Monday, April 7, 2014

Laptop ကို ကျန်းမာရေးညီညွတ်စွာ အသုံးပြုရန် နည်းလမ်း




Laptop အသုံးပြုခြင်းဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးကို စာဖတ်သူတို့ သိရှိနားလည်သွားပြီလို့ ယူဆပါတယ်။ဒါကြောင့် ယင်းဆိုးကျိုး များကို ရှောင်ရှားဖို့အတွက် Laptop ဘယ်လို အသုံးပြု ရမယ်ဆို တာ အောက်ပါအတိုင်း မျှဝေလိုက်ပါတယ်။

Get a Large Screen

Laptop ဝယ်တော့မယ်ဆိုရင် မျက်နှာပြင်ခပ်ကျယ်ကျယ် ကို ရွေးချယ်ဝယ် ယူရန် လိုအပ်ပါတယ်။ ဒါမှာ အာရုံကြောတို့ရဲ့ စူးစိုက် အလုပ်လုပ်ရမှုကို လျော့နည်းစေပါတယ်။ အကယ်၍ မျက်နှာပြင်ခပ်သေးသေး၊ သယ်သွားသယ်လာအဆင်ပြေတာမျိုးကိုပဲ လိုလားတယ်ဆိုရင်လည်း font size ကြီးကြီး အသုံးပြုရပါမယ်။ ဖန်သားမျက်နှာပြင်ထဲကအရာတွေကို အလွယ်တကူ ကြည့်လို့ မြင်နိုင်အောင် ပြုလုပ်ထားရပါမယ်။ ဥပမာ- စာလုံးတွေကအစ ဆိုက်ကြီးအောင် ပြောင်းလဲထားရမှာ ဖြစ်ပါတယ်။

Use a Separate Mouse

Laptop မှာပါတဲ့ မော့က်စ်က အသုံးပြုလို့အဆင်မပြေပါ ဘူး။ နေရာ အကုန်အကျနည်းအောင် အဆင်ပြေသလို မဖြစ်ဖြစ်အောင် ထည့်ပေးထား တာ ဖြစ်ပါတယ်။ လက်ရဲ့ ရွှေ့လျားမှုက ပုံမှန်မဟုတ်တဲ့အတွက် လက်ကောကဝတ်ကို နာကျင်/အကြောလွဲ စေပါတယ်။ ဒါကြောင့် သီးခြား မောက်စ် တစ်လုံးဝယ်သုံးခြင်းဖြင့် လက်ကောက်ဝတ်နာကျင်မှု ကို ရှောင်းရှားနိုင်စေ ပါတယ်။

Level to the Eye

Laptop ရဲ့ ဖန်သားမျက်နှာပြင်ကို မျက်လုံးနဲ့ တည့်အောင်ချိန်ပေးရမယ်။ ဘယ်ထောင့်၊ ဘယ် Angle ရှိရမယ်လို့ မတိုက်တွန်းလိုပါဘူး။ အသုံးပြုသူက အလွယ်တကူ လည်ပါင်း၊ ခေါင်း အများကြီး လှုပ်ရှားစရာမလိုပဲ ကြည့်နိုင်မြင်နိုင်တဲ့ Level မှာထားရပါမယ်။

Use a Separate Keyboard

Laptop မှာ ပါဝင်တဲ့ ကီးဘုတ်က Screen နဲ့အရမ်းနီးကပ်ပါတယ်။ ဒီတော့ ဆိုးကျိုးက မျက်လုံး အမြင် အာရုံကို ထိခိုက်စေပါတယ်။ သာမန် PC တစ်လုံးအသုံးပြုသူများထက် ပိုဆိုးပါတယ်။ ဒါကြောင့် Laptop အသုံးပြုသူ အနေနဲ့ သီးခြား extension ကီးဘုတ်တစ်လုံး ဝယ်တတ်ပြီး သုံးစေချင်ပါတယ်။ ဈေးနှုန်းလည်း သိပ်မကြီးပါဘူး။ သို့ပေမယ့် သယ်သွားသယ်လာရအဆင်မပြေဘူး။ သုံးဖို့အဆင်ပြေဘူးဆိုရင်လည်း Screen နဲ့သိပ်မနီးကပ်စေဖို့ အထူးသတိထားရပါမယ်။ လက်ဖျံကို ဆန့်တန်းလို့ရလောက်ထိ ဝေးကွာစေဖို့ တိုက်တွန်းထားပါတယ်။

Take a Break

Laptop အသုံးပြုသူများအနေနဲ့ ၂ နာရီကြာတိုင်း ခဏအနားယူရ ပါမယ်။ ပြီးတော့ နာရီဝက်ကြာတိုင်း မျက်လုံးကို ဖန်သားပြင်ရဲ့ အပြင်ဘက် ရှုခင်းဖြစ်ဖြစ်၊ ဝေးကွာတဲ့ နေရာတစ်ခုခုကို ကြည့်ရှုရပါ မယ်။ ခေတ္တ အနားယူပြီး အညောင်းပြေအညာပြေ မိနစ်ပိုင်းထ လမ်းလျှောက်ခြင်းကလည်း ကြွက်သားတွေထုံထိုင်း နာကျင်မှုမှ ကင်းဝေးသည့်အပြင် စိတ်ဖိအားလည်း ကျဆင်းပါတယ်။

Recline Slightly

အထက်ပါအချက်များထဲကအတိုင်း သီးခြား ကီးဘုတ်၊ သီးခြား မောက်စ် အသုံးမပြုနိုင်ဘူး။ အသုံးမပြုချင်ဘူးဆို ရင် နောက်တစ်နည်းနဲ့ ရှောင် ရှားနိုင်ပါတယ်။ ဒါကတော့ ကိုယ်ဟန်အနေအထားမှန်တဲ့ ထိုင်ခုံမှာ ထိုင်၍ အသုံးပြုခြင်း ဖြစ်ပါတယ်။ အာရုံစိုက်နေမှုက သတိထားပြီး ခုံရဲ့ ကိုယ်ဟန်အတိုင်း ထိုင်နိုင်အောင် ကြိုးစားရပါမယ်။ ပြီးတော့ ခါးနဲ့ ကြော ညောင်းလာပြီဆိုရင် မြေပြင်ညီ ကြမ်းပြင်/ ဆိုဖာတို့ မှာ ကျောခင်းပြီး အကြောဆန့်ခြင်း ပြုလုပ်ရန် လိုအပ်ပါတယ်။ ပုံမှန် သုံးနေရင်း ခဏနားတဲ့အခါ ထိုင်နေရင်း အကြောဆန့်တာမျိုးကလည်း အညောင်းသက်သာစေပါတယ်။
အထက်ပါအချက်များအတိုင်း လုပ်ဆောင်သွားရင်တော့ Laptop အသုံးပြုရာမှာဖြစ်နိုင်တဲ့ ဆိုးကျိုးများကို အနည်းနဲ့အများ ကာကွယ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။

Sunday, April 6, 2014

ဆယ်ကျော်သက်တို့ အုပ်ထိန်းသူနှင့် ပွင့်ပွင့် လင်းလင်း ဖြစ်စေရန်



အရွယ်ရောက် ကာစ ဆယ်ကျော်သက်တွေ အနေနဲ့ အုပ်ထိန်းသူ မိဘတွေနဲ့ စကားပြောဆိုဖို့ ကြောက်ရွံ့နေ တတ်တာမျိုး တွေရှိပါတယ်။

တကယ်တော့ အရာအားလုံးကို ကြောက်နေ တတ်တာဟာ မှားယွင်း တဲ့အပြုအ မူတွေကို ပြုလုပ်မိစေတတ်ပါ တယ်။ နွေးထွေမှုရှိတဲ့ မိသားစုဆက်ဆံရေးကြောင့် ကလေးငယ် တွေရဲ့ ဘဝ ပိုမိုတိုးတက်စေဖို့ အကြံပြု ချက်လေး တွေရှိ ပါတယ်။

ကိစ္စ သေးသေးလေး တွေကအစ မိဘကို ပြောပြပါ

ကျောင်းမှာ ဘောလုံးကစား တာပဲဖြစ်စေ၊ အိမ်မှာ ဂိမ်းကစား တာပဲဖြစ်စေ၊ သင့်သူငယ်ချင်းနဲ့ အချေအတင် စကား ပြောခဲ့တာ ပဲဖြစ်စေ သင်လုပ်ခဲ့တဲ့ အကြောင်းအရာ တချို့ကို ညနေ ထမင်း စားဝိုင်းမှာ ပဲဖြစ်စေ၊ မိသားစုနဲ့ အတူ ညဘက် တီဗီ ကြည့်မယ့်အချိန်မှာပဲဖြစ်စေ သင့်မိဘ တွေကို ပြောပြပါ။

မသိတာကို ချက်ချင်းမေးပါ

ရွယ်တူ သူငယ်ချင်းတွေက ပြောကြတဲ့ စကားတွေ ဥပမာ- လိင်မှု ဆိုင်ရာကိစ္စနဲ့ အမျိုးသမီး ရာသီစက်ဝန်း ကိစ္စတွေကို ကြားသိ လာချိန်မျိုးမှာ နားမလည် တာမျိုး တွေရှိရင် မိဘနဲ့ တိုင်ပင် သင့်ပါတယ်။ လူပျိုဖော် ဝင်ချိန်မျိုးမှာ ပြောင်းလဲတတ်တဲ့ အသံပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု တွေကို သင့်မိဘကနေ တစ်ဆင့် သိရှိနားလည်ပြီး ပွင့်လင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်ပါ။

လိုချင်တာနဲ့ ဖြစ်ချင်တာကို စာနဲ့ ရေးချပါ

ငါပြောတဲ့ အတိုင်း လုပ်ရမယ်၊ ငါပြောတာကို နားထောင်ရမယ်၊ ငါခိုင်းတာကို လုပ်ရမယ် စတဲ့ စကားသံ တွေကို ဆယ်ကျော်သက်တွေ အရမ်းကို မုန်းတတ်ကြပါတယ်။ ကိုယ့်မိဘ အုပ်ထိန်း သူတွေက ပြောနေတဲ့ အချိန်မျိုးမှာ ပြန်ပြောခွင့်မရှိ လောက်အောင်ကို အခက်တွေ့ ကြရတတ်ပါတယ်။ သူတို့ပြောတဲ့ အကြောင်းအရာ တွေကို သင် ဘာကြောင့် လက်မခံ နိုင်သလဲဆိုတာ အကြောင်းရင်း တိတိကျကျ ရှိတယ်ဆိုရင်၊ အဲဒီ့အကြောင်းပြ ချက်တွေကို ဘယ်သူ့ကိုမှ လျှောက်ပြောဖို့ အခွင့်အရေးလည်းမရှိ ဘူးဆိုရင် စာအုပ်တစ်အုပ်ထဲမှာ ရေးချ ထားလိုက်ပါ။ သင့်မိဘ တွေက သင်ရေးထားတာကို တွေ့ပြီး နားလည် ပါလိမ့်မယ်။

သက်သောင့် သက်သာဖြစ်စေဖို့ တစ်ဦးတည်းကို အရင်မေးပါ

အထူးသဖြင့် မျိုးပွားနည်း ဆိုင်ရာ ကိစ္စတွေနဲ့ လိင်မှုဆိုင်ရာ ကိစ္စတွေကို အိမ်မှာ သင်နဲ့ အရင်းနှီးဆုံးလို့ ထင်တဲ့ အဖေ၊ ဒါမှမဟုတ် အမေတစ်ဦးတည်းနဲ့ တိုင်ပင်တာက ပိုပြီး သက်သောင့် သက်သာ ဖြစ်စေ နိုင်ပါတယ်။

မျက်နှာချင်းဆိုင် ဖြေရှင်းပါ

ကိုယ်ဖြစ် စေချင်တဲ့ ဆန္ဒတွေကို စာထဲမှာ ချရေးထားရင်း သင့်ထင်မြင် ချက်တွေဟာ သင့်အတွက် မှန်ကန်တဲ့ နည်းလမ်းတွေ ဖြစ်တယ်ဆိုရင် သင့်မိဘတွေ ကလည်း နားလည် လာနိုင်တာကြောင့် ကြာရင် လူကြီး မိဘတွေရဲ့ ယုံကြည်မှုကိုလည်း ရရှိစေနိုင်ပါတယ်။ ဒီတော့ သင်ပြော တာတွေကို လက်ခံ လာပါ လိမ့်မယ်။

အချိန်အခါနဲ့ အခြေအနေကို နားလည်ပါ

မိဘတွေ စကားများ ရန်ဖြစ်နေလား၊ မိဘတွေ မျက်နှာကြည်လင် ရွှင်ပျမှု ရှိရဲ့လား ဆိုတာ မျိုးကိုတော့ နားလည် သဘောပေါက် တတ်ဖို့ လိုပါတယ်။ သူတို့စိတ်ဆိုး နေချိန်မှာ သင်က ပြန်ပြောရင် ပိုပြီး စိတ်ဆိုး ဒေါသထွက် စေနိုင်တာကြောင့် တစ်ယောက်တည်းပဲ အခန်းထဲမှာ ငိုချင်ရင် ငိုချလိုက်ပါ။ ဒေါသထွက်ရင် သင့်ခေါင်းအုံးကို ထုရိုက် လိုက်ပါ။

ပြောစကားကို နားထောင်ပါ

ဘာပြောပြော မှန်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သင့်ကို တစ်ခုခု ခိုင်းတာပဲ ဖြစ်စေ၊ မှာတာပဲဖြစ်စေ သေချာ ဂရုစိုက်နား ထောင်ပေးဖို့ပါ။ သင်သိပြီးသား ကိစ္စ ဆိုရင်တောင် ငါးမိနစ်လောက် တော့ သေချာနားထောင်ပြီး၊ မိဘတွေ ပြောတဲ့စကားဆုံးတော့မှ ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတာမျိုးကို ပြန်ပြောပါ။ ဘာမှ မပြော၊ မခိုင်းရ သေးခင် မလုပ်နိုင်ဘူးဆိုတာမျိုး မဖြစ်ပါစေနဲ့။

တခြားချစ်ခင်သူကို ရှာဖွေပါ

သင့်မိဘကိုပြောဖို့ ခက်ခဲတယ်လို့ သင့်စိတ်ထဲမှာ ခံစားရရင်၊ ဒါမှမဟုတ် သင့်အမေကို ပြောလို့ လက်မခံ တာကြောင့်၊ သင့်အ ဖေကိုလည်းမပြောချင် ဘူးဆိုရင်တော့ သင့်ကိုချစ်တဲ့ တခြား အဒေါ်၊ အဘွား၊ ဦးလေး စတာတွေနဲ့ တိုင်ပင်ပြောဆိုဖို့ ရွေးချယ် လိုက်ပါ။

ဖွင့်ဖွင့်ချင်း ကမ္ဘာ့စံချိန်ငါးခုတင်သွားတဲ့ တရုတ်နိုင်ငံငါးပြတိုက်ဥယျာဉ်






မကြာမီက ဖွင့်လှစ်လိုက်တဲ့ Chimelong Ocean Kingdom ငါးပြတိုက်ကို ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းမှာ ကမ္ဘာ့အကြီးဆုံးငါးပြတိုက်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
သုံးနှစ်ကြာဆောက်လုပ်ရေးအပြီးမှာ ၁၂၅ ဧကရှိတဲ့ ငါးပြတိုက်ကြီးကို အများသူငါကြည့်ရှုခွင့်ရအောင် ဖွင့်လှစ် ပေးနိုင်ခဲ့ပါတယ်။ တရုတ်ပြည် အရှေ့ တောင်ပိုင်း၊ Macao အနီး Hengqin ကျွန်းစုအနီးမှာ ရှိတဲ့ အပန်းဖြေ ရေဥယျာဉ်စခန်းထဲမှာ ဒီငါးပြတိုက်ကြီးကို ဖွင့်လှစ်လိုက်တာဖြစ်ပြီး တစ်နှစ်ကို လာရောက် လည်ပတ်သူ သန်းချီရှိမယ်လို့ ခန့် မှန်းထားပါတယ်။
ဒီငါးပြတိုက်ဟာ ဂင်းနစ်စံချိန်တစ်ခုတည်းတင်နိုင်ခဲ့တာမဟုတ်ဘဲ ကမ္ဘာ့စံချိန်ငါးခုအထိ တင်နိုင်ခဲ့တာပါ။ ကမ္ဘာ့အကြီးဆုံးငါးပြတိုက်၊ ကမ္ဘာ့အကြီးဆုံးရေအောက်ရှုခင်းကြည့်အမိုးခုံး၊ ကမ္ဘာ့အကြီးဆုံးငါးလှောင်ကန်၊ ကမ္ဘာ့အကြီးဆုံးရေအောက်ရှုခင်းကြည့်ဖန်သားပြင်၊ ကမ္ဘာ့အကြီးဆုံး အက်ခရီလစ်မှန်ကူကွက် စတဲ့ စံချိန်ငါးခု ကိုတင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့အရှည်ဆုံး ဝေလငါး၊ငါးမန်း ပြခန်းဥမင်လမ်းအဖြစ်လည်း မှတ်တမ်း ၀င်ဖို့ ရှိပါတယ်။
ငါးပြတိုက်မှာ ရေငန် ၅.၉၉ ဂါလန်သန်းပေါင်းသိုမှီးထားပြီး အပန်းဖြေပန်းခြံရဲ့ နေရာခုနှစ်ခုမှာ ရေချို၊ရေငန် ဂါလန်ပေါင်း ၁၂.၈၇ သန်း ရှိသေးတယ်လို့ သိရပါတယ်။
ငါးပြတိုက်မှာ ဝေလငါးမန်းပြပွဲ၊ ပင်ဂွင်း၊ ပိုလာဝက်ဝံ၊ လင်းပိုင်နဲ့ တရုတ်လင်းပိုင်ဖြူ ပြပွဲတွေ ထည့်သွင်းသွားမယ်လို့ ဆိုပါတယ်။




Ref: travel.yahoo.com

နှစ်ဆခွဲခန့် များပြားလာသော ၂၀၁၄ စင်ကာပူ မြန်မာများအကြောင်း




Written by ဇော်အောင်

အမေရိကရောက် စင်ကာပူပီအာ (Permanence Residence of Singapore) တစ်ဦးကို အမေရိကန် အမျိုးသမီးကြီး တစ်ဦးက ဘာလူမျိုးလဲ၊ ဘယ်နိုင်ငံကလဲ မေးတော့ မြန်မာလူမျိုး၊ စင်ကာပူနိုင်ငံမှာ နေတယ်လို့ ဖြေလိုက်ပါတယ်။ I am a Burmese, living in Singapore. အဲဒီအမျိုးသမီးက Burmese ဆိုတာ မကြားဖူးပေမယ့် စင်ကာပူကိုတော့ ကြားဖူးပါတယ်။ သူက သြော်...ဟုတ်လား။ ဘားမားဆိုတာ စင်ကာပူနိုင်ငံထဲက ပြည်နယ်တစ်ခုလား ... လို့ ရိုးရိုးလေး ပြောလိုက်ပေမယ့် တော်တော် မခံချိမခံသာ ဖြစ်ရပါတယ်။ မြေပုံထုတ်ပြီး စင်ကာပူဆိုတာ သေးသေးလေး၊ မြန်မာဆိုတာ အကြီးကြီး၊ လူဦးရေလည်း ၁၅ ဆလောက် များတယ်လို့ ပြောရတယ်။ စိတ်ပျက်စရာပါပဲ။

မြန်မာနိုင်ငံမှာ ၂၀၀၇ ခုနှစ် သံဃာ သပိတ်မှောက်စဉ်က စင်ကာပူမှာ မြန်မာတွေ စုစုပေါင်း တစ်သိန်းလောက် နေထိုင်ကြတယ်လို့ ဆိုပါတယ်။ အလျား မိုင် ၆၀၊ အနံ မိုင် ၃၀ ကျွန်းနိုင်ငံလေးမှာ လူဦးရေ ခြောက်သန်းလောက် နေ ထိုင်ပါ တယ်။ နိုင်ငံသားများ က လေး သန်းလောက် ရှိပြီး နိုင်ငံခြား သား က နှစ်သန်းကျော် အလုပ်လုပ်ကိုင်လျက် ရှိပါတယ်။

စင်ကာပူမှာ လူမျိုးလေးခုကို အခြေခံထားပါတယ်။ တရုတ် ၇၀ ရာခိုင်နှုန်း၊ မလေး ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယ ၁၀ ရာခိုင်နှုန်းနဲ့ အခြားလူမျိုးတွေ ၅ ရာခိုင်နှုန်းလောက် ရှိပါမယ်။ ၂၀၀၈ အချိန်က မြန်မာလူဦးရေ တစ်သိန်းဆိုတာ ၆၀ ပုံတစ်ပုံ ၀ ဒသမ ၂ ရာခိုင်နှုန်းလောက် မဖြစ်စလောက် ဆိုပေမယ့် အခု ၂၀၁၄ မှာ မြန်မာလူဦးရေ နှစ်သိန်းခွဲခန့် စင်ကာပူ လူဝင်မှုကြီးကြပ်ရေးမှ အချက်အလက်ကို ST သတင်းစာကြီးက ရေးသားထားပါတယ်။ မြန်မာလူဦးရေ ကြောက်ခမန်းလိလိ တိုးတက်လာပါတယ်။

အများဆုံး တိုးတက်များပြားလာမှုတွေက

၁။ အိမ်အကူ (အိမ်ဖော်များ) စုစုပေါင်း လေးသောင်းခန့်
၂။ အလုပ်သမားများ သင်္ဘောကျင်း၊ ဆောက်လုပ်ရေး၊ ဆေးရုံ၊ ဘိုးဘွားရိပ်သာ ... စတဲ့ နေရာများမှာ ရှစ်သောင်းခန့်၊
၃။ ပညာတတ် လူတန်းစားခေါ်တဲ့ S-pass, PR, Citizen များက ငါးသောင်းလောက် ရှိပါမယ်။
၎။ မြန်မာများရဲ့ ကလေးများ ကျောင်းသား၊ ကျောင်းသူ၊ မြန်မာနိုင်ငံမှာ စီးပွား၊ ကျောင်းနေလာသူများလည်း တော်တော်များပါတယ်။

ဒါကြောင့် ယခင်ငါးနှစ်က စင်ကာပူ ရထားဘူတာရုံပေါင်း ၃၀ လောက် ရှိတာ။ အခု ရထားလမ်းလည်း နှစ် ဆ ပိုရှည်အောင် မြေအောက်ရထားလမ်း ကီလိုမီတာ ၂၀၀ လောက် တိုးချဲ့ထားပါတယ်။ အဲဒီရထား ဘူတာပေါင်း ၆၀ လောက်ထိ နှစ်ဆတိုးတက်လာပါတယ်။ မြန်မာတွေရဲ့ အသံကျယ်ကျယ် စကားပြောသံ ကို ရထားဘူတာရုံတိုင်းမှာ ကြားနေရပါပြီ။ သာမန်အားဖြင့်တော့ ရထားစီး ခရီးသည်တွေဟာ ခေတ်ပေါ် စမတ်ဖုန်းလို့ခေါ်တဲ့ အိုင်ဖုန်း၊ အိုင်ပက်၊ ဆမ်ဆောင်းများကို သုံးပြီး ငြိမ်နေကြပါတယ်။ အင်တာနက်ကို တယ်လီဖုန်းတိုင်းမှာ ရရှိတဲ့အတွက် ရုပ်ရှင်ကြည့်၊ အီးမေးကြည့်၊ ဖေ့စ်ဘုတ် ပွတ်သတ်နေသူ များစွာ ရှိပါတယ်။ ၂၀၁၄ လူတွေရဲ့ မရှိမဖြစ် လိုအပ်ချက်မှာ စား၊ ဝတ်၊ နေရေး သုံးချက်မကတော့ဘဲ ဖုန်းကို ထည့်သွင်းရတော့မှာ ဖြစ်ပါတယ်။ ဖုန်းစရိတ်ကလည်း တစ်လစား စရိတ်လောက် ရှိလာပြီ ဖြစ်ပါတယ်။

ဒါကြောင့် တယ်လီဖုန်းလုပ်ငန်းဟာ အလွန်အမြတ်အစွန်းရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အောက်ကပုံမှာ ရထား MRT ပေါ်မှာ စီးနင်းရင်း တယ်လီဖုန်းလေးတွေ ကိုယ်စီနဲ့ ငြိမ်နေတဲ့ စင်ကာပူ ၂၀၁၄ သဘာဝ ဓာတ်ပုံဖြစ်ပါတယ်။

အိမ်အကူလုပ်ငန်း (အိမ်ဖော်)
Domestic Worker
အိမ်ဖော်လုပ်ငန်းကို ဘယ်မှာ လုပ်သလဲမေးရင် အိမ်မှာ လုပ်တယ်လို့ ဖြေကြတယ်။ အများအားဖြင့် အိမ်မှုကိစ္စ၊ ကလေးထိန်း၊ သက်ကြီးရွယ်အိုထိန်း လုပ်ငန်းများ ဖြစ်ပေမယ့် သူဌေးများရဲ့ ကားဆေး၊ ခွေးရေချိုး၊ ခွေးစာကျွေး၊ ဆိုင်ထိုင်၊ စာရင်းဇယား ကူညီလုပ်ခြင်း စတဲ့ အလုပ်များကို လုပ်ရပါတယ်။ လစာကတော့ အိမ်ရှင်အပေါ်နဲ့ မိမိရဲ့ အရည်အချင်းပေါ် မူတည်ပြီး ဒေါ်လာ ၄၀၀ ကျော်လောက်ကနေစပြီး ရရှိပါတယ်။ အများအားဖြင့်တော့ အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တဲ့သူဆိုရင် လစာဒေါ်လာ ၆၀၀ လောက်ရရှိပြီး၊ တစ်ပတ် တစ်ရက် နားရက်ရပါတယ်။ အခန်းတစ်ခု ပေးရပါတယ်။ အိမ်ရှင်ယောက်ျားတွေက ပိုက်ဆံနဲ့ မက်လုံးပေးပြီး မဟုတ်တာ လုပ်ခြင်း မခံရအောင်၊ အိမ်ဖော်တွေအနေနဲ့ အိမ်ရှင်ယောက်ျားကို နှိပ်နယ်မပေးရလို့ စင်ကာပူအစိုးရက တိုက်တွန်းထားပါတယ်။

စင်ကာပူမှာ အိမ်ဖော်ပေါင်း ရှစ်သိန်းလောက် ရှိတယ်လို့ ဆိုပါတယ်။ အိမ်ထောင်စု ၇၀ ရာခိုင်နှုန်းလောက်က အိမ်ဖော်ငှားကြပါတယ်။ အစိုးရက အိမ်ဖော်ခေါ်သူကို တစ်လ ဒေါ်လာ ၃၀၀ လောက် Levy အခွန်တောင်းပေမယ့် အိမ်ဖော်အလုပ်ကတော့ ကောင်းနေဆဲ ဖြစ်ပါတယ်။ တချို့ လည်ဝယ်သူ မြန်မာများက အိမ်ဖော်ပါမစ်ကို တစ်နှစ်ကို ဒေါ်လာ ၃၀၀၀ လောက်နဲ့ ရောင်းစားကြသူတွေလည်း ရှိပါတယ်။ အိမ်ဖော်ပါမစ်ကို ဝယ်ထားပြီး အချိန်ပိုင်း အိမ်သန့်ရှင်းရေးများကို တစ်နာရီ စင်ကာပူ ခုနစ်ဒေါ်လာနဲ့ လုပ်ကြတယ်။ အဲဒီလို အိမ်ဖော်ပါမစ်ကို ဝယ်ခွင့်မရှိပေမယ့် လုပ်စားနေသူအချို့ ရှိနေပါတယ်။

အများအားဖြင့် အိမ်ဖော်ဈေးကွက်မှာ ဖိလစ်ပိုင်တွေက အင်္ဂလိပ်လို ပြောနိုင်လို့ အများဆုံး နေရာယူထားပါတယ်။ ၅၀ ရာခိုင်နှုန်း ဈေးကွက်ယူထားပါတယ်။ ဖိလစ်ပိုင်အိမ်ဖော်က လစာလည်း ကောင်းပါတယ်။ ဒေါ်လာ ၅၀၀ လောက်တော့ ရကြပါတယ်။ သူတို့က ခရစ်ယာန် နိုင်ငံဖြစ်လို့ ပိုပြီး ဆိုရှယ်လုပ်နိုင်ပါတယ်။ ပေါင်းသင်းပြောဆိုတတ်ပါတယ်။ အင်ဒိုနီးရှားက ဒုတိယ အိမ်ဖော်အများဆုံး ဖြစ်ပါတယ်။ မြန်မာ၊ သီရိလင်္ကာနိုင်ငံတွေကတော့ တတိယအဆင့်ပါပဲ။ ထိုင်း၊ မလေး၊ ဗီယက်နမ်တွေက အိမ်ဖော်အလုပ် မလုပ်ပါဘူး။ သူတို့နိုင်ငံတွင်းမှာ အမျိုးသမီးတွေအတွက် အိမ်ဖော်လုပ်တဲ့လစာကို ပြည်တွင်းမှာ ရနိုင်လို့ပါ။ ရတဲ့ လစာနဲ့ စားဝတ်နေရေး အဆင်ပြေတော့ မိန်းကလေးတွေ မပျက်စီးပါဘူး။

စကားပုံအရ “မိန်းကလေးများသည် ဆင်းရဲဒဏ်မခံနိုင်၊ ဆင်းရဲလွန်းလျှင် မိန်းမများ ပျက်စီးတတ်သည်။ ငွေချမ်းသာလွန်းပါက ယောက်ျားများ ပျက်စီးသည် ...” ဆိုတဲ့ စကားပုံအတိုင်း၊ စင်ကာပူရောက် အိမ်ဖော်တွေဟာ စင်ကာပူမှာ အနိမ့်ဆုံးအဆင့် လူတန်းစားဖြစ်လို့ တော်တော်ပျက်စီးပါတယ်။ တနင်္ဂနွေနေ့ဆို စင်ကာပူ မြို့လယ်ကောင်မှာ အိမ်ဖော်မိန်းကလေးတွေနဲ့ Work Permit အလုပ်သမားများစွာ အကြည်ဆိုက်နေတာကို တွေ့ရပါတယ်။ တချို့ ဝင်ငွေမကောင်းတဲ့ စင်ကာပူက သက်ကြီးလူများလည်း အိမ်ဖော်တွေကို လက်မထပ်ဘဲ တနင်္ဂနွေ ဇနီးသည်အဖြစ် ပေါင်းသင်းနေထိုင်သလို၊ ဝင်ငွေကောင်းတဲ့ နိုင်ငံခြားက အလုပ်လာလုပ်သူတွေလည်း ပေါချောင်ကောင်းဆိုပြီး အိမ်ဖော်မိန်းကလေးတွေကို တနင်္ဂနွေ ရည်းစား လုပ်နေကြပါတယ်။ ခေတ်စနစ်၊ နိုင်ငံကလည်း ဒါမျိုးတွေကို ခွင့်ပြုတော့ မိန်းမများ ပျက်စီးတဲ့ အိမ်ဖော်လုပ်ငန်း ဖြစ်ပါတယ်။

အခု မြန်မာအိမ်ဖော်ပေါင်း လေးသောင်းခန့်မှာ အများစုကတော့ အိမ်ရှင်နဲ့ အိမ်ဖော် အဆင်ပြေကြပါတယ်။ ဦးအေးငြိမ်း မြန်မာဘာသာ ပြန်ထားတဲ့ အိမ်ဖော်ဥပဒေကို ဖတ်ကြည့်နိုင်ပါတယ်။
http://myanmarinsingapore.com/profiles/blogs/foreign-domestic-workers

အိမ်ရှင်တွေရဲ့ မတရားလုပ်တာကို မြန်မာ၊ အင်ဒိုနီးရှား အမျိုးသမီး အိမ်ဖော်များ ခံစားရပါတယ်။ အင်္ဂလိပ်စကား နားမလည်၊ ခေတ်ပေါ်ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ အဲကွန်း၊ မီးပူ၊ မီးဖို မသုံးတတ်ကြပါဘူး။ မြန်မာအိမ်ဖော်ပေါင်း လေးသောင်းခန့်တွင် ၁၀ ရာခိုင်နှုန်း အဆင်မပြေ ဖြစ်နေတော့ မြန်မာအမျိုးသမီး ၄၀၀၀ ခန့် အိမ်ရှင်-အိမ်ဖော် ပြဿနာ ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။ တချို့ အိမ်ရှင်ဆိုးဆိုးနဲ့ နေထိုင်ရသူများ၊ နှိပ်စက်ခံရသူများ ရှိပေမယ့် မဖြစ်စလောက် လူနည်းစုပါ။

အဆိုးဆုံးကတော့ လူပွဲစားလို့ခေါ်ရမယ့် အေဂျင်စီတွေပဲ ဖြစ်ပါ တယ်။ ဥပမာ- မြန်မာအမျိုးသမီးတစ်ဦး တစ်လ ဒေါ်လာ ၃၅၀ နဲ့ လုပ်မယ်ဆိုရင် အေးဂျင့်ဖိုး ခြောက်လစာ တောင်းပါတယ်။ အေးဂျင့်ဖိုး ပိုက်ဆံမရှိလို့ အိမ်ဖော်လာလုပ်သူကို ခြောက်လလုံးလုံး ပိုက်ဆံမပေးဘဲ အေဂျင်စီကြေးငွေ ပြန်ဆပ်နေရပါတယ်။ အများစုသော အိမ်ဖော်များရဲ့ ပြဿနာများဟာ အဲဒီရောက်ခါစ သုံးလအတွင်း ဖြစ်ပါတယ်။ အပြင်ထွက်ခွင့်၊ ဖုန်းပြောခွင့် မပေးကြတာ များတယ်။ အိမ်ဖော်က ထွက်ပြေးရင် အိမ်ရှင်က အာမခံတင်ထားတဲ့ ဒေါ်လာငါးထောင် ရှုံးမှာ ကြောက်လို့ အိမ်ရှင်များက အိမ်ဖော်များကို ရောက်ခါစမှာ မယုံတော့ အပြင်မထွက်ခိုင်းပါဘူး။ တချို့အိမ်ဖော်တွေ မိမိကိုယ် အဆုံးစီရင်မှုတွေ တွေ့ရပါတယ်။ အဲဒီရောက်ခါစ သုံးလလောက် အခက်အခဲတွေ ကျော်လွန်သွားပြီးရင်တော့ အိမ်ဖော်များနဲ့ အိမ်ရှင်တို့ ပျော်စရာ ဖြစ်သွားပါပြီ။

တနင်္ဂနွေနေ့ဆို အိမ်ဖော်တွေ နားရက်ရလို့ လျှောက်လည်ကြပါတယ်။ မြန်မာအိမ်ဖော် အများစုကတော့ ထုံးစံအတိုင်း ပင်နီဆူလာ ပလာဇာမှာ ဆုံကြပါတယ်။ အရင်ငါးနှစ်က မြန်မာများ ပင်နီဆူလာ ရှော့ပင်းစင်တာအတွင်း၊ အပြင်နားမှာပဲ နေကြပေမယ့် အခု နှစ်ဆခွဲလောက် လူဦးရေ များလာတော့ ဘေးနားက ရှော့ပင်းစင်တာများ၊ ရထားဘူတာရုံ၊ စိန့်အင်ဒရူး ဘုရားကျောင်းဝင်း မြက်ခင်းပြင်၊ စီးတီးဟော ခရစ်ကတ်ကွင်းပြင်ကနေ နောက်ဆုံး မာရီလင်ရေပန်း ထွက်တဲ့ ပင်လယ်ကမ်းစပ် ပန်းခြံအထိ မြန်မာများစွာ ပျော်ပွဲစားထွက်၊ စကားပြော၊ အနားယူနေကြတာ တွေ့ရပါတယ်။

စည်းကမ်းနဲ့ ပတ်သက်ပြီး ယခင်က မြန်မာများ ကွမ်းတံတွေးထွေး၊ ဆေးလိပ်တို လွှင့်ပစ်၊ အရက်ဘီယာခွက်များ၊ အချိုရည်ခွက်၊ ပုလင်း၊ အမှိုက်အကြွင်းကျန် များစွာ ပစ်ထားလို့ စည်းကမ်းမဲ့တဲ့ မြန်မာများလို့ နာမည်ကျော်ခဲ့ပါတယ်။ အခု အစိုးရအသစ် တက်ပြီး သုံးနှစ်ကြာတဲ့ အချိန်မှာ မြန်မာများ အလွန်စည်းကမ်း ရှိလာပါတယ်။ အမှိုက်မပစ်ဘဲ စိန့်အင်ဒရူးဘုရားကျောင်းမှာလည်း သန့်ရှင်းစွာ နေထိုင်၊ စခန်းချ၊ စားသောက်ကြပါတယ်။



စင်ကာပူရဲ့ အံ့မခန်း တိုးတက်ပုံကလည်း ၂၀၁၄ မှာ ကမ္ဘာ့ဈေးအကြီးဆုံး မြို့တော်အဆင့်ကို ရောက်သွားပါပြီ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI မှာလည်း ဒေါ်လာဘီလီယံပေါင်း ကုဋေများစွာနဲ့ ကမ္ဘာ့အဆင့် ၁၅ လောက်မှာ ရှိနေပါတယ်။ အရှေ့တောင်အာရှကို ရင်းနှီးမြှုပ်နှံလိုသူ နိုင်ငံခြားသားများက စင်ကာပူဘဏ်တွေမှာ ယုံကြည်စွာ ငွေလာထည့်ထားခြင်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ က တောခေါင်ခေါင် ဘတ်စ်ကားတောင် မရှိတဲ့ Woodlands လို ကန်ပေါင်း (တောရွာ) များက အခုဆို ရှော့ပင်းစင်တာကြီးများ၊ ရထားဘူတာ၊ အိမ်ရာ စီမံကိန်းများနဲ့ လူပေါင်း သိန်းသန်းချီ နေထိုင်ကြပါပြီ။ ရှော့ပင်းစင်တာကြီးများက အစားအသောက်တွေလည်း အမေရိကန်နိုင်ငံထက်ပင် ဈေးကြီးနေပြီ ဖြစ်ပါတယ်။ အလွန်တိုးတက်နေတဲ့ နောက်ဆုံးပေါ် ပစ္စည်းများစွာကို စင်ကာပူမှာ တွေ့နိုင်ပါပြီ။ နယူးယောက်၊ မက္ကဆီကို၊ ဂျာမနီ၊ အင်္ဂလန်၊ ပြင်သစ် စတဲ့ စားသောက်ဆိုင်များ၊ ဟိုတယ်၊ ဈေးဆိုင်များလည်း တရုတ်ကုလား ဆိုင်များလို များစွာ၊ စုံလင်စွာ ရှိနေကြပြီး ကမ္ဘာ့နိုင်ငံ အားလုံးနီးပါးက သင်္ဘောလိုင်းများ၊ ရေနံတင်သင်္ဘောများ၊ လေယာဉ်ပျံ ခရီးစဉ်များစွာနဲ့ အရှေ့တောင်အာရှရဲ့ ဗဟိုဖြစ်နေပါတယ်။ အလွန်အံ့မခန်း တိုးတက်လာတဲ့ တရုတ်ကို မှီပြီး ဟောင်ကောင်ဟာ အရမ်းတိုးတက်လာပါတယ်။ အရင်က ဟောင်ကောင်ထက် သာသွားမယ် မှန်းပေမယ့် အနှစ်၂၀ ကြာလည်း ဟောင်ကောင်ကို မမီနိုင်သေးပါဘူး။ ဟောင်ကောင်က ငွေချမ်းသာရုံမက၊ နိုင်ငံရေး၊ စာပေ၊ ရုပ်ရှင်၊ သိပ္ပံပညာများမှာ စင်ကာပူထက် သာလွန်နေဆဲ ဖြစ်ပါတယ်။

နိဂုံးသုံးသပ်ချက်
မြန်မာနိုင်ငံ အစိုးရအသစ် တက်လာပြီး စင်ကာပူကို လူတွေ တစ်ဖွဲဖွဲ ထွက်လာမှု ပိုမိုများပြားလာတာ မျက်ဝါးထင်ထင် တွေ့ရပါတယ်။ မြန်မာဆိုရင် ဘိန်းဘုရင်၊ စစ်အာဏာရှင်ဟောင်း၊ လက်ရှိ အာဏာရ ဝန်ကြီး သားသမီးများ၊ စီးပွားရေး၊ ခရိုနီများရဲ့ သားသမီးများစွာ ကျောင်းတက်၊ ဆေးကု၊ ကွန်ဒို၊ အိမ်ရာများ ဝယ်ပြီး နေထိုင်ကြပါတယ်။ ဆင်းရဲသား သားသမီးများလည်း အိမ်ဖော်၊ အလုပ်သမား WP ဘဝနဲ့ စင်ကာပူမှာ လာရောက် အလုပ်လုပ်ကိုင်ကြပါတယ်။ အဲ.. ပညာတတ် ဆိုတဲ့ ဘွဲ့ရ၊ ဒီပလိုမာ လူငယ်များစွာလည်း S-pass, EP, PR, Citizen, Dependent, Business pass တွေနဲ့ အလုပ်လုပ်ကိုင်ကြပါတယ်။

ဒီတော့ လူဆိုး၊ သူခိုးများကအစ လူကောင်း၊ လူတော်များ၊ ဆင်းရဲမွဲတေသူများ အဆုံး မြန်မာများစွာ စုပြုံ၊ ပြွတ်ကျပ်နေထိုင်တဲ့ စင်ကာပူ ၂၀၁၄ အခြေအနေ တစ်ခန်းရပ်ဖြစ်ပါတယ်။

The Voice

လုံခြုံရေးနဲ့ ဆိုးဝါးတဲ့ရာသီ ဥတုကြားက လူတွေမဲပေး






နောက်ဆုံး ရေးသားချိန် 5 ဧပြီလ 2014 - 15:20 GMT

အမျိုးသမီး မဲပေးသူများတွေ့ရစဉ်

အာဖဂန် ရွေးကောက်ပွဲမှာ မိုးသည်းထန်တာတွေ လုံခြုံရေး ခြိမ်းခြောက်မှုတွေ ကိုမမှုဘဲ အထူးသဖြင့် လူငယ်တွေ မဲလာပေးကြတယ်လို့ ဒေသတွင်းရှိ ဘီဘီစီ သတင်းထောက်တွေက ပြောပါတယ်။ အမျိုးသမီးတွေလည်း အမျိုးသားလောက် မများပေမယ့် မဲပေးတာ တွေ့ရပါတယ်။

အာဖဂန်မြို့တော် ကာဘူးလ်က ဘီဘီစီသတင်းထောက် ဒေးဗစ်လွိုင်းကတော့ ရဲနဲ့စစ်သား၎သိန်းလောက် လုံခြုံရေး ယူထားတဲ့အတွက်ဒါဟာ ၂၀၀၁ ခုနှစ် တာလီဘန်တွေကျပြီး နောက်ပိုင်း အကြီးဆုံး စစ်ဆင်ရေးဘဲလို့ ပြောပါတယ်။
ဆက်စပ်သတင်းနဲ့ အစီအစဉ်များ

အာဖဂန် မဲဆန္ဒရှင်တွေဟာ သမ္မတသစ်ကို ရွေးချယ်ဖို့ မဲရုံကို သွား
အာဖဂန် သမ္မတ ရွေးပွဲအတွက် မဲဆွယ်ပွဲ နောက်ဆုံးနေ့
အာဖဂန် ရွေးကောက်ပွဲရုံး တာလီဘန် ဝင်တိုက်

အာဖဂန် မြောက်ပိုင်းက ဘီဘီစီသတင်းထောက် ကယ်ရင်အယ်လင်ကလည်း မဲပေးဖို့ စောင့်နေတဲ့ လူတွေ အရှည်ကြီး တန်းစီနေကြတယ်လို့ပြောပါတယ်။

အနောက်ဖက် ဟရတ်ပြည်နယ်နဲ့ မြို့တော်ရဲ့အရှေ့မြောက်တို့မှာ ရာသီဥတုနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် မဲရုံအချို့ပိတ်ခဲ့ရပါတယ်။ အချို့မဲရုံတွေ ကြိုးကြားတိုက်ခံရပြီး အားလုံမဲရုံတွေရဲ့ ၁၀ရာနှုန်းဟာ လုံခြုံရေးကြောင့် မဖွင့်နိုင်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။ ဒါ့အပြင် မဲပြားတွေအချိန်မီမရောက်တာ မဲမလုံလောက်တာစတဲ့ သတင်းတွေလည်းရပါတယ်။

နိုင်ငံတကာ လေ့လာအကဲခတ်သူတွေကတော့ လုံခြုံရေးတင်းကျပ်စွာချထားပြီး အတုမလုပ်နိုင်အောင် အာမခံချက်အသစ်တွေရှိတဲ့အတွက် အရင်လုပ်တဲ့ ရွေးကောက်ပွဲထက် ပိုမျှတနိုင်တယ်လို့ မြင်ကြောင်း ကာဘူးလ်က သတင်းထောက်ကပြောပါတယ်။

သမ္မတလောင်းအဖြစ်ပြိုင်သူ ၈ယောက် ရှိပြီးအဲဒီထဲက နိုင်ငံခြားရေး ဝန်ကြီးဟောင်းနှစ်ယောက်နဲ့ ဘဏ္ဍာရေး ဝန်ကြီးဟောင်းတယောက်တို့က ရှေ့က ရောက်နေတဲ့သဘော တွေ့ရပါတယ်။

ဒါပေမယ့် လွတ်လွတ်ကျွတ်ကျွတ် နိုင်တဲ့ ၅၀ရာနှုန်းရဖို့ ဘယ်သမ္မတလောင်းမှ မသေချာလို့ မေလ၂၈ရက်ကျရင် ဒုတိယ အကြော့ပြန်ပြိုင်ရနိုင်တယ်လို့ အာဖဂန်ရောက် ဘီဘီစီ သတင်းထောက်တွေက သုံးသပ်ထားပါတယ်။
BBC

နေတိုးအဖွဲ့ လှုပ်ရှားမှုကို ရုရှားက မေးခွန်းထုတ်






နောက်ဆုံး ရေးသားချိန် 3 ဧပြီလ 2014 - 15:28 GMT

နေတိုးအတွက် အမေရိကန်က F-15 တိုက်လေယာဉ် ၁၀ စီး ပို့ထား

အရှေ့ ဥရောပမှာ နေတိုး အဖွဲ့ရဲ့ လှုပ်ရှားမှုတွေ တိုးမြှင့်လာတာ ဘာကြောင့်လဲ ဆိုတဲ့ အဖြေကို ပေးဖို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေရီ လက်ဗ်ရော့ဗ်က တောင်းဆိုလိုက်ပါတယ်။

သူတို့ သဘောတူညီ ထားခဲ့တာတွေ အပေါ် အလေးအနက် အခြေခံပြီး နေတိုးဘက်က အဖြေပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း မစ္စတာ လက်ဗ်ရော့ဗ်က ပြောပါတယ်။

နေတိုး အဖွဲ့ဟာ ယူကရိန်း အရှေ့ပိုင်း နယ်စပ်မှာ ရုရှား တပ်ဖွဲ့ လှုပ်ရှားမှုတွေရဲ့ အရေးကြီးမှုကို ချဲ့ကား ပြောတယ်လို့လည်း သူက စွပ်စွဲ ပါတယ်။

နေတိုး အဖွဲ့ ထိပ်တန်း တပ်မှူးကြီး ဗိုလ်ချုပ်ကြီး Philip Breedlove ကတော့ နေတိုး အဖွဲ့ရဲ့ ကာကွယ်ရေး အင်အားကို ပိုမို ဖြည့်တင်းပေးထားကြောင်း၊ ရုရှား ဘက်က ရှေ့ဆက်တိုးရင် ၁၂ နာရီ အတွင်း နေတိုး ဘက်က တိုက်ခိုက်နိုင်ကြောင်း ပြောပါတယ်။

ရုရှား တပ်ဖွဲ့တွေ ဆုတ်ခွာသွားတယ် ဆိုတဲ့ သတင်း တွေကိုတော့ သူ့အနေနဲ့ အတည်မပြုနိုင်ဘူးလို့ ဗိုလ်ချုပ်ကြီး Philip Breedlove က ပြောပါတယ်။
BBC

ဝန်ကြီးချုပ်ယင်းလပ်ကို ထောက်ခံသောရှပ်နီများ ဘန်ကောက်တွင် ဆန္ဒပြမည်








အစိုးရ ထောက်ခံသူများနှင့် ဆန့်ကျင်သူများ မကြာခဏ ဆန္ဒပြလေ့ရှိသော ထိုင်းနိုင်ငံတွင် ယခုသီတင်းပတ်ကုန်တွင် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကို ထောက်ခံသော ရှပ်နီများက မြို့တော် ဘန်ကောက်သို့လာ၍ ယင်းလပ် ထောက်ခံကြောင်း ဆန္ဒပြကြမည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် ယမန်နှစ် နိုဝင်ဘာလမှ စတင်၍ ဝန်ကြီးချုပ် ယင်းလပ်ကို ဆန့်ကျင်သော ဆန္ဒပြမှုများ အကြီးအကျယ် ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ ဝန်ကြီးချုပ် ယင်းလပ်ကို ထောက်ခံသူ ရှပ်နီဝတ် ဆန္ဒပြသူများက ယင်းလပ် ထောက်ခံဆန္ဒပြပွဲများ ပြုလုပ်ရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။

လက်ရှိအချိန်တွင် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကို ဆန့်ကျင်သူများက တရားစွဲဆိုမှုများ ပြုလုပ်နေစဉ်တွင် ယင်းလပ် ထောက်ခံသူများက ယခုကဲ့သို့ ဘန်ကောက်တွင် ဆန္ဒပြရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

ဘန်ကောက်မြိ့တော်တွင် ယင်းလပ်ကို ဆန့်ကျင်သူများကလည်း ဆန္ဒပြနေကြဆဲ ဖြစ်ရာ၊ ယခု ယင်းလပ် ထောက်ခံသော ရှပ်နီဝတ် ဆန္ဒပြသူများကလည်း ဘန်ကောက်တွင် ဆန္ဒပြမည့် အစီအစဉ်ကြောင့် နှစ်ဖက်ပဋိပက္ခ ဖြစ်ပွားမည်ကို စိုးရိမ်ရသည့် အခြေအနေပင် ဖြစ်သည်။

“ယင်းလပ် ဆန့်ကျင်သူတွေက ဘန်ကောက်မြို့ထဲမှာ ဆန္ဒပြမယ်။ ယင်းလပ် ထောက်ခံသူတွေက ဘန်ကောက် မြို့ပြင်မှာ ဆန္ဒပြကြမှာပါ” ဟု ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်၏ လုံခြုံရေးအကြံပေး Paradorn Pattanathabutr က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ယမန်နှစ် နိုဝင်ဘာလက ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြမှုများကို ယင်းလပ် ထောက်ခံသူ ရှပ်နီ ဆန္ဒပြသူများက ပြန်လည် တန်ပြန်ဆန္ဒပြရန် ကြိုးပမ်းခဲ့သော်လည်း ဗုံးခွဲတိုက် ခိုက်ခြင်း စသည့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြသူ ငါးဦးသေဆုံးခဲ့ကာ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

ဘန်ကောက်မြို့တွင် စနေ၊ တနင်္ဂနွေနေ့တို့တွင် ပြုလုပ်မည့် ယင်းလပ် ထောက်ခံသူ ရှပ်နီဝတ်များ၏ ဆန္ဒပြပွဲသို့ လူ ၅၀၀,၀၀၀ ခန့် ပါဝင်မည်ဟု မျှော်လင့်ထားကြောင်း ရှပ်နီ ဆန္ဒပြခေါင်းဆောင်က ပြောကြားသည်။

သို့သော် ထိုင်းရဲတပ်ဖွဲ့ဝင်များကမူ ယခုလုပ်မည့် ရှပ်နီဆန္ဒပြပွဲသို့ လူ ၃၅၀,၀၀၀ ပါဝင်မည်ဟု ပြောကြားထားပြီး ထိုင်းနိုင်ငံတစ်ဝန်း အထူးသဖြင့် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ပြည်နယ်များမှ ယင်းလပ် ထောက်ခံသူများက ကား၊ ရထားများဖြင့် ဘန်ကောက်သို့ ညတွင်းချင်း လာရောက်ကြမည်ဟု မျှော်လင့်ရကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ရှပ်နီ ဆန္ဒပြသူများအနေနှင့် အင်အားသုံးခြင်းမျိုး ပြုလုပ်မည် မဟုတ်ကြောင်း ရှပ်နီ ခေါင်းဆောင်များက ပြောကြားသည်။
“ကျွန်တော်တို့ ဆန္ဒပြခြင်းက ထိုင်းနိုင်ငံဟာ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ ဝန်ကြီးချုပ်ကိုပဲ လက်ခံတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသတာ ဖြစ်ပါတယ်။ တခြားဘာကိုမှ မရည်ရွယ်ပါဘူး” ဟု ရှပ်နီ ခေါင်းဆောင် တစ်ဦးဖြစ်သူ Nattawut Saikua က ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ယင်းလပ်အစိုးရကို ဆန့်ကျင်သော ဆန္ဒပြသူများသည် ဘန်ကောက်မြို့လယ်မှ ဘဏ္ဍာရေး လုပ်ငန်းများ တည်ရှိရာ ရပ်ကွက်အစွန်ရှိ လန်ပီနီပန်းခြံတွင် အခြေစိုက် ဆန္ဒပြနေကြသည်။

ဘန်ကောက်မြို့တွင် ယင်းလပ် ဆန့်ကျင်သူများ၏ ငါးလကြာမျှ ဆန္ဒပြမှုများကြောင့် ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အပါအဝင် စီးပွားရေး လုပ်ငန်းများကို ထိခိုက်စေခဲ့သည်။

မီးရထားလမ်းတွင် အိပ်နေသဖြင့် ရထားကြိတ်ခံခဲ့ရပြီး အရေးယူခံရ










၎.၄.၂၀၁၄ ရက်နေ့ ၂၁၅၀ အချိန်တွင် မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြညရထားလမ်း အတိုင်း ရန်ကုန်မှ ပုဂံသို့ မောင်းနှင်လာသည့် အမှတ်(၆၁)အဆန် အမြန်ရထားသည် ဖူးကြီးဘူတာနှင့် ၀ါးနက်ချောင်းဘူတာကြား မိုင်တိုင်အမှတ် (၃၅/၃)နှင့် (၃၅/၄)ကြားအရောက် သံလမ်းပေါ်တွင်
ခြေလက်များတင်၍ အိပ်နေသော အောင်သက်၊ (၂၇)နှစ်၊ (ဘ)ဦးလှ၊ ဖူးကြီးကျေးရွာ၊ မှော်ဘီမြို့နယ်နေသူကိုကြိတ်မိခဲ့ပါသည်။

ထိုသို့ကြိတ်မိသဖြင့် ရထားမှာ မိနစ်(၄၀)ခန့် ရပ်တန့်ထားခဲ့ရပြီး
အောင်သက်တွင် ၀ဲလက်မောင်းနှင့် ၀ဲခြေထောက်ပြတ်ဒဏ်ရာများ
ရရှိခဲ့သဖြင့် တိုက်ကြီးဆေးရုံသို့ တင်ပို့ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ဘေးအန္တရာယ်ဖြစ်စေရန် မီးရထားလမ်းတွင်အိပ်နေခဲ့သူ
အောင်သက်အား အရေးယူပေးရန် ဖူးကြီးဘူတာရုံပိုင် ဦးမျိုးလှိုင်မှ တိုင်တန်းချက်အရ မှော်ဘီမြို့မရဲစခန်း (ပ)၁၈၈/၂၀၁၄၊ မီးရထားအက်
ဥပဒေပုဒ်မ-၁၂၆(င) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မွန်ဘိုင်းသတင်းထောက် မုဒိန်းမှု ၃ ဦး သေဒဏ်ပေး




အုပ်စုလိုက် နှစ်ကြိမ်မုဒိမ်းကျင့်ခဲ့သူ တရားခံတစ်ဦးကို တရားရုံးထုတ်လာစဉ်။ (ဧပြီ ၄၊ ၂၀၁၄)


အိန္ဒိယနိုင်ငံ မွန်ဘိုင်း မြို့က တရားရုံးတခုက အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ၂ခုထက် မနည်းမှာ ပါဝင်ခဲ့သူ ၃ ယောက်ကို သေဒဏ်ချလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက စက်ရုံဟောင်းတခုမှာ ဓါတ်ပုံသတင်းထောက် အမျိုးသမီးကို အုပ်စုဖွဲ့ အဓမ္မကျင့်ခဲ့မှု နဲ့ သူတို့ သေဒဏ်ချခံခဲ့ရတာဖြစ်ပါတယ်၊ အဲဒီ့လူတွေဟာ ဒီအဆောက်အဦးမှာပဲ နောက်ထပ်အမျိုးသမီးတယောက်ကိုလဲ အုပ်စုဖွဲ့ အဓမ္မကျင့်ခဲ့ကြတဲ့အတွက်လဲ အပြစ်ပေးခံရတာပါပါတယ်။

၂၀၁၂ ဒီဇင်ဘာတုန်းက ဘတ်စ် ကားတစီးပေါ်မှာ အမျိုးသမီးတယောက်အုပ်စုဖွဲ့ အဓမ္မပြုကျင့် သတ်ခံခဲ့ရပြီးထဲက မုဒိမ်းမှုတွေအပေါ် ပြစ်ဒဏ်တွေ တိုးမြှင့်ခဲ့ပြီးနောက်မှာ ပထမဆုံး သေဒဏ်ပေးခဲ့တာဖြစ်ပါတယ်။

တခါ လွန်ခဲ့တဲ့ ၁၈ နှစ်တုန်းက ဆယ်ကျော်သက် တယောက်ကို သီတင်းပါတ်နဲ့ချီ အဓမ္မပြုကျင့်ခဲ့မှုမှာ ပါဝင်သူ ၂၄ ယောက်ကို တရားသေလွှတ်ထားတာကို အိန္ဒိယတောင်ပိုင်း တရားရုံးတခုကလဲ ဒီကနေ့သောကြာနေ့မှာပဲ အမိန့်ကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

အမျိုးသားတယောက်ကို ထောင်ဒဏ် တစ်သက်နဲ့ ကျန်တဲ့ ၂၃ ယောက်ကို ထောင်ဒဏ် ၇ နှစ်ကနေ ၁၁ နှစ်အထိ Kerala ပြည်နယ်အဆင့်မြင့်တရားရုံးက ထောင်ဒဏ်တွေ
ချမှတ်ခဲ့ပါတယ်။ ဆယ်ကျော်သက်မိန်းကလေးဟာ Kerala နဲ့ Tamil Nadu
-ပြည်နယ်တွေထဲက နေရာစုံမှ ရက်ပေါင်း ၄၀ အတွင်း အမျိုးသား ၄၀ ထက်မနည်းရဲ့မုဒိမ်းကျင့်မှုကို ခံခဲ့ရပါတယ်။ ဒီမိန်းကလေးကို အဓမ္မပြုသူတွေထဲမှာပါမောက္ခတွေ၊ ရှေ့နေတွေ၊ စီးပွားရေးသမားတွေနဲ့ အစိုးရတာဝန်ရှိသူတွေ ပါဝင်တယ်လို့ တရားရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

၁၉၉၆ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက် အတွက် ၂၀၀၅ ခုနှစ်မှာ မသင်္ကာသူတွေ တရားသေလွတ်ခဲ့ပေမဲ့ အိန္ဒိယ နိုင်ငံရဲ့ အဆင့်အမြင့်ဆုံး တရားရုံးက အမှုကိုပြန်လည် စစ်ဆေးဖို့ မနှစ်တုန်းက အမိန့်ချခဲ့တာဖြစ်ပါတယ်

ဗွီအိုအေ

Selena Gomez ရဲ့ ဒေါ်လာ ၃ သန်းတန် စံအိမ်ထဲ ကျူးကျော်ဝင်ရောက်သူတစ်ဦးကို ရဲတွေ ဖမ်းမိ







ပေါ့ပ်အဆိုတော်၊သရုပ်ဆောင်မလေး Selena Gomez ရဲ့ ဒေါ်လာ ၃ သန်းတန် စံအိမ်ထဲ ကျူးကျော်ဝင်ရောက်သူ တစ်ဦးကို ရဲတွေ လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။ သံသယဖြစ်စရာလူတစ်ယောက် Selena Gomez ရဲ့ အိမ်ခြံစည်းရိုးကို ခုန်ကျော်ဝင်ရောက်သွားတာကို အိမ်နီးချင်းတွေက ရဲကို အကြောင်းကြား ခဲ့တဲ့အတွက် အခုလိုဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

ပိုင်နက်ကျူးကျော်မှုအတွက် သံသယရှိသူကို ရဲတွေဖမ်းဆီးမိပြီးနောက်မှာ California ပြည်နယ် Calabasas မြို့ က သူမရဲ့နေအိမ်မှာ ရဲတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

အခုလို သူမရဲ့ စံအိမ်ထဲ ကျူးကျော်ဝင်ရောက်မှုဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ဒီနှစ် ဇန်န၀ါရီလတုန်း ကလည်း ၁၉ နှစ်အရွယ် ယောင်္ကျားလေးတစ်ယောက်ဟာ San Fernando တောင်ကြား Tarzana အရပ်က သူမရဲ့ နေအိမ်ကို ကျူးကျော်ဝင်ရောက်မှုနဲ့ အဖမ်းခံခဲ့ရပါသေးတယ်။

အခင်းဖြစ်ပွားချိန်မှာ အသက် ၂၁ နှစ်အရွယ်အဆိုတော်မလေးဟာ အိမ်မှာ မရှိနေဘဲ LA က သူမရဲ့ ရှေ့ နေ ဆီသွားရောက်လည်ပတ်နေတယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားပြီးနောက် သူမအိမ်ကို ပြန်ရောက်လာတဲ့ Selena Gomez တစ်ယောက် အိမ်မှာ ရဲတွေပြည့်နှက်နေလို့ စိတ်ညစ်နေရပုံပေါ်တယ်လို့  TMZ သတင်း ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။



Sunday, March 23, 2014

အကျိတ်အရွယ်အစားကို ဆရာဝန်တွေက ပိုတွက်မိလို့ မလိုအပ်ဘဲ သားမြတ်ဖြတ်ထုတ်ခံရသူ ၁နှစ် အယောက် ၁၀၀ခန့်ရှိ




ရင်သားထဲက အကျိတ်အရွယ်အစားကို ဆရာဝန်တွေက ပိုတွက်မိတာကြောင့် မလိုအပ်ဘဲ သားမြတ်ဖြတ်ထုတ်ခံရသူ အရေအတွက်ဟာ ၁နှစ်မှာ အယောက် ၁၀၀ခန့်ရှိပါတယ်။

ဒီအမျိုးသမီးတွေဟာ သားမြတ်ကို ဖြတ်ထုတ်ခံရမယ့်အစား ကုသမှုခံရ သင့်တယ်လို့ သုတေသနရပ်က သက်သေပြပါတယ်။

တချို့သော ဆေးရုံတွေမှာ သားမြတ်ဖြတ်ထုတ်တဲ့ ကိစ္စတွေထဲက ၆၀ရာခိုင်နှုန်းဟာ ၂၀ မီလီမီတာ (သုည ဒဿမ ၈ လက်မ) သာ အကျယ်ရှိပြီး အလွန်သေးငယ်တ့ အကျိတ်ဖုပဲဖြစ်ပါတယ်။

ဒီသုတေသန ရလဒ်ကို မတ်လ ၂၁ရက်နေ့မှာပဲ လူထုကြားချပြခဲ့ပါတယ်။ ductal carcinoma in situ (DCIS) (ထိုးဖောက်ပျံ့နှံ့မှုမရှိဘဲ အန္တရယ်ရှိတယ်လို့ထင်ရတဲ့ ပုံမှန်မဟုတ် ဆဲလ်တွေ သားမြတ်ထဲရှိနေခြင်း) ကို အရင်ကထက် ပိုပြီး ဂရုတစိုက်ကုသဖို့ လိုတယ်လို့ ဆိုပါတယ်။

လေယာဉ်ပေါ်မှာ အန္တရာယ်ရှိပစ္စည်း သယ်သွားကြောင်း မလေးရှားလေကြောင်းလိုင်း CEO အခုတော့ ၀န်ခံခဲ့ပြီ...




လေယာဉ်ပေါ်မှာ မီးလောင်လွယ်တဲ့ Lithium ဘက်ထရီတွေ သယ်သွားခဲ့တယ်ဆိုတာ မနေ့က မလေးရှားလေကြောင်းလိုင်း CEO က သတင်းစာရှင်းလင်းပွဲမှာ ၀န်ခံခဲ့ပါပြီ။

လွန်ခဲ့တဲ့ ရက်ပိုင်း သတင်းစာ ရှင်းလင်းပွဲတစ်လျှောက်လုံး လေယာဉ်ပေါ်မှာ မီးလောင်ပြီး အန္တရာယ်ရှိတဲ့ ပစ္စည်းတွေသယ်သွားခဲ့သလား ဆိုတဲ့ သတင်းစာဆရာတွေရဲ့ အမေးကို ရယ်စရာ ဖြစ်အောင် ('tonnes of mangosteens') မင်းကွတ်သီး တန်နဲ့ချီ သယ်သွားခဲ့တယ် ဆိုပြီး လိမ် ပြောခဲ့ပါတယ်။ အခု သယ်ဆောင်သွားတယ်ဆိုတဲ့ ဘက်ထရီအသေး Lithium ဘက်ထရီတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း လေယာဉ်ပျက်ကျမှုပေါင်း ၁၄၀ ကျော် ဖြစ်စေခဲ့တဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။ ဖုန်းနဲ့ လက်ပ်တော့မှာ သုံးတဲ့ ဘက်ထရီနဲ့ အမျိုးအစား တူကြောင်းလည်း သိရပါတယ်။

အခု MH370 လေယာဉ်ဟာ cargo ခန်းထဲက ဘက်ထရီပေါက်ကွဲမှု ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ရာက ဆက်သွယ်ရေး ကိရိယာတွေ ပျက်သွား ပိတ်သွားခဲ့တာလား ဆိုတာ စဉ်းစားနေကြပြီ ဖြစ်ပါတယ်။

ဂြိုလ်တုကနေ အပိုင်းအစ ၂ ခု တွေ့ပါတယ် ဆိုတဲ့ သြစတေးလျ နိုင်ငံ အနောက်ပိုင်း အိန္ဒိယသမုဒ္ဒရာထဲက လေယာဉ်ပျက်လို့ ယူဆရတဲ့နေရာမှာလည်း ရှာဖွေရေး အဖွဲ့တွေရှာတာ ၂ ရက်ရှိပြီ ဖြစ်ပေမယ့် မတွေ့သေးပါဘူး။ တရုတ်ပြည်က ရှာဖွေရေး အတွက် ဆိုပြီး စစ်သင်္ဘာ ၈ စင်း အထိဝင်ခွင့်တောင်းထားကြောင်းလည်း မလေးရှား အာဏာပိုင်တွေက အတည်ပြုပါတယ်။...

ခရီးသည် ၂၂၉ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၂ ဦး လိုက်ပါသွားတဲ့ မလေးရှားလေကြောင်းလိုင်း ခရီးစဉ် အမှတ် MH370 ပျောက်ဆုံးသွားတာ အခုဆိုရင် ၂ ပတ်ကျော် လာခဲ့ပြီ ဖြစ်ပါတယ်။

ရင်သားကြီးအောင်လို့ Vaseline အဆီထိုးထည့်ပြီးနောက် အဆုတ်ထဲသွေးခဲပြီး သေဆုံးသွားခဲ့သူ




အာဂျင်တီးနားနိုင်ငံက အသက် ၃၉ နှစ်အရွယ် အပျော်တမ်းအားကစားသမား ဆိုနီယာ ပီရက်ဇ် ဆိုသူဟာ လွန်ခဲ့တဲ့ တစ်လက ဆေးရုံကို အသက်ရှုရခက်ခဲတဲ့ပြဿနာကြောင့် ရောက်ရှိလာခဲ့တာပါ။ ပထမတော့ သူမဟာ ဆရာဝန်တွေရဲ့ မေးမြန်းချက်တွေကို အကုန်ငြင်းဆန်နေခဲ့ပေမယ့် နောက်ဆုံးမှာတော့ ရင်သားကြီး အောင်လို့ Vaseline အဆီကို ရင်သားထဲ မိမိဘာသာထိုးထည့်ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။

အခုတော့ သူမဟာ အဆုတ်ထဲမှာသွေးခဲတဲ့ဝေဒနာကို ခံစားရပြီးနောက် ဆေးရုံမှာပဲသေဆုံးသွားခဲ့ပါပြီ။ ဗြူနိုအေးရိစ် မြို့ အနောက်တောင်ဘက် မိုင် ၃၅၀ အကွာ၊ ဆန်တာရော့ဆာ မြို့ ဆေးရုံရဲ့ ခွဲစိတ်ဌာနမှူး ဂျူလီယို ပလာ က

“ အခုသေဆုံးသွားတဲ့ အမျိုးသမီး ဆေးရုံရောက်လာတော့ သူမရင်သားမှာ အနာတွေဖြစ်နေပါပြီ။ ပထမတော့ သူက မေးသမျှအကုန်ငြင်းသေးတယ်။နောက်မှ သူ ရင်သားကြီးချင်လို့ Vaseline ကို ရင်သားထဲ ထိုးထည့်ခဲ့တယ်ဆိုတာကို ၀န်ခံခဲ့တယ်လေ” လို့ ပြောကြားခဲ့ပါတယ်။

“ ဒီလို အဖြစ်မျိုး ကျွန်တော်တစ်ခါမှ မမြင်ဖူးသေးဘူး။ လူ့ ခန္ဓာကိုယ်က တော်ရုံ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ပိုးတွေကို အသာတိုက်ထုတ်နိုင်တဲ့ ခုခံအားတွေရှိတယ်။ ဒီ Vaseline လို ထုတ်ကုန်ဟာမျိုးကိုတော့ ခုခံနိုင်မယ့် ဖွဲ့ စည်းပုံမရှိဘူး။”

“ Vaseline ကို သုံးနေတဲ့ တခြားလူတွေလည်း ခင်ဗျားတို့ ကိုယ့်သေတွင်းကိုယ်တူးနေတယ်ဆိုတာ သိထားဖို့  လိုတယ်” လို့ ဆရာဝန်ကြီးက ပြောကြားသွားခဲ့ပါတယ်။

မကြာသေးမီကလည်း လိင်အင်္ဂါကြီးအောင်လို့ Vaseline ထိုးထည့်ကြတဲ့ ယောင်္ကျားအရေအတွက် များပြားလာမှု အပေါ် ဆရာဝန်တွေက သတိပေးချက်ထုတ်ပြန်ခဲ့ရပြီး ရေနံစိမ်းပါဝင်တယ်ဆိုတဲ့ Vaseline အဆီကြောင့် တစ်သျူးပျက်စီးတာနဲ့ ပန်းသေးပန်းညှိုးရောဂါတွေ ကြုံတွေ့ နိုင်ပြီး အသက်အန္တရာယ်ပါ ဆုံးရှုံး နိုင်ကြောင်း သိရှိရပါတယ်။

Ref: Mirror.co.uk

သင်္ကြန် သီချင်းသံတွေကြားရင် ပျော်တယ်လို့ဆိုတဲ့ သွန်းသစ္စာဇော်



Photo Model တွေထဲမှာ ခုနာမည်တော်တော်လေး ရလာတဲ့ မော်ဒယ် သွန်းသစ္စာဇော်နဲ့ တွေ့ဆုံခိုက် သူမရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုလေးတွေ မေးကြည့်တဲ့အခါ ‘ညီမ လတ်တလောမှာ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံရိုက်ဖြစ်တယ်။ MTV ရိုက်ဖြစ်တယ်။ ညီမက Photo Model ဆိုတော့ မဂ္ဂဇင်းသီးသန့်ပဲ ရိုက်ဖြစ်တယ်ပေါ့နော်။’ လို့ သူမက ပြောပါတယ်။

မကြာခင် ကျရောက်တော့မယ် အတာသင်္ကြန်အတွက် သူမရဲ့ စိတ်ခံစားချက်နဲ့ ဖက်ရှင် အကြောင်းကိုလည်း သူမက ‘သင်္ကြန်ရောက်ရင် ပျော်တယ်။ သင်္ကြန်သီချင်းတွေကြားရင် ပျော်တယ်။ သင်္ကြန်မကျခင်ကတည်းက နှစ်တိုင်း၊ နှစ်တိုင်းသင်္ကြန်မှာ ပျော်ခဲ့တာတွေကို ပြန်တွေးပြီး ကြည်နူးမိတယ်။ ဒီနှစ်လည်း ကိုယ်ဘယ်လိုပျော်ရမလဲဆိုတာပါ စဉ်းစားမိတာပေါ့။ သင်္ကြန်အတွက် ဖက်ရှင်ကတော့ အရောင်စုံတာလေးတွေဝတ်မယ်ပေါ့နော်။ ဘောင်းဘီတိုတော့ မဝတ်ဘူး။ အသားမည်းမှာစိုးလို့ပါ။ တီရှပ်ကာလာ ဆန်းဆန်းလေးတွေ ဝတ်မယ်လို့ စိတ်ကူးထားပါတယ်။ ဒီနှစ်သင်္ကြန် Blizzard မဏ္ဍပ်မှာ ထိုင်မယ်။ သင်္ကြန်မှာ မဏ္ဍပ်ထိုင်ရတာကို သဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဏ္ဍပ်က အရိပ်လည်းရှိတယ်။ သီချင်းတွေကအစ လူငယ်အကြိုက်ပေါ့။ ရေပက်ခံထွက်တာလည်း ပျော်ဖို့တော့ ကောင်းပါတယ်။ ငယ်ငယ်ကတော့ ရေပက်ခံထွက်ဖူးပါတယ်။ အဲဒီ့နောက်ပိုင်းထဲက ရေပက်ခံထွက်တာကိုမကြိုက်တော့တာပေါ့’တဲ့။

သူနဲ့ စေ့စပ်ပြီးတဲ့အခါ သင်ကိုယ်တိုင် ပြောင်းလဲသွားနိုင်တဲ့ အချက်များ



လူတစ်ယောက်ဟာ အိမ်ထောင်မပြုသေးခင် စေ့စပ်လိုက်ပြီဆိုကတည်းက အနေအထိုင်၊ အပြုအမူ၊ အတွေးအခေါ်တွေ ပြောင်းလဲသွားတတ်ကြပါတယ်။ အဲ့ဒီလို ပြောင်းလဲသွားတဲ့အရာတွေထဲက တစ်ချို့ကို ထုတ်နုတ်ကြည့်ရရင်

၁။ကိုယ်စိတ်ကူးထားတဲ့အရာတွေကို လက်တွေ့စတင်လုပ်ဆောင်တော့တာပဲ။ အိမ်ထောင်မပြုရသေးပေမယ့် အိမ်ထောင်ကျသွားသလိုကို ကလေးဘယ်နှစ်ယောက်ယူမယ်၊ ငွေကို ဘယ်လိုစုမှ ဖြစ်မယ် စသဖြင့် တွေးတောလာကြပြီမို့ ပြုမူနေကျ အမူအကျင့်တွေကို ပြောင်းလိုက်ကြပါတယ်။

၂။အရင်က သီးခြားနေတတ်တဲ့ ကိုယ့်ချစ်သူရဲ့ မိသားစုနဲ့ ရောရောနှောနှော နေရပါပြီ။ ဟိုဘက်က ကိုယ့်ချစ်သူရဲ့ မိဘတွေကိုတောင် မေမေ၊ ဖေဖေလို့ တရားဝင် ခေါ်ဝေါ်လာကြတဲ့အထိပါပဲ။


၃။ကိုယ့်သူငယ်ချင်းက သူ့သူငယ်ချင်း၊ သူ့သူငယ်ချင်းတွေနဲ့လည်း အရင်ထက်ပိုရင်းနှီးလာပါတယ်။ ညဘက် ဘီယာဆိုင်သွားထိုင်ရင်တောင် ကိုယ်ကဘေးနားကပ်ပါတတ်နေပြီလေ။

၎။အလုပ်တွေ ပိုရှုပ်လာသလို ခံစားလာရမယ်။ အစက တစ်ယောက်တည်းမို့ တစ်ကိုယ်စာပဲ တွေးတတ်ခဲ့ပေမယ့် ခုတော့ သူ့အတွက်၊ သူ့မိသားစုကိစ္စတွေပါ ခေါင်းထဲထည့်ထားရတော့မယ်။

၅။ငွေရေးကြေးရေးမှာလည်း နှစ်ယောက်သား အရင်ထက်ပိုပြီး မျှမျှတတသုံးစွဲတတ်လာမယ်။

၆။မင်္ဂလာဆောင်အတွက် ခေါင်းခြောက်ရတာတွေကြောင့် စိတ်ဖိစီးမှုတောင် ဖြစ်နိုင်ခြေ ရှိလာပါတယ်။

၇။အသိုင်းအ၀ိုင်းက ကျယ်ပြန့်လာပြီဆိုတော့ ကိုယ့်လူဘက်က သူငယ်ချင်းတွေရဲ့ပွဲတွေ၊ ဒင်နာ၊ ပါတီတိုင်း ကိုယ်လိုက်ရပြီသာမှတ်။

၈။အရင်လို နှစ်ယောက်သား ကြည်ကြည်နူးနူး ဒင်နာထွက်စားတာမျိုး၊ ညဘက် night out လုပ်တာမျိုး၊ ရှော့ပင်သွားတာမျိုးတွေ လျှော့ချလာရပြီလေ။ ပိုက်ဆံစုရတော့မှာကိုး။

၉။စေ့စပ်ပြီးတဲ့သူတွေဟာ လက်ထပ်လိုက်သူတွေလိုလည်း စိတ်ဒုန်းဒုန်းမကျနိုင်သေးဘဲ ကိုယ့်ရင်ထဲမှာလည်း ငါဟာ ခုဆို အရင်လို မဟုတ်တော့ဘူး။ စေ့စပ်လိုက်ပြီဆိုတဲ့ အတွေးနဲ့ နည်းနည်း စိတ်ကစဉ့်ကလျား ဖြစ်နေတတ်ပါတယ်။ နားထောင်တဲ့ သီချင်းတွေတောင် ပြောင်းလဲသွားတဲ့ အထိပါပဲတဲ့။

၁၀။ကိုယ့်ချစ်သူကို ကိုယ့်ယောင်္ကျားလို ကိုင်တွယ်ဖို့အတွက် ဘာတွေပြောင်းလဲပစ်ရမလဲဆိုတဲ့ အချက်တွေကိုလည်း မကြာခဏ စဉ်းစားနေပြီလေ။

Ref:cosmopolitan.com 

Related Posts Plugin for WordPress, Blogger...