
ယင်းမာပင်ခရိုင် ကြေးစင်တောင်နှင့် စပယ်တောင် ကြေးနီစီမံကိန်း အတွက် သိမ်းဆည်းထားသော မြေယာလျော်ကြေးများ အတွက် စက်တင်ဘာ ၂ ရက် မနက် ၉ နာရီမှ ၁၀ နာရီအထိ စုဝေးဟောပြောကာ မနက် ၁၀ နာရီမှ ၁၁ နာရီအထိ ဒုတိယအကြိမ် ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။
သြဂုတ် ၁၆ ရက်က ပထမဆုံးအကြိမ် အဖြစ် ဒေသခံ တောင်သူများက ဆန္ဒပြခဲ့ပြီး တောင်းဆိုသော အချက်များကို လုံးဝဆွေးနွေး ဆောင်ရွက်ခြင်း မရှိ၍ ဒုတိယအကြိမ် ဆန္ဒပြခြင်းဖြစ်ပြီး တောင်းဆိုချက်များကို ဆွေးနွေးဆောင်ရွက်မှု မရှိမချင်း ဆန္ဒပြသွားမည်ဟု ဒေသခံများက ပြောပြသည်။
''ကြေးစင်တောင်နဲ့ စပယ်တောင် အတွက် မြေဧက ၅၄၁၁ ဧကကို အရင်ကတည်းက သိမ်းဆည်းခဲ့တာ မြေယာလျော်ကြေး မရတဲ့အတွက် ဆန္ဒပြပွဲ ကျင်းပရတာ ဖြစ်ပါတယ်။ သိမ်းခံရတဲ့ မြေယာတွေအတွက် လန ၃၉ ကျတာကလည်း ၁၉၉၆ နဲ့ ၁၉၉၇ ခုနှစ်လောက်က အိုင်ဗင်ဟိုး ကုမ္ပဏီ ကြေးနီထုတ်လုပ်ငန်း လုပ်တုန်းကပဲ ဖြစ်ပါတယ်။ ဒီနေ့ဆန္ဒပြရာမှာ တရားဝင် ပြုလုပ်ခဲ့ပြီး ကြေးစင်တောင်နဲ့ စပယ်တောင် ကြေးနီစီမံကိန်းက မြေယာလျော်ကြေး အမြန်ဆုံး ဆောင်ရွက်ပေးရေး၊ မိုးကြိုးဆာလဖျူရစ် အက်ဆစ်စက်ရုံကို ကံကုန်းရွာအနီးက ရွှေ့ပေးရေး၊ မုံရွာ-ပုသိမ် လမ်းပေါ်မှာရှိတဲ့ မိုင်တိုင်အမှတ် ၄၄၆။၂ နဲ့  ၄၄၆။၇ အကြားမှာရှိတဲ့ ဒုတ္ထာမြေများ ဖော်ထုတ်ရှင်းလင်းရေး၊ လက်ပံတောင်းတောင်နဲ့ စပယ်တောင် ကြေးစင်တောင်တို့ အတွက် အကောင်အထည် ဖော်ဆောင်ရေး ကော်မတီထံ တောင်းဆိုထားတဲ့ အချက်ရှစ်ချက်ကို အမြန်ဆုံး ဆောင်ရွက်ပေးရေး၊ ကြေးနီစီမံကိန်းအတွက် မလိုအပ်တဲ့ မြေတွေကို စိုက်ပျိုးမြေအဖြစ် ခွင့်ပြုပေးရေးတို့ကို တောင်းဆိုခဲ့တယ်'' ဟု ကံကုန်းကျေးရွာမှ ဆန္ဒပြ တောင်သူတစ်ဦးက ပြောပြသည်။
''မိုးကြိုး ဆာလဖျူရစ်အက်ဆစ် စက်ရုံကို ၂၀၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၂၀၀၇ ဧပြီလမှာ စတင် လည်ပတ်တယ်။ ၂၀၁၀ ကနေ ၂၀၁၂ အထိ ကံကုန်းရွာသား ၁၃ ယောက်လည်ချောင်းကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ် ကင်ဆာတွေနဲ့ သေဆုံးတာကို သတိပြုမိပါတယ်'' ဟု ကံကုန်းကျေးရွာသား ကိုအောင်စိုးက ပြောပြသည်။ ဒေသခံများက အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီက ကောင်းစွာ အလုပ်မလုပ်၍ ဆန္ဒပြရခြင်း ဖြစ်ကြောင်းဆိုပြီး နံနက် ၉ နာရီမှ ၁၀ နာရီအထိ ကံကုန်းရွာထိပ်ရှိ ဦးမျိုးခင် ယာကွက်တွင် စုဝေးဟောပြောကာ မနက် ၁၀ နာရီမှ ၁၁ နာရီအထိ ကံကုန်းရွာ မှ မုံရွာ-ပုသိမ် လမ်းမကြီးအတိုင်း လမ်းလျှောက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
0 comments:
Post a Comment