Saturday, December 21, 2013

ဗိုလ်လုပွဲများတွင် မြန်မာဘောလုံးအသင်း ပါဝင်ခြင်း မရှိတော့၍ လက်ရှိကျင်းပနေသည့် ဆီးဂိမ်းစ်ပြိုင်ပွဲများသို့ ကြည့်ရှုသူ ပရိသတ် သိသာစွာလျော့ကျ


 Saturday, 21 December 2013


ဝဏ္ဏသိဒ္ဓိ အားကစားကွင်း အများပြည်သူ ၀င်ပေါက် ဂိတ်နံပါတ် ၄ အား တွေ့ရစဉ်

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဘောလုံးအားကစား ဗိုလ်လုပွဲတွင် မြန်မာအမျိုးသား ဘောလုံးအသင်း ပါဝင်ခြင်း မရှိတော့သည့်အတွက် နေပြည်တော်တွင် ပြုလုပ်သော ဆီးဂိမ်းစ်အားကစား ပြိုင်ပွဲများသို့ လာရောက် ကြည့်ရှုသူ ပရိသတ်ဦးရေ သိသာစွာ လျော့ကျသွားခဲ့ကြောင်း သိရသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ၏ အားကစားနည်း အများစုကျင်းပရာ ၀ဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်း အတွင်းသို့ ၀င်ရောက်ရန် အသိအမှတ်ပြု ကတ်ပြားများကို ဂိတ်အမှတ် ၄ တွင်သာ ပြုလုပ်ပေးပြီး မြန်မာအမျိုးသား ဘောလုံးအသင်း အုပ်စုအဆင့်မှ မထွက်ခင်ရက်များတွင် ပြိုင်ကွင်းအတွင်းသို့ ၀င်ရောက်ခွင့် ကတ်ပြားများကို ပြုလုပ်သူဦးရေ များပြားခဲ့သည်။

''အရင်ရက်တွေက အားကစားပြိုင်ပွဲတွေကို လာကြည့်တဲ့ ပြည်သူတွေ ဦးရေများပြီး ၀င်ခွင့်ကတ်ပြား ရဖို့အတွက် တန်းစီစောင့်နေရတဲ့ သူတွေပါရှိတယ်။ ဒါပေမဲ့ မြန်မာအမျိုးသား ဘောလုံးအသင်း အုပ်စုက ထွက်ခဲ့ပြီး နောက်ရက်တွေမှာတော့ ၀င်ခွင့်ကတ်တွေ လာလုပ်တဲ့ ပရိသတ် အတော်ကို နည်းသွားတယ်။ ၀င်ခွင့်ကတ်ပြား လာလုပ်တာလည်း သိပ်မရှိတော့ဘူး။ အရင်လုပ်ပြီးသား လူတွေလောက်ပဲ လာကြည့်တာ တွေ့ရတယ်။ တချို့ဒေသက လူတွေလာကြည့်တာ နည်းနည်းပါးပါးတော့ ရှိတယ်။ ဘုရားဖူး ခရီးစဉ်တွေသွားရင်း ဆီးဂိမ်းစ်ကို ၀င်ကြည့်ကြတာတွေလည်း ရှိတယ်'' ဟု ၀င်ခွင့်ကတ်ပြားများ ပြုလုပ်ပေးနေသည့် ဂိတ်အမှတ် ၄ မှ လုံခြုံရေး တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဆီးဂိမ်း အားကစားပြိုင်ကွင်း အတွင်းသို့ ၀င်ရောက် ကြည့်ရူခွင့်ရရန် ၀င်ခွင့်ကတ်ပြားများကို တစ်ဦးလျှင် ကျပ် ၂၅၀၀ ဖြင့် ပြုလုပ်ပေးခြင်းဖြစ်ပြီး ယင်းကတ်ပြားများသည် ပိတ်ပွဲအခမ်းအနားနှင့် ဘောလုံးပွဲများသို့ ၀င်ခွင့်မရှိကြောင်း သိရှိရသည်။

''အရင်ရက်တွေ တုန်းကဆို ၀င်ခွင့်ကတ်ပြားအတွက် တန်းစီးစောင့်နေတဲ့ လူတွေက အတန်းလိုက်ကြီးပါ။ ဒါပေမဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲ ပြီးဆုံးဖို့ နီးလာလေ့လာတဲ့ ပရိသတ်နည်းလာလေပဲ။ မြန်မာအမျိုးသား ဘောလုံးအသင်း ရှုံးတာလည်း ပါသလို ပြိုင်ပွဲကို လာဖို့အတွက် ဝေးတာလည်း ပါမယ်လို့ ထင်ပါတယ်'' ဟု ၀ဏ္ဏသိဒ္ဓိ အားကစား ပြိုင်ကွင်းရှေ့တွင် ဆီးဂိမ်းအထိမ်းအမှတ်တရ ပစ္စည်းများ ရောင်းချနေသူ တစ်ဦးက ဆိုသည်။

မြန်မာ အမျိုးသား ဘောလုံးအသင်းသည် အုပ်စုအဆင့် ပွဲစဉ်တွင် အင်ဒိုနီးရှား အမျိုးသား ဘောလုံးအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး နေပြည်တော်တွင် ပြုလုပ်မည့် ဗိုလ်လုပွဲသို့ တက်ရောက်ခွင့် လွဲချော်ခဲ့သည်။

''ကျွန်တော့် မိသားစုကို ဆီးဂိမ်းစ်ပြိုင်ပွဲ ရောက်ဖူးစေချင်လို့ ပို့တာပါ။ ဘောလုံးအသင်း ထွက်ပြီးတော့ နေ့တိုင်းလာမကြည့် ချင်တော့ဘူး။ ဗိုလ်လုပွဲကလည်း ကိုယ့်နိုင်ငံ အသင်းမှ မပါတော့တာ သွားမကြည့်ချင် တော့ဘူး။ ပိတ်ပွဲအခမ်းအနား ကြည့်ချင်ပေမယ့် ဘယ်မှာ ၀ယ်ရမှန်း မသိဘူး။ သိတဲ့လက်မှတ် ဈေးကလည်း သောင်းဂဏန်း အထက်တွေချည်းပဲ'' ဟု ဆီးဂိမ်းစ်ပြိုင်ပွဲသို့ လာရောက် ကြည့်ရှုသူ ပျဉ်းမနားမြို့နေ ဦးမျိုးသန့်က ပြောကြားခဲ့သည်။

လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီ အစည်းအဝေး ရန်ကုန်မြို့၌ ယနေ့ပြုလုပ်မည်


 Friday, 20 December 2013


ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ အင်းစိန်အကျဉ်းထောင်အား တွေ့ရစဉ်

လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ အစည်းအဝေးအား ဒီဇင်ဘာ ၂၁ ရက်(ယနေ့)တွင် ရန်ကုန်မြို့၌ ပြုလုပ်မည် ဖြစ်ကြောင်း ကော်မတီဝင်များ၏ ပြောကြားချက်အရ သိရသည်။

ယခုပြုလုပ်မည့် အစည်းအဝေးတွင် မည်သည့် အကြောင်းအရာများ ဆွေးနွေးမည်ကိုမူ မသိရှိရသေးဘဲ အစည်းအဝေး ပြုလုပ်မှသာ အသေးစိတ် သိရှိရမည်ဖြစ်ပြီး မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးအား ဖော်ထုတ်ခဲ့သဖြင့် သေဒဏ်ချမှတ်ခြင်း ခံထားရသော တပ်မတော်အရာရှိ ဗိုလ်မှူးဝင်းနိုင်ကျော်၏ ကိစ္စရပ်အား ဆွေးနွေးမှု ပြုလုပ်မည်၊ မပြုလုပ်မည်ကိုလည်း မသိရှိရသေးကြောင်း လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ အဖွဲ့ဝင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးရဲအောင်က ဆိုသည်။

အဆိုပါ အစည်းအဝေးတွင် လက်ရှိ ပုဒ်မ ၁၈ ကဲ့သို့သော နိုင်ငံရေးနှင့် ဆက်နွှယ်ထောင်ကျ နေသူများ ကိစ္စရပ်အား စိစစ်ဖွယ်ရှိပြီး RCSS/SSA ၏ တပ်မှူးတစ်ဦး အနေဖြင့် ဖမ်းဆီးခံခဲ့ရကာ သာယာဝတီ အကျဉ်းထောင်တွင် ထောင်ကျခံနေရသော ၁၉၉၁/၉၂ ခုနှစ်က ကချင်ပြည်နယ် ပါဂျောင်ဒေသရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) အဖွဲ့တွင်း၌ ဖြစ်ပွားခဲ့သော ကျောင်းသားရဲဘော် ၃၉ ဦးအား စစ်ထောက်လှမ်းရေးဟု စွပ်စွဲကာညှဉ်းပန်း သတ်ဖြတ်ခဲ့မှုတွင် အဓိကတာဝန်ရှိသူ စာရင်းတွင် ပါဝင်သူ တစ်ဦးလည်းဖြစ်သူ သံချောင်း(ခေါ်)စ၀်ခွန်ကျော်၏ ကိစ္စရပ်ကိုလည်း ဆွေးနွေးဖွယ်ရှိသည်။

ထို့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားများ တစ်ဦးတစ်ယောက်မျှ မရှိအောင် လုပ်ဆောင်မည်ဟု ပြောကြားထားသည့်အတိုင်း ဆိုပါက ယခုပြုလုပ်မည့် အစည်းအဝေးသည် နောက်ဆုံး အစည်းအဝေး ဖြစ်သော်လည်း လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီအဖွဲ့ဝင် AAPP အဖွဲ့မှ ဦးဘိုကြည်က နောက်ဆုံးအစည်းအဝေး မဖြစ်နိုင်သေးကြောင်း ပြောကြားသည်။

''နောက်ဆုံး ဆိုတာမျိုးတော့ မဟုတ်သေးဘူး ထင်ပါတယ်။ ဒါပေမဲ့ အစည်းအဝေးကျမှပဲ ကျွန်တော်တို့ သေချာသိရမှာပေါ့။ မပြီးသေးဘူး ထင်ပါတယ်'' ဟု ဦးဘိုကြည်က ဆိုသည်။

ပြစ်ဒဏ်ကျခံနေရဆဲ ဖြစ်သည့် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များအား နိုင်ငံရေး အကျဉ်းသားအဖြစ် ထည့်သွင်းစိစစ်ရန် ကော်မတီ အဖွဲ့ဝင်များအကြား သဘောကွဲလွဲမှုများ ရှိခဲ့ပြီး ၎င်းတို့အား ထည့်သွင်းခြင်း စိစစ်ခြင်း မရှိသော်လည်း ဆွေးနွေးမှုများ ရှိခဲ့ကာ နိုင်ငံရေး အကျဉ်းသား ခေါင်းစဉ်အောက်တွင် လွှတ်မည်ကို သဘောမတူဘဲ အခြားပုံစံ တစ်မျိုးမျိုးဖြင့် သမ္မတ၏ လုပ်ပိုင်ခွင့်အရ လွှတ်ပေးပါက ကန့်ကွက်ရန် မရှိကြောင်း ဦးဘိုကြည်က ဆက်လက် ပြောကြားသည်။

''လူသားချင်း စာနာတဲ့ ရှုထောင့်ကဖြစ်ဖြစ်၊ တခြားခေါင်းစဉ် အနေနဲ့လွှတ်ရင် မကန့်ကွက်ဘူး။ ဒါပေမဲ့ နိုင်ငံရေး အကျဉ်းသား ခေါင်းစဉ်အောက်ကနေ မလွှတ်ဖို့ဘဲ ကျွန် တော်တို့က ပြောတာပါ'' ဟု ဦးဘိုကြည်က ပြောကြားသည်။

လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ၏ စိစစ်မှုဖြင့် လွှတ်မြောက်သွားသော နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော်ရှိပြီး ကော်မတီအဖွဲ့ဝင် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းတို့မှ စုစည်းထားသော စာရင်းများအရ နိုင်ငံရေးနှင့် ဆက်နွှယ်၍ လတ်တလော အမှုရင်ဆိုင် နေရသူ ၂၀၀ ကျော်ရှိကာ ယခင်အစိုးရ လက်ထက်နှင့် လက်ရှိအစိုးရ လက်ထက် နှစ်ခုပေါင်း ထောင်ကျနေသူ ၄၄ ဦးရှိကြောင်း သိရသည်။

EMG

ပဲခူးရှိ ပြည်ပစက်မှု စီမံကိန်းနယ်မြေတွင် ဘီယာထုတ်လုပ် ရောင်းချမည့် Myanmar Carlsberg ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံရန် လုပ်ငန်းပိုင်းဆိုင်ရာ စတင်ဆောင်ရွက်


 Friday, 20 December 2013


မလေးရှားနိုင်ငံရှိ Carlsberg အဖျော်ယမကာ ထုတ်လုပ်သည့်စက်ရုံ (ဓာတ်ပုံ-carlsbergmalaysia.com)

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ပြည်ပစက်မှု စီမံကိန်း နယ်မြေတွင် ဘီယာထုတ်လုပ် ရောင်းချမည့် Myanmar Carlsberg ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်အတွက် လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်မှုများကို စတင်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာ ၁၈ ရက်တွင် နေပြည်တော်ရှိ ရုံးအမှတ် ၃၂ သို့ လာရောက်၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် လိုအပ်သည့် အချက်အလက်များကို Myanmar Carlsberg ကုမ္ပဏီမှ ဘဏ္ဍာရေးနှင့် စီးပွားရေး စီမံကိန်းဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Dheeraj Mishra မှ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

Myanmar Carlsberg ကုမ္ပဏီသည် Carlsberg Group နှင့် မြန်မာနိုင်ငံမှ MGS Breweries ကုမ္ပဏီတို့၏ ဖက်စပ်ကုမ္ပဏီ တစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် ဖွဲ့စည်း မှတ်ပုံတင်ခွင့် ရရှိခဲ့ပြီး လုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြခဲ့ရာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ပြုလုပ်ခဲ့သည့် (၆)ကြိမ်မြောက် အစည်းအဝေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်မည့် လုပ်ငန်းအဖြစ် ပြန်လည်ခွင့်ပြု ပေးခဲ့ခြင်း ဖြစ်သည်။ Myanmar Golden Star(MGS) ကုမ္ပဏီနှင့် ပူးပေါင်း၍ ဘီယာထုတ်လုပ်ကာ ဥရောပ ဈေးကွက်သို့ တင်ပို့ရောင်းချရန် စီစဉ်နေပြီး လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၃၅ သန်းမှ သန်း ၅၀ အထိ မြှုပ်နှံရန် လျာထားကြောင်း Carlsberg Group မှ ထုတ်ပြန်ချက်များအရ သိရသည်။

Carlsberg Group သည် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့ အခြေစိုက်ကာ ၁၈၄၇ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ခြင်းဖြစ်ပြီး ဘီယာ၊ ဆိုဒါနှင့် အချိုရည်စသည့် အဖျော်ယမကာ ထုတ်လုပ်ခြင်း လုပ်ငန်းကို လုပ်ကိုင်နေပြီး ထုတ်ကုန်များကို အမေရိကန်၊ ဥရောပနှင့် အာရှနိုင်ငံ ဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း သိရသည်။

ဂျပန်၊ ထိုင်းနှင့် ဥရောပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံရန် လာရောက်သူများအား မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံ ကဏ္ဍတွင် ၀င်ရောက်လုပ်ကိုင်ရန် ဖိတ်ခေါ်ထားကြောင်း UMFCCI ဒုဥက္ကဋ္ဌ ပြောကြား

 Friday, 20 December 2013


နိုဝင်ဘာ ၁၃ ရက်တွင် ပြုလုပ်ခဲ့သည့် အီးယူ-မြန်မာ နှစ်နိုင်ငံ စီးပွားရေး ဆွေးနွေးပွဲအား တွေ့ရစဉ်

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် ဂျပန်၊ ထိုင်းနှင့် ဥရောပနိုင်ငံများမှ လာရောက်သူများအား မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံ ကဏ္ဍတွင် ၀င်ရောက် လုပ်ကိုင်မှုများ ပြုလုပ်ရန် အဓိကထား ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

ပြည်ပနိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ ပြုလုပ်ရန်အတွက် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို UMFCCI တွင် လာရောက်စုံစမ်း ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိပြီး UMFCCI အနေဖြင့်လည်း စီးပွားရေး လုပ်ငန်းရှင်များ အချင်းချင်း ကုန်သွယ်မှု ဆိုင်ရာနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာများကို ပူးပေါင်းလုပ်ကိုင်ရန် အတွက် လာရောက်သည့် နိုင်ငံများနှင့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲများကို စီစဉ်ပေးလျက် ရှိကြောင်း သိရသည်။

''အသင်းချုပ်ကို လာပြီးဆွေးနွေးတာ ဂျပန်၊ ထိုင်းနဲ့ ဥရောပ နိုင်ငံတွေများတယ်။ ဒီနှစ်ထဲမှာဆိုရင် အမေရိကန် နိုင်ငံလည်း လာတယ်။ လာတဲ့အခါမှာလည်း မြန်မာနိုင်ငံမှာ အဓိက လိုအပ်ချက်ဖြစ်တဲ့ အားနည်းနေတဲ့ အခြေခံ အဆောက်အအုံ ကဏ္ဍတွေမှာပဲ ၀င်ရောက်လုပ်ကိုင် ကြဖို့အတွက် ဖိတ်ခေါ်ဆွေးနွေးမှုတွေ ပြုလုပ်ပါတယ်။ ပြည်ပနိုင်ငံတွေက ဆွေးနွေးတဲ့ အခါမှာလည်း လျှပ်စစ်မီးရရှိမှု အခြေအနေတွေကို မေးမြန်းပါတယ်။ ဒါ့အပြင် အခုဆိုရင် အထူးစီးပွားရေးဇုန် တွေကိုလည်း ဖော်ထုတ်နေပြီ ဖြစ်တဲ့အတွက် အထူးစီးပွားရေး ဇုန်တွေမှာ ၀င်ရောက်မြှုပ်နှံ လုပ်ကိုင်ဖို့ ဆွေးနွေးပါတယ်'' ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဖြစ်သည့် ဦးဇော်မင်းဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း ၃၃ နိုင်ငံ မှ ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားကာ တရုတ်နိုင်ငံမှ မြှုပ်နှံမှုပမာဏ အများဆုံးဖြစ်ပြီး ကုန်သွယ်မှု အနေဖြင့် ထိုင်း၊ တရုတ်၊ မလေးရှား၊ အိန္ဒိယ၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ ဂျာမနီ၊ ဟောင်ကောင်၊ အင်ဒိုနီးရှားနှင့် ဗြိတိန်နိုင်ငံတို့နှင့် ကုန်သွယ်မှု ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ဂျပန်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို အပိုင်းသုံးပိုင်းခွဲ၍ လာမည့်နှစ်တွင် စတင်အကောင်အထည်ဖော်မည်

  Friday, 20 December 2013


ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အချို့အား တွေ့ရစဉ်

ဂျပန်မှချေးယူရန် သဘောတူညီမှု ရရှိခဲ့သော အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြင့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကို အပိုင်းသုံးပိုင်းခွဲ၍ လာမည့်နှစ်တွင် စတင်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

အဆင့်မြှင့်တင်ရန် စီစဉ်ထားသော ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွက် ယခုနှစ် အောက်တိုဘာလ အတွင်းမှစပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်မှုနှင့် လူနေမှုဘ၀ ထိခိုက်နိုင်မှုတို့အပေါ် ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက စတင်လေ့လာခဲ့ကြောင်း သိရသည်။

ယင်းလေ့လာမှုများ အပြီးတွင် ရထားလမ်းကို အဆင့်မြှင့်တင်မှုအပိုင်း သုံးပိုင်းခွဲခဲ့ပြီးနောက်တွင် ရန်ကုန်-တောင်ငူ၊ တောင်ငူ- ရမည်းသင်း၊ ရမည်းသင်း-မန္တလေးတို့ဖြစ်ပြီး ၎င်းအပိုင်းများအတွက် ဂျပန်နိုင်ငံမှ ရထားလမ်းပိုင်းဆိုင်ရာ လေ့လာရေး အဖွဲ့များနှင့် ထပ်မံအတည်ပြု လုပ်ဆောင်သွားရမည်ဖြစ်ပြီး လာမည့်နှစ်အတွင်း အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

''ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွက် အပိုင်းသုံးပိုင်း ခွဲပြီးတဲ့နောက်မှာ ဂျပန်က ပညာရှင်တွေနဲ့ အစီအစဉ်တွေ ရေးဆွဲရမယ်။ ထပ်ပြီးတော့ လေ့လာမှုတွေ ထပ်လုပ်ရမယ်။ နောင်နှစ်အတွင်းမှာတော့ အကောင်အထည် ဖော်နိုင်မှာပါ'' ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆင့်မြှင့်တင် သွားမည်ဖြစ်သော ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် တစ်နာရီ ကီလိုမီတာ ၁၀၀(မိုင်၆၀) နှုန်းအထိ မောင်းနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းအတွက် ယခင်က ကြာမြင့်ချိန် ၁၅ နာရီရှိသော ခရီးစဉ်ကို ၈ နာရီသို့ လျော့ချနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်း အပိုင်းများတွင် ရထား-ကား လမ်းဆုံများကို ပြုပြင်ခြင်း၊ ရထားလမ်းရှိ တံတားများကို အဆင့်မြှင့်တင်ခြင်း၊ ဘူတာရုံ၊ ရထား အလုပ်ရုံများအား ပြုပြင်ခြင်း၊ အချက်ပြ စနစ်များ၊ ဆက်သွယ်ရေး စနစ်များ၊ ထိန်းချုပ်ရေး ဌာနများကို ခေတ်မီအောင် ဆောင်ရွက်ခြင်းနှင့် တွဲ-စက်ခေါင်းများ၏ စက်ရုံများကို အဆင့်မြှင့်တင်ခြင်းတို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် နိုဝင်ဘာ ၂၄ ရက်မှ စတင်ကာ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ၎င်းတို့ အစီအစဉ်ဖြင့် ရန်ကုန်-မန္တလေး အစုန်-အဆန် ပြေးဆွဲနေသော ရထားကြာမြင့်ချိန် ၁၅ နာရီတွင် တစ်နာရီခွဲအထိ လျော့ချမည်ဖြစ်ပြီး ရန်ကုန်-နေပြည်တော် ရထား ကြာမြင့်ချိန်ကိုမူ တစ်နာရီထိ လျော့ချပြေးသွားမည်ဖြစ်ပြီး ခရီးစဉ် အခေါက်ရေကိုပါ လျှော့ချသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး ဖြစ်သည်။

EMG

Friday, December 20, 2013

ခွေးရဲ့အတွေးတွေကို လူဘာသာစကား အဖြစ် အသံထွက်ပေးနိုင်မယ့် ခွေးလည်ပတ်


ငွေကြေးအခက်အခဲကြောင့် ပစ္စည်းတွေမတီထွင် နိုင်တဲ့ ခေတ်ကာလ ကိုကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ ပစ္စည်းတွေတီထွင်ဖို့အတွက် လူအများက ငွေကြေးစိုက်ထုတ်ပေးတဲ့ kickstarter, Indiegogo တို့လို ၀က်ဆိုက် တွေ တွင်ကျယ်စွာ ပေါ်ပေါက်လာပြီဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာလည်း အဲဒီ စီမံကိန်း တွေက နေ အံ့သြစရာကောင်းတဲ့ နည်းပညာမြင့် ပစ္စည်းတွေ အများကြီးထွက်ပေါ်လာခဲ့ပြီးပါပြီ။ အခုတစ်ခါမှာလည်း ထူးဆန်းအံ့သြစရာကောင်းတဲ့ နည်းပညာမြင့် ပစ္စည်းတစ်ခုပေါ်ထွက်လာပြန်ပါပြီ။ No More Woof လို့နာမည်ပေးထားတဲ့ ခွေးလည်ပတ်လေး က ခွေးရဲ့ အတွေးတွေကို သိရှိအာရုံခံနိုင်ပြီး လူသာသာစကားအဖြစ်ပြောင်းလဲ အသံထွက်ဖတ်ပေးနိုင်ပါတယ်။ No More Woof က နည်းပညာဆန်းသစ်ပေမယ့် စတာလင်ပေါင် ၄၀ သာကုန်ကျမှာဖြစ်ပါတယ်။

Nordic Society for Invention အဖွဲ့မှ Scandinavian လူမျိုးတွေက Indiegogo ၀က်ဆိုက်မှတစ်ဆင့် No More Woof အတွက် ရန်ပုံငွေ ကောက်ခံနေကြပြီဖြစ်ပါတယ်။ တိရိစ္ဆာန် တွေရဲ့ အတွေးတွေကို English အပြင် Mandarin, French, Spanish ဘာသာစကားတွေအဖြစ်ပြောင်းလဲပေးနိုင်တဲ့ စီမံကိန်း ကို ပြုလုပ်နေပါတယ်။

No More Woof ခွေးလည်ပတ်မှာ EEG Recorders ပါရှိပြီး Raspberry Pi ကွန်ပြူတာအသေးလေးနဲ့ချိတ်ဆက်တပ်ဆင်ထားပါတယ်။ Loudspeaker အသေးလေးလည်းပါရှိပြီး ခွေးရဲ့အတွေးတွေကို လူတွေနားလည်တဲ့ ဘာသာစကားအဖြစ် အသံထွက်ပေးမှာဖြစ်ပါတယ်။ ခွေးရဲ့ အခြေခံ စိတ်ကူးအတွေးတွေဖြစ်တဲ့ မောပန်းတာ ၊ ဆာလောင်တာ စတဲ့ အတွေးတွေကို ခြေရာခံနိုင်တဲ့ Patterns တွေကိုလည်း ဖော်ထုတ်သိရှိပြီးဖြစ်တယ်လို့ တီထွင်သူတွေက ပြောပါတယ်။
No More Woof ကို ရောင်းချမယ့် ဈေးဟာ စတာလင်ပေါင် ၄၀ (ဒေါ်လာ ၆၅) ၀န်းကျင်ဖြစ်ပြီး Patterns နှစ်မျိုး သို့မဟုတ် သုံးမျိုး ပါရှိမှာဖြစ်ပါတယ်။ Nordic Society for Invention က ဒေါ်လာ တစ်သောင်း(စတာလင်ပေါင် ၆၁၀၀) ရန်ပုံငွေကောက်ခံထားပြီး အခုလောလောဆယ်မှာ ဒေါ်လာ ၃၀၀၀ နီးပါး ရရှိနေပြီဖြစ်ပါတယ်။

အဆိုပါ စီမံကိန်း ဟာ အခုလောလောဆယ်မှာ စိတ်ကူးပုံဖော်နိုင်တဲ့ အဆင့်သာရှိသေးပေမယ့် တီထွင်သူတွေက လက်တွေ့စမ်းသပ်ပြီးပြီလို့ပြောပါတယ်။ လာမယ့် နှစ်အနည်းငယ်မှာ လူတွေနဲ့ ခွေးတွေကြားမှာ စကားပြောဆိုနိုင်မယ့် No More Woof လို Translators တွေပေါ်ထွက်လာမယ်လို့မျှော်လင့်ကြောင်း ရေးသားတင်ပြလိုက်ပါတယ်။


http://mmconsumerguide.com/?p=2350

အမေရိကန်-မြန်မာ နဲ့ မြောက်ကိုရီးယား ပြဿနာ

20.12.2013

မြောက်ကိုရီးယားခေါင်းဆောင် အာဏာရှင် ကင်ဂျုံအွန်း က သူ့ရဲ့  အကြံပေးလို့ယူဆကြတဲ့ ဦးလေးဖြစ်သူကို ရာထူးကဖယ်ရှားပြီး လွန်ခဲ့တဲ့အပတ်က ကွပ်မျက်လိုက်တဲ့သတင်းကို ကမ္ဘာ့စာနယ်ဇင်းကြီးတွေမှာ အထူးဖော်ပြကြပါတယ်။ မြောက်ကိုရီးယားသတင်းကို အမေရိကန်မှာ အထူးစိတ်ဝင်စားကြပါတယ်။ လွန်ခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက ဝါရှင်တန်အခြေစိုက် Heritage Foundation ဆွေးနွေးပွဲမှာ မြန်မာနဲ့ မြောက်ကိုရီးယားဆက်ဆံရေးကို ရှင်းလင်းစွာသိဖို့လိုကြောင်း ဆီးနိတ်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဝါရင့်အရာထမ်းဟောင်း Keith Luse က အိုဘားမားအစိုးရကို တိုက်တွန်းထားပါတယ်။

နောက်ပြီးတော့ လွန်ခဲ့တဲ့ (၁၃) နှစ်အတွင်း မြောက်ကိုရီးယားပါဝင်ခဲ့တဲ့ မြန်မာ့စီမံကိန်းအားလုံးရဲ့  စာရင်း၊ မြောက်ကိုရီးယားဆီက ရယူထားတဲ့ စစ်လက်နက်ပစ္စည်းစာရင်းအပြည့်အစုံ၊ ဒုံးလက်နက်နဲ့ အဏုမြူစီမံကိန်းမှာပါဝင်တဲ့ မြောက်ကိုရီးယားကုမ္မဏီစာရင်း၊ မြောက်ကိုရီးယား စစ်ပစ္စည်းတင်သွင်းရာမှာ တရုတ်ပါဝင်တဲ့အခန်းကဏ္ဍ စတာတွေကို အမေရိကန်အစိုးရ သိသင့်တယ်လို့ Keith Luse က ဆိုပါတယ်။ အခြားပညာရှင်တွေကလည်း ဒီအဆိုကို ဝိုင်းဝန်းထောက်ခံကြပါတယ်။ မြန်မာကိုပြန်လည်ဆက်ဆံတဲ့အကြောင်းရင်းထဲမှာ မြောက်ကိုရီးယားကိစ္စပါဝင်တယ်လို့ ယူဆသူလည်းရှိပါတယ်။

ဗမာစစ်အုပ်စုက (၁၅) နှစ်လောက် လျှို့ ဝှက်စွာ ပြုစုပျိုးထောင်လာခဲ့တဲ့ မြန်မာ-မြောက်ကိုရီးယား ဆက်သွယ်မှုအားလုံးကို အတိအလင်းကြေညာဖို့ တောင်းဆိုတာဟာ မဖြစ်နိုင်တာကို လုပ်ခိုင်းတဲ့သဘောမျိုး ဖြစ်နေပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း ဗမာစစ်တပ်နဲ့ မြောက်ကိုရီးယား ဆက်သွယ်မှုရှိနေတာကို အမေရိကန်အစိုးရသိတာကြောင့် ကကထုတ် (ခေါ်) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုညွှန်ကြားရေးမှူးရုံးရဲ့  အကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေးကို ဇူလိုင်လဆန်းပိုင်းက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားနဲ့ အဆက်ဖြတ်ဖို့ ကြိုးပမ်းနေတဲ့ ဦးသိန်းစိန်အစိုးရကို ဒဏ်ခတ်ဖို့ မရည်ရွယ်ဘူးလို့လည်း အမေရိကန်အစိုးရက ကြေညာပါတယ်။ အစိုးရကို အရေးမယူဘဲ လက်အောက်ခံအမှုထမ်းတဦးကိုသာ ကွက်ပြီးအရေးယူတာဟာ ဝေဖန်ရှုတ်ချစရာ ဖြစ်နေပါတယ်။

ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေး တယောက်တည်းလုပ်တာ မဟုတ်တဲ့အတွက် အခုလို အမည်ထုတ်ဖော်ပြီး အရေးယူတာဟာ ယုတ္တိမရှိဘူးဆိုတာကို အိုဘားမားအစိုးရကလည်း နားလည်းသဘောပေါက်မှာပါ။ ဦးသိန်းစိန်လက်ထက်မှာ မြောက်ကိုရီးယားနဲ့ ဗမာစစ်တပ် ဆက်သွယ်နေတာကို အမေရိကန်အစိုးရက သိရှိကြောင်း ပြသတဲ့အနေနဲ့ ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေးကို ရွေးပြီးဒဏ်ခတ်အရေးယူလိုက်တာ ဖြစ်ပုံရပါတယ်။ ၂၀၀၈ နိုဝင်ဘာလက မြောက်ကိုရီးယားကိုသွားတဲ့ ဗိုလ်ချုပ်ကြီးသူရရွှေမန်း ခေါင်းဆောင်တဲ့အရာရှိ (၁၆) ဦး ပါဝင်တဲ့ စစ်မစ်ရှင်အဖွဲ့မှာ ဗိုလ်ချုပ်သိန်းဌေး လိုက်ပါခဲ့ပါတယ်။ ၂၀၀၈ နိုဝင်ဘာလ (၂၆) ရက်နေ့မှာ ဗိုလ်ချုပ်ကြီးသူရရွှေမန်း နဲ့ မြောက်ကိုရီးယားစစ်ဦးစီးချုပ်တို့ နားလည်းမှုစာချွန်လွှာ လက်မှတ်ထိုးတာကို ပေါက်ကြားသွားတဲ့ စစ်မစ်ရှင်ရဲ့  (၃၇) မျက်နာ အစီရင်ခံစာအရ သိရှိရပါတယ်။

ဗိုလ်ချုပ်ကြီးသူရရွှေမန်းနဲ့ မြောက်ကိုရီးယားဗိုလ်ချုပ်ကြီးကင်ချုပ်စစ်တို့ လက်မှတ်ထိုးကြတဲ့ နားလည်မှုစာချွန်လွှာကြောင့် အမေရိကန်အစိုးရရဲ့  မြန်မာပြည်ဆိုင်ရာ လမ်းစဉ်ပြောင်းလဲလာတာ ဖြစ်တယ်လို့ မြန်မာ့ရေးရာဝါရင့်အကဲခတ် Bertil Lintner က အောက်တိုဘာ (၈) ရက်ထုတ် ဧရာဝတီစာစောင်မှာ ရေးထားပါတယ်။ အမေရိကန်ရဲ့  ရေရှည်ဦးတည်ချက်ဟာ တရုတ်ကို ထိန်းထားနိုင်ဖို့ ဖြစ်ဖွယ်ရာရှိပေမယ့် လောလောဆယ်ကတော့ မဟာဗျူဟာ အချက်အချာဖြစ်နေတဲ့ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားတို့ ရင်းနှီးမသွားဖို့သာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ ဦးသိန်းစိန်တက်လာပြီး ပြုပြင်ရေးလုပ်တဲ့အခါမှာ လက်တွဲလုပ်ကိုင်ဖို့ အိုဘားမားအစိုးရက ဆုံးဖြတ်တာဖြစ်ပုံရပါတယ်။ ဒါပေမဲ့ ဗမာအစိုးရကတော့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး အပျက်ခံမှာ မဟုတ်ဘူးလို့ Bertll Lintner့ က သုံးသပ်ပါတယ်။

အမေရိကန်နဲ့ အီးယူးဥရောပအဖွဲ့ဝင်နိုင်ငံတွေက ဗမာအစိုးရကို စစ်လက်နက်ပစ္စည်းမရောင်းဖို့ ပိတ်ပင်တားမြစ်ထားတာ အနှစ် (၂၀) ကျော်နေပါပြီ။ အခုလည်း စစ်ပစ္စည်းမရောင်းဖို့ ပိတ်ပင်ထားဆဲဖြစ်ပေမယ့် တရုတ်၊ ရုရှား၊ ယူခရိန်း၊ ဆားဘီးယား၊ အစ္စရေး နဲ့ အိန္ဒိယတို့ကတော့ ဗမာအစိုးရကို စစ်လက်နက်ပစ္စည်းရောင်းချနေပါတယ်။ ဒါပေမဲ့ ခေတ်မီဒုံးလက်နက် အတတ်ပညာကိုရဖို့ အခက်အခဲရှိပါတယ်။ ဒီနေရာမှာ ရုရှား၊ တရုတ် နဲ့ မြောက်ကိုရီးယားဟာ ဗမာစစ်တပ်ရဲ့  မှီခိုအားထားရာ နိုင်ငံတွေ ဖြစ်လာပါတယ်။ တရုတ် နဲ့ ရုရှား စစ်ပစ္စည်းကိုင်တွယ်ရာမှာ ကျွမ်းကျင်တဲ့ မြောက်ကိုရီးယားဟာ ဗမာစစ်တပ်အတွက် အရေးပါလာပါတယ်။

တရုတ်နဲ့ ရုရှား စစ်ပစ္စည်းကို ငွေပေးပြီး ဝယ်ရပေမယ့် အလားတူပစ္စည်းကို မြောက်ကိုရီးယားဆီက ဝယ်ရင်ငွေအစား ဆန်နဲ့ ကောက်ပဲသီးနှံကို ပေးနိုင်တာဟာ ဗမာစစ်တပ်အတွက် အကျိုးအမြတ်တခု ဖြစ်ပါတယ်။ နိုင်ငံတော် ပုန်ကန်မှုနဲ့ သေဒဏ်ပေးခံရတဲ့ ကွယ်လွန်သူဗိုလ်ချုပ်ကြီးနေဝင်းရဲ့  မြေးတွေကို ထောင်ကလွှတ်ပေးလိုက်ပေမယ့် မြောက်ကိုရီးယားခရီးအစီရင်ခံစာ ပေါက်ကြားမှုနဲ့ ထောင်ကျနေတဲ့ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်နဲ့ အပေါင်းပါကိုတော့ ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက်တာမှန်သမျှကို ဖုံးဖုံးဖိဖိ လုပ်ထားဖို့သာ ဗမာအစိုးရ ရည်ရွယ်တာ ထင်ရှားပါတယ်။

လန်ဒန်ပြဇတ်ရုံ မျက်နှာကြက် ပြိုကျ ၈၈ ဦး ဒဏ်ရာရ


20.12.2013

လန်ဒန်မြို့က Apollo ကဇာတ်ရုံ ပြိုကျ(ဒီဇင်ဘာ ၁၉၊၂၀၁၃)

လန်ဒန်မြို့က ပြဇာတ်ရုံတခုရဲ့ မျက်နှာကြက် အစိတ်အပိုင်းတချို့ ပြိုကျခဲ့တာမှာ လူပေါင်း၈၈ ယောက် ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ဒီအထဲမှာ ၅ ယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။ Apollo ကဇာတ်ရုံမှာ ကြာသပတေးနေ့ ညနေခင်းက The Curious Incident of the Dog in the Night-Time ဆိုတဲ့ ပြဇာတ် ကနေချိန်မှာ အခုလို ပြိုကျခဲ့တာပါ။

ထိုင်ခုံပေါင်း ၇၇၅ ခုံရှိတဲ့ ဒီပြဇာတ်ရုံ ပြိုကျချိန်မှာ ပိတ်မိနေသူအားလုံးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပြိုကျပျက်စီးတဲ့နေရာမှာ ရှိနေတဲ့ ကယ်ဆယ်ရေး ၀န်ထမ်းတွေက ပြောပါတယ်။ ပြဇာတ်ကနေချိန်မှာ မျက်နှာကြက် အစိတ်အပိုင်းတချို့ ပြုတ်ကျလာချိန်မှာ၊ ဒါဟာ ပြဇာတ်ထဲမှာ ပါတဲ့အရာ မဟုတ်ဘူးလို့ သိလိုက်တာနဲ့ ဇာတ်ရုံထဲက လူတွေ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ခဲ့ရတယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။

ဘာကြောင့် ခုလို ပြိုကျရလဲဆိုတာ သေချာမသိရသေးပေမဲ့၊ ဒါဟာ တမင်တကာ တိုက်ခိုက်မှုတခုခုကြောင့် ဖြစ်တာမျိုးတော့ မတွေ့ရသေးဘူးလို့ ရဲက ပြောပါတယ်။

အဖမ်းခံ ရှမ်းတိုင်းရင်းသားများ အရေး မြစ်ကြီးနားမှာ ဆန္ဒပြမည်



ကချင် လွတ်မြောက်ရေး တပ်မတော် လိုင်ဇာ အနီး စစ်စခန်း တစ်ခုတွင် လေ့ကျင့်နေစဉ်။ ဖေဖော်ဝါရီလ ၁၃၊ ၂၀၁၂

ကချင်လွတ်လပ်ရေးတပ်မတော်KIA က ဖမ်းဆီးသွားတဲ့ ရှမ်းအမျိုးသားတွေ လွတ်မြောက်ရေးအတွက် တောင်းဆိုတဲ့ ဆန္ဒပြပွဲကို အစိုးရက ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ တက်ရောက်လာသူတွေရဲ့ ဆန္ဒသဘောထား အရ ဆောင်ရွက်သွားမယ်လို့ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့က တာဝန်ရှိသူတဦးက ဒီနေ့ ပြောဆိုပါတယ်။ ကချင်ပြည်နယ်အခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က မန်စီမြို့နယ်အတွင်း ရှမ်းလူမျိုး ၆၀ကျော် ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ဒီလ ၂၀ရက်နေ့မှာ လူအင်အား လေးသောင်းနဲ့ မြစ်ကြီးနားမြို့မှာ ဆန္ဒပြဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းက ရှမ်းအမျိုးသားတွေကို KIA က တပ်သားသစ် စုဆောင်းဖို့အတွက် ဖမ်းဆီးခေါ်ဆောင်သွားတာဟာ ဒီလ ၄ရက်နေ့က မန်စီမြို့နယ် မန်ဖွရွာက ၂၀ဦး၊ ၇ရက်နေ့က မန်ဖွရွာက ၆ဦးပါအ၀င် ၄၆ဦး၊ ၉ရက်နေ့မှာ ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ကချင်ပြည်နယ်က သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေ လွတ်မြောက်ဖို့အတွက် ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့က မြစ်ကြီးနားမြို့မှာ ဒီလ ၂၀ရက်နေ့မှာ လူအင်အား၎သောင်းနဲ့ ဆန္ဒပြဖို့အတွက်လည်း အစိုးရဆီမှာ တင်ပြထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဆန္ဒပြဖို့ ခွင့်ပြုချက်ကတော့ ဒီနေ့ အထိမရရှိသေးပါဘူး။

ဒီအခြေအနေမှာ သောကြာနေ့မှာ ပြုလုပ်မယ့် ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ရဲ့ နာယက ဦးစိုင်းသာဇုံက ပြောဆိုလိုက်ပါတယ်။

"ကချင်ပြည်နယ် တစ်ပြည်နယ်လုံးမှာရှိတဲ့ သူတို့ ရှမ်းတိုင်းရင်းသားတွေကနေ ဦးဆောင်ပြီးတော့မှ ကေအိုင်အေတို့ရဲ့ ဖိနှိပ်ခံရတဲ့ လူဆွဲခံရတဲ့ ဆက်ကြေးတောင်းခံရတဲ့ ပြည်သူလူထုမှန်သမျှ မိမိတို့ရင်ထဲမှာရှိတဲ့ ဆန္ဒကိုဖော်ထုတ်ဖို့အတွက် စီစဉ်ထားတယ်လေ။ ၁၅ရက်နေ့က ကျနော်တို့ တရားဝင်တင်ထားတယ်ဗျ။ ၂၀ရက်နေ့ပြမယ်ဆိုပြီးတော့ တရားဝင်တင်ထားတယ်။ အင်အားလည်းပေးထားပြီးသား။ သူတို့ ကျနော်တို့ကို ၄၈နာရီအတွင်း အကြောင်းပြန်မယ်လို့ ပြောထားတယ်လေ။ အခုလောလောဆယ်တော့ အကြောင်းပြန်မှု ကျနော်တို့မရသေးပါဘူး။ ထို့အတူပဲ မလုပ်ရဘူးဆိုတာလည်း မရသေးပါဘူးခင်ဗျ။ အဲဒီကြောင့် ကျနော်တို့ကတော့ ဌာနဆိုင်ရာကနေ ခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ တက်ရောက် လာတဲ့ပြည်သူလူထုဆန္ဒက မနက်ဖြန်မှာပြမယ်လို့သူတို့ အကုန်တက်ရောက်လာမယ့် ပြည်သူလူထုက သဘောတူညီချက်ရရင် မနက်ဖြန်မှာပြမယ်။ တက်ရောက်လာတဲ့ပြည်သူလူထုက မပြဘူးဆိုလို့ရှိရင် စည်းဝေးပြီးမှ ထုတ်ပြန်ချက်တို့ဘာတို့ပဲ ကျနော်တို့လုပ်မယ်ဗျ။"

လောလောဆည်မှာတော့ ဆန္ဒပြပွဲကို တက်ရောက်မယ့် ပြည်သူတွေဟာ မြစ်ကြီးနားမြို့ကို လာရောက်နေကြပြီလို့လည်း ဦးစိုင်းသာဇုံက ပြောပါတယ်။

"မိုးညှင်း ဟိုပင် တင်းပေါ ဆန်းမော် နမ်းခွင် ထုံးရေပေါက် အုန်းပေါင် ဖောင်နီ ကညင်မြိုင် မိုးကောင်း နမ့်မတူ အဲဒါအကုန်လုံးပေါ့ဗျာ။ နောက်ပြီးတော့ သံမခန်။ ဖားကန့် သံမခန်ဖက်ကလည်းလာမယ်ဗျ။ သူတို့လည်း မနက်က ထွက်ခဲ့ပြီလို့ပြောပါတယ်ခင်ဗျ။ ဗန်းမော်ဖက်ကလည်း လာမယ်ခင်ဗျ။ နောက်ပြီးတော့ စစ်ကိုင်းတိုင်း ဗန်မောက်ကလည်း လာမယ်ဗျ။ မိုးညှင်း တင်းပေါ ဟိုပင် ထွက်လာတဲ့လူတွေက လမ်း တစ်ဝက်ရောက်နေပြီလို့ ပြောပါတယ်ခင်ဗျ။ အင်အားက ဘယ်လောက်ဆိုတာ ကျနော် မပြောနိုင်သေးဘူးဗျ"

ကချင်ပြည်နယ်က ရှမ်းတိုင်းရင်းသားတွေရဲ့ ဆန္ဒပြပွဲကို ခွင့်ပြုချက်ပေး၊ မပေးဆိုတာကို မြစ်ကြီးနားမြို့ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ --

"ကျနော်တို့အနေနဲ့က မြို့နယ်က ခွင့်ပြုချက်ပေးလို့မရဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးကပဲ ခွင့်ပြုချက်ပေးလို့ရတယ်။ ခွင့်မပြုတာပြုတာက သူတို့နဲ့ပဲဆိုင်တယ်။ ကျနော်တို့နဲ့ မဆိုင်ဘူး။ ကျနော်တို့က လုံခြုံရေးလုပ်ပေးဖို့ပဲ။ သူတို့ခွင့်ပြုတယ်ဆိုရင် ကျနော်တို့ လုံခြုံရေးလိုက်လုပ်ပေးပေါ့။ ဒါပဲရှိတာပဲ။ ခွင့်ပြုတယ် ခွင့်မပြုတာပြုတာက သူတို့မြို့နယ်အုပ်ချုပ်ရေးနဲ့ပဲဆိုင်တယ်။ နော့် မေးကြည့်လိုက်ပါ။ သူတို့ကိုနော့"

မြို့နယ်အုပ်ချုပ်ရေးမှုးရုံးကို ဆက်သွယ်ရာမှာတော့ တာဝန်ကျဝန်ထမ်းတဦးက အခုလို ပြောပါတယ်။

"မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို မေးပါတဲ့။ အဲမှာမေးမှ သူတို့ ရဲနဲ့ဆိုင်လို့လေ"

ဆန္ဒပြပွဲကျင်းပဖြစ်တယ်ဆိုရင်တော့ သောကြာနေ့ မနက် ၈နာရီမှာ မြို့ဂုဏ်ရောင်ရုပ်ရှင်ရုံ ဒါမှမဟုတ် ၀ိုင်းမော်ကတို့ဆိပ်မှာ လူစုပြီး KIOအဖွဲ့ရဲ့ လုပ်ငန်းညှိနှိုင်းအဖွဲ့ရုံးကို ချီတက်ဆန္ဒပြမှာဖြစ်ပါတယ်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ နဲ့ အရင် KIO ဒုဥက္ကဋ္ဌဟာင်း ဒေါက်တာ တူးဂျာကတော့ လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အခြေအနေမှာ နှစ်ဖက် ညှိနှိုင်းဆွေးနွေးဖြေရှင်းစေလိုကြောင်း ပြောပါတယ်။

"ပြောမယ်ဆိုလို့ရှိရင်တော့ ဒါအခုအချိန်အခါမှာကတော့ တည်ငြိမ် ငြိမ်းချမ်းရေး က အင်မတန် အရမ်းအရေးကြီးနေ တာပေါ့။ ပြောမယ်ဆိုရင်။ ချင့်ချင့်ချိန်ချိန် စဉ်းစဉ်းစားစားနဲ့ လုပ်ရမယ် အချိန်အခါမျိုးတော့ဖြစ်ပါတယ်။ နှစ်ဖက်ပေါ့နော်။ လွန်လွန်ကျွံကျွံ ဖြစ်မှာဆိုတော့။ ကျနော်တို့က စိုးရိမ်မိတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ပါတီအနေနဲ့ပဲ ပြောပြော ကျနော်ပုဂ္ဂိုလ်ရေးအရပဲပြောပြောပေါ့လေ။ အခုတည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ဖြစ်သွားစေချင်တာပဲ။ အဲဒါကို လိုအပ်တဲ့ဟာတွေကို ညှိ နှိုင်းဆွေးနွေးပြီးတော့မှ ဖြေရှင်းသွားတဲ့ နည်းနာကိုပဲ ကျင့်သုံးစေချင်ပါတယ်။

အခုလို KIAက ရှမ်းအမျိုးသားတွေကို လူသစ်စုဆောင်းတာနဲ့ပတ်သက်ပြီး KIO လုပ်ငန်းညှိနှိုင်းအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကို အရင်ရက်တွေက မေးမြန်းရာမှာ ဒီကိစ္စကို စုံစမ်းနေဆဲရှိကြောင်းနဲ့ တကယ်လို့ ဖမ်းဆီးတာမှန်ရင် ပြေလည်အောင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒီရက်ပိုင်းအတွင်းမှာတော့ မန်စီမြို့နယ်အတွင်းက ဖမ်းဆီးခံရတဲ့ ရှမ်းအမျိုးသား ၂၀ကျော် ပြန်လည်လွတ်မြောက်လာတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

မန္တလေးမြို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် ကျဆင်းပြီး အအေးဒဏ် သိသိသာသာ ခံစားနေရ

Thursday, 19 December 2013


ဒီဇင်ဘာ ၁၈ ရက် နံနက်အစောပိုင်းက မန္တလေးမြို့မြင်ကွင်းကို မန္တလေးတောင်ပေါ်မှ မြင်တွေ့ရစဉ်

မန္တလေးမြို့၏ အပူချိန်မှာ ဒီဇင်ဘာလ ပျမ်းမျှအပူချိန်အောက်သို့ ရောက်ရှိနေပြီး အအေးဒဏ်ကို သိသိသာသာခံစားနေရကြောင်း သိရသည်။

မန္တလေးမြို့၏ အပူချိန်များသည် ဒီဇင်ဘာ ၁၆ ရက်မှစတင်ကာ ရုတ်တရက်သိသာစွာကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်တွင် ၁၀ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းခဲ့ရာ ဒီဇင်ဘာလ၏ပျမ်းမျှအပူချိန်ဖြစ်သော ၁၄ ဒဿမ ၉
ဒီဂရီစင်တီဂရိတ်အောက်ရောက်ရှိနေပြီဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည်) မှတ်တမ်းများအရ သိရသည်။

" ဒီဇင်ဘာ ၁၅ ရက်က ၁၇ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်ကနေ ၁၆ ရက်မှာ ၁၃ ဒီဂရီ စင်တီဂရိတ်အထိ ရုတ်တရက်ကျသွားတယ်။ အဲဒီကနေ ဆက်တိုက်ကျလာပြီး ဒီဇင်ဘာ ၁၈ ရက်မှာ ၁၀ ဒဿမ ၅ ဒီဂရီစင်တီဂရိတ် အထိကျဆင်းသွားတယ်။ ဒီနေ့အပူချိန်အနည်းငယ်ပြန်တက်လာပေမယ့် မန္တလေးမြို့ ဒီဇင်ဘာလရဲ့ပျမ်းမျှအပူချိန်အောက်မှာပဲ ရှိနေပါသေးတယ်။ အနိမ့်ဆုံးစံချိန်တင်ထားတဲ့အပူချိန်ထိတော့ မရောက်သေးပါဘူး " ဟု မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်)မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

" ဆီးဂိမ်းဘောလုံးကွင်းမှာ တာဝန်ကျတဲ့ ရဲဝန်ထမ်းတစ်ယောက် ညဂျူတီအပြီး မနက်ရောက်တော့ လေဖြတ်သလိုမျိုးအကြောတွေကပ်သွားတယ်။ ရာသီဥတုကအရမ်းအေးတာကြောင့် တစ်ညလုံးဂျူတီစောင့်ရပြီး ခုလိုဖြစ်ရတာပါ။ အအေးဓာတ်က တော်တော်လေးသိသာတယ် " ဟု တိုင်းရဲတပ်ဖွဲ့ရုံး မှ ဒုတိယရဲမှူးကြီးဇော်မင်းဦးက ဆိုသည်။



ဒီဇင်ဘာ ၁၈ ရက် ညပိုင်းက မန်းလေးမြို့ တောင်ရွာသစ်ရပ်ကွက်အတွင်းရှိ မီးကင်းတစ်ခုတွင် ၀ိုင်းဖွဲ့မီးလှုံနေသည်ကို တွေ့ရစဉ်

ယခုကဲ့သို့ အပူချိန်များလျော့ကျ၍ အအေးပိုခြင်းမှာ တစ်နိုင်ငံလုံးတွင်ဖြစ်ပေါ်လျက်ရှိပြီး ခန့်မှန်းချက်အရ နောက်ထပ်သုံးရက်ခန့်အထိ အပူချိန်ကျဆင်းနိုင်ကြောင်း သိရသည်။ မန္တလေးမြို့တွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း၌ အနိမ့်ဆုံးဖြစ်ပေါ်ခဲ့သော အပူချိန်မှာ ၁၃ ဒဿ မ ၇ ဒီဂရီစင်တီဂရိတ် ဖြစ်သောကြောင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါကအအေးပိုကြောင်း၊ မန္တလေးမြို့၏ စံချိန်တင်အနိမ့်ဆုံး အပူချိန်မှာ ၆ ဒဿမ ၇ ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး ၁၉၃၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်က ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မန္တလေးအနီးဝန်းကျင်ဒေသများတွင်လည်း အပူချိန်များ သိသာစွာကျဆင်း၍ အအေးဒဏ်ကိုသိသာစွာခံစားရလျက်ရှိပြီး ပြင်ဦးလွင်တွင် ဒီဇင်ဘာလ ၁၈ ရက်က ၀ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်အထိကျဆင်းခဲ့ကြောင်း သိရသည်။

တရားမ၀င်ကုန်သွယ်မှုများ ဆက်တိုက်ဖမ်းဆီးလျက်ရှိရာ မြန်မာနိုင်ငံ၏ တရားဝင်ကုန်သွယ်မှုတန်ဖိုး ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ လေးဘီလျံကျော် တိုးတက်

Friday, 20 December 2013


နိုင်ငံတကာနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုပြုလုပ်သည့် ဗိုလ်အောင်ကျော်ဆိပ်ကမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

တရားမ၀င်ကုန်သွယ်မှုများအား ဆက်တိုက်ဖမ်းဆီးမှုပြုလုပ်ပြီးနောက် မြန်မာနိုင်ငံ၏တရားဝင်ကုန်သွယ်မှုတန်ဖိုးမှာ ယခင်ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာလေး ဘီလျံကျော်အထိ တိုးတက်ရရှိလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ကုန်သွယ်မှုမှာ ယခင်ဘဏ္ဍာနှစ် ကိုးလအတွင်း ပို့ကုန်အမေရိကန် ဒေါ်လာ ၆၀၉၄ သန်းကျော်၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၆၄၄၆ သန်းကျော်နှင့် စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံကျော်ရှိပြီး ယခုဘဏ္ဍနှစ်ကိုးလအတွင်း ကုန်သွယ်မှုစာရင်းများအရ ပို့ကုန်ရော သွင်းကုန်ပါ ကုန်သွယ်မှု ပိုမိုပြုလုပ်ထားခြင်းကြောင့် ယခင်ဘဏ္ဍာနှစ်ထက်ပင် အမေရိကန်ဒေါ်လာ လေးဘီလျံကျော် ကုန်သွယ်မှု တန်ဖိုးပိုလာခဲ့သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာမှစ၍ မြန်မာ-ထိုင်းနယ်စပ်နှင့် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ရှိ တရားမ၀င်ကုန်သွယ်နေမှုများကို Mobile Team (တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး) အဖွဲ့များဖြင့် ဆက်တိုက် ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ ယခင်မြန်မာနိုင်ငံတွင်းသို့ တရားမ၀င်ကုန်သွယ်မှုပြုလုပ်နေသည့် ကုန်စည်များကိုဖမ်းဆီးရမိခဲ့ပြီး ပညာပေးကာလအတွင်း ပညာပေးခြင်းများပြုလုပ်ကာ နောက်ပိုင်းတွင်ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ဖမ်းဆီးစစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်ခဲ့ခြင်းကြောင့် ယခင်တရားမ၀င် ကုန်သွယ်မှုများမှာ တရားဝင်ကုန်သွယ်မှု လမ်းကြောင်းပေါ်သို့ရောက်ရှိလာခြင်းမှာလည်း ကုန်သွယ်မှုတန်ဖိုးပိုမိုရရှိခဲ့သည့် အချက်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုဆိုင်ရာဗျူဟာများ ချမှတ်၍လုပ်ကိုင်နေမှုများလည်းရှိကြောင်း သိရသည်။

နယ်စပ်များမှတစ်ဆင့် ကုန်သွယ်မှုပြု လုပ်ရာတွင် မြန်မာ-တရုတ်နယ်စပ်မှ ကုန်သွယ်မှု အများဆုံးပြုလုပ်ပြီး ဒုတိယအများဆုံးအဖြစ် မြန်မာ-ထိုင်းနယ်စပ်မှကုန်သွယ်မှုပြုလုပ်နေပြီး အဆိုပါနယ်စပ်များ၌ပင် ကွင်းလမ်းများမှ တရားမ၀င်ကုန်သွယ်မှုမှာ မြင့်မားနေဆဲဖြစ်ပြီး မြန်မာ-ထိုင်းနယ်စပ်ရှိ မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်တစ်ဝိုက်တွင် တရားမ၀င်ကုန်သွယ်မှုပြုနေသည့် ဂိတ်ပေါင်း ၂၂ ဂိတ်အထိရှိကြောင်း သိရသည်။
တရားမ၀င်ကုန်သွယ်မှုများအား ဖမ်းဆီးရာတွင် ကျောက်စိမ်း၊ အရက်၊ ဘီယာ၊ စက်သုံးဆီ၊ စိတ်ကြွမူးယစ်ဆေးဝါး၊ ဖုန်းဟန်းဆက်နှင့် စားသောက်ကုန်ပစ္စည်းများကို အများဆုံးဖမ်းဆီးရမိခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်တွင် City Mart ပိုင်ရှင်နှင့်ဆက်နွှယ်မှုရှိသော Premium Food Service Products ကုမ္ပဏီမှတွေ့ရှိထားသည့် ၀ိုင်နှင့်အရက်အများစုမှာ တရားဝင်တင်သွင်းခွင့်အထောက်အထားပြသနိုင်ခြင်းမရှိ၍ ပို့ကုန်၊ သွင်းကုန် ဥပဒေဖြင့် အရေးယူခဲ့ကြောင်းသိရသည်။

တရားမ၀င်များ ဖမ်းဆီးမှုကြောင့် လက်ရှိတိုးလာသော ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ လေးဘီလျံကျော်အပေါ်၌ပင် အကောက်ခွန်မပါ ကုန်သွယ်လုပ်ငန်းခွန်တစ်မျိုးတည်းနှင့် မြန်မာနိုင်ငံအနေဖြင့် ကျပ်ဘီလျံ ရာဖြင့်ချီကာ တိုးတက်ရရှိခဲ့ ကြောင်းလည်း သိရသည်။
ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ဒုတိယပတ်အထိ ကုန်သွယ်မှုတန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆ ဘီလျံ ကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။


EMG

တိုင်းပြည်အတွက် အခွန်ဘဏ္ဍာများစွာ နစ်နာခဲ့ရသော ငြိမ်းချမ်းရေး ကားပါမစ်များကို သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် စာအိတ်ဖြင့် တိုင်းရင်းသား အဖွဲ့များအား ပေးခဲ့ကြောင်း KNU ဗဟိုအလုပ် အမှုဆောင် ပဒိုမန်းငြိမ်းမောင် ပြောကြား

Thursday, 19 December 2013


မြန်မာ-ထိုင်း နယ်စပ်မှ Lamborghini ကားတစ်စီးအား တင်သွင်းလာစဉ်

တိုင်းပြည်အတွက် အခွန်ဘဏ္ဍာငွေများစွာ နစ်နာခဲ့ရသော ငြိမ်းချမ်းရေး ကားပါမစ်များကို သမ္မတဦးသိန်းစိန် ကိုယ်တိုင် စာအိတ်ဖြင့် တိုင်းရင်းသား အဖွဲ့များကို ပေးခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဗဟိုအလုပ် အမှုဆောင် ပဒိုမန်းငြိမ်းမောင်က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ရရှိခဲ့သော ငြိမ်းချမ်းရေး ကားပါမစ်များနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် ဒီဇင်ဘာ ၁၉ ရက်က Myanmar Peace Center ၏ နေရာထိုင်ခင်း စီစဉ်ပေးမှုဖြင့် Business Alliance ဟိုတယ်၌ ပဒိုမန်းငြိမ်းမောင်က သတင်းထောက်များနှင့် တွေ့ဆုံခဲ့ပြီး ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

''အဲဒီကားပါမစ်က ကျွန်တော်ပဲ ယူလာတာ။ ကျွန်တော်တို့ ဟိုးမနှစ်ကတုန်းက ပြည်ထောင်စုနေ့ ဧည့်ခံပွဲ ၁၃ ရက်နေ့ကျတော့ သမ္မတကြီးက ဧည့်ခံတယ်။ သမ္မတကြီးက သူ့လယ်တောအိမ်မှာ ဧည့်ခံပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသား အဖွဲ့အစည်းတွေကို စာအိတ် တစ်အိတ်စီ ပေးတယ်။ ကျွန်တော်ကလည်း ဘာမှန်းမသိဘူး။ ဖောက်လည်း မကြည့်မိဘူး။ ကိုယ်နဲ့မဆိုင်တော့ ကျွန်တော်က ယူလာပြီး ကျွန်တော်တို့ ဥက္ကဋ္ဌကို ပေးလိုက်တာ။ နောက်တော့မှ အဲဒါက ကားပါမစ် ဖြစ်နေတယ်'' ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ထိုသို့ ပေးအပ်ခဲ့သည့် ပါမစ်အရေအတွက်နှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဦးဆောင် လုပ်ကိုင်နေသည့် သမ္မတရုံး ၀န်ကြီးဌာန-၄ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအ၀င် MPC မှ တာဝန်ရှိသူများက တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပဒိုမန်းငြိမ်းမောင်ကမူ ၎င်းတို့အဖွဲ့ ရရှိခဲ့သော အရေအတွက်အပြင် အခြားအဖွဲ့များ ရရှိသည့် အရေအတွက်စာရင်း အတိအကျကို စာရွက်ကိုင်လျက် ထုတ်ဖော် ပြောကြားခဲ့သည်။

အစိုးရ အနေဖြင့် လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၄ ဖွဲ့သို့ ကားပါမစ်များ ပေးအပ်ထားပြီး စုစုပေါင်း အနေဖြင့် အခွန်လုံးဝ ကင်းလွတ်သည့် အစီးရေ ၂၉၀ နှင့် ရာခိုင်နှုန်း ၆၀ အခွန်ဆောင်ရသည့် အစီးရေမှာ ၅၈၀ အထိ ရှိကြောင်း ပဒိုမန်းငြိမ်းမောင်က ဆိုသည်။

၎င်းတို့အဖွဲ့ အနေဖြင့်မူ လုံးဝ အခွန်ကင်းလွတ်ခွင့် အစီး ၄၀ ရပြီး ရာခိုင်နှုန်း ၆၀ အခွန်ဆောင် အစီး ၈၀ ရကြောင်း၊ လုံးဝအခွန်ကင်းလွတ် အစီး ၄၀ ကို ခရိုင် တစ်ခုစီနှင့် တပ်မဟာ တစ်ခုစီကို ကားနှစ်စီးနှုန်းဖြင့် ဝေပေးပြီး ကျန်သည့် ကားများကို ဗဟိုကယူကြောင်း၊ ကျန်သည့် အခွန်ဆောင်ရသည့် ကားများမှာမူ ရောင်းထုတ်လိုက်သည့် သဘောရှိကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

လက်ရှိအချိန်အထိ ကားပါမစ် လက်ခံထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ရှိပြီး ထိုအဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K)၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ '၀' သွေးစည်း ညီညွတ်ရေးပါတီ (UWSA)၊ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ဖြစ်ကြောင်း သိရသည်။

နောက်ထပ် အစိုးရက ကားပါမစ် ချပေးရန် ရည်မှန်းထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှာ ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(KIO)သို့ အခွန်လုံးဝကင်းလွတ် အစီး ၄၀ နှင့် ရာခိုင်နှုန်း ၆၀ အခွန်ဆောင်အစီး ၈၀၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် လားဟူ ဒီမိုကရက်တစ်သမဂ္ဂ (LDU)သို့ လုံးဝအခွန်ကင်းလွတ် ၁၅ စီးစီနှင့် ရာခိုင်နှုန်း ၆၀ အခွန်ဆောင် အစီး ၃၀ စီဖြစ်ပြီး အဆိုပါ အဖွဲ့များမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှု တိုးတက်မှု မရှိသေးသည့်အတွက် ရယူခြင်း မရှိသေးကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။



ပြည်တွင်း သတင်းထောက်များကို ပဒိုမန်းငြိမ်းမောင် ရှင်းလင်းနေစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်)

The Daily Eleven မှ ရရှိခဲ့သော အချက်အလက်များအရ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(ကညန) တွင် ငြိမ်းချမ်းရေး ကားပါမစ်များအတွက် အစီး ရေ ၃၀၀၀ ချန်ထားကြောင်း သိရသည်။ သို့ရာတွင် ထိုအစီးရေ ၃၀၀၀ အနက် မည်မျှကို ပါမစ်ထုတ်ပေးပြီး ဖြစ်ကြောင်းနှင့် မည်သည့်ကား အမျိုးအစားများ တင်သွင်းနေသည် ဆိုခြင်းကို အစိုးရ တာဝန်ရှိသူ မည်သူတစ်ဦး တစ်ယောက်ကမျှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

အခြားတစ်ဖက်တွင်မူ သမ္မတကိုယ်တိုင် ထုတ်ပေးထားသော ငြိမ်းချမ်းရေး ကားပါမစ်များကို ပြန်ဝယ်ပြီး Rolls-Royce၊ Bentley အစရှိသော မြို့ပေါ်သုံး အဆင့်မြင့် ဇိမ်ခံကားများ၊ တန်ဖိုးမြင့် ပြိုင်ကားများကို တင်သွင်းနေသဖြင့် ကားပါမစ်ရရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း ထိုက်သင့်သည့်တန်ဖိုး မရရှိဘဲ ဖြစ်နေသည့်အပြင် နိုင်ငံတော် အနေဖြင့်လည်း ပြည်သူ့ဘဏ္ဍာ နစ်နာပြီး ကြားပွဲစား အဆင့်ဆင့်နှင့် ပါမစ်ဝယ်ယူ တင်သွင်းသူ အချို့သာ ကောင်းစားသွားခြင်းများ ရှိနေကြောင်း သိရသည်။

ထို့အပြင် ငြိမ်းချမ်းရေး ကားပါမစ် အစီအစဉ်အရ တင်သွင်းလာသည့် လက်ရှိအစီးရေ ၁၀၀၀ အတွက်ပင် အနည်းဆုံး အခွန်ငွေမှာ ကျပ်ဘီလျံ ၂၀၀ အထိ နစ်နာလျက် ရှိနေကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ ငါးသိန်းဝန်းကျင် တန်ကြေးရှိသော Rolls- Royce ကဲ့သို့ ကားတစ်စီးအား အခွန်ပေးဆောင်၍ တင်သွင်းမည် ဆိုပါက အခွန်အရပ်ရပ် ကျပ်သိန်းပေါင်း ၈၅၀၀ ကျော်အထိ ကျသင့်မည်ဖြစ်ပြီး အခွန်ဆောင်ပြီး ကားတစ်စီး တန်ဖိုးသည် ကျပ်သိန်းပေါင်း ၁၃၀၀၀ ၀န်းကျင်အထိပင် ကျသင့်မည် ဖြစ်ကြောင်း၊ အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ပါမစ် ဆိုပါက ၀ယ်ယူတင်သွင်းသူသည် အခွန်ငွေ ကျပ်သိန်းပေါင်း ၈၅၀၀ ကျော်အား လုံးဝပေးဆောင်ရန် မလိုသည့်အတွက် ပြည်သူ့ဘဏ္ဍာများစွာ နစ်နာနေခြင်း ဖြစ်သည်။

ပါမစ်တန်ဖိုးမှာ တစ်စောင်လျှင် ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁၅၀၀ အထိဖြစ်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အမှန်တကယ် ရရှိသည့် တန်ဖိုးမှာ ပါမစ်တစ်စောင်အတွက် အနည်းဆုံး ကျပ်သိန်း ၅၀၀ မှ အများဆုံး ကျပ်သိန်း ၁၅၀၀ သာ ရရှိမည်ဖြစ်သည်။

ငြိမ်းချမ်းရေး ပါမစ်များဖြင့် လက်ရှိ တင်သွင်းထားသည့် အမေရိကန်ဒေါ်လာ ငါးသိန်းဝန်းကျင်အထိ တန်ကြေးရှိသော Rolls- Royce အမျိုးအစား ကားများမှာ ယခုအခါ မြန်မာနိုင်ငံအတွင်း အစီးရေ ၃၀ ၀န်းကျင် အထိပင် ရောက်ရှိနေပြီဖြစ်ပြီး အမေရိကန်ဒေါ်လာ သုံးသိန်းအထိ တန်ကြေးရှိသော Bentley အမျိုးအစား ကားများသည် အစီး ၂၀ နီးပါးအထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အဓိကအားဖြင့် ငြိမ်းချမ်းရေး ကားပါမစ်များဖြင့် တင်သွင်းနေသော ဇိမ်ခံကားများကို မြ၀တီနယ်စပ်နှင့် တာချီလိတ်တို့မှ တင်သွင်းလျက် ရှိကြောင်းနှင့် ကညနသို့ ဆက်သွယ်မေးမြန်းချက်အရ ငြိမ်းချမ်းရေးပါမစ်ဖြင့် တင်သွင်းသည့် ကားများထဲတွင် Rolls-Royce, Bentley, Lamborghini, Lexus, BMW ကဲ့သို့ကားများ အများဆုံး နံပါတ် ထုတ်ယူကြောင်း သိရသည်။

အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ကားပါမစ်များ ထုတ်ပေးနေသည့် အစီအစဉ်ကို မကြိုက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သော RFA သတင်းဌာနနှင့် အင်တာဗျူး အစီအစဉ်တွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။

''အစ်မကတော့ မကြိုက်ဘူး။ ဘယ်လို အဓိပ္ပါယ်၊ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တာလဲ အစ်မနားမလည်ဘူး။ ကားပါမစ်က ကားပါမစ်သက်သက် ကိစ္စပေါ့နော်။ သူ့ဘာသူ သူ့လမ်းနဲ့သူ သွားရမှာ။ အပစ်အခတ် ရပ်စဲရေးတွေကတစ်ဆင့် တိုင်းရင်းသားတွေကို ကူညီချင်တယ်ဆိုရင် တခြားဖွံ့ဖြိုးရေး အစီအစဉ်တွေနဲ့ အများကြီး ကူညီလို့ ရတာပဲ။ ဒီကားပါမစ်ကိစ္စက အများကြီး ရှုပ်ရှုပ်ထွေးထွေးလည်း ရှိတတ်တယ်လေ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နေထွန်းနိုင်၊ ဇင်ဘိုလွင်

EMG

Thursday, December 19, 2013

အဓမ္မမှုများ ကာကွယ်မယ့် ကွန်ဒုံး



Thursday, December 19, 2013

တောင်အာဖရိမှာ ဆရာဝန်တစ်ယောက်ဟာ အမျိုးသမီးများ အသုံးပြုတဲ့ ကွန်ဒုံးတစ်ခုကိုတီထွင်ခဲ့ပါတယ်။ ထို ကွန်ဒုံးရဲ့  ထူးခြားချက်က အတွင်းမှာ ခွေးသွားစိတ်တွေ တပ်ဆင်ထားတာပါပဲ။
အမျိုးသမီးများကို အဓမ္မပြုကျင့်ခံရတဲ့ ဒဏ်က ကာကွယ်ဖို့ လို့ ဆိုထားပါတယ်။

ဒီ ကွန်ဒုံးကို Rape-aXe လို့ အမည်ပေးထားပါတယ်။ အဓမ္မပြုကျင့်တဲ့ အမျိုးသားများဟာ ထိုနေရာကိုမိမိ လိင်အင်္ဂါ ထည့်သွင်းမိတဲ့ အခါ ခွေးသွားလို အချွန်တွေနဲ့ စူးနေမှာဖြစ်ပြီး ခွဲစိတ်မှသာ ပြန်လည် ထုတ်ပစ်နိုင်မှာ ဖြစ်ပါတယ်။

လို့ .. ဒီ ကွန်ဒုံး ဖန်တီးသူ Dr.Sonnet Ehlers က ဆိုထားပါတယ်။

တောင်အာဖရိက မှာ နှစ်စဉ် အမျိုးသမီးများဟာ နာရီပိုင်းနဲ့ အမျှ အဓမ္မကျင့်ခံနေရတဲ့ အတွက် ထိုအဖြစ်အဖျက်များက
ကင်းဝေးနိုင်ဖို့  မျှော်လင့်ထားပါတယ်။

MM Social Sky

မိန်းကလေးများသည် တစ်နှစ်ကို တစ်လလောက် မိမိကိုယ်ကို မလှပ ဟုစိုးရိမ်စိတ်ဖြစ်ပေါ်ကြောင်း ဆို



ကမ္ဘာပေါ်ရှိ အမျိုးသမီး အများစုသည် မိမိတို့၏ ရုပ်ရည်နှင့် ပုံပန်းသဏ္ဍန်အတွက် စိုးရိမ်ပူပင်စိတ်ဖြင့် အများအပြား အချိန်ကုန်နေစေကြောင်း သိရှိရသည်။ သုတေသီများက အမျိုးသမီးများသည် တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် တစ်လစာမျှ အချိန်ကို မိမိကိုယ်ကိုယ် မလှပဟု စိုးရိမ်စိတ် ဖြစ်ပေါ်ရင်း အချိန်ကုန်နေကြောင်း ပြောကြားခဲ့သည်။ ဆံပင်ဖြီးသင်မှု၊ မိတ်ကပ်လိမ်းခြယ်မှု အစရှိသည့် အလှအပ ပြုပြင်ခြင်းများတွင် မယုံမရဲဖြင့် စိုးရိမ်မှု ဖြစ်ပေါ်နေတတ်သော အခြေအနေမျိုးသည် အမျိုးသမီးများ၌ တစ်နှစ်လျှင် ပျမ်းမျှ (၆၂၇)နာရီနှင့် (၂၈)မိနစ်မျှ ရှိတတ်ကြောင်း ပညာရှင်များက ဆိုသည်။ ထို့ကြောင့် မျက်နှာပေါ်မှ အရေးအကြောင်းများ၊ ဝက်ခြံများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရခြင်း၊ မိမိခန္ဓာကိုယ် ပုံပျက်လာပြီဆိုသော စိတ်ဖြင့် ပူပင်နေရခြင်းများသည် အမျိုးသမီးများ၏ တစ်နှစ်တာ အချိန်ဇယားတွင် တစ်လစာမျှကို ဖဲ့ထုတ်သွားသည့် သဘောမျိုး သက်ရောက်လျှက်ရှိသည်။

ယခုစစ်တမ်းကို ကမ္ဘာ့နိုင်ငံ အချို့မှ အမျိုးသမီး (၂၀၀၀)ကျော်၏ လူနေမှုဘဝကို ဖြန့်ကျက် သုတေသနပြု လေ့လာခဲ့ခြင်း ဖြစ်သည်။ အမျိုးသမီး အများစုသည် မိမိတို့၏ ကိုယ်ပိုင်ရုပ်ရည် အသွင်အပြင်နှင့် ပတ်သက်လျှင် စိတ်ပူပင်တတ်သည့် အခြေခံ တူညီမှုမျိုး ရှိနေကြောင်း ပညာရှင်များက ဆိုသည်။ ထို့အပြင် အမျိုးသမီးများအားလုံး စိတ်အပူဆုံး အရာသည် အဝလွန်ခြင်း၊ ကိုယ်အလေးချိန် တက်လာခြင်းတို့ပင် ဖြစ်ကြောင်းလည်း သိရှိရသည်။ အမျိုးသမီး တစ်ဦးသည် ၎င်းတို့၏ ခန္ဓာကိုယ် အချိုးအစားကို အပြန်ပြန်အလှန်လှန် ဆင်ခြင်သုံးသပ်ရင်း မှန်ကြည့်နေတတ်သည့် အချိန်မျိုး တစ်ပတ်လျှင် အနည်းဆုံး (၂၆)မိနစ် ကြာမြင့်တတ်ကြောင်း ယခုသုတေသန စစ်တမ်းက ဆိုသည်။

ထို့အပြင် မိမိတို့ ခန္ဓာကိုယ်နှင့် မျက်နှာပေါ်မှ တစ်စုံတစ်ရာသော ပြစ်ချက်ကို စိတ်ပျက်လက်ပျက် တွေးတော အချိန်ကုန်နေသည်မှာ တစ်ပတ်လျှင် အနည်းဆုံး (၂၂)မိနစ်မျှ ကြာမြင့်တတ်ကြောင်းလည်း သိရသည်။ ထို့အပြင် ဆံပင်ကို အလှပြင်ခြင်း၊ ဖြီးသင်ခြင်း၊ ခေါင်းလျှော်ပြီး အခြောက်ခံခြင်း အစရှိသည့် ကိစ္စများအတွက် တစ်ပတ်လျှင် အနည်းဆုံး (၅၇)မိနစ်မျှထိ အချိန်ကို အသုံးချတတ်ကြောင်းလည်း ဆိုသည်။ ယခုသုတေသန လုပ်ငန်းကို Lycra အလှကုန် လုပ်ငန်းစု၏ ပိုင်ရှင်ဖြစ်သည့် Invistaaက အထောက်အပံ့ပြု လေ့လာစေခဲ့ခြင်း ဖြစ်သည်။ စစ်တမ်း၏ တွေ့ရှိချက်အရ မိန်းကလေး (၁၀)ယောက်တွင် (၉)ယောက်သည် ခန္ဓာကိုယ်ပေါ်မှ မိမိတို့ စိတ်ကြိုက်မတွေ့သည့် အစိတ်အပိုင်းကို ဖုံးကွယ်သည့် ဝတ်စုံမျိုးဖြင့် အပြင်ထွက်လေ့ ရှိကြောင်းလည်း သိရှိရပြန်သည်။ ထို့အပြင် စစ်တမ်းတွင် ပါဝင်သည့် အမျိုးသမီးများ၏ (၄၈)ရာခိုင်နှုန်းက မိမိတို့သည် စိတ်ကျေနပ်မှု မရှိသည့် ခန္ဓာကိုယ် အစိတ်အပိုင်းအတွက် စိတ်ပူပင်သည့် ပြဿနာမျိုး မကြာခဏ ကြုံရတတ်သည်ဟု ဝန်ခံခဲ့ကြောင်းလည်း အဆိုပါ သုတေသန ရလဒ်၌ ထည့်သွင်း ဖော်ပြသွားသည်။

မောတောင် ကုန်သွယ်ရေးစခန်းမှ တစ်ပတ်လျှင် ကျပ်သိန်း ၅၀ အထိ ကုန်သွယ်ခွင့်ပြုထား

  Thursday, December 19, 2013



မောတောင်နယ်စပ် ကုန်သွယ်ရေးဂိတ်အနီး ကုန်အတင်အချ လုပ်နေသော ကုန်တင်ယာဉ်တစ်စီး

တနင်္သာရီမြို့နယ် မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် တစ်ဦးချင်းကုန် သွယ်မှုကတ် ၁၂ ကတ်အထိသာ ရှိသေးပြီး ကုန်သွယ်မှု ပြုလုပ်ရာတွင် ၅ ရက်တစ်ပတ်လျှင် ကျပ်သိန်း ၅၀ အထိ ခွင့်ပြုထားကြောင်း သိရသည်။ တစ်ဦးချင်း ကုန်သွယ်မှုကတ် (ITC) ဖြင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် လိုင်စင်တစ်ခါ လျှောက်ထားလျှင် ကျပ် ၁၀ သိန်းအထိ ခွင့်ပြုထားပြီး တစ်နိုင်တစ်ပိုင်ကုန်သွယ်မှု ပြုသူများအတွက် ရည်ရွယ်ထားကြောင်း သိရသည်။

"လိုင်စင်တစ်ခါလျှောက်ရင် ကျပ် ၁၀ သိန်းအထိ ခွင့်ပြုထားပါတယ်။ တကယ်လို့ နေ့စဉ် ကျပ် ၁၀ သိန်းစီ ကုန်သွယ်မှုမပြုဘဲ ရုံးဖွင့်ရက် ၅ ရက် တစ်ပတ်အတွင်းမှာ စုပေါင်းပြီး ကျပ် သိန်း ၅၀ တစ်ပြိုင်တည်း ကုန်သွယ်မှု ပြုလုပ်ချင်ရင်လည်း ခွင့်ပြုထားပါတယ်" လို့ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းမှ လက်ထောက်ညွန်ကြားရေးမှူး ဦးနေမင်းထက်က ပြောကြားခဲ့သည်။

မောတောင်နယ်စပ်မှ ကုန်သွယ်မှုပြုလုပ်ရာတွင် လက်ရှိအနေထားအရ တစ်နိုင်တစ်ပိုင် ကုန်သွယ်သူများသာ အများဆုံး ကုန်သွယ်မှုပြုလုပ်နေကြပြီး ဒေသထွက်ကုန်များကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း သိရသည်။ သွင်းကုန်များ တင်သွင်းရာတွင်လည်း တစ်နိုင်တစ်ပိုင် ကုန်သွယ်သူများ အနေဖြင့် ဒေသအတွင်း အသုံးပြုရန်အတွက် စားသောက်ကုန်များနှင့် လူသုံးကုန် တချို့သာ တင်သွင်းကြပြီး အများအားဖြင့် ထိုင်းနိုင်ငံ၊ ပရာကျွတ်ကရိခံ ခရိုင်မှ အဓိက ထွက်ရှိသောမွေ့ရာ၊ ဖက်ခေါင်းအုံး၊ စောင်နှင့်အခင်းပိုင်းများကို အဓိက တင်သွင်းလာလေ့ရှိကြောင်း သိရသည်။ အဆိုပါ ကုန်စည်များကို တစ်နိုင်တစ်ပိုင် ကုန်သွယ်သူများမှ တနင်္သာရီမြို့နှင့် ညောင်ပင်ကွင်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများသို့ ပြန်လည်ဖြန့်ဖြူးကြကြောင်း သိရသည်။

"တခြားကုန်စည်များကို ထိုင်းနိုင်ငံအတွင်းကို တင်ပို့မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အသင်းအဖွဲ့တွေရဲ့ ထောက်ခံချက်တွေ၊ စာရွက်စာတမ်းတွေ၊ ကျွန်တော်တို့ရုံးချုပ်ရဲ့ ခွင့်ပြုချက်တွေနှင့် ဆောင်ရွက်ပေးလို့ ရပါတယ်။ မောတောင်ဒေသမှာ လိုအပ်တဲ့ကုန်စည်တွေကို ဒေသအတွက် တင်ပို့လာရင်တော့ ရပါတယ်။ ဒါပေမဲ့ အတိုင်းအတာ ပမာဏ ရှိပါတယ်။ ဒီထက်ပိုလာရင် ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပါမယ်" ဟု ဦးနေမင်းထက်က ပြောကြားသည်။

Related Posts Plugin for WordPress, Blogger...