Saturday, November 9, 2013

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အိမ်ရာစီမံကိန်း ၁၀ ခု၌ လုံးချင်းနှင့် တိုက်ခန်းဝယ်ယူ ထားသူများအား နိုဝင်ဘာလကုန် နောက်ဆုံးထားပြီး တန်ဖိုးငွေ အကျေပေးသွင်းရန် သတိပေး

Saturday, November 9, 2013


ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရောင်းချထားသည့် အိမ်ရာစီမံကိန်း ၁၀ ခုရှိ လုံးချင်းနှင့် တိုက်ခန်းဝယ်ယူ ထားသူများအား နိုဝင်ဘာလကုန် နောက်ဆုံးထားပြီး တန်ဖိုးငွေများ အကျေပေးသွင်းရန် သတိပေးထားကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ အိမ်ရာစီမံကိန်း ၁၀ ခုမှာ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ကမာကြည်အိမ်ရာ၊ ရတနာပုံအိမ်ရာ၊ ရတနာလမ်းသစ်အိမ်ရာ၊ လမ်းမတော်မြို့နယ်ရှိ ကျုံးကြီးလမ်းအိမ်ရာ၊ ဗဟန်းမြို့နယ်ရှိ အောင်ချမ်းသာအိမ်ရာ၊ အင်းစိန်မြို့နယ်ရှိ အောင်ဇေယျအိမ်ရာ၊ ကြို့ကုန်းအိမ်ရာ၊ ဒဂုံတောင်ပိုင်းမြို့နယ်ရှိ ဣစ္ဆိတံအိမ်ရာ၊ ဒဂုံအရှေ့ပိုင်း မြို့နယ်ရှိ ဒဂုံတောင်တိုးချဲ့၊ အကြီးစား စက်မှုဇုန်၊ ဂရုဏာလမ်းဘေးရှိ Shop House၊ ဒဂုံမြောက်ပိုင်း မြို့နယ်ရှိ Rose Park (၃)၊(၄)၊ ရွှေပင်လုံအိမ်ရာနှင့် ကမာရွတ်မြို့နယ်ရှိ ဟံသာရိပ်မွန် အိမ်ရာတို့တွင် လုံးချင်းတိုက်၊ တိုက်ခန်း၊ လူနေဆိုင်ခန်း Shop House ၀ယ်ယူထားများ ဖြစ်ကြောင်း သိရသည်။ အဆိုပါအိမ်ရာ စီမံကိန်းများတွင် မြို့ ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ ရောင်းချထားခြင်းဖြစ်ပြီး ၀ယ်ယူထားသူ အချို့မှာ ငွေပေးရမည့် သတ်မှတ်ကာလအတွင်း ပေးသွင်းခြင်း မရှိဘဲ နောက်ကျနေသည်ကို စိစစ်တွေ့ရှိထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အထက်ပါ အိမ်ရာစီမံကိန်းများရှိ တိုက်ခန်းတန်ဖိုးငွေ အကျေပေးသွင်းရန် ကျန်ရှိသူများ အနေဖြင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ တိုက်ခန်းတန်ဖိုးငွေ အကျေပေးသွင်းရန်နှင့် ပေးသွင်းခြင်း မရှိပါက ၀ယ်ယူခွင့် အလိုအလျောက် ပယ်ဖျက်သွားမည် ဖြစ်ကြောင်းနှင့် ပေးသွင်းထားသော တိုက်ခန်းတန်ဖိုး ငွေများကို မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန အနေဖြင့် ပြန်လည်ထုတ်ပေးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားချက်များအရ သိရသည်။

မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ရန်ကုန်မြို့ရှိ ပြည်တော်သာခေတ် ၅၁ လမ်း အိမ်ရာစီမံကိန်းနှင့် ရွှေဂုံအိမ်ရာ စီမံကိန်းများကို အထပ်မြင့် အဆောက်အအုံများအဖြစ် ပြန်လည်အဆင့် မြှင့်တင်လျက် ရှိကြောင်း သိရသည်။

EMG

လှိုင်သာယာစက်မှုဇုန် မြန်မာ့စီးပွားရေး ဦးပိုင်ဝင်းအတွင်းရှိ အနံ့အသက်ဆိုးများ ထွက်ရှိသည့် ငါးအသားမှုန့်ထုတ် စက်ရုံနှစ်ခုအား လတ်တလော စက်ရုံပိတ်ထားရန် ညွှန်ကြားထား

 Created on Saturday, 09 November 2013


နိုဝင်ဘာ ၇ ရက်က ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဗိုလ်မှူးကြီး တင်ဝင်းအား တွေ့ရစဉ်

အနံ့အသက်ဆိုးများ ထွက်ရှိသည်ဟု ပတ်ဝန်းကျင် ပြည်သူက တိုင်ကြားခံထားရသော လှိုင်သာယာ စက်မှုဇုန်၊ မြန်မာ့စီးပွားရေး ဦးပိုင်ဝင်း အတွင်းမှ ငါးအသားမှုန့် ထုတ်သည့် Sea Lord နှင့် Yong Brother ကုမ္ပဏီ စက်ရုံနှစ်ခုအား လတ်တလော စက်ရုံပိတ်ထားရန် ညွှန်ကြားထားကြောင်း နိုဝင်ဘာ ၇ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အထူး အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

ရွှေပြည်သာမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၏ ''ရွှေပြည်သာမြို့နယ် အတွင်းရှိ အမှတ် (၁၀၊ ၁၁၊ ၁၂၊ ၁၃ နှင့် ၁၈) ရပ်ကွက်များသို့ တစ်ဖက်ကမ်း လှိုင်သာယာ စက်မှုဇုန် ငွေပင်လယ် ငါးမုန့်စက်ရုံမှ ငါးအပုပ်နံ့များကို နေ့စဉ်ရှူရှိုက်နေရ၍ ကျန်းမာရေး ထိခိုက်မှုများ ဖြစ်ပေါ်နေသောကြောင့် အနံ့အသက်ဆိုးများ ပပျောက်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိ'' မေးမြန်းမှုအပေါ် ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက အထက်ပါကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။



စွန့်ပစ်ရေများကို သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် စနစ်တကျ သန့်စင်ပြီးမှသာ စွန့်ပစ်ရေး၊ ထွက်ရှိလာသော အနံ့အသက်ဆိုးများ၊ လေထုညစ်ညမ်းသော မီးခိုးများအား ပတ်ဝန်းကျင် မထိခိုက်အောင်၊ ကျန်းမာရေး မထိခိုက်အောင် နည်းပညာ ဆောင်ရွက်ရာတွင် နည်းပညာ အခက်အခဲ၊ နေရာအခက် အခဲကြောင့် အချိန်ကြန့်ကြာမှုများ ရှိခဲ့ကြောင်း...




ရန်ကုန်တိုင်း ဒေသကြီးအတွင်း လှိုင်သာယာ စက်မှုဇုန် အပါအ၀င် စက်မှုဇုန်ပေါင်း ၃၀ ခန့်ရှိပြီး အဆိုပါ စက်မှုဇုန်များတွင် ယခင်အစိုးရ လက်ထက် ကတည်းက စက်မှုဖွံ့ဖြိုးရေး အတွက် ဦးတည်တည်ထောင် ခဲ့သော်လည်း စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ရေး၊ အန့အသက်ကင်းရေး၊ စွန့်ပစ်ရေများ စနစ်တကျ စွန့်ပစ်ဖြစ်အောင် သန့်စင်ပြီးမှ စွန့်ပစ်ရေး၊ လေထုညစ်ညမ်းမှု မဖြစ်ပေါ်စေရေးစသည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာများကို ထည့်သွင်းစဉ်းစား ဖော်ထုတ်ထားသော စက်မှုဇုန်များ မဟုတ်ကြောင်း၊ ယနေ့သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အလေးထား ဆောင်ရွက်လာချိန်တွင် စက်ရုံများမှ ထွက်ရှိသော အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး၊ စွန့်ပစ်ရေများကို သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် စနစ်တကျ သန့်စင်ပြီးမှသာ စွန့်ပစ်ရေး၊ ထွက်ရှိလာသော အနံ့အသက်ဆိုးများ၊ လေထုညစ်ညမ်းသော မီးခိုးများအား ပတ်ဝန်းကျင် မထိခိုက်အောင်၊ ကျန်းမာရေး မထိခိုက်အောင် နည်းပညာ ဆောင်ရွက်ရာတွင် နည်းပညာ အခက်အခဲ၊ နေရာအခက် အခဲကြောင့် အချိန်ကြန့်ကြာမှုများ ရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

အနံ့ဆိုးများ ထွက်ရှိနေသည့် ငွေပင်လယ် စက်မှုဇုန်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များမှ ၀င်ရောက်စစ်ဆေးခဲ့ရာ အဆိုပါ စက်ရုံသည် မြန်မာ့စီးပွားရေး ဦးပိုင်ဝင်း အတွင်း၌ရှိပြီး Sea Lord ကုမ္ပဏီ Young Brother ကုမ္ပဏီတို့မှ ငါးအသားမှုန့် ထုတ်လုပ်သော စက်ရုံများဖြစ်ကြောင်း၊ ယင်းစက်ရုံမှ အနံ့ဆိုး ထွက်ရှိမှုများကို သွားရောက်စစ်ဆေးခဲ့ပြီး ပညာရှင်များ အဖွဲ့နှင့် အနံ့အသက်ပျောက်အောင် လိုအပ်သော နည်းပညာပိုင်းများ ပြုလုပ်ရန် မှာကြားခဲ့ပြီးဖြစ်ပြီး လတ်တလော ကုမ္ပဏီနှစ်ခုအား စက်ရုံပိတ်ထားရန်နှင့် အနံ့အသက် ပပျောက်စေရန် ပြုပြင်ပြီးမှသာ သတင်းပို့၍ စမ်းသပ်လည်ပတ်ရန် ညွှန်ကြားခဲ့ပြီး ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။

အဆိုပါ စက်ရုံနှစ်ခုမှာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ စီမံခန့်ခွဲ လုပ်ကိုင်နေသော စက်ရုံဖြစ်ပြီး စက်ရုံရှိသည်ကို စည်ပင်ကလည်း မသိရှိကြောင်း အောက်တိုဘာ ၃၁ ရက်က စည်ပင်က ထုတ်ပြန်ခဲ့သည်။

EMG

Quarto Product ကုမ္ပဏီမှ ဖမ်းဆီးမိသည့် လိုင်စင်မဲ့ ကုန်စည်များအတွက် နိုင်ငံခြားသားသုံးဦး အပါအ၀င် ဟိုတယ်နှစ်ခု ပါဝင်ပတ်သက်နေ၍ ၀န်ကြီးဌာနများသို့ တင်ပြ

 Created on Saturday, 09 November 2013

Quarto Product ကုမ္ပဏီမှ လိုင်စင်မဲ့ တရားမ၀င် တင်သွင်းခဲ့သည့် ကုန်စည်များ ဖမ်းဆီးရမိသည့် ဖြစ်စဉ်အား ပြောကြားနေသည့် ဦးသိန်းထွန်းဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)

လှိုင်မြို့နယ်ရှိ Quarto Product ကုမ္ပဏီမှ ဘီယာ၊ ၀ိုင်နှင့် လိုင်စင်မဲ့ တင်သွင်းသည့် ကုန်စည်များ ဖမ်းဆီးရမိသည့် ဖြစ်စဉ်များတွင် နိုင်ငံခြားသားသုံးဦး အပါအ၀င် ဟိုတယ်နှစ်ခု ပါဝင်ပတ်သက်နေ၍ ၀န်ကြီးဌာနများသို့ ဆက်လက် တင်ပြထားကြောင်း တရားမ၀င် ကုန်သွယ်မှု တာဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက နိုဝင်ဘာ ၈ ရက်က ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

Quarto Product ကုမ္ပဏီမှ တရားဝင် ခွင့်ပြုချက်ဖြင့် တင်သွင်းသည့် ကုန်စည်များ အပါအ၀င် လိုင်စင်မဲ့ တင်သွင်းခဲ့သည့် ကုန်စည်များအား စစ်ဆေးမှုအရ ၀ိုင်၊ အချိုရည်၊ ဘီယာသုံးမျိုးနှင့် စားသောက်ကုန်များတွင် လိုင်စင်မဲ့ တင်သွင်းသည့် စုစုပေါင်း ကုန်ပစ္စည်း ၉၃ မျိုးနှင့် ခန့်မှန်းတန်ဖိုး ၆၄၄ သိန်း ကျော်ဖိုးခန့်အား ဖမ်းဆီးမိခဲ့ကြောင်း ဦးသိန်းထွန်းဦးက ပြောဆိုသည်။

Quarto Product ကုမ္ပဏီတွင် ဘီယာနှင့် အေးခဲအသားများ တရားမ၀င် တင်သွင်းနေသည်ဟု တိုင်ကြားချက်ကို အောက်တိုဘာ ၂၆ ရက်က ရန်ကုန် တရားမ၀င် ကုန်သွယ်မှု တာဆီးထိန်းချုပ်ရေး ဗဟိုကော်မတီသို့ သတင်းရောက်ရှိလာပြီး တိုင်ကြားခံရသော ကုမ္ပဏီ၏ အခြေအနေကို တစ်ရက်ကြာ လေ့လာစောင့်ကြည့် ခဲ့သည်။ ထို့နောက် ၂၈ ရက်တွင် စတင်ရှာဖွေ စစ်ဆေးခဲ့ပြီး နိုဝင်ဘာ ၄ ရက်တွင် တိုင်ကြားချက်အရ မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ရသည်ဟု တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အဖွဲ့ထံမှ သိရသည်။

''တရားဝင် တင်သွင်းထားတဲ့ ဘီယာ၊ ၀ိုင်တွေက ဟိုတယ်နှစ်ခုရဲ့ တင်သွင်းခွင့် လိုင်စင်ကို ကိုယ်စားလှယ် အနေနဲ့ တင်သွင်းခဲ့တာ တွေ့ရှိရတယ်။ အဲဒါကြောင့် ဟိုတယ်ခရီး ၀န်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ညီမညီ စစ်ဆေးဖို့ တင်ပြခဲ့ရတယ်။ နောက်ပြီး Quarto Product ကုမ္ပဏီအနေနဲ့ နိုင်ငံတွင်းကို ကန့်သတ်ဘီယာ၊ ၀ိုင်တွေတင်သွင်းမှုမှာ ကမ္ဘောဒီးယား နိုင်ငံသားတစ်ဦး၊ စင်ကာပူ နိုင်ငံသားတစ်ဦး အပါအ၀င် နိုင်ငံခြားသားသုံးဦး ပါဝင်ပတ်သက်နေတာ တွေ့ရတယ်။ အဲဒီအကြောင်းကိုလည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကို ဆက်လက်တင်ပြ ထားပါတယ်'' ဟု ဦးသိန်းထွန်းဦးက ပြောဆိုသည်။

အဆိုပါ ကုမ္ပဏီတွင် တရားမ၀င်ပစ္စည်းများ စစ်ဆေးတွေ့ရှိခဲ့မှုအတိုင်း အရေးယူ ဆောင်ရွက်ရန် Quarto Product ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာအား ပို့ကုန်၊ သွင်းကုန် ဥပဒေနှင့် အကောက်အခွန် ဥပဒေများဖြင့် စစ်ဆေးအရေးယူ ထားကြောင်း သိရသည်။

EMG

လျှပ်စစ်မီတာခ လျှော့ချရေး ရန်ကုန်မြို့တွင် တတိယမြောက် နေ့အဖြစ် ဆက်လက်ဆန္ဒပြ

 Created on Saturday, 09 November 2013

နိုဝင်ဘာ ၈ ရက်တွင် လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်းနှင့် ပတ်သက်၍ ဆန္ဒပြသူများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

တိုးမြှင့်ကောက်ခံသော လျှပ်စစ်မီတာခ လျှော့ချရေးအတွက် ဆန္ဒပြမှုအရှိန် မြင့်မားလာပြီး ရန်ကုန်မြို့တွင် တတိယမြောက်နေ့အဖြစ် ဆန္ဒပြမှုကို နိုဝင်ဘာ ၈ ရက်၊ ညနေ ၆ နာရီမှ စတင်ပြုလုပ်ခဲ့ပြီး ပြည်သူများ ပူးပေါင်းပါဝင်မှု ယမန်နေ့များထက် ပိုမိုများပြားလာကြောင်း သိရသည်။

တတိယမြောက်နေ့ ဆန္ဒပြမှုကို အောင်ဆန်းကွင်း (စီးတီးမတ်) ရှေ့မှ လူအင်အား ၁၀၀ ခန့်မှ စတင်ခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလ ရပ်ကွက်ကိုဖြတ်၍ ဆန္ဒပြလာခဲ့ရာ ပြည်သူများ ပူးပေါင်းပါဝင်မှု တဖြည်းဖြည်း များလာခဲ့ပြီး တာမွေမြို့နယ်သို့ အရောက်တွင် လူဦးရေ ၃၀၀ ခန့် ဖြစ်လာကြောင်း သိရသည်။

''ကျွန်တော်တို့ ဆန္ဒပြမှုကို ရပ်ဆိုင်းမှာ မဟုတ်ဘူး။ လွှတ်တော်မှာ မီတာခလျှော့ချရေး အဆိုတင်သွင်း တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ မြန်မြန်အကောင် အထည်ဖော်ဖို့ လိုတယ်။ ကျွန်တော်တို့ ပြည်သူတွေ ဒဏ်တွေ ခံစားရတာ မခံနိုင်တော့ဘူး။ စနစ်ဟောင်းကအတိုင်း လုပ်ချင်းတိုင်း လုပ်တတ်တဲ့ အကျင့်က အခုလည်း ထပ်လုပ်တယ် ဆိုတော့ ပြည်သူတွေမှာ အင်မတန် နစ်နာနေပါတယ်'' ဟု ဆန္ဒ ပြမှုတွင် ပါဝင်သူတစ်ဦးဖြစ်သူ ကိုနောင်နောင်က ၎င်း၏ အမြင်ကို ပြောကြားသည်။

ထိုသို့ဆန္ဒပြနေသော ပြည်သူများကို မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ် ရဲစခန်းတို့မှ လာရောက် သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

''ကျွန်မက မင်္ဂလာတောင်ညွန့် မြို့နယ်ထဲကပါ။ အခုဆန္ဒပြတာကို မြင်တော့ ရင်ထဲမှာ တော်တော်ခံစားလာရလို့ ကိုယ်တိုင်ဝင်ပြီး ဆန္ဒပြတာပါ။ အစိုးရ ၀န်ထမ်းတွေအတွက် မီတာခက အဆင်ပြေနိုင်ပေမယ့် ကျွန်မတို့ သာမန်ပြည်သူတွေ အတွက် အိမ်ငှားခနဲ့ တိုးလာတဲ့ မီတာခက ရင်အေးလို့ မရနိုင်ပါဘူး'' ဟု အသက် ၄၀ ခန့်ရှိသော အမျိုးသမီးကြီး တစ်ဦးက ဆန္ဒပြနေစဉ် ပြောကြားသည်။



တာမွေမြို့နယ် အရေးပေါ်မီးပျက် ပြုပြင်ရေး စခန်းရှေ့တွင် ဆန္ဒပြသူများကို နိုဝင်ဘာ ၈ ရက် ညပိုင်းက တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)

ဆန္ဒပြသူများသည် တာမွေမြို့နယ်အတွင်း လှည့်လည် ဆန္ဒပြစဉ် ကျောက်မြောင်းရပ်ကွက် အရောက်တွင် ရပ်ကွက်နေ ပြည်သူတို့ကိုယ်တိုင် ပူးပေါင်းပါဝင် လိုက်ပါဆန္ဒပြမှု များပြားလာခဲ့သည်။

တတိယမြောက်နေ့အဖြစ် ဆန္ဒပြမှုတွင် ပြည်သူများသည် အောင်ဆန်းကွင်း အနီးမှ တာမွေမြို့နယ် အရေးပေါ် မီးပျက်ပြုပြင်ရေး စခန်းရှေ့အထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြပြီး ''ပြည်သူလူထုအား ငဲ့ညှာပါ။ လျှပ်စစ်မီတာ တိုးမြှင့်ကောက်ခံခြင်း အလိုမရှိ'' ဟု စာတန်းပါ ဗီနိုင်းကို ကိုင်ဆောင် ဆန္ဒပြခဲ့သည်။

ဆန္ဒပြပြည်သူများကို ၎င်းတို့ ဖြတ်သန်းရာ လမ်းတစ်လျှောက် ရပ်ကွက်၊ မြို့နယ်များရှိ အိမ်အသီးသီးမှ ပြည်သူများက လက်ခုပ် လက်ဝါးတီး အားပေးကြိုဆိုမှုများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရှိရသည်။

ဆန္ဒပြသူများသည် မြန်မာ့ဂုဏ်ရည်လမ်း၊ သိမ်ဖြူလမ်း၊ မြရာကုန်းလမ်း၊ ၁၂၄ လမ်း၊ ဗညားဒလလမ်း၊ အောင်မင်္ဂလာလမ်း၊ ကျားကွက်သစ်လမ်း၊ သတိပဋ္ဌာန်လမ်း၊ ဗညားဒလလမ်း တို့တွင်လည်း လှည့်လည် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ထို့အပြင် မကွေးပရိယတ္တိ စာသင်တိုက်မှ ဆရာတော် ဦးပါမောက္ခကလည်း ဆန္ဒပြသူများ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက် အတွင်းသို့ ရောက်လာစဉ် ရေသန့်ဘူးနှင့် ဖယောင်းတိုင်များ လာရောက်ဝေငှခဲ့ပြီး အားပေးစကား မိန့်ကြားခဲ့သည်။



မန္တလေးမြို့၌ လျှပ်စစ်မီတာခ လျော့ကျရေးအတွက် လှည့်လည်ဆန္ဒ ပြနေသူများကို နိုဝင်ဘာ ၈ ရက် ည ၇ နာရီခန့်က တွေ့ရစဉ်

အဆိုပါ ဆန္ဒပြမှုသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မအူကုန်းလမ်းကျယ် အနီး၌ ည ၈ နာရီခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၈ ရက် ညနေ ၆ နာရီခွဲခန့်က ကုန်ဈေးနှုန်း ကျဆင်းရေး အင်အားစု အဖွဲ့မှပင် ဦးဆောင်၍ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၄ လမ်းနှင့် ၃၅လမ်း ထောင့်မှ စတင်ကာ ၁၅ ဦးခန့်က ဖယောင်းတိုင်မီးများ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။ ယင်းနောက် ၈၄ လမ်းအတိုင်း ဖယောင်းတိုင်မီးများ ကိုင်ဆောင်လျက် လျှပ်စစ်မီတာ လျှော့ကျစေရေးအတွက် မီတာခတက်လျှင် ကုန်ဈေးနှုန်းတွေ ဒီထက်ပိုတက်မယ်၊ ပြည်သူတွေ ဒီထက်ပိုပြီး ဘ၀ပျက်မယ်ဟူသော ဆိုင်းဘုတ်များကို ၎င်းတို့ကိုယ်တွင် ချိတ်ဆွဲကာ ဆန္ဒပြခဲ့ကြသည်။ ယင်းနောက် ၈၄ လမ်းနှင့် ၂၉ လမ်းထောင့်တွင် သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့က ဆက်လက်ဆန္ဒပြခြင်း မပြုရန် တားမြစ်ခဲ့ခြင်းကြောင့် ဆန္ဒပြသူတို့သည် ပြန်သွားကြကြောင်း သိရသည်။

EMG

ဂျပန်အခြေစိုက် World Navi မြန်မာရုံးခွဲ အနေဖြင့် ကားအရောင်း ပြခန်းများနှင့် ချိတ်ဆက်လုပ်ကိုင်နေပြီး မြန်မာနိုင်ငံမှ ကားဝယ်ယူမှု အော်ဒါများကို လက်ငင်းငွေချေ စနစ်ဖြင့် ဆောင်ရွက်ပေးမည်

Saturday, November 9, 2013


ရန်ကုန်မြို့ရှိ ကားအရောင်းပြခန်း တစ်ခုအား တွေ့ရစဉ်

ဂျပန်အခြေစိုက် World Navi မြန်မာရုံးခွဲ အနေဖြင့် ကားအရောင်း ပြခန်းများနှင့် ချိတ်ဆက်ကာ လုပ်ငန်းလုပ်ကိုင်နေပြီး မြန်မာနိုင်ငံမှ ကားဝယ်ယူမှု အော်ဒါများကို လက်ငင်းငွေချေ စနစ်ဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း World Navi ၏ မြန်မာပြည် အရောင်းကိုယ်စားလှယ် ဦးသန်းလင်းအောင်၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင်လည်း မြန်မာနိုင်ငံရှိ ကားအရောင်းပြခန်း အများစုဖြင့် ချိတ်ဆက်ထားပြီးဖြစ်ကာ ကားအရောင်း ပြခန်းများမှတစ်ဆင့် မှာယူမှုများကို လက်ခံကာ ဂျပန်ဈေးကွက်မှတစ်ဆင့် ပြန်လည်တင်သွင်း ပေးနေကြောင်း သိရသည်။

World Navi ကုမ္ပဏီကို ဂျပန်နိုင်ငံတွင် ၂၀၀၁ ခုနှစ်၌ စတင်တည်ထောင်ခဲ့ပြီး လုပ်ငန်းချိတ်ဆက် လုပ်ကိုင်လျက်ရှိသည့် နိုင်ငံအသီးသီးသို့ တစ်လလျှင် ကားအစီးရေ ၁၅၀၀ မှ ၂၀၀၀ အထိ တင်ပို့နေသည့် ကုမ္ပဏီ တစ်ခုဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ကားရောင်းဝယ်မှု ဈေးကွက်တွင် ၀င်ရောက် လုပ်ကိုင်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ရုံးခွဲဖွင့်လှစ်ရန် လျှောက်ထားမှုကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''လက်ရှိလုပ်ကိုင် နေတာကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ကားအရောင်းပြခန်းတွေနဲ့ ချိတ်ဆက်ပြီး မှာယူတဲ့ ကားတွေကို ဂျပန်ဈေးကွက်က တစ်ဆင့် ပြန်လည်တင်သွင်း ပေးပါတယ်။ မှာယူတဲ့သူတွေ အနေနဲ့ လေလံစနစ်နဲ့ ၀ယ်ယူရတာဖြစ်ပြီး လေလံအောင်တဲ့ ကားတွေအတွက် ဂျပန်က ကုမ္ပဏီဘက်မှာ ငွေအကျေ ချေပြီးမှ ကားကိုတင်သွင်း ပေးတာဖြစ်ပါတယ်'' ဟု World Navi ၏ မြန်မာပြည် အရောင်းကိုယ်စားလှယ်ဖြစ်သူ ဦးသန်းလင်းအောင်က ပြောကြားသည်။

World Navi ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံ၌ ရုံးခွဲလာရောက် ဖွင့်လှစ်ထားရာတွင် ဂျပန်နိုင်ငံမှ ကားများကို အရောင်းပြခန်း ဖွင့်လှစ်ကာ လာရောက် ရောင်းချခြင်းမျိုး မဟုတ်ဘဲ ကားရောင်းဝယ်ရေး လုပ်ငန်းတွင် ၀န်ဆောင်မှု လုပ်ငန်းတစ်ခု အနေဖြင့် ၀င်ရောက်လုပ်ကိုင် နေခြင်းဖြစ်ကြောင်း သိရသည်။

EMG

နိုင်ငံပိုင် အရန်ငွေ၊ အရန်ရွှေနှင့် ပတ်သက်၍ ဗဟိုဘဏ်က ပြည်ထောင်စု လွှတ်တော်သို့ လာရောက် ရှင်းလင်းရမည်

Saturday, November 9, 2013



ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံပိုင် အရန်ငွေ၊ အရန်ရွှေနှင့် ပတ်သက်၍ လာရောက် ရှင်းလင်းရန် ပြောကြားစဉ်

နိုင်ငံပိုင် အရန်ငွေ၊ အရန်ရွှေနှင့် ပတ်သက်၍ ပြည်ထောင်စု အစိုးရအုပ်ချုပ်ရေး အဖွဲ့မှ နိုဝင်ဘာ ၁၂ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ လာရောက်ရှင်းလင်း တင်ပြရမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ လာရောက်ရှင်းလင်းရန် အတွက် အကြောင်းကြားစာ ပေးပို့ရန် နိုဝင်ဘာ ၈ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ယင်းကိစ္စနှင့် ပတ်သက်ပြီး ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ယင်းကိစ္စမှာ ဗဟိုဘဏ်က တင်ပြမှသာ ပိုမိုသင့်လျော်မည် ဖြစ်ကြောင်း ပြောကြားခဲ့ရာ နာယက သူရဦးရွှေမန်းက ပြည်ထောင်စု လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ကို ညွှန်ကြားခဲ့သည်။

နိုင်ငံပိုင် အရန်ငွေနှင့် အရန်ရွှေတို့ မည်မျှရှိသည်ကို ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာ ချပြသင့်ကြောင်း မွန်ပြည်နယ် မဲဆန္ဒအမှတ်(၇)မှ ဒေါက်တာဗညားအောင်မိုးက နိုဝင်ဘာ ၇ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စာရင်းစစ်ချုပ် အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးစဉ် ထည့်သွင်း ပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု လွှတ်တော်နာယကက ထိုသို့ညွှန်ကြား ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ''နိုင်ငံပိုင် အရန်ရွှေ၊ အရန်ငွေနဲ့ ပတ်သက်ပြီးတော့ ဗဟိုဘဏ်ကလာမယ့် လွှတ်တော် အစည်းအဝေးမှာ ရှင်းလင်းတင်ပြဖို့ ပြည်ထောင်စုအစိုးရ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌထံ အကြောင်းကြားဖို့ ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ်က တာဝန်ယူပြီး စာရေးသား ဖော်ပြပါ။ လာမယ့် ၁၂ ရက်မှာ ဒေါက်တာ ဗညားအောင်မိုး တင်ပြတဲ့ ကိစ္စကို လာရောက်ရှင်းလင်း တင်ပြဖို့ ဖြစ်ကြောင်း ဖော်ပြပေးပါ'' ဟု ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ်သို့ ပြောကြားသည်။

မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၇) မှ ဒေါက်တာ ဗညားအောင်မိုးက လွှတ်တော် အစည်းအဝေးများ စတင်ကျင်းပသည့် အချိန်မှစ၍ ရွှေကြွေးကျန် မည်မျှရှိသည်ကိုသာ သိရကြောင်း၊ နိုင်ငံ့ဘဏ္ဍာသို့ ရွှေမည်မျှ ၀င်သည်ကို မသိရကြောင်း၊ အကြွေးရှိသည်ထက် ပိုမိုရှိမည်ဟု ယူဆပါကြောင်း၊ ပါလီမန် ဒီမိုကရေစီ ခေတ်ကပင် နိုင်ငံ၌ ရွှေနှင့် နိုင်ငံခြားငွေ မည်မျှရှိသည်ကို ပြည်သူအား ပွင့်လင်းမြင်သာစွာ ချပြမှုရှိကြောင်း၊ တော်လှန်ရေး အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံပိုင် နိုင်ငံခြားငွေများ တဖြည်းဖြည်း လျော့ကျလာသည်ကို တွေ့ရှိရကြောင်း၊ လက်ရှိတွင် ဒီမိုကရေစီခေတ်ကို ရောက်ရှိလာပြီဖြစ်ရာ အခြားနိုင်ငံများနည်းတူ ပြည်သူလူထုအား ပွင့်လင်းမြင်သာမှု ရှိစေရန် ချပြသင့်ကြောင်း နိုဝင်ဘာ ၇ ရက်က ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးပြောကြားသည်။

EMG

လျှပ်စစ်ဓာတ်အားခနှုန်း ပြန်လည်လျှော့ချပေးရန် အရေးကြီးအဆိုကို လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြု၊ နှုန်းထားများကို ပြန်လည်သုံးသပ်၍ အနီးဆုံး ပြည်ထောင်စု လွှတ်တော်သို့ တင်ပြမည်ဟု လျှပ်စစ်ဒုတိယ၀န်ကြီး ပြောကြား

Saturday, November 9, 2013


နိုဝင်ဘာ ၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက် လျှပ်စစ်မီတာခ လျှော့ချရေးနှင့် ပတ်သက်သော အရေးကြီးအဆို တင်သွင်းနေစဉ်

လျှပ်စစ်ဓာတ်အားခ နှုန်းထားများ ပြန်လည် လျှော့ချရေးဆိုင်ရာ အရေးကြီးအဆိုအား ပြည်ထောင်စု လွှတ်တော်မှ ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မလှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က ''လျှပ်စစ်ဓာတ်အား ဈေးနှုန်းတိုးမြှင့် ကောက်ခံခြင်းအပေါ် ပြည်သူလူထု၏ ခံစားမှုနှင့် ပြည်သူ့အသံ များအတွက် ဆောင်ရွက်ရန်'' ဟု အရေးကြီး အဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ဦးအေးမောက်က ''လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တစ်ယူနစ် ဈေးနှုန်းများကို နှစ်ဆခန့် ရုတ်တရက် ကြိုတင်အသိပေးမှု၊ ညှိနှိုင်းဆောင်ရွက်မှု၊ ပြည်ထောင်စု လွှတ်တော်သို့ အသိပေးမှု၊ တင်ပြမှု မရှိဘဲ ရုတ်တရက် တိုးမြှင့်လိုက်သဖြင့် ပြည်သူများမှ ဝေဖန်ပြောကြားမှုများ ရှိလာကြောင်း၊ မီဒီယာများမှလည်း သုံးသပ်တင်ပြ နေကြောင်း၊ ထို့ကြောင့် ပြည်သူအများစု လိုလားသော ဆန္ဒကို ဖြည့်ဆည်းနိုင်ရန်အတွက် သက်ဆိုင်ရာ အစိုးရ အဖွဲ့နှင့် ၀န်ကြီးဌာနများမှ ပြည်သူမကျေနပ်သော ပြည်သူ့ဆန္ဒနှင့် ကိုက်ညီသော ပြည်သူအများစု အတွက် အခက်အခဲ ဖြစ်ပေါ်စေသော လျှပ်စစ်တစ်ယူနစ်အပေါ် ဈေးနှုန်း နှစ်ဆခန့် တိုးမြှင့်သည့် ပြဿနာနှင့် အိမ်သုံးယူနစ် တစ်ရာအစား ယူနစ် ၂၀၀ မှ ၃၀၀ အတွင်းသို့ တိုးမြှင့်ရန် လည်းကောင်း၊ ယူနစ် ၂၀၀ အထက်အား ဈေးနှုန်းတစ်ဆခွဲမှ နှစ်ဆတိုးမြှင့်ခြင်းအား သုံးသပ်၍ ပြန်လည်လျှော့ချရန် လည်းကောင်း၊ သုံးသပ်စဉ် ကာလအတွင်း တိုးမြှင့်ကောက်ခံမှုအား ရပ်ဆိုင်းပေးထားပါရန်နှင့် ဆောင်ရွက်မှု အခြေအနေအား ပြည်ထောင်စု အစိုးရမှ အနီးစပ်ဆုံး ပြည်ထောင်စု လွှတ်တော်သို့ ဆောလျင်စွာ တင်ပြရန်'' ဟူ၍ အဆိုတင်သွင်းခဲ့သည်။

လက်ရှိတွင် ပြည်သူများက ယင်းအတွက် ဆန္ဒဖော်ထုတ်သဖြင့် ပုဒ်မ ၁၈ ဖြင့် အရေးယူမှုများ ရှိနေရာ ၎င်းတို့အားလည်း ပြန်လည် လွှတ်ပေးရန် သင့်ကြောင်း၊ ၀န်ကြီးဌာန အနေဖြင့် အရှုံးပေါ်နေသည်ဟု ဆိုသော်လည်း ရ/သုံး ဘတ်ဂျက် တင်ပြရာတွင် အရှုံးမတွေ့ရဘဲ ပိုငွေများကိုသာ တွေ့ရကြောင်း...


ထို့အပြင် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနတွင် အရှုံးပေါ်သဖြင့် ဈေးနှုန်းတိုးမြှင့်မည့်အစား လက်ရှိဆောင်ရွက်နေသည့် အခြေအနေကို ပြန်လည်စိစစ် လေ့လာသုံးသပ် သင့်ကြောင်း၊ လျော့နည်းနေသည့် လျှပ်စစ်ယူနစ် သန်းပေါင်း ၂၅၀၀ အား ဆယ်တင်နိုင်မည် ဆိုပါက တစ်ယူနစ် ၃၅ ကျပ်နှုန်းဖြင့် တွက်လျှင် ကျပ် ၈၆ ဒသမ ၅ ဘီလျံခန့် ပြန်လည်ဆယ်တင် ရရှိနိုင်မည် ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ဦးကြည်သာ၊ ဦးဝင်းဦး၊ ဦးမင်းသူ၊ ဒေါက်တာဝင်းမြင့်၊ ဦးကျော်နိုင်ဌေး၊ ဦးခိုင်မောင်ရည်နှင့် ဦးမြင့်ဦးတို့က လျှပ်စစ်ဓာတ်အားခ တိုးမြှင့်မှုကို ကန့်ကွက် ဆွေးနွေးခဲ့သည်။

၎င်းတို့မှ ဆွေးနွေးရာတွင် လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းသည် ပြည်သူ့ဝန်ဆောင်မှု တစ်ရပ်ဖြစ်ပြီး စီးပွားရေး တစ်ခုတည်း အနေဖြင့် ဆောင်ရွက်၍ မရကြောင်း၊ ယခုကဲ့သို့ ဈေးနှုန်းတိုးမြှင့် လိုက်ခြင်းကြောင့် ၀င်ငွေနည်း ပြည်သူများ အခက်တွေ့ နိုင်သဖြင့် ပြန်လည်စဉ်းစားသင့်ကြောင်း၊ ပြည်သူဗဟိုပြု စနစ်ဖြင့် သွားနေသဖြင့် ပြည်သူအား နားလည်လက်ခံအောင် ရှင်းပြသင့်ကြောင်း၊ ဓာတ်အားခ တိုးမြှင့်ခြင်းသည် အခြေခံလူတန်းစား များသာမက အစိုးရ ၀န်ထမ်းများ၊ အငြိမ်းစား ၀န်ထမ်းများ၊ လူလတ်တန်းစားများပါ ထိခိုက်နစ်နာမည် ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၏ အဂတိ လိုက်စားမှုကိုလည်း စိစစ်သင့်ကြောင်း၊ လက်ရှိတွင် ပြည်သူများက ယင်းအတွက် ဆန္ဒဖော်ထုတ်သဖြင့် ပုဒ်မ ၁၈ ဖြင့် အရေးယူမှုများ ရှိနေရာ ၎င်းတို့အားလည်း ပြန်လည် လွှတ်ပေးရန် သင့်ကြောင်း၊ ၀န်ကြီးဌာန အနေဖြင့် အရှုံးပေါ်နေသည်ဟု ဆိုသော်လည်း ရ/သုံး ဘတ်ဂျက် တင်ပြရာတွင် အရှုံးမတွေ့ရဘဲ ပိုငွေများကိုသာ တွေ့ရကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ခြင်းကို ကန့်ကွက်ကြောင်း ဆွေးနွေးခဲ့ကြသည်။



နိုဝင်ဘာ ၈ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ''လက်ရှိတိုးမြှင့်မည့် ဈေးနှုန်းအရ ၀င်ငွေခွန် ၂၅ ရာခိုင်နှုန်းနှင့် နိုင်ငံတော်သို့ ထည့်ဝင်ရမည့် ၂၀ ရာခိုင်နှုန်း မပါဘဲ အရှုံး ၅၃ ဒသမ ၈၇၆ ဘီလျံခန့် ဆက်လက် ဖြစ်ပေါ်နေမည်ဟု ခန့်မှန်းတွက်ချက် ထားကြောင်း ၀န်ကြီးဌာန အနေဖြင့် လက်ရှိလူဦးရေ၏ ၃၀ ရာခိုင်နှုန်းအောက်သာ လျှပ်စစ်ဓာတ်အား လုံလောက်အောင် ထုတ်လုပ်ပေး နိုင်သေးကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်ခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် လက်ရှိဈေးနှုန်းဖြင့် လုပ်နိုင်စွမ်း မရှိသည့်အခါ နိုင်ငံတော်မှသာ ပိုမိုစိုက်ထုတ် ၀ယ်ယူရမည့် အခြေအနေ ရှိကြောင်း ထို့အပြင် ဓာတ်အား ဖြန့်ဖြူးမှု အပိုင်းတွင် တိုးချဲ့ရမည့်ကိစ္စ အများအပြား ရှိကြောင်း၊ ထို့ကြောင့် ဈေးနှုန်းတိုးမြှင့် ရခြင်းဖြစ်ကြောင်း၊ သို့သော် တင်ပြခဲ့သည့် အဆိုအပေါ် မူတည်ကာ အစိုးရနှင့် ပြည်သူများအတွက် သင့်တော်သည့်၊ ကျေနပ်မည့် ဈေးနှုန်းဖြစ်စေရေး အတွက် ၀န်ကြီးဌာနမှ ပြည်ထောင်စု အစိုးရအဖွဲ့သို့ ပြန်လည်တင်ပြ သုံးသပ်ပြီးနောက် အနီးစပ်ဆုံး ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်တင်ပြသွားမည်'' ဟု ပြောကြားသည်။

ထို့နောက် ဦးအေးမောက်၏ အရေးကြီး အဆိုကို အတည်ပြုကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

''ပြည်ထောင်စု အစိုးရသည် ပြည်ထောင်စု လွှတ်တော်က အခါအားလျော်စွာ ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်။ မိမိ၏ အရေးယူ ဆောင်ရွက်ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်အစီရင် ခံရမည်'' ဖြစ်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၂၈ (က)တွင် ဖော်ပြချက်အရ သိရသည်။


EMG

တိုင်းရင်းသားရိုးရာ ပွဲတော်များ ကျင်းပနိုင်ရန် ဘဏ္ဍာငွေကို အစိုးရအဖွဲ့၏ငွေ ခေါင်းစဉ်အောက်တွင် ထည့်သွင်းရေးဆွဲပေးရန် ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး တိုက်တွန်း



Saturday, November 9, 2013


(၆၅) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပစဉ်

တိုင်းရင်းသားရိုးရာ ပွဲတော်များ ကျင်းပနိုင်ရန်အတွက် ဘဏ္ဍာငွေကို အစိုးရအဖွဲ့၏ ငွေခေါင်းစဉ် အောက်တွင် ထည့်သွင်းရေးဆွဲ ပေးရန် နိုဝင်ဘာ ၇ ရက်တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အထူး အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသား ရေးဝန်ကြီး ဦးဇော်အေးမောင်က ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ ရသုံးမှန်းခြေ ငွေစာရင်း လျာထားချက်အား ဆွေးနွေးရာတွင် တိုက်တွန်းခဲ့သည်။

''ဘတ်ဂျတ်ဆွဲတဲ့ အခါမှာ တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန မရှိတဲ့ ဥပမာ ချင်းပြည်နယ်ဆိုရင် ထည့်ဆွဲစရာ မလိုပါဘူး။ ရန်ကုန်မှာဆိုရင် ကရင်တိုင်းရင်းသား ရေးရာဝန်ကြီးဌာန ရှိတယ်။ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီးဌာနရှိတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၂ မှာလည်း တိုင်းရင်းသားများရဲ့ စာပေယဉ်ကျေးမှုများ၊ ဓလေ့ယဉ်ကျေးမှုများကို ဖော်ထုတ်ရန် တာဝန်ရှိတယ်လို့ ဖော်ပြထားတဲ့ အတွက် ကျွန်တော်တို့ တိုင်းရင်းသားများရဲ့ ဥပမာ ကရင်ဆိုရင် ကရင်နှစ်သစ်ကူးပွဲတော်၊ ကရင်ကောက်သစ်စား ပွဲတော်ကျင်းပဖို့ အတွက် ဘတ်ဂျက်များကို အစိုးရခေါင်းစီးအောက်မှာ ထည့်သွင်းရေးဆွဲပေးရင် ဒို့တာဝန် အရေးသုံးပါးကို ဖော်ထုတ်ရာလည်း ရောက်တယ်။ နောက်ပြည်ထောင်စု တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ရန်ကုန်တိုင်း ဒေသကြီးက ဆောင်ရွက်နေပါတယ်ဆိုတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပုံရိပ်လည်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ထည့်သွင်းရေးဆွဲပေးဖို့ အကြံပြုတင်ပြ လိုပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေး ၀န်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

အစိုးရခေါင်းစီးအောက်မှာ ထည့်သွင်းရေးဆွဲပေးရင် ဒို့တာဝန် အရေးသုံးပါးကို ဖော်ထုတ်ရာလည်း ရောက်တယ်။ နောက်ပြည်ထောင်စု တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ရန်ကုန်တိုင်း ဒေသကြီးက ဆောင်ရွက်နေပါတယ်ဆိုတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပုံရိပ်လည်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ထည့်သွင်းရေးဆွဲပေးဖို့ အကြံပြုတင်ပြ လိုပါတယ်...

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁) ၏ ပုဒ်မ ၁ မှ ၄၈ ပါ အခြေခံမူများသည် ပြည်ထောင်စု လွှတ်တော်က သော်လည်းကောင်း၊ ပြည်သူ့လွှတ်တော်က သော်လည်းကောင်း၊ တိုင်းနှင့်ပြည်နယ် လွှတ်တော်ကသော် လည်းကောင်း ဥပဒေပြဋ္ဌာန်းသည့်အခါ လိုက်နာရမည့် လမ်းညွှန်မှုများ ဖြစ်သည်ဟု ပါရှိကြောင်း၊ အခြေခံမူပုဒ်မ ၁၇ (ဂ) တွင် တိုင်းနှင့် ပြည်နယ်တွင် သင့်တင့်လျောက်ပတ်သည့် လူဦးရေရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရသေးသည့် တိုင်းရင်းသား လူမျိုးများ (သို့မဟုတ်) ဥပမာအားဖြင့် မူရင်းပြည်နယ် ရရှိပြီးသား ရှမ်း၊ ကရင်ဆို ကရင်မဟုတ်သည့် တိုင်းရင်းသားများမှာ သင့်တင့် လျောက်ပတ်သည့် လူဦးရေရှိပါက ယင်းတိုင်းဒေသကြီး၏ အုပ်ချုပ်ရေးတွင် သက်ဆိုင်ရာ တိုင်းရင်းသားရေးရာ ကိစ္စရပ်များ ဆောင်ရွက်ရန် ပါဝင်မှု ပြုရမည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၇ (ဂ) မှာ ဖော်ပြထားကြောင်း ဦးဇော်အေးမောင်က ပြောကြားသည်။


EMG

မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ် ဒေသတွင် စိတ်ကြွရူးသွပ်ဆေးပြား အဓိက တင်ပို့သည့် နိုင်ငံဖြစ်ကြောင်း ကုလသမဂ္ဂ ထုတ်ပြန်

Saturday, November 9, 2013


နိုဝင်ဘာ ၅ ရက်က တာချီလိတ်မြို့နယ် မိုင်းကိုးအုပ်စု မယ်ဖုလုံးကျေးရွာ အနီးရှိ ဘာဘီချောင်းစပ်တွင် သိုဝှက်ထားသည့် ပိုင်ရှင်မဲ့ စိတ်ကြွရူးသွပ် ဆေးပြားများနှင့် ဆေးပြားရိုက်စက်

အရှေ့နှင့် အရှေ့တောင် အာရှတွင် စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရရှိမှုသည် ၂၀၁၂ ခုနှစ်၌ အများဆုံး စံချိန်တင်ခဲ့ပြီး မြန်မာနိုင်ငံသည် စိတ်ကြွရူးသွပ်ဆေးပြား အဓိကတင်ပို့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း ကုလသမဂ္ဂ အဖွဲ့က သောကြာနေ့တွင် ထုတ်ပြန်လိုက်သည်။

ကုလသမဂ္ဂ မူးယစ်နှင့် ရာဇ၀တ်မှုရုံးက ကုလသမဂ္ဂမှ နှစ်စဉ်ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပြောဆိုခဲ့ရာ၌ Amphetamine နွယ်ဝင် Methamphetamines ဆေးများသည် အာရှ-ပစိဖိတ် ဒေသရှိ နိုင်ငံ ၁၃ နိုင်ငံမှ ၁၅ နိုင်ငံတွင် အများဆုံး အသုံးပြုကြသည့် စိတ်ကြွဆေး ဖြစ်သည်ဟု ဆိုသည်။

အာရှ-ပစိဖိတ် ဒေသတွင် ၂၀၁၂ခုနှစ်၌ Methamphetamine စိတ်ကြွဆေးပြား အလုံး ရေ ၂၂၇ သန်း ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ပမာဏသည် ၂၀၁၁ ခုနှစ်တွင် ဖမ်းဆီးရမိခဲ့သည့် ၁၄၂ သန်း ပမာဏထက် ၅၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်း ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ပြင် ၎င်းပမာဏသည် ၂၀၀၈ ခုနှစ်တွင် ဖမ်းဆီးရမိခဲ့မှုထက် ၇ ဆ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။



မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်အပြီး ဒုတိယအကြီးဆုံး မူးယစ်ဆေး ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး ကမ္ဘာ့မူးယစ်ဆေး ထုတ်လုပ်မှု၏ ဆယ်ရာခိုင်နှုန်းထိ ထုတ်လုပ်လျက် ရှိသည်ဟု...




စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိရာတွင် တရုတ်နိုင်ငံတွင် ၁၀၂ ဒသမ ၂ သန်းဖြင့် အများဆုံးဖြစ်သည်။ ဒုတိယ အများဆုံး အနေဖြင့် ထိုင်းနိုင်ငံတွင် ၉၅ ဒသမ ၃ သန်း ဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံတွင် ၁၈ ဒသမ ၂ သန်း ဖမ်းဆီးရမိ ခဲ့သည်ဟု မူးယစ်နှင့် ရာဇ၀တ်မှုရုံး၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့မှုသည် ၂၀၁၁ ခုနှစ် ဖမ်းဆီးရမှုထိ နှစ်ဆဖြစ်ပြီး သမိုင်းတစ်လျှောက် ဒုတိယအများဆုံး ဖမ်းဆီးရမိမှု ဖြစ်သည်။

''မြန်မာနိုင်ငံဟာ ဒေသတွင်း စိတ်ကြွရူးသွပ်ဆေး ဖမ်းဆီးရမိမှုတွေရဲ့ အဓိကပင်ရင်း ဖြစ်နေတုန်းပါပဲ'' ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်အပြီး ဒုတိယအကြီးဆုံး မူးယစ်ဆေး ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး ကမ္ဘာ့မူးယစ်ဆေး ထုတ်လုပ်မှု၏ ဆယ်ရာခိုင်နှုန်းထိ ထုတ်လုပ်လျက် ရှိသည်ဟု ဖော်ပြထားသည်။



၂-၁-၂၀၁၃ ရက်နေ့တွင် လားရှိုးမူးယစ် (အထူး)တပ်ဖွဲ့မှ ဖမ်းဆီးရမိသည့် လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာအုပ်စု၊ ကောင်းတပ်ကျေးရွာနေ ကျန်ချင်ချန်း(ခ) မျိုးအောင်(ကျား)၏ ကြက်မွေးမြူရေး ခြံအတွင်း ရှာဖွေတွေ့ရှိသည့် ဆူဒိုအက်ဖီဒရင်း ဆေးပြား ၃,၇၈၀,၀၀၀ ပြားအား တွေ့ရစဉ်

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်ပြီး စစ်အစိုးရ အုပ်ချုပ်သည့် နိုင်ငံအဖြစ်မှ ရုန်းထွက်နိုင်ခဲ့သော်လည်း မူးယစ်ဆေး ထုတ်လုပ်မှုမှာမူ ယခုအချိန်ထိ မြင့်တက်လျက် ရှိနေသေးသည်။ နိုင်ငံတွင်း မူးယစ်ဆေးအဓိက ထုတ်လုပ်သည့် ဒေသများမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် နီးကပ်သည့် နေရာတွင် ဖြစ်သည်။ အဆိုပါ ဒေသများတွင် လက်နက်ကိုင် လူမျိုးစုများက အစိုးရကို နှစ်ပေါင်းများစွာ ဆန့်ကျင်တိုက်ခိုက်လျက်ရှိပြီး အစိုးရသည် အဆိုပါ နေရာများကို အနည်းငယ်သာ ထိန်းချုပ်နိုင်စွမ်းရှိသည်။

ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွမူးယစ် ဆေးဝါးများ၏ ၉၀ ရာခိုင်နှုန်းခန့်သည် မြန်မာနိုင်ငံမှ တင်ပို့လာခြင်း ဖြစ်သည်ဟု အစီရင်ခံစာ၌ ထည့်သွင်းဖော်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုမှာလည်း ၆ နှစ်ဆက်တိုက် နှစ်စဉ်တိုးတက်လာလျက် ရှိနေသည်ဟု ဖော်ပြခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဘိန်းစိုက်ဧက တစ်သိန်းရှိရာမှ ၂၀၁၂ ခုနှစ်တွင် ၁၂၀၀၀၀ ကျော် ရှိလာသည်ဟု ဖော်ပြခဲ့သည်။

Friday, November 8, 2013

မိုးစက်ဝိုင်ရဲ့ပြိုင်ဘက်တဦးဖြစ်တဲ့ အာဖရိကနွယ်ဖွား အစ္စရေးအလှမယ်


ဒီနှစ်အတွက် မယ်စကြာဝဠာ သရဖူလုပွဲရောက်နေသူတွေက သူ့နည်းသူ့ဟန်နဲ့ ထူးခြားနေကြပါတယ်။
သူတို့ထဲက တယောက်ကတော့ အစ္စရေးအလှမယ်ပါ။
သူ့နာမည်က Titi Yitayish Ayanaw ဖြစ်ပါတယ်။


သူ့နိုင်ငံအလံနဲ့ တွေ့ရတဲ့ အစ္စရေးအလှမယ် (သူ့ဓာတ်ပုံတွေကို မယ်စကြာဝဠာ ၀က်ဆိုက်ကနေ ကူးယူပါတယ်)

အာဖရိကတိုက် အီသီယိုပီးယားနိုင်ငံမှာ မွေးဖွားသူဖြစ်ပြီး အသက် ၁၂ နှစ်အရွယ်မှာ အစ္စရေးကို ပြောင်းခဲ့သူပါ တဲ့။ သူက Herzliya မြို့မှာ ပညာသင်ယူနေသူပါ။ တက်နေတဲ့ကောလိပ်ကျောင်းနာမည်က The Interdisciplinary Center ဖြစ်ပါတယ်။

သူ့ပြောစကားတွေထဲက တခွန်းကို မယ်စကြာဝဠာ အင်တာနက်စာမျက်နှာမှာ အခုလို ကောက်နုတ်ထားတာ တွေ့ရမှာပါ။

"အစ္စရေးနိုင်ငံက ခပ်သေးသေး ဆိုပေမယ့် မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေ၊ အမြင်တွေ တစုဝေးတည်း ရှိနေပါတယ်"

အလှမယ် လေးစား အားအကျဆုံးက အိုဘားမားဖြစ်တယ် တဲ့။ အိုဘားမားက စူပါပါဝါတိုင်းပြည်ကြီးရဲ့ ထိပ်သီးဖြစ်တယ်၊ အာဖရိကနွယ်ဖွားလို့လည်း ဆိုနိုင်တာကြောင့် ဒီလို အားကျခြင်း ဖြစ်ပါလိမ့်မယ်။ (မတ်လတုန်းက အိုဘားမား ဂျေရုဆလင်ကို ရောက်တော့ သူ့နဲ့ တွေ့ခဲ့ပါသေးတယ်။)

ကဲ ... အလှမယ်ရဲ့ ရည်မှန်းချက်ကိုလည်း ကြည့်ပါအုံး -

"Titi dreams of becoming an ambassador of Israel"
အစ္စရေးကိုယ်စားပြုသံအမတ်တယောက် ဖြစ်လိုပါသတဲ့။

သူ့ အသက်က ၂၂ နှစ်။
အရပ်က ၅ ပေ၊ ၁၁ လက်မ။

ဆိုခဲ့သလိုပဲ အာဖရိကနွယ်ဖွား Titi Yitayish Ayanaw က အစ္စရေးကို ကိုယ်စားပြုပြီး မယ်စကြာဝဠာပြိုင်ပွဲကြီးကို ရောက်နေသူပါ။
သူ့ကို မြင်လိုက်တော့ အစ္စရေးဟာ အာဖရိကတိုက်ထဲမှာလားလို့ တွေးမိသူလည်း ရှိပါလိမ့်မယ်။


အာဖရိကနွယ်ဖွားတွေက အစ္စရေးမှာ လူနည်းစုပါ။ အွန်လိုင်းမှာ အစ္စရေး မော်ဒယ် ဆိုပြီး ရှာလိုက်ရင် အထက်က ပုံများအတိုင်း ဂျူးအမျိုးသမီးတွေလို့ ယူဆရတဲ့ပုံတွေပဲ တက်လာပါလိမ့်မယ်။ အာဖရိကနွယ်ဖွားအလှမယ် ဆိုတာ အစ္စရေးမှာ မျက်နှာဖုံးရှင်ဖြစ်ဖို့ ဆိုတာ အင်မတန် ကြုံတောင့်ကြုံခံဖြစ်ရပ်ပါ၊ အခုလို အစ္စရေးကို ကိုယ်စားပြုပြီး မယ်စကြာဝဠာစင်မြင့်ပေါ်တက်တာဟာလည်း ဒါ ပထမဆုံးအကြိမ် ဖြစ်နေပါတယ်။ ဒါကြောင့် လာမယ့် စနေနေ့မှာ မယ်အများစု မျှော်လင့်နေကြတဲ့ သရဖူကို သူ ဆောင်းနိုင်ခွင့် မရှိဘူး ဆိုရင်တောင်မှ သူ ဒီပြိုင်ပွဲအထိ တက်လှမ်းနိုင်တာဟာ အစ္စရေးရောက် အာဖရိကနွယ်ဖွားတွေအတွက် သမိုင်းတွင်တဲ့ ခြေလှမ်း ဖြစ်နေပါလိမ့်မယ်။

သူ့ပုံကို ဒီဘလော့မှာ မနေ့က ဖော်ပြခဲ့ပြီးပါပြီ။ http://blog.irrawaddy.org/2013/11/blog-post_6448.htmlမှာ ပြန်လည် ကြည့်ရှုနိုင်ပါတယ်။ ရေကူးဝတ်စုံနဲ့ ကိုယ်ဟန်ပြကြပုံတွေ ဖြစ်ပါတယ်။

သူ့ကို အာရှမျက်လုံးနဲ့ ကြည့်ရင် အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ မသေချာပါ။ သို့သော်လည်း အာရှအကြိုက် ဆိုတာ ဥရောပ၊ အမေရိက၊ အာဖရိက စသဖြင့်တို့နဲ့ ကွဲပြားမှာပါ။ အခုက မယ်စကြာဝဠာပြိုင်ပွဲ ဆိုတော့ ... ဒိုင်လူကြီးများကြိုက်ဖို့ အရေးကြီးပါတယ်။ သူတို့ ကြိုက်လို့ ရွေးမယ်၊ ကိုယ်ဟန်ပြမှုတွေ အဆင်ပြေမယ်၊ ဥာဏ်စမ်းမေးမြန်းမှုတွေ ဖြေဆိုမှု အဆင်ပြေမယ် ဆိုရင် အဲဒီ အလှမယ်က စနေနေ့မှာ သရဖူဆောင်းရဖို့ နီးစပ်ပါလိမ့်မယ်။ ဒီတော့ ... သရဖူ ဆောင်းသူက အစ္စရေးအလှမယ် ဖြစ်နိုင်သလို၊ မြန်မာပြည်ကိုယ်စားပြု မိုးစက်ဝိုင်လည်း ဖြစ်နိုင်ပါတယ်။

အစ္စရေးအလှမယ်ရဲ့ ပုံတွေကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။




























7 Days Daily က ရေးတဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီး လုံခြုံရေးပစ်ခတ်မှု ဖြစ်ရပ်မှန်


FRIDAY, NOVEMBER 08, 2013

 

ဒီနေ့ ထုတ် 7 Days သတင်းစာ ဖတ်လိုက်ရတော့ ကွယ်လွန်သွားပြီဖြစ်တဲ့
သတင်းစာဆရာကြီး ဂါဒီယန် ဦးစိန်ဝင်းရေးခဲ့တဲ့ “သတင်းကို သတင်းလိုရေးပါ” ဆိုတဲ့ စာကြောင်းလေးကို ဖျတ်ခနဲ သတိရမိတယ်။ သတင်းပါ ဖြစ်စဉ် အကြောင်းအရာကတော့ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းနားမှာ ဖြစ်ခဲ့တဲ့ လုံခြုံရေး အဖွဲ့က ပစ်ခတ်လိုက်တဲ့ သတင်းပါ ။ ဒီအကြောင်းအရာ ဟာ ကိုယ်နဲ့ သိပ်ပြီး ပါတ်သတ် လှတယ်တော့ မဟုတ်ပေမယ့် မီဒီယာက မီဒီယာ အလုပ် မလုပ်တော့ အဖြစ်မှန် သိနေတဲ့ ကျွန်တော်ကပဲ ရှင်းပြလိုက်ပါတယ်။

၇-၁၁-၂၀၁၃ ရက်နေ့ မနက် ၀၀-၄၅ မိနစ် အချိန်မှာ အရပ်သားပွဲစား (၄) ယောက် ဖြစ်တဲ့ ကိုကျော်ဝေထက် ၊ ကိုမျိုးညီညီထွေး ၊ ကိုစိုင်းဝေဖြိုး ၊ ကိုကျော်ညီထက် နဲ့ ဒုလက်ထောက်ညွှန်မှူး ဦးသိန်းဇော်ထွန်းအပါအ၀င် အားလုံးပေါင်း ၅ ယောက်က မူဆယ်ဘက်မှာ အရက်သောက် စား မူးယစ်ပြီး ပြန်လာကြပါတယ်။ အဲ့ဒီအချိန် မူဆယ်၁၀၅ မိုင်ဂိတ်နှင့် မနီးမဝေးမှာ တပ်မတော် မှ လုံခြုံရေးအတွက် တာဝန် ကျနေတဲ့ ရဲဘော် ၅ ယောက်လည်း တာဝန်ထမ်းဆောင်နေပါတယ်။ နယ်စပ်ဂိတ် တွေ မှာ မူးယစ်ဆေးဝါး တွေ တင်သွင်းနေတယ်ဆိုတဲ့ သတင်းတွေ အရ တပ်ဘက်မှ ပူတွဲတာဝန်ထမ်းဆောင်ဖို့ အတွက် တပ်မတော်သား ၅ ဦးက အမြဲတမ်း လုံခြုံရေးတာဝန်ယူပေးရပါတယ်။

အရက်သောက်ပြီးပြန်လာတဲ့ ကို ကျော်ဝေထက်တို့ အုပ်စု ဟာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော် သားတွေကို ကားနဲ့ ၀င်တိုက်ပြီး မောင်းပြေးခဲ့ပါတယ် ။အဲ့အချိန်မှာ ကျန်တဲ့ ရဲဘော် (၂)ယောက် က ကားကို ရပ်ဖို့ ပြောနေတာတောင် မရပ်ပဲ နဲ့ ကိုကျော်ဝေထက်တို့ အုပ်စုက မောင်းပြေးခဲ့လို့အခုလို ပစ်ခတ် မှုတွေ ဖြစ်ကုန်တာပါ။ ၀င်တိုက်ခံလိုက်ရတဲ့ ရဲဘော် (၃) ဦး ဟာ အခု အပြင်းအထန် ဒဏ်ရာ ရပြီး ဆေးရုံတက်ပြီး ဆေးကုသမှု ခံယူနေရပါတယ်။(ရဲဘော် ၁ ယောက်ဆိုရင် ခြေသလုံး အရိုးထက်ပိုင်း ကျိုးပြီး ငေါ့ထွက် နေ တဲ့ အဆင့်ထိရောက်ပြီး အခြေအနေတော်တော်ဆိုးပါတယ်)။

မောင်းပြေးတဲ့ (၅)ယောက်မှာ ယာဉ်မောင်းက ကိုစိုင်းဝေဖြိုးပါ။သေဆုံးသွားတဲ့ တစ်ဦးကတော့ ကိုကျော်ဝေထက်ပါ။ လုံခြုံရေးတာဝန်အရ ကင်းစောင့်နေသော ရဲဘော်များအားဝင်တိုက်ကာ ထွက်ပြေးသွားသည့်အတွက် ရပ်တန့်ရန်ပြောဆိုသော်လည်း ရပ်တန့်မှုမရှိခဲ့သဖြင့် ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဒါကြောင့် ဒီဖြစ်စဉ်မှာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ဆိုတာ စာဖတ်သူများအားလုံး သိလောက်ပါပြီ။အစကတည်းက သတင်းစာတွေက အဂတိ ကင်းကင်း ၊ ဘက်လိုက်မှု ကင်းကင်းနဲ့ သတင်းကို သတင်းလိုရေးရင် ဖြစ်စဉ်က ရှင်းပါတယ်။ဒါကြောင့် သတင်းဂျာနယ်တွေ ရေးတိုင်းလည်းချင့်ချိန်ယုံကြပါလို့ပဲ အကြံပေးချင်ပါတယ်။



ဝန်ထမ်းတစ်ဦး

ကျော်သားတပ်မတော် (ABSDF) ဥက္ကဌကြီး ရဲဘော်သံခဲ ငိုကြွေးနေသည့် ဗွီဒီယို အွန်လိုင်းတွင် ပျံ့နှံ့


FRIDAY, NOVEMBER 08, 2013 MYANMAR EXPRESS GROUP


  မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဌကြီး ငိုနေသည့် ဗွီဒီယို အွန်လိုင်းတွင် ပျံ့နှံ့လျှက်ရှိကြောင်း တွေ့ရသည်။ ABSDF သည် ၈၈ မျိုးဆက် ကျောင်းသားများ ထောက်လှမ်းရေးဖမ်းမည်ကို ကြောက်ပြီး တောခိုရာမှ KNU နှင့် ပြည်ပ အကူအညီကို ယူကာ လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ကြသည့် တော်လှန်ရေးသူရဲကောင်းများဟု ၎င်း တို့ကိုယ်တိုင်က ပြောဆိုလျှက်ရှိသော်လည်း ယခုကဲ့သို့ ဥက္ကဌကြီးမှ မျက်ရည်လွယ်နေခြင်းမှာ စိတ်ပျက်စရာ ဖြစ်ကြောင်း ဝေဖန်မှုများရှိနေပါသည်။ ABSDF အဖွဲ့မှာ နာမည်ပျက်များဖြင့် ကျော်ကြားလျှက်ရှိပြီး မြောက်ပိုင်းတွင် ကျောင်းသားအချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်မှု၊ ဥက္ကဌဟောင်း မိုးသီးဇွန်မှ NLD ကို ဝေဖန်ပြီး စင်ပြိုင်လွှတ်တော် တည်ထောင်မှု၊ လက်ရှိဥက္ကဌ သံခဲမှ မျက်ရည်လွယ်မှုများသည် လူထုကို အထူး စိတ်ပျက်စေသည့် အချက်များဖြစ်သည်။ ABSDF အဖွဲ့သည် နိုင်ငံခြား အထောက်အပံ့ယူကာ အစိုးရကို လက်နက်စွဲကိုင် တော်လှန်ခဲ့သူများဖြစ်ပြီး ယခုအခါ အဖွဲ့ဝင်အားလုံးနီးပါးသည် UN နှင့်ချိတ်ဆက်ကာ တတိယနိုင်ငံများတွင် အထောက်အပံ့ စားသောက်နေကြပြီး မြန်မာနိုင်ငံကို ပြန်လာကြရန် ငြင်းဆန်လျှက်ရှိကြေင်း သိရသည်။




.အားကိုးချင်စရာ မျက်ရည်လွယ်သည့် ABSDF ဥက္ကဌကြီး.

လွယ်ဂျယ်မြို့နယ်အတွင်းရှိ သကျမာရဇိန် အောင်တော်မူ ဘုရားရှိ အဆောက်အဦးများအား ကေအိုင်အေအဖွဲ့မှ ဖျက်ဆီးသွားခြင်းအပေါ် ဒေသခံ ရှမ်းလူမျိုး ဗုဒ္ဓဘာသာဝင်များမှ ပြင်းထန်စွာကန့်ကွက်


 

















FRIDAY, NOVEMBER 08, 2013

လွယ်ဂျယ်မြို့နယ်ခွဲ၏ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာတွင်ရှိသော သကျမာရ်ဇိန် အောင်တော်မူ တောင်ပေါ်ဘုရား ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဘဒ္ဒ န္တ၀ါရိန္ဒ သက်တော် (၅၈)နှစ်၊ ၀ါတော် ၃၂ နှစ်သည် ၂၀၁၁ ခုနှစ် တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် တစ်ဘက် တရုတ် နိုင်ငံ၊ ကျန်ဖုန်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် သွားရောက်သီတင်းသုံးခဲ့ရပါသည်။


၎င်းဘုန်းတော်ကြီး ကျောင်းအနီးရှိ တောထဲတွင် ကေအိုင်အေအဖွဲ့ တမဟ(၃)လက်အောက်ခံ တပ်ရင်း(၁၆)နှင့် တပ်ရင်း(၂၁) တို့မှ တပ်ဖွဲ့ဝင်များသွားလာလှုပ်ရှား နေထိုင်လျက်ရှိပြီး မိုင်းများလည်းထောင်ထား သဖြင့် ဒေသခံပြည်သူများ သွားလာမှုမရှိကြောင်း၊ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် သကျမုနိ ဆုတောင်းပြည့်ဘုရား ဂြိုဟ်နံထောင့် ၈ ထောင့်မှ ဗုဒ္ဓဆင်းတုတော် ၈ဆူ၊ သကျမုနိအောင်တော်မူစေတီမှ ဗုဒ္ဓဆင်းတုတော် ၅ ဆူ၊ ရှင်သီဝလိရုပ်ပွားတော်၊ ရှင်ဥပဂုတ္တရုပ်ပွားတော်၊ သကျမာရဇိန် အောင်တော်မူ ဘုရား၏ သမိုင်းကျောက်စာပြား များနှင့် ဆရာတော်ဘဒ္ဒ န္တ၀ါရိန္ဒ၏ အသုံးအဆောင်ပစ္စည်းများကိုလည်း ကေအိုင်အေအဖွဲ့မှ ဖျက်ဆီးသွားခဲ့ ကြောင်း ဆရာတော် ဘဒ္ဒ န္တ၀ါရိန္ဒမှ အောက်တိုဘာလ ၁၈ ရက်နေ့ နေ့လည် ၁၂နာရီ မိနစ် ၃၀ချိန်တွင် လွယ်ဂျယ်မြို့မှ မြို့မိမြို့ဖ များကို ပြောကြားခဲ့ကြောင်း သိရှိရသည်။


သကျမာရဇိန် အောင်တော်မူတောင်ပေါ်ဘုရားအား ၁၉၅၉ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ ဘဏ္ဍာရေးနှင့်အခွန်တော်ဌာန၀န်ကြီး ဗိုလ်ခင်မောင်ကလေးမှ ကြီးမှူး၍ တည်ထားကိုးကွယ်ခဲ့ပြီး ကျောင်းထိုင် ဆရာတော် ဦးစန္ဒိမာမှ ဆက်လက် သီတင်းသုံး နေထိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် သာသနိက အဆောက်အဦများ ဖျက်ဆီးခြင်းခံရခြင်းအပေါ် လွယ်ဂျယ်မြို့နယ်ခွဲအတွင်းရှိ ရှမ်းလူမျိုး ဗုဒ္ဓဘာသာဝင် များမှ ကျေနပ်မှုမရှိဘဲ ကေအိုင်အေအဖွဲ့ထံသို့ ကန့်ကွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ယောင်္ကျားဆိုတာ ခန္မာကိုယ်က ယောင်္ကျား ဖြစ်နေတိုင်း ယောင်္ကျားလို့ ပြောလို့ မရဘူး






ဝုန်း...

ကျွန်တော့် အခန်းတံခါးကို ဆောင့်ကန် ဖွင့်လိုက်သော အသံကြောင့် ကျွန်တော်ရော ကျွန်တော့် ချစ်သူပါ လန့်သွားပြီး။ အခန်း တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ မီးဝင်းဝင်း တောက်နေသော မျက်လုံးများနှင့် ကြည့်နေသော ကျွန်တော့် အဖေ။ ကျွန်တော့်ချစ်သူက မျက်နှာ လွှဲနေလိုက်ပါတယ်။


နှစ်ယောက်စလုံး ဧည့်ခန်းထဲကိုလာခဲ့ ။

အဖေ ကပြောပြီး အပြင်ကို ထွက်သွားပါတော့သည်။ ချစ်သူကို အခွင့်အရေးယူရန် ကျိုးစားနေသော ကျွန်တော်။ အဖေ ကိုယ်တိုင် မိသွားသဖြင့် ရှက်စိတ် မွန်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ ကျွန်တော့် ချစ်သူလက်ကို လှမ်းအဆွဲ နေဦးလေ ကိုမောင်ရဲ့  ကြည့်ကောင်းအောင် လုပ်ပါရစေဦး။ ကျွန်တော်တို့  နှစ်ယောက် ဧည့်ခန်းကိုရောက်တော့။

အဖေက ကျွန်တော့်ချစ်သူအား။ သမီးကို ဒီကောင် တစ်ခုခု လုပ်လိုက်ပြီလား။

ဘာ ဘာမှ မလုပ်ပါဘူးဦး သမီးသမီးတို့ ဘာမှ မဖြစ်ကြပါဘူး။ ကျွန်တော့်ချစ်သူက ကြောက်အား လန့် အားနဲ့ အထစ်ထစ် ငေါ့ငေါ့ ပြန်ဖြေသည်။


အဖေက ကျွန်တော့်ကိုကြည့်ပြီး။ မင်းသူ့ကို ပြန်လိုက်ပို့ ပေးလိုက်။

ကျွန်တော် ချစ်သူလက်ကို ဆွဲပြီး ဘတ်စကား မှတ်တိုင်မှ ကားပေါ် တင်ပေးလိုက်ပါတယ်။ အိမ်သို့ ပြန်ရောက် သည်နှင့် အဖေက ဒီမှာထိုင် ဒါလားကွ ယောင်္ကျား ။။


မင်းကို ငါတို့ က တစ်ယောက်ထဲ မွေးထားတာ မင်းမှာ ညီမ မရှိဘူးဆိုပြီး နှမချင်း မစာနာပဲ ဒီလို လုပ်တာ လား။
မဟုတ်ပါဘူး အဖေရာ သားတို့ ခုလဲ ဘာမှ မဖြစ်ကြပါဘူး။ သူလဲ ပြောသွားတယ်လေ။

ဖြစ်ဖြစ် မဖြစ်ဖြစ် မင်း အခွင့်အရေး ယူဖို့ ကျိုးစားတယ် မဟုတ်လား မလိမ်နဲ့ ငါ့ကို မှန်မှန်ပြော။

ဟုတ်ပါတယ် အဖေ သား ၀န်ခံပါတယ်။ သား ကျိုးစားမိပါတယ် သား မှားပါတယ်။

ငါအိမ်ပြန်ရောက်တာ မြန်ပေလို့ ပေါ့ကွာ။ ဒီမှာ မောင်မောင် မင်းကို အဖေ ငယ်ငယ်လေးကတည်းက ဘုရား ရှစ်ခိုးတိုင်း ငါးပါးသီလ ခံပြီး ရှစ်ခိုးခိုင်းတာ မင်းစိတ်ထဲမှာ ကဗျာရွတ်တာ သီချင်းဆိုတာလိုမျိုး သဘော ထားခဲ့တာလား။

မထားပါဘူးအဖေရာ ကံငါးပါးကို မကျူးလွန်အောင် အဓိပ်ပါယ်ပါ အဖေရှင်းပြပြီးမှ ရှစ်ခိုးခိုင်းခဲ့တာပါ။

ဒါဆို ဘာကြောင့် ခုလို လုပ်ရသလဲ ကဲပြော။ ဒါ ကာမေသု မိစ္ဆာစာရကံလေ။

ဟုတ်ပါတယ်အဖေ သားကလဲ လူငယ်ဆိုတော့ စိတ်အလိုလိုက်ပြီး ခုလို ဖြစ်ခဲ့ရတာပါ။ သားတောင်းပန်ပါ တယ်အဖေ။ တကယ်ပြောတာပါ နောက်ဒီလို ဘယ်တော့မှ မဖြစ်စေရဘူးလို့ ဂတိပေးပါတယ်။ ပထမဆုံးနဲ့ နောက်ဆုံး အကြိမ်အဖြစ် ခွင့်လွှတ်ပေးပါ။

အေးမှတ်ထား ယောင်္ကျားဆိုတာ ခန္မာကိုယ်က ယောင်္ကျား ဖြစ်နေတိုင်း ယောင်္ကျားလို့ ပြောလို့ မရဘူး။ စိတ်ဓါတ်ကအစ တကယ်ယောင်္ကျား ပီသတဲ့စိတ်မျိုး ထားနိုင်မှ ယောင်္ကျားကွ။ ကိုယ်လက်ထပ် မယူနိုင် သေးတဲ့ ကိုယ့်ချစ်သူကို ဘယ်တော့မှ ဒီလို မလုပ်နဲ့ ။ သူက ကိုယ့်ကို ချစ်လို့  အလို လိုက်မယ် ဆိုရင် တောင်မှ ကိုယ်က အခွင့်အရေး မယူသင့်ဘူး။ မှတ်ထား ကိုယ်ကလဲ ချစ်သူဘ၀မှာ ဒီလိုမျိုး အခွင့်အရေး မတောင်း အပ်ဘူး။

ဟုတ်ကဲ့ပါအဖေ သားမှတ်ထားပါ့မယ် ။ သားချစ်သူကိုလဲ တွေ့ ရင် တောင်းပန်လိုက်ပါ့မယ် အဖေ။

အေး ဒါက လုပ်သင့်တဲ့ အလုပ်ပဲ။ ယောင်္ကျားကောင်းမှန်ရင် မှားတာကိုလဲ ရဲရဲ ရင့်ရင့် ၀န်ခံရဲတဲ့ သတ္တိ ရှိရမယ်။ အေး နောက်ထပ် ဒါမျိုး အဖေ မတွေ့ ချင်ဘူး။ မင်းဂတိကိုလဲ မင်းမှတ်ထား။ သွားတော့။

ဒီလိုနဲ့  ၂ ရက်လောက် အကြာ ညနေဖက် အဖေ့ရဲ့ ညီ ဦးချစ်ခင်ရဲ့ အိမ်ကို ကျွန်တော် ရောက်သွားပါတယ်။

ဟာ လာဟေ့ ငါ့တူ မောင်မောင် ဘယ်လိုလဲ ပျောက်ချက်သား ကောင်းနေပါလား။ မင်းကိုကြည့်ရတာ မျက်နှာလဲ မကောင်းပါလား။

ဟုတ်တယ် လေးလေးချစ်ရေ အိမ်မှာ ဟိုနေ့ က ပြဿနာ အကြီးကြီး တက်လို့ ။

ကျွန်တော်က အဖေ့ညီ ဦးချစ်ခင်ကို ဦးလေးချစ်ဟု မခေါ်ပဲ လေးလေးချစ်ဟုခေါ်ပါသည် ။

ဘယ်လို ဖြစ်တာလဲ မင်းအဖေနဲ့ လား။

ဟုတ်တယ်လေးလေးချစ် အဖေနဲ့ ကျွန်တော်နဲ့ ။

ဘယ်လိုဖြစ်တာလဲကွ ပြောစမ်းပါဦး။


ကျွန်တော်က ဟိုတနေ့ က အကြောင်းကို ပြန်ပြောပြလိုက်ပါတယ် ။။

အင်းမင်းကလဲ မင်းပဲ အေးလေ မင်းက လူငယ်ပဲ။ ဒါပေမဲ့ ငါ့အကိုကြီး အကြောင်းကို ငါသိတယ်။ သူက ဒါမျိုး မရဘူးကွ။ သူနဲ့ ငါနဲ့ က ၁၀ နှစ်လောက် ကွာတော့ ငါငယ်ငယ် ကလဲ မင်းလိုပဲ သူ့ ကိုကြောက်ခဲ့ရတာကွ။ ဘုရားရှစ်ခိုးတိုင်းလဲ ငါးပါးသီလ ခံပြီး ရှစ်ခိုးရတာ အင်း ခုထိပါပဲကွာ။ အဲဒီ အကျင့်ကောင်းလေးကတော့ ခုထိကို စွဲနေတော့တာပါပဲ။ မင်းအန်တီလေးနဲ့ လေးလေးနဲ့ အိမ်ထောင် မကျခင် ချစ်သူဘ၀မှာလဲ မင်းအဖေ က လေးလေးကို မင်းကို အခုပြောသလိုပဲ ဆုံးမခဲ့တာကွ။ ငါနဲ့ မင်းအန်တီလေး ချစ်ဘူဖြစ်ပြီး ၂ နှစ်လောက်ကြာမှ သူကိုယ်တိုင်ပဲ မင်းအန်တီလေးမိဘ တွေဆီလိုက်တောင်းပြီး ပေးစားခဲ့တာကွ။

ဟုတ်လား အန်တီလေး။

ကျွန်တော်က လေးလေးချစ် ဘေးနားတွင် ထိုင်နေသော လေးလေးချစ် မိန်းမ အန်တီ မိုးမိုး ကိုလှမ်းမေး လိုက်ပါတယ်။

အမလေး မင်းအဖေကတော့ မပြောပါနဲ့ တော့ မောင်မောင် ရေ့ ။

မင်းလေးလေးနဲ့ ချစ်သူဖြစ်တာ မင်းအဖေ သိသွားတော့ အန်တီလေးကို တွေ့ ချင် တယ် ခေါ်ခဲ့လို့ ပြောတယ်။ အန်တီလေးလဲ ကြောက်ကြောက်နဲ့  လိုက်ပြီး တွေ့ ခဲ့ရ တယ်။

ပြောတာများ စုံနေတာပဲ။ လက်မထပ်ခင်မှာ ကိုယ့်စည်းကမ်းနဲ့ ကိုယ်နေဖို့ ။ တစ်ယောက်ကို တစ်ယောက် သစ္စာရှိဖို့ စိတ်အလို မလိုက်ကြဖို့  ၂ ယောက်စလုံးကို ပြောဆို ဆုံးမပြီး ဂတိတောင်းတယ်လေ။ နောက် တော့လဲ မင်းအဖေ ကိုယ်တိုင်ပဲ လက်ထပ်ပေးခဲ့တယ်။ မင်းအဖေက ကိုယ်ကျင့်သီလကို အရမ်း တန်ဖိုး ထားတဲ့လူ။ မင်းလဲ မင်းအဖေ စကားကို နားထောင်ပါ ငါ့တူရယ်။

ဟုတ်ကဲ့ပါ အန်တီလေးရယ် ကျွန်တော်လဲ နောက်မဖြစ်အောင် သတိထားပါတော့မယ် ဂတိပေးပါတယ်။

မင်းကိုတော့ လေးလေးချစ် အပြစ် မတင်ချင်ပါဘူးကွာ ဒါပေမဲ့ နောက်ထပ် ဒီလိုမျိုး မဖြစ်စေနဲ့ ကွာ။ ဒီခောတ်မှာ မင်းတို့ အရွယ် လူငယ်လေးတွေ အတွေးအခေါ် မှားနေတာလေးတွေတော့ လေးလေးချစ် ပြောပြ ချင်တယ် ။ ဒါပေမဲ့ ခောတ်ရေစီးကြောင်းကို အပြစ်ပုံချမယ်ဆိုရင်တော့ ရတာပေါ့ ကွာ။

 ဟိုတစ်နေ့ က မနက်ပိုင်းလေးလေး ထိုင်နေကြ လ္ကက်ရည်ဆိုင်မှာ ထိုင်နေတုံး လေးနားဝိုင်းမှာ ငါ့တူအရွယ် လူငယ် ၃ ယောက် စကားပြော နေတာများကွာ လေးလေး ကြားရတာနဲ့ တင် ဒေါသဖြစ်မိတယ်။ မိန်းက လေးတွေကို ဟင်းရွက်ကစွန်းများ အောက်မေ့နေသလား မသိပါဘူးကွာ။ ဘယ်မိန်းကလေးနဲ့ ဘယ်လို စွံနေတာ သူ့ ကိုဘယ်လို အခွင့်အရေးပေးတာ သူပြောသမျှ အားလုံး လိုက်လျောတာ သူ့ ကို ဘယ် လောက်ချစ်တာ စုံနေတာပါပဲကွာ။

တစ်ယောက်နဲ့ တစ်ယောက် ကောင်မလေးတွေနဲ့ ပတ်သက်လို့  ဂုဏ်ဖေါ်ပြောနေကြတာ။ လေးလေးက သူတို့ စကားတွေကြားရတော့ သူတို့ အကြောင်း မသိပဲ ချစ်နေကြတဲ့ မိန်းကလေးတွေကို သနားမိသလို ကိုယ်ကျငိ့တရား ကောင်းအောင် မဆုံးမခဲ့ကြတဲ့ သူတို့ မိ ဘတွေကိုပဲ အပြစ်တင်ချင်နေမိတော့တယ်။ ဒီလိုသာဆိုရင် ငါတို့ တိုင်းပြည်မှာ ကိုယ်ကျင့် သီလကို တန်ဖိုးထားတဲ့ ယောင်္ကျားကောင်းတွေ တဖြည်းဖြည်း ရှားပါးလာပြီး နောက်ဆုံး ယောင်္ကျား ခန္မာကိုယ် ရှိတဲ့ ယောင်္ကျားယုတ်တွေပဲ များလာတော့ မယ်။ ကိုယ်ရည်ကိုယ်သွေးမြင့်မားတဲ့ ယောင်္ကျားတွေတောင် ပျောက်ကုတ်မှာစိုးရိမ်ရတယ် ။ ပတ်ဝန်းကျင် မှာလဲ မြင်နေရတာပဲ။ စိတ်ကို မနိုင်ကြလို့ ငယ်ငယ် ရွယ်ရွယ်နဲ့  မဖြစ်သင့် တာတွေဖြစ်ပြီး လက်ထပ်ကြ မကြာပါဘူး ပြန်ကွဲသွားကြ နဲ့  မင်းလဲ မြင်နေရတာပဲ။ ဒီလို ငယ်ငယ် ရွယ်ရွယ်နဲ့ အိမ်ထောင် ကွဲလေးတွေဖြစ် သွားကြတော့ မပျက်စီးသင့်တဲ့ မိန်းကလေးတွေ အများကြီး ပျက်စီးသွားရတာပေါ့ကွာ ။

ဒီလို ကိစ္စတွေဟာ ဘယ်သူ့ ကိုမှလဲ အပြစ်ပြောလို့ မရပြန်ဘူးကွ။ ခုခောတ် သူတို့ လေးတွေ ပတ်ဝန်းကျင် မှာလဲ နိုင်ငံခြား ရုပ်ရှင်တွေ ဗွီဒီယိုတွေ သတင်းတွေ စာပေတွေကလဲ အတုယူမှားလောက်အောင် တနည်း တဖုံအားဖြင့် ဆွဲဆောင် သလို ဖြစ်နေကြတာလဲ ပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်ပေါ့ အဓိကအနေနဲ့  မိန်းကလေးတွေ ကလည်း စိတ်အလို မလိုက်ပဲ စည်းတဲ့ ကမ်းနဲ့ နေထိုင်ပြီး ကိုယ့်ချစ်သူကို လေ့လာရမယ် အကဲခတ်ရမယ် အလိုမလိုက်သင့်တာကို အလို မလိုက်ရဘူး။ ယောင်္ကျားလေးတွေကလည်း ငါဟာ ယောင်္ကျားဆိုတဲ့စိတ်ကို မွေးပြီး သူ့ နှမ ကိုယ့်နှမ စာနာတဲ့စိတ်နဲ့  ကိုယ့်ချစ်သူကို မြင့်မြတ်တဲ့ မိန်းကလေး တစ်ယောက်အဖြစ် သဘောထားနိုင်ရမယ် အချောင်ရတာပဲ

ဘာပဲဖြစ်ဖြစ် နောင်ခါလာ နောင်ခါဈေးဆိုတဲ့ ယောင်္ကျားယုတ်တွေရဲ့ စိတ်မျိုး မထားအပ်ဘူး။ ဘာဖြစ်လို့ ဒီလို ပြောရသလဲဆိုရင် နောက်ဆုံး ဖြစ်ချင်တာ ဖြစ်လိုက်လို့ တကယ် နစ်နာသွားတာက မိန်းကလေးတွေ ဖြစ်နေလို့ ပဲ။ ဒါကြောင့် မိန်းကလေးတွေထက် ယောင်္ကျားလေးတွေကပိုပြီး အရေးကြီးတယ်လို့ ပြောချင် တာ။ နောက်ဆုံး ပြောချင်တာကတော့ မိဘတွေပဲ ငယ်ငယ် ကတည်းက ကိုယ်ကျင့်သီလနဲ့ ပတ်သက် ပြီး သားသမီးလေးတွေကို သွန်သင်ပြသ ဆုံးမ ပေးခဲ့ကြရမယ်။ ဒါမှ ကိုယ်ကျင့်တရားကို တန်ဖိုးထားတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့ သားသမီးလေးတွေ ဖြစ်လာကြမှာ။ အခုလို ဖြစ်ချင်တာ ဖြစ်ကုန်ကြ တာကလည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့စိတ်မျိုး မရှိကြလို့ ပဲ။ အဲဒီလိုစိတ်မျိုးရှိလာအောင်လည်း သွန်သင် ဆုံးမမခံခဲ့ကြရလို့ ပဲ။

ဒါကြာင့် ယနေ့ လူငယ် နောင်ဝယ်လူကြီး ဆိုသလို အနာဂတ် တို့ တိုင်းပြည်ကို လွှဲပြောင်းယူမဲ့ ယနေ့ လူငယ်လေးတွေဟာ ကိုယ်ကျင့်သီလကို တန်ဖိုးထားတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်မားတဲ့ လူငယ်လူရွယ်လေးတွေ များများ ပေါ်ပေါက်လာပါစေလို့ ပဲ လေးလေး ဆုတောင်းနေမိပါတော့ တယ်ငါ့တူရယ် ။။။။။။။။။


ကိုမောင်မောင်(ရွှေမြို့ တော်)

အမူးလွန်နေတုန်း ကျောက်ကပ် ခိုးခံရပြီး သေဆုံးသွားတဲ့ တက္ကသိုလ် ကျောင်းသူလေး






တရုတ်ပြည် စီချောင်တက္ကသိုလ်က ကျောင်းသူလေးဟာ တစ်ညတော့ ပါတီပွဲ တခုကို သွားခဲ့တယ်။ ပျော်သလို ရှိတာနဲ့ ၀ိုင်အရက်တွေ အလွန်အကျွံသောက်ဖြစ်တယ်။ အဲဒီမှာ ဖေါ်ရွယ်စရာ ကောင်းတဲ့ ကောင်လေး တစ်ယောက်နဲ့ စကားစမြည်ပြောပြီး ခင်သွားတယ်။ နောက်တော့ ဟိုတယ်လ် တခုမှာ တညတာ အတူတူ အချိန်ဖြုန်းဖို့ သဘောတူလိုက်ပါတယ်။

ခေတ်မီခန်းနားတဲ့ ဟိုတယ်လ်ရဲ့ ဇိမ်ခံအခန်းတခု ငြားလိုက်ကြတယ်။ ထပ်သောက်ကြတယ်။ နောက်သိပ် မကြာတော့ အိပ်ပျော်သွားပါပြီ။

ပြန်နိုးလာတော့ သူ့ခန္ဓာကိုယ် တခုလုံး ရေချိုးဇလုံထဲမှာ ရေခဲတုံးလေးတွေကြား မြုပ်နေတယ်။

ရေချိုးဇလုံဘေးမှာ အနီရောင်စာရွက်တခု မှာ စာရေးထားတာ တွေ့လိုက်တယ်။

"ခင်များ သေခါနီးနေပြီ၊ ၁၂၀ ကို အမြန်ခေါ်လိုက်" လို့ရေးထားပြီး ဘေးနားမှာ သူ့ဖုန်းအဆင်သင့် ချထား ပေးတယ်။

၁၂၀ ကိုခေါ်လိုက်တော့ ဒေါက်တာ တစ်ယောက် ကိုင်တယ်၊ သူ့အကြောင်းတွေ ရှင်းပြတော့ အဲဒီ ဒေါက်တာက "ခင်များနောက်ကျောဖက်မှာ စမ်းကြည့်လိုက်ပါ" လို့ပြောတယ်။ စမ်းကြည့်လိုက်တော့ ၉ လက်မ လောက်ကျယ်တဲ့ ဓါးဒဏ်ရာ နှစ်ခု တွေ့လိုက်တယ်။

ဒေါက်တာက ချက်ချင်းပဲ အဲဒီ ရေခဲရှိတဲ့ ရေချိုးဇလုံမှာ ပြန်မှောက်နေလိုက်ပါ၊ လို့ ညွန်ကြားလိုက်တယ်။

ကယ်ဆယ်ရေး အဖွဲ့ရောက်လာပြီး စစ်ကြည့်လိုက်တော့ သူ့ရဲ့ ကျောက်ကပ် နှစ်ခုစလုံး အခိုးခံ ထားရ တာပါ။

သူမလဲ ဆေးရုံမှာ ကျောက်ကပ်အလှူရှင်စောင့်နေရင်း မကြာခင် ဆုံးသွားပါတော့တယ်။

ဒီလို ကျောက်ကပ်ဟာ တရုတ်ပြည်ရဲ့ မှောင်ခိုဈေးမှာ အမေရိကန် ဒေါ်လာ ၃ သိန်းလောက် ပေါက်ဈေး ရပါသတဲ့။
ဒါကြောင့် မှောင်ခိုသမားများဟာ ပုံစံမျိုးစုံ နဲ့ သားကောင်များကို လိုက်နေကြပါတယ်။ အထူးသဖြင့် အမူးလွန်တတ်တဲ့ မိန်းကလေးများကို ပစ်မှတ်ထားတတ်လေ့ ရှိတယ်၊ လို့ဆိုပါတယ်။

Related Posts Plugin for WordPress, Blogger...