Friday, March 14, 2014

နောက်ဆုံးအချီမှာ တစ်ချက်တည်းကျွင်းဝင်အောင်ရိုက်ပြီး WGC ဖလားကို ပက်ထရစ်ရိဒ် သိမ်းပိုက်



နောက်ဆုံးအချီမှာ တစ်ချက်တည်းကျွင်းဝင်အောင်ရိုက်ပြီး WGC ဖလားကို ပက်ထရစ်ရိဒ် သိမ်းပိုက်

အမေရိကန်လူမျိုး အသက် ၂၃ နှစ်အရွယ် ပက်ထရစ်ရိဒ်ဟာ သူ့ ရဲ့ တတိယမြောက် WGC ချန်ပီယံဆုကို တတိယအကြိမ်မြောက်သိမ်းပိုက်နိုင်ခဲ့ပါပြီ။ ကမ္ဘာ့အဆင့် ၄၄ ရှိတဲ့ ပက်ထရစ်ရိဒ် ဟာ နောက်ဆုံးအချီ ၇၁ ချီ မြောက်မှာ တစ်ချက်တည်းနဲ့ ကျွင်းဝင်အောင်ရိုက်ပြီး အားလုံးကို ဖြတ်ကျော်ဗိုလ်စွဲခဲ့တာပါ။

ကမ္ဘာ့နံပါတ်တစ် ဂေါက်သီးကစားသမား တိုက်ဂါးဝုဒ်ကတော့ ပထမ သုံးချက်လျော့နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ပိုင်အချီတွေမှာ အခက်အခဲတွေ့ ခဲ့ပြီး အဆင့်ကိုးနေရာသာ ရရှိခဲ့ပါတယ်။

WGC ဖလားကို တိုက်ဂါးဝုဒ်တစ်ယောက် ရှစ်ကြိမ်မြောက် ရရှိဖို့ ရေပန်းစားခဲ့ပေမယ့် အခုလို ပက်ထရစ်ရိဒ် က ဗိုလ်စွဲသွားခဲ့တာပါ။

အမေရိကန် ဂေါက်သီးရိုက်ကစားသမား ပက်ထရစ်ရိဒ်ဟာ သူ့ ရဲ့ တတိယအကြိမ်မြောက် WGC ဖလားကို လက်ခံရယူပြီးနောက် အခုလိုပြောကြားသွားခဲ့ပါတယ်။

“ ကျွန်တော်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားငါးယောက်ထဲက တစ်ယောက်ပါ။ အခုလို WGC ချန်ပီယံဆုကို သုံးကြိမ်မြောက်သိမ်းပိုက်နိုင်ခဲ့ပြီး အကောင်းဆုံးလက်စွမ်းကို ရရှိခဲ့တဲ့အတွက် အရမ်းကျေနပ်မိ ပါတယ်။ ကျွန်တော် နောက်ဆုံးအချီကို တစ်ချက်တည်းနဲ့ ကျွင်းဝင်အောင် ရိုက်နိုင်ခဲ့တယ်ဗျ”

WGC ဖလားကို မနှစ်က ရရှိခဲ့သူကတော့ တိုက်ဂါးဝုဒ်ဖြစ်ပါတယ်။

ပွဲတက်အတွက် အမိုက်စား ဆံပင်ပုံစံလေး ဖန်တီးကြည့်ချင်တယ်ဆိုရင်



ထသွားထလာမဟုတ်တဲ့ ဒင်နာ၊ ပါတီပွဲတွေအတွက် ကိုယ်ပြင်ဆင်နေကျ ဆံပင်ပုံစံတွေနဲ့ ကွဲအောင် ပုံစံအသစ်ပြင်ဆင်သွားချင်သူတွေအတွက် အမိုက်စားဆံပင်ပုံစံလေးတစ်ခု ပြောပြပေးချင်ပါတယ်။ ဆိုင်သွားစရာမလိုဘဲ အိမ်မှာပဲ အချိန်နည်းနည်းနဲ့ ကိုယ့်ဘာသာကိုယ် ပြင်ဆင်နိုင်တယ်ဆိုတော့ ပျိုမေတွေအတွက် အဆင်ပြေစေမှာပါ။



၁။ ပထမဆုံးအဆင့်အနေနဲ့ ဆံပင်ကို ဘေးခွဲ ခွဲဖို့လိုပါတယ်။ ပုံမှာပြထားတဲ့အတိုင်း ကိုယ်အားသန်တဲ့ ဘက်၊ ညာဘက် (သို့) ဘယ်ဘက်ကို သေသေချာချာခွဲလိုက်ပါ။ ဆံပင်အရှည်ကလည်း ပခုံးကျော်ကျော်လောက်ရှိနေရင် ပိုအဆင်ပြေပါတယ်။



၂။အဲ့ဒီနောက်မှာတော့ နောက်စေ့နားက ဆံပင်တွေကိုယူပြီး ဘီးနဲ့ နည်းနည်းခြစ်လိုက်ပါ။ ဒီလိုခြစ်ထုတ်ခြင်းဟာ ဆံပင်သားပွပွလေးဖြစ်နေအောင် ဖန်တီးဖို့ပါ။



၃။အဲ့ဒီနောက်မှာတော့ ခြစ်ထုတ်လိုက်တဲ့ ဆံပင်သားကို ဘရက်ရှ်သုံးပြီး နောက်နားကို ဖောင်းဖောင်းလေးဖြစ်အောင် ယူလိုက်ပါ။



၎။ပြီးတဲ့အခါ ခုနယူထားတဲ့ ဆံပင်သားတွေကို ပုံမှာပြထားသလို ကလစ်လေးတွေထိုးလိုက်ပါ။



၅။ပြင်ဆင်ထားတဲ့ ဆံပင်ပုံစံကို တာရှည်ခံအောင် စပရေးဖျန်းပေးပါ။



၆။နောက်ဆုံးအဆင့်အနေနဲ့ကတော့ ဆံပင်ပုံစံနဲ့ လိုက်ဖက်တဲ့ မိတ်ကပ်အပြင်အဆင်၊ ခြယ်သမှုတွေ ဖြည့်စွက်လိုက်ရုံပါပဲ။





Ref:cosmopolitan.com

ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံနဲ့ စက်ရုပ်တို့ စားပွဲတင်တင်းနစ် ယှဉ်ပြိုင်ကစား



ကမ္ဘာ့စားပွဲတင်တင်းနစ်ချန်ပီယံဖြစ်တဲ့ တီမိုဘိုလ် ကို ဒီတစ်ခါ စိန်ခေါ်ယှဉ်ပြိုင်တဲ့သူကတော့ လူသားတစ်ယောက် မဟုတ်ပါဘူး။ နောက်ဆုံးပေါ်နည်းပညာတွေအသုံးပြုထားတဲ့ စက်ရုပ်တစ်ရုပ်ပါ။

ဂျာမနီလူမျိုး ဂန္တ၀င်စားပွဲတင်တင်းနစ်ကစားသမား တီမို ဟာ ကမ္ဘာ့ချန်ပီယံဆုကို ခုနှစ်ကြိမ်တိုင်တိုင် ရရှိခဲ့ဖူးသူဖြစ်ပြီး ဥရောပဆုတံဆိပ်ပေါင်းများစွာလည်း ရရှိခဲ့သူပါ။

အားကစားနည်းတွေမှာ အဆင့်မြင့်နည်းပညာတွေ နေရာယူလာချိန်မှာ စက်ရုပ်တွေကလည်း အားကစားနည်း တွေမှာ နေရာယူလာပါပြီ။ ဂျာမနီအကောင်းဆုံးအားကစားသမားဆုကို ခုနှစ်ကြိမ်တိုင်တိုင်ရရှိခဲ့တဲ့ တီမိုဟာ အခုတစ်ခါမှာလည်း သူ့ ရဲ့ စားပွဲတင်တင်းနစ်ကျွမ်းကျင်မှုကို တရုတ်ပရိသတ်တွေ ချီးကျူး ထောပနာပြုခဲ့ရပါတယ်။

စက်ရုပ်ထုတ်လုပ်ရေးလုပ်ငန်းစုဖြစ်တဲ့ ကူကာ ဟာ ရှန်ဟိုင်းမှာ သူ့ ရဲ့ ပထမဆုံးစက်ရုပ်ကို ဖွင့်လှစ်တဲ့ အထိမ်းအမှတ်ပွဲမှာ ကူကာ စက်ရုပ်ကို ပွဲထုတ်ခဲ့တာပါ။ ဒီဖွင့်ပွဲမှာ လူသားဖြစ်တဲ့ တီမိုဟာ စက်ရုပ် ကူကာကို ပရိတ်သတ်တွေရှေ့ မှာ ယှဉ်ပြိုင်ကစားရမှာပါ။

ကူကာ စက်ရုပ်ကို တီမိုတစ်ယောက် ခက်ခက်ခဲခဲယှဉ်ပြိုင်ပြီးနောက်မှာ ၁၁ မှတ် - ကိုးမှတ် အမှတ် ကွာဟချက် ကျဉ်းမြောင်းစွာနဲ့  အနိုင်ယူနိုင်ခဲ့ပါတယ်။

စက်ရုပ်ထုတ်လုပ်ရေးလုပ်ငန်းစုဖြစ်တဲ့ ကူကာဟာ စီးပွားရေးလုပ်ငန်းသုံးအသုံးချစက်ရုပ် အမြောက်အမြားကို ထုတ်လုပ်ခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ကူကာ ကုမ္ပဏီထုတ် KR 6 R900 SIXX ဆိုတဲ့ စက်ရုပ်ဟာ သူ့ ရဲ့ သန်မာဖျတ်လတ်တဲ့ လက်မောင်းနဲ့ စွမ်းဆောင်ရည်တွေကြောင့် နာမည်ကြီးပါတယ်။ ဒါပေမယ့် လူသားနဲ့ စက်ရုပ်တို့ ယှဉ်ပြိုင်တဲ့ပွဲစဉ်မှာတော့ ကူကာစက်ရုပ်ဟာ စားပွဲတင်တင်းနစ်ချန်ပီယံ တီမိုကို အရှုံးပေးခဲ့ရတာပါ။

“ ကျွန်တော်ဘယ်သွားသွား လူတွေက ကျွန်တော့်ဆီလာပြီး ဒီဗီဒီယိုနဲ့ လာမိတ်ဆက်ကြတယ်။စကားပြော ကြတယ်။ ဒီ အစီအစဉ်ဟာ အပျော်သက်သက် ထက်ပိုခဲ့ပါတယ်။ ဒီအစီအစဉ်ကြောင့် စားပွဲတင်တင်းနစ် ကစားနည်းကို ကမ္ဘာမှာပိုမိုတွင်ကျယ်အောင် မြှင့်တင်ပေးနိုင်ခဲ့တယ်လေ” လို့ တီမိုက ပြောကြားခဲ့ပါတယ်။

Ref: Mirror

လေယာဉ်မယ်တွေကို စကပ်တို ၀တ်ခိုင်းတဲ့ လေကြောင်းလိုင်း ဝေဖန်ခံနေရ


 

ဂျပန် နိုင်ငံမှာ ရှိတဲ့ လေကြောင်းလိုင်း တစ်ခုဟာ လေယာဉ်မယ် တွေကို စကပ်တိုတို ၀တ်ဆင်ခိုင်းခဲ့ လို့ ဝေဖန်မှု တွေနဲ့ ရင်ဆိုင် နေရ တယ် လို့ သိရပါတယ်။ Skymark လေကြောင်းလိုင်း ဟာ မကြာမီ စတင် ပြေးဆွဲ မယ့် ပထမဆုံး ခရီးစဉ် ဖြစ်တဲ့ ဟာနီဒါ- ဖူကူ အိုကာ ကို သွားမယ့် လမ်းကြောင်း မှာ လေယာဉ်မယ် တွေကို စကပ်တိုတိုဝတ်ဆင်စေမှာ ဖြစ်ပါတယ်။




ဒီလို ပြုလုပ်ခြင်းဟာ လေယာဉ်မယ် တွေရဲ့ အလုပ် အပေါ်များစွာ ထိ ခိုက်မှု ရှိ လာလိမ့်မယ်လို့ ဂျပန် နိုင်ငံရှိ လေယာဉ်စီးခရီးသည်များကို ပြုစု စောင့်ရှောက်သူများ အဖွဲ့ အစည်းက ထောက်ပြ ခဲ့ပါ တယ်။ စကပ်တိုတိုဝတ်ဆင်ရခြင်းကြောင့် အနေအထိုင်အသွား အလာအပေါ် သတိထား နေရ တဲ့ အပြင် လိင်အသားပေးဝတ်ဆင်မှုဖြစ် တာမို့ ခရီးသည် တွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ ဖြစ် တယ်လို့ အဆိုပါအဖွဲ့  က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် စကပ်တိုတို ၀တ်ဆင်ထားခြင်းကြောင့် လေယာဉ်မယ် တွေ ရဲ့ အနာဂတ်က စိုးရိမ်စရာဖြစ်နေပြီး၊ မိုဘိုင်း ဖုန်းတွေနဲ့ ခိုးရိုက်ကူးမှုတွေဖြစ်လာနိုင်တယ် လို့ ဆိုထား ပါ တယ်။ ဒါဟာ ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းအပေါ် ချိုးဖောက်ရာရောက်နေကြောင်း သိရပါတယ်။ 



ဒါပေမဲ့ Skymark လေကြောင်း လိုင်းတာဝန်ရှိသူတွေကတော့ စကပ်တိုတို ၀တ်ဆင်ခိုင်းခြင်းနဲ့ ပတ်သက်ပြီး ကာကွယ်မှု တွေပြု လုပ် သွားခဲ့ပါတယ်။ Skymark လေ ကြောင်းလိုင်းက ပြောရေးဆိုခွင့်ရှိသူ တစ်ဦး က““ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားဝင်အသိပေး မှုမရောက်ရှိသေးပါဘူး။ ကျွန်တော်တို့ကလည်း ဒီအစီအစဉ်ကို ခြောက်လလောက်ပဲ ပြုလုပ် သွားမှာဖြစ်တာမို့ ဘာအကျိုးသက်ရောက်မှု မှ ရှိလာမှာ မဟုတ်ပါဘူး””လို့ ဖြေရှင်းခဲ့ပါ တယ်။ ပြီးခဲ့တဲ့ နှစ်က လည်း သြစတြေးလျ လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Qantas ဟာ လေယာဉ်မယ် တွေကို ဆွဲဆောင်မှု ရှိစေဖို့ စကပ်တိုတိုနဲ့ ကိုယ်ကျပ်အင်္ကျီတွေဝတ်ဆင် ခိုင်းလို့ ဝေဖန်မှုခံခဲ့ရကြောင်း သိရသည်။

Thursday, March 13, 2014

သန္ဓေတားဆေးတွေဟာ အန္တရာယ်များတဲ့ လိင်ဆက်ဆံမှုကို ဦးဆောင်နေခြင်း မရှိ




လူတချို့တွေးထင်နေတာနဲ့ ပတ်သက်ပြီး ပြောင်းပြန်ဖြစ်နေတဲ့ အချက်ကတော့ သန္ဓေတားဆေးတွေ အသုံးပြုခြင်းဟာ အန္တရာယ်ရှိတဲ့ လိင်ဆက်ဆံမှုကို မဖြစ်စေနိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ ဒါကတော့ ဂျာနယ် Obstetrics & Gynecology ရဲ့ လေ့လာတွေ့ရှိချက် အသစ်တရပ်ပဲ ဖြစ်ပါတယ်။ ဒီလေ့လာတွေ့ရှိချက် အသစ်ဟာ အသက် ၁၄နှစ်ကနေ ၁၅ နှစ်အတွင်းမှာရှိတဲ့ အမျိုးသမီးပေါင်း ၉၀၀၀ ကို စမ်းသပ်မှုပြုလုပ်တဲ့ “CHOICE” လို့အမည်ရတဲ့ စီမံချက်တစ်ရပ်ကနေ ရရှိလာတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၁၂ ခုနှစ်အရောက်မှာတော့ သုတေသနပြုသူတွေဟာ ကာလကြာရှည် သန္ဓေတားဆေး (ဥပမာ- IUD , implant) စတာတွေဟာ ကလေးပျက်ကျခြင်း ၊ အရွယ်မတိုင်ခင် ကိုယ်ဝန်ရှိခြင်းတွေကို လျော့ကျစေနိုင်တယ်လို့ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒီ ကာလ၀န်းကျင်တွေ လောက်တုန်းကပဲ သုသေသနပြုသူတွေဆီက သန္ဓေတားဆေးတွေဟာ လိင်ဆက်ဆံမှု အကြိမ်ရေ ပိုများတယ် ၊ လိင်ဆက်ဆံဖက်တွေလည်း ပိုများတတ်တယ်လို့ ယုံတမ်းစကားတွေ ထွက်လာပါသေးတယ်။ မကြာသေးခင်က သန္ဓေတားဆေး ခြောက်လ ကနေ တစ်နှစ်အထိ သုံးစွဲပြီးသွားတဲ့ အမျိုးသမီး ၇၇၅၁ ယောက်လောက်ကို ဖုန်းနဲ့ အတွင်းကျကျ မေးခွန်းတွေ မေးမြန်းပြီး သုသေသနပြုကြည့်တဲ့အခါ သူမတို့ကလည်း အမှန်အတိုင်း ဖြေဆိုဖို့ သဘောတူခဲ့ကြပါတယ်။ အမျိုးသမီး ၇၇၅၁ ယောက်အနက် ၇၀၀၀ ကျော်လောက်ရဲ့ အင်အားပြည့်ဝတဲ့ သတင်းစကားတွေအရ သန္ဓေတားဆေးဟာ အသုံးပြုသူ အမျိုးသမီးတွေကို ပျက်စီးစေတတ်တဲ့ ဆုံးဖြတ်ချက်တွေ မပြုလုပ်မိစေဘူးဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ကာလရှည်ကြ သန္ဓေတားဆေး သုံးစွဲတော့မယ်ဆိုရင် အများပြောသလို အထက်ပါ ယုံတမ်းစကားတွေ မဖြစ်ပွားနိုင်တဲ့အပြင် အကျိုးကျေးဇူးအချို့ပါ ရရှိစေနိုင်တယ်လို့ ခြုံငုံ သုံးသပ်လိုက်ရပါတယ်။

Iggy Azaleaရဲ့ ပွဲဦးထွက် အယ်လ်ဘမ် "The New Classic" မှာပါလာမယ့် သီချင်းစာရင်း




Iggy Azaleaရဲ့ ပွဲဦးထွက် အယ်လ်ဘမ် “The New Classic” ထွက်လာဖို့ လပိုင်းလောက်ပဲလိုပါတော့တယ်။ သြစီသူ ရပ်ပ်ပါ Iggy Azaleaဟာ သူ့ရဲ့အယ်လ်ဘမ်မှာ ပါရှိမယ့် သီချင်းတွေနာမည်တွေကို ပွဲထုတ်လိုက်ပါတယ်။



ဧပြီ ၂၂ရက်မှာ ထွက်ရှိမယ့် အယ်လ်ဘမ်ဟာ စံမှီတင်ဆက်မှု တစ်ခုနဲ့လာပါလိမ့်မယ်။ Bonus track ၃ပုဒ် ပါရှိမယ်လို့လည်း သိရပါတယ်။



ဒီအယ်လ်ဘမ်ထဲမှာ ပါဝင်သီဆိုပေးထားတဲ့ နာမည်ကြီးတချို့လည်း ရှိပါတယ်။ သူတို့ကတော့ “Fancy” single မှာဝင်ဆိုပေးခဲ့တဲ့ ပေါ့ပ်အဆိုတော် Charli XCXနဲ့ “Change Your Life” သီချင်းမှာ ဆိုပေးခဲ့တဲ့ T.I. တို့ပါပဲ။ ဗြိတိန် ပေါ့ပ်အဆိုတော် Rita Ora ဟာ တေးရေးတေးဆို Katy Perry ရေးပေးထားတဲ့ “Black Widow” သီချင်းကို သီဆိုပေးထားပါတယ်။ “Lady Patra” သီချင်းမှာတော့ dancehall အဆိုတော် Mavado က သီဆိုပေးထားပါတယ်။



“The New Classic” Tracklist

1. ‘Walk the Line’

2. ‘Don’t Need Ya’ll’

3. ‘100’ (Featuring Watch the Duck)

4. ‘Change Your Life’ (Featuring T.I.)

5. ‘Fancy’ (Featuring Charli XCX)

6. ‘New Bitch’

7. ‘Work’

8. ‘Impossible Is Nothing’

9. ‘Goddess’

10. ‘Black Widow’ (Featuring Rita Ora)

11. ‘Lady Patra’ (Featuring Mavado)

12. ‘F--- Love’

Deluxe

13. ‘Bounce’

14. ‘Rolex’

15. ‘Just Askin’



Instagram မှာ ဘီကီနီနဲ့ sexy ဓါတ်ပုံအများအပြား ရိုက်ကူးထားတဲ့ Nicki Minaj တစ်ယောက် စေ့စပ်တော့မှာလား





Nicki Minaj တစ်ယောက် ဒီတစ်ပါတ်ထဲမှာတော့ မက္ကဆီကိုက Cabo San Lucas မှာ အချိန်အတော်များများ ဖြုန်းတီးခဲ့ပြီး selfies ဓါတ်ပုံအတော်များများလည်း Instagram ကို တင်နေခဲ့တာ တွေ့ရပါတယ်။ ဘီကီနီဝတ်ထားတဲ့ သူမရဲ့ ဓါတ်ပုံရိုက်ကူးမှုမှာ sexy ပို့စ်တွေ အများအပြားလည်း ပါဝင်နေပါတယ်။

ဒါ့အပြင် ဓါတ်ပံတွေထဲက တစ်ခုမှာ သူမရဲ့ လက်မှာ လက်စွပ်တစ်ကွင်း ၀တ်ဆင်ထားတာကိုလည်း တွေ့ရပါတယ်။



အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ Nicki မှာ Safaree Samuels လို့ခေါ်တဲ့ အသက် ၃၂ နှစ်အရွယ် ရည်းစားတစ်ယောက်ရှိပါတယ်။ သူမတို့ရဲ့ ချစ်သူသက်တမ်း (၁၀)နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ အရင်အပတ်ထဲမှာ မင်္ဂလာဆောင်အသွင်အပြင်နဲ့ ဓါတ်ပုံတွေ ရိုက်ကူးခဲ့ကြပါတယ်။

သူတို့နှစ်ဦးအနေနဲ့ စေ့စပ်ဖို့ (ဒါမှမဟုတ်) လက်ထပ်ဖို့ အတည်ပြုမှုတွေတော့ မပြုလုပ်ရသေးဘူးလို့ ဆိုပါတယ်။



ပြီးခဲ့တဲ့ အပတ်တုန်းကပဲ သရုပ်ဆောင် မင်းသမီး Stacy Keibler နဲ့ သူ့ချစ်သူ Jared Pobre တို့ကလည်း မက္ကဆီကိုမှာ တိတ်တဆိတ် အခမ်းအနားလာကျင်းပတဲ့ သာဓကတွေကလည်း ရှိနေသေးတယ်လေ။

ကိုရီးယား အမျိုးသမီး တေးဂီတအဖွဲ့များ၏ အလွန်အကျွံ လိင်အသားပေး ဖျော်ဖြေမှုများကို ကန့်သတ်ရန်စီစဉ်




K pop ယဉ်ကျေးမှုနဲ့ အာရှကို လွှမ်းမိုးထားနိုင်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ အမျိုးသမီး တေးဂီတအဖွဲ့တွေရဲ့ အလွန်အကျွံ လိင်ဆွဲဆောင်မှု အသားပေး ဖျော်ဖြေမှုတွေကို ကန့်သတ်နိုင်ဖို့ စီစဉ်နေတယ်လို့ soompi.com မှာ ဖော်ပြထားပါတယ်။

ယခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း ထွက်ရှိခဲ့တဲ့ အမျိုးသမီး K pop အဖွဲ့တွေရဲ့ တေးဂီတ ဗီဒီယိုတွေဟာ အလွန်အကျွံ လိင်ဆွဲဆောင်မှုတွေ ပါဝင်နေတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးတဲ့ နောက်မှာ ကိုရီးယား ဆက်သွယ်ရေး စံချိန်စံညွှန်း ကော်မရှင်က SBS ရုပ်သံလိုင်း ရဲ့ Inkigayo ဂီတအစီအစဉ်နဲ့ KBS ရုပ်သံလိုင်းရဲ့ Music Bank ဂီတအစီအစဉ်က တာဝန်ရှိသူတွေကို အစည်းအဝေး ခေါ်ယူပြီး ဆွေးနွေးခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ ကိုရီးယား ဆက်သွယ်ရေး စံချိန်စံညွှန်း ကော်မရှင်က ရုပ်သံ အစီအစဉ်တွေမှာ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ ဘယ်အတိုင်းအတာထိသာ ခွင့်ပြုမယ်ဆိုတဲ့ သူတို့ရဲ့ သတ်မှတ်ချက်ကို ထုတ်ဖော် ပြောကြားခဲ့ပြီး ဂီတ အစီအစဉ်တွေမှာ အလွန်အကျွံ လိင်ဆွဲဆောင်မှု အသားပေး ဖျော်ဖြေမှုတွေကို ဘယ်လို ကိုင်တွယ်သွားမယ် ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ကိုရီးယား ဆက်သွယ်ရေး စံချိန်စံညွှန်း ကော်မရှင်က အမျိုးသမီး K pop အဖွဲ့တွေရဲ့ ဖျော်ဖြေ တင်ဆက်ပုံတွေဟာ အလွန်အကျွံ အဆင့်ကို ရောက်ရှိနေပြီး တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ပြဋ္ဌာန်းဖို့ လိုနေပြီလို့လည်း ပြောကြားခဲ့ပါတယ်။

ပရိသတ်အချို့ကတော့ အလွန်အကျွံ လိင်အသားပေး ဖျော်ဖြေမှုတွေက ဈေးကွက်ထဲမှာ အများအပြား ရှိနေပြီ ဖြစ်တဲ့အတွက် တာဝန်ရှိသူတွေရဲ့ ယခု လုပ်ရပ်ဟာနောက် တောင်ကျနေပြီလို့ ပြောကြားခဲ့ပါတယ်။

ဆွဲအားမဲ့ လေဟာနယ်ထဲ ရောက်သွားသည့် ကိတ်အပ်တန်






လုံးကြီးပေါက်လှ အမေရိကန် မော်ဒယ်လ်သည် Sports Illustrated မဂ္ဂဇင်းအတွက် အာကာသအတွင်း ဆွဲအားမဲ့နေသော အခြေအနေမျိုး အထူးဖန်တီးမှုများဖြင့် ကိုယ်ဟန်ပြ ဓာတ်ပုံအရိုက်ခံခဲ့

ကိတ်အပ်တန် အနေဖြင့် ရွှေရောင်ဘီကနီဝတ်ပြီး ကမ္ဘာ့အပြင်ဘက် ထွက်သွားခဲ့ပြီ ဖြစ်သည်။ လုံးကြီးပေါက်လှ အမေရိကန် မော်ဒယ်လ်သည် Sports Illustrated မဂ္ဂဇင်းအတွက် အာကာသအတွင်း ဆွဲအားမဲ့နေသော အခြေအနေမျိုး အထူးဖန်တီးမှုများဖြင့် ကိုယ်ဟန်ပြ ဓာတ်ပုံအရိုက်ခံခဲ့သည်။ အသက်(၂၁)နှစ်ရှိ ကိတ်သည် ရွှေရောင် ဘီကနီ ဒီဇိုင်းအချို့ကို ဝတ်ဆင်ကာ ဖလော်ရီဒါရှိ Space Coast လေဆိပ်မှ ဆွဲအားမဲ့အခန်းထဲတွင် ယင်းကဲ့သို့ ဓာတ်ပုံရိုက်ခဲ့ခြင်း ဖြစ်သည်။ ကိတ်အနေဖြင့် ဆွဲအားမဲ့ လေဟာနယ်ထဲတွင် အသားတကျ ဖြစ်စေရန် ကျွမ်းကျင်သူများက အနီးကပ် အကြံပေး သင်ပြခဲ့ကြောင်းလည်း သိရသည်။



အဆိုပါ ရိုက်ကွင်းကို မှတ်တမ်းယူထားသော ဗီဒီယိုတွင် ကိတ်ခမျာ လေဟာနယ်ထဲ မျောလွင့်ပြီး ဂျွမ်းထိုးမှောက်ခုန် ဖြစ်နေစဉ် ရုန်းထွက်လာတတ်သည့် သူမ၏ စွဲမက်စရာ အမို့အမောက် အဖောင်းအကြွများကို ဘီကနီနှင့် အံဝင်အောင် ပြုပြင်ရင်း အလုပ်များနေသည်ကိုလည်း ရယ်ရွှင်ဖွယ်ရာ တွေ့ရှိရသည်။ အဆိုပါ ဆွဲအားမဲ့ လေဟာနယ်ခန်းသည် Boeing-727 လေယာဉ်တစ်စင်း၏ အတွင်းပိုင်းကို အထူးပြုပြင် စီမံကာ ဖန်တီးထားခြင်း ဖြစ်သည်။



ZERO-Gဟု အမည်ပေးထားသော အဆိုပါ လေယာဉ်သည် အများပြည်သူ ပါဝင်စီးနင်းခွင့် ပေးထားသည့် တစ်ခုတည်းသော ဆွဲအားမဲ့ အတွေ့အကြုံ ရရှိစေမည့် စီးပွားဖြစ် လေကြောင်းလိုင်းလည်းဖြစ်သည်။ ကိတ်သည် Sports Illustrated မဂ္ဂဇင်းတွင် မျက်နှာဖုံးရှင်အဖြစ် နှစ်ကြိမ်ပါဝင်ဖူးသော်လည်း ယခု အထူးထုတ်တွင်မူ ခရစ္စီတီဂန်၊ နီနာအက်ဂ်ဒဲလ်နှင့် လီလီအဲလ်ဒရစ်ဂ်ျတို့ကိုသာ မျက်နှာဖုံးပုံအတွက် ရွေးချယ်ပြီး ကိတ်ကမူ မဂ္ဂဇင်းကျောဖုံးနေရာတွင် ပါဝင်လာကြောင်း သိရှိရသည်။

သေနေတဲ့ လူမောင်းသွားတဲ့ ကားကို လိုက်ဖမ်းခဲ့ရတဲ့ ရဲတစ်ဦး


တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက Las Vegas ရဲတစ်ဦးဟာ သူ့ရဲ့ ရဲကားနဲ့ ကင်းလှည့်နေစဉ် မောင်းသူမပါဟု ယူဆရတဲ့ Nissan Maxima မော်တော်ကား တစ်စီး မီးနီဖြတ် မောင်းလာတာကို တွေ့ခဲ့ရပါတယ်။

ဒါဟာ သာမန် ယာဉ်စည်းကမ်းချိုးဖောက်မှု တစ်ခု မဟုတ်ပါဘူးလို့ လူသတ်မှု ဌာနက ရဲအရာရှိ Ray Steiber က ပြောကြား ခဲ့ပါတယ်။

အဆိုပါ Maxima ကားဟာ ယဉ်မောင်းထိုင်ခုံမှာ လူလိုက်ပါခြင်း မရှိဘဲ မာတင် လူသာကင်း လမ်းမကြီး အတိုင်း တောင်ဘက် သို့ မောင်းနှင်သွားတာကို တွေ့ရတဲ့အခါ ကင်းလှည့်ရဲ အရာရှိဟာ လန့်ဖျပ်သွားခဲ့တယ်လို့ သိရပါတယ်။

ယင်းရဲအရာရှိဟာ သူ့ရဲ့ ကင်းလှည့်ယာဉ်နဲ့ Maxima ကားရဲ့ နောက်က လိုက်သွားခဲ့တဲ့အခါ Maxima ကားဟာ လမ်းလယ်တုံး ကို ဖြတ်ကျော်ပြီး တစ်ဖက်ယာဉ်ကျောကို ဖြတ်ကာ ဘုရားကျောင်းတစ်ခု အနီးက မြက်ခင်းဘက်ကို ဦးတည်သွား ခဲ့ ပြန်ပါတယ်။

သို့သော်လည်း ကားဟာ ရပ်မသွားဘဲ မာတင် လူသာကင်း လမ်းမကြီးအတိုင်း မြောက်စူးစူးကို ပြန်လည် မောင်းနှင်သွားပြီး ဂျင်မီ ရိပ်သာလမ်းနဲ့ မာတင် လူသာကင်း လမ်းမကြီး ဆုံရာအနီးမှာ အခြား ကားတစ်စီးကို ဝင်တိုက်ခဲ့ပါတယ်။

Maxima ကား ရပ်သွားတဲ့အတွက် ရဲအရာရှိက ကားအတွင်းကို ကြည့်လိုက်တဲ့ အခါမှာတော့ ယာဉ်မောင်း ထိုင်ခုံပေါ်မှာ သေနတ်နဲ့ အချက်ပေါင်းများစွာ အပစ်ခံ ထားရလို့ ပျော့ခွေ နေတဲ့ ယောက်ျားတစ်ယောက်ကို တွေ့ရ ပါတော့တယ်။

အသက် ၃၀ အရွယ်ခန့်ရှိတဲ့ အဆိုပါ အမည်မသိသူဟာ ၎င်းကို ရဲအရာရှိက တွေ့ရှိချိန်မှာ သေဆုံးနေပြီလို့ သိရပြီး ယာဉ်တိုက် မှုကြောင့် အခြား ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ သိရပါတယ်။

ကြက်သွေးရောင် Maxima ကားရဲ့ ယာဉ်မောင်းဘက်အခြမ်း ကိုယ်ထည်မှာ သေနတ် ကျည်ဆံဖောက်ရာများ တွေ့ရတယ်လို့ လည်း Steiber က ဆိုပါတယ်။

သေနတ်နဲ့ အပစ်ခံရသူဟာ ကားရဲ့ accelerator ခြေနင်းကို နင်းထားချိန်မှာ အပစ်ခံရတာ ဖြစ်နိုင်ပြီး မီးနီဖြတ်မောင်းချိန်မှ ယာဉ် ရပ်တန့်သွားချိန်အထိ လိုက်လံ ဖမ်းဆီးချိန် ၁၀ စက္ကန့်မှ ၁၅ စက္ကန့်အထိသာ ကြာမြင့်တယ်လို့လည်း ၎င်းက ဆိုပါတယ်။

ရဲတပ်ဖွဲ့ အနေနဲ့ ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာကို စုံစမ်းနေပြီး သေဆုံးသူဟာ ကားပေါ်မှာ ဘယ်လောက်ကြာကြာ သတိလစ် မေ့မြော နေပြီး မည်သည့် အချိန်ကတည်းက သေနတ်ဖြင့် ပစ်ခံခဲ့ရတယ်ဆိုသည်ကို မသိသေးကြောင်းလည်း Steiber က ပြောကြားခဲ့ပါတယ်။

Steiber ရဲ့ အဆိုအရ Las Vegas ရဲတပ်ဖွဲ့ဟာ Maxima ကားကို မတွေ့မီ အချိန်ပိုင်းအတွင်းမှာပဲ သေနတ် ပစ်ခတ်မှုများ ဖြစ်ပွား ခဲ့ကြောင်း 911 သို့ ဖုန်းခေါ်ဆိုမှုတွေ ရရှိခဲ့တယ်လို့လည်း သိရပြီး မာတင် လူသာကင်း လမ်းမကြီးရဲ့ မြောက်ဘက်ပိုင်း Lake Mead လမ်းဆုံ တစ်နေရာက ခေါ်ဆိုခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ယင်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး သတင်းတစ်စုံတစ်ရာ သိရှိပါက Las Vegas မြို့ ရဲတပ်ဖွဲ့ လူသတ်မှုဌာနသို့ သတင်းပေးပို့ကြn ရန် ကြေညာထားကြောင်းလည်း သိရပါတယ်။

မြန်မာ အနုပညာ...



မောင်ကျော်ညွန့်၏``အပျိုမယ်လေးများ(၂၀၁၀?)``အမည်ရ ပန်းချီကား။

`Pretty Girls(2010?)``By Maung Kyaw Nyunt

တက္ကသိုလ်နယ်မြေ၊ ကမာရွတ်-လှည်းတန်းက အပြင်ဆောင်တစ်ခုပဲနေမှာ၊ ဤပန်းချီကားတစ်ချပ်၏ ရောင်စုံဆေးသားလေးတွေဆိုသည်က။ ဖေဖော်ဝါရီ နေ့တစ်နေ့၏ တစ်ခုသော မိန်းကလေးအဆောင်....၊ ကံ့ကော်များကို မြင်တွေ့လိုက်ရခြင်းကြောင့်ကျွန်ုပ်တို့က ထိုသို့ မှန်းဆနေမိခဲ့ခြင်း ဖြစ်သည်။

ရေမိုးချိုးပြီးစ...ထမီရင်လျားနှင့်သနပ်ခါးလိမ်းနေခဲ့သည့်သူမ၏အနီအနားမှာ၊နှင်းဆီများကိုလည်း တွေ့ရသေးသည်။၊ လှည်းတန်းဈေးက မနေ့ညက သူတို့လေးတွေ အပြင်သို့ ခဏထွက်လည်ကြရင်း အဆောင်လမ်းထိပ် ပန်းဆိုင်လေးမှ ဝယ်လာခဲ့ကြခြင်း ဖြစ်မည်၊ မနက် ပရက်တီကယ်လ်အမီ ကျောင်းသွားသည့်အခါ အဆင်သင့် ပန်ဆင်ရန်၊

ဤပုံကားထဲက သစ်သား-နေအိမ်မျိုးလေးတွေက လွန်ခဲ့သော ၁၉၈၀ နှောင်းပိုင်းလောက်အထိ ရန်ကုန်မှာ၊ ....စမ်းချောင်း၊ ကြည့်မြင်တိုင်နှင့်ကမာရွတ်မြို့နယ်လိုမျိုးရပ်ကွက်လမ်းများမှာ မြင်တွေ့ရနိုင်ခဲ့သေးသည်။

ပြတင်းကနေ အပြင်သို့ လှမ်းငေးရင်း ထမီအနီကို ဝတ်နေသည့် မိန်းကလေး၊ မနက်ခင်း အလင်းက သူမ၏ ချည်ထည်ဝတ်စုံလေးကို တိုးတိတ် ဖြတ်သွားခဲ့ကြပုံ။ သူမ လှမ်းငေးရာ ခြံထဲက အစိမ်းရောင်အချို့ဆိုသည်က ခြံထဲက စည်းရိုးအကာအဖြစ် စိုက်ပျိုးထားသည့် ဝါးရုံပင် အခက်အလက်နှင့် အရွက်လေးတွေ ဖြစ်ခဲ့မည်လား၊

ထိုစဉ်အတိတ်နှစ်တွေတုန်းက ညနေများစွာတွင် ကျွန်ုပ်တို့သည် ထိုဝါးရုံစိမ်းလေးတွေရှိသည့် မိန်းကလေးအဆောင်တစ်ဆောင်သို့ သွားရောက်လည်ပတ်ခဲ့ဖူး၊ ဧည့်ခန်းမှာ မိနစ်များစွာ၊ ထိုင်စောင့်စရာ ကျောင်းသူမတစ်ဦးလည်း ရှိခဲ့ဖူးသောကြောင့် ဖြစ်သည်။

ဝါးရုံလေးတွေ မဟုတ်ခဲ့လျှင်လည်း ကိစ္စ မရှိ၊ ထိုပြတင်းစိမ်းလေးနှင့်ပင် သတိရစိတ်ဆိုသည်က ကျွန်ုပ်တို့အတွက် လုံလောက်နေပြီပဲ။ အပျိုမလေးများ၏ အမူအရာအမျိုးမျိုး၊ အထူးအားဖြင့် .....သနပ်ခါးမလေး၏ အနီးအနားတွင် အဓိက ထိုးကျနေခဲ့သည့် အလင်း၊ ထိုအလင်းကို `အမှတ်-၁` ဟု ကျွန်ုပ်တို့က သဘောထားလျှင် ခုနပြောပြသည့် ပြတင်းဆီက `ဝါးရုံစိမ်း`မှာ အလင်း `အမှတ်-၂` ဖြစ်ခဲ့ပေမည်။

ထိုအလင်း နှစ်ခုကြားထဲက အခန်းတွင်းရှိ လင်းရိပ်-မှောင်ရိပ်များ၊ မိန်းမသားတို့၏ ဖို့မို့လှပခြင်းတွေ၊ ....ကြွရွလှပသည့် အလင်းပေးမှုဖြစ်စဉ်၊ ဤအတွက် ``အလှဖွဲ့`` ပန်းချီကားတစ်ချပ်သည် ပိုမို အသက်ဝင်လာရသည်ဟု ဆိုနိုင်မည်။

အင်ပရက်ရှင်းဝါဒ၊ အိတ်စ်ပရက်ရှင်းဝါဒစတင်စကမ္ဘာ့ပန်းချီအယူအဆများ၏ ဝိဉာဉ်သည် ဤပန်းချီဆရာထံပါးတွင် ညိတွယ်ခိုဝင်နေခဲ့သလိုမျိုး မှန်းဆရသည်။

``၆-၃၀ အေ၊အမ်။``ကျောင်းထဲသို့ရောက်ဖို့ လမ်းလျှောက်ချိန် ၁၀-မိနစ်၊ သတ္တဗေဒ လက်တွေ့ခန်းက ၇-၀၀ အေ၊အမ်တွင် စတင်မည်၊ ဤငယ်ရွယ်သူလေးတွေ ကျောင်းချိန် မမီမှာ ဤ``အနုပညာ``က ဘာရယ်မဟုတ် စိုးနေမိသလို...။

ထိုအခါ ဝေဖန်သူ တစ်ဦးက ``......ဒီနေ့က ကျောင်းတော်ရဲ့ ပရက်တီကယ်နေ့ တစ်နေ့ မဟုတ်ရုံမက သူတို့လေးတွေဟာ လှည်းတန်းက အဆောင်သူလေးတွေလို့ပဲ မောင်ရင်ပြောသလို ဆိုပါဦး။ စိတ်အေးလက်အေးနဲ့ သူတို့ပုံစံလေးတွေ ကြည့်ရတာ ....တကယ်တမ်း စနေ-တနင်္ဂနွေလို နားရက်မှာ ဘုရားသွားဖို့ သူတို့ ပြင်ဆင်နေကြတာ ပိုပြီး ဖြစ်နိုင်တယ်ဗျ။ ကျုပ်ပြောတာ ...ဟုတ်စ။``ဟု ဆိုခဲ့မည်။

သို့ရာတွင် ဝေဖန်သူတစ်ဦးဦးနှင့် ငြင်းခုန်ရန်အတွက် ကျွန်ုပ်တို့တွင် ဘယ်တုန်းကမှ ထိုမျှ အချိန်ပိုလျှံနေခဲ့ခြင်း မရှိ။ ....သို့နှင့် ကျွန်ုပ်တို့၏ ``ပန်းချီကားတစ်ချပ်သို့ ချဉ်းကပ်ခြင်း``ဖြစ်သည့် ဤစာသားများ၏ အလွန်တွင်မူ မိတ်ဆွေများကိုယ်တိုင်က .....ပန်းချီဆရာ မောင်ကျော်ညွန့်၏ လက်ရာမွန်ပုံကားတစ်ချပ်အပေါ်တွင် စိတ်ကူးအေးဆေး နှစ်သက်ခံစားရန်ပင် ဖြစ်ပေတော့သည်။

Wednesday, March 12, 2014

သွေးစုပ်ဖုတ်ကောင် (Vampires) တွေ တစ်ကယ်ပဲ ရှိသလား ?



အသက် (၁၆) နှစ်အရွယ် တရုတ်နိုင်ငံက ကောင်လေးတစ်ယောက်မှာ သွေးစုပ်ဖုတ်ကောင် တွေရဲ့ အစွယ်ပုံစံလေး ပေါက်လာခဲ့ပါတယ်...၊ ချက်ချင်းဆိုသလိုပဲ အမေဖြစ်သူက ဆရာဝန်ဆီကို ခေါ်သွားပြခဲ့ပါတယ်..။





ဒီကလေးရဲ့ပုံစံဟာ အခုဆို မွေးစက ပုံစံနဲ့အတော့ကို ကွာနေပါပြီ..။ မွေးမွေးချင်းမှာပဲ.၊ အမေ ဖြစ်သူက ကလေးရဲ့ ကိုယ်ပေါ်က အမွှေးအမျှင်တွေကို သတိထားမိခဲ့ပါတယ်..။ ဒါကို သတိမထားခဲ့ပဲ အချိန်တန် ရင် ပျောက်သွားမှာပဲလို့ တွေးထားခဲ့ပါတယ်..။ လအနည်းငယ် ကြာတဲ့အခါမှာတော့..၊ သူမအတွက် တုန် လှုပ်ခြောက်ခြားစရာ နောက်တစ်ခု ထွက်ပေါ်လာပြန်ပါတယ်..။ အဲ့ဒါကတော့ ကလေးရဲ့ သွားတွေ ဖြစ်ပြီး... သွားလို့ခေါ်ရမလား အစွယ်လို့ ခေါ်ရမလားတောင် မသိတော့ပါဘူး..။




ဆရာဝန်ကတော့ ကလေးဟာ ငယ်သေးတဲ့အတွက် အခုချိန်မှာ ခွဲစိတ်မှုပြုလုပ်ဖို့ မဖြစ်နိုင်ကြောင်းနဲ့ အသက် ၁၈ နှစ်ကျော်မှသာ ခွဲစိတ်မှုကို စဉ်းစားနိုင်မှာဖြစ်ပြီး ခန့်မှန်းအနေနဲ့တော့ ပေါင် ၇၀၀၀ လောက် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်..။



Other Cases Of Vampire Boys?



Meet Simon နဲ့ George Cullen ဆိုတဲ့ United Kingdom က ကလေးနှစ်ယောက်ကိုတော့ သရဲညီ အစ်ကိုလို့ လူသိများကြပါတယ်..။ သူတို့နှစ်ယောက်က တစ်ကယ့် သွေးစုပ်ဖုတ်ကောင်လား လူလား ဆိုတာကိုတော့ သူတို့ပတ်ဝန်းကျင်ကြားမှာ အခုထိ အငြင်းပွားစရာ တစ်ခုအနေနဲ့ရှိနေဆဲပါ..။



ဒီကောင်လေးနှစ်ယောက်ဟာ နေရောင်နဲ့ထိလို့မရပါဘူး..၊ သူတို့ထဲက အစ်ကိုဖြစ်သူကတော့ ခုနက တရုတ်ကောင်လေးရဲ့ သွားဖြစ်သလို အစွယ်ပုံစံဖြစ်နေပြီး နောက်တစ်ယောက်ကတော့ ပုံမှန်ပါပဲ..။ သူတို့ ဟာ Hypohidortic Ectodermal Dysplasia လို့ခေါ်တဲ့ ရောဂါခံစားနေရတယ်လို့ ယေဘုယျ ကောက် ချက်ချထားကြပါတယ်..။



သူတို့ဟာ ချွေးလည်း မထွက်တာကြောင့်.၊ အားကစားလည်း မလုပ်ရပါဘူး.၊ ဒါကြောင့် သူတို့ရဲ့ ဘ၀ကို အိမ်ထဲမှာသာ ဂိမ်းတွေဆော့၊ ဗွီဒီယိုတွေကြည့်ရင်း ကုန်ဆုံးနေရပါတယ်..။ သူတို့ဟာ တစ်ကယ်ပဲ သွေးစုတ်ဖုတ်ကောင်တွေလား ဆိုတာကိုတော့................

အောင်ထွန်းဦး

ယောက်ျားလေးတွေသိထားသင့်သော(၁၂)ချက်




(၁) ဦးနှောက်ရှိတဲ့ မိန်းကလေးတစ်ယောက်ကိုချစ်ကြိုက်ပြီး သူ့ကို ရင်သားမရှိ(ကြီး)ဘူးလို့ အပြစ်မဆိုပါနဲ့။

ရင်သားရှိတဲ့မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်ပြီး သူ့ကို ဦးနှောက်မရှိဘူးလို့ အပြစ်မဆိုပါနဲ့။

ဦးနှောက်လည်းရှိ၊ ရင်သားလည်းရှိ(ကြီး)တဲ့ မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်ပြီး သူ့ကို သဘောထား မပြည့်ဝဘူးလို့ အပြစ်မဆိုပါနဲ့။ လောကကြီးမှာ ခြောက်ပစ်ကင်းတဲ့ ယောက်ျားမရှိသလို ခြောက်ပစ်ကင်းတဲ့မိန်းမလည်း မရှိပါဘူး။

(၂) မိန်းမတွေကို သင့်ဗိုက်ထဲက သံကောင်မဟုတ်ဘူး။ သူ့ကို သင်ချစ်တယ်၊ မချစ်ဘူးဆိုတာကို သင်မပြော၊ သင်မပြဘဲနဲ့ သူသိနိုင်မှာ မဟုတ်ဘူး။

(၃) မိန်းကလေးတွေ ချွဲနွဲ့တဲ့အချိန် သူ့ကိုလျစ်လျူမရှူလိုက်ပါနဲ့။ သူ့ချွဲနွဲ့တာကို လျစ်လျူရှူရင် သူ့ကို သင်အရေးမစိုက်ဘူး၊ သင်ရင်ထဲမှာ သူမရှိဘူးလို့ သူထင်လိမ့်မယ်။

(၄) ကာမဆိုတာ မိန်းကလေးတွေအတွက် ယောက်ျားလေးတွေ ထင်ထားသလောက် အရေးမပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်သူချစ်တိုင်း သူလိုအပ်တယ်၊ သူ့ကို ပြည့်ဝစေမယ်လို့ မယူဆလိုက်နဲ့။ ဒီလိုထင်ခြင်းက သင်ဟာ ကာမကို သူ့ထက်ပိုကြိုက်တယ်လို့ သူထင်လိမ့်မယ်။

(၅) သူအင်္ကျီအသစ်ဝတ်ထားရင် သင့်လျော်တဲ့ချီးမွမ်းစကားကို ပြောပေးပါ။ အင်္ကျီက ဟိုက်လိုက်တာ၊ ပါးလိုက်တာ၊ တိုလိုက်တာလို့ပဲ အပြစ်မဆိုတတ်ပါနဲ့။ တကယ်လို့ ပါးပါး၊ ဟိုက်ဟိုက်၊ တိုတိုလေးဝတ်ထားရင် "ဒီအင်္ကျီ ခင်ဝတ်တာလှတယ်။ ဒါပေမယ့် မောင့်ကိုပဲ ၀တ်ပြရမယ်နော်"လို့ ပြောပါ။ ထက်မြက်တဲ့သူ သင့်အပြောကို သဘောပေါက်ပါလိမ့်မယ်။

(၆) "မင်း ဘာနားလည်လို့လဲ? ငါ့ကိစ္စမှာ မင်းဝင်မပါနဲ့" လို့ မကြာခဏ မပြောပါနဲ့။ မိန်းကလေးမှာလည်း မိမိကိုယ်ကိုယ်လေးစားမှု (Self-respect)ဆိုတာရှိတယ်။ သူအရမ်းချစ်တဲ့ ယောက်ျားလေးရှေ့မှာပဲဖြစ်ဖြစ် မိမိကိုယ်ကိုယ်လေးစားမှု သူ့မှာရှိတယ်။

(၇) သူတစ်ယောက်ထဲ နေနေတဲ့အချိန် သူ့ကိုလွတ်လပ်ခွင့်ပေးပါ။ "နင် ဒီနေ့ ဘာဖြစ်နေတာလဲ? ထူးဆန်းလိုက်တာ" လို့ မပြောပါနဲ့။ သူငြိမ်နေတဲ့အချိန် သူ့ကိုပွေ့ဖက်ပေးထားလိုက်ပါ။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ မေးခွန်းတွေ မထုတ်ပါနဲ့။

(၈) သူ့မှာလည်း လိင်ကွဲသူငယ်ချင်းတွေ ရှိလိမ့်မယ်။ စိတ်တူ သူငယ်ချင်းတွေရှိလိမ့်မယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့... မိန်းကလေးတွေဟာ ချစ်သူနဲ့သူငယ်ချင်းကို ယောက်ျားလေးတွေထက်တောင် ရှင်းရှင်းလင်းလင်း ခွဲထားတတ်ကြတယ်။

(၉) အပြင်ထွက်လည်ရင် သင်တစ်ယောက်တည်း မကြာခဏ မသွားပါနဲ့။ သဘောထားကြီးပြီး မိမိကိုယ့်ကိုယ်ဘယ်လောက်ပဲ ယုံကြည်မှုရှိတဲ့မိန်းကလေးပဲဖြစ်ဖြစ် သူနဲ့သင် အတူမသွားချင်လို့၊ သူ့ကိုစိတ်ကုန်နေပြီလို့ သူထင်တတ်တယ်။

(၁၀) မနာလို၊ ၀န်တိုတယ်ဆိုတာ မိန်းကလေးရဲ့မွေးရာပါ အတတ်ပညာဖြစ်တယ်။ သင့်အပေါ် မ၀န်တိုတတ်တဲ့မိန်းကလေးဆိုတာ သင့်ကိုတကယ်မချစ်လို့ဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေက ၀န်တိုတာများလေ စိတ်ထိခိုက်၊ ခံစားရလေမို့ နောက်ဆုံးမှာ သူချစ်တဲ့သင့်ကို ခွဲသွားနိုင်ပါတယ်။

(၁၁) မိန်းကလေးတွေ လိုအပ်တဲ့အချစ်က ယောက်ျားလေးတွေလိုအပ်တဲ့အချစ်နဲ့ တူတူဖြစ်တယ်။ ဒါကြောင့် အချစ်တွေလိုအပ်တဲ့သူကို "လွန်ကဲ"တယ်လို့ အပြစ်မဆိုပါနဲ့။

(၁၂) ခိုးစားတဲ့ကိုယ့်ချစ်သူ/ယောက်ျားကို ခွင့်လွတ်နိုင်တဲ့မိန်းကလေးက အနည်းစုဖြစ်တယ်။ ကိုယ့်မိန်းကလေးကို အနည်းစုထဲထည့်ဖို့ မမျှော်လင့်ပါနဲ့။ တကယ်လို့ သူခွင့်လွတ်နိုင်ရင်လဲ ကိုယ်သာသူ့နေရာမှာဆိုရင် ဆိုတာကို တွေးပြီးစာနာကြည့်ပေးပါ။

ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။

တမိသားစုလုံးကို သတ်လိုက်တဲ့ ဆယ်ကျော်သက် လူငယ်


အသက် ၁၉ နှစ်အရွယ် ဆယ်ကျော်သက် လူငယ်လေး တဦးက သူ့ရဲ့ မိသားတစုလုံးကို သတ်ဖြတ်ခဲ့တာ ဝန်ခံ ပြောကြားလိုက်ပါတယ်။



တမိသားစုလုံးကို သတ်လိုက်တဲ့ ဆယ်ကျော်သက် လူငယ်၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်
သူ့အမေက သူ့ကို ဂိမ်းကစားလွန်းလို့ အဆက်မပြတ် မြည်တွန်တောက်တီးတဲ့အ ပေါ် ဒေါသတွေဖြစ်ပြီး အခုလို သူ့အမေ၊ သူ့အဖေနဲ့ သူ့ညီလေးတို့ကို သတ်ဖြတ်ခဲ့တာ ဖြစ်ပြီး ကိုယ့် ကိုယ်ကိုလည်း သတ်သေ မှာ ဖြစ်တယ်လို့ ရဲကို အဲဒီ ၁၉ နှစ်သား ထိုင်းလူငယ် ဆုန်ချိုင်းမ် ( အမည်ရင်းမဟုတ်) ဝန်ခံပြောကြားလိုက် ပါတယ်။

လူသတ်မှု အခင်းဖြစ်ပွားတဲ့ အချိန်ကတော့ တနင်္ဂနွေနေ့ စောစောပိုင်းမှာ ဖြစ်ပြီး ထိုင်းနိုင်ငံ ပထုတ်တာနီ ခရိုင် မှာဖြစ်ပွားခဲ့တာပါ။

ပထမတော့ လူသတ်မှုကို အသက် ၁၆ နှစ်သာရှိသေးတဲ့ သူညီငယ်က လုပ်သယောင် ကြိုးစားခဲ့ပါသေး တယ်။ တကယ်တော့ အဲဒီ အသက် ၁၆ နှစ်သား လူငယ်ကိုလည်း သူက သတ်ခဲ့တာပါ။

စုံထောက်တွေက အခင်းဖြစ်ပွားရာကို ရောက်သွားတဲ့အခါ သူ့ညီရဲ့ အနီးမှာ ၉ မမ ပစ္စတိုကိုတွေ့ရှိခဲ့ပြီး သူ့ညီ ဖြစ်သူဟာ ကွန်ပျူတာ ဂိမ်းကစားလွန်းတာကြောင့် ကျောင်းမှာ အဆင့်တွေ ကျလာခဲ့ရာက မိခင် ရဲ့ နေ့စဉ် မြည် တွန် တောက်တီး တာတွေအပေါ် မကြေနပ်လို့ မိဘတွေကို သတ်ပြီးသူ့ကိုယ်သူ သတ်သေ တာလို့ ပြောနေခဲ့တာပါ။

ဒါပေမယ့် သေဆုံးတဲ့ သူ့အဖေ၊ သူ့အမေနဲ့ သူ့ညီလေးတို့ ၃ ဦးလုံးဟာ ဦးခေါင်းရဲ့ ဘယ်ဘက်မှာ ချည်း ပဲ သေနတ် ဒဏ်ရာတွေရှိနေတာ စုံထောက်က သတိထားမိခဲ့ပါတယ်။

သေဆုံးသူ အသက် ၁၆ နှစ်သား သူ့ညီဟာ ဘယ်ကျော်ဖြစ်တာကြောင့် ဘယ်လိုနည်းနဲ့မှ သူ့ခေါင်းရဲ့ ဘယ်ဘက်ကို သေနတ်နဲ့ ပစ်လို့ မရနိုင်တာကို တွေ့ရှိ ခဲ့ပါတယ်။

ပထမတော့ ဆုမ်ချိုင်းက လူသတ်မှုတွေကို သူမကျူးလွန်ကြောင်း ငြင်းဆိုနေခဲ့ပေမယ့် အင်္ဂါနေ့ကတော့ စစ်ဆေး မေးမြန်းနေစဉ်မှာပဲ မျက်ရည်တွေကျလာပြီး နောက်ဆုံးမှာတော့ သူက ရဲနဲ့ သတင်းထောက်
တွေကို သူ့ရဲ့ တမိသားစုလုံးကို သူသတ်ခဲ့တယ်ဆိုတာ ဝန်ခံလိုက်ပါတော့တယ်။

သူ့အမေက သူတို့ ကွန်ဒိုတိုက်ခန်းမှာ စီစီတီဗီတပ်ထားပြီး သူ့ကို အမြဲမပြတ်စောင့်ကြည့်မှုတွေနဲ့ တင်းကြပ် တဲ့ စည်းကမ်းတွေချမှတ် ထိမ်းချုပ်တာ၊ နေ့စဉ်လိုလို တပြစ်တောက်တောက် မြည်တွန်တောက်တီးအပြစ် တင်တာ တွေအပေါ် သူက ဒေါသတွေဖြစ်နေခဲ့ပြီး စိတ်ဖိစီးလာခဲ့တယ်လို့ သူက ပြောထားတာကို ဘန်ကောက်ပို့စ်ကရေး ထားပါတယ်။

ဒါနဲ့ မိသားစုကို သတ်ဖို့ ဆုံးဖြတ်ချက်မချမီ သူတယောက်တည်း အရက်သောက်ခဲ့ပြီး မနက် ၃ နာရီ
လောက်မှာ အိမ်ထဲက စီစီတီဗွီ ခလုပ်ကို ပတ်ပြီး သူ့အဖေရဲ့ အံဆွဲထဲက ပစ္စတိုသေနတ်ကို ယူခဲ့တယ်လို့ သူက ပြောတယ်။

“ပထမတော့ ကျနော့်အမေတယောက်တည်းကိုပဲ သတ်ဖို့ စီစဉ်ခဲ့တာ၊ ဒါပေမယ့် ကျနော့်အဖေနဲ့ ညီက သိသွား မယ်ဆိုပြီး သူတို့ကိုပါသတ်ဖို့ ဆုံးဖြတ်ခဲ့တာပဲ” လို့ အသက် ၁၉ နှစ်အရွယ် ဆုန်ချိုင်က ပြောပါ တယ်။

ဒါနဲ့ ဆုန်ချိုင်းဟာ အဖေ၊ အမေနဲ့ ညီဖြစ်သူတွေရဲ့ ဦးခေါင်း ဘယ်ဘက်တွေကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး သူ့ညီ အလောင်းရဲ့ ညာဖက်လက်နားမှာ ပစ္စတိုသေနတ်ကို ချထားပြီး မနက်မိုးလင်းသည်ထိ သူ့အခန်း ကို ပြန်အိပ် နေခဲ့တာဖြစ်ပါတယ်။

အိပ်ရာက နိုးတော့ အိမ်က သူထွက်သွားခဲ့ပြီး သူ့အဒေါ်ဖြစ်သူဆီသွားကာ မိဘတွေကို သူအဆက်အသွယ် မရ လို့ အိမ်ကို သွားပြီး အမေနဲ့ အမေကို ကြည့်ပေးပါအုံးလို့ သွားပြောခဲ့ပါတယ်။

ပြီးတော့ သူကတော့ သူ့ချစ်သူ ကောင်မလေးဆီ သွားပြီး သူဟာ ဘာမှ အပြစ်မရှိတဲ့သူ ဖြစ်တယ်ဆိုတာ ရဲက မေးရင် ပြောပေးဖို့ တောင်းဆိုခဲ့ တယ်လို့ သိရပါတယ်။

ပြီးတော့ သူက အိမ်တံခါးသော့ကို ပိတ်ပြီး ဈေး တခု အနီးမှာ သော့တွဲကို လွှင့်ပစ်ခဲ့တယ်လို့လည်း သူက ထပ် ပြော ထားပါတယ်။

နောက်ပြီး ဆယ်ကျော်သက် လူသတ်သမား ထိုင်းလူငယ်က မိသားစုစားမယ့် အစာထဲကို အိပ်ဆေးတွေ ခပ်ခဲ့ တာလည်း ဝန်ခံပြောခဲ့ပါတယ်။

စုံထောက်တွေလည်း သံသယဖြစ်ဖွယ်တွေအကုန်လေ့လာတဲ့အခါ သူ့အဖေရဲ့ အသက်အာမခံအရ ဖခင် သေ ဆုံးသွားခဲ့ရင် သူဟာ ဘတ် ၁ဝ လောက် ရနိုင်တယ်လို့လည်း သိရပါတယ်။

အခုတော့ ဆယ်ကျော်သက်ထိုင်းလူငယ်ကို ရက်ရက်စက်စက် လူသတ်မှုနဲ့ တရားစွဲခဲ့ပါတယ်။


အိမ့်သံစဉ်

၁ နှစ်ဝင်ငွေ သိန်း ၂၀ အထက်ရှိသူများ ၀င်ငွေခွန်ဆောင်ရမည်



တနှစ်ဝင်ငွေ ကျပ် သိန်း ၂၀ အ ထက် ရှိတဲ့ နိုင် ငံသားတိုင်း အခွန်ဆောင်ရမယ့် ၀င်ငွေခွန် ဥပဒေမူကြမ်းတခုကို ဒီနေ့ ကျင်းပတဲ့ ပြည်ထောင် စုလွှတ်တော်မှာ ဆွေးနွေး အတည်ပြုလိုက်ပါတယ်။

ဝင်ငွေခွန်ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်း ကို ပြည်ထောင်စု လွှတ်တော်မှာ ၂ ရက်ကြာ အကြိတ်အနယ် ဆွေးနွေးပြီး အတည်ပြု လိုက်တာပါ။

ပြင်ဆင်လိုက်တဲ့ ဥပဒေကြမ်းအရ အရင်က လူတဦးရဲ့ တနှစ်ဝင်ငွေ ၁၄ သိန်း ၄ သောင်းလို့ သတ်မှတ် ထားရာကနေ သိန်း ၂၀ ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ လွှတ်တော် အမတ်တွေက ပြောပါတယ်။

ဒါပေမယ့်လည်း လစာရဲ့ ၂၀ ရာခိုင်နှုန်းက ကင်းလွတ်ခွင့်ရမှာ ဖြစ်သလို သားသမီးတွေ ဇနီးမယားတွေနဲ့ ပတ်သက်ပြီး သက်သာခွင့်ပေးထားတွေ ရှိတယ်လို့ ပြည်သူ့လွှတ်တော်အမတ် ဒေါ်တင်နွယ်ဦးက ပြောပါတယ်။

နိုင်ငံဝန်ထမ်းတွေကလည်း သိန်း ၂၀ အထက်ရတဲ့သူတွေ အခွန်ဆောင်ရမှာ ဖြစ်သလို သက်ဆိုင်ရာက လစာထဲ တခါတည်း အခွန်ဖြတ်ထားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီအတွက် ၁ လကို ၁ သိန်း ၂ သောင်းရတဲ့ ပြန်တမ်းဝင်အရာရှိအဆင့်ကနေ စတင် အခွန်ပေးဆောင်ရမှာ ဖြစ်သလို ကင်းလွတ်ခွင့်နဲ့ ပတ်သက်ပြီး အရင်ကထက် ပိုကောင်းတဲ့အကြောင်း လွှတ်တော်အမတ်တဦးဖြစ်တဲ့ ဦးခင်မောင်ရည်က ပြောပါတယ်။

ဒါ့အပြင် ကုန်သွယ်လုပ်ငန်းခွန်ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကိုလည်း ဆွေးနွေးခဲ့ တယ်လို့လည်း ဆိုပါတယ်။

အခွန်အကြောင်းပညာပေးဆောင်းပါးတွေရေးသားနေတဲ့ ဦးဟန်ထွန်း(ဘဏ္ဍာအခွန်) ကတော့ တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတိုင်း ပြည်သူများက အခွန်ပေးဆောင်လာအောင် လုပ်ရမယ့် ၀တ္တရားကို အကောင်ထည်ဖော်ပေမယ့် မြန်မာပြည်မှာတော့ ဘယ်လောက်အောင်မြင်မလဲ ဆိုတာကို ကြိုပြောလို့ မရဘူးလို့ ပြောပါတယ်။

မတ် ၁၀ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာတော့ အရက်နဲ့ ဆေးဝါးအမျိုးမျိုးကို အခွန် ၅၀ ရာခိုင်နှုန်း၊ စီးကရက်တွေကို ၁၀၀ ရာခိုင်နှုန်း ကောက်ခံဖို့၊ အဖိုးတန် ကျောက်မျက်တွေကို အခွန် ၃၀ ရာခိုင်နှုန်း၊ ရတနာအချောထည်များကို ၁၅ ရာခိုင်နှုန်း၊ ကျွန်းသစ်၊ သစ်မာသစ်လုံးနဲ့ အခြေခံသစ်ခွဲသားတွေကို ၂၅ ရာခိုင်နှုန်း၊ ဓာတ်ဆီနဲ့ ဒီဇယ်ဆီများကို ၁၀ ရာခိုင်နှုန်းနဲ့ သဘာဝဓာတ်ငွေ့ကို ၈ ရာခိုင်နှုန်း အခွန်အသီးသီး ကောက်ခံဖို့လည်း သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းအတွင်း အခွန်မဆောင်တဲ့ ကုမ္ပဏီများစာရင်းကိုလည်း အခွန် ဦးစီးဌာနက ထုတ်ပြန်လာပါတယ်။

Related Posts Plugin for WordPress, Blogger...