
ရန်ကုန်၊ သြဂုတ် ၂၉
အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့က ဆီးရီးယားနိုင်ငံကို စစ်ရေးအရ အရေးယူ တိုက်ခိုက်မည်ဆိုသည့် သတင်းကြောင့် ရေနံစိမ်းဈေးနှင့် ကမ္ဘာ့ရွှေဈေးများ မြင့်တက်ခြင်းနှင့်အတူ ပြည်တွင်းရွှေဈေးလည်း ဆက်တိုက် တက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။
သြဂုတ်လ ၂၆ ရက်နေ့က ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၃၉၅ ဒေါ်လာနှင့်
ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၇၁၇,၀၀၀ ကျပ်သာရှိရာမှ သြဂုတ်လ ၂၈ ရက်နေ့တွင် ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၄၁၂ ဒေါ်လာနှင့် ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ၇၂၉,၂၀၀ ကျပ် ဖြစ်သည့်အတွက် နှစ်ရက်အတွင်း ရွှေဈေး ဆက်တိုက်မြင့်တက်ခြင်း ဖြစ်ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ကမ္ဘာ့ရွှေဈေး တစ်အောင်စလျင် ၁၄၅၀ ဒေါ်လာနှင့် ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၅၀,၀၀၀ ဝန်းကျင်အထိ ထပ်မံမြင့်တက်နိုင်ကြောင်း ၎င်းကခန့်မှန်းသည်။
“ပြည်တွင်းရွှေဈေးကော နိုင်ငံတကာ ရွှေဈေးပါ ဆက်မြင့်နိုင်တယ်” ဟု ၎င်းကဆိုသည်။
ပြည်တွင်းရွှေဈေး တက်သောကြောင့် ထုတ်ရောင်းသူများပြီး ဈေးကွက် လှုပ်ရှားနေကြောင်း ရွှေဈေးကွက်အတွင်းထံမှ သိရသည်။
ဆီးရီးယားတွင် ဓာတုလက်နက်များ အသုံးပြုကာ အရပ်သားများကို ချေမှုန်းကြောင်း သေချာလုနီးပါး သတင်းများ ထွက်ပေါ်လာပြီးနောက် စစ်ရေးအရ တုံ့ပြန်ရန် ဗြိတိန်ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။
အရှေ့အလယ်ပိုင်းတွင် စစ်အရိပ်အငွေ့များ သန်းလာပြီး နိုင်ငံရေး မတည်မငြိမ်မှုများ ဖြစ်ပွားမှုကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးမှာလည်း တစ်စည်လျှင် ၁၁၃ ဒသမ ၉၅ ဒေါ်လာဖြင့် ၁၈ လအတွင်း ဈေးအမြင့်ဆုံးသို့ ရောက်ရှိ လာကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက သြဂုတ်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် ရေးသားသည်။
0 comments:
Post a Comment