Monday, February 10, 2014

အသားဖြူစေမယ့် သဘာဝနည်း



အသားကိုဖြူစေတဲ့ အလှကုန်အများစုမှာ မယ်လနင် (melanin) ကို ထုတ်လုပ်ပေးတဲ့ ဆဲလ်တွေကို သေစေနိုင်တဲ့ hydroquinone ဒါမှမဟုတ် mercury ပါဝင်ကြပါတယ်။ အနည်းငယ်ဆို ကိစ္စမရှိပေမယ့် အချိန်ကြာကြာသုံးစွဲလာရင်တော့ လူခန္ဒာကိုယ်ကို အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။
ဒီဆောင်းပါးမှာဖော်ပြထားတဲ့ နည်းလမ်းလေးကို ယခင် CNN နဲ့ အမျိုးသမီး မဂ္ဂဇင်း တချို့မှာ editior လုပ်ခဲ့ဖူးပြီး သဘာဝအလှကုန် Petite Marie Organics ကိုဦးဆောင်နေတဲ့ Julie Gabirel ရေးတဲ့ The Green Beauty Guide မှ ထုတ်နှုတ်ဖော်ပြထားတာဖြစ်ပါတယ်။ အသားဖြူစေရုံသာမကပဲ မျက်နှာပေါ်မှာရှိတဲ့ အစက်အပျောက်၊အမာရွတ်တွေကိုလည်း မှိန်စေနိုင်ပါတယ်။



လိုအပ်တာတွေက-
ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
သံပုရာရည် လက်ဘက်ရည်ဇွန်း ၄ဇွန်း
ဒိန်ချဉ် လက်ဘက်ရည်ဇွန်း ၃ဇွန်း
ကြက်ဥတစ်လုံး (အကာ) တို့ဖြစ်ကြပါတယ်။
အသုံးပြုပုံ
အထက်မှာဖော်ပြထားတဲ့ ပစ္စည်းတွေကို သမအောင်မွှေပြီးရင် မျက်နှာပေါ်မှာ လိမ်းပေးပါ။ ၁၅ မိနစ်လောက်စောင့်ပြီး ရေကြက်သီးနွေးနဲ့ ဆေးချလိုက်ရုံပါပဲ။ လက်ကျန်ကို ရေခဲသတ္တာထဲမှာ တစ်ပတ်စာလောက် သိမ်းထားနိုင်ပါတယ်။
သံပုရာသီးနဲ့ ဒိန်ချဉ်က အစက်အပျောက်နဲ့ ဝက်ခြံအမာရွတ်တွေကို ဖယ်ရှားပေးပြီး ကြက်ဥအကာက အသားအရည်ပျက်စီးခြင်းမှကာကွယ်ပေးပါတယ်။ ပျားရည်ကတော့ ရောဂါပိုးတွေကို သေစေနိုင်ပြီး အသားကိုနူးညံ့ချောမွေ့စေမှာပါ။
၈ ကြိမ်လောက်လုပ်ပြီးရင်၊ ထူးခြားချက်ကို မြင်တွေ့ရပါလိမ့်မယ်.

ချွေးပေါက်ကျယ်ခြင်း


ချွေးပေါက်ကျယ်တာကလည်း မိန်းကလေးတွေ အတွက် ဒုက္ခတစ်မျိုးပဲ မဟုတ်ပါလား? မှန်ထဲကြည့်လိုက်ရင် သူများတွေလို ညက်ညက်လေး ဖြစ်ချင်ရတာ။ မြတ်ကြည်လည်း အပါအဝင်ပေါ့။



ချွေးပေါက်လေးတွေက ခန္ဒာကိုယ်က မလိုအပ်တဲ့ အညစ်အကြေး၊ ချွေးတို့ကို စွန့်ထုတ်ပေးသလို အသားအရေ စိုပြေလန်းဆန်းဖို့အတွက် အဆီကိုလည်း ထုတ်ပေးပါတယ်။ အဲဒါကြောင့် အသားအရေ ခြောက်တဲ့သူတွေဟာ စိုပြေတဲ့သူတွေ ထက် ပိုပြီး အိုမင်းရင့်ရော်လွယ်စေပါတယ်။ အဲဒီလိုကျတော့လည်း ကောင်းသား။
ချွေးပေါက်ကျယ်တာက မျိုးရိုးလိုက်တတ်သလို အရေပြားထဲမှာ အဆီ၊ ချေး၊ ဖုန် လေးတွေ ပိတ်မိနေတာက ချွေးပေါက်ကို ပိုပြီးကျယ်စေပါတယ်။ ချွေးပေါက်ကျယ်တဲ့သူတွေဟာ သာမန်ထက်ပိုပြီး အဆီပြန်နိုင်၊ ဝက်ခြံပိုထွက် နိုင်ချေရှိပါတယ်။
ဘယ်လိုလုပ်မလဲ?



1) မျက်နှာကို ညစဉ် မိမိအသားအရေနဲ့ ကိုက်မယ့် facial foam နဲ့ မျက်နှာသစ်ပါ။ အရင်ဆုံးကို ရေကြက်သီးနွေးလေးနဲ့သစ်ပေးပါ။ အဲဒါက ချွေးပေါက်ကို ခနကျယ်စေပြီး အဲဒီ ချွေးပေါက်ထဲမှာပါတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပါလိမ့်မယ်။ ပြီးမှ ရေအေးနဲ့ပြန်သစ်ပေးရင် သန့်စင်ပြီးသားချွေးပေါက်လေးတွေ ပြန်ပြီးကျဉ်းစေပါတယ်။

2) Toner သုံးပါ။ Toner သုံးတာက ချွေးပေါက်ဘေးက ကြွက်သားလေးတွေကို တင်းပေးတာကြောင့် ချွေးပေါက်ကို မသိသာစေတော့ပါဘူး။ ဒါ့အပြင် အထဲမှာ ကပ်ငြိနေတာတွေကိုလည်း ဖယ်ရှားပေးပါတယ်။ နောက်ထပ်လိမ်းမယ့် skincare ကို မျက်နှာမှ စုပ်ယူမှုပို အားကောင်းစေပါတယ်။



3) Oil free products များကို မှီဝဲပါ။ အဆီပါတဲ့ အလှကုန် ပစ္စည်းတွေဟာ ချွေးပေါက်ကို ပိုပြီး ထင်ရှားစေပါတယ်။
4) ဗိုက်တာမင် စီ နဲ့ ဗိုက်တာမင် အေ ပါတဲ့ အစားအသောက်ကို စားပေးပါ။ Retin A လို့ ခေါ်တဲ့ Vitamin A လိမ်းဆေးက အဆီပြန်တာ လျှော့ချပေးသလို ဝက်ခြံကိုလည်း သက်သာ ပျောက်ကင်းစေပါတယ်။ ဗိုက်တာမင် စီ ကတော့ ချွေးပေါက် အရွယ် အစားကို ကျဉ်းပေးပါတယ်။ မကောင်းတဲ့ အချက်က မျက်နှာ နီပြီး အသားအရေ ခြောက်သွေ့စေပါတယ်။



5) နေရောင်ဒဏ်မှ ကာကွယ်ပါ။ နေရောင်ကြောင့် အသားအရေပျက်စီးပြီး ချွေးပေါက်ကို ပိုကြီးစေနိုင်ပါတယ်။

6) Perricone MD Intensive Pore Minimizer L’Oreal Skin Genesis Pore Minimizing Skin အစရှိတဲ့ Pore minimizing product တွေကို လည်း အသုံးပြုနိုင်ပါတယ်။

7) Facial Mask::: http://www.thanakharmay.com/2011/10/blog-post_26.html မှာတော့ အိမ်မှာပြုလုပ်နိုင်တဲ့ လွယ်လွယ်ကူကူ နည်းလေးရှိပါတယ်။ မနက်ဖြန် အပြင်သွားမယ်ဆို ဒီနေ့လုပ်လို့ရပါတယ်။

ဒီလောက်ဆို ချွေးပေါက်ကျယ်တာနဲ့ ပတ်သက်လို့ ပြည့်စုံလောက်ပြီ ထင်ပါတယ်နော်။
Facebook မှ မေးခွန်းမေးထားတဲ့ အစ်မ နဲ့ ညီမလေး လည်း အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ရှင်။
အလှတွေ ပိုနိုင်ကြပါစေ။

အလုပ်မခန့်သော ကုမ္ပဏီများကို ကြောင်မစင်များ စာတိုက်က ပို့နေသူ အရေးယူခံရ






အမေရိကန် ပြည်ထောင်စု စိန့်လူးဝစ် နယ်သားတစ်ဦးဟာ သူအလုပ်လျှောက်တိုင်း မခန့်ခဲ့တဲ့ ကုမ္ပဏီတွေ စီးပွားရေး လုပ်ငန်းတွေကို ကြောင်ချေးတွေ စာတိုက်ကနေ ပို့နေတာကြောင့် ၂ နှစ်ခံဝန်ချုပ် အရေးယူ ခံရထားရတယ်လို့ UPI သတင်းတစ်ပုဒ်က ဖော်ပြထားပါတယ်။

အသက် ၅၈ နှစ်အရွယ်ရှိ ဂျီဗွန်စ်ဘရောင်းလို့ အမည်ရသူဟာ ကြောင်ချေးတွေကို စုဆောင်းခဲ့ပြီး အသေအချာ ထုပ်ပိုးပြီးတော့ စီးပွားရေး လုပ်ငန်းတွေကို ပို့နေခဲ့ပါတယ်။

ထိခိုက်စေတဲ့ အရာတွေကို ပို့တဲ့အမှုနဲ့ မစ္စတာ ဂျီဗွန်စ်ဘရောင်းကို ခံဝန်ချုပ် အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။

အလုပ်မရလို့ ကြောင်ချေး ပို့ခဲ့တဲ့ ဒီအမေရိကန်ကြီးဟာ စစ်ပြန်ကြီး တစ်ဦးလည်း ဖြစ်ပါတယ်။

အမေရိကန်စာတိုက် စုံစမ်းရေး ဌာနက ကြောင်ချေးတွေရဲ့ နောက်ကြောင်းကို လိုက်ရင်း မစ္စတာ ဘရောင်းကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်လို့ စာတိုက်လုပ်ငန်း ပြောရေးဆိုခွင့်ရ အရာရှိ ဒန်တေလာက ပြောပြပါတယ်။

“ဒီကိစ္စဟာ ဘယ်သူ့ကိုမှ ထိခိုက်တဲ့ကိစ္စ မဟုတ်ဘူးလို့ ဆိုလို့ မရပါဘူး” ဟု ဥပဒေအရာရှိ ဂျွန်ဘိုဒန်ဟောဆန်က တရားရုံးမှာ ပြောကြားခဲ့ပါတယ်။

ပြိတ္တာများ တရားထူး ရနိုင် မရနိုင် နှင့် အသုရကာယ် ဟူသည်






(ဘဒ္ဒန္တ ၀ါယမသာရ ဖြေဆိုသည်)
(မေး) (ပြိတ္တာများ တရားထူး ရနိုင် မရနိုင်)
တန်ခိုးကြီးသော အဆင့်မြင့် ပြိတ္တာများ တရားအားထုတ်၊ ဥပုသ်စောင့်၊ တရားနာကြသည်ဟု ကြားဖူးပါသည်။ မဂ်ဖိုလ်ရော ရနိုင်ပါသလား။ ဖြေကြားပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားပါသည်ဘုရား။
(အရှင်သုမန-ပြည်မြို့)

(ဖြေ)
ပြိတ္တာမျိုးတို့တွင် ၀ိနိပါတိက အသုရာ နှင့် ဝေမာနိကပြိတ္တာ ဟူ၍ခေါ်သော စတုမဟာရာဇ် နတ်မျိုးဝင် ပြိတ္တာများသည် အချို့မှာ အပါယ်ပဋိသန္ဓေစိတ်ဖြင့် ပဋိသန္ဓေနေကြသည်။ အချို့မှာ ဒွိဟိတ်စိတ်ဖြင့် ပဋိသန္ဓေနေကြသည်။ အချို့မှာ မဂ်ဖိုလ်ရနိုင်ခွင့်ရှိသော ဉာဏ်နှင့်ယှဉ်သော တိဟိတ်ပဋိသန္ဓေစိတ်မျိုးဖြင့် ပဋိသန္ဓေနေကြပါသည်။



အပါယ်ပဋိသန္ဓေစိတ်နှင့် ဉာဏ်နှင့်မယှဉ်သော ဒွိဟိတ်စိတ်ဖြင့် ပဋိသန္ဓေနေသော ၀ိနိပါတိက အသုရာနှင့် ဝေမာနိက ပြိတ္တာတို့မှာ မဂ်ဖိုလ်တရားထူးများ မရရှိနိုင်ပါ။ ဉာဏ်နှင့်ယှဉ်သော တိဟိတ်စိတ်ဖြင့် ပဋိသန္ဓေနေသော ၀ိနိပါတိက အသုရာနှင့် ဝေမာနိကပြိတ္တာ တို့မှာမူ တရားနာကြားခွင့်၊ တရားနှလုံးသွင်းခွင့်များ ရခဲ့လျှင် မဂ်ဖိုလ်တရားထူးများ ရရှိနိုင်ပါသည်။

ဥပမာအားဖြင့်-ဓမ္မပဒ၌ လာသော ဝေမာနိကမျိုးဝင် ကာလယက္ခိနီ ဘီလူးမသည် ကလေးမွေးတိုင်း မွေးတိုင်း စားနေသည်။ ထို့နောက် ဘုရားရှင်၏တရား နာရ၍ သောတာပန် တည်လေ၏။ ယက္ခသံယုတ်၌လာသော အာဠာဝက ဘီလူး၊ ပိယင်္ကရမာတာ၊ ပုနပ္ဗသု ဘီလူးများသည်လည်း တရားနာရ၍ မဂ်ဖိုလ်တရားထူးများ ရကြပါသည်။
********************************************************************************

(မေး) (အသုရကာယ် ဟူသည်)
အရှင်ဘုရား၊ ပြိတ္တာကို လူအတော်များများ သိနားလည်ကြသော်လည်း အသုရကာယ်ကို သိနားလည်ခြင်း မရှိပါ။ အသုရကာယ်သည် ပြိတ္တာထက် ပို၍ အဆင့်မြင့်-မမြင့်၊ ဒုက္ခ ပိုသက်သာ-မသက်သာ ၊ အမျှဝေလျှင် ရနိုင်-မရနိုင် နှင့် ၄င်းအကြောင်း သိသင့် သိထိုက်သည်များကို မေတ္တာရှေ့ထား၍ ဖြေကြားပေးတော်မူပါဘုရား။
(ဦးမောင်ဦး-မီးရထား ဆေးပေးခန်း၊ တောင်ငူ)

(ဖြေ)
အမေးရှင်-မေးထားသလို ပြိတ္တာအကြောင်း သိသူတွေ များကြပါသည်။ (ပေတ၀တ္ထုများ ဖတ်ကြည့်ကြပါရန်) အသုရာ၏ အဓိပ္ပါယ်မှာ နတ်များကဲ့သို့ အစိုးရမှု၊ တောက်ပမှု၊ မြူးတူးပျော်ပါးမှုတို့ မရှိသောသတ္တ၀ါဟု စာပေက ဆိုပါသည်။ ဤအဓိပ္ပါယ်မှာ အသုရာအားလုံးကို မခြုံငုံမိဘဲ ဖြစ်နေပါသည်။

ကျမ်းဂန်တို့၌ အသုရာကာယ်သည် နတ်မျိုး၌ ၀င်သော အသုရာ၊ ပြိတ္တာမျိုး၌၀င်သော အသုရာ၊ ငရဲ၌ အကျုံးဝင်သော အသုရာ စသည်ဖြင့် အမျိုးမျိုး ပါဝင်နိုင်သောကြောင့် အသုရကာယ်နှင့် ပတ်သက်၍ နားမလည်ဘဲ ဖြစ်နေကြပါသည်။

(အသုရာ ၅-မျိုး ရှိသည်)
၁။ ဝေပစိတ္တိ အသုရာ (နတ်အသုရာ)
မြင်းမိုရ်တောင်အောက်၌နေသော နတ်အသုရာ၊ တာဝတိံသာနတ်တို့လောက် မရဲရင့် မတောက်ပသော (ဓဇဂ္ဂသုတ်၊ အသုရာ သံယုတ်တို့၌လာသော) သိကြားမင်းနှင့် စစ်ခင်းသည့် ဝေပစိတ္တိ၊ ပဟာရာဒ အစရှိသော အသုရာ နတ်မင်းကြီးတို့ ဖြစ်သည်။

၎င်းအသုရာ နတ်မင်းကြီးတို့သည် တာဝတိံသာ နတ်တို့နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ဝေပစိတ္တိ နတ်အသုရာဟု ခေါ်ကြ၏။ တာဝတိံသာနတ်တို့၌ အကျုံးဝင်သော နတ်အသုရာ ဖြစ်သည်။

၂။ ၀ိနိပါတိက အသုရာ (နတ်သေး၊ နတ်မွှား အသုရာ)
သဂါထာဝဂ္ဂ၊ ယက္ခသံယုတ်၌လာသော ဘုမ္မစိုးနတ်ကြီးများကို မှိခိုကပ်ရပ်နေရပြီး တန်ခိုးဣဒ္ဓိပါဒ် နုံ့နဲ့လှသော နတ်ကလေးများကို အထက်နတ်တို့အောက် ယုတ်ညံ့သေးသိမ်ကုန်သောကြောင့် ၀ိနိပါတိကအသုရာဟု ခေါ်ကြ၏။ စတုမာဟာရာဇ်နတ်မျိုး၌ အကြုံးဝင်သောနတ်အသုရာတို့ ဖြစ်၏။

၃။ ဝေမာနိက အသုရာ
ရံခါ နတ်ကဲ့သို့ စည်းစိမ်ခံစားရပြီး ရံခါ ပြိတ္တာကဲ့သို့ ငရဲကဲ့သို့ ဒုက္ခခံစားရသော အသုရာများ ဖြစ်သည်။ ဤဝေမာနိက အသုရာမျိုးမှာ အလွန်တရာ ကျယ်ပြန့်ပါသည်။ ငရဲပြည်က ယမမင်းကြီးများ၊ ပြိတ္တာမျိုးတို့တွင် တန်ခိုးကြီးသော ပြိတ္တာဘုရင်၊ ပြိတ္တာမင်းကြီးများ၊ ငရဲမင်းကြီးများ၊ ငရဲထိန်းများ၊ မိတ္တ၀ိန္ဒကဇာတ်၌ လာသော ပင်လယ်ပြင်၌ ဗိမာန်အမျိုးမျိုးနှင့် ချမ်းသာတလှည့်၊ ဆင်းရဲတလှည့် စံနေရ၊ ခံနေရသော နတ်ပြိတ္တာတို့သည် ဗိမာန်အမျိုးမျိုးနှင့် နေကြသောကြောင့် ဝေမာနိက ပြိတ္တာ အသုရာဟု ခေါ်ကြ၏။ ဝေမာနိက အသုရာတို့သည် စတုမဟာရာဇ်နတ်မျိုး၌ အကြုံးဝင်၏။ (အချို့မှာ တိဟိတ်၊ အချို့မှာ ဒွိဟိတ်၊ အချို့မှာ အဟိတ် ပုဂ္ဂိုလ်ဟု အမျိုးမျိုး ရှိနိုင်၏။)

၎။ လောကန္တရိတ် အသုရာ (ငရဲ အသုရာ)
စကြ၀ဠာ ၃-ခု အဆုံးသတ်နေရာသည် စက်ဝိုင်း ၃-ခုဆုံရာ အကြားအရပ်ကဲ့သို့ ရှိ၏။ အပူရှိန် အလင်းရှောင် မရှိတော့၍ အမှောင်ဆုံး အအေးဆုံး နေရာဖြစ်သည်။ ထိုနေရာကို (လောက+အန္တရ=စကြာဝဠာလောက ၃-ခုတို့၏ အကြားအရပ်) လောကန္တရိတ်ငရဲဟုခေါ်သည်။ ၄င်းနေရာ၌ ဖြစ်ကြကုန်သော သတ္တ၀ါတို့သည် လင်းနို့များကဲ့သို့ စကြာဝဠာနံရံတခုမှ တခုသို့ ပျံသန်း တွယ်ကပ်၍ နေကြကုန်၏။ အစာစားစရာမရှိ၊ တကောင်နှင့် တကောင် အစာအမှတ်ဖြင့် ကိုက်ကြကုန်၏။ ထိုအခါ အလွန်အေးစက်လှသော ရေထဲသို့ ပြုတ်ကျပြီး ဆားခဲရည်ထဲကျသကဲ့သို့ အေးလွန်းသဖြင့် ထိုသတ္တ၀ါများ စိစိညက်ညက် ကြေမွ၍ သေကြရကုန်၏။ ကံမကုန်သမျှ ထပ်ကာထပ်ကာဖြစ်၍ ခံကြရကုန်၏။ ငရဲ၌ အကြုံးဝင်သော အသုရာမျိုးဖြစ်သည်ဟု ဗုဒ္ဓ၀င် အဋ္ဌကထာ၌ လာရှိသည်။

၅။ ပြိတ္တာ အသုရာ
ခန္ဓ၀ိဘင်း အဋ္ဌကထာ၌ ပြိတ္တာအသုရာအဖြစ် ကာလကဉ္စိက အသုရာမျိုးကို ဖော်ပြပါသည်။ ၄င်းပြိတ္တာတို့သည် အလွန်မွတ်သိပ်ဆာလောင်ကြသည်။ တချို့အသုရာတို့သည် ဘုရား နှစ်ဆူ သုံးဆူ ပွင့်သော်လည်း တကြိမ်မျှ မစားမသောက်ကြရကြောင်း သိရသည်။

ကာလကဉ္စိက အသုရာတယောက်သည် ညဥ့်အခါ ရေငတ်သဖြင့် ဂင်္ဂါမြစ်တွင်းသို့ ဆင်းရာ မြစ်ရေများ ခန်းခြောက်ပြီး မီးခိုးများသာ ထလာသောဟူ၏။ တညလုံး ပြေးလွှား၍ ရေရှာသော်လည်း မရရှိဘဲ နံနက်မိုးလင်းသောအခါ ဆွမ်းခံကြွလာသော ရဟန်းသုံးကျိပ်တို့မြင်၍ အကျိုးအကြောင်း မေးမြန်းသိရှိရသော အခါ သဲသောင်ပြင်မှာ ပက်လက်နေစေပြီး ရဟန်းသုံးကျိပ်တို့ သပိတ်ကိုယ်စီဖြင့် ရေခပ်၍ ပါးစပ်ထဲ လောင်းထည့်သော်လည်း လည်ချောင်းတွင်းသို့ ရေ တစက်မျှ မ၀င်ဟု သိရသည်။

အပါယ် ၄-ဘုံ၌ ပါဝင်သော အသုရကာယ်ဟူသည်မှာ ယခု နံပါတ် ၅-အမျိုးအစား ပြိတ္တာအသုရာများနှင့် နံပါတ် ၃-အမျိုးအစား ဝေမာနိက အဟိတ်အသုရာများကို ယူသင့်ပါသည်။ ဒုက္ခပိုကြီး-မကြီးကိုတော့ ဦးမောင်ဦး စဉ်စားနိုင်လောက်ပြီဟု ယူဆပါသည်။ အမျှဝေလို့ သိနိုင်၊ ကြားနိုင်မည်ဆိုလျှင် သာဓုခေါ်၍ ဒုက္ခမှ ကျွတ်လွတ်နိုင်ပါသည်။
(ပရမတ္တသံခိပ် ဋီကာနှင့် သင်္ဂြိုဟ်ဘာသာဋီကာ တို့ကို မှီးပါသည်)။

ထိုင်းနိုင်ငံရေး အကျပ်အတည်း မြန်မာ့ဆန် ပြည်ပတင်ပို့မှု အတွက် အခွင့်အရေးကောင်း ပေါ်ပေါက်





ထိုင်း နိုင်ငံတွင် ဖြစ်ပွား လျက်ရှိသော နိုင်ငံရေး ဖြစ်စဉ်များ ကြောင့် မြန်မာနိုင်ငံ၏ အဓိက ဆန်ဝယ်လက် တရုတ်နိုင်ငံက ထိုင်းဆန် ဝယ်ယူရေး အစီအစဉ်ကို ပယ်ဖျက်လိုက်ခြင်းသည် ဆန်တင်ပို့မှု ကျဆင်းနေသော မြန်မာနိုင်ငံ အတွက် အခွင့်အရေး တစ်ရပ် ဖြစ်ပေါ်လာကြောင်း မြန်မာဆန်စပါး အသင်းချုပ်နှင့် ပြည်ပပို့ ဆန်လုပ်ငန်း ရှင်များက သုံးသပ်လျက်ရှိသည်။

ကမ္ဘာ့ဆန် ဈေးကွက်သို့ မြန်မာ့ဆန် တင်ပို့မှုကို အစဉ်အလေးထား စောင့်ကြည့်လျက်ရှိသော ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက စတင်ခဲ့သည့် နိုင်ငံရေး ဆန္ဒပြမှုများကြောင့် ထိုင်း ဆန် ၁ ဒသမ ၂ သန်း ဝယ်ယူရေး အစီအစဉ်ကို တရုတ်နိုင်ငံက ပယ်ဖျက်လိုက်ကြောင်း နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် အစိုးရ၏ ပြည်တွင်း ဆန်ဝယ်ယူရေး အစီအစဉ်တွင် လာဘ်စားမှုနှင့် မသမာမှုများ ဖြစ်ပေါ်နေခြင်းကြောင့် တရုတ်နိုင်ငံက ထိုင်းဆန်များကို ဝယ်ယူရန် ငြင်းပယ်ခြင်း ဖြစ်ကြောင်း Reuters က ဖော်ပြထားသည်။ ယင်းသည် မြန်မာအတွက် အခွင့်ကောင်း ဖြစ်နိုင်သော်လည်း စောင့်ကြည့်ဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ဆိုသည်။
“ဒီအချက်က မြန်မာ့ဆန်ကို တရုတ်က ပိုဝယ်ယူလာနိုင်တယ်။ မြန်မာဆန် တင်ပို့မှုအတွက် အခြေအနေ ကောင်းလာနိုင်ပါတယ်။ လောလောဆယ်မှာတော့ ကျွန်တော်တို့ စောင့်ကြည့်နေတုန်းပါပဲ” ဟု ၎င်းက ဆိုသည်။

မြန်မာ့ဆန် တင်ပို့မှု၏ ၅၀ ရာခိုင်နှုန်းခန့်ကို နှစ်စဉ် ဝယ်ယူလျက်ရှိသော တရုတ်နိုင်ငံက ယင်းသို့ ထိုင်းဆန်ဝယ်ယူမှုကို ပယ်ဖျက်လိုက်ခြင်းသည် ပြည်ပဆန် တင်ပို့မှု ကျဆင်းနေသည့် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းကောင်းများ ဖြစ်လာနိုင်ခြေ ရှိသည်ဟု ပြည်တွင်း ဆန်ကုန်သည် အသိုင်းအဝန်းက သုံးသပ် မျှော်လင့်လျက်ရှိသည်။

ထိုင်းအစိုးရ၏ ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်ကတည်းက စတင်ခဲ့သည့် အရှုံးခံ၍ ပြည်တွင်း ဆန်ဝယ်ယူရေး အစီအစဉ်သည် တောင်သူလယ်သမားများအကြား လူကြိုက်များသော မူဝါဒတစ်ခု ဖြစ်ခဲ့ပြီး အဆိုပါ ဆန်ဝယ်ယူရေး အစီအစဉ်ကြောင့် ထိုင်းပြည်သူများ၏ နှစ်စဉ် အခွန်ငွေ အမေရိကန်ဒေါ်လာ သန်း ၆၀၀၀ ဆုံးရှုံးလျက်ရှိသည်။
အဆိုပါ ဆုံးရှုံးမှုကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းရှိ အစိုးရကို ထောက်ခံနေလျက်ရှိသော လယ်သမားများကပင် အစိုးရအပေါ် ထောက်ခံမှု လျော့ကျလာသည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။

အမေရိကန် ပြည်ထောင်စု စိုက်ပျိုးရေး ဦးစီးဌာနက တရုတ်နိုင်ငံနှင့် အာဖရိကနိုင်ငံများ၏ ဆန်ဝယ်လိုအား မြင့်မားလာမှုကြောင့် ယခု ၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ဆန်တန်ချိန် ၈ ဒသမ ၅ သန်းခန့် ပြည်ပသို့ တင်ပို့နိုင်လိမ့်မည်ဟု ကနဦး ခန့်မှန်းထားခဲ့သည်။

လက်ရှိ ထိုင်းနိုင်ငံရေး ဖြစ်စဉ်နှင့် ဆက်စပ်၍ တရုတ်နိုင်ငံက ဝယ်ယူရန် ငြင်းပယ်လိုက်သော ထိုင်းဆန်ပမာဏ များလွန်းသောကြောင့် တချို့တစ်ဝက်ကိုမူ မြန်မာနိုင်ငံက တင်ပို့ခွင့် ရရှိနိုင်သည်ဟု ပြည်တွင်းထိပ်တန်း ဆန်လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးအောင်သန်းဦးက သုံးသပ်သည်။

မြန်မာ့ဆန်များကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် အဓိက ရောင်းဝယ်ရာ မူဆယ် ဆန်ကုန်စည်ဒိုင်ကို တရုတ်နှစ်သစ်ကူးကာလ ဖြစ်ခြင်းကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလ နောက်ဆုံးပတ် အတွင်းက စတင် ပိတ်ထားခဲ့ရရာ ဖေဖော်ဝါရီလ ၆ ရက်နေ့တိုင်အောင် ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိသေး၍ တရုတ် ဈေးကွက်၏ မြန်မာ့ဆန် ဝယ်ယူမှု အခြေအနေကို ခန့်မှန်းရခက်ကြောင်း အဆိုပါ ဈေးကွက်သို့ ဆန်တင်ပို့ ရောင်းချသူများက ပြောကြားသည်။

“ကျွန်တော်တို့လည်း အခြေအနေကို စောင့်ကြည့်နေတုန်းပါပဲ။ လက်ရှိမှာတော့ မူဆယ် ဆန်ကုန်စည်ဒိုင်ကလည်း ပိတ်ထားတော့ ပြန်ဖွင့်မှပဲ အခြေအနေ သိရမယ်။ အဲဒီကျမှ တရုတ်ဝယ်လက်တွေနဲ့ စကားပြော ကြည့်ရမယ်” ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ဆိုသည်။
လက်ရှိ ဘဏ္ဍာနှစ်အတွင်း တရုတ်နိုင်ငံ၏ မြန်မာ့ဆန် ဝယ်လိုအားမှာ ပုံမှန်သာ ရှိနေကြောင်း မူဆယ်ဆန် ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးသန်းဌေးဦးက ပြောကြားထားသည်။

လက်ရှိတွင် မြန်မာ့ဆန် အဓိက ဝယ်လက်သည် တရုတ်နိုင်ငံဖြစ်ပြီး အာဖရိကနိုင်ငံများမှာ ဒုတိယ လိုက်နေသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၄ သန်း ကျော် တင်ပို့နိုင်ခဲ့ပြီး အဆိုပါ ပမာဏ၏ ထက်ဝက်ကို တရုတ်နိုင်ငံသို့ နယ်စပ်မှ တစ်ဆင့် တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ယခုဘဏ္ဍာနှစ်စ ဧပြီ ၁ရက်နေ့မှ ဇန်နဝါရီလ ၂၄ ရက်နေ့အထိ နယ်စပ်မှ တစ်ဆင့် ပြည်ပသို့ ဆန်တန်ချိန် ၄၈၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ် အလားတူ ကာလအတွင်းက ပြည်ပသို့ ဆန်တန်ချိန် ၆၃၀,၀၀၀ ကျော် တင်ပို့နိုင်ခဲ့သည်ဟု အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။

ထိုင်းနိုင်ငံရေး အကျပ်အတည်းကြောင့် မြန်မာ့ဆန် ပြည်ပတင်ပို့မှု မြင့်တက်လာနိုင်သည်ဟု သုံးသပ်မှုများ ရှိသော်လည်း ပြည်တွင်းဆန်ဈေး မြင့်တက်နေမှုကြောင့် ပြည်ပဆန် တင်ပို့မှု သိသိသာသာ မြင့်တက်လာနိုင်ခြေ မရှိကြောင်း ပြည်တွင်းဆန် လုပ်ငန်းရှင်များက ထောက်ပြသည်။
မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးကမူ တရုတ်နိုင်ငံက ထိုင်းဆန်ဝယ်ယူမှုကို ပယ်ဖျက်လိုက်ခြင်းသည် နိုင်ငံတကာ ဈေးကွက်၌ ထိုင်းဆန်ဈေးများ ပိုမို ကျဆင်းလာစေနိုင်ပြီး မြန်မာ့ဆန် ပြည်ပသို့ တင်ပို့ရာ၌ပါ အခက်တွေ့စေလာနိုင်သည်ဟု သုံးသပ်သည်။

ထိုင်းနိုင်ငံ ပြည်ပဆန်တင်ပို့သူများ အသင်း ဥက္ကဋ္ဌ Chareon Laothammatas ကမူ ၂၀၁၄ ခုနှစ်အတွင်း ထိုင်းအစိုးရ၏ သိုလှောင်ဆန် ပမာဏလျော့ကျပြီး ပြည်ပဝယ်လိုအား မြင့်မားလာနိုင်သော်လည်း ဆန်ဈေးများ ကျဆင်းနိုင်သည်ဟု သုံးသပ်ထားသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မိုးစပါး ပေါ်ချိန်တွင် စပါးဈေးများ မြင့်တက်ခဲ့ခြင်းကြောင့် ပြည်တွင်းဆန် ဈေးများပါ လိုက်ပါ မြင့်တက်ခဲ့မှုကြောင့် ပြည်ပသို့ ဆန်တင်ပို့မှုကို ခေတ္တရပ်နား ထားခဲ့ရမှုများ ရှိခဲ့ကြောင်း ပြည်တွင်း ဆန်လုပ်ငန်းရှင် ဦးမျိုးသူရအေးက ဆိုသည်။
“တရုတ်က ထိုင်းဆန် မဝယ်ဘူးဆိုတာ နိုင်ငံရေးနဲ့ပဲ ဆိုင်တာပါ။ ထိုင်းဆန်ကို တရုတ်က မဝယ်တော့ ဒီကနေပြီး ပို့မလားဆိုရင် မြန်မာနိုင်ငံကနေလည်း တရုတ်ကို တရားဝင်ပို့လို့ မရသေးတော့ ပြောဖို့ခက်တယ်။ တရုတ်ရဲ့မူဝါဒကတော့ ရှင်းတယ်။ ဈေးသက်သာရင် ဝယ်တာပဲ။ ဒီမှာလည်း ပြည်တွင်းဈေးက မြင့်နေတာ ပြောရတာ ခက်တယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောကြားသည်။

မူဆယ်ဆန် ကုန်စည်ဒိုင်မှတစ်ဆင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ မြန်မာ့ဆန်ကို တင်ပို့နေသော်လည်း တရုတ်နိုင်ငံက တရားဝင် ဝယ်ယူခြင်း မရှိသေးပေ။

ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံတွင် ဖွံ့ဖြိုးမှုနည်းသည့် ပြည်နယ် ဖြစ်သောကြောင့် တရုတ်နိုင်ငံ ဗဟိုအစိုးရက ၎င်းတို့အပေါ် ဖိအားမများစေရန်အတွက် မြန်မာ့ဆန် တင်ပို့မှုကို တရားဝင် ခွင့်ပြုခြင်း မရှိသေးကြောင်း ပြည်တွင်းဆန် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
“တရုတ်က မြန်မာ့ဆန်ကို တရားဝင် တင်သွင်းရင် အခွန်ကောက်ရမယ်။ အခွန်ကောက်ရင် အဲဒီပြည်နယ်က လူတွေ ဆန်ဈေးကြီး ပေးပြီး ဝယ်ရမယ်။ ဒါဆို အစိုးရ အပေါ်မှာ ဖိအား ပိုလာနိုင်တယ်” ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံကမူ ယခုဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် ၁ ဒသမ ၈ သန်းခန့် တင်ပို့ရန် မျှော်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး မြှင့်တင်မှု ဦးစီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံနည်းတူ ဒေသတွင်း ဗီယက်နမ်နိုင်ငံ သည်လည်း တရုတ်ဈေးကွက်ကို မျှော်လင့်နိုင်၍ ဗီယက်နမ်နိုင်ငံမှ တစ်ဆင့် တရုတ်နိုင်ငံသို့ ရေလမ်းဖြင့် တင်ပို့ပါက ရေမိုင် ၂၀၀ ကျော်ခန့်သာဝေးရာ ယင်းအချက်သည်လည်း ထည့်သွင်း စဉ်းစားရန် လိုအပ်ကြောင်း ပြည်တွင်းဆန် လုပ်ငန်းရှင် ဦးမျိုးသူရအေးက ထောက်ပြသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် ပြည်ပပို့ ဆန်တန်ချိန် ၁၀ ဒသမ ၅ သန်းဖြင့် ပထမ၊ ဗီယက်နမ်နိုင်ငံသည် ၇ ဒသမ ၂ သန်းဖြင့် ဒုတိယနှင့် ထိုင်းနိုင်ငံ သည် ၆ ဒသမ ၆ သန်းဖြင့် တတိယအဆင့် ကမ္ဘာ့ဆန် တင်ပို့မှု အများဆုံး နိုင်ငံများ စာရင်းတွင် ရပ်တည်လျက်ရှိကြောင်း အမေရိကန်နိုင်ငံ လယ်ယာစိုက်ပျိုးရေး ဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

(သတင်းဆောင်းပါး - ရဲနိုင်ဦး)

The Voice Weekly

ယခုရက်ပိုင်းအတွင်း မြူများထူထပ်စွာ ကျရောက်မှုကြောင့် ရန်ကုန်လေဆိပ်အား နံနက်ပိုင်းတွင် ခေတ္တပိတ်ခဲ့ရပြီး ပြည်တွင်းလေကြောင်း ခရီးစဉ်များ ထွက်ခွာချိန် နောက်ကျမှုများဖြစ်ပေါ်


ရွှန်းလဲ့ဝင်း
ဖေဖော်ဝါရီ ၇ ရက် နံနက်စောပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မြူနှင်းများထူထပ်စွာ ကျဆင်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)


ယခုလ (ဖေဖော်ဝါရီလအတွင်း) ရန်ကုန်မြို့၌ မြူများထူထပ်စွာ ကျရောက်မှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား နံနက်ပိုင်းအချိန်များတွင် ခေတ္တပိတ်ထားခဲ့ပြီး ပြည်တွင်းလေကြောင်း ခရီးစဉ်များ ထွက်ခွာချိန် နောက်ကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“အခုလိုအချိန်ကတော့ နံနက်ပိုင်း မြူတွေရှိလို့ လေယာဉ်တွေ အဆင်းအတက်လုပ်ဖို့ မြင်ကွင်းမရှင်းတာကြောင့် ရန်ကုန်လေဆိပ်ကို မနက်ပိုင်း ခဏပိတ်ထားခဲ့ရတာ ရှိပါတယ်။ မြူတွေရှင်းသွားတဲ့အခါ ပုံမှန်အတိုင်းပဲ လေဆိပ်ပြန်ဖွင့်ခဲ့ပါတယ်” ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေမန်နေဂျာ ဦးဝင်းကိုက ပြောကြားသည်။

ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့တွင် မြူများထူထပ်စွာ ကျရောက်မှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား သုံးနာရီခန့် ပိတ်ထားခဲ့ရပြီး ပြည်တွင်းလေကြောင်း ခရီးစဉ်များ ထွက်ခွာချိန် နောက်ကျခဲ့သည်။

ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက် ၅ နာရီခွဲခန့်မှ စတင်ကာ နံနက် ၈ နာရီ ၅ မိနစ်ခန့်ထိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ခေတ္တပိတ်ထားခဲ့ရကြောင်း သိရသည်။

“ဖေဖော်ဝါရီ ၃ ရက်နေ့ မနက် ၅ နာရီခွဲလောက် ကတည်းက မြူထူထပ်စွာကျနေတာ မြင်ကွင်းက မီတာ ၅၀ လောက်အထိပဲ မြင်ရတယ်။ ဒါကြောင့်မို့ ရန်ကုန်လေဆိပ်ကို ပိတ်ခဲ့တာပါ။ နံနက် ၈ နာရီ ၅ မိနစ်မှ မြူတွေရှင်းသွားလို့ လေဆိပ်ပြန်ဖွင့်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ကလည်း မြူတွေကြောင့် လေဆိပ်ကို ပိတ်ထားတာ မနက် ၉ နာရီခွဲကျော်မှ ပြန်ဖွင့်နိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့ မနက်ကလည်း နံနက် ၆ နာရီ ၃၅ မိနစ်ကတည်းက မြူတွေကြောင့် လေဆိပ်ကို ပိတ်ထားတာ မနက် ၈ နာရီကျော်မှ ပြန်ဖွင့်နိုင်ခဲ့ပါတယ်” ဟု လေကြောင်းထိန်းမျှော်စင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် သမီးကလေးရွာသားများအနက် ကျောင်းသားမရှိသည့် အိမ်ထောင်စု ၅၆ စုအား ခုနစ်ရက်အတွင်း ဖယ်ရှားပေးရန် သက်ဆိုင်ရာက အကြောင်းကြားစာပေးပို့


ဉာဏ်ဝင်းရှိန်
ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် သမီးကလေးရွာမှ မိသားစုတစ်စုအား ဖေဖော်ဝါရီ ၈ ရက်ညပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)


ပဲခူးတိုင်းဒေသကြီး၊ အလိုင်နီဆည်အနီးရှိ အောင်သိဒ္ဓိဘုန်းတော်ကြီး ကျောင်းဝင်းတွင် ယာယီတဲများထိုးပြီး ခိုလှုံနေရသည့် ဖယ်ရှားခံ သမီးကလေး ရွာသားများအနက် ကျောင်းသားမရှိသည့် အိမ်ထောင်စုပေါင်း ၅၆ စုအား ခုနစ်ရက်အတွင်း အဆိုပါနေရာမှ ဖယ်ရှားပေးရန် အလိုင်နီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ သက်ဆိုင်ရာ၏ ညွန်ကြားချက်အရ ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းက အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း အဆိုပါရွာသားများက ပြောကြားသည်။

အဆိုပါ အကြောင်းကြားစာထဲတွင် လက်ရှိနေထိုင်နေသည့် ကျူးကျော်နားခိုတဲများသည် နိုင်ငံတော်မှ စီမံခန့်ခွဲရန် မြေနေရာများဖြစ်သဖြင့် သက်ဆိုင်ရာ၏ ခွင့်ပြုချက်လိုကြောင်း၊ သက်ဆိုင်ရာခွင့်ပြုချက် မရှိသဖြင့် လက်ရှိဆောက်လုပ်နေထိုင်နေသည့် ယာယီကျူးကျော် နားခိုတဲများအား ခုနစ်ရက်အတွင်း ဖျက်သိမ်းပြီး ထွက်ခွာပေးရန်နှင့် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ပါရှိကာ အလိုင်နီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လက်မှတ်ရေးထိုးထားသည်ဟု သမီးကလေး ရွာသားများထံမှ သိရသည်။

နေအိမ်များ ဖျက်သိမ်းခံခဲ့ရသည့်အတွက် အောင်သိဒ္ဓိ ဘုန်းတော်ကြီးကျောင်းဝင်းတွင် ယာယီတဲများထိုးကာ နေထိုင်နေရသည့် ရွာသားများက ကျောင်းတက်နေသည့်ကလေးများ စာသင်နှစ်ပြီးဆုံးသည်အထိ နေထိုင်ခွင့်ပြုရန် သက်ဆိုင်ရာသို့ အသနားခံပြီးနောက် ကျောင်းသားမရှိသည့် အိမ်ထောင်စု ၅၆ စုအား ယင်းကဲ့သို့ ခုနစ်ရက်အတွင်း ထွက်ခွာပေးရန် အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးဝင်းရွှေက “ဒီကနေ့ ညနေ ၄ နာရီလောက်က အလိုင်နီကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဒီကိုလာပြီး ကျောင်းသားမရှိတဲ့ အိမ်ထောင်စု ၅၆ စုကို ခုနစ်ရက်အတွင်း ဒီနေရာကနေ ထွက်ခွာပေးဖို့အတွက် အသိပေးစာတွေ ပေးသွားပါတယ်။ ကျောင်းသားမရှိတဲ့ အိမ်ထောင်စုတွေကတော့ လောလောဆယ် ဘယ်ကိုသွားရမှန်း မသိကြသေးဘူး။ အိမ်တွေအဖျက်ခံရတဲ့အတွက် ဒီမှာရှိတဲ့သူတွေက အကုန်နေစရာမရှိကြတဲ့ သူတွေပါ” ဟု ဖေဖော်ဝါရီ ၉ ရက် ညနေ ၅ နာရီခွဲက Eleven Media Group သို့ ပြောကြားသည်။

အဆိုပါဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသည့် ဖယ်ရှားခံ သမီးကလေးရွာသားများမှာ စုစုပေါင်း ၅၀၀ ခန့်ရှိကာ အိမ်ထောင်စုပေါင်း ၁၄၉ စု နေထိုင်လျက်ရှိကြောင်း သိရှိရသည်။

EMG

ဂျာမနီနိုင်ငံသမ္မတ ဂျိုဝါချင်ဂေါက်ခ် မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်



ရွှေတိ၈ုံဘုရားသို့ လာရောက်ကြည်ညိုသည့် ဂျာမနီသမ္မတ ဂျိုဝါချင်ဂေါက်ခ်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)


ဂျာမနီနိုင်ငံသမ္မတ မစ္စတာဂျိုဝါချင်ဂေါက်ခ်သည် ပထမဆုံးအကြိမ် လာရောက်မှုအဖြစ် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၉ ရက်က ရောက်ရှိလာခဲ့သည်။

ဂျာမနီနိုင်ငံသမ္မတသည် သမ္မတဦးသိန်းစိန်၏ ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် နေပြည်တော်၌ သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံသွားရန်ရှိကြောင်း သိရသည်။

ထို့နောက် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြုလုပ်မည့် ဂျာမနီ-မြန်မာ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ပြီး အဆိုပါနေ့တွင်ပင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ မိန့်ခွန်းပြောကြားသွားရန်ရှိကြောင်း သိရသည်။

ဂျာမနီသမ္မတ ဂျိုဝါချင်ဂေါက်ခ်သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းတွင် ရွှေတိဂုံဘုရားသို့လည်း သွားရောက်ကြည်ညိုခဲ့ကာ ဖေဖော်ဝါရီ ၁၂ ရက်တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ဂျာမနီသမ္မတ ဂျိုဝါချင်ဂေါက်ခ်သည် ဂျာမနီနိုင်ငံ၏ ၁၁ ဦးမြောက် သမ္မတဖြစ်ပြီး ၂၀၁၂ ခုနှစ် မတ်လ ၁၈ ရက်တွင် ပြည်ထောင်စုအထွေထွေ ညီလာခံမှ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မစ္စတာ ဂျိုဝါချင်ဂေါက်ခ်နှင့်အတူ ၎င်း၏အတူနေ အမျိုးသမီးဖြစ်သူ အလွတ်တန်းသတင်းထောက်နှင့် အယ်ဒီတာဟောင်းတစ်ဦးဖြစ်သူ မစ္စစ်ဒါနီလာရှ်တ်လည်း ပါဝင်လာကြောင်း သိရသည်။

EMG

Sunday, February 9, 2014

ပျောက်ဆုံးနေသော ဗုဒ္ဓဓာတ်တော်ကြုပ် ကမ္ဘောဒီးယား ရဲတပ်ဖွဲ့ ပြန်လည်တွေ့ရှိ





၂၀၁၃ ခုနှစ်အတွင်း ခိုးယူခံခဲ့ရသော ဗုဒ္ဓဘုရားရှင်၏ ဓာတ်တော်များ သီတင်းသုံးရာ ရွှေကြုပ်တော်ကို ရဲတပ်ဖွဲ့ဝင်များက ပြန်လည် ရှာ ဖွေတွေ့ရှိပြီ ဖြစ်ကြောင်း ကမ္ဘောဒီးယား အစိုးရ တာဝန်ရှိသူ တစ်ဦးက ဖေဖော်ဝါရီ ၇ ရက်တွင်ပြောကြားသည်။
ဖနောင်ပင်မြို့တော် မြို့ပြင်ကီလိုမီတာ ၄၀ ခန့်အကွာတွင် တည် ထားသော တောင်ပေါ်စေတီ တစ်ဆူ၌ သီတင်းသုံးသည့် အဆိုပါ ဗုဒ္ဓဓာတ်တော်ကြုပ် သည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ လလယ်ပိုင်း တွင် ပျောက်ဆုံး ခဲ့ရသည်။
ခိုးယူခံခဲ့ရသည့် ဗုဒ္ဓဓာတ်တော်ကြုပ်ကို ကမ္ဘောဒီးယားတောင်ပိုင်း တာကီအိုပြည်နယ်ရှိ နေအိမ်တစ်အိမ်၌ ရဲတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၆ ရက်တွင် ပြန်လည်တွေ့ရှိခဲ့ပြီး အိမ်ရှင်အမျိုးသား တစ်ဦးအား ဓာတ်တော်ကြုပ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဖမ်းဆီးထိန်းသိမ်း ထားကြောင်း ကမ္ဘောဒီးယား အမျိုးသား ရဲတပ်ဖွဲ့ပြောရေး ဆိုခွင့်ရှိသူက ပြောကြားသည်။
ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ၏ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပြယုဂ်တစ်ရပ်ဖြစ်သည့် ဗုဒ္ဓဓာတ်တော် ကြုပ်အခိုးခံရမှုကြောင့် ကမ္ဘောဒီးယား တစ်နိုင်ငံလုံး မကျေမနပ် ဖြစ်ခဲ့ကြပြီး ဓာတ်တော် ကြုပ် ပြန်လည်ရရှိရေး အတွက် အာဏာပိုင်များအား ဖိအားပေး တောင်းဆို ခဲ့ကြသည်။
အဆိုပါ ဓာတ်တော်ကြုပ်အတွင်း နတ်ရွာစံ ကမ္ဘောဒီးယားဘုရင် နိုရိုဒွန်သီဟာနု လက်ထက် ၁၉၅၇ ခုနှစ်တွင် ဗုဒ္ဓဘုရားရှင်ဖွားတော်မူ သည့်နှစ် ၂၅၀၀ ပြည့် အထိမ်းအမှတ်အဖြစ် သီရိလင်္ကာနိုင်ငံက ကမ္ဘောဒီးယားအစိုးရထံပေးအပ်ခဲ့သည့် ဗုဒ္ဓဓာတ်တော်များ စံပယ် သီတင်းသုံးကြောင်း သိရသည်။
စံတော်ချိန် နေ့စဉ်သတင်းစာ

တစ်နေ့နှစ်ကြိမ် သွားတိုက် သင့်သော အကြောင်းအရင်း ၆ရပ်




(၁) ဖလိုရိုဒ်ရဲ့ ကာကွယ်မှုကို ရရှိစေပါတယ်

ဖလိုရိုဒ်ဟာ သွားတိုက်ဆေးမှာ အဓိက ပါဝင်ပစ္စည်းဖြစ်ပြီး သွားတိုက်တာကြောင့် ဖလိုရိုဒ်ဟာ သွားအပေါ် ဖုံးအုပ်ထားသလိုဖြစ်ကာ သွားအတွက် အကာအကွယ် ရရှိနိုင်ပါတယ်။

(၂) ဘက်တီးရီးယားတွေကို တိုက်ထုတ်နိုင်ပါတယ်

ဘက်တီးရီးယားတွေဟာ သွားပေါ်မှာ ၂၄ နာရီကြာအောင် ရှိနေခဲ့ရင် ပွားများဖို့ လွယ်ကူ သွားနိုင်ပါတယ်။ ၁၂ နာရီသာ ရှိနေမယ် ဆိုရင် ဘက်တီးရီးယားတွေ ပွားများချိန် ထက်ဝက်ခန့် လျော့ကျ သွားနိုင်ပါတယ်။ ဘက်တီးရီးယားတွေ မပွားများ နိုင်အောင် တစ်နေ့နှစ်ကြိမ် သွားတိုက်တာ အပြင် သွားကြား ထိုးကြိုးနဲ့ Floss လုပ်တာ၊ Antiseptic ခံတွင်း သန့်ရှင်း ရည်နဲ့ ပလုတ်ကျင်း တာပါ တွဲလုပ်နိုင်ရင် ပိုမို ထိရောက်မှု ရှိပါတယ်။

(၃) တံတွေး ပိုမို ထွက်ရှိလာနိုင်ပါတယ်

အိပ်ပျော် နေစဉ်မှာ ခံတွင်းထဲ တံတွေးထွက်ရှိမှု နည်းသွား ပါတယ်။ တံတွေးဟာအစာ၊ ဘက်တီးရီးယားနဲ့ သွားပိုးပေါက်ဖြစ်စေတဲ့ သွားချေးဖတ် တွေကို ဖြိုခွဲနိုင်ပါတယ်။ ညအိပ်ရာ မဝင်ခင် သွားတိုက်တာကြောင့် ပါးစပ်တွင်း စားကြွင်းစား ကျန်တွေနဲ့ ဘက်တီးရီးယား တွေကို ဖယ်ရှားပစ်လိုက်ပြီး သွားပိုးစားဒဏ်မှ ကာကွယ်နိုင်ပါတယ်။ သင်ဟာ အာခေါင် ခြောက်တတ်တဲ့ ဆေးဝါးတွေ အသုံးပြုနေရရင် တံတွေးများများ ထွက်အောင် သကြားမပါတဲ့ ပီကေဝါး ပေးပါ။ ရေများများ သောက်ပေးပါ။

(၄) သွားချိုးမဖြစ်အောင် ကာကွယ်နိုင်ပါတယ်

သွားချိုးတွေဟာ သွားဖုံးအပေါ်နဲ့ အောက်ဘက်မှာ ရှိတတ် ကြပါတယ်။ ဆီးချို ရောဂါရှိသူ၊ ဆေးလိပ် သောက်သူ၊ ကွမ်းစားသူ ဒါမှမဟုတ် မကြာခဏ အာခေါင် ခြောက်တတ်သူ တွေဟာ သွားချိုး ကပ်တတ်တာမို့ နေ့စဉ် သွားနှစ်ကြိမ်တိုက်ပေးပြီး ခံတွင်းသန့်ဆေးရည် အသုံးပြု သင့်ပါတယ်။

(၅) သွားဖုံးကို ကာကွယ်နိုင်ပါတယ်

သွားဖုံးမကောင်းရင် သွားဖုံးရောဂါ၊ သွားပြည်တည်နာနဲ့ သွားဆုံးရှုံးမှုတွေ ဖြစ်နိုင်တာမို့ သွားဖုံးရောဂါ မဖြစ်အောင် နေ့စဉ် တစ်နေ့နှစ်ကြိမ် သွားတိုက်ပြီး သွားကြားကြိုးထိုးတာ၊ ပလုတ်ကျင်းတာနဲ့ သွားဆရာဝန်နဲ့ ပုံမှန် Checkup လုပ်တာတွေ လုပ်ပေးပါ။

(၆) ခံတွင်းအနံ့ဆိုး မထွက်အောင် ကူညီနိုင်ပါတယ်

ခံတွင်းမှာ ကျန်ရှိနေတဲ့ ဘက်တီးရီးယားတွေဟာ ဖြိုခွဲရခက်ခဲပြီး သွားတွေ ပျက်စီးစေတဲ့ အတွက် အပုပ်အဆွေးနံ့တွေ ထွက်လာ တတ်ပါတယ်။ ဒါကြောင့် တစ်နေ့နှစ်ကြိမ် သွားတိုက်ရမယ့် အပြင် လျှာကိုပါ ပွတ်တိုကသင့်ပါတယ်။

ဒေါက်တာခင်မိုးမိုး

နေအိမ်များ အဖျက်ခံရသည့်အတွက် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရသော သမီးကလေးကျေးရွာမှ ရွာသူရွာသားမျာအား Eleven Media Group က သွားရောက်လှူဒါန်း


အောင်ဇော်ထွန်း၊ အောင်ထက်ခိုင်
ဖယ်ရှားခံရသည့် သမီးကလေးကျေးရွာမှ ရွာသားများအား Eleven Media Group က သွားရောက်လှူဒါန်းခဲ့စဉ်


နေအိမ်များ အဖျက်ခံရသည့်အတွက် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရသော သမီးကလေးကျေးရွာမှ ရွာသူရွာသားများအား Eleven Media Group က ဖေဖော်ဝါရီ ၈ ရက် ညပိုင်းတွင် ဆန် ၃၀ အိတ်၊ ဆီပိဿာ ၁၀၀ အပါအ၀င် စောင်၊ ခြင်ထောင်၊ စားသောက်ဖွယ်ရာနှင့် ဆေးဝါးများ စုစုပေါင်းကျပ် ၁၅ သိန်းဖိုးအား သွားရောက် လှူဒါန်းခဲ့သည်။

နေအိမ်များ ဖျက်ခံရသည့် ရွာသူရွာသားများအနက် အိမ်ထောင်စု ၁၅၀ ကျော်မှ လူ ဦးရေ ၅၀၀ ကျော်တို့သည် ပဲခူးတိုင်းအတွင်းရှိ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းအတွင်း ယာယီတဲများထိုး၍ နေထိုင်လျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၆ ရက် တွင် ပဲခူးတိုင်းအတွင်းမှ ထွက်ခွာရန် လာရောက်သတိပေးမှုများ ပြုလုပ်ခဲ့ရာ ရွာသူရွာသားများက ကလေးငယ်များ၏ စာသင်နှစ်ကုန်ဆုံးချိန်အထိ ယာယီနေထိုင်ခွင့်ပေးရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။

“အဘွားတို့ အိမ်တွေဖျက်ခံရတဲ့အတွက် ဒီဘုန်းကြီးကျောင်းမှာလာနေတာ။ ဒါကို ဖယ်ပေးဖို့ပြောတော့ အဘွားတို့မှာက သွားစရာမရှိဘူး။ အဘွားငယ်ငယ်လေးကတည်းက သမီးကလေးကျေးရွာမှာ နေလာတာ။ အတင်းဖယ်ခိုင်းမယ်ဆိုရင်တော့ ဘုန်းကြီးကျောင်းဘေးက
ဆည်ထဲကို ခုန်ချဖို့ပဲရှိတော့တယ်” ဟု အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် အသက် ၆၆ နှစ်အရွယ် အဘွားအိုဒေါ်ရွှေက ပြောပြပါသည်။

လက်ရှိတွင် ရွာသူရွာသားများသည် နေအိမ်အဖျက်ခံရသည့်အပြင် ၎င်းတို့ နေထိုင်ရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

Adventure Myanmar Tours & Incentives ကုမ္ပဏီမှ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဝင်းဟောင်းတွင် စီးပွားရေးအဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ကျပ်သန်းပေါင်း ၄၆၀၀၀ မြှုပ်နှံမည်


ချမ်းမြေ့သူ
ရွှေတိဂုံဘုရားလမ်းရှိ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဝင်းဟောင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မြတ်ကို)


Adventure Myanmar Tours & Incentives ကုမ္ပဏီမှ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဝင်းဟောင်းနယ်မြေရှိ မြေ ၇ ဒသမ ၄၂၇ ဧကပေါ်တွင် လုပ်ကိုင်မည့် ဟိုတယ်နှင့် စီးပွားရေးအဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ကျပ်သန်းပေါင်း ၄၆၀၀၀ မြှုပ်နှံမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

အဆိုပါကုမ္ပဏီမှ လုပ်ငန်းလုပ်ကိုင်ရန် အဆိုပြုတင်ပြထားချက်အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၃၀ ရက်က ပြုလုပ်သည့် ၄/၂၀၁၄ ကြိမ်မြောက်အစည်းအဝေးတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်းနှင့်ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ/အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်နှင့် စိစစ်ချက်များအပေါ် အခြေခံ၍ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေအရလုပ်ကိုင်ရန် ပြန်လည်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

လုပ်ကိုင်ခွင့်ရရှိခဲ့သည့် အဆိုပါကုမ္ပဏီသည် မြေနေရာအား BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ခြင်းဖြစ်ပြီး ကြယ်ငါးပွင့်အဆင့်ရှိသည့် ဟိုတယ်၊ Shopping Mall ၊ Business Centre နှင့် Service Apartment လုပ်ငန်းများကို အကောင်အထည်ဖော် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် နိုင်ငံသားနှင့် နိုင်ငံခြားလုပ်ငန်းကုမ္ပဏီများမှ အဆိုပြုတင်ပြလာသည့် လုပ်ငန်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ၂၀၁၃ ခုနှစ်၊ သြဂုတ်လအတွင်းက နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်နေရာဟောင်းနယ်မြေရှိ မြေ ၁၂ ဒသမ ၆၀၄ ဧကကို BOT စနစ်ဖြင့် မြေငှားရမ်း၍ နိုင်ငံတကာအဆင့်မီ ဟိုတယ်၊ Service Apartment နှင့် Shopping Complex များ တည်ဆောက်ခြင်းလုပ်ငန်းကို Shwe Taing Development ကုမ္ပဏီအား လုပ်ကိုင်ခွင့်ချထားပေးခဲ့ပြီး ယခုအခါ Adventure Myanmar Tours & Incentives ကုမ္ပဏီမှ အဆိုပါဝင်းအတွင်း၌ပင် လုပ်ငန်းလုပ်ကိုင်ရန် အဆိုပြုချက်အပေါ် ထပ်မံခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

Shwe Taing Development ကုမ္ပဏီမှ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကျပ်သန်းပေါင်းတစ်သိန်းကျော်အထိ မြှုပ်နှံလုပ်ကိုင်မည်ဟု သိရသည်။

မင်း၊ မင်း၊ ပြီးတော့ မင်း အားလုံးကိုထောက်လှမ်းနေနိုင်တဲ့ "စောင့်ကြည့်နည်းပညာသစ်"



ဒါဟာ သံသယလွန်လွန်ကဲ ဟောလီးဝုဒ် သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ခုလိုပါပဲ။ တစ်ပြိုင်နက်တည်း လူပေါင်းများစွာကို နာရီပေါင်းများစွာကြာအောင် ထောက်လှမ်းနေနိုင်တဲ့ စောင့်ကြည့်နည်းပညာသစ် တစ်ရပ် ထွက်ပေါ်လို့လာပါပြီ။

Transformers ဇာတ်ကားတွေရိုက်တဲ့ ဒါရိုက်တာ Michael Bay ရဲ့ ဇာတ်ညွှန်းတွေတော့ မဟုတ်ပါဘူး။ Washington Postကနေ စေ့စေ့စပ်စပ် ထုတ်ပြန်လာတဲ့ သတင်းတွေအရ ဒီနည်းပညာက တကယ်ကိုရှိတယ်ဆိုတာကို သိရပါတယ်။ ဒီစောင့်ကြည့်နည်းပညာကို ဆိုးဆိုးရွားရွား ရာဇ၀တ်မှုတွေကို ဖြေရှင်းဖို့လည်း အသုံးချပြီးဖြစ်ပါတယ်။

Persistent Surveillance Systems ဆိုတာကတော့ ဒီနည်းပညာရဲ့ နောက်ကွယ်က အဖွဲ့အစည်းပါ။ PSS ကုမ္ပဏီဟာ Ohio ပြည်နယ်၊ Dayton မြို့မှာ အခြေစိုက်ထားပြီး သူ့ကုမ္ပဏီရဲ့ အလုပ်လုပ်ပုံ၊ အလုပ်လုပ်နည်းတွေကို Washington Postကို ရှင်းလင်းတင်ပြသွားပါတယ်။ တတ်နိုင်သမျှ Privacy နဲ့မညိအောင် လုပ်နေတဲ့ တချို့သော လုပ်ငန်းအဆင့်တွေအကြောင်းလည်း ပါပါတယ်။

ကောင်းကင်က မျက်လုံးတစ်လုံးနဲ့ စတာပဲ။ Cessna လေယာဉ်ကုမ္ပဏီက ထုတ်တဲ့ Cessna လေယာဉ်ငယ်လေးဟာ အမြင့်ပေ ၈၀၀၀ နဲ့ ၁၀၀၀၀ ကြား အချင်း (၂)မိုင်ပတ်လည်မှာ ပျံသန်းနေပြီး တစ်ကြိမ်မှာ နာရီပေါင်းများစွာ ပျံသန်းနေနိုင်ပါတယ်။ အဲ့ဒီ့ လေယာဉ်ပျံအသေးစားလေးမှာ စက္ကန့်နဲ့အမျှ ဓာတ်ပုံတွေရိုက်ယူနေတဲ့ ပုံရိပ်ပြတ်သားမှုမြင့် ကင်မရာ (၁၂)လုံး တပ်ဆင်ထားပါတယ်။ အဲ့ဒီ့ကင်မရာတွေက လူတွေနဲ့ ယာဉ်တွေကို ဘယ်သူဘယ်ဝါမှန်း မစူးစမ်းနိုင်ပေမဲ့ လူတွေနဲ့ ယာဉ်တွေရဲ့ လှုပ်ရှားမှုမှန်သမျှကို အချိန်နဲ့တပြေးညီ ထောက်လှမ်းနေနိုင်ပါတယ်။ ရံဖန်ရံခါမှာ အဲ့ဒီ့ကတဆင့်မှ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသွားနိုင်ပြီး ဖမ်းဆီးမှုတွေလုပ်သွားနိုင်ပါတယ်။

အမေရိက အနှံ့မှာ ဒီစောင့်ကြည့်နည်းပညာသစ်ကို သုံးသွားချင်တယ် လို့ Persistent Surveillance Systems ရဲ့ ဥက္ကဋ္ဌ Ross McNutt ကပြောသွားပါတယ်။ Baltimore, Philadelphia, Compton, California တွေမှာ ဒီနည်းပညာကို သရုပ်ပြပြီးဖြစ်ပါတယ်။ Ohio ပြည်နယ်၊ Dayton မြို့က ရာဇ၀တ်မှုတစ်ခုကိုလည်း ဒီစောင့်ကြည့်နည်းပညာသစ်နဲ့ ဖြေရှင်းပေးလိုက်နိုင်ခဲ့သေးတယ်လို့ ဥက္ကဋ္ဌMcNuttက Washington Post ကို ပြောသွားပါတယ်။

Ref:washingtonpost.com

ကလေးငယ်တစ်ယောက်ကို ခေါင်းဖြတ်ပြီး သွေးသောက်ခဲ့တဲ့အတွက် သေဒဏ်ချမှတ်ခံလိုက်ရတဲ့ အိန္ဒိယမှော်ဆရာ



အိန္ဒိယလူမျိုးတစ်ယောက်ဟာ ကလေးငယ်တစ်ယောက်ကို ခေါင်းဖြတ်သတ်ပြီး ကလေးရဲ့သွေးတွေ သောက်ခဲ့ကြောင်းအပြစ်ထင်ရှားတဲ့အတွက် သေဒဏ်ချမှတ်ခြင်းခံခဲ့ရကြောင်း mirror သတင်းဌာနမှာ မနေ့ က ဖော်ပြထားပါတယ်။ ဒီရာဇ၀တ်မှုဟာ မှော်ဂမ္ဘီရကျင့်စဉ်တစ်ခုနဲ့ ပတ်သတ်နေကြောင်း ရဲတွေက အတည်ပြု ထားပါတယ်။

လက်ခ်ျမီးကန်တာဆာကာ ဟာ ကလေးငယ်ရဲ့ခေါင်းကို သင်္ချိုင်း ထဲက သစ်ပင်တစ်ပင်မှာ တွဲလောင်းချိတ်ပြီး သွေးတွေ ခံယူသောက်သုံးနေတာကို ရွာသားတွေက လက်ပူးလက်ကြပ်မိခဲ့တာပါ။

လက်ခ်ျမီးကန်တာဆာကာ ဟာ အေဒီ ၅ ရာစု လောက်က ဟိန္ဒိုကျင့်စဉ်တစ်ခုဖြစ်တဲ့ “တန်ထရာ” ကို ကျင့်ကြံ လိုက်နာနေသူဖြစ်ပြီး ဒီလူသတ်မှုကို ကျူးလွန်ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။

အနောက်ဘင်္ဂလားပြည်နယ်၊ ဘန်ကူရာ ခရိုင်မြို့ ၊ ကာလာကူရီ ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပြီး အိန္ဒိယ လူမျိုး ရုပ်သံအမှုထမ်းတစ်ဦးက ဗီဒီယို ရိုက်ကူးနိုင်ခဲ့တာဖြစ်ပါတယ်။

ဆာကာ ကို ဆူလဂ်နာ ခရိုင်တရားရုံးမှာ အမှုတင်စစ်ဆေးခဲ့ပြီး မျက်မြင်သက်သေ ၁၇ ယောက်က အပြစ်ရှိကြောင်း ထွက်ဆိုခဲ့တဲ့အတွက် သေဒဏ် စီရင်ခဲ့ပါတယ်။

ဆာကာ ကို သင်္ချိုင်းမှာ တွေ့ ရှိရတဲ့အချိန်မှာ ရွာသားတွေဟာ “စုန်းကဝေကောင်” လို့ အော်ဟစ်ပြီး ၀ိုင်းရိုက်ပုတ်ခဲ့ကြတဲ့အတွက် ရဲတွေက ဥပဒေမဲ့အပြစ်ပေးသလိုမျိုး မဖြစ်အောင်လို့ ဝင်တားမြစ်ခဲ့ရပါတယ်။

တန်ထရာ ကျင့်စဉ် ဟာ အိန္ဒိယ နာမ်ဝိဥာဉ်ဂမ္ဘီရအယူဝါဒ မှာ မထင်ရှားဆုံးအပစ်ပယ်ခံရဆုံး ကျင့်စဉ်ခွဲ တစ်ခုဖြစ်ပါတယ်။ တန်ထရာ ကျင့်စဉ် ကျင့်သုံးသူတွေဟာ သူတို့ ဆန္ဒလိုလားချက်တွေ ပြည့်ဝဖို့ အတွက် အခုလို သွေးစွန်းယစ်ပူဇော်မှုတွေ ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။

Ref: mirror

အမျိုးသားများအတွက် ကျန်းမာပျော်ရွှင်သော ဘ၀နေထိုင်မှုပုံစံ



ဒီနေ့ခေတ်မှာ အမျိုးသားအများစုက ရည်ရွယ်ချက်တွေ ကြီးမားလာတတ်ကြတာ သတိထားမိ နေပါတယ်။ ရည်ရွယ်ချက်ကြီးသူတိုင်းအတွက် အခက်အခဲတွေ ၊ ဖိအားတွေကတော့ အနဲနဲ့အများ ကြုံတွေ့ရသူချည်းပါပဲ။ ဒီအခါ အရက် ၊ ဆေးလိပ် ၊ မူးယစ်ဆေး စတာတွေနဲ့ စိတ်ထွက်ပေါက်ရှာမိတာကြောင့် အညွန့်ကျိုးသွားရသူတွေလည်း ဒုနဲ့ဒေးပေါ့။

အောင်မြင်မှုလမ်းစကို စတင်နင်းမိနေချိန်မှာ စနစ်တကျ တည်ဆောက်ထားတဲ့ နေထိုင်မှုပုံစံဆိုတာ အလွန်ပဲ အရေးပါလှပါတယ်။ ပြောခဲ့တဲ့ ဖိအားအပြားအများကို ပြန်လည်တွန်းလှန်နိုင်ဖို့ အကောင်းဆုံး စိတ်ထွက်ပေါက်ဆိုတာ ရှာမရဖြစ်နေသူတွေကို အကြံပြုတင်ပြပေးပါရစေ။

(၁) ခန္ဓာကိုယ် တောင့်တင်းစေတဲ့ လေ့ကျင့်ခန်းများလုပ်ပေးပါ။



Gym မှာ အမြဲတမ်းသွားကစားဖို့ဆိုတာ သိပ်မဆင်မပြေမှန်း သိပါတယ်။ ဒီတော့ တခြား body weight လေ့ကျင့်ခန်းတွေဖြစ်တဲ့ ဘားတန်းခိုတာ ၊ ၀ိတ်မတာတွေနဲ့ ဒိုက်ထိုးတာတွေကလည်း အလားတူ အကျိုးကျေးဇူးတွေ ပေးနိုင်ပြီး သင့်အိမ်မှာပဲ ရေချိုးခန်းမ၀င်ခင် အလွယ်တကူ လုပ်နိုင်တာတွေပါ။

(၂) မိသားစုနဲ့ အချိန်ဖြုန်းပေးပါ။

လက်တော့ပ်တွေနားမှာ အချိန်ကုန်နေမယ့်အစား မိသားစုနဲ့ ၀ိုင်းဖွဲ့ပြီး ညစာစားပေးပါ။ ရုံးက သင့်ကို လုံလောက်တဲ့ social life ကို ပေးခဲ့ပြီးပါပြီ။ ဒီတော့ အိမ်ပြန်ရောက်ပြီဆိုရင် လက်တွေ့ဘ၀ထဲကို ပြန်ဝင်ဖို့ သတိရပါ။

(၃) ချက်ပြုတ်ပါ။



တစ်ကြိမ်လောက်ပဲ စပြီးချက်ပြုတ်ကြည့်ပါ။ ဘယ်လောက်ထိရောက်တဲ့ ကုထုံးလဲဆိုတာ တွေ့ရပါလိ့မ်မယ်။ ဒါ အမျိုးသားတိုင်း မရှိမဖြစ်တတ်ထားရယ့် ပညာရပ်တစ်ခုလို့လဲ ဆိုနိုင်ပါတယ်။ ခပ်များများ ချက်ထားမယ်ဆိုရင် နောက်နေ့မှာလည်း အိမ်မှာလုပ်တဲ့ အစားအသောက်လေး ထပ်စားလို့ရတာပေါ့။

(၄) ရေဓါတ်ပြည့်ဝအောင် နေပါ။

နေ့စဉ် လုံလောက်တဲ့ရေဓါတ် ပမာဏရောက်အောင် သောက်ပေးပါ။ ကုန်ခန်းသွားတဲ့ ချွေးတွေအတွက် ရေဓါတ်ပြန်လည်ဖြည့်တင်းဖို့ လိုအပ်ပြီး ရေဓါတ်ပြည့်ဝနေရင် သင့်အနေနဲ့ တော်ရုံတန်ရုံဆို တစ်နေ့တာလုံး လန်းဆန်းနေပါလိမ့်မယ်။

(၅) အပျက်အစီးတွေ ပြုပြင်တဲ့ အကျင့်ကိုမွေးပါ။



အိမ်မှာ ကျိုးနေတဲ့ ခုံအဟောင်းလေးပြင်မယ် ၊ ပျက်နေတဲ့ ကားဘီးလေးလဲမယ် ၊ ကျွမ်းနေတဲ့ မီးချောင်းလေး အသစ်ပြန်တပ်မယ် ။ ဒါတွေဟာ သင့်ကို တခြားကိုအာရုံ မပြန့်လွင့်စေဘဲ စိတ်ဓါတ်အင်အားလဲ များစွာပေးပါတယ်။ ကောင်းသွားဖို့ထက် လုပ်ဖြစ်နေဖို့က ပိုအရေးကြီးပါတယ်။

(၆) အသီးများများ စားပေးပါ။

အမျိုးသားတွေက သရေစာ မစားဖြစ်တတ်ကြသလို အသီးတွေလည်း အစားနည်းပါတယ်။ ဒါပေမယ့် အသက်ကို ကယ်တင်နိုင်တဲ့ အရာတွေထဲ အသီးတွေက မရှိမဖြစ်ပါ။ ဒါကြောင့် ကျန်းမာဖို့အတွက် အနည်းဆုံးလိုအပ်တဲ့ အသီးပမာဏလေးကိုတော့ မရှိမဖြစ် စားပေးရပါမယ်။

(၇) ဖြစ်နိုင်ရင် အလုပ်ကို လမ်းလျှောက်သွားပါ။

အလုပ်မှာ ဖိအားတွေများနေပြီလို့ ခံစားလာရတဲ့အခါ နှစ်မိနစ် ၊ သုံးမိနစ်လောက် လမ်းလျှောက်ထွက် လိုက်ပါ။ လတ်ဆတ်တဲ့လေတွေကို ရှုရှိုက်ပြီး စိမ်းလန်းတဲ့အရာတွေကို ကြည့်ရှုပေးပါ။ ဒါမှသာ သင့်ဦးနှောက်ရော ခန္ဓာပါ ပြန်လည်လန်းဆန်းမှာဖြစ်ပါတယ်။

(၈) ကြုံကြိုက်တဲ့အခါ အပြင်ထွက်စားပါ။



အပြောင်းအလဲကို မကြိုက်တဲ့သူများ ရှိပါသလား ။ အပြင်စာတွေ ထွက်စားတာ ကျန်းမာရေးနဲ့ မညီညွတ်တာမှန်ပေမယ့် ဒါကသင့်စိတ်ကို ပျော်ရွှင်စေတယ်ဆိုရင်တော့ ရံဖန်ရံခါ ထွက်စားပါ။

ဒီအပြုအမူလေးတွေ သင့်ဆီမှာရှိအောင် အလေ့အကျင့်ပြုလုပ်ပေးမယ်ဆိုရင် ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ အလုပ်ရဲ့ဖိအားတွေကနေ မှန်ကန်တဲ့နည်းလမ်းနဲ့ ရုန်းထွက်နိုင်မှာ သေချာပါတယ်။ ဒါကြောင့် လက်ရှိအသုံးပြုနေတဲ့ နည်းလမ်းအမှားတွေကို စွန့်ပစ်လိုက်ပါ။

Ref:mensxp.com

Related Posts Plugin for WordPress, Blogger...