Thursday, January 30, 2014

ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များ ကဆုန်ပေါက်ဝင်ရောက်သော မြင်းနှစ်ဖြစ်မည်ဟု ဟောင်ကောင်ဖုန်းရွှေ ပညာရှင်များ ဟောကိန်းထုတ်




ဇန်န၀ါရီ ၂၇ ရက်တွင် ဟောင်ကောင်၌ တရုတ်နှစ်သစ်ကူးအတွက် ဆိုင်ခန်းဖွင့်လှစ် ရောင်းချနေသူနှစ်ဦးကို တွေ့ရစဉ် (Photo:AFP)


တရုတ်ပြက္ခဒိန်အရ ဇန်နဝါရီ ၃၁ ရက်တွင် စတင်မည့် နှစ်သစ်ဖြစ်သော မြင်းနှစ်တွင် ပဋိပက္ခများ၊ အငြင်းပွားမှုများ၊ သဘာဝဘေးအန္တရာယ်များ၊ အရှုပ်တော်ပုံများ အများအပြား ဖြစ်ပွားမည်ဖြစ်ကာ စံချိန်တင်မြင့်မားသော အပူချိန်များ၊ အာရှစီးပွားရေး အေးနေခြင်းတို့နှင့် ရင်ဆိုင်ရမည်ဟု ဟောင်ကောင်ဖုန်းရွှေ ပညာရှင်များက ဟောကိန်းထုတ်ခဲ့သည်။

မြွေနှစ်ကုန်ဆုံး၍ မကြာမီကျရောက်မည့် မြင်းနှစ်တွင် အားကောင်းသော မီးဓာတ်နှင့် အလွန်လောင်ကျွမ်းလွယ်သော သစ်သားတို့က အဓိကဓာတ်များအဖြစ် ပေါင်းစပ်ပါဝင်နေခြင်းကြောင့် အတိုးအတိုက်များသည့် နှစ်ဖြစ်မည်ဟု လူသိများကျော်ကြားသော ဖုန်းရွှေပညာရှင် Alion Yeo က ပြောကြားခဲ့သည်။

နှစ်သစ်တွင် ကြုံတွေ့ရမည့် ပဋိပက္ခကို သံတမန်ရေးရာ တင်းမာမှုမှ လက်နက်ကိုင် တိုက်ပွဲများအထိ မည်သည့်ပဋိပက္ခ တစ်စုံတစ်ရာမဆို အဓိပ္ပာယ်ကောက်ယူနိုင်ပြီး အထူးသဖြင့် ပထမလ(ဖေဖော်ဝါရီ)၊ စတုတ္ထလ(မေ)နှင့် သတ္တမလ(ဩဂုတ်)တို့တွင် ဖြစ်သည်ဟု Yeo က ပြောကြားခဲ့သည်။

“စစ်ပွဲဖြစ်စေနိုင်ဖွယ် အရှိဆုံးကိစ္စရပ်မှာ ဒိုင်အိုယူကျွန်းစုကိစ္စ ဖြစ်ပါတယ်” ဟု ဂျပန်က ထိန်းချုပ်ထားပြီး ဆင်ကာကူဟုခေါ်သည့် ယင်းကျွန်းစု ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ဂျပန်နှင့်တရုတ်အကြား အငြင်းပွားမှု၊ တင်းမာမှုများကို ရည်ညွှန်း၍ Yeo က ပြောကြားခဲ့သည်။

၁၉၅၄ ခုနှစ်က ကျရောက်ခဲ့သည့် မြင်းနှစ်တွင် အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုဟောင်းတို့၏ နျူကလီးယားဗုံး စမ်းသပ်မှုများနှင့် ဗီယက်နမ်တွင် ပြင်သစ်တပ်ဖွဲ့များကို အနိုင်ရရှိခဲ့သည့် ဒိန်ဘင်ဖူးတိုက်ပွဲတို့က ထင်ရှားခဲ့သည်။

လေ-ရေဟု အဓိပ္ပာယ်ရသော ဖုန်းရွှေသည် အာရှဒေသ အများအပြားတွင် လွှမ်းမိုးမှုရှိသည်။ ကံကောင်းခြင်းနှင့် ဓနဥစ္စာတိုးပွားရန် ဖုန်းရွှေနည်းကို အခြေခံ၍ နေအိမ်များနှင့် ရုံးခန်းများကို ပြုပြင်မွမ်းမံကြပြီး နေထိုင်မှုဘဝများကို ထိန်းညှိကြသည်။

Ref:AFP

ပညာရေးအရည်အသွေး ကျဆင်းမှုကြောင့် ဒေါ်လာဘီလျံ ၁၃၀ ခန့် နှစ်စဉ်လေလွင့်နေ



ဟေတီနိုင်ငံမြို့တော် ပိုအောပရင့်တွင် ကလေးများကို စာသင်နေသော ဆရာတစ်ဦး (Photo:AFP)


ကမ္ဘာတစ်ဝန်းရှိ ကလေးတစ်ဘီလျံ၏ လေးပုံသုံးပုံခန့်သည် အခြေခံစာဖတ်ခြင်းနှင့် သင်္ချာဘာသာရပ်ကို တတ်မြောက်အောင် မသင်ကြားနိုင်ခြင်းကြောင့် ကမ္ဘာတစ်ဝန်းရှိ အစိုးရများ၏ ပညာရေးအသုံးစရိတ် ဒေါ်လာ ၁၂၉ ဘီလျံခန့် နှစ်စဉ်လေလွင့်ဆုံးရှုံးနေကြောင်း ကုလသမဂ္ဂ၏ ယူနက်စကိုအဖွဲ့က ဇန်နဝါရီ ၂၉ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ကမ္ဘာတစ်ဝန်း ပညာရေး အရည်အသွေး ကျဆင်းလာမှုကြောင့် စာမတတ်သူဦးရေသည် ယခင်ယူဆထားသည်ထက် ပိုမိုကျယ်ပြန့်နေကြောင်း ယူနက်စကို၏ အစီရင်ခံစာအရ သိရသည်။

ဆင်းရဲသော နိုင်ငံများတွင် လူငယ်လေးဦးအနက် တစ်ဦးသည် စာတစ်ကြောင်းကိုပင် မဖတ်နိုင်ကြဘဲ အာဖရိကအောက်ပိုင်းဒေသတွင် ယင်းလူငယ်အရေအတွက် ရာခိုင်နှုန်း ၄ဝ အထိ မြင့်တက်လာကြောင်း သိရသည်။ အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြားရှိသူကို လူငယ်ဟု ကုလသမဂ္ဂက သတ်မှတ်သော်လည်း ယူနက်စကို၏ သတ်မှတ်ချက်မှာမူ ဒေသအလိုက် ကွဲပြားသည်။ “ကလေးတွေဟာ ကျောင်းမှာ နှစ်ပေါင်းများစွာ နေခဲ့ပေမယ့် လိုအပ်တဲ့ပညာရပ်တွေ မတတ်မြောက်ရင် ပညာသင်မှုရဲ့ အဓိကအချက်ကဘာလဲ” ဟု စာမျက် နှာ ၅ဝဝ နီးပါးရှိသည့် Education for All Global Monitoring Report ပြုစုရေးအဖွဲ့ ဒါရိုက်တာပေါလင်ရို့စ်က မေးခွန်းထုတ်ခဲ့သည်။

အစီရင်ခံစာတွင်ပါသော နိုင်ငံသုံးပုံတစ်ပုံကို စိစစ်လေ့လာမှုအရ ယင်းနိုင်ငံများရှိ မူလတန်းပြ ဆရာအားလုံး၏ လေးပုံသုံးပုံထက် နည်းပါးသော အရေအတွက်ကိုသာ နိုင်ငံအဆင့်အထိ လေ့ကျင့်ပေးထားကြောင်း သိရသည်။ ကမ္ဘာတစ်ဝန်း မူလတန်းကလေး သန်း ၁၂ဝ သည် ကျောင်းကိုနှစ်အနည်းငယ်သာ တက်ဖူးသူ သို့မဟုတ် လုံးဝမတက်ဖူးသူတို့ဖြစ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ကလေးသန်း ၂၅ဝ က အခြေခံပညာရေးကိုပင် မတတ်မြောက်ခြင်းအတွက် လေလွင့်ဆုံးရှုံးမှုသည် ကမ္ဘာတစ်ဝန်း မူလတန်းပညာရေးအတွက် အသုံးပြုမှုအားလုံး၏ ၁ဝ ရာခိုင်နှုန်း သို့မဟုတ် ဒေါ်လာ ၁၂၉ ဘီလျံနှင့် ညီမျှကြောင်း ယင်းအစီရင်ခံစာကဆိုသည်။ အစီရင်ခံစာတွင် ပါဝင်သော နိုင်ငံ ၃၇ နိုင်ငံရှိ ကလေးများသည် စာသင်ခြင်း မရှိသဖြင့် ယင်းနိုင်ငံများ၏ ပညာရေးအတွက် သုံးစွဲသောငွေအားလုံး၏ ထက်ဝက်ထက်မနည်း ဆုံးရှုံးနေကြောင်း သိရသည်။ အစိုးရများသည် ကလေးများ ကျောင်းနေနှုန်းကိုသာမက ကလေးအားလုံး ညီတူညီမျှနှင့် ပိုမိုကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေးတို့ကိုပါ ဦးစားပေးစေလိုကြောင်း ယင်းအစီရင်ခံစာတွင် တိုက်တွန်းထားသည်။

Ref:AFP

ကင်ညာတွင် ဆင်စွယ်မှောင်ခိုကူးမှုဖြင့် တရုတ်နိုင်ငံသားတစ်ဦး စံချိန်တင်ထောင်ဒဏ် ချမှတ်ခံရ




ဇန်န၀ါရီ ၂၅ ရက်တွင် လန်ဒန်ရှိ တရုတ်သံရုံးအပြင်ဘက်၌ ဆန္ဒပြသူများစုဝေးပြီး တရုတ်တွင် ဆင်စွယ်ကုန်သွယ်မှု အဆုံးသတ်ရန် တောင်းဆိုနေကြစဉ်


ရှားပါးတိရစ္ဆာန် မှောင်ခိုကူးမှုကို အရှိန်မြှင့်နှိမ်နင်းရန် အသစ်ပြဋ္ဌာန်းခဲ့သော ဥပဒေအရ ဆင်စွယ်မှောင်ခိုကူးသည့် တရုတ်နိုင်ငံသားတစ်ဦးကို ကင်ညာတရားရုံးက ဇန်န၀ါရီ ၂၈ ရက်တွင် စံချိန်တင်ထောင်ဒဏ် ချမှတ်ခဲ့ရာ ယင်းဥပဒေအရ ပထမဆုံး ထောင်ဒဏ်ချမှတ်ခံရသူ ဖြစ်လာခဲ့သည်။

အသက် ၄၀ ရှိ တန်ယုံကျန်းကို ဒဏ်ငွရှီလင် သန်း ၂၀ (အမေရိကန်ဒေါ်လာ ၂၃၃၀၀၀) ပေးဆောင်ရန် သို့မဟုတ် ထောင်ဒဏ်ခုနစ်နှစ် ကျခံစေရန် တရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်သည်။ သူသည် ပြီးခဲ့သည့် သီတင်းပတ်က မိုဇမ်ဘစ်မှ တရုတ်သို့အပြန် နိုင်ရိုဘီလေဆိပ်တွင် တစ်ထောက်နားစဉ် ခရီးဆောင်အိတ်ထဲမှ အလေးချိန် ၃ ဒသမ ၄ ကီလို (၇ ဒသမ ၅ ပေါင်) ရှိ ဆင်စွယ်တစ်ချောင်း သယ်ယူလာသည်ကို ရှာဖွေတွေ့ရှိမှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ယင်းအတွက် အပြစ်ရှိကြောင်း ၎င်းက၀န်ခံခဲ့ပြီး ယင်းစီရင်ချက်ကို အယူခံဝင်ရန် ၁၄ ရက် အချိန်ရကြောင်း သိရသည်။

နာမည်ကျော် သဘာဝအမျိုးသားဥယျာဉ်များကို ကြီးကြပ်ရသည့် ကင်ညာတောရိုင်းတိရစ္ဆာန် ကာကွယ်ရေးဌာနမှ ပြောခွင့်ရသူက ယခုစီရင်ချက်ကို ကြိုဆိုခဲ့သည်။ ယခင်က တောရိုင်းတိရစ္ဆာန် မှောင်ခိုကူးသူများသည် ပြစ်ဒဏ်လျှော့ပေါ့ခံကြရပြီး ယခုစီရင်ချက်သည် အထင်ကရ စီရင်ထုံးဖြစ်သွားကြောင်း ၎င်းကပြောကြားခဲ့သည်။

ပြီးခဲ့သည့် တစ်လက အသက်ဝင်သည့် ဥပဒေသစ်၌ တောရိုင်းတိရစ္ဆာန်ပစ္စည်းများ တရားမ၀င် သယ်ဆောင်လျှင် အနိမ့်ဆုံးဒဏ်ငွေ ရှီလင်တစ်သန်း သို့မဟုတ် ထောင်ဒဏ်ငါးနှစ် သို့မဟုတ် နှစ်ရပ်လုံး ကျခံရနိုင်ကြောင်း သိရသည်။ အမြင့်ဆုံးအားဖြင့် ရှားပါးတိရစ္ဆာန်ကိုသတ်လျှင် ထောင်ဒဏ်တစ်သက်နှင့် ငွေဒဏ်ရှီလင်သန်း ၂၀ အထိ ကျခံရနိုင်ကြောင်း သိရသည်။

Ref:AFP

ဟောင်ကောင်တွင် အိမ်အကူအမျိုးသမီး အကြမ်းဖက်ခံရမှုများ ဖြစ်ပွားခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ဟောင်ကောင်သို့ အိမ်အကူဆက်ပို့မည်


အိမ်အကူအမျိုးသမီး အကြမ်းဖက်ခံရမှုများ ဖြစ်ပွားခဲ့ပြီး အိမ်အကူများ၏ လုံခြုံရေးနှင့်ပတ်သက်၍ စိတ်ချရမှုမရှိဟူသော စွပ်စွဲချက်များ ရှိနေသော်လည်း မြန်မာနိုင်ငံအနေဖြင့် ဟောင်ကောင်သို့ အိမ်အကူပို့ဆောင်မှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟောင်ကောင်လစ်ဘရယ်ပါတီ လွှတ်တော်အမတ်နှင့် ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်သူ Felix Chung Kwokpan က ပြောကြားခဲ့သည်ဟု South China Morning Post ၏ ဖော်ပြချက်အရ သိရသည်။

ညှဉ်းပန်းနှိပ်စက်ခြင်း ခံရခြင်းကြောင့် ဆေးရုံတက် ကုသမှုခံယူနေရသူ အသက် ၂၃ နှစ်အရွယ် အင်ဒိုနီးရှားအမျိုးသမီး အိမ်အကူ အပါအဝင် အခြားအိမ်အကူ အမျိုးသမီးနှစ်ဦး၏ အိမ်ပိုင်ရှင်အား တရားစွဲဆိုမှု ပြုလုပ်ပြီးချိန်တွင် Felix Chung Kwokpan သည် တနင်္လာနေ့၌ မြန်မာအလုပ်သမားဝန်ကြီး ဦးအေးမြင့်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

“ဝန်ကြီးက ဟောင်ကောင်မှာဖြစ်ခဲ့တဲ့ နှိပ်စက်ခံရတဲ့ အလုပ်သမားကိစ္စကို တွေ့ဆုံပွဲမှာပြောခဲ့ပြီး ဟောင်ကောင်မှာ နိုင်ငံခြားသား အိမ်အကူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ရှိရဲ့လားဆိုတာကို မေးခဲ့ပါတယ်” ဟု Chung က ပြောကြားသည်။

“ဒါပေမဲ့ အခုဖြစ်သွားတဲ့ အင်ဒိုနီးရှား အိမ်အကူပြဿနာဟာ သိပ်ကြီးမားတဲ့ပြဿနာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံဘက်ကလည်း အခုလက်ရှိ အစီအစဉ်က အဆင်ပြေတယ်လို့ ယူဆပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။

Chung က ဟောင်ကောင်သို့ အိမ်အကူများ တင်ပို့ရန်အတွက် ခိုင်မာသော တင်ပြချက်တစ်ခု ပြုလုပ်မည်ဖြစ်ပြီး အိမ်အကူများအား အကာအကွယ်ပေးသည့် ဥပဒေများနှင့် ပတ်သက်၍လည်း ရှင်းပြမည်ဖြစ်ကြောင်း ပြောကြားသည်။ ဟောင်ကောင်-မြန်မာ နှစ်ဖက်မှ တာဝန်ရှိသူများ အနေဖြင့် မတ်လတွင် ထပ်မံတွေ့ဆုံနိုင်ရန် အတွက်လည်း မျှော်လင့်ပါကြောင်း Chung က ပြောကြားသည်။

ဟောင်ကောင်အခြေစိုက် Golden Mind အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီသည် အလုပ်သမား စုဆောင်းရေးအတွက် မြန်မာအစိုးရထံမှ ခွင့်ပြုချက်ရရှိထားပြီး ပထမဆုံးအသုတ်ဖြစ်သည့် အိမ်အကူ ၅၅ ဦး လာမည့်လကုန်ပိုင်းတွင် ဟောင်ကောင်သို့ ရောက်ရှိမည်ဖြစ်သည်။

အခြားဟောင်ကောင် အလုပ်သမား အေဂျင်စီတစ်ခုဖြစ်သည့် Technic Employment Service Centre သည် မြန်မာအစိုးရ တာဝန်ရှိသူများနှင့် ဖေဖော်ဝါရီလကုန် ဒုတိယအကြိမ် တွေ့ဆုံမည်ဖြစ်သည်။ Chung က ပြောဆိုရာတွင် ၎င်း၏စေ့စပ်ညှိနှိုင်းချက်များကြောင့် မြန်မာနိုင်ငံမှ ဟောင်ကောင်သို့တစ်နှစ်လျှင် အလုပ်သမား နှစ်သောင်းကျော် တင်ပို့နိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မွေးမြူရေးခြံနှင့် အစာစက်ရုံများ ပူးပေါင်းလုပ်ကိုင်ရန် တင်ဒါခေါ်ရာ၌ ပြည်တွင်းကုမ္ပဏီများအပြင် တရုတ်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီများလည်း အကျိုးတူလုပ်ကိုင်မည်


မျိုးမင်းထက်



မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူရေးခြံအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)


မြန်မာနိုင်ငံအတွင်းရှိ မွေးမြူရေးခြံနှင့် အစာစက်ရုံများအား အကျိုးတူပူးပေါင်း လုပ်ကိုင်ရန် တင်ဒါခေါ်ယူရာတွင် ပြည်တွင်းကုမ္ပဏီများအပြင် တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီများလည်း ပါဝင်ကာ တင်ဒါလျှောက်ထားမှုများရှိကာ အကျိုးတူ ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သတင်းရရှိသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြန်မာနိုင်ငံအတွင်းရှိ မွေးမြူရေးခြံနှင့် စက်ရုံ ၄၃ ခုအား ပြည်တွင်း၊ ပြည်ပကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ရန်အတွက် တင်ဒါခေါ်ထားပြီး လက်ရှိအချိန်အထိ ပြည်တွင်း၊ ပြည်ပကုမ္ပဏီ ၂၀ ကျော်မှ လာရောက်တင်ဒ်ါလျှောက်ထားကြောင်း သိရသည်။

“တင်ဒါလာလျှောက်တဲ့ ကုမ္ပဏီအဖွဲ့အစည်း ၂၀ ကျော်ရှိပါတယ်။ ပြည်ပကုမ္ပဏီတွေလည်း ပါတယ်။ ကိုရီးယား၊ ထိုင်း၊ တရုတ်နိုင်ငံတို့ပါတယ်။ မလေးရှားနဲ့ ဖက်စပ်လုပ်နေတဲ့ ကုမ္ပဏီတွေလည်းပါတယ်။ ပြည်တွင်းကုမ္ပဏီတွေလည်း ပါတယ်။ အဲဒီ ပြည်ပကုမ္ပဏီတွေက ကျွန်တော်တို့ဆီမှာ မွေးမြူရေးခြံတွေရော၊ အစာစပ်စက်ရုံတွေမှာပါ ရင်းနှီးမြှုပ်နှံချင်လို့ တင်ဒါလာလျှောက်ကြတာဖြစ်တယ်” ဟု မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မွေးမြူရေးခြံနှင့် စက်ရုံ ၄၃ ခုအား တင်ဒါခေါ်ထားရာတွင် ဇန်န၀ါရီ ၂၇ ရက်၌ လုပ်ငန်း ၁၀ ခုအား ပထမဆုံးအကြိမ် တင်ဒါဖွင့်ရာတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက ထပ်မံပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ မွေးမြူရေးခြံနှင့် စက်ရုံလုပ်ငန်းများ ပြန်လည်တိုးတက်ရန်အတွက် ယင်းတို့အား ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်လျက်ရှိသည့်အပြင် တစ်နိုင်ငံလုံး၌ မွေးမြူရေးဇုန် ၂၇ ဇုန်ရှိပြီး နောက်ထပ်မွေးမြူရေးဇုန် ထပ်မံဖော်ထုတ်ရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။


Wednesday, January 29, 2014

ရေချိုလင်းပိုင် မျိုးစိတ်အသစ်ကို နှစ်ပေါင်း ၁၀၀ အတွင်း ပထမဆုံးတွေ့ ရှိ




နှစ်ပေါင်း ၁၀၀ အတွင်း ပထမဆုံးအဖြစ် မြစ်မှာ ကျက်စားတဲ့ လင်းပိုင်မျိုးစိတ်အသစ်ကို ဘရာဇီး နိုင်ငံမှာ တွေ့  ရှိ ခဲ့ကြပါတယ်။ ဒီမျိုးစိတ်အသစ်ကို ပထမဆုံးရှာဖွေတွေ့ ရှိခဲ့တဲ့ ဘရာဇီးနိုင်ငံက၊ အာရာဂွာရာ မြစ်ကို အစွဲပြုပြီုး “အာရာဂွာရာ” လင်းပိုင်မျိုးစိတ် လို့ အမည်ပေးခဲ့ကြပါတယ်။

ပလော့စ်ဝမ်း ဂျာနယ်မှာ ရေးသားထားချက်အရ သုတေသနပြုသူတွေက ဒီမျိုးစိတ်သစ်ဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း နှစ်သန်းအကျော်က တောင်အမေရိက မြစ်လင်းပိုင်မျိုးစိတ်တွေကနေ ပေါက်ဖွားလာတာ ဖြစ်တယ်လို့ သိရပါတယ်။ နောက်ထပ် ဒီရှားပါးမျိုးစိတ်သစ် အကောင်ရေပေါင်း ၁၀၀၀ ကျော် အသက်ရှင်သန် ကျန်ရှိနေအုန်းမယ်လို့ ခန့် မှန်းထားကြပါတယ်။

ကျွမ်းကျင်သူတွေရဲ့အဆိုအရ မြစ်လင်းပိုင်မျိုးစိတ်တွေဟာ ကမ္ဘာပေါ်မှာ လေးမျိုးပဲ တွေ့ ရှိခဲ့ဖူးပြီး ၊ ဒီတွေ့ ရှိ ထားတဲ့ မျိုးစိတ်လေးစိတ်ထဲက မျိုးစိတ်သုံးမျိုးက လင်းပိုင်တွေဟာ မျိုးတုန်းမယ့်အန္တရာယ် ရှိနေပြီ ဖြစ်တယ် လို့ ဆိုပါတယ်။

ဒီလင်းပိုင်တွေဟာ ပင်လယ်မှာကျက်စားတဲ့လင်းပိုင်တွေနဲ့ ပုံစံကွဲပြားပြီး ပိုမိုရှည်လျားတဲ့ နှုတ်သီးရှိပါတယ်။ ဒီနှုတ်သီးနဲ့ ပဲ မြစ်လင်းပိုင်တွေဟာ မြစ်ကြမ်းပြင်အောက် ရွံ့ နွံထဲက ငါးတွေကို ရှာဖွေစားသောက်နေရတာပါ။

၁၉၁၈ ခုနှစ်နောက်ပိုင်း ရေချိုလင်းပိုင်မျိုးစိတ်အသစ်တွေ မတွေ့ ရှိခဲ့ရာကနေ နှစ်ပေါင်း ၁၀၀ နီးပါးကြာပြီးနောက် ပထမဆုံးတွေ့ ရှိရတဲ့ မြစ်လင်းပိုင်မျိုးစိတ်အသစ် ဖြစ်လာပါတယ်။

တောင်အမေရိကဟာ ပန်းရောင်လင်းပိုင်တွေလို့ နာမည်ကျော်တဲ့ အမေဇုန်မြစ်လင်းပိုင်တွေ ရဲ့ သိုက်မြုံ ဖြစ်ပြီး ဘိုတို လို့ လည်းခေါ်တဲ့ ပန်းရောင်လင်းပိုင်မျိုးစိတ်တွေဟာ ရေချိုလင်းပိုင်မျိုးစိတ်အားလုံးထဲမှာ အသိဥာဏ် အရှိဆုံး သတ္တ၀ါတွေ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ အခုတွေ့ ရတဲ့ “အာရာဂွာရာ” လင်းပိုင်မျိုးစိတ်ဟာ တခြား လင်းပိုင်တွေ နဲ့  သွားအရေအတွက် ကွာခြားမှုရှိပြီး သူတို့ ရဲ့ မျိုးရိုးဗီဇထဲမှာ သူတို့ သဘာဝနဲ့ ကွဲပြားတဲ့ အထောက်အထားတွေ တွေ့ ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

Ref: mirror.co.uk

ပြိုင်ပွဲတွေ ၀င်မပြိုင်ဖြစ်တော့ပေမယ့် အနုပညာအလုပ်တွေကို ကြိုးစားဆက်လုပ်သွားမယ့် နှင်းယမုံဦး



Miss Now How ဆုရခဲ့ပြီးချိန်ကစလို့ မော်ဒယ်လ်လောကမှာ နေရာတစ်နေရာ ရရှိလာခဲ့တဲ့ နှင်းယမုံဦးက သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေကို ခုလို ပြောပြပေးသွားပါတယ်။ ‘ခုလတ်တလောက မဂ္ဂဇင်းတွေ ရိုက်ဖြစ်တယ်။ အမ်တီဗီတွေ ရိုက်ဖြစ်တယ်။ ပြိုင်ပွဲတွေက မပြိုင်တော့ဘူး။ တော်ပြီ။ ပြီးရင် ကိုဂျွန်ပွဲတော့ လျှောက်ဖို့ရှိတယ်။’ လို့ သူမက ပြောပါတယ်။

လာမယ့် ချစ်သူများနေ့ကို သူမဘယ်လိုဖြတ်သန်းဖြစ်မယ် ဆိုတဲ့အကြောင်းကိုတော့ သူမက ‘အလုပ်လုပ်ဖြစ်မယ်။ အလုပ်မရှိရင် အိပ်မယ်ထင်တာပဲ။ နှစ်တိုင်းလဲ ချစ်သူများနေ့ဆို တိုက်ဆိုင်တာပေါ့နော်။ ပန်းခြံတွေမှာ ရှုတင်ရှိနေတတ်တယ်။ အဲ့ဒီမှာ အတွဲချောင်းလိုက်တယ်။ နှစ်တိုင်းတော့ ကိုယ့်ရှုတင်နဲ့ပဲ ပြီးသွားတာပါပဲ။ အရင်နှစ်တွေတုန်းကတော့ လူငယ်သဘာဝဆိုတော့ ကိုယ်ချစ်တဲ့ မိတ်ဆွေတွေနဲ့ အပြန်အလှန်ပေးကြတာမျိုးပဲ ရှိပါတယ်။ ဒီနှစ်က သူများကိုပေးဖို့ အစီအစဉ်မရှိပါဘူး။ သူများကို ရိုမန်တစ်ဖြစ်အောင် မလုပ်ပေးတတ်ဘူး။ ကိုယ်ချစ်တဲ့ သူငယ်ချင်းတွေလောက်ပဲ မုန့်သွားစားဖြစ်တယ်။ ပစ္စည်းချင်းလဲတာလောက်ပဲ လုပ်ဖြစ်ခဲ့တာ။ ပန်းစည်းလေးတွေ၊ ချောကလက်လေးတွေတော့ ရဖြစ်တယ်’ တဲ့။

ရှေ့ဆက်ပြီးတော့ အနုပညာအလုပ်ကိုပဲ အားစိုက်လုပ်သွားမယ့်အကြောင်းကိုလည်း ‘ညီမ ဒီအလုပ်ကိုတော့ ကြိုးစားပြီး ဆက်လုပ်သွားမှာပါ။ ပြီးတော့ ဒီအလုပ်က သင်ယူလို့မဆုံးတဲ့အလုပ်၊ လေ့လာလို့မဆုံးတဲ့ အလုပ်ဆိုတော့ ကြိုးစားအားထုတ်သွားဖို့တော့ အစီအစဉ်ရှိပါတယ်။’ လို့ သူမက ပြောပြခဲ့ပါတယ်။

ဗယ်လင်တိုင်းမှာ ကိုယ့်ချစ်သူကောင်မလေးကို ဘယ်လိုလက်ဆောင်မျိုးတွေ ပေးသင့်လဲ



လက်ဆောင်ဆိုတာ မြတ်နိုးတန်ဖိုးထားစရာပါ။ ကိုယ့်ချစ်သူ ကောင်မလေးကို ချစ်သူများနေ့မှာပေးမယ့် လက်ဆောင်ကို တွေ့ရာကောက်ဝယ်ပေးတာမျိုး မဖြစ်ဘဲ ကိုယ်တကယ်ရွေးချယ်ဝယ်ထားတဲ့ လက်ဆောင် ဖြစ်တယ်ဆိုတာမျိုးဟာ ကိုယ်ပေးတဲ့ လက်ဆောင်က ပြသပေးနိုင်ဖို့ အရေးကြီးပါတယ်။ သူ့ကို ဂရုစိုက်တယ်၊ သူဘယ်လိုမျိုးလေးတွေ ကြိုက်တတ်တယ်၊ နောက် သူမရှိရင် ကိုယ်မနေနိုင်ပါဘူး ဆိုတာမျိုးတွေကို ပါးစပ်ကနေ တတွတ်တွတ်ပြောနေတာထက်စာရင် ကိုယ့်လက်ဆောင်ကတစ်ဆင့် သူသိသွားဖို့ ဘယ်လို လက်ဆောင်ပစ္စည်းတွေကို ရွေးချယ်သင့်သလဲ ကြည့်ရအောင်။

၁။ ကိုယ်က လက်စွပ်ပေးဖို့ စဉ်းစားထားတယ်ဆိုရင်တော့ ရိုးရိုးစင်းစင်း မောင်းကွင်းလိုဟာမျိုး ပေးမယ့်အစား အချစ်ဆိုတဲ့ သင်္ကေတလေး၊ စာလုံးလေးတွေပါတာပဲဖြစ်ဖြစ်၊ အသဲပုံလေးပါတာလေးဖြစ်ဖြစ် ကိုယ့်အချစ်ကို ကိုယ်စားပြုနိုင်တဲ့လက်ဆောင်မျိုးရွေးချယ်ပါ။



၂။လက်ကောက်ဆိုရင်လည်း လက်ကောက်သားမှာ အချစ်စာသား၊ အတွင်းသားမှာ အချစ်သင်္ကေတ တစ်ခုခုပါတဲ့ဟာမျိုးကိုသာ ရွေးချယ်စေချင်ပါတယ်။



၃။ဆွဲကြိုးဆိုရင်လည်း ပုံမှာပြသလို အထူးအဆန်းပုံစံမျိုးလေးတွေ ရှာကြည့်ပါ။ ကိုယ်ပြောချင်တာလေးတွေ ရေးပြီး ဆွဲကြိုးလော့ကတ်ထဲ ထည့်ပေးတာလောက် ကဗျာဆန်တာ ဘာရှိဦးမှာလဲ။ ကိုယ့်ချစ်သူအတွက် အချိန်ပေးရှာရတာဆိုတော့ တန်ပါတယ်နော်။



၎။သူမကော်ဖီသောက်တိုင်း ကိုယ့်ကို သတိရနေစေဖို့ ကော်ဖီခွက်ပေးမယ်လို့ စဉ်းစားထားရင် ကော်ဖီခွက်မှာ သူမနဲ့ ကိုယ်ကြားမှာရှိတဲ့ အမှတ်တရစာသား၊ စကားလုံးစတာလေးတွေ ပါတဲ့ ခွက်လေးကို ရွေးပါ။



၅။ဘယ်လိုလက်ဆောင်တွေပေးပေး ကိုယ့်အချစ်တွေကို ညွှန်းဖွဲ့ရေးချထားတဲ့ ကတ်လေးတစ်ကတ်တော့ထည့်ပေးမှတော့ ဖြစ်မှာနော်။ အဲ့ဒီတော့ အမိုက်စား ကတ်လေးတစ်ကတ်တော့ မဖြစ်မနေ ရွေးချယ်ထားလိုက်တော့ပေါ့။





Ref:luckymag.com

ပန်းသွေးရောင် မျက်နှာမျိုး ပိုင်ဆိုင်စေဖို့အတွက် ခြယ်သရာမှာ သိထားသင့်တဲ့အချက် ၆ ချက်





ကိုယ့်ရဲ့မျက်နှာလေး ပန်းသွေးရောင်ခြယ် လှပနေဖို့ဆိုတာ skin care ကောင်းနေဖို့၊ ဒါမှမဟုတ် အောက်ခံလိမ်းထားတဲ့ မိတ်ကပ်သားကောင်းနေဖို့ဆိုတာထက် ကိုယ်ရွေးချယ်ထားတဲ့ ပါးနီအရောင်တွေကလည်း ကိုယ်နဲ့လိုက်ဖက်နေဦးမှပါ။ ကိုယ့်အသားအရေက တစ်ရောင်၊ ကိုယ်ရွေးထားတဲ့ ပါးနီရောင်က တစ်မျိုးဖြစ်နေရင်တော့ ဒါဟာ တော်တော်ကြည့်ရဆိုးနေမှာမို့ ကိုယ့်မျက်နှာနဲ့ဘယ်လို ပါးနီရောင်တွေက သင့်တော်တယ်ဆိုတာ ခွဲခြားနိုင်ဖို့ ခုလို ဖော်ပြပေးလိုက်ပါတယ်။

၁။အသားရောင်တော်တော်များများအတွက် ရွေးချယ်ဖို့သင့်တဲ့ အရောင်ကတော့ ပန်းရောင်ပါပဲ။ အသက်အရွယ်ပိုင်းပြန်ကြည့်ရင်တော့ ၂၀ကျော် ပျိုမေတွေအတွက် ပိုသင့်တော်ပါတယ်။



၂။ကိုယ့်အသားအရေက အ၀ါဘက်သမ်းတဲ့ဆိုရင်တော့ ကြေးနီရောင်သမ်းတဲ့ ပါးနီကို ရွေးချယ်လိုက်ပါ။ ရွှေအိုရောင်ဆိုရင်လည်း အဲ့ဒီအသားအရေပိုင်ရှင်တွေနဲ့ လိုက်ဖက်တာပါပဲ။



၃။ကိုယ့်ရဲ့အသားကမည်းတယ်ဆိုရင်တော့ ဇီးသီးရောင်သမ်းတဲ့ ပါးနီမျိုးကို ရွေးချယ်ကြည့်ဖို့ ညွှန်ပါရစေ။



၎။ကိုယ့်ရဲ့အသားအရေဟာ ရာသီကိုကိုလိုက်ပြီး အပြောင်းအလဲရှိတတ်ပါတယ်။ ဆောင်းရာသီဆိုရင် အေးတဲ့ရာသီမို့ ကိုယ့်ရဲ့ ပါးတွေ၊ မေးဖျားလေးတွေဟာ ပန်းသွေးရောင်သမ်းနေတတ်ပါတယ်။ အဲ့ဒါဆိုရင်တော့ ကိုယ်သုံးမယ့် ပါးနီက ပန်းနုရောင်လေးတွေ ဖြစ်ရင်အကောင်းဆုံးပါပဲ။ နွေရာသီအတွက်ကတော့ ကြေးနီရောင်ဟာ ကိုယ့်အသားအရေအတွက် သင့်တော်စေပါတယ်။



၅။ကိုယ်ရွေးချယ်ထားတဲ့ ပါးနီးဆိုးတဲ့ ဘရက်ရှ်ဟာ ပျော့ပျောင်းမှုရှိဖို့ကလည်း ပါးနီးဆိုးတဲ့အခါ သတိထားရမယ့် အရေးကြီးတဲ့ အချက်တွေထဲက တစ်ချက်ပါ။ ခြယ်သတဲ့အခါ ဘရက်ရှ်ကို အတင်းဖိပြီး မျက်နှာကို ခြယ်သခြင်းမျိုးရှောင်ရမှာဖြစ်သလို ဘရက်ရှပ်ဝယ်ဖို့စဉ်းစားနေတယ်ဆိုရင် နေ့ခင်းဘက်အချိန်တွေမှာသာ ၀ယ်ဖို့ အကြံပေးပါရစေ။



၆။ကိုယ့်အသားအရေက အရမ်းခြောက်တယ်ဆိုရင်တော့ ပါးနီဆိုးတဲ့အခါ ပေါင်ဒါတွေ ရိုးရိုးပါးနီတွေထက် ခရင်မ်ကိုသာ ရွေးချယ်ဆိုးပါ။



Ref: luckymag.com

သူငယ်ချင်းလေးကို ချစ်သူလေးလို ရင်ခုန်မိတာကြောင့်



သင့်မှာ အစစအရာရာ ဖြည့်ဆည်းပေးတတ်ပြီး အနွံတာလည်းခံတတ်တဲ့ ငယ်သူငယ်ချင်း ကောင်မလေးတစ်ယောက် ရှိခဲ့မယ်ဆိုပါစို့။ အချိန်တွေကြာလာတဲ့အခါ သူ့ကို လိုက်ပိုးပန်းတတ်တဲ့ ကောင်လေးတွေကို ကြည့်မရ ဖြစ်လာမယ် ၊ သူက တခြားကောင်လေးတွေကို အရောဝင်တဲ့အခါ ပြောမပြတတ်တဲ့ ခံစားမှုတွေနဲ့ ဒေါသထွက်လာမယ်။ ဒါဆိုရင်တော့ သင့်အနေနဲ့ သူမကိုချစ်မိနေပါပြီ။

state ကျောင်းမှာကတည်းက ပေါင်းသင်းခဲ့တဲ့ သူငယ်ချင်းလေးကို တက္ကသိုလ်ကျောင်းတော်ရာကြီး အရောက်မှာ တစ်နည်းတစ်ဖုံ ပြောင်းလဲခင်တွယ်မိတယ်ဆိုပါတော့။ ဒီအခါ သင်တို့နှစ်ဦးကြားက အဖြူရောင် သံယောဇဉ်လေးကို ဘယ်လိုများ ပြောင်းလဲပစ်မလဲ။ ပြောရတာ ထင်သလောက်တော့ မလွယ်ကူပါဘူး။ ဒီလိုဆို အခုဖော်ပြမယ့် အချက်လေးတချို့ကို လိုက်နာကြည့်ကြပါစို့။

(၁) လက်ရှိအခြေအနေကို သုံးသပ်ပါ။

နံပါတ်တစ်ကတော့ နံပါတ်တစ်ပါပဲ။ သင့်အနေနဲ့ ဘာပြောင်းလဲမှုမှ မကြိုးစားခင်လက်ရှိအခြေအနေကို ကောင်းစွာနားလည်ထားရပါမယ်။ ရှိထားတဲ့ ခင်မင်မှုလေးပါ ပြောက်ပျက်မသွားစေဖို့ ရုတ်တရက် ဖွင့်ပြောမှုမျိုး မလုပ်မိအောင် သတိထားရပါမယ်။ တကယ်လို့များ သူမအနေနဲ့ သင့်ကို သူငယ်ချင်းအနေနဲ့ပဲ မြင်ထားတယ်ဆိုရင် ရုတ်တရက်ကြီး ဖွင့်မပြောသင့်ပါဘူး။ အခြေအနေတွေကို လိမ္မာပါးနပ်စွာနဲ့ တဖြည်းဖြည်းချင်းပြောင်းလဲယူရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖြတ်လမ်းနည်းမသုံးပါနဲ့လို့ သေသေချာချာ မှာပါရစေ။



(၂) မိမိကိုယ်ကိုယ် အရင်ပြုပြင်ပါ။

သူမကတော့ သင့်ကိုသူငယ်ချင်း တစ်ယောက်အနေနဲ့ကလွဲပြီး တခြားအမြင်နဲ့ ပြောင်းလဲ သုံးသပ်ဖူးမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သင့်ကို သူငယ်ချင်းတစ်ယောက်လို့ပဲ စိတ်ထဲ မှတ်ထားတာကိုး။ သင့်ရဲ့ အတွင်းစိတ်က သူမအတွက် အစကတည်းက လှပပြီးသားပါ။ ဒီတော့ သင့်ရဲ့ ပြင်ပအသွင်အပြင်ကို အရင်ပြုပြင်ရပါမယ်။ လူပျိုတစ်ယောက်အဖြစ် ခံ့ခံ့ညားညား ထည်ထည်ဝါ၀ါ ဖြစ်လာပြီး ဖွံ့ဖြိုးလာတဲ့ ခန္ဓာကိုယ်အသွင်အပြင်နဲ့ အမျိုးသမီးအများစု လည်ပြန်ကြည့်ရလောက်အောင် သင့်ကိုယ်သင် ပြောင်းလဲယူရပါမယ်။ ဒါမှသာ သူမအနေနဲ့ သင့်ကို တခြားအမျိုးသားတစ်ဦးအဖြစ် ပြောင်းလဲ သတိထားမိနိုင်မှာပါ။

(၃) လူကြားထဲ တွဲဖက် ပွဲတက်မှုတွေလုပ်ပါ။

တခြားသူငယ်ချင်း စုံတွဲတွေနဲ့ တွေ့ဆုံပြီး ညစာစားတာမျိုး၊ ပျော်ပွဲစားခရီးထွက်တာမျိုး စတဲ့ အစီအစဉ်တွေ ပြုလုပ်ပါ။ သင်တို့နှစ်ဦးက သူငယ်ချင်းဖြစ်တာကြောင့် သူငယ်ချင်းအနေနဲ့ပဲ သွားပါ။ ဒါပေမယ့် အတွဲတွေကြားကို ရောက်သွားတဲ့အခါ သူမအနေနဲ့ သင့်ကိုလည်း သူမရဲ့ ချစ်သူရည်းစားနေရာမှာထားပြီး စိတ်ကူးကြည့်မိမှာ ကျိန်းသေပါတယ်။ တခြားအတွဲတွေကိုကြည့်ပြီး သင်ဟာ သူမရဲ့ဘေးမှာ အချိန်အကြာကြီး ရပ်တည်ပေးခဲ့ပြီး သူမရဲ့ဘ၀အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာကို သတိပြုမိသွားပါလိမ့်မယ်။



(၄) ကြိုတင်မတောင်းဆိုပဲ တွေ့ဆုံမှုတွေ ပြုလုပ်ပါ။

သင်တို့နှစ်ဦးဟာ သူငယ်ချင်းအနေအထားက တစ်ဆင့်တက်မှာဖြစ်တဲ့အတွက် အခြား အတွဲတွေလို date လုပ်ဖို့ ကြိုတင်ချိန်းဆိုတာမျိုး မလုပ်သင့်ပါဘူး။ ဒီလို တခမ်းတနား ခွင့်တောင်းလိုက်ရင် သူမအနေနဲ့လည်း လက်ခံရခက်သလို သင့်အနေနဲ့လည်း မရိုးသားမှုကို တမင်ဖော်ပြရာ ရောက်ပါတယ်။ ဒါကြောင့် သူမတစ်ဦးတည်း ရှိတတ်မယ့်နေရာ ၊ ရှိတတ်မယ့်အချိန်ကို မှန်းပြီး တွေ့ဆုံနိုင်အောင် ကြိုးစားပါ။

(၅) ဆောင်းပါးရိပ်ခြည် စကားသန်းပါ။

ဒီအဆင့်အတွက်တော့ သင့်မှာအနည်းငယ် ကျွမ်းကျင်မှုရှိဖို့လိုပါတယ်။ ဖော်ပြခဲ့သလို နှစ်ဦးတည်း ရှိနေမယ့် အခြေအနေတစ်ခု ရောက်တဲ့အခါ သင့်ရဲ့ သဘောထားကို ဆောင်းပါးရိပ်ခြည် ဖော်ပြဖို့လိုပါတယ်။ ဥပမာ- “ငါသာ မင်းရဲ့ ကောင်လေးဆို မင်းကို ဒီလိုမျိုး တစ်နေကုန်လွှတ်မထားဘူး” စသဖြင့် သင့်ရဲ့ စိတ်ဝင်စားမှုကို သူမရိပ်မိနိုင်အောင် လိမ္မာပါးနပ်စွာ ဖော်ပြတတ်ရပါမယ်။ ဒီအဆင့်မှာ သူမဆီက လက်ခံနိုင်တဲ့ အခြေအနေ ၊ နှစ်သက်တဲ့ အမူအရာတွေ တွေ့ရပြီဆိုရင်တော့ နောက်တဆင့်ကို ရဲရဲသာတက်လိုက်ပါ။



(၆) ဖိုမ သဘာဝ အဆင့်ကို ရောက်ပါပြီ။

စောစောကအဆင့်မှာ စကားလုံးတွေနဲ့ ဖော်ပြခဲ့တာအောင်မြင်သွားပြီဆိုပါစို့။ ဒီအဆင့်ကတော့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုတွေနဲ့ သူမကို ဆွဲဆောင်ရမှာပါ။ ဒါမျိုးကတော့ အမျိုးသားအများစု သိထားပြီးသား ဖြစ်လို့ အထူးတလည်ဖော်ပြမနေတော့ပါဘူး။ မသိသေးဘူးဆိုရင်လည်း ဆရာ့ ဆရာ စီနီယာအစ်ကိုကြီးတွေ ဆီက နည်းနာယူပါ။ ဥပမာ - သူမရဲ့ နောက်ကျော ၊ လည်ပင်း စတဲ့နေရာမျိုးတွေကတဆင့် ရင်ခုန်မှုကို လှုပ်နိုးပါ။

(၇) အောင်ပန်းကို ဆွတ်ခူးလိုက်ပါ။

အပေါ်ကပြောခဲ့တဲ့ အဆင့်(၆)ဆင့်လုံးကို ကျေကျေနပ်နပ်ကြီး ဖြတ်သန်းနိုင်ခဲ့ပြီဆိုတာ သေချာရင်တော့ သင့်ရဲ့ သဘောထားကို အတိအလင်းဖော်ပြပြီး သူငယ်ချင်းသံယောဇဉ်ကနေ ရုန်းထွက်လိုက်ပါတော့။ သူမကို သင်ဘယ်လောက်ချစ်ခဲ့ရကြောင်း၊ ဘယ်လောက်မျှော်လင့်ခဲ့ရကြောင်း စသဖြင့် ပြောပြပါ။

ဒါပေမယ့် ဒီအဆင့်ပြီးလို့ အနိုင်ရပြီလို့တော့ မထင်လိုက်ပါနဲ့။ တကယ် ရှုပ်ထွေးတဲ့ အချစ်ရေး ဇာတ်လမ်းက အခုမှစတာပါ။ သင့်အနေနဲ့ သူငယ်ချင်းထက်ပိုပြီး ခက်ခဲလေးနက်တဲ့ သမီးရည်းစား သံယောဇဉ်ကို အောင်မြင်အောင် ဆက်လက်ထိန်းသိမ်းဖို့ လေ့လာရဦးမယ့် အရာတွေ အများကြီးရှိသေး တာကြောင့် တကယ့်အချစ်စစ်မှာ ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Ref:mensxp

သူ့အတွက် နားထောင်ကောင်းသူ တစ်ယောက်ဖြစ်လာစေဖို့




အမျိုးသားတိုင်းက အဖော်ကောင်းတစ်ယောက် အမြဲတမ်းလိုချင်တတ်ကြပါတယ်။ ချစ်သူနှစ်ဦးကြား အကောင်းဆုံး ဆက်သွယ်ရေးဟာ စကားပြောတာပါ။ ဒီအခါမှာ အမျိုးသားတွေက ပိုပြီးစကားပြောကြဖို့ လိုသလို အမျိုးသမီးများက နားထောင်သူကောင်းတစ်ယောက် ဖြစ်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆို အမျိုးသမီးတွေရဲ့ စိတ်ဓါတ်နဲ့ဘ၀ဟာ ရိုးစင်းသလောက် အမျိုးသားတွေရဲ့ သဘောထားနဲ့ အယူအဆတွေဟာ အနည်းငယ်ရှုပ်ထွေးတတ်တာကြောင့် သူတို့ခံစားချက်ကို သေချာ နားထောင်တတ်ဖို့ လိုပါတယ်။ ဒါမှာသာ သူတို့ကို နားလည်ပေးနိုင်မှာ ဖြစ်ပြီး အမျိုးသားတွေအလိုချင်ဆုံးကလည်း နားလည်ပေးနိုင်တဲ့ အဖော်မွန်ကောင်းတစ်ယောက်ပါပဲ။

ဒီတော့ အဖော်ကောင်းတစ်ယောက် ဖြစ်ဖို့အတွက် နားထောင်သူကောင်းတစ်ယောက် ဖြစ်အောင် အရင်ကြိုးစားရပါမယ်။

(၁) စကားပြောဆိုရာမှာ ပါဝင်ပါ။ သူပြောဆိုတဲ့ အကြောင်းအရာကို ကျွမ်းကျင်သည်ဖြစ်စေ ၊ မကျွမ်းကျင်သည်ဖြစ်စေ ပါဝင်ဆွေးနွေးပါ။ ဒီအကြောင်းနဲ့ပတ်သက်လို့ သင်ဘယ်လိုခံစားရတယ် ၊ ဘယ်အရာကိုတော့ဖြင့် နားမလည်လိုက်ဘူး စသည်ဖြင့် အားတက်သရော ပါဝင်ဆွေးနွေးပါ။

(၂) ယခင်ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို မှတ်မိကြောင်းပြန်လည် ရည်ညွှန်းချက်ပေးပါ။ ဥပမာ - သူက မင်းသား လီယိုနာဒိုကိုတော့ဖြင့် ဘယ်လောက်နှစ်သက်ကြောင်း ပြောတဲ့အခါ “သြော် - ဟုတ်တယ် ။ ဟိုတစ်ခါတုန်းကလည်း သူရဲ့ .......... ဇာတ်ကားလေးကို မင်းကြိုက်တယ်ပြောဖူးတယ်” စသဖြင့် သူ့စကားတွေကို အလေးထားမှတ်မိနေကြောင်း ကြုံရင် ကြုံသလို ပြသပေးပါ။

(၃) ဘယ်တော့မှ ကြားဖြတ်မပြောပါနဲ့။သူပြောတဲ့စကားကို အကြောင်းအရာ အဆုံးအထိ နားထောင်ပေးပါ။ တကယ်လို့သူက မှားနေတယ်ဆိုရင်တောင် ပြီးဆုံးတဲ့အထိ နားထောင်ပြီးမှ ဘယ်နေရာမှာတော့ ဘယ်လိုမှားနေတယ်။ ဘယ်အကြောင်းအရာကတော့ နားလည်မှုလွဲနေတယ် စသဖြင့် ထောက်ပြပေးပါ။ ကြားဖြတ်ပြောလိုက်ခြင်းအားဖြင့် သူ့ရဲ့ အားတက်သရော စကားပြောနေမှုကို အနှောင့်အယှက် ဖြစ်စေပြီး စိတ်ကသိကအောက် ခံစားရနိုင်ပါတယ်။

(၄) လက်ဟန်ခြေဟန်များကို လိုအပ်သည့်နေရာများတွင် ထည့်သုံးပါ။ ဘာလှုပ်ရှားမှုမှ မရှိဘဲ စကားပြောနေခြင်းက အေးစက်စက်အမူအရာကို ဖြစ်စေပြီး စိတ်ပါဝင်စားမှု မရှိရာရောက်ပါတယ်။ သူမစကား အသွားအလာ အကြောင်းအရာကို ကြည့်ပြီး လိုအပ်တဲ့ ကိုယ်ဟန်အမူအရာတွေ အသုံးပြုရပါမယ်။ ဥပမာ- သူ ၀မ်းနည်းကြောင်းပြောတဲ့အခါ နှစ်သိမ့်တဲ့အနေနဲ့ ဖက်ထားပေးတာမျိုး စတဲ့အပြုအမူတွေက အလွန်ပဲ အသုံးဝင်ပါတယ်။

(၅) ရိုင်းပြစေတဲ့ အမူအရာမျိုးကို ရှောင်ကျဉ်ပါ။ သူရဲ့စကားတွေကို သင့်ရဲ့ ဓါတုဗေဒ သင်ခန်းစာ နားထောင်နေသလိုမျိုး စကားဆုံးတာနဲ့ ထိုင်ခုံပေါ်က ရုတ်တရက် ထလိုက်တာမျိုး ၊ ဆတ်ခနဲ လှည့်ထွက် လိုက်တာမျိုး မလုပ်ပါနဲ့။ ဒါဟာ စိတ်မပါပဲ နားထောင်နေတာမှန်း အလွန်သိသာပါတယ်။ အဲဒီအစား အခုလို သူ့သဘောထားတွေကို ပွင့်ပွင့်လင်းလင်း သိခွင့်ရတဲ့အတွက် အလွန်ဝမ်းသာကြောင်း ၊ သူ့စကားတွေကို သင်ဘယ်လောက်နှစ်သက်ပြီး တန်ဖိုးထားကြောင်း စတာတွေကို စကားဝိုင်း အပြီးသတ်မှာ ထည့်ပြောပေးပါ။

ဒါမှသာ သင်ဟာ နားထောင်သူကောင်းတစ်ယောက်လို့ သတ်မှတ်နိုင်မှာဖြစ်ပြီး သူ့ရဲ့ ယုံကြည်မှု ၊ အားထားမှု ၊ သဘောကျနှစ်သက်မှုတွေကို ရယူနိုင်မှာဖြစ်ပါတယ်။ ဒီလိုရယူနိုင်မှလည်း သင်ဟာ သူ့ရဲ့ အဖော်မွန်ကောင်းတစ်ယောက် ဖြစ်လာနိုင်မှာပေါ့။

Ref:mensxp

၁၆ နှစ်သမီးလေးကို အအေးနဲ့ ဘီယာရောတိုက်ပြီး သားမယားအဖြစ်ပေါင်းသင်းခဲ့သူအမှုဖွင့်ခံရ



အသက် ၁၆ နှစ်အရွယ် သမီးဖြစ်သူကို ချစ်သူရည်းစားမဟုတ်သည့် အလုပ်အတူလုပ်သူက ကားတင် ခေါ်ဆောင်ပြေးပြီး ၀ါးခယ်မမြို့တွင် သားမယားအဖြစ် ပေါင်းသင်းခဲ့သည်ဟုဆိုကာ တိုင်တန်းမှုကို လှိုင် သာယာရဲစခန်းက ဇန်န၀ါရီ ၂၆ ရက်တွင် အမှုဖွင့်စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲ တပ်ဖွဲ့စခန်းက ထုတ်ပြန်ထားသည်။

အမှုတွင် ဇန်န၀ါရီ ၂၁ ရက် ည ၈ နာရီ ခွဲက (၇)ရပ်ကွက်နေ အသက် ၅၄ နှစ်ရှိ တရားလို အမျိုးသမီး ကြီးသည် ၁၆ နှစ် သမီးအပါအ၀င် ၎င်းအလုပ်သမားတစ်ဦးတို့နှင့်အတူ တံတားဖြူလမ်းမကြီးဘေးရှိ လက်ဖက်ရည်ဆိုင်တစ်ခုတွင် လက်ဖက်ရည်သောက်ခဲ့သည်ဟု ဆိုထားသည်။

ထို့နောက် သမီးဖြစ်သူကို ကြာဆံကြော်ဝယ်ခိုင်းရာမှ ည ၉ နာရီခွဲအချိန်ထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် လိုက်လံရှာဖွေရာ အမျိုးသားတစ်ဦးက လက်ဆွဲ၍ တက္ကစီဖြင့် ခေါ်ဆောင်သွားကြောင်း သိရှိခဲ့ရသည်ဟု တရားလိုက ရဲထံတွင် ဆိုထားသည်။

ထို့နောက် ဇန်န၀ါရီ ၂၃ ရက်တွင် ကြက်ဒိုင်တစ်ခုတည်းတွင် အလုပ်လုပ်သည့် သန့်ဇင် (၂၃)နှစ်၏ ၀ါးခယ်မမြို့ရှိ နေအိမ်သို့ သွားရောက် စုံစမ်းရှာဖွေရာ သမီးဖြစ်သူကို ပြန်လည်တွေ့ရှိခဲ့သည်ဟု ဆို သည်။

ထို့ပြင် သန့်ဇင်သည် သမီးဖြစ်သူကို အအေးနှင့် ဘီယာရောတိုက်ပြီး ၀ါးခယ်မမြို့သို့ ခေါ်ဆောင်သွား ကာ ချစ်ကြိုက်ခြင်းမရှိဘဲ သားမယားအဖြစ် ပေါင်းသင်းထားကြောင်း သမီးဖြစ်သူက ပြောပြခဲ့သဖြင့် မိခင်ဖြစ်သူက ၀ါးခယ်မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ခြင်းလည်း ဖြစ်သည်။
ထို့ကြောင့် ၀ါးခယ်မရဲစခန်းက (ပ)၁၁ /၂၀၁၄ဖြင့် ပုဒ်မ ၃၆၃/၃၆၆တို့ဖြင့် အမှုဖွင့်စစ်ဆေးပြီး ပေါ်ပေါက် ချက်များအရ လှိုင်သာယာရဲစခန်းက (ပ)၁၀၃/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၆၃/၃၆၆ တို့ဖြင့် ဆက် လက်အရေးယူရန် တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေသည်။

လုပ်ခသွားတောင်းသူတွေကို သေးပန်းတဲ့ တရုတ်တွေရဲ့ CNPC ရုံးခွဲ မီးရှို့ခံရ




လုပ်ခတောင်းသူတဲ့သူတွေကို ရုံးပေါ်ကနေ သေးနဲ့ပန်းချတဲ့ အတွက် တရုတ် CNPC ရဲ့ ရုံးခွဲ တစ်ခုကို ဒီလ ၂၆ ညနေပိုင်းက ဒေသခံတွေက မီးရှို့လိုက်ကြတယ်လို့ သိရပါတယ်။

ဒေသခံ ကျေးရွာသား တစ်ဦးပြောတာကတော့ အခု မီးရှို့ခံရတဲ့ တရုတ် CNPC ရုံးခွဲဟာ ရခိုင်ပြည်နယ် အမ်းမြို့နယ် ဆင်ခုံးတိုင်းကျေးရွာမှာ တည်ရှိတယ်လို့ ပြောပါတယ်။

ဖြစ်ပွားပုံနဲ့ ပတ်သက်ပြီး သူက ပြောကြားရာမှာ လုပ်ခ သွားတောင်းတဲ့ ရွာသားတွေ ရုံးအောက်မှာ စုရုံးနေချိန်မှာ တရုတ်ဝန်ထမ်း တစ်ဦးက ရုံးပေါ်ကနေ သေးပန်းချတယ်လို့ ပြောပါတယ်။ ဒီအပေါ်မှာ မကျေနပ်တဲ့ အတွက် ခုလို မီးရှို့လိုက်ကြတာဖြစ်တယ်လို့ ပြောပါတယ်။

ရွာသားတွေက သေးပန်းခံရတဲ့နောက်မှာ ၀ိုင်းဝန်းတိုက်ခိုက်ခံရမှာကို စိုးရိမ်တဲ့ အတွက် တရုတ်ဝန်ထမ်းတွေ ထွက်ပြေးသွားတဲ့ နောက်မှာ တရုတ်ဝန်ထမ်းတွေနေတဲ့ ရုံးခွဲ တစ်ခုနဲ့ ဆီပီပါတွေကို ရွာသားတွေက မီးရှို့လိုက်တယ်လို့ သူက ဆိုပါတယ်။

တရုတ်ဝန်ထမ်းတွေဟာ အစိုးရ အချင်းချင်း လုပ်တဲ့ စီမံကိန်းတွေ ဖြစ်တယ်ဆိုပြီး ဘယ်သူကိုမှ ဂရုမစိုက်သလို ဘယ်မြန်မာ အစိုးရ အရာရှိမှလည်း သူတို့ကို မပြောဝံ့တာကြောင့် ဒေသခံ လုပ်သားတွေ အပေါ်မှာ မချေမငံ ဆက်ဆံတာတို့၊ ရိုင်းပျစော်ကားတာတွေ ပြုလုပ်နေတာတွေ ကြာပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။

ခုလို ဆက်ဆံပြုမူနေတာတွေကို အရင်ကလည်း တိုင်းတန်းတာတွေ ရှိပေမယ့် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်အဆင့်ရှိသူတွေက ဘာတစ်ခုမှ ၀င်ရောက်ပြောဆိုတာတွေ မရှိဘူးလို့လည်း လူမူရေး လူပ်ရှားနေသူတွေက ပြောပါတယ်။

ဒါ့ပြင် လုပ်အားခ လျှော့ပေးတာတို့၊ လုပ်အားခတွေကို ပုံမှန် မရှင်းပေးတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

နောက်ဆုံး ရရှိတဲ့ သတင်းအရ အခင်းဖြစ်ပွားတဲ့ ဆင်ခုံးတိုင်ရွာကို ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့က ရဲတွေ ရောက်ရှိနေပြီး ဖမ်းဆီးတာ တချို့လည်း ရှိနေတယ်လို့ သိရပါတယ်။

နိရဉ္စရာ



အင်းဝဘဏ် အနုကြမ်းစီးသည့်ဗိုလ်ကြီးကို ပြစ်ဒဏ် နှစ်ရပ်ချမှတ်မည်





တပ်မ တော်ပိုင် အင်းဝဘဏ်ကို အနု ကြမ်း စီးခဲ့သည့် ဗိုလ်ကြီးအဆင့် ရှိသူသည် တရားရုံးတွင် ပြစ်မှု ကျူးလွန်ကြောင်း ၀န်ခံလိုက်ပြီ ဖြစ်သဖြင့် ကျူးလွန်သူကို စစ် ဘက်၊ နယ်ဘက်ဥပဒေများအ ရ ပြစ်ဒဏ်နှစ်ရပ်စလုံးဖြင့် ချမှတ် သွား မည်ဖြစ်ကြောင်း နေပြည် တော် ရဲချုပ်ရုံးမှ ရဲမှူးကြီးတစ် ဦးက ရန်ကုန်တိုင်းမ်သို့ အတည် ပြုပြောကြားသည်။

အဆိုပါမှုခင်းသည် တပ် မတော်သားတစ်ဦးမှ ကျူးလွန် သော အမှုဖြစ်သောကြောင့် ပြစ်မှုကျူးလွန်သူဟု ဆိုသော ဗိုလ်ကြီးဝေယံ မျိုးကျော်ကို ဖမ်း ဆီးရမိပြီး သက်ဆိုင်ရာအမှတ်- ၆၀၀၆ ကန့်ဘလူမြို့နယ် တင့် ကားတပ်(ကြည်း)သို့ အကြောင်း ကြားပြီး တပ်သို့လွှဲအပ်ကာ ယခု အခါတပ်မှ တာဝန်ရှိသူများက ၎င်းင်းကို စစ်ဘက်ဆိုင်ရာတရားရုံး တွင် စစ်ဆေးမေးမြန်းမှုများပြု လုပ်နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါရဲမှူးကြီးက ““သူ ဖြောင့်ချက်ပေးပါပြီ။ သူ့ကိုတပ် ဥပဒေအပြင် နယ်ဘက်ဥပဒေနဲ့ ပါ အရေးယူရမှာပါ။ တရားရုံး က သူ့ကိုပြစ်မှုတွေ တစ်ပေါင်း တည်းကျခံစေဆိုပြီး အမိန့်ချ မှာပါ။ စစ်ဆေးစရာ ရှိတာတွေ တော့ ဆက်လုပ်နေတုန်းပဲ။ နောင် တပ်မတော်သားတွေ ပြစ်မှု ကျူးလွန်မှုတွေ မလုပ်ရဲအောင် စံပြနမူနာတစ်ခုအနေနဲ့ ဆောင် ရွက်သွားမှာပါ””ဟုပြောသည်။

မိတ္ထီလာမြို့နယ်အမှတ် (၂) ရဲစခန်း တောင်ဘက် (၂၂)ကိုက်ခန့်အကွာ မိတ္ထီလာဈေး ကြီးတောင်ဘက် ရန်ကုန်-မန္တ လေး လမ်းဘေးရှိ အင်းဝဘဏ် ကို လူတစ်ဦးက ဘဏ်မန်နေဂျာ အား ကျောမှသိုင်းဖက်ပြီး လက် တစ်ဖက်မှ အရိုးအသွား ၁၄ လက်မခန့်ရှိဓားဖြင့် လည်ပင်း အားထောက်ပြီး ၀င်ရောက်အနု ကြမ်းစီးရာမှ ဘဏ်လုံခြုံရေး တပ်ဖွဲ့ဝင်များ ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးကျော်အောင်က ““တကယ် တော့ တပ်မတော် သားတွေဒီ လိုပြစ်မှုမျိုးကို ကျူးလွန် တာ နိုင်ငံတော် အတွက်တော့ သိက္ခာ ကျတယ်။ ပြင်းပြင်းထန်ထန်နဲ့ နောင်ကြဉ်အောင် စီရင်ချက် ချသင့်တယ် ။ နောင် တပ်မ တော်သားတွေအတွက်လဲ စံပြ ဖြစ်အောင်ပေါ့”” ဟု ပြောသည်။

ဗိုလ်ကြီးဝေယံမျိုးကျော် အား မိတ္ထီလာအမှတ်(၂) ရဲစခန်း မှ စခန်းမှူး ရဲအုပ်မြင့်သန်းက တရားလိုလုပ်ပြီး အမှုဖွင့်ကာ စစ် ဆေးဆောင် ရွက်နေကြောင်း သိ ရသည်။ ပြစ်မှုကျူးလွန်သူဟု အ မှုဖွင့်တိုင်ကြားခံထား ရသူ မှာ ကန့်ဘလူ အမှတ်၆၀၀၆ တင့် ကားတပ်မှ ကြည်း/၄၇၄၈၀ ဗိုလ် သင်တန်းအမှတ်စဉ်(၄၉)မှ ဗိုလ် တစ်ဦးဖြစ်ပြီး ကူမဲမြို့နယ်မိုင်း မောတပ်၌ တပ်ခွဲမှူးသင်တန်း အမှတ်စဉ် ၃၆/၂၀၁၃တွင် သင် တန်းတက်ရောက်နေပြီး အသက် ၂၆နှစ်ခန့်ရှိကြောင်း သိရသည်။
ကျော်မြတ်ဇံ
Yangon Media Group

ဒူချီရာတန်း အနောက်ရွာမှာ မီးလောင်မှု ဖြစ်ပွား






ယခင် မီးလောင်မှု ဖြစ်ပွားတုန်းက မြင်ကွင်းတခု

မောင်တော မြို့နယ် ဒူချီရာတန်း အလယ်ရွာမှာ မွတ်ဆလင်တွေ အစုလိုက် သတ်ဖြတ်ခံ ရတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီးမနေ့က ရန်ကုန် မြို့ နိုင်ငံခြားရေးရုံးမှာ အစိုးရ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

ညပိုင်းမှာတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အစ္စလာမ် ကျေးရွာ တရွာ ဖြစ်တဲ့ ဒူချီရာတန်း အနောက်ရွာမှာ မီးလောင်မှု ဖြစ်ပွားခဲ့လို့ အိမ်တချို့ ပါသွားခဲ့ပါတယ်။

မီးသတ်ကားနဲ့ အတူ မီးလောင်ပြင်ကို ရောက်ရှိသွားတဲ့ မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်းကို အခင်း ဖြစ်ပွားပုံ အကြောင်း မေးကြည့်တဲ့ အခါ မနေ့ ဇန္နဝါရီ ၂၈ ရက်နေ့ည ၈နာရီ ၄၅မိနစ် က စလောင်တာ ဖြစ်ပြီး ဘာကြောင့် လောင်တာလဲ ဆိုတာကို အတိအကျ မသိရသေးဘူး ၊ ဒါပေမယ့် အိမ်အောက်မှာ ထင်းပုံတွေ တွေ့တယ် ၊ ရှို့မီးလို့ ယူဆကြောင်း သူက ပြောပါတယ်။

ဒါ့အပြင် ထိခိုက် ဒဏ်ရာရမှုတွေ မတွေ့ရသလို ရွာသားတွေလည်း တယောက်မှ မရှိဘူးလို့ သူက ဆိုပါတယ်။

အိမ်ကြီး ၄ လုံး အိမ်သေး ၁၂လုံး မီးထဲ ပါသွားတာကြောင့် အားလုံး အိမ် ၁၆လုံး မီးထဲ ပါသွားတာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

အခင်းဖြစ်တဲ့နေရာကို သူတို့ အဖွဲ့တွေ ၉နာရီ မိနစ် ၂ဝ မှာ ရောက်ရှိ ခဲ့တာ ဖြစ်ပြီး ည ၁၀ နာရီ ၁၀ မိနစ်မှာ မီးညွှန့်ကျိုးသွားတယ်လို့ သူက ပြောပါတယ်။

သူတို့ရောက်လာချိန်မှာ ဘယ်သူမှ မတွေ့ဘဲ ရွာထဲမှာ အမျိုးသမီး တယောက်သာ ရှိတယ်လို့ ဆိုပါတယ်။

ဘယ်အိမ်က စလောင်တာလဲ ဆိုတာဘဲ သိပြီး ဘာကြောင့်လောင်တာလဲ ဆိုတာကို အဲဒီ အမျိုးသမီးက မပြောနိုင်ဘူးလို့ သူက ရှင်းပြပါတယ်။

ဒါ့အပြင် ဘေးပတ်ဝန်းကျင်က ဘယ်သူမှ လာပြီး ကူညီတာ မရှိသလို အခုအချိန်မှာ မှောင်နေတော့ ဘယ်သူမှလည်း မတွေ့ဘူးလို့ ဦးကြည်စန်းက ပြောပါတယ်။

အရင်ကလည်း ပေါ့ဆမီးတွေ လောင်ဖူးပေမယ့် ဘေးအိမ်တွေက ဝိုင်းငြိမ်းပေးလေ့ရှိတာကြောင့် အခုလောက် အိမ်အများအပြား မီးထဲပါလေ့ မရှိဘူးလို့ သူက ဆိုပါတယ်။

အခုတကြိမ်မှာ ထူးဆန်းတာက ဝိုင်းမငြိမ်းဘဲ ထိပ်ဖက်က စလောင်တာ နှစ်လုံး အလယ်က လေးလုံးနဲ့ ဟိုဖက်က အနောက်က အိမ် ၁ဝလုံး လောင်တာ ဖြစ်တဲ့ အပြင် အိမ်တွေအောက်မှာ ထင်းပုံကြီးတွေ တွေ့၇တယ် ၊ ဒီထင်းပုံတွေဟာလည်း သုံးဖို့ မဖြစ်နိုင်ဘူး ၊ အိမ်ကြီး အိမ်ကောင်းတွေ အောက်မှာ ဘယ်သူမှ သုံးဖို့ ထင်းပုံတွေ ထားလေ့ မရှိဘူးလို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အဲဒီ အရပ်မှာ လောင်စာ သုံးတာ ရှိမရှိ အခုမှ မီးစက်တွေနဲ့ ရှာဖွေ စစ်ဆေးဖို့ လုပ်နေတယ်လို့ သူက ဆိုပါတယ်။

ရွာထဲက လူတွေ ထွက်ပြေးတယ် ဆိုတာဟာလည်း ရန်မူလို့ ထွက်ပြေးတာ မဖြစ်နိုင်သလို ရန်မူစရာ အကြောင်းလဲ မရှိဘူးလို့ ဦးကြည်စန်းက ပြောပါတယ်။

အခုတော့ လုံခြုံရေး ချထားရမယ် ၊ ရွာမှာ လူလည်းမရှိ ၊ မီးညွှန့်ကျိုးလို့ မီးလောင်ပြင် ရှင်းလင်းရေး အတွက် လုံခြုံရေး ထားဖို့ လိုတယ်လို့ အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက ရှင်းပြခဲ့ပါတယ်။

ဘီဘီစီ

Related Posts Plugin for WordPress, Blogger...