
စအိုဝရှိ အမြှေးပါးမှာ အနည်းငယ် ပြဲနေတာကြောင့် နာကျင်မှုဝေဒနာ ဖြစ်ပေါ်တာကို စအိုကွဲတယ် (Anal Fissure) လို့ ခေါ်ပါတယ်။ တစ်ခါတစ်ရံမှာ သွေးထွက်တတ်ပါတယ်။
ရောဂါလက္ခဏာ
စအိုဝမှာ နာကျင်နေတတ်ပါတယ်။ ဝမ်းသွားစဉ်မှာ ပိုဆိုးတတ်ပါတယ်။ စအိုမှာ ပူစပ်ပူလောင် ဖြစ်နေပြီး ဝမ်းသွားစဉ်မှာ သွေးထွက်တာ ဖြစ်ပေါ်တတ်ပါတယ်။ စအိုထိပ်မှာ ယားယံနေတတ်ပါတယ်။ ဝမ်းသွားရင် နာကျင်တတ်တဲ့အတွက် စအိုကွဲနေတဲ့ လူဟာ ဝမ်းသွားဖို့ အောင့်ထားတတ်ပါတယ်။ ဝမ်းသွားပြီးရင်တောင် နာကျင်နေတတ်ပါတယ်။
ဘာကြောင့်ဖြစ်သလဲ
မာကျောပြီး ခြောက်သွေ့တဲ့ မစင်ကို ညှစ်ရတာကြောင့် စအိုအမြှေးပါး စုတ်ပြဲသွားတတ်ပါတယ်။ စုတ်သွားပြီး အနာဖြစ်လာတာကို Anal Fissure လို့ ခေါ်ပါတယ်။ဝမ်းပျက်တာနဲ့ စအိုနေရာမှာ ရောင်ရမ်းမှု ဖြစ်တာကြောင့်လည်း Fissure ဖြစ်တတ်ပါတယ်။ Anal Fissure ကို လတ်တလောဖြစ်တဲ့ အခြေအနေနဲ့ နာတာရှည် ဒါမှမဟုတ် မကြာခဏ ပြန်ဖြစ်တဲ့ အခြေအနေဆိုပြီး ခွဲခြားထားပါတယ်။ လတ်တလောဖြစ်တဲ့ Fissure ဟာ များသောအားဖြင့် မာကျောတဲ့ မစင်တုံးကြောင့်ဖြစ်ပြီး နာတာရှည် Fissure မှာမူ စအိုကို ထိန်းချုပ်ထားတဲ့ ကြွက်သားတွေ တင်းကျပ်လွန်းတာကြောင့် ဖြစ်တာပါ။ လတ်တလောဖြစ်တဲ့ Fissure တွေ မကြာခဏ ပြန်ဖြစ်ပြီး အမာရွတ် ထင်တာကြောင့်လည်း နာတာရှည် Fissure ဖြစ်တတ်ပါတယ်။ ကျန်းမာရေးပြဿနာ တစ်ခုခုကြောင့်လည်း Fissure ဖြစ်တတ်ပါတယ်။
ကုသခြင်း
အောက်ပါ အချက်အလက်တွေကို အခြေခံပြီး ကုသရပါမယ်။
မစင်ရဲ့ ပုံသဏ္ဌာန် အနေအထားကို ပုံမှန်ဖြစ်စေခြင်း
စအိုဝထိန်းကြွက်သား တင်းမာမှုကို ပျော့ပျောင်းစေခြင်း
နာကျင်မှုဝေဒနာ၊ သွေးထွက်တာနဲ့ သက်သောင့်သက်သာ မရှိတာကို ရှောင်ရှားနိုင်ခြင်း Fissure အနာကျက်စေခြင်း
လတ်တလော ဖြစ်ပေါ်သည့် Fissure အတွက် ကုသခြင်း
လတ်တလော ဖြစ်ပေါ်တဲ့ Fissure ဟာ ခွဲစိတ်ကုသမှုခံယူဖို့ မလိုဘဲ ကုသနိုင်ပါတယ်။ ၉၀ ရာခိုင်နှုန်းကျော်ဟာ ခြောက်ပတ်အတွင်း ပြန်လည် ကျက်သွားနိုင်ပါတယ်။ အောက်ပါတို့ကို ပြုလုပ်ရပါမယ်။
အမျှင်ဓာတ် ပါဝင်မှုများတဲ့ အစာ၊ အမျှင်အားဖြည့်စာ၊ ဝမ်းပျော့စာနဲ့ ရေများများ သောက်ပြီး ဝမ်းချုပ်တာကို ကာကွယ်ကာ ဝမ်းပျော့ပျော့သွားတဲ့ အကျင့်ကို ပြုလုပ်ပေးရပါမယ်။ နေ့စဉ်နေ့တိုင်း ရေနွေးငွေ့ပေါ်မှာ ၁၀ မိနစ် မှ မိနစ် ၂၀ ခန့်ထိုင်ပြီး စအိုကြွက်သားတွေ ပျော့ပျောင်းရအောင် ပြုလုပ်ပေးရပါမယ်။
နာကျင်မှု သက်သာအောင် Fissure နေရာမှာ Lidocaine Jelly အသုံးပြုနိုင်ပါတယ်။
နာတာရှည်ဖြစ်ပေါ်သည့် Fissure အတွက် ကုသခြင်း
အထက်ပါ ကုသမှုနဲ့ Anal Fissure မပျောက်ကင်းခဲ့ရင် မပျောက်ကင်းရတဲ့ အကြောင်းရင်းကို ရှာဖွေရပါမယ်။ ဥပမာ - စအိုအမြှေးပါးမှာ အမာရွတ်ဖြစ်တာကြောင့် ဖြစ်တာလား၊ ဒါမှမဟုတ် စအိုထိန်း ကြွက်သားတွေ Spasm ရလို့ ဖြစ်တာလားဆိုတာကို ရှာဖွေပြီး လိုအပ်ရင် ခွဲစိတ်ကုသမှု ခံယူရပါမယ်။ စအိုထိန်းချုပ် ကြွက်သားတွေကို ချဲ့တဲ့နည်းလမ်း (Anal Sphincter Dilatation) တွေကို ပြုလုပ်တာဟာ ရောဂါရှိသူ တော်တော်များများကို သက်သာစေနိုင်တဲ့ နည်းလမ်းပါ။ အဲဒီနည်းလမ်းနဲ့ မသက်သာသူတွေကို စအိုကြွက်သား ခွဲစိတ်ပြုပြင်တဲ့ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ သုံးပတ်မှ လေးပတ်အတွင်း အနာကျက်သွားနိုင်ပါတယ်။ ခွဲစိတ်ပြီး ပြန်လည်ဖြစ်နှုန်းဟာ ၁၀ ရာခိုင်နှုန်းတောင် မရှိဘူးလို့ သိရပါတယ်။
ဒေါက်တာခင်မိုးမိုး
BY GOOD HEALTH
0 comments:
Post a Comment