ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုများမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၅၉၂၂ ဒသမ ၃၃၆ သန်း(၁၅ ဘီလျံကျော်) ရရှိခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ် အလားတူကာလတွင် ရရှိခဲ့သည့် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂၂၆၅ ဒသမ ၇၉၈ သန်းသာ ရရှိခဲ့သဖြင့် ယခုဘဏ္ဍာရေးနှစ်အတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၆၅၆ ဒသမ ၅၃၈ သန်း (သုံးဘီလျံကျော်) တိုးတက်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော်ရရှိရန် လျာထားပြီး နယ်စပ်ကုန်သွယ်မှုမှ ၂၀ ရာခိုင်နှုန်းနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ၈၀ ရာခိုင်နှုန်း ကုန်သွယ်မှု ပြုလုပ်နိုင်ရန် လျာထားကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သည့် ဆန်၊ ပြောင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ နှမ်း၊ ရော်ဘာ၊ ရေထွက်ကုန်၊ ကျွန်းသစ်၊ သစ်မာ၊ သတ္တုရိုင်း၊ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ ချုပ်ပြီးအထည်များကို တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သြစတြေးလျ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဘယ်လ်ဂျီယမ်၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ စင်ကာပူ၊ စပိန်၊ ထိုင်း၊ ယူကေ၊ အမေရိကန်၊ ဗီယက်နမ်စသည့်နိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း ၊ လုပ်ငန်းသုံးကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်လျှက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ-အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နယ်စပ်ကုန်သွယ်ရေးစာချုပ်များ ချုပ်ဆိုဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

တရားမ၀င်ကုန်သွယ်မှုများ လျော့နည်းသွားသည့်အတွက်လည်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာရေးနှစ်ထက် အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် တိုးတက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

EMG

တရုတ်၏လွှမ်းမိုးမှုကို ကန့်သတ်ရန် မြန်မာအား အကူအညီထပ်မံပေးမည့် မြန်မာ-ဂျပန် ထိပ်သီးအစည်းအဝေး တိုကျိုမြို့၌ ယနေ့ပြုလုပ်မည်

Sunday, 15 December 2013



တိုကျိုမြို့တွင် ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်သော (၅)ကြိမ်မြောက် ဂျပန်-မဲခေါင်ထိပ်သီးအစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အဖွင့်မိန့်ခွန်း ပြောကြားစဉ်

နှစ် (၄၀) ပြည့် အာဆီယံ-ဂျပန် အထိမ်းအမှတ်ထိပ်သီးအစည်းအဝေးနှင့် ဂျပန်-မဲခေါင် ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် ဂျပန်နိုင်ငံသို့ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့၏ မြန်မာ-ဂျပန် ထိပ်သီးအစည်းအဝေးကို တိုကျိုမြို့၌ ဒီဇင်ဘာ ၁၅ ရက်ယနေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ-ဂျပန် ထိပ်သီးအစည်းအဝေးကို တိုကျိုမြို့ရှိ ဂျပန်ဝန်ကြီးချုပ်ရုံး၌ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် စတင်ပြုလုပ်ရန် စီစဉ်ထားသည်။

အဆိုပါထိပ်သီးအစည်းအဝေးတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်မှုနှစ် (၆၀)ပြည့်မည့် ၂၀၁၄ ခုနှစ်အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်နေမှုများတွင် ဂျပန်က ထောက်ခံရေး၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရာတွင် ဥပဒေခိုင်မာစေရေး၊ ကျန်းမာရေးနှင့် ဆေးပညာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး စသည့်အကြောင်းအရာလေးရပ်ကို နှစ်နိုင်ငံခေါင်းဆောင်များက ဆွေးနွေးသွားရန်ရှိကြောင်း သိရသည်။

ထို့ပြင် ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံရေးအတွက်လည်း ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။

တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (အိုဒီအေ)မှတစ်ဆင့် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံကဏ္ဍဖွံ့ဖြိုးရေး ကူညီသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လိုကြောင်း ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ထုတ်ဖော်ပြောကြား . . .


အဆိုပါထိပ်သီးအစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံကဏ္ဍ တိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၅၈၅ (ယန်း ဘီလျံ ၆၀)ကို ချေးငွေအဖြစ်ကူညီရေး ထုတ်ဖော်ပြောကြားဖွယ်ရှိကြောင်းလည်း ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။

ထိုသို့ ကူညီရခြင်းမှာ မြန်မာနိုင်ငံအပေါ် တရုတ်၏လွှမ်းမိုးမှုကို ကန့်သတ်ရန် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဂျပန်စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရေးကို ကူညီရန်ဖြစ်ကြောင်း သိရသည်။

တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (အိုဒီအေ)မှတစ်ဆင့် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံကဏ္ဍဖွံ့ဖြိုးရေး ကူညီသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လိုကြောင်း ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ထုတ်ဖော်ပြောကြားထားသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် နှစ်ပေါင်း ၃၆ နှစ်အတွင်း ဂျပန်ဝန်ကြီးချုပ်တစ်ဦး၏ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးအဖြစ် ပြီးခဲ့သည့်မေလက သုံးရက်တာ လာရောက်ခဲ့သည်။

သမ္မတဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ် ဧပြီလက ဂျပန်နိုင်ငံ၌ ပြုလုပ်သည့် ဂျပန်- မဲခေါင်နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးနှင့် မြန်မာ-ဂျပန် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဂျပန်အစိုးရမှ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပညာသင်ဆုပေးရေး စီမံချက်အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ၊ သီလ၀ါအထူးစီးပွားရေးဇုန် ပင်မစီမံကိန်းဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်မှုအပေါ် ရည်ရွယ်သည့် စာချွန်လွှာနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဒီရေတောများ ပြန်လည်ထူထောင်ရေးအတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာတို့ကို လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ ၂၀၁၁ ခုနှစ် မတ်လတွင် တက်လာပြီးနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်လာ၍ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့တွင် ကူညီထောက်ပံ့မှုများကို ပိုမိုပြုလုပ်လာခဲ့သည်။ ထို့ပြင်မြန်မာနိုင်ငံက ဂျပန်နိုင်ငံသို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီများကိုလည်း လျှော်ပစ်ခဲ့သည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သည့် စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံကို ကမ္ဘာ့ဇာတ်ခုံအလယ်တွင် အကာအကွယ်ပေးခဲ့၍ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် အခြားနိုင်ငံများထက် လက်ဦးမှုရယူနိုင်ခဲ့သည်။ တရုတ်နိုင်ငံသည် လက်ရှိလည်း မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ထိပ်ဆုံးမှ ရပ်တည်နေသည်။

အလားတူ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲဖွင့်ပွဲ၊ ပိတ်ပွဲအတွက်လည်း တရုတ်နိုင်ငံက နည်းပညာအကူအညီများပေးခဲ့ပြီး ပြိုင်ပွဲမတိုင်မီ တရုတ်နည်းပြ ၂၀ ကျော်ကို မြန်မာနိုင်ငံသို့ စေလွှတ်ပြီး မြန်မာအားကစားသမားများအား လေ့ကျင့်သင်ကြားပေးသလို မြန်မာအားကစားသမား ၁၇၀ ကျော်ကိုလည်း တရုတ်နိုင်ငံသို့ ဖိတ်ခေါ်၍ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

EMG

ရေထွက်ကုန်ပြည်ပတင်ပို့မှုတွင် နယ်စပ်ကုန်သွယ်တင်ပို့မှုမှာ နိုင်ငံခြားဝင်ငွေ ရရှိမှုများနေပြီး ပုံမှန်ကုန်သွယ်တင်ပို့မှုအပိုင်း၌ လျော့နည်းလျှက်ရှိ

Sunday, 15 December 2013



ပြည်ပတင်ပို့မည့် ရေထွက်ကုန်များ ပြုပြင်ထုတ်လုပ်နေစဉ်

ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်တင်ပို့မှုမှာ ပို့ကုန်ဝင် ရရှိမှုများနေပြီး ပုံမှန်ကုန်သွယ်တင်ပို့မှုအပိုင်းတွင် လျော့နည်းလျှက်ရှိကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။

ယခု ၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ်၏ ပြည်ပသို့ နယ်စပ်ကုန်သွယ်တင်ပို့မှုအနေဖြင့် တင်ပို့ရာတွင် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ရရှိရန် လျာထားပြီး လက်ရှိဘဏ္ဍာရေးနှစ်၏ ကိုးလတာကာလအတွင်း ရေထွက်ကုန် မက်ထရစ်တန်ချိန် ၁၂၀၀၀၀ ကျော်တင်ပို့ထားနိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေရရှိမှုမှာ အမေရိကန်ဒေါ်လာ ၁၉၅ သန်းကျော် ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ပုံမှန်ကုန်သွယ်တင်ပို့မှုအနေဖြင့်တင်ပို့ရာတွင် ယခုဘဏ္ဍာရေးနှစ်၌ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၄၀ ရရှိရန် လျာထားသော်လည်း လက်ရှိဘဏ္ဍာရေးနှစ်၏ ကိုးလတာကာလအတွင်း ရေထွက်ကုန် မက်ထရစ်တန်ချိန် တစ်သိန်းကျော်သာ တင်ပို့ထားနိုင်ပြီး နိုင်ငံခြားဝင်ငွေ ရရှိမှုအပိုင်းတွင် အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကျော်သာ ရရှိထားသေးပြီး လျာထားချက်နှင့် နှိုင်းယှဉ်လျှင် ပို့ကုန်ဝင်ငွေရရှိမှုအပိုင်းတွင် များစွာလျော့နည်းလျှက်ရှိကြောင်း သိရသည်။

ရေထွက်ကုန်တင်ပို့မှုတွင် ယခုဘဏ္ဍာနှစ်၏ ကိုးလတာကာလအတွင်း၌ နိုင်ငံခြားဝင်ငွေ ရရှိမှုအပိုင်း၌ နယ်စပ်ကုန်သွယ်တင်ပို့မှုသည် ပုံမှန်ကုန်သွယ်တင်ပို့မှုထက် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁၆ သန်းကျော် ပိုမိုရရှိထားကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ရေထွက်ကုန်များ တင်ပို့ရာ၌ စုစုပေါင်းနိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရရှိရန် လျာထားပြီး လက်ရှိဘဏ္ဍာနှစ်၏ ကိုးလတာကာလအတွင်း၌ စုစုပေါင်း ရေထွက်ကုန် မက်ထရစ်တန်ချိန် ၂၂၀၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး နိုင်ခြားဝင်ငွေ ရရှိမှုအပိုင်းတွင် အမေရိကန်ဒေါ်လာ သန်း ၃၇၀ ကျော်သာ ရရှိထားကြောင်း သိရသည်။

ယခုဘဏ္ဍာရေးနှစ် ပြည်ပသို့ရေထွက်ကုန် တင်ပို့ရရှိမှု နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၇၀၀ ရရှိရန် လျာထားသော်လည်း ဘဏ္ဍာနှစ်တစ်နှစ်လုံးတွင် အမေရိကန်ဒေါ် သန်း ၅၀၀ ကျော်သာ ရရှိနိုင်ကြောင်း ငါးမွေးမြူရေးလုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များက ခန့်မှန်းထားသည်။

EMG

Related Posts Plugin for WordPress, Blogger...