Created on Wednesday, 30 October 2013
အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲကို အောက်တိုဘာ ၂၉ ရက်က ပြင်ဦးလွင်မြို့၌ စတင်ကျင်းပစဉ်

အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့တွင် မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပသော (၂၃)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ(AARM)ကို ပြင်ဦးလွင်ရှိ တပ်မတော် စက်ပစ်ကွင်း၌ စတင် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းအာဆီယံနိုင်ငံ တပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲတွင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံစလုံးမှ တပ်မတော်သား အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားများအနေဖြင့် ရိုင်ဖယ် သေနတ်ပစ်ပြိုင်ပွဲ၊ စက်သေနတ်ပစ် ပြိုင်ပွဲ၊ ကာဘိုင်သေနတ်ပစ် ပြိုင်ပွဲ၊ ပစ္စတို(ကျား)သေနတ်ပစ် ပြိုင်ပွဲနှင့် ပစ္စတို(မ)သေနတ်ပစ် ပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား ငါးမျိုးဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အာဆီယံနိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင် တပ်မတော်များမှ အားကစားသမားများသည် (AARM)Village တွင် တည်းခို ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။
အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ(AARM)ကို ၁၉၉၁ ခုနှစ်တွင် မလေးရှား ကြည်းတပ်ဦးစီးချုပ်၏ ကွပ်ကဲမှုဖြင့် စတင်ဆောင်ရွက်နိုင်ခဲ့ပြီး မလေးရှားနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် စတင် ကျင်းပခဲ့သည်။ စတင်ကျင်းပခဲ့စဉ်အချိန်က ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနိုင်ငံတို့နှင့် ဖွဲ့စည်းခဲ့ပြီး နှစ်စဉ်နှစ်တိုင်းတွင် အလှည့်ကျစနစ်ဖြင့် အဖွဲ့ဝင်နိုင်ငံတိုင်း ကျင်းပနိုင်ခဲ့ပြီး ယခု (၂၃)ကြိမ်မြောက် ပြိုင်ပွဲတွင်မှ မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်း ဖြစ်သည်။

ယခုပြိုင်ပွဲ ဖွင့်ပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး လှဌေးဝင်း အပါအ၀င် အာဆီယံနိုင်ငံ တပ်မတော်များမှ ဒုတိယ(ကြည်း)တပ် ဦးစီးချုပ်များ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသူများတက် ရောက်ခဲ့ကြသည်။

0 comments:
Post a Comment