Monday, April 7, 2014

မျောက်များ၏ ဗက္လာယ ပြုမူမှုကြောင့် ကမ္ဘာကျော်တစ်ဦးဖြစ်လာခဲ့သူ




မျောက်များကြောင့် အင်တာနက်တွင် ကမ္ဘာကျော်တစ်ဦး ဖြစ်လာသူ ထိုင်ဝမ် မော်ဒယ်လ်က သူမသည် ထိုသို့ဖြစ်လာရန် မမျှော်လင့်ခဲ့ကြောင်း ဖွင့်ဟဝန်ခံခဲ့သည်။ အသက်(၂၂)နှစ်သာ ရှိသေးပြီး လက်ရှိတွင်
ကျောင်းတက်နေဆဲဖြစ်သော ချာမီယန်ချန်းသည် အမြီးရှည်ရှည်နှင့် မကာကွီ မျောက်လေးများကို အစာကျွေးရာမှ လက်ဆော့တတ်သည့် တိရစ္ဆာန်လေးများကြောင့် ဒုက္ခများခဲ့သည်။


အဆိုပါ မျောက်များသည် သူမ၏ အင်္ကျီကို ဆွဲချွတ်ရန် ကြိုးစားရာ
ချန်းခမျာ အသည်းအသန် ကာကွယ်နေရပြီး အဆိုပါမြင်ကွင်းကို ဓာတ်ပုံရိုက်ထားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့သို့ သွားရောက်လည်ပတ်စဉ် ရိုက်ကူးထားသော အဆိုပါ ဓာတ်ပုံကို ပြန်ကြည့်စဉ်က ချန်းသည် ရယ်ရွှင်စရာ အဖြစ်သာ သဘောထားခဲ့သည်။
သို့သော်လည်း ထိုပုံသည် အင်တာနက်မှတစ်ဆင့် အာရှတိုက်တစ်ဝှမ်းကို ကျော်လွန်ကာ အမေရိကန်၊ ဥရောပနှင့် ဗြိတိန်တို့ထိ ပျံ့နှံ့သွားခဲ့သည်။ ချန်းတစ်ယောက် ထိုင်ဝမ်သို့ ပြန်ရောက်ချိန်တွင် ယင်းကိစ္စကို သိရှိပြီးနောက် မျက်လုံးပြူးခဲ့ရသည်။ “တော်တော် ထူးဆန်းတယ်။ ကျွန်မ ပြန်ရောက်တော့ Facebookထဲမှာ ကျွန်မကို Friendအဖြစ် လာAddထားတဲ့လူတွေ မနည်းဘူး။ နောက်ပြီးတော့ ရုပ်မြင်သံကြား ဌာနတွေ
ကလည်း ကျွန်မကို ဖုန်းဆက်ကြတယ်။ ဒုက္ခပါလားနော်။ ကျွန်မ ဘာလီကို အလည်သွားတာက ကျွန်မဘဝကို ဒီလောက် ပြောင်းလဲသွားစေမယ်လို့ မထင်မိဘူး။ ကျွန်မက လောလောဆယ် ပညာသင်
နေတုန်းပါ။ ကျွန်မရဲ့ မလုံမလဲဖြစ်သွားတဲ့ ဓာတ်ပုံကြောင့် ဒီလောက်ကြီး နာမည်ကြီးသွားတာတော့ မကြိုက်ဘူး”ဟု ချန်းက ညည်းညူပြောဆိုသွားခဲ့သည်။

အရွယ်မရောက်သေးသည့်မိန်းကလေးငယ်တစ်ဦးအားသားမယားပြုကျင့်သူနှင့် ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့သူများအား ပြစ်ဒဏ်များအသီးသီးချမှတ်




အရွယ်မရောက်သေးသည့် မိန်းကလေးငယ်တစ်ဦးအား သားမယားအဖြစ် ပြုကျင့်ကာ ပြည့်တန်ဆာ အဖြစ် ရောင်းချခဲ့သည့် ပထွေးဖြစ်သူအပါအဝင် ဆက်စပ်ပတ်သက်သူ အားလုံးကို ထိရောက်သောပြစ် ဒဏ်များချမှတ် ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် ဩဂုတ်လလယ်ခန့်တွင် ဖျာပုံခရိုင် ဘိုကလေးမြို့နယ် အသက် (၁၃)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား ပထွေးဖြစ်သူ ဦးဝင်းနိုင်က သားမယားအဖြစ် ပြုကျင့်ခဲ့သည့် အပြင် ပြည့်တန် ဆာ ခေါင်းအိမ်များသို့ ပြည့်တန်ဆာအဖြစ် ရောင်းချခဲ့သဖြင့် တရားဥပဒေအရ ဆောင်ရွက်ပေးပါရန် အုပ်ထိန်းသူအဘွားကဘိုကလေးမြို့အမှတ်(၇)ရပ်ကွက်လူထုအခြေပြုကလေးသူငယ်ကာကွယ်စောင့်ေ ရှာက်ရေး အဖွဲ့ သို့ စာဖြင့်ရေးသားအကူအညီ တောင်းခံခဲ့မှုအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့၏ လမ်းညွှန်မှူ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကစိစစ်ဖော်ထုတ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖော်ထုတ်ချက်အရ ပထွေးဖြစ်သူ ဦးဝင်းနိုင်က သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး မော်လမြိုင်ကျွန်းမြို့ ရှိ ပြည့်တန်ဆာလုပ်ကိုင်သူ သံမဏိ(ခ) ကျော်ချစ်ဦးနှင့် မမေဖူးတို့ထံ ငွေကျပ် နှစ်သောင်းဖြင့် လည်းကောင်း ၊ ပုသိမ်မြို့ရှိ ပြည့်တန်ဆာခေါင်း ထွန်းထွန်းနှင့် မဇာလွင်မြင့်တို့ထံ ငွေကျပ် ၃၀ဝ၀ဝ ဖြင့် လည်းကောင်း ရောင်း ချခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့သည်။

ပြစ်မှုကျူးလွန်သူများအား ထိရောက်သော ပြစ်ဒဏ်ချမှတ်နိုင်ရေး ဆောင်ရွက်ခဲ့ရာ တရားခံဝင်းနိုင်အား ပြစ် မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အရ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်နှင့် ပုဒ်မ ၃၇၂ အရ ထောင်ဒဏ် ၁၀ နှစ်တို့ ကို သီးခြားစီကျခံစေရန် ဖျာပုံခရိုင်တရားရုံးက ဇန်နဝါရီလ ၈ ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး သံမဏိ (ခ) ကျော်ချစ်ဦးနှင့်မမေဖူးတို့အားလူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ၂၄အရအလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီကို ဩဂုတ် ၉ ရက်တွင်လည်းကောင်း၊ တရားခံထွန်းထွန်းနှင့် မဇာလွင်မြင့်တို့အား ပြည့်တန် ဆာနှိပ်ကွပ်ရေး ဥပဒေပုဒ်မ ၈(၁)နှင့် ၅(၁)တို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ်စီကို ပုသိမ် မြို့နယ် တရားရုံးက နိုဝင်ဘာ ၅ ရက်တွင်လည်းကောင်း အသီးသီးချမှတ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

လူမှုကွန်ရက်(Twitter ) ရဲ့ အစွမ်းနဲ့ တစ်နှစ်ကို အမျိုးသမီး ၂၀၀နဲ့ အိပ်တဲ့သူ





လူမှုကွန်ရက်ရဲ့ အစွမ်းနဲ့ တစ်နှစ်ကို အမျိုးသမီးရာကျော်နဲ့ အိပ်စက်ခဲ့တယ် လို့ အသက် ၂၅ နှစ်ရှိ အမျိုးသားတစ်ဦးက ၀န်ခံခဲ့ပါတယ်။


အဆိုပါ အမျိုးသားကတော့ Ben James ဖြစ်ပြီး သူဟာတစ်နှစ်ကို အမျိုးသမီး ၂၀၀ ကျော်နဲ့ အိပ်စက်ခဲ့တယ်လို့ သိရပါတယ်။ ယင်းအမျိုးသမီးတွေကိုတော့ တွစ်တာ မှာ စကားပြောခဲ့တာ ဖြစ်ပါတယ်။
အပြောကြွယ်တဲ့ စာသားမက်ဆေ့ခ်ျတွေကို အမျိုးသမီးများထံ ပို့ခဲ့ပြီး တစ်နေ့ကို ရာကျော်တဲ့ ပြန်စာတွေ နဲ့ ကိုယ်တိုင် ရိုက်ကူးထားတဲ့ ကိုယ်လုံးချွတ်ဓါတ်ပုံတွေပါ ကောင်မလေးတွေဆီက ပြန်ရခဲ့ပါတယ်။
သူနဲ့ အတူအိပ်ဖို့ တောင်းဆိုကြတဲ့ ကောင်မလေး နစ်ယောက် သုံးယောက် ရှိပြီး သူ့မှာလည်း တွစ်တာ ရည်းစား တစ်ပြိုင်တည်းမှာ လေးငါးယောက် ရှိတယ်လို့ ပြောပါတယ်။ လန်ဒန်တောင်ပိုင်း Croydon မှာနေထိုင်တဲ့ Ben ဟာ တွစ်တာမှာ ကျော်ကြားသူတစ်ယောက် ဖြစ်ပြီး သူ့ရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုကို ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကြောင့် ရေပန်းစားသူ တစ်ဦးလို့ ပြောနိုင်ပါတယ်။

သူ့ရဲ့ လူမှုကွန်ယက်မှာ ၇သောင်း၎ထောင်ကျော် follower ရှိပြီး မိန်းကလေးတွေကြားမှာ အောင်မြင်ရတဲ့ သော့ချက်ကတော့ ဘယ်သူမှ သူ့လောက် စကားပြော မရဲဘူးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ မိန်းကလေးတွေ ကြွေအောင် ဘယ်သူ့မှ သူ့လိုမပြောရဲလို့ ဖြစ်နိုင်ပါတယ်။
သူဟာ သူ့မိခင်ဖြစ်သူ ကျန်းမာရေးစောင့်ရှောက်မှု ၀န်ထမ်းနဲ့ အတူနေထိုင်ပြီး သူ့ရဲ့ မိန်းကလေးတွေကို အိမ်ကိုခေါ်လာလေ့ရျိပါတယ်။ အဲဒီအတွက် သူ့မိခင်က ဘာမှ မပြောပါဘူးတဲ့။ ဘာကြောင့်လဲ ဆိုတော့ သူမသားမှာ ရည်းစားတစ်ယောက်ပဲ ရှိပြီး အဲဒီတစ်ယောက်ကိုပဲ အိမ်ခေါ်လာတယ် ထင်လို့ ဖြစ်ကြောင်း Benn ကပြောပါတယ်။

သူ့ရဲ့ ဖခင်ကလည်း သူငယ်စဉ်က ပွေရှုပ်သူတစ်ဦး ဖြစ်ပြီး သူ့ကိုတော့ ပိုစွံ ပိုသွက်တယ်လို့ ထင်နေကြောင်း ပြောပါတယ်။
သူဟာ တီဗွီ အစီအစဉ် ထုတ်လုပ်သူတစ်ဦး ဖြစ်ပြီး လောလောဆယ်မှာတော့ “it’s a London Thing” လို့ ခေါ်တဲ့ ရှိုးတစ်ခုအတွက် လုပ်ကိုင်နေကြောင်း သိရပါတယ်။

ref: dailymail
World Myanmar

မုဒိမ်းကောင်ရဲ့သားကောင်မဖြစ်စေဖို့ 



မုဒိမ်းမှုကာကွယ်ရေးအဖွဲ့ဟာ ထောင်ထဲမှာ ရောက်နေတဲ့ မုဒိမ်းသမားတွေကို အင်တာဗျူးလုပ်ခဲ့ပါတယ်။ သူတို့ဆီက အကြမ်းဖက်မှုဖြစ်စေနိုင်တဲ့ အချက်အလက် တွေကိုလေ့လာပြီး ပြန်လည်ဝေမျှ လိုက်ရခြင်းဖြစ်ပါတယ်…

(၁) မုဒိမ်းကောင် တစ်ယောက်ဟာ မုဒိမ်းကျင့်ခါနီး အရင်ဦးဆုံး သတိထားကြည့်တာ ဆံပင်ပုံစံပါ။ နောက်ဆံပင်ကို အရင်းပိုင်းစုစည်းပြီး ဆံပင်အရှည်ချထားတဲ့ပုံစံ၊

ဆံထုံးထုံးထားတဲ့စံပင်ပုံစံ၊ ကျစ်ဆံမြှီးပုံစံ နဲ့ တခြား သူတို့ အလွယ်တကူ ဆံပင်ဆောင့်ဆွဲလို့ကောင်းတဲ့ ပုံစံတွေကို ရွေးချယ်တတ်ကြပါတယ်။ ဆံပင် အတိုနဲ့ မိန်းကလေး ထက် ဆံပင်အရှည်နဲ့ မိန်းကလေးကို သူတို့ရဲ့သားကောင်အဖြစ် ပိုရွေးချယ်တတ်ကြပါတယ်။

(၂) ဒုတိယတစ်ချက်ကတော့ အ၀တ်အစားပါ။ မုဒိမ်းကောင်တွေဟာ အ၀တ်အစားအလွယ်တကူ ချွတ်ပစ်လို့ရမယ့် မိန်းကလေးမျိုးကို ရွေးချယ်ကြပါတယ်။ ရည်ရွယ်ချက်ရှိတဲ့ မုဒိမ်းကောင် အများစုဟာ အ၀တ်အစားတွေကို ဖြတ်ပစ်ဖို့ ကတ်ကြေး ယူဆောင်လာတတ်ကြပါတယ်။

(၃) မုဒိမ်းကောင်တွေဟာ ဖုန်းအသုံးပြုနေတဲ့မိန်းကလေးမျိုး၊ ပိုက်ဆံအိတ်ထဲက တစ်ခုခု ရှာဖွေနေတဲ့မိန်းကလေးမျိုး ဒါမှမဟုတ် လမ်းလျှောက်ရင်း တစ်ခုခု အာရုံစူးစိုက်မှုလုပ်နေတဲ့ မိန်းကလေးမျိုးကို
ရှာဖွေကြပါတယ်။

အဲ့လိုမျိုး တစ်ခုခု အာရုံစူးစိုက်နေတဲ့ မိန်းကလေးဟာ ရုတ်တရက်မို့ သူကိုယ့်သူ ကာကွယ်ဖို့မလွယ်ပါဘူး၊ရုတ်တရက်မို့လို့ မွှန်ထူပြီး တုန့်ပြန်မှုနည်းတဲ့အတွက် မုဒိမ်းကောင်တွေအတွက် လွယ်ကူပါတယ်။

(၄) မုဒိမ်းကောင်တွေ အမျိုးသမီးတွေကို မုဒိမ်းကျင့်ဖို့ အများဆုံးခေါ်သွားတဲ့နံပါတ်တစ်နေရာကတော့ ကုန်တိုက်တွေ ရဲ့ကားပါကင်ပါပဲ။ ( မှတ်ချက် ။ ။ ဒါကတော့ သူတို့နိုင်ငံတွေအတွက်ပြောတာပါ။ ကျွန်တော်တို့နဲ့တော့ သိပ်မကိုက်သေးသလိုပါပဲ။ )

(၅) နံပါတ် ၂ နေရာကတော့ ရုံးခန်းတွေရဲ့ကားပါကင်နေရာ၊ ဓာတ်ဆီဆိုင်လိုနေရာမျိုးတွေပါ။

(၆) နံပါတ် ၃ နေရာကတော့ အများပြည်သူသုံး သန့်စင်ခန်း(စည်ပင်အိမ်သာ)တွေပါ။

(၇) နောက်တစ်ခုကတော့ မုဒိမ်းကောင်တွေဟာ ဒုတိယနေရာ (သူတို့အတွက် မဖမ်းမိစေရန် လုံခြုံစိတ်ချရတဲ့နေရာ) ကို မိန်းကလေးတွေကို အလျင်အမြန် ဆွဲခေါ်သွားကြပါတယ်။

(၈) တကယ်လို့သာ သင်ဟာ နည်းလမ်းပေါင်းစုံ/ ရုန်းကန်မှုမျိုးစုံနဲ့ မုဒိမ်းကောင်ကို တက်နိုင်သမျှတိုက်ခိုက်နေခဲ့မယ်ဆိုရင် သူတို့အတွက် စိတ်ဓာတ်ကျ/စိတ်ကုန်အားလျော့မှုကို ဖြစ်စေနိုင်ပါတယ်။

သင်ရုန်းကန်တိုက်ခိုက်နေတဲ့ အချိန်က တစ်မိနစ် ဒါမှမဟုတ် ၂ မိနစ်လောက်ပဲ ကြာနေပါစေ သင်ဟာ သူတို့ထင်သလောက် လွယ်ကူမှုမရှိဘူး ဆိုတာကို သူတို့ သဘောပေါက်လာနိုင်ပါတယ်။ဒါကတော့ မုဒိမ်းးကောင်ကို စိတ်ဓာတ်ကျသွားစေဖို့ အချိန်ကို တတ်နိုင်သမျှ ဆွဲဆန့်ခြင်းနဲ့ ကာကွယ်နည်းတစ်မျိုးပါပဲ။

(၉) မုဒိမ်းကောင်တွေဟာ ထီး(သို့) အလားတူပစ္စည်းတစ်ခုခုလက်မှာ ကိုင်ထားတဲ့ မိန်းကလေးတွေကို မရွေးချယ်တတ်ကြပါဘူး။ အဲ့ဒီလိုပစ္စည်းတွေဟာ သူတို့ကို အဝေးကနေတောင်မှ တိုက်ခိုက်နိုင်လို့ပါပဲ။

(၁၀) သော့ချောင်းတွေဟာ လက်နက်တစ်ခုအနေနဲ့ သူတို့ကို ဟန့်တားအောင်လုပ်ဖို့ ဆိုရင် အလွန်နီးကပ်မှ ဖြစ်နိုင်တယ်ဆိုတဲ့အတွက် လွယ်ကူမှာမဟုတ်ပါဘူး။ ဒါပေမယ့် Something is better than nothing ဆိုသလိုပေါ့။ ဘာမှမလုပ်တာထက်စာရင် တစ်ခုခုလုပ်လိုက်တာက ပိုကောင်းတဲ့သဘော ပါပဲ။

အဲ့လိုပြန်လည်တိုက်ခိုက်ခြင်းဟာ အပေါ်မှာပြောခဲ့သလိုပဲ သူတို့ထင်သလောက် လွယ်ကူမှုမရှိတဲ့ အတွက် စိတ်ဓာတ်ကျမှုကို အနည်းနဲ့အများဖြစ်စေနိုင်ပါတယ်။

မှတ်ထားသင့်သော အချက်အလက်များ..

(၁) လမ်း၊ဓာတ်ဆီဆိုင်၊ဓာတ်လှေခါးနဲ့ အဆောက်အအုံတွေရဲ့လှေခါးအကွေ့နေရာမျိုးတွေမှာ တစ်စုံတစ်ယောက်က သင့်အနောက်ကနေ လိုက်လာနေတယ်ဆိုပါဆို့ အဲ့ဒီလူရဲ့မျက်နှာကို သေချာကြည့်ပါ

ထို့နောက် သူ့ကို မေးခွန်းတစ်ခုတစ်လေလောက်မေးပါ(စကားစမြည်သဘောမျိုးပေါ့)၊ ဥပမာ - ဘယ်အချိန်ရှိပြီလဲ? ၊ အပြင်မှာ အရမ်းအေးတယ်နော်၊ ဒီနှစ်ဆောင်းရာသီက တော်တော်ဆိုးတာပဲ စသဖြင့်ပေါ့ဗျာ။

အဲ့လိုပြောခြင်းအားဖြင့် ပထမအချက်က သင်အဲ့ဒီလူရဲ့မျက်နှာကို သေချာမြင်ဖူးသွားပြီ၊ ဒုတိယအချက်အနေနဲ့ အဲ့ဒီလူကို အကဲခတ်နိုင်မယ်။ ဒါကြောင့် မုဒိမ်းကောင်ဟာ ပစ်မှတ်ပြောင်းသွားနိုင်ပါတယ်။

(၂) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ဆီကို ဦးတည်လျှောက်လာပြီး သင့်လက်တွေကို ချူပ်ကိုင်ထားလိုက်မယ်ဆိုရင်တော့ အကျယ်ကြီးအော်ပစ်ပါ၊ “ရပ်စမ်း.. ဝေးဝေးသွားစမ်း” စသဖြင့် အမိန့်ဆန်ဆန်ပြောဆိုပါ။

မုဒိမ်းကောင် အများစုပြောကြတာကတော့ အရမ်းအော်ဟစ်တဲ့ မိန်းကလေးတွေ၊ ပြန်လည်တိုက်ခိုက်ဖို့ ကြောက်ရွံမနေတဲ့ မိန်းကလေးတွေဆိုရင် ဆက်မကြိုးစားချင်တော့ပါဘူး။ ထားခဲ့လိုက်ပါတယ်။ သူတို့ထက်ပိုလွယ်တဲ့ တစ်ခြားမိန်းကလေးတစ်ယောက်ကိုပဲ ထပ်ရှာပါတယ်။

(၃) တကယ်လို့ သင့်မှာ ငရုတ်ကောင်းရည်ဖျန်းဘူး ( spray တစ်ခုခုပေါ့ ) ပါခဲ့မယ်ဆိုရင် အဲ့ဒါကိုလက်မှာကိုင်ထားပြီး “ငါ့မှာ ဒီ spray ဘူးရှိတယ်..” လိုအော်ပြီး မုဒိမ်းကောင်ကို သတိပေးပါ။ မဆိုင်းမတွ ဖျန်းပက်ပစ်ပါ။ (မူရင်းစာရေးသူကတော့ ဒီ Pepper Spray လို့ခေါ်တဲ့ Spray ဘူး ကိုပြည့်အ၀ အားပေးထောက်ခံထားပါတယ်။ )

(၄) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ကိုဆွဲခေါ်သွားနေပြီ၊ ခွန်အားချင်းမမျှလို့ သင်သူ့ကို ပြန်လည်ရိုက်နှက် တိုက်ခိုက်လို့မရနိုင်ပေမယ့် ကိုယ်တက်နိုင်တာနဲ့ ထိရောက်အောင်လုပ်နိုင်ပါသေးတယ်။

အဲ့ဒါကတော့ ဆွဲဆိတ်ခြင်းပါပဲ။ ဆွဲဆိတ်တယ်ဆိုတာက အင်အားလည်း အများကြီးမလိုပါဘူး။ ခံရသူအဖို့လည်း တော်တော်ဆိုးပါတယ်။ ခါးပိုင်းနေရာ ၊ လက်မောင်းကနေ တစ်တောင်ဆစ်ချိုးမရောက်ခင်နေရာ ၊ ပေါင်အတွင်းပိုင်း နေရာတို့ကို ပြင်းပြန်ထန်ထန်ကို ဆွဲဆိတ်ပစ်ပါ။


သွေးထွက်အောင်အထိအားကုန်သုံးပြီး ဆွဲဆိတ်ပစ်ပါ။ ဘယ်လောက်ပဲ သန်မာတယ်ပြောပြော၊ ခွန်အားကြီးတယ်ပြောပြော၊ အဲ့လိုနေရာမျိုးတွေကို ဆွဲဆိတ်တဲ့ဒဏ်ကိုတော့ မခံနိုင်ကြပါဘူး။ သင်မယုံရင် သင့်ကိုယ်သင်သာ အရင်ဆုံး ဆွဲဆိတ်ကြည့်လိုက်ပါ။

(၅) ဆွဲဆိတ်ခြင်း၊ ပေါင်ခြံလိုနေရာမျိုးကို ရိုက်နှက်ခြင်းတွေဟာ ဒီလိုအဖြစ်အပျက်မျိုးကို မမျှော်လင့်ထားတဲ့ လူတစ်ယောက်အတွက် မလွယ်ကူလှပေမယ့် အဲ့ဒါတွေဟာ တကယ်ပဲ သူ့ကို နာကျင်စေမှာပါ။ သင်ကတော့ သူ့ကို နာကျင်စေတာဟာ သူ့ကိုဒေါသပိုထွက်စေတယ်လို့ ထင်နေမှာပါ။ ဒါပေမယ့် လေ့လာစမ်းစစ်မှုအရတော့ မုဒိမ်းကောင်တွေဟာ သူတို့ကို ဒုက္ခရောက်အောင်၊

အချိန်ကြန့်ကြာအောင် မလုပ်တဲ့မိန်းကလေးမျိုးကိုပဲ အလွယ်တကူ အလိုရှိတာပါ။ သူတို့ကို ဒုက္ခတွေ အများကြီးရောက်အောင် ရိုက်နှက်ပြီး နောက်ဆုံးအချိန်ထိ ရုန်းကန်နေတဲ့ မိန်းကလေးမျိုးဆိုရင်တော့ စွန့်ခွာသွားတတ်ကြပါတယ်။

(၆) မုဒိမ်းကောင်ရဲ့လက်ဟာ သင့်အပေါ်သို့ကျရောက်လာပြီဆိုရင်တော့ သူ့လက်ချောင်း ၂ ချောင်းကို ဆောင့်ဆွဲပါ၊ လိမ်ချိုးပစ်ပါ၊ ဟိုဘက်ဒီဘက် ဆွဲဖြဲပစ်ပါ၊ တက်နိုင်သမျှ အားအကုန်သုံးပြီးတော့ ချိုးပါ။ အဲ့ဒီနည်းကလည်း အားသိပ်မပါဘဲနဲ့ စမ်းကြည့်တာတောင် နာလွန်းလို့ ဒူးထောက်ပီး အော်လိုက်ရပါသေးတယ်။

(၇) ပတ်ဝန်းကျင်ကို အမြဲတမ်း သတိမူပြီးနေပါ။ တစ်ခုခု ပုံမှန်မဟုတ်တဲ့/အမူအယာထူးခြားတဲ့ လူတွေ့မိရင် ပေါ့ပေါ့လေးမနေပါနဲ့၊ သတိကြီးကြီးထားနေပါ။အဲ့ဒီအခြေအနေမှာ သင့်ကိုယ်သင် ကလေးကလား အကြောက်လွန်နေတယ်လို့မထင်ပါနဲ့၊ ဒုက္ခအကြီးအကျယ်ရောက်သွားနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ တစ်စုံတစ်ယောက်ကို သင်နဲ့အတူအဖော်ခေါ်သွားပါ။

နောက်ဆုံးအနေနဲ့ ဒါလေးတွေကိုလည်း မှတ်သားထားစေချင်ပါတယ်…
သင်သိထားသင့်တဲ့ အချက်အလက်တွေပါ။ သင်ဖတ်ပြီးသွားရင်လည်း သင်ဂရုစိုက်ရတဲ့လူတွေဆီကို ဆက်လက်မျှဝေပေးလိုက်ပါ။ ကျွန်တော်တို့နေထိုင်တဲ့ ဒီကမ္ဘာကြီးမှာ သတိဆိုတာ ပိုတယ်လို့မရှိပါဘူး -

(၁) တိုက်ကွန်ဒို သိုင်းပညာမှာတော့ တံတောင်ဆစ်ဟာ လူ့ခန္ဒာကိုယ်ရဲ့ အသန်မာဆုံး အပိုင်းလို့ ဆိုပါတယ်။ ဒါကြောင့် တံတောင်ဆစ်နဲ့ တွတ်လို့ရမယ့်အခြေအနေမျိုးဆိုရင် လက်လွတ်မခံပါနဲ့။

(၂) နယူးအော်လန်မြို့ရဲ့ ခရီးသွား လမ်းညွှန်ထဲမှာဖတ်ရတာတော့ - တကယ်လို့သာ ခါးပိုက်နှိုက်တွေ လုယက်တဲ့လူတွေ၊ ဓားပြ တွေက သင့်ပိုက်ဆံအိတ်ကိုတောင်းမယ်ဆိုရင် သင့်လက်နဲ့ ပိုက်ဆံအိတ်ကို ကမ်းမပေးပါနဲ့။ သင်နဲ့ဝေးတဲ့နေရာကို လွှင့်ပစ်ပြီးပေးပါ။ ဒီဒုစရိုက်သမားဟာ လူထက် ပိုက်ဆံကို ပိုလိုချင်တယ်ဆိုရင်တော့ သူ ပိုက်ဆံအိတ်ကို သွားကောက်မှာပါ။အဲ့ဒီအချိန်မှာ တွေဝေမနေဘဲ သူနဲ့ဆန့်ကျင်ဘက်ကိုသာ ပြေးပါ။

(၃) သင်ဟာ ကာနောက်ဖုံးထဲကို ထည့်ခံထားရတယ်ဆိုရင်တော့ ကားနောက်မီး ရှိတဲ့နေရာကို ကန်ကြောက်ပစ်ပါ၊ အဲ့ဒီအပေါက်ကနေ လက်ကိုထုတ်ပြီးတော့ တတ်နိုင်သမျှ ဝေ့ရမ်းပါ။ ကားမောင်းတဲ့လူကတော့ မမြင်နိုင်ပေမယ့် တစ်ခြားလူတွေက မြင်နိုင်ပါတယ်။ ဒါကလည်း သင့်ဘ၀ကို တစ်ဖက်တစ်လမ်းက ကယ်တင်နိုင်မှာပါ။

(၄) အမျိုးသမီး အများစုဟာ အလုပ်မှအပြန်၊ စားသောက်ဆိုင်မှ အပြန် နှင့် ဈေးဝယ်ခြင်းတို့မှအပြန်တွင် ကားပေါ်တက်ကာ ချက်ချင်း မောင်းမထွက်ပဲ ထိုင်နေတတ်ကြပါတယ်။ မှတ်စုတွေ မှတ်နေတာမျိုး၊ စာတစ်ခုခု ကိုခဏဖတ်နေတာမျိုး စသဖြင့် လုပ်တတ်ကြပါတယ်။ အဲ့ဒီလိုမျိုးတွေ မလုပ်ပါနဲ့ ၊ တဏှာရူးကောင်တွေ လူယုတ်မာတွေက သင့်ကို စောင့်ကြည့်နေပါတယ်။

အဲ့ဒီလို အခြေအနေဟာ သူတို့အတွက် အကောင်းဆုံး အခွင့်အလမ်းဖြစ်နေလို့ပါ။ သင့်နောက်ကခုံမှာဝင်ထိုင်ပြီး သင့်ခေါင်းကိုသေနတ်နဲ့ထောက်ကာ “ဘယ်နေရာကို မောင်းပါ” လို့ ပြောခံရနိုင်ပါတယ်။ ဒါကြောင့် ကားပေါ်မှာ တက်ထိုင်ပြီးပြီးချင်း ချက်ချင်းဆိုသလို မောင်းထွက်သွားပါ။ ဆိုင်းငံ့မနေပါနဲ့။

(၅) ဒါကတော့ ကားပါကင် တွေ ဓာတ်ဆီဆိုင်တွေမှာ သင့်ကားထဲကို ပြန်ဝင်တော့မယ်ဆိုရင် သတိထားရမယ့် အချက်တွေဖြစ်ပါတယ် ..

(က) ကားထဲမ၀င်ခင် ကားထဲမှာ တစ်ယောက်ယောက်ပုန်းနေနိုင်တယ်ဆိုတဲ့စိတ်ဖြင့် ကားဘေးပတ်ပတ်လည်နဲ့ ခရီးသည်ထိုင်နေရာတွေ ၊ ကြမ်းပြင်တွေကို သတိနှင့်ချောင်းကြည့်ပါ။ ( တက္ကဆီ ငှားစီးမယ်ဆိုလည်း ထိုနည်း၎င်း သတိထားကြည့်ပါ။ )

(ခ) တကယ်လို့ သင့်ရဲ့ ကားဘေးနားမှာ van / town ace စတဲ့ကားမျိုးတွေ ရှိနေမယ်.. သင်္ကာမကင်းဖြစ်ရတယ် ဆိုရင်တော့ အဲ့ဒီကားရဲ့ တစ်ခြားဖက် အပေါက်မှတဆင့်သာ သင့်ကားထဲသို့ဝင်ပါ။

( သင့်ကားရဲ့ ယာဉ်မောင်းဘက်ခြမ်းမှာ ရပ်ထားမယ်ဆိုရင် ခရီးသည်ထိုင်တဲ့ဘက်မှဝင်ပါ။) ဒုစရိုက်ကောင်တွေဟာ အမျိုးသမီးတွေ ကားထဲဝင်ခါနီးအချိန်တွေမှာ သူတို့ကားထဲကို ဆွဲခေါ်ပြီး တံခါးပိတ်တတ်ကြပါတယ်။ သတိထားနိုင်ဖို့ပါ။
(ဂ) သင့်ရဲ့ကား အနီးတစ်ဝိုက်ကို ရှာကြည့်ပါ။

အနီးဆုံးနေရာမှာ သူစိမ်းတစ်ယောက်က အကြောင်းမဲ့ထိုင်နေတယ်ဆိုရင်တော့ ကားထဲမ၀င်ပါနဲ့ဦး။ သင်လာခဲ့တဲ့ အလုပ်ဖြစ်စေ၊ ဈေးဝယ်စင်တာ တစ်ခုခုဖြစ်စေ ပြန်ဝင်သွားပါ။ ရဲတစ်ယောက်ယောက်၊ ဒါမှမဟုတ် အစောင့်တစ်ယောက်ယောက်ကို ခေါ်ပြီးမှပြန်လာပါ။

ဒါတွေဟာ အပိုအလုပ်တွေမဟုတ်ပါဘူး။ စိတ်မကောင်းစရာ အဖြစ်အပျက်ဖြစ်သွားတာထက်စာ ရင် အများကြီးပိုကောင်းပါတယ်။ သူများအပေါ် သံသယလွန်ကဲမှု / အယုံအကြည်နည်းမှုဟာ မိမိကိုယ်တိုင် ဒုက္ခရောက်ရတာထက်စာရင် အများကြီး အကျိုးရှိပါတယ်။

(၆) ရိုးရိုးလှေခါးတွေအစား ဓာတ်လှေခါးကိုအမြဲ အသုံးပြုပါ။ လှေခါးအကွေ့တွေဟာ တစ်ယောက်ထဲ သွားဖို့အတွက် မသင့်တော်ပါဘူး။ ဒုစရိုက်မှုတွေအတွက် အကောင်းဆုံးနေရာတစ်ခုပါပဲ။

(၇) တကယ်လို့ အဲ့ဒီလူယုတ်မာဆီမှာ သေနတ်ပါလာတယ်ဆိုရင်လည်း သင်ဟာ သူ့ထိန်းချူပ်မှုအောက်မှာ ရှိမနေပါဘူး။ ပြေးသာပြေးပါ။ လှုပ်ရှားနေတဲ့ပစ်မှတ်ကို ထိအောင်ပစ်ဖို့လည်းမလွယ်ပါဘူး။ အကြိမ် ၁၀၀ မှာ ၄ ကြိမ်သာ ထိနိုင်ပါတယ်။ ထိတယ်ဆိုရင်တောင်မှာ အရေးကြီး အစိတ်အပိုင်းတွေမဖြစ်နေပါဘူး။

ဒါကြောင့် ပြေးဖို့တိုက်တွန်းချင်ပါတယ်။
( မှတ်ချက်။ ။ မူရင်းစာရေးသူကတော့ အလျော့မပေးဖို့ကို ဆိုလိုချင်တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့တော့ တစ်ချို့အရာတွေမှာ အခြေအနေနဲ့ အချိန်အခါကို သုံးသပ်ပြီးမှ ကိုယ့် ဆုံးဖြတ်ချက်ကို ကိုယ်မှန်အောင်ချနိုင်ဖို့ အကြံပေးချင်ပါတယ်။ )

(၈) အမျိုးသမီးတွေဟာ စာနာစိတ်၊ ကိုယ်ခြင်းစာ ကရုဏာစိတ် ၊ လိုက်လျောတဲ့စိတ်တွေရှိပါတယ်။ ဒါပေမယ့် ဒါဟာ သင့်အတွက်မကောင်းပါဘူး။ Ted Bundy ဆိုတဲ့ လူသတ်သမားတစ်ယောက်ဟာ မိန်းကလေးတွေရဲ့ အဲ့ဒီစိတ်တွေကို အမြဲအသုံးချခဲ့ပါတယ်။

သူက ဒုတ်ကောက်တစ်ချောင်း ဒါမှမဟုတ် ခြေထောက် တစ်ဖက်ဆာပြီးတော့ လမ်းလျှောက်ပါတယ်။ ပြီးတဲ့နောက် သူဟာ သူ့ရဲ့ ပစ်မှတ်သားကောင် ဖြစ်တဲ့ မိန်းကလေး ကို သူ့ကားထဲကို ပို့ပေးဖို့ အကူအညီတောင်းပါတယ်။ ကားထဲရောက်သွားရင်တော့ သင့်ကို သူအတင်းခေါ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒါကြောင့် ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့ စကားပုံအတိုင်း မလိုအပ်ရင် မသနားပါနဲ့လို့အကြံပေးပါရစေ။

ဒီစာကို ဖြစ်နိုင်ရင် ခင်ဗျားတို့ပတ်ဝန်းကျင်က အမျိုးသမီးတွေ အကုန်လုံးဆီကို share ပေးစေချင်ပါတယ်။ဒီစာက ဘ၀ တစ်ခုကို ကယ်တင်စောင့်ရှောက်နိုင်မယ်ဆိုခဲ့ရင် အလွန်ပီတိဖြစ်စရာပါ။ ဖရောင်းတိုင် တစ်ခုက တစ်ခြားဖရောင်းတိုင်တစ်ခုကို မီးကူးပေးလိုက်လို့ ပထမ ဖရောင်းတိုင်ရဲ့မီးရောင်ဟာ မှေးမှိန်မသွားနိုင်ပါဘူး။

ဒီစာကို ကျွန်တော်က အမျိုးသမီးတွေ ဖတ်ဖို့အတွက်ပဲရေးထားတယ်ဆိုပေမယ့် ဖတ်မိတဲ့ညီ၊အကိုတွေမှာလည်း အမေ၊အမ၊နှမ၊သမီး နဲ့ ချစ်သူ၊သူငယ်ချင်းတွေ ရှိမှာပါ၊ သူတို့တွေအတွက်လည်း စေတနာရှေ့ထားပြီး ဖြန့်ဝေပေးစေချင်ပါတယ်။

ကျွန်တော်တို့ လောကကြီးမှာ ဒီလိုဒုစရိုက် တဏှာရူးကောင်တွေ အများကြီးပါပဲ။ တစ်ဖက်တစ်လမ်းက အခုလို ကူညီ အသိပေးခြင်းဟာ တစ်စုံတစ်ခုဖြစ်ပြီးသွားတော့မှ စိတ်မကောင်းဘူး ပြောတာထက်စာရင် ပိုကောင်းပါတယ်။

တစ်စုံတစ်ခု ရင်ထဲရောက်သွားတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။

ကွန်ဒုံးအကြောင်း သိကောင်းစရာများ




ကွန်ဒုံး


ကွန်ဒုံးဆိုရာမှာအမျိုးသားသုံး၊ အမျိုးသမီးသုံး ရှိပါတယ်။ မလိုချင် သေးတဲ့၊ မရည်ရွယ်တဲ့ ကိုယ်ဝန်
မရရှိအောင် ကာကွယ်ပေးတဲ့ အပြင် ကူးစက် တတ်သော ကာလသား ရောဂါတွေနဲ့ အိပ်ခ်ျအိုင်ဗီပိုးတို့
အန္တရာယ်မှလည်း ကာကွယ် ပေးပါတယ်။


ကာလသားရောဂါဆိုတာလိင်ဆက်ဆံခြင်းမှ ကူးစက်တတ်တဲ့ ရောဂါပါ။ လိင်ဆက်ဆံတိုင်း ကူးစက်မှာမဟုတ်ဘဲရောဂါပိုး ရှိသူနဲ့ လိင်ဆက်ဆံ မိမှသာလျှင် ကူးစက်တာပါ။ အမျိုးသမီးတွေဟာ
အမျိုးသားတွေထက် ကာလသားရောဂါတွေ ကူးစက်ခံရနိုင်တဲ့ အန္တရာယ် ပိုများပါတယ်။ မိန်းမတစ်ယောက် ရဲ့ မိန်းမကိုယ် နံရံတွေနဲ့ သားအိမ်ခေါင်းဟာ လိင်ဆက်ဆံစဉ် ထွက်တဲ့အရည်(သုက်ရည်) ၀င်ဖို့ လမ်းကြောင်းတွေ တိုက်ရိုက် ပွင့်နေလို့ပါ။ အကယ်၍ သုက်ရည်မှာကာလသားရောဂါ ရောဂါပိုး ရှိနေမယ် ဆိုပါက အမျိုးသမီးဟာ ပိုပြီး ရောဂါကူးစက်ခံရနိုင်ပါတယ်။ အမျိုးသားရဲ့ လိင်တံမှာတော့ လိင်တံဝမှာသာ ရောဂါပိုးဝင်နိုင်မှာမို့ အမျိုးသမီးဆီမှာ ကာလသားရောဂါ ရောဂါပိုး ရှိနေခဲ့ရင် အမျိုးသားကိုကူးစက်ဖို့ အခွင့်အလမ်း ပိုပြီး နည်းလျော့ပါတယ်။ အမျိုးသမီးတွေမှာ ကာလသားရောဂါရှိနေ ရင်လည်း ရောဂါလက္ခဏာ မပြဘဲရှိတတ်တဲ့ အတွက် မကုသဘဲ ရောဂါ ပျံ့နှံ့လွယ်ပြီးပြဿနာတွေ ဖြစ်စေနိုင် ပါတယ်။ လိင်ဆက်ဆံခြင်းမှ ကူးစက်တတ်တဲ့ ရောဂါ တွေထဲမှာ
အိပ်ခ်ျအိုင်ဗွီ(HIV)လည်းအပါအ၀င် ဖြစ်ပါတယ်။


အိပ်ခ်ျအိုင်ဗွီဆိုတာလူ့ခုခံအား စနစ်ကို ဖျက်ဆီးပစ်သော ဗိုင်းရပ်စ်ပိုး ဖြစ်ကြောင်း လူသိများနေပါပြီ။
သေချာ မမှတ်မိသေးရင်လည်း လေ့ကျင့် မှတ်သားထားဖို့ တိုက်တွန်းပါတယ်။ အေ့ဒ်စ် (HIV) ဆိုတာက ခုခံအား သိပ်ကျလာတဲ့ အခါမှာ ဝေဒနာတွေကိုခုခံနိုင်စွမ်း မရှိတော့ဘဲ ပေါ်ပေါက်လာတဲ့ ကပ်ပါးရောဂါ လက္ခဏာ တွေကို ခေါ်တာပါ။အိပ်ခ်ျအိုင်ဗွီပိုး ကာကွယ်ဆေး ကုသဆေး ယနေ့ထက်တိုင် မတွေ့ရှိ သေးပါဘူး။အိပ်ခ်ျအိုင်ဗွီပိုး ဆက်မပွားအောင် တားမြစ်နိုင်တဲ့ ဆေးတွေကလည်း ဈေးကြီးပါတယ်။
ကိုယ့်လိင် ဆက်ဆံဖက်မှာ အိပ်ခ်ျအိုင်ဗွီ ရှိမရှိဆိုတာ အပြင်ပန်း ကြည့်ရုံနဲ့မသိနိုင်ဘူး မဟုတ်လား။ အပြန်အလှန် တစ်ဦးတည်းသော လိင်ဆက်ဆံဖက် ဖြစ်တယ် ဆိုတာ စိတ်ချယုံကြည်မှု မရှိရင် အိပ်ခ်ျအိုင်ဗွီ အပါအ၀င် ကာလသားရောဂါ မရရှိအောင် ကွန်ဒုံးသုံးစွဲဖို့ တိုက်တွန်းပါတယ်။ ကွန်ဒုံးဟာ ကိုယ်ဝန် မရရှိအောင် ကာကွယ်ပေးရုံမကအိပ်ခ်ျအိုင်ဗွီနဲ့ တကွအခြားသော ကာလသားရောဂါတွေ ကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်တာမို့ စိတ်ချသေချာ သုံးစွဲစေလိုပါတယ်။


အမျိုးသမီးသုံးကွန်ဒုံး


အမျိုးသားကကွန်ဒုံးမသုံးစွဲလိုတဲ့ အခါမှာ အမျိုးသမီးက တပ်ဆင် ထားလိုက် နိုင်ပါတယ်။ လိင်ဆက်ဆံတဲ့အခါတိုင်း အသစ်တစ်ခု သုံးစွဲသင့်ပါတယ်။ သက်တမ်းကုန် နေရင်၊ အထုပ်ပေါက်ပြဲနေရင်၊ကွန်ဒုံးပွန်းပဲ့ ဟောင်းစုတ်ရင် မသုံးစွဲပါနဲ့။ ကွန်ဒုံးကို အထုပ်ထဲက ထုတ်ရင်သွားနဲ့၊ ဓားနဲ့၊ ကပ်ကြေးနဲ့ ကိုက်ညှပ် မထုတ်ပါနဲ့။ တခြားထက်တဲ့ ချွန်တဲ့ပစ္စည်းတွေ မသုံးပါနဲ့။ ကွန်ဒုံး ပျက်စီး နိုင်ပါတယ်။ ကွန်ဒုံးဟာ ချောဆီအတွင်းအပြင် အလုံအလောက် ရှိရဲ့လား စစ်ဆေးဖို့ လိုပါတယ်။
ကိုယ်တိုင်တပ်ဆင်ရတာလွယ်ကူပါတယ်။ တစ်ဦးတည်း သီးသန့် ရှိတဲ့ အခါမှာ လေ့ကျင့်ထား နိုင်ပါတယ်။


(၁)ပွင့်နေတဲ့ဘက်ကို အောက်ဖက် ထားပြီး ကိုင်ပါ။


(၂)သက်တောင့်သက်သာအနေအထားနဲ့ ပေါင်ကွပြီး ထိုင်ခုံပေါ် ခြေတစ်ဖက် တင်ထား နိုင်ပါတယ်။ ကွန်ဒုံးရဲ့ပိတ်နေတဲ့ ဘက်ကို ကိုင်ပြီး အတွင်းကွင်းကို ရှည်ရှည် ကျဉ်းကျဉ်းဖြစ်အောင် ညှစ်ကိုင်ရပါမယ်။တခြား လက်က မိန်းမကိုယ်ဝကို ဟထားရပါမယ်။ အတွင်းကွင်းကို မိန်းမ ကိုယ်ထဲ
အသာသွင်းရပါမယ်။


(၃)လက်ညှိုးကိုကွန်ဒုံး အတွင်းဘက်ကို ထည့်ပြီး အတွင်းကွင်းကို အတွင်း အရောက်နိုင်ဆုံးတွန်းသွင်းရပါ မယ်။ ကွန်ဒုံး လိမ်မနေ စေရပါဘူး။


(၄)အပြင်ကွင်းကမိန်းမ ကိုယ်ဝမှာ ရှိပြီး ကွန်ဒုံးသားဟာ မိန်းမကိုယ် နံရံနဲ့ ကပ်နေပြီးအတွင်းသားနဲ့ တသား တည်း ဖြစ်နေရပါမယ်။


ယောကျာ်းလိင်တံကိုကွန်ဒုံးနဲ့မိန်းမကိုယ်နံရံကြားထဲဝင်မသွားဘဲမိန်းမကိုယ်ထဲသို့ သေချာဝင်အောင်လက်နဲ့ အ သာ ထိန်းသွင်း ပေးရပါတယ် (ချောဆီ အလုံအလောက် သုံးစွဲမှ သာလျှင်လိင်ဆက်ဆံစဉ်မှာ ကွန်ဒုံး ဟာ နေရာ တကျ ရှိနေပါလိမ့်မယ်)။ ဆက်ဆံပြီးတဲ့ အခါမှာအပြင်ကွင်းကို လိမ်ပြီး ကွန်ဒုံးကို အပြင် ဆွဲထုတ် ရပါတယ်။ မတ်တတ် မရပ်ခင်ကွန်ဒုံးကို ဆွဲထုတ်ရမှာ ဖြစ်ပါတယ်။ အမျိုးသားသုံး ကွန်ဒုံးလို လိင်တံ မပျော့ခင်အလျင်စလို ဆွဲထုတ်စရာ မလိုပါဘူး။ သုံးပြီး ကွန်ဒုံးကို အမှိုက်ပုံး၊ အိမ်သာတွင်းထဲစွန့်ပစ် ရပါမယ်။ ရေဆွဲ အိမ်သာထဲ ရေဆွဲမချပါနဲ့။ ကွန်ဒုံး အပိုဆောင်ထား သင့်ပါတယ်။အမျိုးသားသုံးကွန်ဒုံးကိုတစ်ပြိုင်တည်း မသုံးရပါဘူး။ ကွန်ဒုံးချင်း ပွတ်တိုက် စုတ်ပြဲ သွားပါလိမ့်မယ်။အမျိုးသား အများစုဟာလည်း အမျိုးသမီးဘက်က ကွန်ဒုံးသုံးတာကို နားလည် လက်ခံလာကြပါပြီ။အမျိုးသားသုံး ကွန်ဒုံးလို အလျင်စလို မဟုတ်ဘဲ ၈ နာရီ ကြိုသွင်း ထားနိုင်လို့နှစ် သက်ကြပါတယ်။ နာကျင်ခြင်း လုံးဝမရှိပါဘူး။ ကျပ်ခြင်း၊ တင်းခြင်း မရှိပါဘူး။အပူအအေး မျှတပါတယ်။


ရာသီလာနေတဲ့အခါ၊သားအိမ်နောက်လန်နေတဲ့ အခါ၊ ကိုယ်ဝန်ဆောင် နေတဲ့အခါ သုံးစွဲနိုင်ပါတယ်။ (သွေးဆုံးပြီးသူတွေ အတွက်လည်း သင့်လျော်ကြောင်း ကြုံတုန်းပြော ချင်ပါတယ်)။ အမျိုးသားသုံးကွန်ဒုံး လုပ်တဲ့ latex တို့ nanoxynol-9တို့နဲ့ သွေး မတည့်ဘဲ ယားယံတတ် သူတွေလည်းသုံးစွဲနိုင်ပါတယ်။ အရင် လေးငါးနှစ်တုန်းက ဆိုရင် အမျိုးသမီးသုံး ကွန်ဒုံးဆိုတာပစ္စည်း အသစ်အဆန်း ဖြစ်နေသေးခဲ့တဲ့ အတွက် သုံးစွဲဖို့ လက်မခံချင်တာရယ်၊ နည်းပညာနဲ့အတွေ့အကြုံ မပြည့်စုံ သေးတာရယ်၊ သုံးစွဲစဉ် အသံမြည်တဲ့ အတွက် ငြင်းဆန်ကြပါတယ်။ အခုနောက်ဆုံးပေါ်တွေကတော့ အဲဒီ ချို့ယွင်း ချက်မရှိဘဲ လိင်မှု ဆိုင်ရာ အိမ်ထောင်သည် ဘ၀အရသာကို ပြည့်ဝစွာ ခံစား နိုင်ကြပါတယ်။

HIV INFORMATION FOR MYANMAR

Laptop ကို ကျန်းမာရေးညီညွတ်စွာ အသုံးပြုရန် နည်းလမ်း




Laptop အသုံးပြုခြင်းဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးကို စာဖတ်သူတို့ သိရှိနားလည်သွားပြီလို့ ယူဆပါတယ်။ဒါကြောင့် ယင်းဆိုးကျိုး များကို ရှောင်ရှားဖို့အတွက် Laptop ဘယ်လို အသုံးပြု ရမယ်ဆို တာ အောက်ပါအတိုင်း မျှဝေလိုက်ပါတယ်။

Get a Large Screen

Laptop ဝယ်တော့မယ်ဆိုရင် မျက်နှာပြင်ခပ်ကျယ်ကျယ် ကို ရွေးချယ်ဝယ် ယူရန် လိုအပ်ပါတယ်။ ဒါမှာ အာရုံကြောတို့ရဲ့ စူးစိုက် အလုပ်လုပ်ရမှုကို လျော့နည်းစေပါတယ်။ အကယ်၍ မျက်နှာပြင်ခပ်သေးသေး၊ သယ်သွားသယ်လာအဆင်ပြေတာမျိုးကိုပဲ လိုလားတယ်ဆိုရင်လည်း font size ကြီးကြီး အသုံးပြုရပါမယ်။ ဖန်သားမျက်နှာပြင်ထဲကအရာတွေကို အလွယ်တကူ ကြည့်လို့ မြင်နိုင်အောင် ပြုလုပ်ထားရပါမယ်။ ဥပမာ- စာလုံးတွေကအစ ဆိုက်ကြီးအောင် ပြောင်းလဲထားရမှာ ဖြစ်ပါတယ်။

Use a Separate Mouse

Laptop မှာပါတဲ့ မော့က်စ်က အသုံးပြုလို့အဆင်မပြေပါ ဘူး။ နေရာ အကုန်အကျနည်းအောင် အဆင်ပြေသလို မဖြစ်ဖြစ်အောင် ထည့်ပေးထား တာ ဖြစ်ပါတယ်။ လက်ရဲ့ ရွှေ့လျားမှုက ပုံမှန်မဟုတ်တဲ့အတွက် လက်ကောကဝတ်ကို နာကျင်/အကြောလွဲ စေပါတယ်။ ဒါကြောင့် သီးခြား မောက်စ် တစ်လုံးဝယ်သုံးခြင်းဖြင့် လက်ကောက်ဝတ်နာကျင်မှု ကို ရှောင်းရှားနိုင်စေ ပါတယ်။

Level to the Eye

Laptop ရဲ့ ဖန်သားမျက်နှာပြင်ကို မျက်လုံးနဲ့ တည့်အောင်ချိန်ပေးရမယ်။ ဘယ်ထောင့်၊ ဘယ် Angle ရှိရမယ်လို့ မတိုက်တွန်းလိုပါဘူး။ အသုံးပြုသူက အလွယ်တကူ လည်ပါင်း၊ ခေါင်း အများကြီး လှုပ်ရှားစရာမလိုပဲ ကြည့်နိုင်မြင်နိုင်တဲ့ Level မှာထားရပါမယ်။

Use a Separate Keyboard

Laptop မှာ ပါဝင်တဲ့ ကီးဘုတ်က Screen နဲ့အရမ်းနီးကပ်ပါတယ်။ ဒီတော့ ဆိုးကျိုးက မျက်လုံး အမြင် အာရုံကို ထိခိုက်စေပါတယ်။ သာမန် PC တစ်လုံးအသုံးပြုသူများထက် ပိုဆိုးပါတယ်။ ဒါကြောင့် Laptop အသုံးပြုသူ အနေနဲ့ သီးခြား extension ကီးဘုတ်တစ်လုံး ဝယ်တတ်ပြီး သုံးစေချင်ပါတယ်။ ဈေးနှုန်းလည်း သိပ်မကြီးပါဘူး။ သို့ပေမယ့် သယ်သွားသယ်လာရအဆင်မပြေဘူး။ သုံးဖို့အဆင်ပြေဘူးဆိုရင်လည်း Screen နဲ့သိပ်မနီးကပ်စေဖို့ အထူးသတိထားရပါမယ်။ လက်ဖျံကို ဆန့်တန်းလို့ရလောက်ထိ ဝေးကွာစေဖို့ တိုက်တွန်းထားပါတယ်။

Take a Break

Laptop အသုံးပြုသူများအနေနဲ့ ၂ နာရီကြာတိုင်း ခဏအနားယူရ ပါမယ်။ ပြီးတော့ နာရီဝက်ကြာတိုင်း မျက်လုံးကို ဖန်သားပြင်ရဲ့ အပြင်ဘက် ရှုခင်းဖြစ်ဖြစ်၊ ဝေးကွာတဲ့ နေရာတစ်ခုခုကို ကြည့်ရှုရပါ မယ်။ ခေတ္တ အနားယူပြီး အညောင်းပြေအညာပြေ မိနစ်ပိုင်းထ လမ်းလျှောက်ခြင်းကလည်း ကြွက်သားတွေထုံထိုင်း နာကျင်မှုမှ ကင်းဝေးသည့်အပြင် စိတ်ဖိအားလည်း ကျဆင်းပါတယ်။

Recline Slightly

အထက်ပါအချက်များထဲကအတိုင်း သီးခြား ကီးဘုတ်၊ သီးခြား မောက်စ် အသုံးမပြုနိုင်ဘူး။ အသုံးမပြုချင်ဘူးဆို ရင် နောက်တစ်နည်းနဲ့ ရှောင် ရှားနိုင်ပါတယ်။ ဒါကတော့ ကိုယ်ဟန်အနေအထားမှန်တဲ့ ထိုင်ခုံမှာ ထိုင်၍ အသုံးပြုခြင်း ဖြစ်ပါတယ်။ အာရုံစိုက်နေမှုက သတိထားပြီး ခုံရဲ့ ကိုယ်ဟန်အတိုင်း ထိုင်နိုင်အောင် ကြိုးစားရပါမယ်။ ပြီးတော့ ခါးနဲ့ ကြော ညောင်းလာပြီဆိုရင် မြေပြင်ညီ ကြမ်းပြင်/ ဆိုဖာတို့ မှာ ကျောခင်းပြီး အကြောဆန့်ခြင်း ပြုလုပ်ရန် လိုအပ်ပါတယ်။ ပုံမှန် သုံးနေရင်း ခဏနားတဲ့အခါ ထိုင်နေရင်း အကြောဆန့်တာမျိုးကလည်း အညောင်းသက်သာစေပါတယ်။
အထက်ပါအချက်များအတိုင်း လုပ်ဆောင်သွားရင်တော့ Laptop အသုံးပြုရာမှာဖြစ်နိုင်တဲ့ ဆိုးကျိုးများကို အနည်းနဲ့အများ ကာကွယ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။

Sunday, April 6, 2014

ဆယ်ကျော်သက်တို့ အုပ်ထိန်းသူနှင့် ပွင့်ပွင့် လင်းလင်း ဖြစ်စေရန်



အရွယ်ရောက် ကာစ ဆယ်ကျော်သက်တွေ အနေနဲ့ အုပ်ထိန်းသူ မိဘတွေနဲ့ စကားပြောဆိုဖို့ ကြောက်ရွံ့နေ တတ်တာမျိုး တွေရှိပါတယ်။

တကယ်တော့ အရာအားလုံးကို ကြောက်နေ တတ်တာဟာ မှားယွင်း တဲ့အပြုအ မူတွေကို ပြုလုပ်မိစေတတ်ပါ တယ်။ နွေးထွေမှုရှိတဲ့ မိသားစုဆက်ဆံရေးကြောင့် ကလေးငယ် တွေရဲ့ ဘဝ ပိုမိုတိုးတက်စေဖို့ အကြံပြု ချက်လေး တွေရှိ ပါတယ်။

ကိစ္စ သေးသေးလေး တွေကအစ မိဘကို ပြောပြပါ

ကျောင်းမှာ ဘောလုံးကစား တာပဲဖြစ်စေ၊ အိမ်မှာ ဂိမ်းကစား တာပဲဖြစ်စေ၊ သင့်သူငယ်ချင်းနဲ့ အချေအတင် စကား ပြောခဲ့တာ ပဲဖြစ်စေ သင်လုပ်ခဲ့တဲ့ အကြောင်းအရာ တချို့ကို ညနေ ထမင်း စားဝိုင်းမှာ ပဲဖြစ်စေ၊ မိသားစုနဲ့ အတူ ညဘက် တီဗီ ကြည့်မယ့်အချိန်မှာပဲဖြစ်စေ သင့်မိဘ တွေကို ပြောပြပါ။

မသိတာကို ချက်ချင်းမေးပါ

ရွယ်တူ သူငယ်ချင်းတွေက ပြောကြတဲ့ စကားတွေ ဥပမာ- လိင်မှု ဆိုင်ရာကိစ္စနဲ့ အမျိုးသမီး ရာသီစက်ဝန်း ကိစ္စတွေကို ကြားသိ လာချိန်မျိုးမှာ နားမလည် တာမျိုး တွေရှိရင် မိဘနဲ့ တိုင်ပင် သင့်ပါတယ်။ လူပျိုဖော် ဝင်ချိန်မျိုးမှာ ပြောင်းလဲတတ်တဲ့ အသံပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု တွေကို သင့်မိဘကနေ တစ်ဆင့် သိရှိနားလည်ပြီး ပွင့်လင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်ပါ။

လိုချင်တာနဲ့ ဖြစ်ချင်တာကို စာနဲ့ ရေးချပါ

ငါပြောတဲ့ အတိုင်း လုပ်ရမယ်၊ ငါပြောတာကို နားထောင်ရမယ်၊ ငါခိုင်းတာကို လုပ်ရမယ် စတဲ့ စကားသံ တွေကို ဆယ်ကျော်သက်တွေ အရမ်းကို မုန်းတတ်ကြပါတယ်။ ကိုယ့်မိဘ အုပ်ထိန်း သူတွေက ပြောနေတဲ့ အချိန်မျိုးမှာ ပြန်ပြောခွင့်မရှိ လောက်အောင်ကို အခက်တွေ့ ကြရတတ်ပါတယ်။ သူတို့ပြောတဲ့ အကြောင်းအရာ တွေကို သင် ဘာကြောင့် လက်မခံ နိုင်သလဲဆိုတာ အကြောင်းရင်း တိတိကျကျ ရှိတယ်ဆိုရင်၊ အဲဒီ့အကြောင်းပြ ချက်တွေကို ဘယ်သူ့ကိုမှ လျှောက်ပြောဖို့ အခွင့်အရေးလည်းမရှိ ဘူးဆိုရင် စာအုပ်တစ်အုပ်ထဲမှာ ရေးချ ထားလိုက်ပါ။ သင့်မိဘ တွေက သင်ရေးထားတာကို တွေ့ပြီး နားလည် ပါလိမ့်မယ်။

သက်သောင့် သက်သာဖြစ်စေဖို့ တစ်ဦးတည်းကို အရင်မေးပါ

အထူးသဖြင့် မျိုးပွားနည်း ဆိုင်ရာ ကိစ္စတွေနဲ့ လိင်မှုဆိုင်ရာ ကိစ္စတွေကို အိမ်မှာ သင်နဲ့ အရင်းနှီးဆုံးလို့ ထင်တဲ့ အဖေ၊ ဒါမှမဟုတ် အမေတစ်ဦးတည်းနဲ့ တိုင်ပင်တာက ပိုပြီး သက်သောင့် သက်သာ ဖြစ်စေ နိုင်ပါတယ်။

မျက်နှာချင်းဆိုင် ဖြေရှင်းပါ

ကိုယ်ဖြစ် စေချင်တဲ့ ဆန္ဒတွေကို စာထဲမှာ ချရေးထားရင်း သင့်ထင်မြင် ချက်တွေဟာ သင့်အတွက် မှန်ကန်တဲ့ နည်းလမ်းတွေ ဖြစ်တယ်ဆိုရင် သင့်မိဘတွေ ကလည်း နားလည် လာနိုင်တာကြောင့် ကြာရင် လူကြီး မိဘတွေရဲ့ ယုံကြည်မှုကိုလည်း ရရှိစေနိုင်ပါတယ်။ ဒီတော့ သင်ပြော တာတွေကို လက်ခံ လာပါ လိမ့်မယ်။

အချိန်အခါနဲ့ အခြေအနေကို နားလည်ပါ

မိဘတွေ စကားများ ရန်ဖြစ်နေလား၊ မိဘတွေ မျက်နှာကြည်လင် ရွှင်ပျမှု ရှိရဲ့လား ဆိုတာ မျိုးကိုတော့ နားလည် သဘောပေါက် တတ်ဖို့ လိုပါတယ်။ သူတို့စိတ်ဆိုး နေချိန်မှာ သင်က ပြန်ပြောရင် ပိုပြီး စိတ်ဆိုး ဒေါသထွက် စေနိုင်တာကြောင့် တစ်ယောက်တည်းပဲ အခန်းထဲမှာ ငိုချင်ရင် ငိုချလိုက်ပါ။ ဒေါသထွက်ရင် သင့်ခေါင်းအုံးကို ထုရိုက် လိုက်ပါ။

ပြောစကားကို နားထောင်ပါ

ဘာပြောပြော မှန်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သင့်ကို တစ်ခုခု ခိုင်းတာပဲ ဖြစ်စေ၊ မှာတာပဲဖြစ်စေ သေချာ ဂရုစိုက်နား ထောင်ပေးဖို့ပါ။ သင်သိပြီးသား ကိစ္စ ဆိုရင်တောင် ငါးမိနစ်လောက် တော့ သေချာနားထောင်ပြီး၊ မိဘတွေ ပြောတဲ့စကားဆုံးတော့မှ ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတာမျိုးကို ပြန်ပြောပါ။ ဘာမှ မပြော၊ မခိုင်းရ သေးခင် မလုပ်နိုင်ဘူးဆိုတာမျိုး မဖြစ်ပါစေနဲ့။

တခြားချစ်ခင်သူကို ရှာဖွေပါ

သင့်မိဘကိုပြောဖို့ ခက်ခဲတယ်လို့ သင့်စိတ်ထဲမှာ ခံစားရရင်၊ ဒါမှမဟုတ် သင့်အမေကို ပြောလို့ လက်မခံ တာကြောင့်၊ သင့်အ ဖေကိုလည်းမပြောချင် ဘူးဆိုရင်တော့ သင့်ကိုချစ်တဲ့ တခြား အဒေါ်၊ အဘွား၊ ဦးလေး စတာတွေနဲ့ တိုင်ပင်ပြောဆိုဖို့ ရွေးချယ် လိုက်ပါ။

ဖွင့်ဖွင့်ချင်း ကမ္ဘာ့စံချိန်ငါးခုတင်သွားတဲ့ တရုတ်နိုင်ငံငါးပြတိုက်ဥယျာဉ်






မကြာမီက ဖွင့်လှစ်လိုက်တဲ့ Chimelong Ocean Kingdom ငါးပြတိုက်ကို ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းမှာ ကမ္ဘာ့အကြီးဆုံးငါးပြတိုက်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
သုံးနှစ်ကြာဆောက်လုပ်ရေးအပြီးမှာ ၁၂၅ ဧကရှိတဲ့ ငါးပြတိုက်ကြီးကို အများသူငါကြည့်ရှုခွင့်ရအောင် ဖွင့်လှစ် ပေးနိုင်ခဲ့ပါတယ်။ တရုတ်ပြည် အရှေ့ တောင်ပိုင်း၊ Macao အနီး Hengqin ကျွန်းစုအနီးမှာ ရှိတဲ့ အပန်းဖြေ ရေဥယျာဉ်စခန်းထဲမှာ ဒီငါးပြတိုက်ကြီးကို ဖွင့်လှစ်လိုက်တာဖြစ်ပြီး တစ်နှစ်ကို လာရောက် လည်ပတ်သူ သန်းချီရှိမယ်လို့ ခန့် မှန်းထားပါတယ်။
ဒီငါးပြတိုက်ဟာ ဂင်းနစ်စံချိန်တစ်ခုတည်းတင်နိုင်ခဲ့တာမဟုတ်ဘဲ ကမ္ဘာ့စံချိန်ငါးခုအထိ တင်နိုင်ခဲ့တာပါ။ ကမ္ဘာ့အကြီးဆုံးငါးပြတိုက်၊ ကမ္ဘာ့အကြီးဆုံးရေအောက်ရှုခင်းကြည့်အမိုးခုံး၊ ကမ္ဘာ့အကြီးဆုံးငါးလှောင်ကန်၊ ကမ္ဘာ့အကြီးဆုံးရေအောက်ရှုခင်းကြည့်ဖန်သားပြင်၊ ကမ္ဘာ့အကြီးဆုံး အက်ခရီလစ်မှန်ကူကွက် စတဲ့ စံချိန်ငါးခု ကိုတင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့အရှည်ဆုံး ဝေလငါး၊ငါးမန်း ပြခန်းဥမင်လမ်းအဖြစ်လည်း မှတ်တမ်း ၀င်ဖို့ ရှိပါတယ်။
ငါးပြတိုက်မှာ ရေငန် ၅.၉၉ ဂါလန်သန်းပေါင်းသိုမှီးထားပြီး အပန်းဖြေပန်းခြံရဲ့ နေရာခုနှစ်ခုမှာ ရေချို၊ရေငန် ဂါလန်ပေါင်း ၁၂.၈၇ သန်း ရှိသေးတယ်လို့ သိရပါတယ်။
ငါးပြတိုက်မှာ ဝေလငါးမန်းပြပွဲ၊ ပင်ဂွင်း၊ ပိုလာဝက်ဝံ၊ လင်းပိုင်နဲ့ တရုတ်လင်းပိုင်ဖြူ ပြပွဲတွေ ထည့်သွင်းသွားမယ်လို့ ဆိုပါတယ်။




Ref: travel.yahoo.com

နှစ်ဆခွဲခန့် များပြားလာသော ၂၀၁၄ စင်ကာပူ မြန်မာများအကြောင်း




Written by ဇော်အောင်

အမေရိကရောက် စင်ကာပူပီအာ (Permanence Residence of Singapore) တစ်ဦးကို အမေရိကန် အမျိုးသမီးကြီး တစ်ဦးက ဘာလူမျိုးလဲ၊ ဘယ်နိုင်ငံကလဲ မေးတော့ မြန်မာလူမျိုး၊ စင်ကာပူနိုင်ငံမှာ နေတယ်လို့ ဖြေလိုက်ပါတယ်။ I am a Burmese, living in Singapore. အဲဒီအမျိုးသမီးက Burmese ဆိုတာ မကြားဖူးပေမယ့် စင်ကာပူကိုတော့ ကြားဖူးပါတယ်။ သူက သြော်...ဟုတ်လား။ ဘားမားဆိုတာ စင်ကာပူနိုင်ငံထဲက ပြည်နယ်တစ်ခုလား ... လို့ ရိုးရိုးလေး ပြောလိုက်ပေမယ့် တော်တော် မခံချိမခံသာ ဖြစ်ရပါတယ်။ မြေပုံထုတ်ပြီး စင်ကာပူဆိုတာ သေးသေးလေး၊ မြန်မာဆိုတာ အကြီးကြီး၊ လူဦးရေလည်း ၁၅ ဆလောက် များတယ်လို့ ပြောရတယ်။ စိတ်ပျက်စရာပါပဲ။

မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ် သံဃာ သပိတ်မှောက်စဉ်က စင်ကာပူမှာ မြန်မာတွေ စုစုပေါင်း တစ်သိန်းလောက် နေထိုင်ကြတယ်လို့ ဆိုပါတယ်။ အလျား မိုင် ၆၀၊ အနံ မိုင် ၃၀ ကျွန်းနိုင်ငံလေးမှာ လူဦးရေ ခြောက်သန်းလောက် နေ ထိုင်ပါ တယ်။ နိုင်ငံသားများ က လေး သန်းလောက် ရှိပြီး နိုင်ငံခြား သား က နှစ်သန်းကျော် အလုပ်လုပ်ကိုင်လျက် ရှိပါတယ်။

စင်ကာပူမှာ လူမျိုးလေးခုကို အခြေခံထားပါတယ်။ တရုတ် ၇၀ ရာခိုင်နှုန်း၊ မလေး ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယ ၁၀ ရာခိုင်နှုန်းနဲ့ အခြားလူမျိုးတွေ ၅ ရာခိုင်နှုန်းလောက် ရှိပါမယ်။ ၂၀၀၈ အချိန်က မြန်မာလူဦးရေ တစ်သိန်းဆိုတာ ၆၀ ပုံတစ်ပုံ ၀ ဒသမ ၂ ရာခိုင်နှုန်းလောက် မဖြစ်စလောက် ဆိုပေမယ့် အခု ၂၀၁၄ မှာ မြန်မာလူဦးရေ နှစ်သိန်းခွဲခန့် စင်ကာပူ လူဝင်မှုကြီးကြပ်ရေးမှ အချက်အလက်ကို ST သတင်းစာကြီးက ရေးသားထားပါတယ်။ မြန်မာလူဦးရေ ကြောက်ခမန်းလိလိ တိုးတက်လာပါတယ်။

အများဆုံး တိုးတက်များပြားလာမှုတွေက

၁။ အိမ်အကူ (အိမ်ဖော်များ) စုစုပေါင်း လေးသောင်းခန့်
၂။ အလုပ်သမားများ သင်္ဘောကျင်း၊ ဆောက်လုပ်ရေး၊ ဆေးရုံ၊ ဘိုးဘွားရိပ်သာ ... စတဲ့ နေရာများမှာ ရှစ်သောင်းခန့်၊
၃။ ပညာတတ် လူတန်းစားခေါ်တဲ့ S-pass, PR, Citizen များက ငါးသောင်းလောက် ရှိပါမယ်။
၎။ မြန်မာများရဲ့ ကလေးများ ကျောင်းသား၊ ကျောင်းသူ၊ မြန်မာနိုင်ငံမှာ စီးပွား၊ ကျောင်းနေလာသူများလည်း တော်တော်များပါတယ်။

ဒါကြောင့် ယခင်ငါးနှစ်က စင်ကာပူ ရထားဘူတာရုံပေါင်း ၃၀ လောက် ရှိတာ။ အခု ရထားလမ်းလည်း နှစ် ဆ ပိုရှည်အောင် မြေအောက်ရထားလမ်း ကီလိုမီတာ ၂၀၀ လောက် တိုးချဲ့ထားပါတယ်။ အဲဒီရထား ဘူတာပေါင်း ၆၀ လောက်ထိ နှစ်ဆတိုးတက်လာပါတယ်။ မြန်မာတွေရဲ့ အသံကျယ်ကျယ် စကားပြောသံ ကို ရထားဘူတာရုံတိုင်းမှာ ကြားနေရပါပြီ။ သာမန်အားဖြင့်တော့ ရထားစီး ခရီးသည်တွေဟာ ခေတ်ပေါ် စမတ်ဖုန်းလို့ခေါ်တဲ့ အိုင်ဖုန်း၊ အိုင်ပက်၊ ဆမ်ဆောင်းများကို သုံးပြီး ငြိမ်နေကြပါတယ်။ အင်တာနက်ကို တယ်လီဖုန်းတိုင်းမှာ ရရှိတဲ့အတွက် ရုပ်ရှင်ကြည့်၊ အီးမေးကြည့်၊ ဖေ့စ်ဘုတ် ပွတ်သတ်နေသူ များစွာ ရှိပါတယ်။ ၂၀၁၄ လူတွေရဲ့ မရှိမဖြစ် လိုအပ်ချက်မှာ စား၊ ဝတ်၊ နေရေး သုံးချက်မကတော့ဘဲ ဖုန်းကို ထည့်သွင်းရတော့မှာ ဖြစ်ပါတယ်။ ဖုန်းစရိတ်ကလည်း တစ်လစား စရိတ်လောက် ရှိလာပြီ ဖြစ်ပါတယ်။

ဒါကြောင့် တယ်လီဖုန်းလုပ်ငန်းဟာ အလွန်အမြတ်အစွန်းရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အောက်ကပုံမှာ ရထား MRT ပေါ်မှာ စီးနင်းရင်း တယ်လီဖုန်းလေးတွေ ကိုယ်စီနဲ့ ငြိမ်နေတဲ့ စင်ကာပူ ၂၀၁၄ သဘာဝ ဓာတ်ပုံဖြစ်ပါတယ်။

အိမ်အကူလုပ်ငန်း (အိမ်ဖော်)
Domestic Worker
အိမ်ဖော်လုပ်ငန်းကို ဘယ်မှာ လုပ်သလဲမေးရင် အိမ်မှာ လုပ်တယ်လို့ ဖြေကြတယ်။ အများအားဖြင့် အိမ်မှုကိစ္စ၊ ကလေးထိန်း၊ သက်ကြီးရွယ်အိုထိန်း လုပ်ငန်းများ ဖြစ်ပေမယ့် သူဌေးများရဲ့ ကားဆေး၊ ခွေးရေချိုး၊ ခွေးစာကျွေး၊ ဆိုင်ထိုင်၊ စာရင်းဇယား ကူညီလုပ်ခြင်း စတဲ့ အလုပ်များကို လုပ်ရပါတယ်။ လစာကတော့ အိမ်ရှင်အပေါ်နဲ့ မိမိရဲ့ အရည်အချင်းပေါ် မူတည်ပြီး ဒေါ်လာ ၄၀၀ ကျော်လောက်ကနေစပြီး ရရှိပါတယ်။ အများအားဖြင့်တော့ အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တဲ့သူဆိုရင် လစာဒေါ်လာ ၆၀၀ လောက်ရရှိပြီး၊ တစ်ပတ် တစ်ရက် နားရက်ရပါတယ်။ အခန်းတစ်ခု ပေးရပါတယ်။ အိမ်ရှင်ယောက်ျားတွေက ပိုက်ဆံနဲ့ မက်လုံးပေးပြီး မဟုတ်တာ လုပ်ခြင်း မခံရအောင်၊ အိမ်ဖော်တွေအနေနဲ့ အိမ်ရှင်ယောက်ျားကို နှိပ်နယ်မပေးရလို့ စင်ကာပူအစိုးရက တိုက်တွန်းထားပါတယ်။

စင်ကာပူမှာ အိမ်ဖော်ပေါင်း ရှစ်သိန်းလောက် ရှိတယ်လို့ ဆိုပါတယ်။ အိမ်ထောင်စု ၇၀ ရာခိုင်နှုန်းလောက်က အိမ်ဖော်ငှားကြပါတယ်။ အစိုးရက အိမ်ဖော်ခေါ်သူကို တစ်လ ဒေါ်လာ ၃၀၀ လောက် Levy အခွန်တောင်းပေမယ့် အိမ်ဖော်အလုပ်ကတော့ ကောင်းနေဆဲ ဖြစ်ပါတယ်။ တချို့ လည်ဝယ်သူ မြန်မာများက အိမ်ဖော်ပါမစ်ကို တစ်နှစ်ကို ဒေါ်လာ ၃၀၀၀ လောက်နဲ့ ရောင်းစားကြသူတွေလည်း ရှိပါတယ်။ အိမ်ဖော်ပါမစ်ကို ဝယ်ထားပြီး အချိန်ပိုင်း အိမ်သန့်ရှင်းရေးများကို တစ်နာရီ စင်ကာပူ ခုနစ်ဒေါ်လာနဲ့ လုပ်ကြတယ်။ အဲဒီလို အိမ်ဖော်ပါမစ်ကို ဝယ်ခွင့်မရှိပေမယ့် လုပ်စားနေသူအချို့ ရှိနေပါတယ်။

အများအားဖြင့် အိမ်ဖော်ဈေးကွက်မှာ ဖိလစ်ပိုင်တွေက အင်္ဂလိပ်လို ပြောနိုင်လို့ အများဆုံး နေရာယူထားပါတယ်။ ၅၀ ရာခိုင်နှုန်း ဈေးကွက်ယူထားပါတယ်။ ဖိလစ်ပိုင်အိမ်ဖော်က လစာလည်း ကောင်းပါတယ်။ ဒေါ်လာ ၅၀၀ လောက်တော့ ရကြပါတယ်။ သူတို့က ခရစ်ယာန် နိုင်ငံဖြစ်လို့ ပိုပြီး ဆိုရှယ်လုပ်နိုင်ပါတယ်။ ပေါင်းသင်းပြောဆိုတတ်ပါတယ်။ အင်ဒိုနီးရှားက ဒုတိယ အိမ်ဖော်အများဆုံး ဖြစ်ပါတယ်။ မြန်မာ၊ သီရိလင်္ကာနိုင်ငံတွေကတော့ တတိယအဆင့်ပါပဲ။ ထိုင်း၊ မလေး၊ ဗီယက်နမ်တွေက အိမ်ဖော်အလုပ် မလုပ်ပါဘူး။ သူတို့နိုင်ငံတွင်းမှာ အမျိုးသမီးတွေအတွက် အိမ်ဖော်လုပ်တဲ့လစာကို ပြည်တွင်းမှာ ရနိုင်လို့ပါ။ ရတဲ့ လစာနဲ့ စားဝတ်နေရေး အဆင်ပြေတော့ မိန်းကလေးတွေ မပျက်စီးပါဘူး။

စကားပုံအရ “မိန်းကလေးများသည် ဆင်းရဲဒဏ်မခံနိုင်၊ ဆင်းရဲလွန်းလျှင် မိန်းမများ ပျက်စီးတတ်သည်။ ငွေချမ်းသာလွန်းပါက ယောက်ျားများ ပျက်စီးသည် ...” ဆိုတဲ့ စကားပုံအတိုင်း၊ စင်ကာပူရောက် အိမ်ဖော်တွေဟာ စင်ကာပူမှာ အနိမ့်ဆုံးအဆင့် လူတန်းစားဖြစ်လို့ တော်တော်ပျက်စီးပါတယ်။ တနင်္ဂနွေနေ့ဆို စင်ကာပူ မြို့လယ်ကောင်မှာ အိမ်ဖော်မိန်းကလေးတွေနဲ့ Work Permit အလုပ်သမားများစွာ အကြည်ဆိုက်နေတာကို တွေ့ရပါတယ်။ တချို့ ဝင်ငွေမကောင်းတဲ့ စင်ကာပူက သက်ကြီးလူများလည်း အိမ်ဖော်တွေကို လက်မထပ်ဘဲ တနင်္ဂနွေ ဇနီးသည်အဖြစ် ပေါင်းသင်းနေထိုင်သလို၊ ဝင်ငွေကောင်းတဲ့ နိုင်ငံခြားက အလုပ်လာလုပ်သူတွေလည်း ပေါချောင်ကောင်းဆိုပြီး အိမ်ဖော်မိန်းကလေးတွေကို တနင်္ဂနွေ ရည်းစား လုပ်နေကြပါတယ်။ ခေတ်စနစ်၊ နိုင်ငံကလည်း ဒါမျိုးတွေကို ခွင့်ပြုတော့ မိန်းမများ ပျက်စီးတဲ့ အိမ်ဖော်လုပ်ငန်း ဖြစ်ပါတယ်။

အခု မြန်မာအိမ်ဖော်ပေါင်း လေးသောင်းခန့်မှာ အများစုကတော့ အိမ်ရှင်နဲ့ အိမ်ဖော် အဆင်ပြေကြပါတယ်။ ဦးအေးငြိမ်း မြန်မာဘာသာ ပြန်ထားတဲ့ အိမ်ဖော်ဥပဒေကို ဖတ်ကြည့်နိုင်ပါတယ်။
http://myanmarinsingapore.com/profiles/blogs/foreign-domestic-workers

အိမ်ရှင်တွေရဲ့ မတရားလုပ်တာကို မြန်မာ၊ အင်ဒိုနီးရှား အမျိုးသမီး အိမ်ဖော်များ ခံစားရပါတယ်။ အင်္ဂလိပ်စကား နားမလည်၊ ခေတ်ပေါ်ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ အဲကွန်း၊ မီးပူ၊ မီးဖို မသုံးတတ်ကြပါဘူး။ မြန်မာအိမ်ဖော်ပေါင်း လေးသောင်းခန့်တွင် ၁၀ ရာခိုင်နှုန်း အဆင်မပြေ ဖြစ်နေတော့ မြန်မာအမျိုးသမီး ၄၀၀၀ ခန့် အိမ်ရှင်-အိမ်ဖော် ပြဿနာ ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ တချို့ အိမ်ရှင်ဆိုးဆိုးနဲ့ နေထိုင်ရသူများ၊ နှိပ်စက်ခံရသူများ ရှိပေမယ့် မဖြစ်စလောက် လူနည်းစုပါ။

အဆိုးဆုံးကတော့ လူပွဲစားလို့ခေါ်ရမယ့် အေဂျင်စီတွေပဲ ဖြစ်ပါ တယ်။ ဥပမာ- မြန်မာအမျိုးသမီးတစ်ဦး တစ်လ ဒေါ်လာ ၃၅၀ နဲ့ လုပ်မယ်ဆိုရင် အေးဂျင့်ဖိုး ခြောက်လစာ တောင်းပါတယ်။ အေးဂျင့်ဖိုး ပိုက်ဆံမရှိလို့ အိမ်ဖော်လာလုပ်သူကို ခြောက်လလုံးလုံး ပိုက်ဆံမပေးဘဲ အေဂျင်စီကြေးငွေ ပြန်ဆပ်နေရပါတယ်။ အများစုသော အိမ်ဖော်များရဲ့ ပြဿနာများဟာ အဲဒီရောက်ခါစ သုံးလအတွင်း ဖြစ်ပါတယ်။ အပြင်ထွက်ခွင့်၊ ဖုန်းပြောခွင့် မပေးကြတာ များတယ်။ အိမ်ဖော်က ထွက်ပြေးရင် အိမ်ရှင်က အာမခံတင်ထားတဲ့ ဒေါ်လာငါးထောင် ရှုံးမှာ ကြောက်လို့ အိမ်ရှင်များက အိမ်ဖော်များကို ရောက်ခါစမှာ မယုံတော့ အပြင်မထွက်ခိုင်းပါဘူး။ တချို့အိမ်ဖော်တွေ မိမိကိုယ် အဆုံးစီရင်မှုတွေ တွေ့ရပါတယ်။ အဲဒီရောက်ခါစ သုံးလလောက် အခက်အခဲတွေ ကျော်လွန်သွားပြီးရင်တော့ အိမ်ဖော်များနဲ့ အိမ်ရှင်တို့ ပျော်စရာ ဖြစ်သွားပါပြီ။

တနင်္ဂနွေနေ့ဆို အိမ်ဖော်တွေ နားရက်ရလို့ လျှောက်လည်ကြပါတယ်။ မြန်မာအိမ်ဖော် အများစုကတော့ ထုံးစံအတိုင်း ပင်နီဆူလာ ပလာဇာမှာ ဆုံကြပါတယ်။ အရင်ငါးနှစ်က မြန်မာများ ပင်နီဆူလာ ရှော့ပင်းစင်တာအတွင်း၊ အပြင်နားမှာပဲ နေကြပေမယ့် အခု နှစ်ဆခွဲလောက် လူဦးရေ များလာတော့ ဘေးနားက ရှော့ပင်းစင်တာများ၊ ရထားဘူတာရုံ၊ စိန့်အင်ဒရူး ဘုရားကျောင်းဝင်း မြက်ခင်းပြင်၊ စီးတီးဟော ခရစ်ကတ်ကွင်းပြင်ကနေ နောက်ဆုံး မာရီလင်ရေပန်း ထွက်တဲ့ ပင်လယ်ကမ်းစပ် ပန်းခြံအထိ မြန်မာများစွာ ပျော်ပွဲစားထွက်၊ စကားပြော၊ အနားယူနေကြတာ တွေ့ရပါတယ်။

စည်းကမ်းနဲ့ ပတ်သက်ပြီး ယခင်က မြန်မာများ ကွမ်းတံတွေးထွေး၊ ဆေးလိပ်တို လွှင့်ပစ်၊ အရက်ဘီယာခွက်များ၊ အချိုရည်ခွက်၊ ပုလင်း၊ အမှိုက်အကြွင်းကျန် များစွာ ပစ်ထားလို့ စည်းကမ်းမဲ့တဲ့ မြန်မာများလို့ နာမည်ကျော်ခဲ့ပါတယ်။ အခု အစိုးရအသစ် တက်ပြီး သုံးနှစ်ကြာတဲ့ အချိန်မှာ မြန်မာများ အလွန်စည်းကမ်း ရှိလာပါတယ်။ အမှိုက်မပစ်ဘဲ စိန့်အင်ဒရူးဘုရားကျောင်းမှာလည်း သန့်ရှင်းစွာ နေထိုင်၊ စခန်းချ၊ စားသောက်ကြပါတယ်။



စင်ကာပူရဲ့ အံ့မခန်း တိုးတက်ပုံကလည်း ၂၀၁၄ မှာ ကမ္ဘာ့ဈေးအကြီးဆုံး မြို့တော်အဆင့်ကို ရောက်သွားပါပြီ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI မှာလည်း ဒေါ်လာဘီလီယံပေါင်း ကုဋေများစွာနဲ့ ကမ္ဘာ့အဆင့် ၁၅ လောက်မှာ ရှိနေပါတယ်။ အရှေ့တောင်အာရှကို ရင်းနှီးမြှုပ်နှံလိုသူ နိုင်ငံခြားသားများက စင်ကာပူဘဏ်တွေမှာ ယုံကြည်စွာ ငွေလာထည့်ထားခြင်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ က တောခေါင်ခေါင် ဘတ်စ်ကားတောင် မရှိတဲ့ Woodlands လို ကန်ပေါင်း (တောရွာ) များက အခုဆို ရှော့ပင်းစင်တာကြီးများ၊ ရထားဘူတာ၊ အိမ်ရာ စီမံကိန်းများနဲ့ လူပေါင်း သိန်းသန်းချီ နေထိုင်ကြပါပြီ။ ရှော့ပင်းစင်တာကြီးများက အစားအသောက်တွေလည်း အမေရိကန်နိုင်ငံထက်ပင် ဈေးကြီးနေပြီ ဖြစ်ပါတယ်။ အလွန်တိုးတက်နေတဲ့ နောက်ဆုံးပေါ် ပစ္စည်းများစွာကို စင်ကာပူမှာ တွေ့နိုင်ပါပြီ။ နယူးယောက်၊ မက္ကဆီကို၊ ဂျာမနီ၊ အင်္ဂလန်၊ ပြင်သစ် စတဲ့ စားသောက်ဆိုင်များ၊ ဟိုတယ်၊ ဈေးဆိုင်များလည်း တရုတ်ကုလား ဆိုင်များလို များစွာ၊ စုံလင်စွာ ရှိနေကြပြီး ကမ္ဘာ့နိုင်ငံ အားလုံးနီးပါးက သင်္ဘောလိုင်းများ၊ ရေနံတင်သင်္ဘောများ၊ လေယာဉ်ပျံ ခရီးစဉ်များစွာနဲ့ အရှေ့တောင်အာရှရဲ့ ဗဟိုဖြစ်နေပါတယ်။ အလွန်အံ့မခန်း တိုးတက်လာတဲ့ တရုတ်ကို မှီပြီး ဟောင်ကောင်ဟာ အရမ်းတိုးတက်လာပါတယ်။ အရင်က ဟောင်ကောင်ထက် သာသွားမယ် မှန်းပေမယ့် အနှစ်၂၀ ကြာလည်း ဟောင်ကောင်ကို မမီနိုင်သေးပါဘူး။ ဟောင်ကောင်က ငွေချမ်းသာရုံမက၊ နိုင်ငံရေး၊ စာပေ၊ ရုပ်ရှင်၊ သိပ္ပံပညာများမှာ စင်ကာပူထက် သာလွန်နေဆဲ ဖြစ်ပါတယ်။

နိဂုံးသုံးသပ်ချက်
မြန်မာနိုင်ငံ အစိုးရအသစ် တက်လာပြီး စင်ကာပူကို လူတွေ တစ်ဖွဲဖွဲ ထွက်လာမှု ပိုမိုများပြားလာတာ မျက်ဝါးထင်ထင် တွေ့ရပါတယ်။ မြန်မာဆိုရင် ဘိန်းဘုရင်၊ စစ်အာဏာရှင်ဟောင်း၊ လက်ရှိ အာဏာရ ဝန်ကြီး သားသမီးများ၊ စီးပွားရေး၊ ခရိုနီများရဲ့ သားသမီးများစွာ ကျောင်းတက်၊ ဆေးကု၊ ကွန်ဒို၊ အိမ်ရာများ ဝယ်ပြီး နေထိုင်ကြပါတယ်။ ဆင်းရဲသား သားသမီးများလည်း အိမ်ဖော်၊ အလုပ်သမား WP ဘဝနဲ့ စင်ကာပူမှာ လာရောက် အလုပ်လုပ်ကိုင်ကြပါတယ်။ အဲ.. ပညာတတ် ဆိုတဲ့ ဘွဲ့ရ၊ ဒီပလိုမာ လူငယ်များစွာလည်း S-pass, EP, PR, Citizen, Dependent, Business pass တွေနဲ့ အလုပ်လုပ်ကိုင်ကြပါတယ်။

ဒီတော့ လူဆိုး၊ သူခိုးများကအစ လူကောင်း၊ လူတော်များ၊ ဆင်းရဲမွဲတေသူများ အဆုံး မြန်မာများစွာ စုပြုံ၊ ပြွတ်ကျပ်နေထိုင်တဲ့ စင်ကာပူ ၂၀၁၄ အခြေအနေ တစ်ခန်းရပ်ဖြစ်ပါတယ်။

The Voice

လုံခြုံရေးနဲ့ ဆိုးဝါးတဲ့ရာသီ ဥတုကြားက လူတွေမဲပေး






နောက်ဆုံး ရေးသားချိန် 5 ဧပြီလ 2014 - 15:20 GMT

အမျိုးသမီး မဲပေးသူများတွေ့ရစဉ်

အာဖဂန် ရွေးကောက်ပွဲမှာ မိုးသည်းထန်တာတွေ လုံခြုံရေး ခြိမ်းခြောက်မှုတွေ ကိုမမှုဘဲ အထူးသဖြင့် လူငယ်တွေ မဲလာပေးကြတယ်လို့ ဒေသတွင်းရှိ ဘီဘီစီ သတင်းထောက်တွေက ပြောပါတယ်။ အမျိုးသမီးတွေလည်း အမျိုးသားလောက် မများပေမယ့် မဲပေးတာ တွေ့ရပါတယ်။

အာဖဂန်မြို့တော် ကာဘူးလ်က ဘီဘီစီသတင်းထောက် ဒေးဗစ်လွိုင်းကတော့ ရဲနဲ့စစ်သား၎သိန်းလောက် လုံခြုံရေး ယူထားတဲ့အတွက်ဒါဟာ ၂၀၀၁ ခုနှစ် တာလီဘန်တွေကျပြီး နောက်ပိုင်း အကြီးဆုံး စစ်ဆင်ရေးဘဲလို့ ပြောပါတယ်။
ဆက်စပ်သတင်းနဲ့ အစီအစဉ်များ

အာဖဂန် မဲဆန္ဒရှင်တွေဟာ သမ္မတသစ်ကို ရွေးချယ်ဖို့ မဲရုံကို သွား
အာဖဂန် သမ္မတ ရွေးပွဲအတွက် မဲဆွယ်ပွဲ နောက်ဆုံးနေ့
အာဖဂန် ရွေးကောက်ပွဲရုံး တာလီဘန် ဝင်တိုက်

အာဖဂန် မြောက်ပိုင်းက ဘီဘီစီသတင်းထောက် ကယ်ရင်အယ်လင်ကလည်း မဲပေးဖို့ စောင့်နေတဲ့ လူတွေ အရှည်ကြီး တန်းစီနေကြတယ်လို့ပြောပါတယ်။

အနောက်ဖက် ဟရတ်ပြည်နယ်နဲ့ မြို့တော်ရဲ့အရှေ့မြောက်တို့မှာ ရာသီဥတုနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် မဲရုံအချို့ပိတ်ခဲ့ရပါတယ်။ အချို့မဲရုံတွေ ကြိုးကြားတိုက်ခံရပြီး အားလုံမဲရုံတွေရဲ့ ၁၀ရာနှုန်းဟာ လုံခြုံရေးကြောင့် မဖွင့်နိုင်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။ ဒါ့အပြင် မဲပြားတွေအချိန်မီမရောက်တာ မဲမလုံလောက်တာစတဲ့ သတင်းတွေလည်းရပါတယ်။

နိုင်ငံတကာ လေ့လာအကဲခတ်သူတွေကတော့ လုံခြုံရေးတင်းကျပ်စွာချထားပြီး အတုမလုပ်နိုင်အောင် အာမခံချက်အသစ်တွေရှိတဲ့အတွက် အရင်လုပ်တဲ့ ရွေးကောက်ပွဲထက် ပိုမျှတနိုင်တယ်လို့ မြင်ကြောင်း ကာဘူးလ်က သတင်းထောက်ကပြောပါတယ်။

သမ္မတလောင်းအဖြစ်ပြိုင်သူ ၈ယောက် ရှိပြီးအဲဒီထဲက နိုင်ငံခြားရေး ဝန်ကြီးဟောင်းနှစ်ယောက်နဲ့ ဘဏ္ဍာရေး ဝန်ကြီးဟောင်းတယောက်တို့က ရှေ့က ရောက်နေတဲ့သဘော တွေ့ရပါတယ်။

ဒါပေမယ့် လွတ်လွတ်ကျွတ်ကျွတ် နိုင်တဲ့ ၅၀ရာနှုန်းရဖို့ ဘယ်သမ္မတလောင်းမှ မသေချာလို့ မေလ၂၈ရက်ကျရင် ဒုတိယ အကြော့ပြန်ပြိုင်ရနိုင်တယ်လို့ အာဖဂန်ရောက် ဘီဘီစီ သတင်းထောက်တွေက သုံးသပ်ထားပါတယ်။
BBC

နေတိုးအဖွဲ့ လှုပ်ရှားမှုကို ရုရှားက မေးခွန်းထုတ်






နောက်ဆုံး ရေးသားချိန် 3 ဧပြီလ 2014 - 15:28 GMT

နေတိုးအတွက် အမေရိကန်က F-15 တိုက်လေယာဉ် ၁၀ စီး ပို့ထား

အရှေ့ ဥရောပမှာ နေတိုး အဖွဲ့ရဲ့ လှုပ်ရှားမှုတွေ တိုးမြှင့်လာတာ ဘာကြောင့်လဲ ဆိုတဲ့ အဖြေကို ပေးဖို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေရီ လက်ဗ်ရော့ဗ်က တောင်းဆိုလိုက်ပါတယ်။

သူတို့ သဘောတူညီ ထားခဲ့တာတွေ အပေါ် အလေးအနက် အခြေခံပြီး နေတိုးဘက်က အဖြေပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း မစ္စတာ လက်ဗ်ရော့ဗ်က ပြောပါတယ်။

နေတိုး အဖွဲ့ဟာ ယူကရိန်း အရှေ့ပိုင်း နယ်စပ်မှာ ရုရှား တပ်ဖွဲ့ လှုပ်ရှားမှုတွေရဲ့ အရေးကြီးမှုကို ချဲ့ကား ပြောတယ်လို့လည်း သူက စွပ်စွဲ ပါတယ်။

နေတိုး အဖွဲ့ ထိပ်တန်း တပ်မှူးကြီး ဗိုလ်ချုပ်ကြီး Philip Breedlove ကတော့ နေတိုး အဖွဲ့ရဲ့ ကာကွယ်ရေး အင်အားကို ပိုမို ဖြည့်တင်းပေးထားကြောင်း၊ ရုရှား ဘက်က ရှေ့ဆက်တိုးရင် ၁၂ နာရီ အတွင်း နေတိုး ဘက်က တိုက်ခိုက်နိုင်ကြောင်း ပြောပါတယ်။

ရုရှား တပ်ဖွဲ့တွေ ဆုတ်ခွာသွားတယ် ဆိုတဲ့ သတင်း တွေကိုတော့ သူ့အနေနဲ့ အတည်မပြုနိုင်ဘူးလို့ ဗိုလ်ချုပ်ကြီး Philip Breedlove က ပြောပါတယ်။
BBC

ဝန်ကြီးချုပ်ယင်းလပ်ကို ထောက်ခံသောရှပ်နီများ ဘန်ကောက်တွင် ဆန္ဒပြမည်








အစိုးရ ထောက်ခံသူများနှင့် ဆန့်ကျင်သူများ မကြာခဏ ဆန္ဒပြလေ့ရှိသော ထိုင်းနိုင်ငံတွင် ယခုသီတင်းပတ်ကုန်တွင် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကို ထောက်ခံသော ရှပ်နီများက မြို့တော် ဘန်ကောက်သို့လာ၍ ယင်းလပ် ထောက်ခံကြောင်း ဆန္ဒပြကြမည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် ယမန်နှစ် နိုဝင်ဘာလမှ စတင်၍ ဝန်ကြီးချုပ် ယင်းလပ်ကို ဆန့်ကျင်သော ဆန္ဒပြမှုများ အကြီးအကျယ် ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ ဝန်ကြီးချုပ် ယင်းလပ်ကို ထောက်ခံသူ ရှပ်နီဝတ် ဆန္ဒပြသူများက ယင်းလပ် ထောက်ခံဆန္ဒပြပွဲများ ပြုလုပ်ရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။

လက်ရှိအချိန်တွင် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကို ဆန့်ကျင်သူများက တရားစွဲဆိုမှုများ ပြုလုပ်နေစဉ်တွင် ယင်းလပ် ထောက်ခံသူများက ယခုကဲ့သို့ ဘန်ကောက်တွင် ဆန္ဒပြရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

ဘန်ကောက်မြိ့တော်တွင် ယင်းလပ်ကို ဆန့်ကျင်သူများကလည်း ဆန္ဒပြနေကြဆဲ ဖြစ်ရာ၊ ယခု ယင်းလပ် ထောက်ခံသော ရှပ်နီဝတ် ဆန္ဒပြသူများကလည်း ဘန်ကောက်တွင် ဆန္ဒပြမည့် အစီအစဉ်ကြောင့် နှစ်ဖက်ပဋိပက္ခ ဖြစ်ပွားမည်ကို စိုးရိမ်ရသည့် အခြေအနေပင် ဖြစ်သည်။

“ယင်းလပ် ဆန့်ကျင်သူတွေက ဘန်ကောက်မြို့ထဲမှာ ဆန္ဒပြမယ်။ ယင်းလပ် ထောက်ခံသူတွေက ဘန်ကောက် မြို့ပြင်မှာ ဆန္ဒပြကြမှာပါ” ဟု ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်၏ လုံခြုံရေးအကြံပေး Paradorn Pattanathabutr က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ယမန်နှစ် နိုဝင်ဘာလက ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြမှုများကို ယင်းလပ် ထောက်ခံသူ ရှပ်နီ ဆန္ဒပြသူများက ပြန်လည် တန်ပြန်ဆန္ဒပြရန် ကြိုးပမ်းခဲ့သော်လည်း ဗုံးခွဲတိုက် ခိုက်ခြင်း စသည့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြသူ ငါးဦးသေဆုံးခဲ့ကာ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

ဘန်ကောက်မြို့တွင် စနေ၊ တနင်္ဂနွေနေ့တို့တွင် ပြုလုပ်မည့် ယင်းလပ် ထောက်ခံသူ ရှပ်နီဝတ်များ၏ ဆန္ဒပြပွဲသို့ လူ ၅၀၀,၀၀၀ ခန့် ပါဝင်မည်ဟု မျှော်လင့်ထားကြောင်း ရှပ်နီ ဆန္ဒပြခေါင်းဆောင်က ပြောကြားသည်။

သို့သော် ထိုင်းရဲတပ်ဖွဲ့ဝင်များကမူ ယခုလုပ်မည့် ရှပ်နီဆန္ဒပြပွဲသို့ လူ ၃၅၀,၀၀၀ ပါဝင်မည်ဟု ပြောကြားထားပြီး ထိုင်းနိုင်ငံတစ်ဝန်း အထူးသဖြင့် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ပြည်နယ်များမှ ယင်းလပ် ထောက်ခံသူများက ကား၊ ရထားများဖြင့် ဘန်ကောက်သို့ ညတွင်းချင်း လာရောက်ကြမည်ဟု မျှော်လင့်ရကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ရှပ်နီ ဆန္ဒပြသူများအနေနှင့် အင်အားသုံးခြင်းမျိုး ပြုလုပ်မည် မဟုတ်ကြောင်း ရှပ်နီ ခေါင်းဆောင်များက ပြောကြားသည်။
“ကျွန်တော်တို့ ဆန္ဒပြခြင်းက ထိုင်းနိုင်ငံဟာ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ ဝန်ကြီးချုပ်ကိုပဲ လက်ခံတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသတာ ဖြစ်ပါတယ်။ တခြားဘာကိုမှ မရည်ရွယ်ပါဘူး” ဟု ရှပ်နီ ခေါင်းဆောင် တစ်ဦးဖြစ်သူ Nattawut Saikua က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ယင်းလပ်အစိုးရကို ဆန့်ကျင်သော ဆန္ဒပြသူများသည် ဘန်ကောက်မြို့လယ်မှ ဘဏ္ဍာရေး လုပ်ငန်းများ တည်ရှိရာ ရပ်ကွက်အစွန်ရှိ လန်ပီနီပန်းခြံတွင် အခြေစိုက် ဆန္ဒပြနေကြသည်။

ဘန်ကောက်မြို့တွင် ယင်းလပ် ဆန့်ကျင်သူများ၏ ငါးလကြာမျှ ဆန္ဒပြမှုများကြောင့် ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အပါအဝင် စီးပွားရေး လုပ်ငန်းများကို ထိခိုက်စေခဲ့သည်။

မီးရထားလမ်းတွင် အိပ်နေသဖြင့် ရထားကြိတ်ခံခဲ့ရပြီး အရေးယူခံရ










၎.၄.၂၀၁၄ ရက်နေ့ ၂၁၅၀ အချိန်တွင် မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြညရထားလမ်း အတိုင်း ရန်ကုန်မှ ပုဂံသို့ မောင်းနှင်လာသည့် အမှတ်(၆၁)အဆန် အမြန်ရထားသည် ဖူးကြီးဘူတာနှင့် ၀ါးနက်ချောင်းဘူတာကြား မိုင်တိုင်အမှတ် (၃၅/၃)နှင့် (၃၅/၄)ကြားအရောက် သံလမ်းပေါ်တွင်
ခြေလက်များတင်၍ အိပ်နေသော အောင်သက်၊ (၂၇)နှစ်၊ (ဘ)ဦးလှ၊ ဖူးကြီးကျေးရွာ၊ မှော်ဘီမြို့နယ်နေသူကိုကြိတ်မိခဲ့ပါသည်။

ထိုသို့ကြိတ်မိသဖြင့် ရထားမှာ မိနစ်(၄၀)ခန့် ရပ်တန့်ထားခဲ့ရပြီး
အောင်သက်တွင် ၀ဲလက်မောင်းနှင့် ၀ဲခြေထောက်ပြတ်ဒဏ်ရာများ
ရရှိခဲ့သဖြင့် တိုက်ကြီးဆေးရုံသို့ တင်ပို့ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ဘေးအန္တရာယ်ဖြစ်စေရန် မီးရထားလမ်းတွင်အိပ်နေခဲ့သူ
အောင်သက်အား အရေးယူပေးရန် ဖူးကြီးဘူတာရုံပိုင် ဦးမျိုးလှိုင်မှ တိုင်တန်းချက်အရ မှော်ဘီမြို့မရဲစခန်း (ပ)၁၈၈/၂၀၁၄၊ မီးရထားအက်
ဥပဒေပုဒ်မ-၁၂၆(င) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မွန်ဘိုင်းသတင်းထောက် မုဒိန်းမှု ၃ ဦး သေဒဏ်ပေး




အုပ်စုလိုက် နှစ်ကြိမ်မုဒိမ်းကျင့်ခဲ့သူ တရားခံတစ်ဦးကို တရားရုံးထုတ်လာစဉ်။ (ဧပြီ ၄၊ ၂၀၁၄)


အိန္ဒိယနိုင်ငံ မွန်ဘိုင်း မြို့က တရားရုံးတခုက အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ၂ခုထက် မနည်းမှာ ပါဝင်ခဲ့သူ ၃ ယောက်ကို သေဒဏ်ချလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက စက်ရုံဟောင်းတခုမှာ ဓါတ်ပုံသတင်းထောက် အမျိုးသမီးကို အုပ်စုဖွဲ့ အဓမ္မကျင့်ခဲ့မှု နဲ့ သူတို့ သေဒဏ်ချခံခဲ့ရတာဖြစ်ပါတယ်၊ အဲဒီ့လူတွေဟာ ဒီအဆောက်အဦးမှာပဲ နောက်ထပ်အမျိုးသမီးတယောက်ကိုလဲ အုပ်စုဖွဲ့ အဓမ္မကျင့်ခဲ့ကြတဲ့အတွက်လဲ အပြစ်ပေးခံရတာပါပါတယ်။

၂၀၁၂ ဒီဇင်ဘာတုန်းက ဘတ်စ် ကားတစီးပေါ်မှာ အမျိုးသမီးတယောက်အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ခံခဲ့ရပြီးထဲက မုဒိမ်းမှုတွေအပေါ် ပြစ်ဒဏ်တွေ တိုးမြှင့်ခဲ့ပြီးနောက်မှာ ပထမဆုံး သေဒဏ်ပေးခဲ့တာဖြစ်ပါတယ်။

တခါ လွန်ခဲ့တဲ့ ၁၈ နှစ်တုန်းက ဆယ်ကျော်သက် တယောက်ကို သီတင်းပါတ်နဲ့ချီ အဓမ္မပြုကျင့်ခဲ့မှုမှာ ပါဝင်သူ ၂၄ ယောက်ကို တရားသေလွှတ်ထားတာကို အိန္ဒိယတောင်ပိုင်း တရားရုံးတခုကလဲ ဒီကနေ့သောကြာနေ့မှာပဲ အမိန့်ကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

အမျိုးသားတယောက်ကို ထောင်ဒဏ် တစ်သက်နဲ့ ကျန်တဲ့ ၂၃ ယောက်ကို ထောင်ဒဏ် ၇ နှစ်ကနေ ၁၁ နှစ်အထိ Kerala ပြည်နယ်အဆင့်မြင့်တရားရုံးက ထောင်ဒဏ်တွေ
ချမှတ်ခဲ့ပါတယ်။ ဆယ်ကျော်သက်မိန်းကလေးဟာ Kerala နဲ့ Tamil Nadu
-ပြည်နယ်တွေထဲက နေရာစုံမှ ရက်ပေါင်း ၄၀ အတွင်း အမျိုးသား ၄၀ ထက်မနည်းရဲ့မုဒိမ်းကျင့်မှုကို ခံခဲ့ရပါတယ်။ ဒီမိန်းကလေးကို အဓမ္မပြုသူတွေထဲမှာပါမောက္ခတွေ၊ ရှေ့နေတွေ၊ စီးပွားရေးသမားတွေနဲ့ အစိုးရတာဝန်ရှိသူတွေ ပါဝင်တယ်လို့ တရားရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

၁၉၉၆ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက် အတွက် ၂၀၀၅ ခုနှစ်မှာ မသင်္ကာသူတွေ တရားသေလွတ်ခဲ့ပေမဲ့ အိန္ဒိယ နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး တရားရုံးက အမှုကိုပြန်လည် စစ်ဆေးဖို့ မနှစ်တုန်းက အမိန့်ချခဲ့တာဖြစ်ပါတယ်

ဗွီအိုအေ

Selena Gomez ရဲ့ ဒေါ်လာ ၃ သန်းတန် စံအိမ်ထဲ ကျူးကျော်ဝင်ရောက်သူတစ်ဦးကို ရဲတွေ ဖမ်းမိ







ပေါ့ပ်အဆိုတော်၊သရုပ်ဆောင်မလေး Selena Gomez ရဲ့ ဒေါ်လာ ၃ သန်းတန် စံအိမ်ထဲ ကျူးကျော်ဝင်ရောက်သူ တစ်ဦးကို ရဲတွေ လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။ သံသယဖြစ်စရာလူတစ်ယောက် Selena Gomez ရဲ့ အိမ်ခြံစည်းရိုးကို ခုန်ကျော်ဝင်ရောက်သွားတာကို အိမ်နီးချင်းတွေက ရဲကို အကြောင်းကြား ခဲ့တဲ့အတွက် အခုလိုဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

ပိုင်နက်ကျူးကျော်မှုအတွက် သံသယရှိသူကို ရဲတွေဖမ်းဆီးမိပြီးနောက်မှာ California ပြည်နယ် Calabasas မြို့ က သူမရဲ့နေအိမ်မှာ ရဲတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

အခုလို သူမရဲ့ စံအိမ်ထဲ ကျူးကျော်ဝင်ရောက်မှုဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ဒီနှစ် ဇန်န၀ါရီလတုန်း ကလည်း ၁၉ နှစ်အရွယ် ယောင်္ကျားလေးတစ်ယောက်ဟာ San Fernando တောင်ကြား Tarzana အရပ်က သူမရဲ့ နေအိမ်ကို ကျူးကျော်ဝင်ရောက်မှုနဲ့ အဖမ်းခံခဲ့ရပါသေးတယ်။

အခင်းဖြစ်ပွားချိန်မှာ အသက် ၂၁ နှစ်အရွယ်အဆိုတော်မလေးဟာ အိမ်မှာ မရှိနေဘဲ LA က သူမရဲ့ ရှေ့ နေ ဆီသွားရောက်လည်ပတ်နေတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားပြီးနောက် သူမအိမ်ကို ပြန်ရောက်လာတဲ့ Selena Gomez တစ်ယောက် အိမ်မှာ ရဲတွေပြည့်နှက်နေလို့ စိတ်ညစ်နေရပုံပေါ်တယ်လို့  TMZ သတင်း ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။



Related Posts Plugin for WordPress, Blogger...