Friday, March 7, 2014

ဓမ္မတာလာချိန်မှာ အကိုက်အခဲ သက်သာစေဖို့နည်းလမ်းကောင်းများ



အမျိုးသမီးတိုင်း တစ်လတစ်ကြိမ် လစဉ် ခံစားရလေ့ရှိတဲ့ အရာကတော့ ဓမ္မတာလာစဉ် ကိုက်ခဲခြင်းပါပဲ။ ဒီကိစ္စကို အမျိုးသမီးထုရဲ့ (၉၀)ရာခိုင်နှုန်းလောက်ကတော့ မလွဲမသွေ ကြုံဖူးကြမယ်လို့ ထင်ပါတယ်။ ဒီတော့ ဒီကိစ္စကို အသက်သာဆုံးနဲ့ အလွယ်ကူဆုံးဖြစ်အောင် ဘယ်လိုဖြေရှင်းကြမလဲ သိချင် လာကြပါပြီ။



(၁) အများစုက ပရိုတိန်းဓါတ်ကို ညစာလောက်မှသာ ဖြည့်တင်းစားသောက်လေ့ ရှိပါတယ်။ ဒါပေမယ့် ပရိုတိန်းဓါတ်ကို မနက်စာ ၊ နေ့လည်စာနဲ့ ညစာပါ တစ်နေ့လုံး ထည့်သွင်းစားသောက်ပေးမယ် ဆိုရင်တော့ သင့်ရဲ့ အသဲကို အကူအညီပေးနိုင်ပြီး လစဉ် ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ ဒီတော့ ပရိုတိန်းဓါတ်များတဲ့ ကြက်သား ၊ ငါး ၊ ကြက်/ဘဲဥတွေကို နေ့စဉ် မပါမဖြစ်အားပြုပြီး စားသုံးပေးပါ။



(၂) လဖက်စိမ်းရည် သောက်ခြင်းက သင့်ရဲ့စိတ်ကို တည်ငြိမ်စေနိုင်ပြီး ခန္ဓာကိုယ်ကို လန်းဆန်းစေပါတယ်။ ဒါကြောင့် တစ်နေ့ကို လက်ဖက်ရည်ကြမ်း သုံးခွက်လောက်အနည်းဆုံး သောက်သုံးပေးသင့်ပါတယ်။ ဒါပေမယ့်လည်း ယနေ့ခေတ်မှာ ဓါတုဓါတ်ပြုမှုနဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ခြောက်တွေက များနေတာကြောင့် သဘာဝပစ္စည်းများကိုသာ အသုံးပြုထားပြီး ဓါတုပစ္စည်းမပါဝင်တဲ့ ထုတ်ကုန်မျိုးကိုသာ ရွေးချယ်သောက်သုံး ဖြစ်ဖို့တော့ အရေးကြီးပါတယ်။



(၃) ယောဂကျင့်စဉ်ကျင့်ပါ။ မှန်ပါတယ်။ ယောဂလို ပုံမှန်လေ့ကျင့်ရတဲ့ လေ့ကျင့်ခန်းမျိုးဟာ သင့်ခန္ဓာကိုယ်ရဲ့ သွေး ၊ ချွေး လှည့်ပတ်မှုနှုန်းများကို ပုံမှန်ဖြစ်စေတာကြောင့် ဓမ္မတာလာချိန် ကိုက်ခဲခြင်းကို သက်သာပျောက်ကင်းစေနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။



(၄) အသားတွေ ၊ ငါးတွေကို ချက်ပြုတ်ရာမှာ တိုက်ရိုက်အပူရှိန် (မီးကင်ခြင်း ၊ မီးဖိုနဲ့ချက်ခြင်း)နဲ့ ထိတွေ့ရတာဖြစ်ပါက အပူချိန် ၃၀၀ ဒီဂရီဖာရင်ဟိုက်အောက်သာ ရှိသင့်ပါတယ်။ အပူချိန် အလွန်များတဲ့အခါ အသားတွေ လောင်ကျွမ်းမှုကနေ ထွက်လာတဲ့ (HCAs) (PAHs) စတဲ့ ဓါတု ဓါတ်ပြုမှုတွေက သင့်ကိုကင်ဆာ ရောဂါဖြစ်ဖို့ အလားအလာရှိနိုင်ပြီး ဓမ္မတာဖြစ်စဉ်အတွက်လည်း အထောက်အကူမပြုပါဘူး။



(၅) အစားအသောက်ပြီး နောက်တစ်ခုက စိတ်ကိုလည်း ဂရုတစိုက် ပြုပြင်ထားဖို့လိုပါမယ်။ ဖိအား များနေတဲ့အချိန်မျိုးမှာ ဓမ္မတာဖြစ်စဉ် ဖြစ်လာခဲ့ရင် ဝေဒနာပိုဖြစ်လွယ်တာမို့ စိတ်ကိုထိန်းချုပ်နိုင်ရပါမယ်။ ဒါကြောင့်ကြိုတင်ကာကွယ်မှု အနေနဲ့ တစ်နေ့ကို တစ်နာရီလောက်တော့ စိတ်အပန်းဖြေတဲ့အချိန် ထားရှိဖို့ လိုပါလိမ့်မယ်။

တစ်လစာအတွက်ဒီလို ကြိုတင်ပြင်ဆင်သွားမယ်ဆိုရင်တော့ သင့်အတွက် ခက်ခဲတဲ့ ရာသီစက်ဝန်း ဆိုတာ မရှိနိုင်တော့လို့ လာမယ့်ရက်ကို ကြိုတင်တွက်ပြီး စိတ်ညစ်နေစရာလဲ မလိုတော့ပါဘူး။ အရေးကြီးတာက သင့်ရဲ့ တစ်နေ့တာ ကျန်းမာရေးဂရုစိုက်မှုနဲ့ နေပုံထိုင်ပုံပဲဖြစ်ပါတယ်။

ယောကျာ်းတစ်ယောက်က သင်နဲ့ပတ်သက်ချင်လွန်းလို့ဆိုပြီး ခယလာအောင်လုပ်နည်း (မိန်းကလေးများအတွက်သာ)



“အမျိုးသားတို့ရဲ့ စိတ်သဘောလျှို့ဝှက်ချက်များ” တို့ “ယောကျာ်းတစ်ယောက်ရဲ့ နှလုံးသားကို ဆုပ်ကိုင်နည်း” စတဲ့ စာအုပ်ကြီးတွေ ဖတ်ဖူးတဲ့ မိန်းကလေးတွေ ရှိမှာပေါ့။

ယောကျာ်းတစ်ယောက်ကမျှ သင့်ကို ချစ်ရေးဆိုလာဖို့ မစွမ်းဆောင်နိုင်သေးဘူးဆိုရင် ဒါမှမဟုတ် သင်တောင့်တနေတဲ့ အချစ်ရေးတစ်ခုကို ကြုံခွင့်မရဖူးသေဘူးဆိုရင်……………….. ဆက်ဖတ်ပေါ့။

ရောင်းအား အကောင်းဆုံး စာရေးဆရာမ Claire Casey နဲ့ ချစ်ရေးချစ်ရာ ဆရာကြီး Michael Fiore (ဆရာပြောင်) တို့ ပေါင်းပြီး ရေးထားတဲ့ “သူ့နှလုံးသားကို အမိဖမ်းပြီး ထာဝရ ချစ်လာအောင်လုပ်ပါ” ဆိုတဲ့ စာအုပ်ထဲက ကောက်နှုတ် တင်ပြပေးပါ့မယ်။ ဒီစာအုပ်ကို ဖတ်ပြီး စိတ်ကူးအိပ်မက်ထဲက မင်းသားလေးကို ရှာတွေ့ခဲ့တဲ့ မိန်းကလေးတွေ တပြွတ်တဗြုံကြီးပေါ့။

သင့်လုပ်ရမယ့် အစီအစဉ်ရဲ့ အခြေခံစိတ်ကူးအကြံဉာဏ်ဟာ အခြေခံ ပန်းတိုင် ၃ရပ်ပေါ်မှာ မူတည်ပါတယ်။

၁။ သင့်အတွက် သူဆိုတာ မလိုအပ်ကြောင်း သူသိအောင် လုပ်ပါ။

၂။ သင့်နဲ့အတူနီးစပ်နိုင်မယ့် အနာဂတ်တစ်ခုကို သူ့စိတ်ထဲမှာ မျိုးစေ့ချပေးလိုက်ပါ။

၃။ အဲ့ဒီ့ကတဆင့် သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေဟာ သင့်နောက် လိုက်လာပါစေ။

ဒီနည်းလမ်းတွေကို ကိုယ်နဲ့ကိုက်ညီအောင် ဉာဏ်နဲ့ယှဉ်ရင်း သင့်စိတ်ကူးထဲက မင်းသားလေးကို ပိုင်ဆိုင်နိုင်ပါစေဗျာ။

ထိုင်းမင်းသမီး၏ အိမ်အတွင်းသို့ ၀င်ရောက်၍ အဓမ္မကျင့်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ဘဲ အဖမ်းခံရ



အသက် ၂၄ နှစ်ရှိ အလုပ်ကြမ်းသမား Prajuab Poobualom သည် လွန်ခဲ့သော တနင်္ဂနွေညတွင် ထိုင်းနိုင်ငံမှ နာမည်ကျော် မင်းသမီး Preme ၏ အိမ်အား ၀င်ရောက်၍ အဓမ္မကျင့်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ဘဲ အဖမ်းခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ Prajuab သည် အလုပ်လုပ်ဖော်များနှင့် အလုပ်ချိန်နောက်ပိုင်းတွင် အလုပ်နေရာတွင် အရက်အတူသောက်ခဲ့ကြသည်။ သူ၏အလုပ်မှာ မင်းသမီးနေထိုင်ရာ Nonthaburi Province ရှိ လမ်းတစ်လမ်းတွင်ဖြစ်ပြီး အရက်သောက်ပြီးနောက် မျက်နှာဖုံးစွတ်ကာ မင်းသမီး၏ အိမ်အတွင်းသို့ ချိုးဖျက်ဝင်ရောက်သွားခဲ့သည်။ ထိုရက်မတိုင်မီကတည်းက Prajuab သည် ချောမောလှပသော မင်းသမီးနေထိုင်ရာ အိမ်ဖြစ်မှန်း စုံစမ်းသိရှိထားပြီး ဖြစ်သည်။

ရဲမှတ်တမ်းများအရ Prajuabက မင်းသမီးအိမ်မှ တံခါးများသည် သော့ခတ် ထားခြင်းမရှိ၊ locked လုပ်ထားခြင်းမရှိသောကြောင့် အလွယ်တကူပင် အိမ်ထဲသို့ ၀င်ရောက်၍ ရကြောင်း ပြောခဲ့သည်။

သို့သော်လည်း မင်းသမီးသည် သူမအား မုဒိမ်းကျင့်ရန် ကြိုးစားသော Prajuab အား တုံ့ပြန်တိုက်ခိုက်ခဲ့သောကြောင့် မုဒိမ်းကျင့်မခံခဲ့ရသော်လည်း ဒဏ်ရာဒဏ်ချက်များ ရရှိခဲ့သည်။ Nonthaveij ဆေးရုံမှ မှတ်တမ်းများအရ အသက် ၂၅ နှစ်ရှိ Preme သည် မျက်ခုံးအချက် ၄၀ ချုပ်လိုက်ရသည် ဟုဆိုသည်။ Prajuabမှာမူ လွတ်မြောက်သွားပြီး သူ၏လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်လက်၍ အရက်သောက်ခဲ့သေးသည်။

ထို့နောက် ရဲများမှ စုံစမ်းဖော်ထုတ်၍ Prajuabအား ဖမ်းဆီးရမိခဲ့သည်ဟု သတင်းရရှိသည်။

လွယ်ကူမြန်ဆန်ပြီး အဟာရပြည့်ဝတဲ့ (၅)မိနစ်ကြာ မနက်စာ



မနက်စာစားဖို့ အချိန်မရှိတာ ၊ အိပ်ရာထနောက်ကျတာ တွေနဲ့ပဲ မနက်စာလွန်ပေါင်းများခဲ့ရပါပြီ ဆိုသူများအတွက် အချိန်ကုန်သက်သာ ၊ လွယ်ကူပြီး လိုအပ်တဲ့ အဟာရလည်း အပြည့်အ၀ရရှိမယ့် မနက်စာ ပြင်ဆင်နည်းလေးတွေ ရှိပါတယ်။ ဒီအတွက်တော့ အချိန်ငါးမိနစ်လောက် ပေးရင် လုံလောက်ပါပြီ။

(၁) မြေပဲထောပတ်နဲ့ စတော်ဘယ်ရီသီး မုန့်လိပ်



မြေပဲထောပတ်တွေက နေ့လည်အဆာပြေစာအတွက်ပဲလို့ ဘယ်သူကများ ပြောလဲ။ မနက်စာအတွက် လိုအပ်တဲ့ ပရိုတိန်းဓါတ် အပြည့်အ၀ ပါရှိပြီး စတော်ဘယ်ရီနဲ့ လိပ်ထားတာကြောင့် မနက်ခင်းမှာ အီတာတွေ မစားနိုင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။

(၂) ဒိန်ချဉ်နဲ့ ဘယ်ရီသီး



စူပါမားကတ်မှာ မနက်စာအတွက် အတော်လေး ခြေညောင်းအောင် ပတ်ရှာရပြီဆိုရင်တော့ ဒိန်ချဉ် တစ်ဗူးနဲ့ ဘယ်ရီသီးတစ်ထုပ်သာ ဆွဲခဲ့လိုက်ပါ။ သင့်က ၀ိတ်လျော့ဖို့ ကြိုးစားနေသူ တစ်ယောက်ဆိုရင်တော့ ဒီမနက်စာက အချိန်ကုန်သက်သာပြီး အတော်လေး အသုံးဝင်ပါတယ်။

(၃) စတော်ဘယ်ရီ စမုသီ



အလုပ်နောက်ကျနေပြီပေါ့။ စတော်ဘယ်ရီသီး တစ်ခွက်စာလောက် ကြိတ်စက်ထဲထည့်ပြီး နို့နဲ့သာ ဖျော်သောက်လိုက်ပါ။ ၀ါးနေစရာမလိုတဲ့အတွက် အချိန်ကုန်သက်သာတဲ့ မနက်စာတစ်ခွက်ပေါ့။

(၄) ပေါင်မုန့်မီးကင် ၊ အသားပြား ၊ ချိစ်



ဒီထက်ပိုလွယ်တဲ့ မနက်စာမရှိတော့ပါဘူး။ ပေါင်မုန့်တစ်ချပ်မီးကင်လိုက်ပြီး အသားပြားနှစ်ချပ်နဲ့ ချိစ်ကြိုက်ရင် ချိစ်တစ်ခုပ်ညှပ်လို့ နှစ်သက်ရာ နို့ ၊ ကော်ဖီ တစ်မျိုးမျိုးနဲ့ သောက်သုံးနိုင်ပါတယ်။

(၅) ချယ်ရီ ၊ ကီဝီဖျော်ရည်

ချယ်ရီသီး ၊ ကီဝီသီးတွေ ပေါ်ချိန်ရောက်ရင်တော့ အုန်းနို့ဖျော်ရည်နဲ့ ရောပြီးသောက်ကြည့်ပါ။ ဒီအသီးတွေက သင့်ရဲ့ ငြီးငွေ့ဖွယ် မနက်စာခွက်ကို ပိုပြီးစိုပြည်စေနိုင်မှာပါ။

ဘီလီလျံနာ Sir James Dyson တီထွင်လိုက်တဲ့ အသံတိတ် ဒလက်မဲ့ ပန်ကာ




တီထွင်ဖန်တီးသူ ဘီလီလျံနာ Sir James Dyson ဟာ ဒလက်မဲ့ ပန်ကာ တစ်မျိုး တီထွင်လိုက်ပါတယ်။

ခြင်တွေ တ၀ီဝီပြန်နေသလိုမျိုး ဆူညံသံတွေနဲ့ ဒလက်ပါ ပန်ကာပုံစံက ခွဲထွက်ပြီး အသံတိတ် ဒလက်မဲ့ ပန်ကာကို တီထွင်နိုင်ဖို့အတွက် အင်ဂျင်နီယာ ၆၅ယောက်နဲ့အတူ စတာလင်ပေါင် သန်း ၄၀ သုံးစွဲခဲ့ရတယ်လို့ သိရပါတယ်။

ဘီလီလျံနာ Sir James Dyson ဦးဆောင်ခဲ့တဲ့ သိပ္ပံပညာရှင်များအဖွဲ့ဟာ ၂နှစ်ကြာအောင် ဖန်တီးခဲ့ရပြီး နောက်ဆုံးမှာတော့ အကန့်အတွင်းက လေဖိအားကို တိုးစေပြီး လည်တိုင်ကျဉ်းလေးကို ဖြတ်ပြီး နှုန်းတစ်ခုနဲ့ လေတွေတိုက်ခတ်စေဖို့ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ အသံလှိုင်းတွေကို တစ်ခုနဲ့တစ်ခု တန်ပြန်တိုက်ခတ်မှု ဖြစ်စေတဲ့အတွက် ဆူညံမှုပမာဏကို လျှော့ချပေးထားနိုင်တာပါ။

၁၈၅၀ခုနှစ်မှာ Hermann von Helmholtz ဆိုသူ တီထွင်ခဲ့တဲ့ Helmholtz cavity ကို အခြေခံထားကြောင်းနဲ့ အားကောင်းကောင်း လေစီးဆင်းမှုပါ အသံတိတ် ပန်ကာဖြစ်စေဖို့ Dyson အင်ဂျင်နီယာများဟာ ရည်မှန်းလုပ်ဆောင်ခဲ့ကြောင်း Sir James ကပြောပြခဲ့ပါတယ်။

Dyson Cool ပန်ကာသစ်တွေကို ဒီနေ့ကစပြီး စတာလင်ပေါင် ၂၂၀ ကနေ ၃၀၀ ကြား ဈေးနဲ့ ဖြန့်ချိပေးထားတယ်လို့ သိရပါတယ်။

Ref:mirror.co.uk

ကျွန်တော့်အရုပ်လေးပြန်မပေးပါ ဇာတ်ကားထဲမှာ အရုပ်မလေးအဖြစ် သရုပ်ဆောင်ထားတဲ့ ခင်ဝင့်ဝါ



နိုင်ငံ ဂုဏ်ဆောင်နိုင်ခဲ့တဲ့ Miss တွေထဲမှာ ပြည်သူရဲ့ချစ်ခင်အားပေးမှုကို ရရှိထားတဲ့အပြင် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်လာတဲ့သူကတော့ ခင်ဝင့်ဝါ ပါ။ လက်ရှိ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးရင်း သရုပ်ဆောင်ပညာဘက်ပိုင်းကို ပရိသတ်အတွက် မနားတမ်းကြိုးစားလာတဲ့ ခင်ဝင့်ဝါကို ရှုတင်တစ်ခုမှာတွေ့ဆုံခိုက် လက်ရှိရိုက်ကူးနေတဲ့ ဇာတ်ကားအကြောင်း မေးမြန်းကြည့်ဖြစ်တဲ့အခါ ‘ခုရိုက်နေတဲ့ကားလေးက ကျွန်တော့်အရုပ်လေးပြန်မပေးပါတဲ့။ ကာရိုက်တာက တစ်ကိုယ်၊ အရုပ်ပုံစံက တစ်ကိုယ်ဆိုတော့၂မျိုးပေါ့။ ဒီကားက ကိုနေတိုးနဲ့ပထမဆုံးကားဆိုတော့ သူ့ကိုလဲနဂိုကတည်းက အရမ်းကြိုက်တယ်။ ၀ါရင့် အနုပညာရှင်တစ်ယောက်လဲဖြစ်တယ်။ နောက်ပြီးတော့ ညီမလဲအရမ်းသဘောကျတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ အတွက်ကြောင့်မို့လို့သူနဲ့အတတ်နိုင်ဆုံး အဆင်ပြေအောင် အပေးအယူတည့်အောင် ကြိုးစားပြီး ရိုက်ဖြစ်ပါတယ်။ ဒီကားက ညီမရဲ့၆ကားမြောက်ပေါ့။ ဒါရိုက်တာကလဲ ကိုသည်ခေတ်နေဆိုတော့ သူ့ကိုလဲ ယုံကြည်တယ်။ ဒီကားထဲမှာဆို အရုပ်မပုံစံလေးတွေကို ဒီဇိုင်နာ ကိုဖြိုးပြည့်က ချုပ်ပေးတယ်။’လို့ သူမက ပြောပြသွားပါတယ်။

ရော်နယ်ဒိုအပါအ၀င် ရီးယဲလ်မက်ဒရစ်ကစားသမားတွေဟာ ကစားပွဲမစမီ မှန်ရှေ့ မှာ အလုအယက် တန်းစီနေတတ်ကြောင်း နဲ့ အခုခေတ်ဘောလုံးသမားတွေကို ရှုတ်ချပြောဆိုလိုက်တဲ့ မော်ရင်ဟို



စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းနဲ့ သုံးနှစ်ကြာ လက်တွဲခဲ့တဲ့ မော်ရင်ဟိုဟာ ဒီဘက်ခေတ် ဘောလုံး ကြယ်ပွင့်တွေရဲ့ ဂုဏ်ပကာသနမက်မောမှု၊ မောက်မာမှုတွေကို ဖွင့်ဟရှုတ်ချခဲ့ပြီး သူတို့ ဟာ အောင်မြင်မှု ထက် ငွေကြေးကို ပိုမိုမက်မောနေကြကြောင်း ရှုတ်ချပြောဆိုခဲ့ပါတယ်။

“ ကျွန်တော် ရီးယဲလ်မက်ဒရစ်မှာ ရှိတဲ့ အချိန်တွေတုန်းက၊ ကစားသမားတွေဟာ ကစားပွဲမစမီ ဒိုင်လူကြီးတွေက သူတို့ ကို ၀င်ပေါက်ဥမင် ထဲမှာ စောင့်နေတဲ့ အချိန်တွေမှာတောင် မှန်ရှေ့ မှာ တန်းစီနေတတ် ကြပါတယ်။” လို့ မော်ရင်ဟိုက Esquire မဂ္ဂဇင်းကို ဖွင့်ဟခဲ့ပါတယ်။

“ ဒါပေမယ့် ဒါက အခုခေတ် လူနေမှုပုံစံလိုပါပဲ။ လူငယ်တွေဟာ ဒီကိစ္စကို တော်တော် ဂရုစိုက်ကြတယ်။ သူတို့  အသက် က နှစ်ဆယ် ဒါမှမဟုတ် နှစ်ဆယ်ကျော်ကျော်ပေါ့။ ကျွန်တော်ကတော့ ၅၁ နှစ်ရှိနေပါပြီ။ အခု ကလေးတွေနဲ့ ကျွန်တော်တူတူအလုပ်လုပ်ချင်တယ်ဆိုရင် သူတို့ ဘ၀ ကို နားလည်ဖို့ လိုပါတယ်။”

“ ဘတ်စ်ကားပေါ်မှာ ကျွန်တော့်ကစားသမားတွေ ဟိုဟာ -ဟာ -ခင်ဗျားတို့ ဘယ်လိုခေါ်တာ - တွစ်တာ အင်း အဲ့လို ဟာတွေ သုံးနေတာကို ကျွန်တော် ဘယ်လို တားရမလဲ။ တကယ်လို့ ကျွန်တော့် သမီးနဲ့ သားကလည်း အဲ့လိုပဲ ဆိုပါစို့ - ကျွန်တော်ဘယ်လို တားရမလဲ။ ဒါကြောင့် ကျွန်တော် လိုက်လျောညီထွေ ဖြစ်အောင်နေရမှာပါ။”

လက်ရှိ ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက “ အရင်တုန်းက ကျွန်တော်ဘယ်လို ထင်လဲဆိုတော့ ကစားသမားတွေဟာ ကစားသမားဘ၀ပြီးရင် ချမ်းချမ်းသာသာ နေနိုင်ဖို့  သူတို့ ကစားသမားဘ၀အတွင်းမှာ ငွေတွေရှာတယ်ပေါ့”

“ ဒါပေမယ့် အခုတော့ ကစားသမားတွေ ကစားသမားဘ၀ မစခင်ထဲကကို သူတို့ ဘေးနားမှာ ရှိနေတဲ့ ကောင်တွေက သူတို့ ချမ်းသာလာအောင် လုပ်ပေးနေကြတယ်။ ပထမဆုံးစာချုပ်ကို လက်မှတ်ထိုးလိုက်တာနဲ့  သူတို့ ပရီးမီးယားလိဂ်ပွဲစဉ်လေးတစ်ပွဲလောက် ပါဝင်မကစားခဲ့တာနဲ့ ၊ သူတို့ ချန်ပီယံလိဂ် မကစားရတာနဲ့  အဲ့ကောင်တွေက သူတို့ ချမ်းသာအောင် လုပ်နေကြတယ်” လို့  ရှုတ်ချဝေဖန်သွားခဲ့ပါတယ်။



Ref: metro

ကျွန်မမိသားစုက ကျွန်မကိုကလေးတစ်ယောက်လိုခံစားမိစေခဲ့ပါတယ် လို့ပြောလိုက်တဲ့ Angelina Jolie


သူမကိုကလေးတစ်ယောက်လိုခံစားမိစေတဲ့အတွက် Angelina Jolie ဟာသူမရဲ့မိသားစုကိုချီးကျူးပြောဆိုခဲ့ပါတယ်။

Angelina ဟာပြီးခဲ့တဲ့နှစ်က ရင်သားကင်ဆာဖြစ်နိုင်ချေအလွန်များပြားနေတဲ့အတွက် ရင်သားနှစ်ခုလုံးခွဲစိပ်ဖြတ်တောက်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမဟာ သူမရဲ့သားသမီးတွေဖြစ်တဲ့ Maddox ၁၂ နှစ်၊ Pax ၁၀ နှစ်၊ Zahara ကိုးနှစ်၊ Shiloh ၇နှစ်နဲ့ ၅နှစ်အရွယ် အမွှာတွေဖြစ်တဲ့ Vivenne နဲ့ Knox တို့ကို သာအာရုံစိုက်ခဲ့တဲ့အတွက် အဲဒီ့ကျန်းမာရေးပြသနာကို ကျော်လွှားနိုင်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

“အပြင်မှာဆိုရင်တော့ ကျွန်မအတည်အခန့်ဖြစ်နေပါတယ်။ ဒါပေမယ့် ကျွန်မမိသားစုနဲ့ကြတော့ ရယ်မောကြတယ်၊ ဆော့ကစားကြတယ်။ ပြီးတော့ ကျွန်မပေါ့ပေါ့ပါးပါးပြန်ဖြစ်သွားတယ်။ ပြီးတော့ ကျွန်မကလေးပြန်ဖြစ်သွားတယ်။ ကျွန်မချစ်ခင်တတ်ပြီးနူးညံ့တဲ့သူတစ်ယောက်ပြန်ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အဲဒီ့အရာကို ကျွန်မဘ၀ထဲပြန်လည်ခေါ်ဆောင်လာလို့ပါပဲ” လို့ Angelina ကပြောပါတယ်။

လက်တွဲဖေါ်ဖြစ်တဲ့ Brad Pitt နဲ့အတူတူ ကလေခြောက်ယောက်ကို အုပ်ထိန်းနေတဲ့ ၃၈ နှစ်အရွယ် Angelina ဟာ သူမရဲ့အငယ်ဆုံးသမီး Vivienne ကို Maleficent ဇာတ်ကားမှာ အခန်းတိုသရုပ်ဆောင်ခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့်သူမဟာ သူမရဲ့ကလေးတွေကို နာမည်ကြီး သရုပ်ဆောင်ဖြစ်မှာမလိုလားတဲ့အကြောင်းပြောပါတယ်။

“ကျွန်မတို့ကလေးတွေ ရုပ်ရှင်ထဲမှာဇာတ်လမ်းတိုတွေမှာပါဝင်ပြီး ရိုက်ကွင်းမှာ ကျွန်မတို့နဲ့အတူတူအလုပ်လုပ်ရတာ ပျော်စရာကောင်းတယ်လို့ ကျွန်မတို့ထင်ပါတယ်။ ဒါပေမယ့် သရုပ်ဆောင်တွေဖြစ်ဖို့မဟုတ်ပါဘူး။ ကျွန်မနဲ့ Brad တို့ရဲ့ရည်မှန်းချက်ပန်းတိုင်က ဒါမဟုတ်ပါဘူး။ သူတို့သရုပ်ဆောင်တွေမဖြစ်တာကို ကျွန်မတို့ပိုနှစ်သက်လိမ့်မယ်လို့ကျွန်မထင်ပါတယ်” လို့ Entertainment Weelky မဂ္ဂဇင်းကိုပြောပါတယ်။

၅၁ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့သော်လည်း လက်ဝှေ့ ကစားသမားဘ၀ကို စွန့် ခွာမှာမဟုတ်ဘူးဆိုတဲ့ ဗြိတိန် လက်ဝှေ့ သမား ရော်ဘင်ဒီကင်



၂၀၀၆ ခုနှစ် ပရော်ဖက်ရှင်နယ် လက်ဝှေ့ ကစားသမားဘ၀စတင်ပြီးကတည်းက တစ်ပွဲမှ နိုင်ပွဲမရရှိခဲ့တဲ့ ဗြိတိန်ရဲ့ အဆိုးရွားဆုံးလက်ဝှေ့ သမား အသက် ၂၇ နှစ်အရွယ် ရော်ဘင်ဒီကင် ဟာ ဘာပဲဖြစ်ဖြစ် လက်ဝှေ့ သမား ဘ၀ကို စွန့် ခွာမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဗြိတိန်ကြေးစားလက်ဝှေ့ လောကမှာ အဆိုးရွားဆုံးစံချိန်ကို ရရှိထားတဲ့ ရော်ဘင်ဒီကင်ဟာ မကြာသေးမီက ပိုးလ်ဒါမီယန်လောနစ်ဇက် ကို ရှုံးနိမ့်ပြီး သူ့ ရဲ့ ၅၁ ပွဲဆက်တိုက် အရှုံးစံချိန်ကို တင်နိုင်ခဲ့ပါတယ်။

အခုလို ဆိုးရွားတဲ့ ရှုံးပွဲစံချိန်ကြောင့် သူ့ ရဲ့ ကျန်းမာရေးအသက်အန္တရာယ်ထိခိုက်မှာစိုးတဲ့အတွက် ဗြိတိန် လက်ဝှေ့ လိုင်စင်ကို ရုတ်သိမ်းခဲ့ရပါတယ်။ ဒါပေမယ့်သူကတော့ “ကျွန်တော်က လူသားလက်ဝှေ့ အိတ်ကြီး ပါဗျ” လို့ ကြွားဝါထားပါတယ်။

ရော်ဘင်ဟာ ရက်သတ္တပတ် ၂၄ ပတ်အတွင်း ပွဲပေါင်း ၁၉ ပွဲထိုးသတ်ခဲ့ပြီး စနေနေ့ ညက ဂျာမန်လက်ဝှေ့  လိုင်စင်နဲ့  လောနစ်ဇက် ကို နောက်ဆုံးထိုးသတ်ခဲ့ရာမှာလည်း ရှုံးနိမ့်ခဲ့ပြန်တာပါ။

ရော်ဘင်ဟာ မွေးရာပါ ခြေတစ်ဖက်ခွင်နေမှုကြောင့် အသက် ခြောက်နှစ်အရွယ်ထိ လမ်းမလျှောက်နိုင်ခဲ့ဘဲ ခွဲစိတ်ကုသမှုပေါင်း ၆၀ ကျော်ခံယူခဲ့ရပါတယ်။ ဒါပေမယ့်လည်း ရော်ဘင်ဟာ ကြိုးဝိုင်းကို ဘယ်တော့မှ စွန့်  ခွာမှာမဟုတ်ဘူးလို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားသူပါ။

ဒီအပါတ်ကုန်မှာ ထိုးသတ်မယ့်ပွဲမှာ ဗြိတိန်လက်ဝှေ့ အသင်းက သိမ်းဆည်းထားတဲ့ သူ့ ရဲ့ လက်ဝှေ့ လိုင်စင်ကို ပြန်ရဖို့ မျှော်လင့်နေကြောင်း ပြောကြားခဲ့ပါတယ်။

“ ကျွန်တော် ဒီတစ်ပတ်ကုန်မှာ ပြန်ထိုးမှာပါ။ ကျွန်တော် စိတ်ကူးအိပ်မက်တွေထဲမှာ ဆက်နေထိုင်နိုင်ဖို့ အတွက် ဗြိတိန်လက်ဝှေ့ အသင်းဘုတ်အဖွဲ့ က ကျွန်တော့် လိုင်စင်ကို ပြန်ပေးမယ်လို့ မျှော်လင်ပါ့တယ်”

ကြေးစားဘ၀မှာ ရော်ဘင်ဒီကင်တစ်ယောက် ရုန်းကန်နေရပေမယ့် အပျော်တမ်းလက်ဝှေ့ သမားဘ၀မှာတော့ ရော်ဘင်ဟာ အောင်မြင်ခဲ့သူပါ။ ဗြိတိန်လူငယ်ချန်ပီယံရှစ် အကြိုဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို ကူးပြောင်းခဲ့ပြီးနောက်မှာတော့ လက်ဝှေ့ သမိုင်းရဲ့ အဆိုးရွားဆုံး စံချိန်မှတ်တမ်းကို တင်ခဲ့ရပါတယ်။ ၂၀၀၆ ခုနှစ် ပထမဆုံးကြေးစားဘ၀ လက်ဝှေ့ ပွဲမှာ တစ်ပွဲ အနိုင်ရရှိပြီးကတည်းက အခုထိ နောက်ထပ် နိုင်ပွဲမရရှိတော့တာ ဖြစ်ပါတယ်။

Ref: Mirror

Thursday, March 6, 2014

အာရပ်မင်းသားတစ်ပါးက ညနေစာအတူစားဖို့  ပေါင်တစ်သန်းပေး ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်တဲ့ နာမည်ကြီး ဂျာမန်စူပါမော်ဒယ် ကလောက်ဒီယာရှစ်ဖာ



စူပါမော်ဒယ် ကလောက်ဒီယာရှစ်ဖာ ဟာ ညနေစာအတူစားဖို့ အာရပ်မင်းသားတစ်ပါးက ပေါင်တစ်သန်းနဲ့  ဌားရမ်းခဲ့မှုကို သူမ ငြင်းဆန်ခဲ့တဲ့အကြောင်း ဖွင့်ဟလိုက်ပါတယ်။

ဂျာမန်လူမျိုး အလှဘုရင်မ က သူမဟာ အခုလို မော်ဒယ်လောကရဲ့ ဘုရင်မတစ်ဆူဖြစ်ပြီး ကမ္ဘာပေါ်မှာ ဓာတ်ပုံအရိုက်ခံရဆုံး မိန်းမသားတစ်ဦးဖြစ်နေရတဲ့အတွက် သူမကို မရေမတွက်နိုင်တဲ့ ထူးထူးဆန်းဆန်း ကမ်းလှမ်းမှုတွေ ခံခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

“ ကျွန်မ ထူးထူးဆန်းဆန်းကမ်းလှမ်းမှုတွေ အများကြီးကြုံခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီ့အာရပ်မင်းသား ကိစ္စကတော့ အထူးဆန်းဆုံးပါပဲ။ ကျွန်မနဲ့ ညနေစာအတူစားဖို့ အတွက် ပေါင်တစ်သန်းနဲ့ ဌားရမ်းနိုင်မလား လို့  သူမေးတယ်လေ။ ကျွန်မကတော့ ငြင်းလိုက်တယ်။ ဒါနဲ့ ပဲ တခြား စူပါမော်ဒယ်တွေ အဲ့အခွင့်အရေးကို အမိဖမ်းသွားခဲ့တယ်” လို့ သူမက ပြန်ပြောကြားခဲ့ပါတယ်။

အသက် ၄၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကလောက်ဒီယာ တစ်ယောက်တည်း အခုလို အဖြစ်မျိုး ကြုံခဲ့ရတာမဟုတ်ပါဘူး။ ၂၀၁၀ ခုနှစ်တုန်းကလည်း ပေါ့စ်စတား မိုင်လင်းကလတ်စ် ကို ဟောလီးဝုဒ် ထိပ်တန်းတစ်ဦးက နေ့ လည်စာအတူစားဖို့ အခုလို ကမ်းလှမ်းခံရဖူးပြီး မင်းသမီး Stephanie Beacham ကလည်း ၂၀၁၀ ခုနှစ် Big Brother တီဗွီအစီအစဉ်မှာ လူစိမ်းတစ်ယောက်က လိင်ဆက်ဆံဖို့ ပေါင် လေးသောင်းနဲ့ ကမ်းလှမ်းခံခဲ့ရဖူးကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။

ဓာတ်ပုံရိုက်တဲ့အခါ ကြည့်ကောင်းနေစေဖို့အတွက် ကျင့်သုံးရမယ့် အချက် (၁၁) ချက်




သူများတွေပြောတဲ့ ဓာတ်ပုံစားတယ်၊ ဓာတ်ပုံစားတယ်ဆိုတာဟာ အပြင်မှာထက် ဓာတ်ပုံထဲမှာ ပိုချစ်ဖို့ကောင်းတာ၊ ပိုကြည့်ကောင်းတာမျိုးကို ပြောချင်တာပါ။ တစ်ခါတစ်လေ ဓာတ်ပုံရိုက်တဲ့အခါ တောင့်တောင့်တင်းတင်းကြီး ဖြစ်တတ်တဲ့သူတွေအတွက်တော့ အပြင်မှာ ကြည့်ကောင်းနေရင်တောင် ဓာတ်ပုံထဲလည်းရောက်ရော အနေအထားမကျ မျက်နှာတည်တည်တင်းတင်းကြီးတွေ ဖြစ်နေရော။ ဒီတော့ ဓာတ်ပုံရိုက်တဲ့အခါ ကိုယ့်ရှိရင်းစွဲထက်ကို ပိုမိုဆွဲဆောင်အားကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အချက်လေးတွေ ပြောပြပေးလိုက်ပါတယ်။

၁။ကိုယ်က ဓာတ်ပုံရိုက်လိုက်တိုင်း မျက်လုံးမှိတ်သွားတတ်တဲ့သူဆိုရင်တော့ ကိုယ့်ဓာတ်ပုံတွေတိုင်းမှာ မျက်လုံးမှေးမှေးနဲ့ အိပ်ငိုက်နေတဲ့ပုံတွေ များနေမှာပေါ့။ ဒီ့အတွက် အကြံပေးချင်တာက ဓာတ်ပုံရိုက်တော့မယ်ဆိုတာနဲ့ မျက်လုံးကို မှိတ်ထားလိုက်ပြီး ရယ် ဒီ ၁ ၂ ၃ ဆိုတဲ့အချိန်ရောက်မှသာ မျက်လုံးကို ဖွင့်လိုက်ပါ။ ဒါဆို အဆင်ပြေသွားပါလိမ့်မယ်။

၂။မေးနှစ်ထပ်ဖြစ်နေတဲ့သူဆိုရင်တော့ လည်ပင်းကို နည်းနည်းမတ်မတ် ဆန့်ထားပြီး မျက်နှာကို ရှေ့နည်းနည်း ပိုတိုးလိုက်ပါ။ ဓာတ်ပုံမရိုက်ခင် မေးစေ့ပိုချွန်သယောင်ဖြစ်အောင် အောက်လေးနည်းနည်းငုံ့ပါ။ ဒါဆို ဓာတ်ပုံထဲမှာ အိုကေသွားပါလိ့မ်မယ်။

၃။ဒါကတော့ အမျိုးသမီးတွေအတွက် အထူးစပယ်ရှယ်ပေါ့။ ကိုယ်လိမ်းမယ့် မိတ်ကပ်သားနဲ့ ဓာတ်ပုံရိုက်တဲ့အခါ ထွက်တဲ့ပုံတွေကို မှတ်ထားပါ။ ဘယ်လောက်လိမ်းရင် ဘယ်လိုဓာတ်ပုံထဲမှာ ကြည့်ကောင်းတယ်ဆိုတာမျိုး သိထားဖို့ပါပဲ။

၎။ဖြစ်နိုင်ရင်တော့ မျက်တောင်ကော့ဆေးသုံးပါ။ မျက်တောင်တုတပ်မယ်ဆိုရင်လည်း ဓာတ်ပုံထဲမှာ လှတာပါပဲ။ ဓာတ်ပုံထဲမှာ ဆွဲဆောင်မှုရှိအောင် လုပ်ဖို့ဆိုရင် မျက်လုံးဟာ အဓိကပါပဲ။

၅။အရင်တုန်းက ရိုက်ခဲ့တဲ့ပုံတွေထဲက ကိုယ်အကြိုက်ဆုံး ကိုယ့်ရဲ့ပုံကို မှတ်ထားပါ။ ဘယ်လိုပို့စ်မျိုးရိုက်ထားတယ်၊ ကင်မရာအနေအထားက ဘယ်လိုဆိုတာတွေပါ သေချာမှတ်ထားပြီး ဓာတ်ပုံရိုက်ခါနီးတိုင်း အဲ့ဒီတုန်းကရိုက်ခဲ့တာတွေကို ပြန်တွေးပါ။

၆။နှုတ်ခမ်းနီဆိုးတာ ဆွဲဆောင်မှုရှိပါတယ်။ အထူးသဖြင့် အနီရဲရဲတွေပေါ့။ ဒါပေမယ့် နှုတ်ခမ်းနီနီရဲရဲဆိုးပြီး ဓာတ်ပုံရိုက်မယ်ဆိုရင် လျှာကိုသွားနောက်မှာသိမ်းပြီး အမိုက်စားပြုံးပါ။ အူကြောင်ကြောင်ပုံတော့ မဖြစ်စေနဲ့နော်။

၇။ဖြစ်နိုင်ရင် ပုခုံးတွန့်တာမျိုး၊ ကိုယ်မကျွမ်းကျင်တဲ့ပို့စ်မျိုးတွေ မလုပ်ပါနဲ့။ ဒါဟာ အချိုးပြေပြေနဲ့လှတဲ့ပုံထွက်လာဖို့ ရာခိုင်နှုန်းနည်းလို့ပါ။



၈။ပါးနီဆိုးတာကလည်း ဓာတ်ပုံထဲမှာ ကိုယ့်ကို ကျိန်းသေကြည့်ကောင်းစေဖို့ အထောက်အပံ့ပေးနိုင်တယ်ဆိုတာ မမေ့ပါနဲ့။

၉။အတတ်နိုင်ဆုံး ကင်မရာနဲ့တည့်တည့်အနေအထားကို ရှောင်ပါ။ ဘေးတစောင်းလေးဆိုရင် ကြည့်ကောင်းသလို ကင်မရာနဲ့ အရမ်းကြီး စောင်းငန်းပုံစံမျိုး ဖြစ်မသွားအောင်လည်း ဂရုစိုက်ဖို့ လိုပါတယ်။

၁၀။လူတော်တော်များများက ဓာတ်ပုံရိုက်ပြီးတာနဲ့ မလှဘူး၊ ဓာတ်ပုံရိုက်ရင် မနေတတ်ဘူး၊ အဆင်မပြေဘူးလို့ ညည်းတွားလေ့ရှိပါတယ်။ မော်ဒယ်ကိတ်မော့စ်တောင် သူမ ဓာတ်ပုံစရိုက်ခါစက မချိုးမကျတဲ့အကြောင်းပြောဖူးတာပဲ။ ဓာတ်ပုံများများရိုက်ပါ။ နောက်ဆိုရင် အိုကေသွားပါလိမ့်မယ်။

၁၁။အရင်တုန်းက ဓာတ်ပုံရိုက်ခါနီးပြောပြောနေကျ say cheese ဆိုတာကို မေ့လိုက်ပြီး ဓာတ်ပုံဆရာနဲ့ နောက်နောက်ပြောင်ပြောင် စကားတွေပြောပါ။ ဒါဆို ဓာတ်ပုံရိုက်ခါနီး သဘာဝအပြုံးလေးနဲ့ သက်ဝင်လှပနေမှာပါ။



Ref:dailymakeover.com

အသီးအရွက်သမားတွေ ဘာကြောင့်အသက်ရှည်



အသားချစ်သူတွေအတွက်တော့ ဒီသတင်းအပိုင်းအစလေးက သူတို့အတွက် စွန့်ပစ်ချင်စရာ ဖြစ်နေမှာပေါ့။ ဒါပေမယ့်လည်း တကယ်ကောင်းမွန်တဲ့ ကျန်းမာရေးဆိုတာ အသီးအရွက်တွေဆီက လာတာပါ။ လေ့လာတွေ့ရှိချက်တွေအရ အသီးအရွက်စားသုံးသူတွေက ယေဘုယျအားဖြင့် အသားစားသုံးသူတွေနဲ့ ယှဉ်ရင် သွေးဖိအားနည်းပါတယ်။ ဒီအချက်ကြောင့် အသီးအရွက်စားသုံးသူတွေက အလိုအလျောက်ဆိုသလို နှလုံးရောဂါဖြစ်နိုင်ဖို့ အခွင့်အလမ်း နည်းပါးသွားပါပြီ။

ဒီတော့ သင့်အနေနဲ့ အသား၊ ငါးတွေကို မနှစ်သက်တော့တဲ့ အချိန် ၊ အသီးအရွက်တွေကိုပဲ ပြောင်းလဲ စားသောက်ဖို့ အစီအစဉ်ရှိနေတယ်ဆိုရင်တော့ အောက်မှာ ဖော်ပြပေးမယ့် အချက်တွေက သင့်ကို အထောက်အကူပြုပါလိမ့်မယ်။

(၁) သေစေနိုင်တဲ့ ရောဂါဖြစ်ပွားမှုနှုန်း နည်းခြင်း



အသီးအရွက်တွေက သင့်ကို အ၀လွန်စေတဲ့ အဆီနဲ့ ကိုလက်စထရောဓါတ်တွေ အပြည့်အသိပ် ယူဆောင်မပေးနိုင်ပါဘူး။ ဒီတော့ သင့်ရဲ့ သွေးပြန်ကြောတွေကို ပိတ်ဆို့မိလို့ ဖြစ်ရတဲ့ အသေအပျောက် ကိစ္စတွေလည်း မရှိနိုင်တော့ဘူးပေါ့။ နောက်ပြီး ဒီရောဂါတွေနဲ့ ဆက်စပ်တဲ့ နာတာရှည်ရောဂါတွေလည်း မဖြစ်ပွားနိုင်ပါဘူး။ ဒါကြောင့် အဆုံးမှာတော့ သေခြင်းတရားဆိုတာ သက်သက်လွတ်သမားတွေအပေါ် စောစောစီးစီး မကျရောက်နိုင်တော့ပါဘူး။

(၂) ကင်ဆာဖြစ်နိုင်ချေ နည်းခြင်း



အသီးအရွက်တွေက သင့်ရဲ့ ပန်းကန်ထဲမှာ အရောင်စုံနေစေဖို့တင် မဟုတ်ဘဲ C နဲ့စတဲ့ ရောဂါကနေ ကင်းဝေးအောင်လဲ သင့်ကို စောင့်ရှောက်ပေးပါတယ်။ အသီးအရွက်စားသုံးမှု ပုံစံက ကင်ဆာရောဂါ ဖြစ်ပွားနှုန်းကနေ သင့်ကို ထိန်းသိမ်းပေးတယ်လို့ ဆိုပါတယ်။

(၃) သွေးဖိအား နည်းခြင်း (သွေးမတိုးခြင်း)



အသီးအရွက်စားခြင်းရဲ့ ကောင်းခြင်းတွေထဲက နောက်တစ်မျိုးက ဆေးခန်းပြေးပြီး ခဏခဏ သွေးပေါင်ချိန်နေစရာ မလိုတာပါပဲ။ လေ့လာတွေ့ရှိချက်တွေအရ အသီးအရွက်တွေက သွေးဖိအားကို မမြင့်တက်စေဘဲ ပျှမ်းမျှအခြေအနေမှာသာ ထိန်းထားပေးနိုင်ပါတယ်။

(၄) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေနည်းခြင်း



အသီးအရွက် သမားတွေအနေနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေမရှိဘူးလို့ တိုက်ရိုက်တွေ့ရှိထားတာတော့ မရှိပါဘူး။ ဒါပေမယ့် အသီးအရွက် စားသောက်မှုပုံစံဟာ သင့်ရဲ့ဝိတ်ကို ကျစေနိုင်ရုံသာမက သင့်ရဲ့ သွေးတွင်း သကြားဓါတ်နှုန်းကိုပါ ထိန်းညှိပေးတဲ့အတွက် ဆီးချိုရောဂါ ဖြစ်နိုင်ချေနည်းတယ်လို့ သုံးသပ်နိုင်တာ ဖြစ်ပါတယ်။

ဒီတော့ သင်လည်း အသီးအရွက်သမားအဖြစ် ပြောင်းလဲတော့မယ်ဆိုရင်တော့ ဒီလို ကောင်းကျိုးလေးတွေလည်း ရရှိနိုင်တာကြောင့် “အသီးအရွက်သမားတွေ အသက်ရှည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗဟုသုတအလို့ငှာ ဖော်ပြလိုက်ရပါတယ်။

Ref:mensxp.com

Sexy ၀တ်စုံ နှစ်စုံနဲ့ အလှကြွယ်ခဲ့တဲ့ အော်စကာပွဲတက် Irina Shayk Sizzled




စူပါမော်ဒယ် Irina Shayk ကတော့ ၂၀၁၄ အော်စကာပွဲမှာ အားလုံးရဲ့ အကြည့်တွေကို ရပ်တန့်စေနိုင် ခဲ့ပါတယ်။ တလက်လက် တောက်ပနေတဲ့ နက်ပြာရောင် ဂါဝန်ရှည်ဟာ သူမရဲ့ ကောက်ကြောင်း အထွေထွေကို လှလှပပကြီး ဖော်ကျူးသွားနိုင်ခဲ့ပါတယ်။

နောက်တစ်ပွဲကတော့ Elton John ရဲ့ AIDS ဖောင်ဒေးရှင်း အကျိုးပြု အော်စကာပါတီပွဲကြီးဖြစ်ပြီး ဒီပွဲမှာတော့ Sexy ကျတဲ့ အနက်ရောင် ကြိုးသေးတပ် ဂါဝန်က သူမရဲ့ ရင်သပ်ရှုမောဖွယ် အလှအပ အသွယ်သွယ်ကို အထင်းသား ဖော်ကျူးသွားနိုင်ခဲ့ပါတယ်။

Irina က လက်ရှိမှာ နာမည်ကြီး ဘောလုံးသမား Christiano Ronaldo နဲ့ တွဲနေတာဖြစ်ပြီး သူမအနေနဲ့ ဖေဖေါ်ဝါရီလထဲမှာ အလွန်ပဲအလုပ်ရှုပ်နေခဲ့ပါတယ်။ အားကစားဒီဇိုင်း ရေကူးဝတ်စုံ နှစ်(၅၀)မြောက် နှစ်ပတ်လည်ပွဲမှာလည်း ပါဝင်သရုပ်ပြခဲ့ပြီး Sochi Olympics ဖွင့်ပွဲ အခမ်းအနားအတွက် ရုရှားနိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် ခန့်အပ်စေလွှတ်ခြင်း ခံရမှုတွေကြောင့် Irina တစ်ယောက် မအားလပ်နိုင်အောင် ဖြစ်နေပါတယ်။

“Sochi 2014 အိုလံပစ် ဖွင့်ပွဲအခမ်းအနား အတွက် အခုလို ရုရှားကိုယ်စားပြု တက်ရောက်ရတာ သိပ်ကို ပျော်ပါတယ်” လို့လည်း tweet လုပ်ထားပါသေးတယ်.

အခုလည်း အော်စကာပွဲမှာ ပရိသတ်အားလုံးရဲ့ မျက်ဝန်းနဲ့ အကြည့်တွေကို သိမ်းပိုက်ခဲ့တဲ့ သူမရဲ့ ပုံရိပ်တချို့ကို ခံစားကြည့်ရအောင်။













Ref:starpulse.com

တစ်ညလုံး အလုပ်လုပ်ဖို့လိုအပ်လာရင်



ဘယ်တုန်းကမှတော့ ဒီလိုမျိုး တစ်ညလုံးအလုပ်လုပ်ဖို့ အားမပေးဖူးပါဘူး။ ဒါပေမယ့်လည်း အရေးကြီးတဲ့ အခြေအနေတစ်ခု ရောက်လာခဲ့လို့ မလွှဲမရှောင်သာ လုပ်ရတော့မယ်ဆိုရင်တော့ သင့်ကို အထောက်အကူပြုမယ့် ဒီအချက်လေးတွေကို ရေးသားပေးချင်ပါတယ်။ ဒီလိုလုပ်နေကျ မဟုတ်တဲ့ သင့်အတွက် အချိန်ကုန် ၊ လူပင်ပန်းရကျိုးနပ်ပြီး အလုပ်လည်း ပြီးစေမယ့် ဒီနည်းလမ်းလေးတွေကို လျစ်လျူမရှုသင့်ပါဘူး။



(၁) သင့်ရဲ့စိတ်ကို ပြင်ဆင်ပါ။

ပထမဦးဆုံးအနေနဲ့ ပြုလုပ်ရမှာက တစ်ညလုံးစာအတွက် သင့်ကိုယ်သင် အရင်ပြင်ဆင်ပါ။ နောက်ဆုံး အချိန်နီးကပ်နေပြီဖြစ်တဲ့ အရေးအကြီးဆုံး အလုပ်တွေကို ဦးစားပေးပြီး စာရင်းလုပ်လိုက်ပါ။ ဒါမှသာ ဘယ်ဟာကို အရင်လုပ်ပြီး ဘယ်ဟာကို နောက်မှလုပ်ရမယ်ဆိုတာ အစီအစဉ် တကျဖြစ်ပြီး အလုပ်တွင်နိုင်ပါ လိမ့်မယ်။

(၂) စားရမယ့် အစားအသာက်ကို ပြင်ဆင်ပါ။

ဗိုက်ဆာလာတဲ့ အချိန်မှာစားဖို့ အသီးတွေကို ပြင်ဆင်ထားပါ။ အဆီများတဲ့ အစားအစာတွေနဲ့ သကြားဓါတ်များတဲ့ အစားအစာတွေက သင့်ကို အိပ်ချင်စိတ် ဖြစ်စေပါတယ်။ ပရိုတိန်းဓါတ်များတဲ့ ပေါင်မုန့်ညို ဆန်းဒ၀ှစ်ခ်ျတွေနဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ချိစ့် ပေါင်မုန့် တွေလိုမျိုး စားပေးပါ။ ကော်ဖီသောက်မယ်ဆိုရင်တော့ နာရီဝက် (မိနစ်-၃၀) ကို တစ်ကျိုက်လောက် သောက်နိုင်ပါတယ်။

(၃) ပုံမှန် ခဏနားချိန် ယူပါ။

ဒီအချက်ကတော့ အနည်းငယ် ဥာဏ်များတဲ့ အချက်ပါ။ သင့်အနေနဲ့ အနားမယူတတ်ရင် ပြန်လည်အိပ်ပျော်သွားတဲ့ အခြေအနေကို ရောက်သွားပါလိမ့်မယ်။ တစ်နာရီပြည့်တဲ့အချိန်တိုင်းမှာ ဆယ်မိနစ် မျက်လုံးကို အနားယူပေးပါ။ ဥပမာ ကွန်ပျူတာနဲ့အလုပ်လုပ်နေတယ်ဆိုပါစို့ မျက်လုံးတွေကို အနားပေးတဲ့အချိန်မှာ ရေခဲထုပ်လေးကို မျက်လုံးပေါ် အုံထားပေးတာမျိုး လုပ်ပေးခြင်းဖြင့် အနားလဲရပြီး ပြန်လည်း အိပ်မပျော်သွားနိုင်ပါဘူး။



(၄) အလင်းရောင်ကောင်းကောင်းနဲ့ တေးဂီတလေးလည်း ဖွင့်ထားပါ။

အလုပ်ခန်းဟာ လေကောင်းလေသန့်နဲ့ ထိုက်သင့်တဲ့ အလင်းရောင်ရဖို့ကလည်း အရေးကြီးပါတယ်။ အထူးသဖြင့် တစ်ညလုံး အလုပ်လုပ်တော့မယ်ဆိုတဲ့အခါ အလင်းရောင်က အရေးကြီးပါတယ်။ အလင်းရောင် ကောင်းကောင်းရနေမှ သင့်မျက်လုံးတွေ လိုအပ်တာထက်ပိုပြီး အားမစိုက်ရမှာပါ။ ပြီး EDM ဒါမှမဟုတ် trance သီချင်းလေးတွေလဲ ဖွင့်ထားဖို့ မမေ့ပါနဲ့နော်။

(၅) နားချိန်မှာ ဆေးလိပ်မသောက်ပါနဲ့။

သင့်အနေနဲ့ တစ်နာရီနဲ့ တစ်နာရီကြား ခဏနားချိန်မှာ ဆေးလိပ်သောက်တာ ပိုလန်းဆန်းစေတယ်လို့ ထင်နေနိုင်ပါတယ်။ ဆေးလိပ်ရဲ့ အကျိုးသက်ရောက်မှုကတော့ သင့်ကို ခဏတာ လန်းဆန်းစေနိုင်ပြီး မိနစ်အနည်းငယ် အကြာမှာတော့ ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းကြောင့် ယခင်ကထက်ပိုပြီး ငိုက်မျဉ်းစေပါတယ်။

(၆) သင့်ရဲ့ စိတ်ဓါတ်ကို အဖျက်ဆီးမခံပါနဲ့။

တစ်လောကလုံး တိတ်ဆိတ်နေတဲ့ လူခြေတိတ်တဲ့ ညအချိန်ဟာ သင့်စိတ်ကို ထွေပြား ခြောက်ခြား စေပါတယ်။ ဒါကြောင့် သင်လုပ်နေတဲ့ လုပ်ငန်းတာဝန်တွေ အပေါ်မှာပဲ အာရုံအပြည့်အ၀ ထားပြီးလုပ်ပါ။ ခဏတာအနားယူချိန်မှာ ဆန္ဒရှိတယ်ဆိုရင် ပေါ့ပါးတဲ့ အညောင်းအညာပြေ လေ့ကျင့်ခန်းလေးတွေလည်း လုပ်လို့ရပါတယ်။ ဒါမှ သင့်စိတ်ဓါတ်က ထိုင်းမှိုင်းဆွေးမြည့် မလာမှာပါ။



(၇) နေထွက်လာတဲ့အခါ အိပ်ပျော်သွားတာမျိုး ရှောင်ကျဉ်ပါ။

အလုပ်တွေအားလုံး ပြီးသွားလို့ မနက်ခင်း နေရောင်လေး ထွက်စပြုလာတဲ့အခါ သင့်စိတ်ထဲ ပေါ့ပါးသွားပြီး “ဒါဟာ ငါအိပ်ရတော့မယ်အချိန်ပဲ” လို့ တွေးနေမိမှာပေါ့။ ဒါမျိုးမလုပ်ပါနဲ့။ သင့်တင့်တဲ့ မနက်စာ အနည်းငယ်စားပြီး အပြင်ဘက်ထွက်လို့ အညောင်းအညာဖြေပြီး လေညင်းခံပါ။ ဖြစ်နိုင်ရင်တော့ နေ့လည်ခင်း (သို့မဟုတ်) ညဘက်ရောက်တော့မှ ခါတိုင်းနေ့ထက် ခပ်စောစောအိပ်ရာဝင်လိုက်ပါ။

(၈) နောက်တစ်ခါ မလုပ်တော့ဘူးလို့ ဆုံးဖြတ်ပါ။

တစ်ညလုံး ကောင်းကောင်း လုပ်နိုင်ခဲ့လို့ သင့်ကိုယ်သင် ဂုဏ်ယူသင့်တာ မှန်ပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ် အလုပ်တွေကို ဒီလိုပုံထားပြီး ဒါမျိုးထပ်မလုပ်ဘူးလို့တော့ ကတိပေးပါ။ ဘေးထွက် ဆိုးကျိုးအနေနဲ့ သင့်ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပြီး ရက်အနည်းငယ်နဲ့ ပြန်လည်အားမပြည့် ၊ မလန်းဆန်းနိုင်တာကို ခံစားရနိုင်တာကြောင့်ပါ။

Ref:mensxp.com

စင်္ကာပူမှာ အိမ်အကူသွားလုပ်တဲ့ မြန်မာနိုင်ငံသူတစ်ဦး လူသတ်မှုနဲ့ တရားစွဲခံထားရ



မြန်မာနိုင်ငံသူ တစ်ဦးဟာ အသက် ၈၅နှစ်အရွယ် အဖွားကြီးကို သတ်မှုနဲ့ စင်္ကာပူမှာ မတ်လ ၅ရက်နေ့က တရားစွဲဆိုခံထားရပါတယ်။

အသက် ၂၄နှစ်ရှိပြီဖြစ်တဲ့ အိမ်အကူအဖြစ်လုပ်ကိုင်သူ မသန်းသန်းဝင်းဟာ သူမရဲ့ အလုပ်ရှင်ဖြစ်သူ Yong Wan Lan ကို စင်္ကာပူက Springdale ကွန်ဒိုမှာ သတ်ခဲ့တာလို့ တရားစွဲဆိုထားတာပါ။ မတ်လ ၄ရက်နေ့၊ ညနေ ၄နာရီ ၅မိနစ်နဲ့ ၅နာရီ ၂၃မိနစ်ကြားမှာ ပစ်မှုကျူးလွန်ခဲ့တာဖြစ်တယ်လို့ စွဲဆိုခံထားရပါတယ်။

မတ်လ ၂၆ရက်နေ့မှာ ဒီအမှုကို ထပ်ကြားနာမယ်လို့ သိရပါတယ်။ ပစ်မှုကျူးလွန်ကြောင်း ထင်ရှားရင်တော့ သေဒဏ်ပေးခံရမှာပါ။

မတ်လ ၄ရက်နေ့ ညနေ ၅နာရီ ၂၃မိနစ်လောက်မှာ ရဲစခန်းကို တစ်ယောက်ယောက်က ဖုန်းဆက်အကူအညီတောင်း ခဲ့တယ်လို့ ရဲဋ္ဌာနက ဆိုပါတယ်။

အခင်းဖြစ်ပွားရာကို ရဲတွေရောက်တော့ Yong အဖွားကြီးဟာ အသက်မရှိတော့ပါဘူး။

Yong အဖွားကြီးရဲ့ ကိုယ်အပေါ်ပိုင်းဟာ သွေးအိုင်ထဲမှာ ရှိနေပြီး ညနေ ၆နာရီ ၂၇မိနစ်မှာ ဆရာဝန်က သေဆုံးကြောင်းကြေညာခဲ့တယ်လို့ သိရပါတယ်။

Ref:channelnewsasia.com

Related Posts Plugin for WordPress, Blogger...