Thursday, February 27, 2014

ခြံဝင်းထဲမှာ ဒေါ်လာ ၁၀ သန်းတန် ရွှေဒင်္ဂါးတွေတွေ့ခဲ့တဲ့ စုံတွဲ




ကာလီဖိုးနီးယားမြောက်ပိုင်းက စုံတွဲတစ်တွဲဟာ တကယ်ပဲရွှေအိုးတူးမိတဲ့အဖြစ်ကိုကြုံတွေ့ခဲ့ရပါပြီ။ သူတို့ရဲ့ ခြံဝင်းထဲမှာမြှုပ်နှံထားတဲ့ ဒေါ်လာ ၁၀ သန်းတန်ရှားပါးရွှေဒင်္ဂါးတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အမေရိကရဲ့သမိုင်းမှာအကြီးအကျယ်ဆုံးဖြစ်ခဲ့တယ်လို့ယူဆရတဲ့ ဒီရွှေဒင်္ဂါးတွေ့ရှိမှုဟာ ပြီးခဲ့တဲ့တစ်နှစ်အကြာကဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အမည်မဖေါ်လိုကြတဲ့ လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ခွေးနဲ့အတူလမ်းလျှောက်ထွက်နေကြတုန်း မြေကြီးပေါ်မှာ တောက်ပတဲ့အရာတစ်ခုကိုတွေ့ခဲ့တဲ့အတွက် တူးဖေါ်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ ၅ ဒေါ်လာ၊ ၁၀ ဒေါ်လာ နဲ့ ဒေါ်လာ ၂၀ တန်ဖိုးအသီးသီးရှိတဲ့ ၁၉ ရာစုလုပ် ရွှေဒင်္ဂါးပေါင်း ၁၄၀၀ ထည့်ထားတဲ့ သတ္ထုဘူးတွေကိုတွေ့ခဲ့တာဖြစ်ပါတယ်။

“တစ်ယောက်ယောက်က ဒါတွေကိုမြှုပ်ခဲ့ပြီး အခြားသူတွေကို ဒီဟာတွေဒီမှာရှိတဲ့အကြောင်းမပြောခင် သေသွားခဲ့တာဖြစ်မှာပါ။ ခိုးယူလုယက်မှုတစ်ခုလည်းဖြစ်နိုင်တာပဲ။ ဘယ်သူသိနိုင်မှာလဲ” လို့ ဒီတွေ့ရှိမှုကိုတန်ဖိုးဖြတ်အတည်ပြုပေးတဲ့ ကျွမ်းကျင်ဒင်္ဂါးတန်ဖိုးဖြတ်ဝန်ဆောင်မှုရဲ့ ပူးတွဲထူထောင်သူ David Hall ကပြောပါတယ်။

ဒီရှာဖွေတွေ့ရှိမှုရဲ့ ၉၀ ရာခိုင်နှုန်းကို Amazon ရဲ့ Collectible site မှာရောင်းချမှာဖြစ်တယ်လို့ သူတို့စုံတွဲကိုကူညီဆောင်ရွက်ပေးတဲ့ ဒင်္ဂါးကျွမ်းကျင်သူ Don Kagin ကပြောပါတယ်။ ၀ယ်ယူစုဆောင်းသူတွေဟာ ကြာသပတေးနေ့ Atlanda မြို့မှာလုပ်မယ့် နိုင်ငံတော် ငွေကြေးပြသပွဲမှာ မူရင်းအတိုင်းရှိနေသေးတဲ့ ဒင်္ဂါးအချို့ကိုအစမ်းကြည့်ခွင့်ရမှာဖြစ်ပါတယ်။

Ref:nation.time.com

ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကို ပိုင်ဆိုင်နိုင်ဖို့



လူတစ်ယောက်အတွက် ဆံကေသာအလှဟာ အလွန်ကို အရေးပါလွန်းလှပါတယ်။ အထူးသဖြင့် မိန်းကလေးတွေဟာ ကိုယ့်ဆံပင်ကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတဲ့ အချက်တွေကို သိထားသင့်ပြီး ဆေးတွေ ခဏခဏဆိုးတာမျိုး၊ ကောက်လိုက်၊ ဖြောင့်လိုက်လုပ်တာမျိုးတွေကြောင့် ပျက်စီးနေတဲ့ ဆံပင်တွေကို ဘယ်လို ထိန်းသိမ်းရမယ်ဆိုတဲ့ အချက်တွေကလည်း အရေးပါလွန်းတာမို့ ဆံကေသာ ကျန်းမာသန်စွမ်းအောင် ထိန်းသိမ်းနည်းလေးတွေ ပြောပြပေးလိုက်ပါတယ်။

၁။ဆံပင်ကို သန့်ရှင်းအောင်ထားပါ။ ခေါင်းပုံမှန်လျှော်ပေးတာမျိုး၊ ခေါင်းလျှော်တဲ့အခါ ပျော့ဆေးထည့်လျှော်ပေးတာမျိုးတွေ လုပ်ပေးရမှာဖြစ်ပါတယ်။ တစ်ပတ်တစ်ခါမှ ခေါင်းလျှော်တာမျိုးထက်စာရင် နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါလောက်တော့ လျှော်ပေးသင့်ပါတယ်။

၂။ခေါင်းလျှော်တဲ့အခါ ဦးရေပြားကို အနည်းဆုံး နှစ်မိနစ်ခန့် နှိပ်နယ်ပေးဖို့ လိုအပ်ပါတယ်။

၃။တစ်ပတ်တစ်ခါ အိမ်မှာပဲ ဆံပင်ကို ပေါင်းတင်ပေးတာမျိး မဖြစ်မနေလုပ်သင့်ပါတယ်။ ဒါဟာ ပျက်စီးနေတဲ့ ဆံသားတွေအတွက် ပိုမိုသင့်တော်တဲ့ နည်းလမ်းတစ်ခုပါပဲ။

၎။ကိုယ့်ဆံပင်အတွက် ကိုယ်အသုံးပြုနေတဲ့ ထုတ်ကုန်တွေက ကိုယ်နဲ့တကယ်သင့်တော်ရဲ့လားဆိုတာ ဆန်းစစ်ပါ။ ကိုယ့်ဆံသားနဲ့ တည့်လားမတည့်ဘူးလား။ ဗောက်ထစေတာမျိုးတွေလား၊ ဦးရေပြား ယားယံတာမျိုးတွေ ဖြစ်စေသလားဆိုတာ ဆန်းစစ်ပါ။

၅။ခေါင်းလျှော်ပြီး ခြောက်ခါစဆံပင်တွေကို ဘီးအကျဲတွေနဲ့သာ ဖြီးသင့်ပါတယ်။ ဆံပင်ကျွတ်တာမျိုးတွေ မဖြစ်အောင် ဂရုစိုက်ပါ။

၆။ဆံပင်ကို သုံးလတစ်ခါ ဆိုးတာမျိုး၊ လေးလတစ်ခါ ပြောင်းဆိုတာမျိုး တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ ဆံပင်ဆိုးတော့မယ်ဆိုရင် ဆံပင်အလှပညာရှင်တွေနဲ့ တိုင်ပင်ပြီးမှ ဆိုးပါ။

၇။ကိုယ့်ဆံပင်ပျက်စီးနေတယ်လို့ ခံစားနေရပြီဆိုရင် တစ်လတစ်ခါ ဆိုင်မှာသွားပြီး အပူပေါင်း ပေါင်းတင်တာမျိုးလုပ်ပေးပါ။ ဒါဟာ တကယ်ကို ထိရောက်တဲ့နည်းပါ။

၈။အပြင်သွားခါနီး ဆံပင်ကို အပူချောင်းနဲ့ ကောက်မယ်၊ ဖြောင့်မယ်ဆိုရင် အပူခံနိုင်မယ့် ဆေးတစ်မျိုးမျိုးလိမ်းပြီးမှ လုပ်ပါ။ တစ်ခါ၊ နှစ်ခါနဲ့ မသိသာပေမယ့် အပူချောင်းတွေသုံးတာဟာ ကြာလာတာနဲ့အမျှ ဆံပင်သားကို ပျက်စီးလာစေနိုင်လို့ပါ။

၉။ဆံပင်ကို သန်စွမ်းစေမယ့်၊ ဗီတာမင်ဖြည့်ပေးနိုင်မယ့် ဆီတစ်မျိုးမျိုး ပုံမှန်လိမ်းပေးပါ။

၁၀။ကိုယ်သုံးနေကျ hair spray တွေ၊ မုစ်အမျိုးအစားတွေ ပြောင်းသုံးမယ်ဆို အလှကုန်ကောင်တာမှာ သေချာမေးမြန်းပြီးမှ ၀ယ်ယူပြောင်းသုံးသင့်ပါတယ်။

Ref:womenshealthmag.com

ဖက်ရှင် နဲ့ ကျန်းမာရေး



အရင်ထက် ပိုမိုမြန်ဆန်စွာ စီးဆင်းလာတဲ့ ဖက်ရှင်ရေစီးနောက် လိုက်နေကြတဲ့သူတွေဟာ ပြောင်းလဲသွားတဲ့ အသစ်အသစ်တွေကိုရော၊ ခုလက်ရှိ ခေတ်စားနေတဲ့ ဒီဇိုင်းပေါင်းများစွာကိုပါ လက်လွတ်မခံဘဲ ကိုယ့်ကိုယ်ကိုယ် စတိုင်လ်ကျလှပအောင် နေတတ်ကြပါတယ်။ ဖက်ရှင်ကျတာ ကောင်းပါတယ်။ ဖက်ရှင်ကျတဲ့သူတွေဟာ ဖက်ရှင်မကျ ဖြစ်သလိုနေထိုင်ဝတ်စားတတ်သူတွေထက် ပိုမိုသတိပြုခံရသလို တစ်ပါးသူရဲ့ အားကျခြင်းကိုလည်း အလွယ်တကူရနိုင်ပါတယ်။ ဒါပေမယ့် ဖက်ရှင်ရေစီးကြောင်း နောက်လိုက်ပါရင်း၊ အသစ်တွေနောက်လိုက်ရင်း ကိုယ်ဆင်မြန်းအလှဆင်လိုက်တာတွေက ကိုယ့်ရဲ့ကျန်းမာရေးကို ထိခိုက်စေမယ်၊ ကိုယ့်အတွက် အဆင်မပြေမှုတွေ ဖြစ်စေမယ်ဆိုရင်တော့ ဖက်ရှင်ထက် အရေးပါတဲ့အရာတွေကို ဦးစားပေးရတော့မှာပါ။ အဲ့ဒါတွေကို ပြောပြရရင်တော့

၁။ဒေါက်မြင့်ဖိနပ်အမြင့်ကြီးတွေ နေ့တိုင်းမစီးပါနဲ့။

ဒေါက်မြင့်ဖိနပ်စီးလိုက်ပြီဆိုရင် ကိုယ့်ရဲ့ဘော်ဒီအနေအထားဟာ ပိုမိုကြည့်ကောင်းပြီး လက်ပြင် ကုန်းတာမျိုးတွေ၊ ခါးကုန်းတာမျိုးတွေတောင် မရှိနိုင်တော့တာ တွေ့ဖူးပါတယ်။ ဒါပေမယ့် ဒေါက်ဖိနပ်စီးလိုက်လို့ ခြေချောင်းလေးတွေ နာကျင်တာ၊ ခြေဆစ်ကိုက်တာတွေအပြင် ခါးနာတာမျိုး တွေကတော့ ကျန်းမာရေးအတွက် တကယ်ကို ဆိုးဝါးစေတယ်ဆိုတာ ထောက်ပြပေးချင်ပါတယ်။ မစီးတတ် လို့ ချော်လဲတာမျိုးတွေတောင် ဖြစ်နိုင်တာမို့ ဒေါက်အရမ်းမြင့်တာမျိုးတွေကို ရှောင်ရမှာပါ။

၂။အိတ်အကြီးကြီးတွေထဲမှာ အဆာပလာတွေ အများကြီးထည့်မလွယ်ပါနဲ့။

ဘေးလွယ်အိတ်အကြီးကြီးတွေဟာ အရင်ကတည်းက ခုချိန်ထိ ခေတ်စားဆဲ၊ ခေတ်စားမြဲဖြစ်သလို လူကြိုက်များတဲ့ ဒီဇိုင်းပါပဲ။ အိတ်အကြီးကြီးလွယ်ထားပြီး အိတ်ကို အဆာပလာတွေ အများကြီးဖြည့်မှ လွယ်လို့ရတာ မဟုတ်တဲ့အတွက် အိတ်ကိုတတ်နိုင်သမျှ အပေါ့ပါးဆုံးလွယ်ပါ။ အိတ်ထဲ ပစ္စည်းအများကြီးထည့်လွယ်တာဟာ ပခုံး၊ လည်ပင်း အတွက် လုံးဝမကောင်းဘူးဆိုတာ သိထားဖို့လိုပါတယ်။

၃။လိုတာထက်ပို မပိန်ချင်ပါနဲ့။

အ၀တ်အစားတွေ ၀တ်ဆင်ရတာ အဆင်မပြေတော့တာကြောင့်ပဲဖြစ်ဖြစ်၊ နိုင်ငံတကာက နာမည်ကြီးမော်ဒယ်တွေရဲ့ ဘော်ဒီကို သဘောကျတာကြောင့်ပဲဖြစ်ဖြစ် လိုတာထက်ပို ၀ိတ်ချဖို့တော့ မကြိုးစားပါနဲ့။ ဆေးတွေသောက်၊ ညစာတွေမစားတာဟာ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့အရာတွေကို ဆုံးရှုံးသွားစေမယ်ဆိုရင် ဒါဟာ ကျန်းမာရေးအတွက် ဆိုးဝါးတဲ့ကိစ္စရပ်ပါပဲ။

၎။ဒီဇိုင်နာထုတ် brand တွေဝယ်ဖို့ မစားမသောက် ပိုက်ဆံစုခြင်းမျိုး မလုပ်ပါနဲ့။

တစ်သက်မှာတစ်ခါလောက်ပဲဖြစ်ဖြစ်၊ တစ်လမှာတစ်ခါလောက်ပဲဖြစ်ဖြစ် အကောင်းစား ၀တ်ရမှဖြစ်မယ်ဆိုသူတွေဟာ နာမည်ကြီးဒီဇိုင်နာရဲ့ လက်ရာကုန်ပစ္စည်းတွေကို မစားမသောက်ပိုက်ဆံစု ၀ယ်ချင်ကြပါတယ်။ ဒါဟာ တော်တော်ဆိုးတဲ့ လုပ်ရပ်ပါ။ ချွေတာသင့်တဲ့နေရာမှာပဲ ချွေတာပြီး သုံးသင့်တဲ့နေရာမှာတေ့ သုံးပစ်လိုက်ဖို့ ၀န်မလေးပါနဲ့။

၅။ရာသီဥတုကိုလိုက်ပြီး ၀တ်စားပါ။

ရာသီဥတုပူနေတာကို လည်သာအင်္ကျံကြီးဝတ်ပြီး သွားလာနေတာမျိုးဟာ ကျန်းမာရေးအရ မသင့်တော်သလို ဘေးကမြင်ရတဲ့သူတွေပါ ဟားစရာမြင်ကွင်းပါပဲ။ အေးတဲ့ရာသီမှာ အတိုအပြတ်တွေဝတ်ပြီး၊ ပူတဲ့ရာသီမှာ အင်္ကျံနှစ်ထပ်၊ သုံးထပ်ဝတ် စတိုင်လ်ထုတ်ခြင်းဟာ ကျန်းမာရေးအတွက် ဘယ်လိုမှ မသင့်တော်ဘူးဆိုတာ သိထားရမှာပါ။

Ref:womenshealthmag.com

သင့်ကို ဗိုက်မပြည့်စေတဲ့ အစားအသောက်တွေ



အစားအသောက်စားတယ်ဆိုတာ ဗိုက်ပြည့်စေဖို့မဟုတ်လား။ တကယ်လို့များ တချို့အစား အစာတွေဟာ သင့်ကိုဗိုက်ပြည့်စေတယ်လို့ ထင်အောင် ဟန်ဆောင်နေတာဆိုရင် သင်အံ့သြသွားမလား။ အစားအစာတိုင်းဟာ သင့်ခန္ဓာကိုယ်ကို လုံလောက်တဲ့ စိတ်ကျေနပ်မှု မပေးပါဘူး။

ဒီတော့ သင့်ဦးနှောက်ကို ဗိုက်ပြည့်ပြီလို့ တွေးထင်စေပြီး သင့်စိတ်ကိုတော့ ခဏခဏဗိုက်ဆာ သလိုဖြစ်နေမယ့် အစားအသောက်တွေအကြောင်း ပြောကြည့်ရအောင်။

(၁) တရုတ်အစားအစာများ



ခေါက်ဆွဲတစ်ပွဲ စားလိုက်ရင် တစ်ပွဲတည်းနဲ့ ဗိုက်ပြည့်တယ်လို့ မခံစားရတာ ဘာကြောင့်လဲ။ အဖြေကတော့ တရုတ်အစားအစာတွေမှာ အရသာကို ပိုကောင်းစေဖို့ Monosodium Glumate (MSG) တွေ ပါဝင်ပါတယ်။ ဒီဓါတုပစ္စည်းတွေက သင့်ကိုပိုပြီး ဗိုက်ဆာစေပါတယ်။ MSG မပါဝင်တဲ့ အစားအစာတွေနဲ့ ယှဉ်လိုက်ရင် ဒီတရုတ် အစားအစာတွေက စားပြီး နောက်တစ်နာရီလောက်အကြာမှာ သင့်ကို ပြန်ပြီး ဗိုက်ဆာစေပါတယ်။

(၂) ပေါင်မုန့်



တစ်နေ့လုံးမှာ တစ်နာရီ ၊ နှစ်နာရီခြား တစ်ခါလောက်မှာ ဗိုက်ဆာနေတဲ့ အဖြေက ပေါင်မုန့်တွေပါပဲ။ ဒါပေမယ့် သုတေသနတွေရဲ့ အဆိုအရတော့လည်း ပရိုတိန်းဓါတ်ပါဝင်တဲ့ အစားအစာတွေက အခြား ကာဗွန်ဟိုက်ဒရိတ်နဲ့ အဆီဓါတ်များတဲ့ အစာတွေထက် ပိုပြီးဗိုက်ပြည့်တယ်လို့လည်း ဆိုပါတယ်။ ပေါင်မုန့်တွေမှာ ပါတဲ့ သစ်သီးသကြားဓါတ် အရည်တွေကြောင့် သင့်ရဲ့ သွေးတွင်းသကြားဓါတ်နှုန်းကို အတက်အကျမြန်စေပါတယ်။

(၃) အရက်



ဒါကတော့ ပရိယာယ်များတဲ့အခြေအနေတစ်ရပ်ပါ။ အရက်သောက်နေတုန်း အစားတွေ အများကြီး စားဖြစ်ကြပေမယ့် အဆုံးမှာတော့ အရက်ဟာ သင့်ကို တစ်ဖန်ပြန်ပြီး ဗိုက်ဆာစေပါတယ်။ အရက်က သင့်ရဲ့ အရသာခံအာရုံကို နှိုးဆွပေးတာမှန်ပေမယ့် အသင့်လုပ်အစားအစာတွေကို ပိုပြီး နှစ်သက်စေပါတယ်။ ဒါကြောင့် အကျိုးဆက်အနေနဲ့ သင့်ကို ခဏခဏဗိုက်ဆာစေတာပဲ ဖြစ်ပါတယ်။

(၄) ချောကလက်အညို



ချောကလက် အပိုင်းအစလေးတစ်ခုကို စားလိုက်ရရင် ဘယ်တော့မှ တင်းတိမ်တယ်လို့ မခံစားရဘူး မဟုတ်လား။ အမှန်က ချိုတဲ့အရသာ ၊ ငံတဲ့အရသာ တွေပါဝင်တဲ့ snackတွေက စားပြီးရင်းစားချင်ပြီး မတင်းတိမ်တတ်ပါဘူး။ ပြဿနာက ချောကလက်အညိုတွေက စားပြီးရင်ရပ်မရဘဲ ထပ်ထပ်ပြီး စားချင်နေတာပါပဲ။ ပမာဏ အများကြီး စားတာတောင် မကျေနပ်နိုင်ပါဘူး။

Ref:mensxp.com

ထောင်ကိုးနှစ်ကျသွားပြီဖြစ်တဲ့ As I Lay Dying အဆိုတော်




As I Lay Dying အဖွဲ့ရဲ့အဆိုတော် Tim Lambesis ဟာ သူ့ရဲ့ကွဲကွာနေတဲ့ဇနီးကိုသတ်ဖို့ ပူးပေါင်းကြံစဉ်မှုနဲ့တရားစွဲခံခဲ့ရတာဖြစ်ပြီး အပြစ်ရှိကြောင်းဝန်ခံခဲ့တာဖြစ်ပါတယ်။ ဒီဝန်ခံမှုကြောင်း Lambesis ဟာထောင်ဒဏ်ကိုးနှစ်ကျခံရပြီး ဒေါ်လာ ၁၀၀၀၀ ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပါတယ်။ သူ့ရဲ့ပြစ်ဒဏ်ကိုမေလ ၂ ရက်နေ့စတင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က Lambesis ဟာသူနဲ့ကွဲကွာနေတဲ့ဇနီးဖြစ်သူကို သတ်ဖို့ကြေးစားလူသတ်သမား ငှားဖို့ကြိုးစားခဲ့တဲ့အတွက်အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ ဇနီးဖြစ်သူ Meggan Lambesis ဟာ Tim Lambesis နဲ့ ကလေးသုံးယောက် ထွန်းကားခဲ့တဲ့ မိခင်လည်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တုန်းက သူ့ကိုတရားဝင်ကွာရှင်းပြတ်ဆဲခွင့်တောင်းခဲ့သူပါ။

ကြေးစားလူသတ်သမားဆိုသူဟာ လျှို့ဝှက်စုံစမ်းနေတဲ့ ရဲဖြစ်နေခဲ့ပြီး ဒီအမှုကိုကြားနာနေဆဲမှာ Lambesis ဟာ ဒေါ်လာ ၂ သန်းအာမခံကြေးပေးပြီး နေအိမ်အကျယ်ချုပ်အဖြစ်နေခဲ့ရတာဖြစ်ပါတယ်။

As I Lay Dying ရဲ့ကျန်အဖွဲ့ဝင်တွေကတော့ Lambesis ရဲ့အမှုနဲ့ပါတ်သတ်ပြီးမှတ်ချက်မပေးသေးပါဘူး။

Ref:loudwire.com

နွေရာသီ street ဖက်ရှင်



ဒီတစ်နွေမှာတော့ သူများတွေနဲ့ မတူပဲ တမူထူးထူးခြားခြားလေး ၀တ်ချင်ပါတယ်ဆိုတဲ့ မမများအတွက် လာပါပြီ။ လန်ဒန်မြို့တော်ကြီးတစ်ခွင်မှာ နာမည်ကြီးသူတို့ သူတို့တွေ ဘာတွေဝတ်ဆင်ထားလဲဆိုတာ ရှောင်တခင် ရိုက်ချက်လေးတွေနဲ့ Street Fashion (လမ်းပေါ်က အလန်းများ) ရယ်လို့ နာမည်ပေးထားတဲ့ ဒီကဏ္ဍမှာ ကိုယ့်နိုင်ငံနဲ့ လိုက်ဖက်မယ့် ဖက်ရှင်လေးတွေကို ရွေးချယ်တင်ပြပေးပါ့မယ်။

ဒီဇိုင်းလေးတွေက ဆန်းတာကြောင့် ဖိုတို မော်ဒယ်လ်များအနေနဲ့လည်း ၀ါသနာပါရင် နည်းလမ်းလေးတွေ ၀င်ပြီး စနည်းနာလို့ရတယ်နော်။



(၁) မနက်ခင်း အလုပ်ကအထွက်မှာ ဒီလိုမျိုးသွားပေါ့။ ဒီလို Jumpsuit အပွမျိုးက အရပ်ရှည်တဲ့ သင့်အတွက် အထူးချုပ်လုပ်ထားသလိုပါပဲ။ စမတ်လည်း ကျသလို ပွဲလည်းတင့်ပါတယ်။



(၂) ပိတ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့ လျှောက်လည်ကြဖို့ ချိန်းထားသလား။ ဒီလို printed အင်္ကျံပါးလေးတွေက သင့်ကို အလွန်ပေါ့ပါးအေးမြစေပါတယ်။ ဖိနပ်ကလေးကိုသာ အင်္ကျံအရောင်နဲ့ လိုက်အောင် သတိထားဝတ်ဆင်သွားပါ။ i-pod လေးနားထောင်လို့ လမ်းလျှောက်သွားမယ့် သင့်အသွင်ကို မြင်ယောင်ကြည့်လိုက်ရင် အတော်လေး အထာကျနေမှာပါ။



(၃) ချည်သား အကွက်လေးတွေက သင့်ကို အေးမြမှုပေးစွမ်းနိုင်သလို အမျိုးသမီး မဆန်လိုတဲ့ ၀တ်စားဆင်ယင်မှုအတွက် သင့်တော်ပါတယ်။ သင့်ကောင်လေးရဲ့ ရှပ်အင်္ကျံကို ငှားဝတ်ပြီးတော့လည်း ဒီဇိုင်း ထွင်လို့ရတယ်နော်။



(၄) အိုး။ ကေတီပယ်ရီနဲ့တောင်မှားသွားတယ်။ သိပ်ပြီး စမတ်ကျတဲ့ ၀တ်စုံလေးကို cat eye shape မျက်မှန်လေးက တောက်ပသွားစေတာပါ။ နွေရာသီမှာ နေကာမျက်မှန်တွေကလည်း အရေးပါတယ်လေ။



(၅) သင်က အရပ်ရှည်သူတစ်ယောက်ဆိုရင်တော့ ဒါကို စတိုင်မကျဘူးလို့ မထင်ပါနဲ့။ အဖြူနဲ့အနက် အတွဲအစပ်က အမြဲတမ်း ဖက်ရှင်ကျပြီး အင်္ကျံပွ ၊ စကတ်အပွက သင့်ကို creative ဖြစ်စေပါတယ်။ အရပ်သိပ်မရှည်ရင်တော့ ဒါမျိုးရှောင်ကျဉ်ပါ။



(၆) စကတ်အတိုလေးနဲ့ အင်္ကျံအပွလေးတွေက အမြဲတမ်း cute (ချစ်စရာကောင်းတဲ့) ပုံစံကို ရစေပါတယ်။ ဒါကိုမှ သူများထက် ဆန်းသစ်လိုရင်တော့ ခရေစီကာလာ လက်ကိုင်အိတ် ၊ မျက်မှန် နဲ့ ဖိနပ်တစ်စုံ ထပ်ပေါင်း ထည့်လိုက်ပေါ့။ ပုံထဲက သူမကိုကြည့်ရတာ အရမ်းပဲ ပုံစံကျပါတယ်။



(၇) အိမ်နေရင်းကိုမှ အထာကျကျ နေလိုရင်တော့ စပန့်သား အဆင်ဆန်းလေးတွေကို ဒီလိုဒီဇိုင်းမျိုး ချုပ်ဝတ်လို့ရပါတယ်။ အပေါ်က ကျိုးသေးသေး မျှင်မျှင်လေးတပ်လို့ပေါ့။ ညနေဘက် ကော်ဖီသောက်အတွက် လမ်းလျှောက်ထွက်ကြမယ် ဆိုရင်တော့ သင့်ပုံစံက အိမ်နေရင်းအသွင်လေးနဲ့ အထာကျနေမှာပါ။

Ref:elleuk.com

ဒဏ်ရာရနေတဲ့ကြောင်ကို သေတဲ့အထိကန်ပစ်ခဲ့တဲ့အတွက် ထောင်ဒဏ် ၁၈ ပတ်ကျခံခဲ့ရတဲ့ စစ်သားဟောင်း



အသက် ၃၀ အရွယ် Anthony Delaney ဆိုသူဟာ အင်္ဂလန်နိုင်ငံ၊ ဂရိတ်မန်ချက်စတာကောင်တီ၊ Ashton-under-Lyne မြို့ လမ်းပေါ်မှာ ဒဏ်ရာနဲ့ လဲလျောင်းနေတဲ့ ကြောင်တစ်ကောင်ကို သေတဲ့အထိ ကန်ပစ်ခဲ့လို့  ထောင်ဒဏ် ၁၈ ပတ် ကျခံခဲ့ရပါတယ်။ အနက်နဲ့ အဖြူကြား ကြောင်ထီးတစ်ကောင်ဟာ ကားတစ်စင်နဲ့  တိုက်မိပြီး ဒဏ်ရာရကာ လမ်းမပေါ်မှာ လဲလျောင်းနေတာကို စစ်သားဟောင်းတစ်ယောက်ဖြစ်တဲ့ အန်တိုနီက လေထဲလွင့်သွားအောင် အားနဲ့ ကန်ပစ်ခဲ့တာပါ။

ဒီဖြစ်ရပ်ဖြစ်ပွားချိန်မှာ အန်တိုနီနဲ့ သူငယ်ချင်းတစ်စုဟာ အရက်သေစာသောက်စားမူးယစ်နေကြတယ်လို့  စစ်ဆေးသိရှိရပြီး အန်တိုနီကန်လိုက်ပြီး မကြာမီမှာပဲ ကြောင်ဟာ သေဆုံးသွားခဲ့တယ်လို့  ဆေးမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ CCTV မှတ်တမ်းတွေအရ အန်တိုနီဟာ ကြောင်ကို ပထမတစ်ခါ လေထဲလွင့်အောင် ကန်ခဲ့ရုံမက ဒုတိယအကြိမ်ပါ နံရံဘက်ဆီလွင့်သွားအောင် ကန်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။

ပိုင်ရှင်မသိရတဲ့ ကြောင်ထီးလေးဟာ ကားနဲ့ တိုက်မိလို့ ရတဲ့ ဒဏ်ရာတွေအပြင် အန်တိုနီကန်လိုက်တဲ့ ဒဏ်ချက်တွေကြောင့် နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းကို အကြောင်းကြားသူကတော့ မိန်းကလေးအုပ်စုတစ်စု ဖြစ်ပြီး အန်တိုနီတို့ သူငယ်ချင်းအုပ်စုကို မကန်ဖို့  တားမြစ်နေတဲ့ကြားထဲက သူတို့ ကိုအော်ငေါက်မောင်းထုတ်ပြီး ကြောင်ကို ကန်ထုတ်ပစ်ခဲ့တယ်လို့  ပြောကြားထားပါတယ်။

ကလေးနှစ်ယောက်ဖခင် အန်တိုနီကို တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှုနဲ့ စွဲချက်တင်ခဲ့ပြီး အမှုစစ်ဆေးခဲ့ကာ ထောင်ဒဏ် ၁၈ ပတ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ ပထမတော့ အန်တိုနီဟာ ကြောင်ကို ခံစားနေရတဲ့ ဝေဒနာက လွတ်အောင် အဆုံးသတ်ပေးခဲ့တာဖြစ်တယ်လို့ ငြင်းဆိုခဲ့ပေမယ့် တရားရုံးမှာ ကြားနာတဲ့အချိန်မှာ သူ့ ရဲ့ အပြစ်ကို ၀န်ခံခဲ့ပါတယ်။

Ref: metro

Wednesday, February 26, 2014

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ကြည်း ၊ လေ ၊ အမြောက် နှင့် သံချပ်ကာတပ်ဖွဲ့ များ၏ ပူးပေါင်း စစ်ဆင်မှုလေ့ကျင့်ခန်း အား ကြည့်ရှုစစ်ဆေး



တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ကြည်း ၊ လေ ၊ အမြောက် နှင့် သံချပ်ကာ တပ်ဖွဲ့များ၏ ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်း တွင် ပါဝင် ဆောင်ရွက်ခဲ့ကြ သူများအား အမှာစကား ပြောကြားစဉ်



တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား လေ့ကျင့်ခန်းတွင် ပါဝင်သည့် လေ့ကျင့်ရေး ခေါင်းဆောင်တစ်ဦးက လေ့ကျင့်ခန်း အကြောင်းအရာ နှင့် ပတ်သက်၍ သဲမြေပုံ ဖြင့် ရှင်းလင်း တင်ပြစဉ်



တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ကြည်း ၊ လေ ၊ အမြောက် နှင့် သံချပ်ကာ တပ်ဖွဲ့များ၏ ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်း အား ကြည့်ရှုစဉ်


နေပြည်တော် ၊ ၂၆-၂-၂၀၁၄


တပ်မတော် ၏ နိုင်ငံတော် ကာကွယ်ရေး စွမ်းရည် မြင့်မား လာစေရန် ရည်ရွယ်၍ ပြုလုပ်သော တပ်မတော် ကြည်း ၊ လေ ၊ အမြောက် နှင့် သံချပ်ကာ တပ်ဖွဲ့များ၏ ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်း အား ယမန်နေ့ နံနက်ပိုင်း တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြည့်ရှု စစ်ဆေးသည်။


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ တပ်မတော် အရာရှိကြီးများ ၊ တပ်မတော် တန်းမြင့် လေ့ကျင့်ရေး ကျောင်းများမှ ကျောင်းအုပ်ကြီးများ ၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် မှ သင်တန်းသား အရာရှိကြီးများ နှင့် စစ်ဦးစီး တက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ တက်ရောက် ကြသည်။


ရှေးဦးစွာ လေ့ကျင့်ခန်း ပြုလုပ်သည့် ရှုရပ်ကုန်း ရှိ ရှင်းလင်းဆောင် ၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား လေ့ကျင့်ခန်း တွင် ပါဝင်သည့် လေ့ကျင့်ရေး ခေါင်းဆောင် တစ်ဦးက လေ့ကျင့်ခန်း အကြောင်းအရာ နှင့် ပတ်သက်၍ သဲမြေပုံ ဖြင့် ရှင်းလင်း တင်ပြသည်။


ထို့နောက် လေ့ကျင့်ခန်း အား အစီအစဉ် အတိုင်း ဆက်လက် လုပ်ဆောင် ကြရာ လေ့ကျင့်ခန်း တွင် ပါဝင် လုပ်ဆောင် ကြမည့် ခြေလျင် နှင့် သံချပ်ကာ တပ်ဖွဲ့များသည် နောက်ပိုင်း ဌာနချုပ် မှ ရှေ့တန်းစုရပ် ၊ ၄င်းမှ ခွဲလွှတ်ရပ် ၊ ၄င်းမှ စီရပ်သို့ ချီတက်၍ စီရပ်တွင် တိုက်ပွဲဝင် ပုံစံဖြင့် တပ်ဖြန့်မှု အား ဆောင်ရွက်ကြသည်။


ထိုသို့ ဆောင်ရွက် နေစဉ်အတွင်း အကြမ်းဖက် တပ်ဖွဲ့များက ရန်သူ့ အမြောက်နေရာ အား စီးနင်းခြင်း ၊ တပ်မတော်(လေ) မှ ရဟတ်ယာဉ်များ ၊ တိုက်လေယာဉ် များနှင့် ရန်သူ့ ပစ်မှတ် နေရာ အသီးသီးအား ကြိုတင် ချေမှုန်းခြင်း ၊ အမြောက်ကြီး များဖြင့် ပစ်ခတ်ခြင်း ၊ အတွဲလိုက် ဒုံးများ ပစ်ခတ်ခြင်း ၊ ခြေလျင် အကူ လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်း များနှင့် ကြိုတင် ချေမှုန်းခြင်းများ ဆောင်ရွက် ကြပြီး တိုင်ပွဲဝင် ပုံစံ အဆင့်ဆင့် အတိုင်း ခြေလျင် နှင့် သံချပ်ကာ တပ်ဖွဲ့များက ရည်မှန်းချက် အသီးသီး သို့ ဖောက်ဝင်၍ ရန်သူကို ချေမှုန်း တိုက်ခိုက်ခြင်း များ ဆောင်ရွက် ကြသည်။



အကြမ်းဖက် တပ်ဖွဲ့များက ရန်သူ့ အမြောက်နေရာအား စီးနင်းခြင်း လေ့ကျင့်စဉ်



အမြောက်ကြီးများဖြင့် ပစ်ခတ်ချေမှုန်းခြင်း လေ့ကျင့်စဉ်



ရဟတ်ယာဉ်ဖြင့် အမြောက်ရွှေ့ပြောင်းခြင်း လေ့ကျင့်စဉ်



တိုက်လေယာဉ်ဖြင့် လေကြောင်းပစ်ကူယူ ချေမှုန်း တိုက်ခိုက်ခြင်း လေ့ကျင့်စဉ်






ယင်းနောက် ရန်သူ၏ နောက်ပိုင်း လုံခြုံရေး တပ်ဖွဲ့များအား အမြောက် တပ်ဖွဲ့များမှ ပစ်ခတ် ချေမှုန်းကြပြီး တိုက်ပွဲဝင် တပ်ဖွဲ့များက ပူးပေါင်း စီးနင်း တိုက်ခိုက်ခြင်း နှင့် ရန်သူအား လွတ်ထွက် မသွားစေရန် ပိတ်ဆို့ခြင်း များအား ဆောင်ရွက် ကြပြီး လေ့ကျင့်ခန်း ပြီးဆုံး ရပ်နား ခဲ့သည်။


ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တာဝန် ရှိသူများ နှင့် လေ့ကျင့်ခန်း တွင် ပါဝင် ဆောင်ရွက် ခဲ့ကြသူများအား ရှုရပ်ကုန်း တွင် လေ့ကျင့်ခန်း နှင့် ပတ်သက်၍ အမှာစကား ပြောကြား ခဲ့ပြီး လေ့ကျင့်ခန်း တွင် ပါဝင်ခဲ့သည့် ခြေလျင် ၊ အကူ လက်ရုံးတပ် များမှ အရာရှိ ၊ စစ်သည်များ အတွက် ဂုဏ်ပြုဆုငွေများ ချီးမြှင့် ပေးအပ်သည်။ အလားတူ လေ့ကျင့်ခန်း တွင် ပါဝင်ခဲ့သည့် တပ်မတော်(လေ) မှ လေသူရဲ များအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်သည်။


ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အဖွဲ့ဝင်များ လိုက်ပါ၍ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် မှ သင်တန်းသား အရာရှိကြီးများ ၊ စစ်ဦးစီး တက္ကသိုလ် မှ သင်တန်းသား အရာရှိကြီးများ နှင့် မိတ္ထီလာ တပ်နယ်မှ အရာရှိ များအား တွေ့ဆုံ အမှာစကား ပြောကြားသည်။


ထိုသို့ တွေ့ဆုံပွဲ အသီးသီး၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မှ အမှာစကား ပြောကြား ရာတွင် မိမိတို့ နိုင်ငံ၏ ကာကွယ်ရေး မူဝါဒ မှာ ပြည်ပ ကျူးကျော်ရန် မဟုတ်ဘဲ နိုင်ငံတော် အား ကာကွယ်ရန် ဖြစ်ကြောင်း ၊ မိမိတို့ တပ်မတော် အား နိုင်ငံတကာ စံချိန်စံညွှန်း နှင့် ကိုက်ညီသည့် Standart Army အဖြစ် တည်ဆောက်လျက် ရှိကြောင်း ၊ ယင်းသို့ တည်ဆောက် ရာတွင် လူ ၊ လက်နက် ၊ ပစ္စည်း ကိရိယာများ ဖွဲ့စည်းရုံဖြင့် မပြည့်စုံဘဲ မိမိ၏ စစ်လက်နက် ပစ္စည်း ကိရိယာ များအား ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြု နိုင်ရန် လိုကြောင်း ၊ သို့ဖြစ်၍ စစ်မြေပြင် ကဲ့သို့ အတွေ့အကြုံမျိုး ရရှိစေရန် တပ်ဆင် ထားသည့် လက်နက် ၊ ပစ္စည်း ကိရိယာ ၊ ယန္တရား များဖြင့် လေ့ကျင့်ခန်း များ ဆောင်ရွက် ရခြင်း ဖြစ်ကြောင်း ၊ စစ်ဆင်ရေး အောင်မြင် စေရန် အတွက် တပ်များတွင် တိုက်ပွဲ စွမ်းအားရှိရန် အရေးကြီးကြောင်း ၊ ထို့အပြင် ယနေ့ အချိန်ကာလ တွင် IT နည်းပညာများ လွန်စွာ တိုးတက် လာမှုကြောင့် အဆင့်မြင့် နည်းပညာ အသုံးပြု၍ သတင်း အချက်အလက် များ ရယူခြင်းဖြင့် စစ်ဆင်ရေး နှင့် နည်းပညာ မြင့်မားသည့် လက်နက်များ ၏ စွမ်းပကားသည် တိုက်ပွဲကို အဆုံးအဖြတ် ပေးမည် ဖြစ်ကြောင်း ၊ လုပ်ငန်း တာဝန် ထမ်းဆောင်မှု အတွက် ကျန်းမာ ကြံ့ခိုင်ရန် လိုအပ်ကြောင်း ၊ ကျန်းမာ ကြံ့ခိုင်မှု ရှိစေရန် အားကစား များကို စနစ်တကျ အားပေး ဆောင်ရွက် ရမည် ဖြစ်ကြောင်း ၊ အလားတူ မိမိ စစ်လက်နက် ပစ္စည်းများ၏ စွမ်းပကား ကို ထိရောက်စွာ အသုံးချ နိုင်ရန် လိုအပ်ကြောင်း ၊ နေ့စဉ် ဆောင်ရွက်ရမည့် သမားစဉ် လုပ်ငန်းများ သည်လည်း စစ်သား ပီသရေး ၊ လေ့ကျင့်ရေး တို့အတွက် များစွာ အထောက် အကူပြုကြောင်း ၊ ထို့အပြင် ညီညွတ် မျှတသော ကောင်းမွန်သည့် အုပ်ချုပ်ရေး စနစ် ရှိရမည် ဖြစ်ကြောင်း ၊ ဆောင်ရွက် ပေးသင့်သည့် အုပ်ချုပ် ထောက်ပံ့မှု ကိစ္စရပ် များကိုလည်း မှန်မှန် ကန်ကန် ဆောင်ရွက် ကြရန် လိုကြောင်း ဖြင့် အမှာစကား ပြောကြား သည်။



တိုက်လေယာဉ် များဖြင့် ကြိုတင် ချေမှုန်း တိုက်ခိုက်ခြင်း လေ့ကျင့်စဉ်



ရဟတ်ယာဉ် များဖြင့် ကြိုတင် ချေမှုန်း တိုက်ခိုက်ခြင်း လေ့ကျင့်စဉ်


တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တွေ့ဆုံပွဲသို့ တက်ရောက် လာသည့် သင်တန်းသား အရာရှိကြီး များနှင့် တပ်နယ်မှ အရာရှိ များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် ခဲ့ကြောင်း သိရှိရသည်။

ခုနှစ်တန်းကျောင်းသူကို အဓမ္မပြုကျင့်ဟုဆိုကာ စာကျက်ဝိုင်းပိုင်ရှင် ကျောင်းဆရာကို အမှုဖွင့်


ကလေး၊ မဇ္ဈိမ။ ။ စာကျက်ဝိုင်းဖွင့်ထားသည့် ကျောင်းဆရာတစ်ဦးက သတ္တမတန်း ကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်မှု တစ်ခု စစ်ကိုင်းတိုင်း ကလေးမြို့နယ်ရှိ ရွာတစ်ရွာတွင် ဖြစ်ပွားခဲ့သည့်အတွက် ကလေးမြို့မရဲစခန်းတွင် ဖေဖော်ဝါရီ ၂၄ရက်က အမှုဖွင့် အရေးယူလျှက်ရှိသည်ဟု အဆိုပါရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

အသက် ၁၃နှစ်အရွယ် သမီးဖြစ်သူကို မိခင်ဖြစ်သူက အဆိုပါ စာကျက်ဝိုင်း၌ အင်္ဂလိပ်စာကျက်ရန် အပ်ထားစဉ် ဖေဖော်ဝါရီလ ၂၃ရက် ညပိုင်းတွင် ဖြစ်ပွားကြောင်း တရားလိုဖြစ်သူ ကလေးငယ်မိခင် ကရဲစခန်းသို့ ထွက်ဆိုထားသည်။

ယခုလ ၂၃ ရက် ည ၉ နာရီ ၄၅ မိနစ်က အဆိုပါ စာကျက်ဝိုင်းပိုင်ရှင် အသက် ၂၈ နှစ်အရွယ် ကျောင်းဆရာ ဆိုသူက သတ္တမ တန်းကျောင်းသူကို ဆိုင်ကယ်ဖြင့်တင်ခ်ါသွားပြီးနောက် ရွာထိပ်ရှိ ကုက္ကိုလ်ပင် အနီးချုံပုတ်ထဲတွင် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု ကျောင်းသူ၏ မိခင်ဖြစ်သူက ရဲစခန်းတွင် ထွက်ဆိုထားသည်။

အဆိုပါ တိုင်တန်းမှုနှင့် ပတ်သက်ပြီး ကလေးမြို့မရဲစခန်းက ပြစ်မှုကြီးဖြစ်စဉ် အမှတ် ၂/ ၂၀၁၄ ရဲစခန်း(ပ) ၇၆/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ စာကျက်ဝိုင်းပိုင်ရှင်ကျောင်းဆရာကို အမှုဖွင့် အရေးယူထားသည်။

ကိုတိုးကြီး

သူအကြိုက်ဆုံးကစားသမားကို ကလပ်က စာချုပ်ချုပ်လိုက်တဲ့အတွက် ကလပ်အသင်းဘောလုံးကွင်းခုံတွေကို သန့် ရှင်းရေးလုပ်ပေးခဲ့သူ



အင်္ဂလန်လိဂ်ဝမ်း ကလပ်ဖြစ်တဲ့ လေတန်အိုးရီးယန့် အသင်းပရိတ်သတ်ဟာ သူအကြိုက်ဆုံး ဂိုးသမား အယ်ဒင်ဂျာကူပိုဗစ်ကို စာချုပ်ပြန်လည်ချုပ်ဆိုလိုက်တဲ့အတွက် ကလပ်အသင်းရဲ့ ဘောလုံးကွင်း အရှေ့  ဘက်ပွဲကြည့်စင်က ခုံတွေအကုန်လုံးကို သန့် ရှင်းရေးလုပ်ပေးခဲ့ပါတယ်။

လေတန်အိုးရီးယန့် အသင်းပရိတ်သတ် ခရေ့ခ်ျဒီလူး ဆိုသူဟာ လွန်ခဲ့တဲ့လထဲက ကလပ်အသင်းသာ သူအကြိုက်ဆုံး ဂိုးသမားဖြစ်တဲ့ အယ်ဒင်ဂျာကူပိုဗစ်ကို စာချုပ်ပြန်လည်ချုပ်ဆိုပြီး ခေါ်ယူပေးမယ်ဆိုရင် ပွဲကြည့်စင်အရှေ့ ဘက်ခြမ်းက ခုံတွေအကုန်လုံးကို သန့် ရှင်းရေးလုပ်ပေးမှာဖြစ်ကြောင်း ကတိပေးခဲ့တာပါ။

အခုတော့ သူဟာ ကတိတည်ရပါပြီ။ လေတန်အိုးရီးယန့် ဟာ သူတို့ ရဲ့ ဂိုးသမားဟောင်း အယ်ဒင်ကို ဟူးလ်စီးတီး အသင်းကနေ အဌားစာချုပ်နဲ့ ပြန်လည်ခေါ်ယူခဲ့တာပါ။

ခရေ့ခ်ျဟာ သူကတိပေးထားတဲ့အတိုင်း ကလပ်အသင်းကွင်း ဘရစ်စဘိန်းရဲ့ အရှေ့ ဘက်ပွဲကြည့်စင် ထိုင်ခုံ ၂၆၀၀ လုံးကို သန့် ရှင်းရေးပြုလုပ်ပေးခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ ကလပ်အသင်းကလည်း ခရေ့ခ်ျကို Stevenage အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အထူးတန်းကနေ ကြည့်ရှုခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီအကြောင်းကို အိုးရီးယန့် အသင်း အမှုဆောင်အကြီးအကဲ မတ်ပေါ်တာက

“ တခြား ကောင်းမွန်တဲ့အသင်းတွေလိုပဲ၊ ကျွန်တော်တို့ အသင်းရဲ့ လူအပြောင်းအရွှေ့ ပေါ်လစီက အသင်းပရိတ်သတ်တွေရဲ့ အလိုဆန္ဒမှာ အခြေခံပါတယ်။” လို့ ဟာသလုပ် ပြောဆိုခဲ့ပါတယ်။

ခရေ့ခ်ျ အကြိုက်ဆုံး ဂိုးသမားဖြစ်တဲ့ အယ်ဒင်ဂျာကူပိုဗစ်ကလည်း သူရဲ့လက်အိတ်တစ်စုံကို အမှတ်တရပေးအပ်ခဲ့တာကို ခရေ့ခ်ျက တွစ်တာမှာ တင်ထားခဲ့ပါတယ်။



Ref: metro

သရုပ်ဆောင်အလုပ်ကို ခဏတာရပ်နားဖွယ်ရှိတဲ့ Jennifer Lawrence



Jennifer Lawrence တစ်ယောက်ခဏတာအနားယူဖို့လိုနေပါပြီ။ အသက် ၂၃ နှစ်အရွယ် Jennifer ဟာပြီးခဲ့တဲ့ ၁၂ လအတွင်းရုပ်ရှင်ကားပေါင်း ၈ ကားမှာပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Harvey Weinstein က သူမအနားယူသင့်တယ်လို့ The Sun သတင်းစာကို မကြာသေးမီကပြောပါတယ်။

“သူမဟာ ဘာမှမလုပ်ဘဲ တစ်နှစ်လောက်ကာလကြာအနားယူမှာပါ။ သူမအတွက်က non-stop ကြီးဖြစ်နေတော့ သူမအနားယူသင့်ပါတယ်” လို့ Weinstein ကပြောပါတယ်။

“Jennifer ဟာသဘောအလွန်ကောင်းပြီးတော့ ပရိတ်သတ်တွေကို ပေးဆပ်မယ့်သူပါ။ အနားယူလို့ရမယ့်အချိန်မှာတောင် American Hustle လိုရုပ်ရှင်မျိုးကိုရိုက်ဖို့သဘောတူပါတယ်” လို့လဲပြောသွားပါတယ်။

Jennifer ဟာမကြာသေးမီကာလာက The Hunger Games: Catching Fire နဲ့ Silver Lining Playbook ရုပ်ရှင်တွေမှာသရုပ်ဆောင်ခဲ့ပြီး မကြာမီထွက်ရှိတော့မယ့်ရုပ်ရှင်တွေဖြစ်တဲ့ Dumb and Dumber To, X-Men: Days of Future Past နဲ့ Serena ရုပ်ရှင်တွေမှာလဲသရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Jennifer ဟာချစ်သူ Nicholas Hoult နဲ့အတူ England မှာအိမ်ရှာနေတယ်လို့ဆိုပါတယ်။

“ဒီကိစ္စနဲ့ပါတ်သတ်ပြီး သူတို့နှစ်ယောက်အောင်မြင်နေတဲ့အလုပ်တွေတန်းလန်းနဲ့ UK မှာနေဖို့ဆိုတာ လက်တွေ့မကျဖူးလို့သူတို့သိနေပါတယ်။ ဒါပေမယ့်သူတို့သမုဒ္ဒရာကိုဖြတ်ပြီး လွတ်မြောက်သွားချင်နေပါတယ်။ Jen က အင်္ဂလိပ်ဆန်တဲ့ ဘ၀နေထိုင်မှုပုံစံကိုကြိုက်ပြီး သူတို့နှစ်ယောက် အခုလိုအတည်ပြန်ဖြစ်သွားကြတဲ့ အခါ တစ်နေရာရာမှာအိမ်ဝယ်နေဖို့ဆိုတာ အဓိပ္ပါယ်ရှိပါတယ်” လို့အတွင်းသိတစ်ယောက်ကပြောပါတယ်။

Ref:starpulse.com

ရွှေမဟုတ်တဲ့ အမိုက်စား ရွှေရောင်ဆွဲကြိုးဒီဇိုင်းသစ်များ



အရင်တုန်းက ရွှေဆိုရင် ရွာကသူတွေ၊ တောကသူတွေသာ အမြတ်တနိုး ၀တ်ဆင်ကြတယ်လို့ ထင်မိခဲ့ကြတယ်ဟုတ်။ ခုတော့ အဲ့ဒီအထင်၊ အမြင်တွေကို ထားခဲ့ပြီး ရွှေအစစ်မဟုတ်ရင်တောင် ရွှေရောင်အဆင်တန်ဆာ အမိုက်စားတွေ တွေ့ရင်ဝယ်သာဝယ်ထားလိုက်ပါလို့ ပြောရတော့မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဇိုင်းအမိုက်စား ရွှေရောင်ဆွဲကြိုးတွေဟာ ခုချိန်မှာ ခေတ်အစားဆုံးဖြစ်နေလို့ပါပဲ။ ဘယ်လို ဒီဇိုင်းမျိုးလေးတွေ တွေ့ရင်ဝယ်စုထားသင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ခုလိုဖော်ပြပေးလိုက်ပါတယ်။

၁။လက်ရှိခေတ်အစားဆုံး ဆွဲကြိုးဒီဇိုင်းပါ။ လော့ကတ်ဒီဇိုင်း အပြောင်းအလဲရှိနိုင်ပေမယ့် အနုပညာရှင်တွေ တော်တော်များများ ဆွဲလေ့ရှိတာမို့ နံပါတ် (၁) နေရာမှာ ရှိနေတဲ့ ဆွဲကြိုးပါ။



၂။ဟိုးအရင်ကတည်း ခေတ်စားခဲ့တဲ့ ဆွဲကြိုးဒီဇိုင်းကို နည်းနည်းပြန်ဆန်းသစ်ထားတာလောက်ပါပဲ။ ဒါပေမယ့် ပွဲတက်အတွက် သိပ်ကိုမိုက်တဲ့ ဆွဲကြိုးပါ။



၃။ဒီဆွဲကြိုးဒီဇိုင်းကတော့ ရှပ်အင်္ကျံကို ကြယ်သီးအပြည့်တပ်ပြီး အပေါ်က ထပ်ဆွဲလို့ သိပ်ကောင်းတဲ့ ဒီဇိုင်းမျိုးပါပဲ။



၎။လည်ပင်းအတိ၊ အကျပ်ပတ်ရတဲ့ ဆွဲကြိုးဒီဇိုင်းပါ။ သူ့ကတော့ လည်ပင်းအ၀ိုက် ၊ အဟိုက်အင်္ကျံတွေနဲ့ ၀တ်လို့လှပါတယ်။ မော်ဒယ်တော်တော်များများရဲ့ vote ပေးခံရတဲ့ ဆွဲကြိုးဒီဇိုင်းပေါ့။



၅။ပေါ့ပေါ့ပါးပါး ထသွားထလာအတွက် သင့်တော်တဲ့ ဆွဲကြိုးဒီဇိုင်းပါ။ တွေ့တာနဲ့ လက်လွတ်မခံဘဲ ၀ယ်သာဝယ်ထားလိုက်နော်။



Ref:luckymag.com

၂၀၁၅ အလယ်လောက် သီလ၀ါဇုန်မှာ ကုန်ထုတ်လုပ်မှုစမယ်




နိုင်ငံခြားကုမ္ပဏီ ၄၀လောက်ဟာ သီလ၀ါစီးပွားရေးဇုန်မှာ လုပ်ငန်းလာလုပ်ဖို့ စိတ်ဝင်စားနေပါတယ်။ ၂၀၁၅ခုနှစ် အလယ်လောက်ကစပြီး စီးပွားရေး လုပ်ငန်းတွေ လည်ပတ်ဖို့ရှိတယ်လို့ မြန်မာ အာဏာပိုင် တစ်ယောက်က ပြောပါတယ်။

အရှေ့တောင် အာရှမှာ ဖြစ်ထွန်းလာတဲ့ ဈေးကွက်သစ်နဲ့ အဖိုးအခနည်း လုပ်သားတွေစီကနေ အမြတ်ရှာဖို့ နိုင်ငံခြားကုမ္ပဏီတွေဟာ စိတ်ဝင်စားလာခဲ့ကြပါတယ်။

အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ အ၀တ်အထည်၊ အစားအသောက်၊ အီလက်ထရောနစ် အသုံးအဆောင်၊ အလှကုန်ပစ္စည်း နဲ့ ကားအပိုပစ္စည်း ထုတ်သူတွေဖြစ်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ၊ စီးပွားရေးဇုန်ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောခဲ့ပါတယ်။

“ပထမဆင့်မှာ ကန်ဒေါ်လာ သန်း ၁၈၀ ကုန်ကျဖို့ရှိတယ်လို့ ခန့်မှန်းရပါတယ်။ အတွင်း အဆောက်အအုံ စီမံကိန်းအတွက် ကန်ဒေါ်လာ သန်း၅၀ ရင်းနှီးမြှုပ်နှံထားပြီးပါပြီ။” လို့ ဦးဆက်အောက်က ပြောပါတယ်။

ရန်ကုန်ရဲ့ အနောက်တောင်ဘက်က အထူးစီးပွားရေးဇုန်ဖြစ်တဲ့ သီလ၀ါကို မြန်မာနိုင်ငံနဲ့ ဂျပန်တို့ ပူးပေါင်းပြီး ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်လျှက်ရှိပါတယ်။ ရေနက်ဆိပ်ကမ်း၊ ကားလမ်း၊ တံတား၊ ဓာတ်အားပေးစက်ရုံနဲ့ ရေဆိုးသန့်စင် စက်ရုံတွေပါ ဖြစ်လာဖို့ရှိတယ်လို့ သိရပါတယ်။

သတင်းပေးပို့သူ- အောင်လှထွန်း စာတည်း- Alan Raybould and Robert Birsel ဘာသာပြန်-သီဟနိုင်

ဒေါ်လာ ကိုးသောင်းတန်၊ အလေးချိန် ဆယ်တန် ရှိတဲ့ သရက်သီး ရုပ်တုကြီး ထူးဆန်းစွာ ပျောက်ဆုံးသွား




သြစတြေးလျနိုင်ငံ၊ ကွင်းစ်လန်းပြည်နယ်၊ ဘိုဝင်မြို့ က ဒေါ်လာ ကိုးသောင်းတန် ၊အလေးချိန် ဆယ်တန်ကျော်ရှိတဲ့ သရက်သီး ရုပ်တုကြီးဟာ တင်္နလာနေ့ မနက်ဝေလီဝေလင်းအချိန်က ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပါတယ်။

ဘိုဝင်မြို့ ဟာ သြစတြေးလျရဲ့ သရက်သီးမြို့ တော်အဖြစ် ထင်ရှားပြီး ဒီကြီးမားလှတဲ့ သရက်သီးအရုပ်ကြီးကို ကမ္ဘာ့လှည့်ခရီးသည်ဆွဲဆောင်မှုအဖြစ် ထားရှိခဲ့တာပါ။ ပေသုံးဆယ်ကျော်မြင့်မားတဲ့ ဒီသရက်သီးကြီး ပျောက်ဆုံးနေကြောင်း ဘိုဝင်ကမ္ဘာလှည့်ခရီးသည်ကြီးကြပ်ရေးဌာနက တင်္နလာနေ့ မနက်အစောပိုင်းအချိန်က သိရှိခဲ့ရပါတယ်။

ဘိုဝင်ကမ္ဘာလှည့်ခရီးသည်ကြီးကြပ်ရေးဌာန အမှုဆောင်အရာရှိ ပေါလ်မက်လောလင်း ကို အလုပ်သမားတစ်ယောက်က ဒီအရုပ်ကြီး ပျောက်ဆုံးနေကြောင်း စတင်သတင်းပေးပို့ ခဲ့တာဖြစ်တယ်လို့  ဆိုပါတယ်။

“ ခရစ်စတင်းဆီက ဖုန်းဝင်လာတော့ ကျွန်တော့်ကို သူနောက်နေတယ်ထင်နေတာ။ သူက တကယ်ပြောနေတာဆိုတော့မှာ ကျွန်တော် အဲ့ကိုသွားပြီးကြည့်တော့မှ သရက်သီးအရုပ်ကြီး ပျောက်နေတာ သိရတာ” လို့ အေဘီစီ သတင်းဌာနကို ဖြေကြားထားပါတယ်။

CCTV ကင်မရာစစ်ဆေးချက်အရ ရွေ့ လျားကရိန်းစက်တစ်ခု ဒီသရက်သီးအရုပ်ဆီ နောက်ဆုတ်ဝင်လာတာကို တွေ့ ရှိရပြီး ဘယ်လို ပျောက်ဆုံးသွားလဲဆိုတာကိုတော့ မသိရှိရပါဘူး။

ဒီ ဒေါ်လာ ကိုးသောင်းတန် သရက်သီးရုပ်ကြီး ပျောက်ဆုံးသွားမှုကို ရဲစခန်းမှာ အခုထိအမှုဖွင့်ထားခြင်းမရှိဘူး လို့ သိရပါတယ်။ ဒီအကြောင်းကို ဒေသတွင်းအသံလွှင့်ဌာနက ထုတ်လွှင့်တင်ဆက်နေမှုကိုလည်း ရပ်ဆိုင်းပစ်ခဲ့တယ်လို့ ဆိုပါတယ်။

Ref: mirror

စကားလုံးမဲ့ နားလည်ကြစေဖို့ရာ



သူ့ရဲ့စိတ်ဝင်စားမှုကိုရယူချင်နေပါသလား။ ဘာစကားမှဖွင့်ဟ ပြောစရာမလိုဘဲ နားလည်မှုရယူနိုင်တဲ့ ဒီနည်းလေးတွေကို စမ်းကြည့်ပါ။



(၁) ခပ်မိုက်မိုက်ကောင်လေးတစ်ယောက်ရဲ့ အကြည့်တစ်ချက် စွမ်းအားကို လျှော့မတွက်နဲ့နော်။ တကယ်လို့သင်ကလဲ စိတ်ဝင်စားတယ်ဆိုရင်တော့ သူ့ရဲ့အကြည့်ကို မလွှဲဖယ်ပစ်ဘဲ (၃)စက္ကန့်စာလောက်ပြန်စိုက်ကြည့်လိုက်ပါ။ ပြီးရင်တော့ အကြည့်ကိုပြန်လွှဲလိုက်ပါ။ ဒါဆိုရင် သင်ကလဲစိတ်ဝင်စားနေကြောင်း သူရိပ်မိပါလိမ့်မယ်။ ဒီ့ထက်ပိုပြီး လေးလေးနက်နက်ခံစားမိနေတယ်ဆိုရင်တော့ အကြည့်လွှဲပြီးပြီးချင်း နောက်ထပ် (၁)စက္ကန့်စာလောက်ဖြစ်ဖြစ်ပြန်စိုက်ကြည့်လိုက်ပေါ့။



(၂) နောက်တစ်နည်းကတော့ ဆံပင်ကိုလက်နဲ့ ဆတ်ကနဲပင့်သပ်ရင်း ကြည့်လိုက်တာပါပဲ။ ပုခုံးအနောက်ရောက်သွားတဲ့ ဆံနွယ်တွေက လည်တိုင်အလှကို မြင်သာအောင်လှစ်ဟပြလိုက်သလိုပါပဲ။ ဆံပင်နည်းနည်းလေးရှည်ဖို့တော့ လိုတာ ပေါ့နော်။ ဒါဟာ သူ့စိတ်ထဲမှာသင့်ရဲ့ပုံရိပ်ကို မှတ်မှတ်ထင်ထင် စွဲမြဲသွား စေမှာဖြစ်ပါတယ်။

(၃) မိတ်ဆွေတွေဖြစ်နေပြီလား ။ ဒါဆိုရင်တော့ စကားစမြည်ပြောဆိုရာမှာဖြစ်စေ၊ သူ့ခံစားချက်တချို့ကို ရင်ဖွင့်ရာမှာဖြစ်စေ စိတ်ဝင်စားတဲ့အမူအရာမျိုးနဲ့ နားထောင်ပေးပါ။ သင်ဟာ သူပြောတဲ့အကြောင်းအရာအပေါ်မှာ စိတ်ဝင်စားမှုအပြည့် ရှိနေတယ်ဆိုတာ သူသိပါစေ။ ကြားဖြတ်ပြောခြင်းမပြုဘဲ သူစိတ်ဝင်စားတဲ့ အကြောင်းအရာ (သို့) ၀ါသနာဟာ မိမိယခင်ကတည်းက စိတ်ဝင်စားတဲ့ အကြောင်းအရာဖြစ်ကြောင်းဖော်ပြပါ။ တကယ်လို့ ကြပ်ညပ်နေတဲ့လူစုလူဝေးထဲ နှစ်ဦးသားပိတ်မိနေရင်တော့ သင့်ရဲ့ ဟန်ချက်ကိုမထိန်းနိုင်ပုံမျိုး သူ့အပေါ် အနည်းငယ် ယိုင်လိုက်ပါ။ ပြီးရင်တော့ “ဆောရီး”လို့ တစ်ခွန်းလောက်ပြန်ပြောဖို့ မမေ့ပါနဲ့။



(၄) ပြုံးပါ။ သင့်ရဲ့ဖြူစင်တဲ့ သွားလေးတွေပေါ်အောင်ပြုံးပြပါ။ သာမန်အပြုအမူ ဖြစ်ပေမယ့် ဒါဟာ သူ့အပေါ် သင့်ရဲ့နွေးထွေးတဲ့သဘောထားနဲ့ ချဉ်းကပ်ဖို့ ခွင့်ပြုပေး နိုင်ကြောင်း ဖော်ပြနည်းတစ်မျိုးပါးပဲ ။ သင့်ရဲ့အပြုံးတစ်ချက်နဲ့ သူ့ကို အချိန်အတန် ကြာအောင် ငေးကြည့်စေနိုင်ရင် ဒါဟာသူ့ကို သင်ဖမ်းစားလိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။ ပြီးရင်တော့ သင့်ကို စကားစမြည်စပြီးပြောလာပါလိမ့်မယ်။



(၅) ဟာသနှောတဲ့ရယ်စရာ အကြောင်းအရာမျိုးပြောနေတဲ့အခါမျိုးမှာ သဘောကျတဲ့ အမူအရာမျိုးနဲ့ သူ့လက်မောင်းကိုပုတ်လိုက်ပါ။ အနည်းငယ်ထိတွေ့လိုက်ခြင်းအားဖြင့် ယောက်ျားလေးများရဲ့ စိတ်ကိုနှိုးဆွလိုက်နိုင်ပါတယ်။ ကြမ်းကြမ်းတမ်းတမ်း ရိုက်ပုတ် စနောက်ခြင်းမျိုး မဟုတ်ဘဲ ညင်ညင်သာသာ ထိတွေ့လိုက်ခြင်းက ရိုးရိုးသူငယ်ချင်း နယ်ပယ်ထဲမှ သွေဖယ်သွားစေနိုင်ပါတယ်။

ဒီအဆင့်လေးတွေကို အောင်မြင်စွာ ကျော်ဖြတ်လိုက်နိုင်ပြီဆိုရင်တော့ ပိုပြီးရင်းနှီးတဲ့ ဆက်ဆံမှုကို ဖွင့်ပြောစရာမလိုဘဲ တည်ဆောက်နိုင်မှာပါ။

Ref:Seventeen

Related Posts Plugin for WordPress, Blogger...