Monday, January 13, 2014
အိသဉ္ဇာကျော်၊ ထွယ်ဆန်အောင်

မြန်မာနိုင်ငံ ဆရာဝန်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (၂၀၁၄-၂၀၁၆) အလုပ်အမှုဆောင် အဖွဲ့ဝင်များက ကျမ်းသစ္စာ ကျိန်ဆိုနေစဉ်
မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (၂၀၁၄-၂၀၁၆) ရွေးချယ်တင်မြှောက်ပွဲတွင် ဥက္ကဋ္ဌအဖြစ် ယခုနှစ်မှ အသစ်ဝင်ရောက် ယှဉ်ပြိုင်သည့် သွေးရောဂါ အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာရဲမြကို ဇန်န၀ါရီ ၁၂ ရက်က မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို) တွင် ရွေးချယ်ခဲ့သည်။
ဥက္ကဋ္ဌအပါအ၀င် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၏ တာဝန်ခွဲဝေမှုများကို ဇန်န၀ါရီ ၁၂ ရက်က မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို) ၌ ပထမဆုံးအကြိမ် လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ထားသည့် အရွေးချယ်ခံ ဆန္ဒပြုပုဂ္ဂိုလ် ရှစ်ဦးမှ ပြန်လည်ရွေးချယ် တင်မြှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဥက္ကဋ္ဌအဖြစ် ဒေါက်တာရဲမြ၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ဒေါက်တာအေးအောင်၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ဒေါက်တာမြင့်သောင်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဒေါက်တာစောဝင်း၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေါက်တာမြသီတာ၊ ဥက္ကဋ္ဌ (ပညာရေးရာ) အဖြစ် ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဥက္ကဋ္ဌ (ပညာရေးရာ-၁) အဖြစ် ဒေါက်တာကျော်ဇင်ဝေနှင့် အမှုဆောင်အဖွဲ့ဝင်အဖြစ် ဒေါက်တာအက်စ်ကျော်လှတို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပါမောက္ခ ဒေါက်တာရဲမြသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေသကြီး) အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲတွင်လည်း မြန်မာနိုင်ငံ ဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေသကြီး) အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်း ခံထားရသူ တစ်ဦးဖြစ်သည်။
ယခုအသစ်ဖွဲ့စည်းခဲ့သည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ရှစ်ဦးမှာ မဲအရေအတွက် ၁၅၆ မဲအထက် ရရှိထားသူများဖြစ်ကြောင်းနှင့် တာဝန်ခွဲဝေ ပေးအပ်ထားသည့် အဖွဲ့ဝင်ရှစ်ဦးကို “မြန်မာနိုင်ငံ ဆရာဝန်အသင်း ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင်” က အတည်ပြုပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆရာဝန်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် ပါမောက္ခ ဒေါက်တာရဲမြမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆေးတက္ကသိုလ် (၁)၊ ပါမောက္ခဌာနမှူး (သွေးရောဂါအထူးကုဌာန)မှ အငြိမ်းစားဆရာဝန်ကြီးဖြစ်သည်။
အရွေးချယ်ခံ ဆန္ဒပြုပုဂ္ဂိုလ်များအနက် ယခင်အလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း ၁၆ ဦး ပြန်လည်ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်မှ အသစ်ဝင်ရောက် ယှဉ်ပြိုင်သည့် အဖွဲ့ဝင်သစ်ဦးရေ ၃၉ ဦး စုစုပေါင်း ၅၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
EMG

0 comments:
Post a Comment