Wednesday, November 20, 2013

ယခုနှစ် ခရီးသွား ရာသီအတွင်း ပုဂံသို့ ကမ္ဘာလှည့် ခရီးသွား လာရောက်မှု များပြားလာ

Wednesday, November 20, 2013


ကမ္ဘာလှည့် ခရီးသွားများအား အလည်အပတ် လာရောက်ရန် အဓိက ဆွဲဆောင်သည့် ပုဂံညောင်ဦး ဒေသရှိ ရှေးဟောင်းဘုရား အချို့အား နိုဝင်ဘာလ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကိုနော် (ပုဂံ))

ယခုနှစ် ခရီးသွား ရာသီအတွင်း ပုဂံသို့ ကမ္ဘာလှည့် ခရီးသွား အများအပြား ၀င်ရောက်လာမှုကြောင့် ဟိုတယ်အခန်း ကြိုတင်ငှားရမ်းမှုများ မြင့်တက်လျက်ရှိပြီး၊ ဟိုတယ်တိုင်းတွင် ပြည့်လုနီးပါး ဖြစ်နေကြောင်း ပုဂံဟိုတယ်များမှ သတင်းရရှိသည်။

"အခု အတွင်းဆိုရင် ပုဂံကို ခရီးသွားတွေ ပိုဝင်လာတယ်။ ခရီးသွားတွေ ပိုဝင်လာတာ ဆီးဂိမ်းစ်ကြောင့်လို့ ထင်ရပေမဲ့ မဟုတ်ပါဘူး။ ဆီးဂိမ်းစ်အတွက် ဧည့်သည်တွေက နောက်လလောက်မှ ရောက်လာမယ် ထင်တယ်။ ခရီးသွား ရာသီက hight season က စပြီလေ။ အခု နိုဝင်ဘာ၊ ဒီဇင်ဘာကတော့ full booked လို့ပြောနိုင်တယ်။ အခု ကျွန်တော်တို့ ဟိုတယ်မှာဆိုရင် ရှစ်လပိုင်းလောက် ကတည်းက ၁၁ လပိုင်း၊ ၁၂ လပိုင်းတို့အတွက် ရာခိုင်နှုန်း ၈၀ လောက်ကို အခန်းကြိုတင် မှာယူထားတာတွေ ရှိတယ်။ ကျန်တဲ့ ဟိုတယ်တွေကော ဒီအချိန်ဆိုရင် အခန်းပြည့်တယ်။ ပုဂံကိုလာတဲ့ ခရီးသွားတွေမှာ အများဆုံး လာတာကတော့ ဥရောပ နိုင်ငံတွေက များလာတယ်။ အာရှကဆိုရင် ထိုင်း၊ တရုတ်တွေ လာတယ်။ မလေး၊ ဂျပန်၊ ကိုးရီးယားတွေလဲ တွေ့ရတယ်" ဟု ပုဂံရှိ ရာဇဂြိုဟ် ဟိုတယ်မှ ဧည့်ကြိုတာဝန်ခံ မန်နေဂျာ ကိုဝင်းထွန်းနိုင်က ဆိုသည်။

ယခုနှစ်တွင် ခရီးသွား ပိုမိုမြင့်တက် လာသည့်အပြင် လေကြောင်းလိုင်းများ ပိုမိုတိုးချဲ့ လာသည့်အပြင် နယ်စပ်ဂိတ်များ ဖွင့်လှစ်လိုက်သောကြောင့် ယခင်နှစ်များကထက် ပိုမိုဝင်ရောက် လာခြင်းဖြစ်သည်။ ထိုကဲ့သို့ ခရီးသွား တိုးတက်လာသော်လည်း ပုဂံတွင် F.I.T ခရီးသွားများသာ ပိုမိုဝင်ရောက်လျက်ရှိကြောင်း သိရသည်။

"အခုက F.I.T တွေများတယ်။ တော်တော်လေး များလာပါတယ်။ ဟိုတယ်ကြီးတွေကတော့ ပြည့်နေတာပေါ့။ ဒါပေမဲ့ ၀န်ဆောင်မှုပိုင်း ကောင်းဖို့တော့ လိုပါတယ်။ အခုက ပြင်သစ်နဲ့ ဂျာမနီနဲ့က ပုံမှန်အတိုင်းပါပဲ။ အခု နောက်ပိုင်းမှ အမေရိကန်နဲ့ အင်္ဂလိပ် လူမျိုးတွေက ၀င်လာတာ များပါတယ်" ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွှန် အသင်းဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ပြောကြားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...