Saturday, November 2, 2013

တည်သီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ



ရောင်ရမ်းမှု လျော့ကျစေပါတယ်

တည်သီးမှာ ကက်တီချင်နဲ့ ဂယ်လိုကက်တီချင်တို့လို ကျန်းမာရေးအကျိုးပြု အင်တီအောက်ဆီးဒင့်တွေ ပါဝင်တဲ့အပြင် အကျိတ်ပြေပျောက်စေတဲ့ ဘီတူလင်းနစ် အက်စစ်လည်း ပါဝင်ပါတယ်။ ကက်တီချင်ဓာတ်မှာ ကူးစက်ပိုး ကင်းစေတာ၊ ရောင်ရမ်းမှု လျော့ကျစေတာနဲ့ သွေးကြောက သွေးယိုစိမ့်မှု မဖြစ်အောင် ကာကွယ်ပေးတာ စတဲ့ အစွမ်းအာနိသင်တွေ ရှိပါတယ်။

အိုမင်းမှုနဲ့ ရောဂါဝေဒနာတွေကို ဟန့်တားပေးပါတယ်

လတ်ဆတ်တဲ့ တည်သီးတွေမှာ ဗီတာမင်အေ၊ ဘီတာကယ်ရိုတင်း၊ လိုင်ကိုပင်း၊ လူတင်၊ ဇီဇန်သင်းနဲ့ ခရစ်ပတိုဇန်သင်းတို့လို အင်တီအောက်ဆီးဒင့် အများအပြား ပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းတွေ စုပေါင်းပြီး မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးတဲ့အတွက် အိုမင်းမှုကို ဟန့်တားပေးကာ ရောဂါဝေဒနာ အများအပြားရဲ့ ဖြစ်စဉ်ကို နှောင့်နှေးစေပါတယ်။

အသက်ကြီးတာကြောင့် ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှုကို ကာကွယ်ပေးပါတယ်

တည်သီးမှာ ပါဝင်တဲ့ ဇီဇန်သင်းဟာ မျက်စိအာရုံခံလွှာရှိ မက်ကူလာမှာ အင်တီအောက်ဆီးဒင့် ရရှိစေပြီး အသက်ကြီးသူတွေမှာ ဖြစ်တတ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (AMRD) မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ကူးစက်ပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်

တည်သီးမှာ အများအပြား ပါဝင်တဲ့အစွမ်းထက် အင်တီအောက်ဆီးဒင့် ဗီတာမင်စီကြောင့် ကူးစက်တတ်တဲ့ ရောဂါဝေဒနာတွေကို တွန်းလှန်နိုင်ပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

အရေးပါတဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်

လတ်ဆတ်တဲ့ တယ်သီးမှာ ပိုတက်စီယမ်၊ မဂ္ဂနိစ်၊ ကြေးနီ၊ ဖော့စ်ဖရပ်စ် စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သတ္တုဓာတ်ပမာဏ ပါဝင်ပါတယ်။ မဂ္ဂနိစ်ဟာ ဖရီးရယ်ဒီကယ် ဖယ်ရှားရေးမှာ အစွမ်းထက်သလို ကြေးနီကလည်း အရေးပါတဲ့ အင်ဇိုင်းဖြစ်ကာ သွေးနီဥ ထုတ်လုပ်ရေးအတွက် လိုအပ်ပါတယ်။

ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်

တည်သီးဟာ ဝမ်းလျှောတာကို ရပ်စေပြီး ချွေးထွက်နည်းစေကာ သွေးထွက်နေရင် နှေးစေပါတယ်။ ဒါ့အပြင် ဗီတာမင်အေ ပါဝင်မှု မြင့်မားတာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ရှီဗြူတောနဲ့ ဘီတူလင်းနစ် အက်စစ်တို့ ပါဝင်တာကြောင့် ကင်ဆာ ကာကွယ်နိုင်စွမ်း ရှိတယ်လို့လည်း ထင်ကြပါတယ်။

သွေးကြောစနစ်ကို ကျန်းမာစေပါတယ်

တည်သီးမှာ ဂလူးကို့စ်နဲ့ ဖရက်တို့စ် သကြားဓာတ်တို့ အများအပြား ပါဝင်တာကြောင့် သွေးကြောစနစ်ကို ကျန်းမာစေပါတယ်။ ဒါ့အပြင် နှလုံးကြွက်သားတွေကို သန်စွမ်းစေပါတယ်။

ဗီတာမင်ဘီအုပ်စု အများအပြား ပါဝင်ပါတယ်

တည်သီးမှာ ပါဝင်တဲ့ ဖောလစ်အက်စစ်၊ ဗီတာမင် B6၊ သိုင်ယာမင်တို့လို ဗီတာမင်ဘီအုပ်စုဟာ ခန္ဓာကိုယ်ထဲက ဇီဝရုပ် ဖြစ်ပျက်မှုဆိုင်ရာ အင်ဇိုင်းတွေရဲ့ လုပ်ငန်းဆောင်တာမှာ ပါဝင် လုပ်ဆောင်ပေးပါတယ်။

အသားအရေ လှပစေပါတယ်

တည်သီးဟာ အရေပြားအတွက်လည်း ကောင်းမွန်တာကြောင့် မျက်နှာပေါင်းတင်ဆေး အဖြစ် ထည့်သုံးလေ့ ရှိကြပါတယ်။ ပြုလုပ်နည်းကတော့ တည်သီးကို ကြက်ဥအနှစ်၊ သံပရာရည်နဲ့ ရောမွှေပြီး မျက်နှာပြင်အနှံ့ သုတ်လိမ်းပေးပါ။ ၁၀ မိနစ်ကြာမှ ရေဆေးချလိုက်ရင် ချွေးပေါက်ကျယ်တာနဲ့ အရေးကြောင်း ထင်တာတို့ကို လျော့ကျစေပါတယ်။

ကြယ်စင်
Good Health

မျှစ်နဲ့ ကျန်းမာရေး



မြန်မာလူမျိုးတွေက မျှစ်ကို ကြော်ချက်ပြီး ဟင်းလျာအမျိုးမျိုး ပြုလုပ် စားသောက်တတ်ကြပါတယ်။ ဒါပေမယ့် မျှစ်တွေကို ဆေးဆိုးထားတယ် ဆိုတဲ့သတင်း ထွက်လာပြီးနောက်မှာ မျှစ်ကို စားဖို့ လက်တွန့်သွားကြပါတယ်။ ဒါကြောင့် ဆေးမဆိုးထားတဲ့ မျှစ်တွေကို ရွေးချယ် စားသောက်ဖို့ အကြံပြုရင်း မျှစ်ကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေး စွမ်းပကားတွေကို ရေးသားလိုက်ရပါတယ်။

(၁) အစာခြေစနစ်ကျန်းမာ

ခြင်းမျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ မျှစ်ဟာ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကိုလည်း သက်သာစေပါတယ်။

(၂) နာတာရှည်ရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း

မျှစ်မှာ ဖီနောလစ်အက်စစ် များစွာ ပါဝင်မှုကြောင့် ရောင်ရမ်းမှု လျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်း ရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါ အပါအဝင် နာတာရှည် ရောဂါတွေကို လျော့ကျစေပါတယ်။ မျှစ်မှာ ပါဝင်တဲ့ ပိုတက်စီယမ်ဟာလည်း နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၃) ပိုးသတ် အာနိသင်ရှိခြင်း

မျှစ်မှာ ဖိုင်ကိုကမ်မီကယ် များစွာ ပါဝင်တာကြောင့် ဖန်းဂတ်စ်မှိုတား အာနိသင်၊ ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်နဲ့ ကင်ဆာတား အာနိသင်တို့ ရှိကြပါတယ်။

(၄)သွေးဖိအားကို ထိန်းသိမ်းပေးခြင်း

မျှစ်မှာ ပိုက်တက်စီယမ် ပါဝင်မှု များတာကြောင့် သွေးတိုးကို ကျစေပါတယ်။ မျှစ်တစ်ခွက်မှာ တစ်နေ့တာ လိုအပ်တဲ့ ပိုတက်စီယမ် ပမာဏရဲ့ ငါးပုံတစ်ပုံ ပါဝင်နေပါတယ်။

(၅) မကောင်းသော အဆီကို ကျစေခြင်း

မျှစ်ဟာ မကောင်းတဲ့ ကိုလက်စထရော အဆီ (LDL) ကို လျော့ကျစေပါတယ်။ မျှစ်မှာ ကယ်လိုရီပါဝင်မှု လျော့နည်းတာကြောင့် အဝလွန်သူတွေနဲ့ သင့်တော်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် ပါဝင်မှုများပြီး မကြာခဏ ဆာလောင်မှု လျော့နည်းတာကြောင့် ကိုယ်အလေးချိန် ထိန်းနေသူတွေအတွက် သင့်တော်ပါတယ်။ မျှစ်ရည်ဟာ အူလမ်းကြောင်းရှိ သန်ကောင်တွေကို လျော့ကျစေပါတယ်။

(၆) ဝမ်းမှန်မှန်သွားစေခြင်း

မျှစ်မှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် အူလှုပ်ရှားမှုက ကောင်းမွန်စေပြီး နာတာရှည် ဝမ်းချုပ်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မျှစ်တစ်ခွက် စားပေရင် တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ် ပမာဏကို ရရှိစေပါတယ်။

(၇) အမျိုးသမီးများတွင် ရာသီစက်ဝန်း မှန်စေခြင်း

မျှစ်တွေဟာ ရာသီစက်ဝန်းကို လှုံ့ဆော်ပေးပြီး ရာသီမှန်မှန် လာစေပါတယ်။

(၈) သည်းခြေအိတ်ကို ကျန်းမာစေခြင်း

ရိုးရာ ဆေးနည်းအနေနဲ့ မျှစ်ကို သည်းခြေအိတ် ဝေဒနာတွေ လျော့ကျဖို့အတွက် အိမ်သုံးဆေးတစ်လက် အနေနဲ့ အရင်က အသိပြုခဲ့ကြပါတယ်။

(၉) ဒဏ်ရာငယ်များကို သန့်စင်စေခြင်း

မျှစ်ရည်ဟာ ဒဏ်ရာငယ်တွေကို သန့်စင်စေတယ်လို့ သိရပါတယ်။ သန့်ရှင်းတဲ့ မျှစ်ရည်က ဒဏ်ရာအပေါ် လိမ်းပေးရင် အနာကျက် မြန်စေတယ်လို့ တချို့က ယုံကြည်ကြပါတယ်။

(၁၀) သွေးထွက်နေသော လိပ်ခေါင်းကို သက်သာစေခြင်း

လိပ်ခေါင်းက သွေးထွက်နေရင် ဂနိုဆီးပူညောင်းကျရောဂါ ဖြစ်နေလျှင် မျှစ်ကို စားပေးပါက သက်သာစေတယ်လို့ တချို့က ဆိုပါတယ်။



Good Health

" သူတော်ကောင်းအလှူ ငါးမျိုး - "




••••••••••••••••••••••••••••••••••
အလှူဒါနအမျိုးမျိုး-

သူတော်ကောင်းအလှူသည် ငါးမျိုးရှိ၏။

၁။ သဒ္ဓါဒါန။
၂။ သက္ကစ္စဒါန။
၃။ ကာလဒါန။
၎။ အနုဂ္ဂဟိတဒါန။
၅။ အနုပဟစ္စဒါန တို့ဖြစ်ကြသည်။

(၁) သဒ္ဓါဒါန
--------------
ကံ ကံ၏အကျိုးကို ယုံကြည်၍ အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူခြင်းကို သဒ္ဓါဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
ရှုချင်စဖွယ်ရှိ၏။
စိတ်ကြည်လင်ဖွယ်ရှိ၏။
လွန်ကဲသော အဆင်းသဏ္ဍန်နှင့် ပြည့်စုံ၏။

(၂) သက္ကစ္စဒါန
-------------------
လှူဖွယ်ဝတ္ထုကို ကောင်းကောင်းမွန်မွန် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ပြုပြင်၍ အလှူခံပုဂ္ဂိုလ်အား ရိုသေစွာ လှူခြင်းကို သက္ကစ္စဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
သား၊ မယား၊ ကျေးကျွန်၊ အခြွေအရံတို့ မိမိစကားကို နားထောင်တတ်သည်။
တတ်သိနားလည်လွယ်သော ဉာဏ်ရှိသည်။

[လှူဖွယ်ဝတ္ထုကို ကောင်းမွန်စွာ မစီမံဘဲ ဖြစ်ကတတ်ဆန်း လှူသောသူသည် ဖြစ်လေရာ ဘုံဘ၀၌ ဥစ္စာစည်းစိမ် ရှိသော်လည်း သား မယား ကျေးကျွန်တို့အပေါ်၌ မိမိသြဇာ မညောင်းဖြစ်တတ်သည်။]

(၃) ကာလဒါန
-----------------
လှူဖွယ်ပစ္စည်းတို့ကို အချိန်ကာလနှင့် လျော်ညီစွာ လှူဒါန်းခြင်းကို ကာလဒါနဟု ခေါ်ဆိုသည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
အချိန်ကာလနှင့်လျော်စွာ အကျိုးတရား များစွာရနိုင်သည်။
လိုအပ်သောအချိန်၌ လိုအပ်သောပစ္စည်းကို ရတတ်သည်။

[အချိန်အခါမဟုတ်ဘဲ လှူဒါန်းသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း လိုအပ်သောအချိန်၌ လိုအပ်သောပစ္စည်းကို မရတတ်။]

(၄) အနုဂ္ဂဟိတဒါန
----------------------
အလှူခံပုဂ္ဂိုလ်အား ချီးမြောက်လို၍ လှူခြင်းကို အနုဂ္ဂဟိတဒါနဟုခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
ရရှိသော စည်းစိမ်ဥစ္စာအပေါ်၌ သုံးဆောင်လိုစိတ်ရှိသည်။ သုံးလည်းသုံးဆောင်သည်။

[အလှူခံအပေါ် ချီးမြှောက်လိုစိတ်မရှိဘဲ လှူသောသူသည် ဥစ္စာစည်းစိမ်ရှိသော်လည်း မွန်မြတ်သော အသုံးအဆောင်တို့ကို သုံးဆောင်လိုစိတ်မရှိ၊ မသုံးဆောင်ရဘဲလည်း ရှိတတ်သည်။ အညံ့စားတို့ကိုသာ သုံးဆောင်ရတတ်သည်။]

(၅) အနုပဟစ္စဒါန
---------------------
မိမိကိုလည်းကောင်း သူတပါးကိုလည်းကောင်း မငြိစွန်း မထိခိုက်စေဘဲ လှူခြင်းကို အနုပဟစ္စဒါနဟု ခေါ်သည်။

ထိုသူသည် ဖြစ်လေရာ ဘုံဘ၀တို့၌ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ၏။
များသော အသုံးအဆောင်ရှိ၏။
မိမိဥစ္စာကို ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်။
အမွေခံ သားဆိုး သမီးဆိုးတို့ မဖျက်ဆီးနိုင်။

[မိမိနှင့် သူတပါးကို ငြိစွန်းထိခိုက်၍ လှူဒါန်းသူသည် စည်းစိမ်ဥစ္စာရှိသော်လည်း ရန်သူမျိုးငါးပါးတို့၏ နှိပ်စက်ဖျက်ဆီးခြင်းကို ခံရတတ်သည်။]

(ဆောင်ပုဒ် - သဒ္ဓါကြည်ညို၊ ရိုသေလှစွာ၊ အခါကိုသိ၊
ချီးမြှောက်ဘိလျက်၊မထိမပါး၊ ပေးလှူငြား၊
ငါးပါး သပ္ပုရိသ မြတ်ဒါန။)

Dhamma Danã Source ►

ရှောက်ရေနွေး သောက်ရခြင်း၏ အကျိုးကျေးဇူးများ



မနက်အိပ်ရာထခါစမှာ ရေနွေး မတ်ခွက်တစ်ခွက်ထဲကို ရှောက်သီးတစ်စိတ်ညှစ်ပြီး သောက်ပေးရင် အောက်ပါအကျိုး ကျေးဇူးတွေ ရရှိနိုင်ပါတယ်။


၁။ ခုခံအားစနစ် မြှင့်တင်နိုင်ခြင်း

ရှောက်သီးမှာ ဗီတာမင် C နဲ့ ပိုတက်စီယမ်တွေ များစွာ ပါဝင်ပါတယ်။ ဗီတာမင် C ဟာ အအေးမိဝေဒနာကို တွန်းလှန်နိုင်ပြီး ပိုတက်စီယမ်မှာမူ ဦးနှောက်နှင့် အာရုံကြော လုပ်ငန်းဆောင်တာအတွက် လှုံ့ဆော်နိုင်ပြီး သွေးဖိအားကို ထိန်းချုပ်နိုင်ပါတယ်။

၂။ ခန္ဓာကိုယ်၏ pH ဓာတ် ညီမျှစေခြင်း

ရှောက်သီးဟာ အက်စစ်ဓာတ်ပါဝင် နေပေမယ့် ခန္ဓာကိုယ်တွင်းမှာ သူတို့ဟာ အယ်လ်ကာလီ ဖြစ်နေတတ်ပါတယ်။ စီထရစ်အက်စစ်ဖြစ်တဲ့ ရှောက်သီးဟာ ခန္ဓာကိုယ်တွင်း ဇီဝရုပ်ဖြစ်စဉ်မှာ အက်စစ်ဓာတ် ဖြစ်အောင် ဖန်တီးလို့မရနိုင်တာကြောင့်ပါ။ ခန္ဓာကိုယ်တွင် အယ်လ်ကာလီဖြစ်နေတာဟာ ကျန်းမာရေးကောင်းဖို့အတွက် သော့ချက်ပါ။

၃။ ကိုယ်အလေးချိန်ကျဆင်းဖို့ ကူညီနိုင်ခြင်း

ရှောက်သီးမှာ အမျှင်ဓာတ်တွေများစွာ ပါဝင်တာကြောင့် ဆာလောင်မှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် အယ်ကာလီ အစားအစာကို စားသုံးသူတွေဟာ ကိုယ်အလေးချိန် ကျဆင်းနှုန်း မြန်ဆန် တတ်ပါတယ်။

၎။ အစာခြေဖျက်မှုကို ကူညီနိုင်ခြင်း

ရေနွေးဟာ အစာအိမ်နဲ့ အူလမ်းကြောင်းတွင်း လှုံ့ဆော်မှုပေးနိုင်တာကြောင့် အူနံရံမှ ကြွက်သားတွေ လှုပ်ရှားလာစေပါတယ်။ ရှောက်သီးနဲ့ သံပရာသီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်တာကြောင့် အစာခြေလမ်းကြောင်းအတွင်း အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။

၅။ သဘာဝဆီးဆေး ဖြစ်စေခြင်း

ရှောက်ရည်ဟာ ဆီးထွက်များစေတာမို့ ခန္ဓာကိုယ်အတွင်း မလိုလားအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။

၆။ အသားအရေ ကြည်လင်ဝင်းပစေခြင်း

ဗီတာမင် C ဟာ အရေးကြောင်းတွေကို လျော့နည်းစေနိုင်ပြီး အသားအရေ ဝင်းပစေနိုင်ပါတယ်။ ရှောက်ရည်ဟာ သွေးထဲမှ အဆိပ်တွေကို ဖယ်ရှားနိုင်တာကြောင့် အသားအရေ သန့်ရှင်းမှု ရှိစေနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး
Ref: Good Health

ပြင်ဦးလွင် ဟိုတယ် အခန်းအမှတ် (၁၀၁)






ပြင်ဦးလွင်မှာ ဟိုတယ်တစ်ခုရှိတယ်ဗျ..။ နာမည်တော့ ထည့်မရေးတော့ပါဘူး..။ အင်္ဂလိပ်လက်ထက် ကတည်းက ရှိခဲ့တဲ့ဟိုတယ်တစ်ခုပေါ့ဗျာ.. ဒီလောက်ဆို သိမယ်ပါတယ်..။ တစ်ခေါက်က မိသားစုလိုက် ခရီးထွက်ရင်းနဲ့ အဲ့ဒီဟိုတယ်မှာ ၀င်တည်းခဲ့ဖြစ်ကြတယ်..။


ဟိုတယ်ဝန်းထဲ ၀င်ဝင်ချင်းပဲ ကျွန်တော့် ကိုယ်ပေါ်က ထူးဆန်းစွာ ကြက်သီးမွေးညှင်းတွေ ထလာတာကို သိလိုက်ရတယ်..။ ကျွန်တော် သိလိုက်ပြီ..။ ဒီဟိုတယ်မှာ တစ်ခုခုတော့ ရှိနေပြီ…။ ပြီးတော့ ကျွန်တော့် စိတ်ထင်နေလို့လား မသိဘူး…။ ဟိုတယ်က လူသူကင်းမဲ့ပြီး ခြောက်ကပ်နေတယ်လို့ ခံစားမိတယ်..။ ဒါနဲ့ပဲ Reception မှာ Check-In ၀င်တော့ မနေနိုင်ပဲ မေးမိသေးတယ်…။


"ခရီးသွားရာသီ မဟုတ်တော့ လူပါးနေတာပါ…" တဲ့..။


အဖြေက လက်ခံနိုင်စရာရှိတာကြောင့် ကျွန်တော်လည်း ငါကိုက အတွေးလွန်နေတာ ပါလေလို့ ဖြေသိမ့်လိုက်တယ်…။ ဒါနဲ့ပဲ အခန်းတွေ လိုက်ပြပေးဖို့ဆိုပြီး အဆောင် တစ်ခုကို ခေါ်သွားတယ်..။ ကျွန်တော် သိသလောက်တော့ အဲ့ဒီအဆောင်က ၀န်းကြီးကျင် ညာဘက်ထောင့်ဆုံး မှာ ရှိတယ်ဗျ..။ သီးသန့်ကြီး ရှိနေတဲ့ အဆောင်ကြီးပေါ့..။ သွားရင်းနဲ့ ကျွန်တော်လေ့လာကြည့်မိသလောက် ဒီအဆောင်ကြီးကို အင်္ဂလိပ်ခေတ်ထဲက တည်ဆောက်ထားပုံရတယ်..။ သစ်သားတွေကိုပဲ အများဆုံး အသုံးပြုထားပြီး ဒီဘက်ခေတ်မှာ အနည်းငယ်သာ ပြန်မွန်းမံထားတယ်လို့ ယူဆရတယ်..။


အဲ့ဒီအဆောင်ထဲ ၀င်လိုက်ချင်းပဲ ကျွန်တော် ကြက်သီးတွေ ထလာပြန်တယ်..။ အဆောင်စောင့်တဲ့ ကောင်လေး တစ်ယောက် ပြေးလာပြီး ဟိုတယ်ဝန်ထမ်းနဲ့ စကားတွေ ပြောကြတယ်..။ ပြီးတော့ ကျွန်တော်တို့ကို အပေါ် ထပ်ကို ခေါ်သွားတယ်..။ အဆောင်တစ်ခုလည်း တိတ်ဆိတ်ငြိမ်သက်နေပြီး ကြမ်းခင်းပေါ်မှာ ကျွန်တော်တို့ရဲ့ လမ်းလျှောက်တဲ့ခြေသံ "တကျွီကျွီ" က ကျယ်လှောင်စွာ ထွက်နေတယ်..။ ဒီလိုနဲ့ အဖေနဲ့အမေက တစ်ခန်း ကျွန်တော်က တစ်ခန်း ကပ်လျက် အခန်း ၂ ခန်းကို ယူလိုက်ကြတယ်..။


"အစ်ကို ဒီအခန်းမှာ နေမလို့လား.."


"ဟုတ်တယ်လေ… ဘာလို့လဲ.."


"သြော်..ဘာမှမဟုတ်ပါဘူး..ဒီအခန်းထဲမှာ အခန်းတစ်ခန်း အပိုရှိတယ်..အဲ့ဒါကို မဖွင့်ပါနဲ့လို့ ပြောမလို့ပါ.."


"ဟင် …. အခန်းအပို ဟုတ်လား… ဘယ်မှာလဲ…? "


ဟိုတယ်ဝန်ထမ်းက အိမ်သာအခန်းလောက်ပဲ ကျယ်တဲ့ အခန်းတစ်ခန်းကို လိုက်ပြတယ်..။ ကျွန်တော့်ရဲ့ ကုတင် ခြေရင်းလောက်မှာ ရှိတာပါ…။ သံကြိုးနဲ့ သော့တစ်လုံးနဲ့လည်း အခန်းကို အကျအန ခတ်ထားပါသေးတယ်..။


"မင်းဟာက သော့ခတ်ထားတာပဲ..ဖွင့်ချင်ရင်တော့ ဖွင့်လို့မရပါဘူး.."


"အရင်က သော့မခတ်ထားပါဘူး… ခုမှ ဘာလို့ခတ်လိုက်လဲ မသိဘူး…"


ပြောပြောဆိုဆို ကျွန်တော်တို့ကို နှုတ်ဆက်ပြီး ဟိုတယ်ဝန်ထမ်းက အလောတကြီး ပြန်သွားခဲ့သည်။ အချိန်က နေ့လည် ၂း၀၀ နာရီလောက်ပဲ ရှိသေးပေမယ့် ခရီးကလည်း ပန်းလာတာကြောင့် တစ်ရေးတစ်မော အိပ်စက်ချင်တာကြောင့် အမေတို့ကို ပြောပြီး အိပ်စက်လိုက်သည်။
ရုတ်တရက် နိုးလာတော့ ညနေ (၅း၀၀) နာရီထိုးနေပြီ..။ အဖေနဲ့အမေ အခန်းကို သွားကြည့်တော့ မရှိ.. ။ အပြင်ထွက်သွားပြီ ထင်သည်။ ဖုန်းဆက်ကြည့်လိုက်တော့…


"သားရေ… အမေတို့ ဒီက အသိတစ်ယောက်အိမ်မှာ .. သားအိပ်နေတာနဲ့ မနှိုးတော့တာ..သား လိုက်ချင်လိုက်ခဲ့လေ.. အမေတို့တော့ ဒီည ပြန်လာချင်မှ ပြန်လာဖြစ်မယ်.. ညတစ်အားနက်သွားရင် ဒီမှာပဲ အိပ်လိုက်တော့မယ်… သားတစ်ယောက်တည်း နေရဲလား..အဲ့ဒီမှာ…"


"ဟုတ်…မလိုက်လာတော့ဘူး…သားနေရဲပါတယ်….."


ဗိုက်ကဆာလာတာကြောင့် အစောင့်ကောင်လေးကို လိုက်ရှာလိုက်သည်။


"ညီလေး..ဒီနားမှာ ဘာစားစရာရှိလဲ.."


"ဟိုးဘက်နားမှာ ထမင်းဆိုင်ရှိတယ်… ကျွန်တော် ပြန်တော့မှာ..ကျွန်တော်နဲ့ လိုက်ခဲ့လေ.. လိုက်ပြပေးမယ်.."


"ဟင်.. မင်းက ပြန်တော့မှာလား.. ဒီမှာစောင့်ရတာ မဟုတ်ဘူးလား.."


"ကျွန်တော်က နေ့ပဲ စောင့်တာ.. ညစောင့်တော့ မထားတာကြာပြီလေ…"


"သြော်…" ကျွန်တော် ဆက်မေးချင်ပေမယ့်လည်း မမေးဖြစ်ခဲ့..။ တော်ကြာ ကြောက်တတ်လှချေလားလို့ အထင်မခံနိုင်…။


ဒီလိုနဲ့ ထမင်းစားပြီး ဟိုတယ်ပြန်ရောက်တော့ ည၈း၀၀ နာရီထိုးပြီ..။ ဘာမှလုပ်စရာမရှိတာနဲ့ Laptop ဖွင့်ပြီး တွေ့ရာ ဗွီဒီယိုတစ်ဖိုင်ကို ဖွင့်လိုက်သည်။ Evil Dead …။ မဖြစ်သေးပါဘူး… ကိုယ်က တစ်ယောက်တည်းပါဆိုမှ သရဲကားနဲ့ လာတိုးနေတယ်..။ နောက်တစ်ဖိုင်ဖွင့်လိုက်သည်။ Walking Dead ..။ ဖွင့်သမျှ သရဲကားတွေချည်းဖြစ်နေတော့သည်။ ကိုယ့် laptop ထဲလည်း သရဲကားတွေပဲ စုထည့်ထားမိသည်ကိုး..။ နောက်ဆုံးတော့ ဘာမှမကြည့်တော့ပဲ laptop ပိတ်ပြီး အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။


အိပ်ခါနီး ဘုရားရှိခိုးပြီး မေတ္တာပို့အမျှဝေတော့ ကြက်သီးတစ်ကြိမ် ထလိုက်သေးသည်..။ ဘာမှ ထွေထွေထူးထူး မစဉ်းစားပဲ အိပ်ယာဝင်လိုက်သည်။ ဒီလိုနဲ့ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားသည် မသိ…. နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချိန်မှာ


"အဟစ်…အဟစ်…အဟစ်…."


"ဟိ…ဟိ…ဟိ…ဟိ…"


ဟင်…. ကလေးနှစ်ယောက်ရဲ့ ရီသံ..။ တိတိကျကျပြောရရင်.. ကောင်မလေးတစ်ယောက်နဲ့ ကောင်လေး တစ်ယောက်ရဲ့ ရီသံ…။ ကျွန်တော် မျက်လုံးမဖွင့်…။ ဒါပေမယ့် အိပ်ပျော်နေသည် မဟုတ်…။ ကျွန်တော် ကြားနေတာ ကျွန်တော်သိသည်။ ဒီရီသံတွေကို ကျွန်တော်ကုတင်ခြေရင်းကနေ ကြားနေရခြင်းဖြစ်သည်။ တိတိကျကျဆိုရရင် ဟိုအခန်းထဲကနေ ထွက်လာခြင်း..။


"ဟိ..ဟိ..ဟိ…ဟိ… အဟစ်…ဟစ်…ဟစ်…"


ကျွန်တော် စိတ်မထိန်းနိုင်တော့ပဲ အိပ်နေရင်းကနေ မျက်လုံးလေး အသာဖွင့်ပြီး ခြေရင်းက အခန်းကို ကြည့်လိုက် မိသည်။


ဟင်…။ သော့…သံကြိုး…။ တစ်ခုမှ မရှိတော့ပါလား…။ နေ့ခင်းက တွေ့ခဲ့သည့် သော့နဲ့သံကြိုး မရှိတော့..။ တံခါးမှ စေ့သာထားသည့် ပုံစံဖြစ်နေသလို အခန်းထဲမှ အလင်းရောင်အနည်းငယ်က အပြင်သို့ ဖြာထွက်နေသည်။ ကျွန်တော် ကုတင်ပေါ်က အသာထလိုက်သည်။ ပြီးတော့ အသံမထွက်အောင် ခြေဖျားထောက်ပြီး ဟနေတဲ့တံခါးကနေ အခန်းတွင်းကို ချောင်းကြည့်လိုက်သည်။ အခန်းအတွင်းမှာက….


အသက် ၅ နှစ်နဲ့ ၆ နှစ်ကြားမှာ ရှိတဲ့ အင်္ဂလိပ်လူမျိုး ကောင်ေ လးနဲ့ ကောင်မလေး နှစ်ယောက် ဆော့ကစားနေကြသည်။ ကျွန်တော် မယုံ…။ မျက်လုံးကို သေချာပွတ်ပြီး ပြန်ကြည့်ကြည့်သည်။ ကောင်လေးနဲ့ ကောင်မလေးကိုတွေ့ဆဲပင်… ကျွန်တော် အံ့အားသင့်စွာ ကြောင်ပြီး ငေးကြည့်နေမိသည်။ သူတို့ဆော့ကစားနေ ရင်းမှ ကောင်လေးက ကောင်မလေးလက်ကို ဆွဲလိုက်သည်။ ဒါပေမယ့် လူမပါလာပဲ ကောင်မလေး လက်ချည်းသက်သက်သာ ကောင်လေးဆီပါလာသည်။


"အောင်မလေးဗျ…."


ကျွန်တော်လန့်ပြီး အော်လိုက်မိသည်။ ကောင်လေးနဲ့ ကောင်မလေးတို့ရဲ့ မျက်လုံးအစုံက ကျွန်တော်ချောင်း ကြည့်နေတဲ့ တံခါးကြားသို့ ရောက်လာသည်။ သူတို့ရဲ့မျက်လုံးတွေက အသက်မပါတဲ့ အရုပ်မျက်လုံးတွေလို တံခါးကြားက ကျွန်တော့်မျက်လုံးနဲ့ ဆုံမိကြသည်။


"အားးးးးး…"


ကျွန်တော် ဘာမှ မစဉ်းစားတော့ပဲ… အခန်းပြင် ကိုထွက်ပြေး သည်။ အောက်ထပ်ကို ပြေးဆင်းသည်။ အောက်ထပ်ရောက်တော့ အပေါ်ထပ်က "တကျွီကျွီ" နဲ့ ခြေသံများကို ထပ်မံကြားရသည်။ သေချာပြီ..။ ကျွန်တော့် နောက်ကို တစ်စုံတစ်ခု လိုက်နေပြီ..။ အပြင်ထွက်ဖို့ တံခါးဆီကို ကျွန်တော်ပြေးသည်။ ကျွန်တော် တံခါးဖွင့်ဖို့ လုပ်နေတုန်း. အပေါ်က ခြေသံတွေက အောက်ကို ရောက်လာပြီ..။ ကျွန်တော် လှည့်ကြည့်လိုက် တော့ ဟို ကလေး နှစ်ယောက်….။ အရေးထဲ အဆောင်တံခါးက ဖွင့်လို့မရ ကြပ်နေသည်။ နောက်ဆုံး တံခါး ဖွင့်လို့ရတော့ အပြင်ကိုပြေးထွက်သည်။ အပြင်မှာလည်း မှောင်မည်းနေပြီး ဘာကိုမှ သည်းသည်းကွဲကွဲမမြင်ရ..။ နောက်ကိုလှည့်ကြည့်တော့ ဟိုကလေးနှစ်ယောက် လိုက်လာသေးသည်။ ဒါနဲ့ ခြံဝန်းတံခါးဆီကိုကျွန်တော် ပြေးသည်။ ကံဆိုးစွာ ခြံဝန်းတံခါးက သော့ခတ်ထားသည်။ မတတ်နိုင်..။ ခြံဝန်းကို ကျွန်တော် ခုန်ကျော်လိုက်သည်။ လမ်းမကြီးပေါ်ကို ရောက်တော့ လမ်းမီးတွေ ထိန်ထိန်သာနေတာကြောင့် အနည်းငယ်အားရှိသွားသည်။ ကလေးနှစ်ယောက်ကတော့ ဆက်မလိုက်လာတော့ပဲ ခြံဝန်းတစ်ခါးကို ကိုင်ပြီး ကျွန်တော့်ကို မျက်လုံး သေတွေနဲ့ ကြည့်နေကြသည်။


ကျွန်တော် ထိုနေရာက အမြန်ပြေးထွက်ခဲ့ပြီး…. ပြင်ဦးလွင် ဗိုလ်သင်တန်းကျောင်းရဲ့အရှေ့က ရုပ်ထုကြီးတွေ အောက်မှာ ထိုင်ပြီး မိုးအလင်းကို စောင့်နေခဲ့ရသည်။ နောက်နေ့ မနက်လင်းလင်းချင်းပဲ P.C.O ကနေ အမေတို့ဆီကို ဖုန်းဆက် အထုတ်အပိုးတွေ ပြန်ယူပြီး အဆိုပါ ဟိုတယ်ကနေ အပြီးပြောင်းခဲ့လေတော့သည်။


သြော်…မေ့လို့… ကျွန်တော် တည်းခဲ့ရတဲ့ အခန်း နံပါတ်က….101…ပါ…။ အခန်းအပိုရှိတဲ့ အခန်းဆိုရင် အဲ့ဒီ ဟိုတယ်က ၀န်ထမ်းတွေ အကုန်သိပါတယ်..။ မယုံရင်တော့ သွားပြီး တည်းကြည့်စေချင်ပါတယ်ဗျာ..။


အောင်ထွန်းဦး

နိုင်ငံရေး ဆွေးနွေးရန် အာမခံချက်ရှိမှ အပစ်ရပ်စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်များ လက်မှတ်ထိုးမည်




နိုဝင်ဘာ ၁ ရက်က ပြုလုပ်သော လိုင်ဇာထိပ်သီး ဆွေးနွေးပွဲတွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းနှင့် တာဝန်ရှိသူ အချို့တို့ကို တွေ့ရစဉ်

နိုင်ငံရေး ဆွေးနွေးရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲအတွက် အာမခံချက်ရှိမှ အစိုးရဘက်က လိုလားသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်များက လက်မှတ်ထိုးမည်ဟု လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်များက အကျေအလည် ဆွေးနွေးခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ ပါဝင်တက်ရောက် ဆွေးနွေးနေသော လိုင်ဇာထိပ်သီး ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေးကိစ္စကို ဦးစားပေး ဆွေးနွေးလိုသော အဖွဲ့များ၊ အပစ်ရပ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲကို ပူးတွဲလုပ်ဆောင်လိုသော အဖွဲ့များဟူ၍ ကွဲပြားမှုရှိခဲ့ပြီး အဆုံးသတ်အားဖြင့် အပစ်ရပ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲသည် ခွဲခြား၍မရဟု ဆုံးဖြတ်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

''အဓိကကတော့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်စာချုပ် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပတ်သက်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ဒါကို ဆွေးနွေးတယ်။ နိုင်ငံရေး ဆွေးနွေးပွဲနဲ့ အပစ်အခတ် ရပ်စဲရေး ခွဲလို့မရဘူး'' ဟု အပစ်ရပ်ရေးအပေါ် တိုင်းရင်းသားများ၏ ဘုံသဘောထားကို ဦးဆောင် ရေးဆွဲခဲ့သော ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းက နိုဝင်ဘာ ၁ ရက်တွင် ပြောကြားသည်။

''လက်ရှိအခြေအနေအရ အပစ်ရပ်နဲ့ နိုင်ငံရေး ဘယ်ဟာကို ဦးစားပေး ဆွေးနွေးနေသလဲ။ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ ချဉ်းကပ်မှုနဲ့ ကျွန်တော်တို့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ အဲဒီချဉ်းကပ်မှု ထဲမှာတော့ ကျွန်တော်တို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး မလုပ်ဘဲနဲ့ နိုင်ငံရေးဆွေးနွေးပွဲက မစနိုင်ဘူး။ ဒါပေမဲ့ နိုင်ငံရေး ဆွေးနွေးပွဲကို အာမခံချက် မရှိဘဲနဲ့လည်း ကျွန်တော်တို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကို လက်မှတ် မထိုးနိုင်ဘူး။ အဲဒါဒွန်တွဲနေတယ်။ ဆက်စပ်မှု ရှိနေတယ်။ ဒါပေမဲ့ ပထမကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးပဲ ဖြစ်ပါတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။

နိုင်ငံရေး ဆွေးနွေးရာတွင် မပါမဖြစ် ပါရမည့်အချက်မှာ ပင်လုံစိတ်ဓာတ်ကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးပင် ဖြစ်ကြောင်း ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောကြားသည်။

''မပါမဖြစ် ပါရမယ့် အချက်ကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးအားလုံး နှစ်ပေါင်း ၆၀ ကြွေးကြော်လာတဲ့ ပြည်ထောင်စုကို ပင်လုံစိတ်ဓာတ်၊ ပင်လုံမူနဲ့ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုစနစ်နဲ ပြန်လည် ထူထောင်ရမယ်။ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးအားလုံး ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်အားလုံးကို ဒီမိုကရေစီ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ပေးတဲ့ ပြည်နယ်တွေ ဖွဲ့စည်းပြီးတော့ ပြည်ထောင်စု ပြန်လည်တည်ထောင် သင့်တယ်ဆိုတာပါပဲ ဖြစ်ပါတယ်'' ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းက ဆိုသည်။

လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲတွင် အပစ်ရပ် စာချုပ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ သဘောထားကို ဆုံးဖြတ်ချက် ချမည်ဖြစ်ပြီး ထိုသဘောထားကို လက်ခံခြင်း၊ လက်မခံခြင်းမှာ အစိုးရနှင့် သက်ဆိုင်မည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ တွဲဖက် အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက နိုဝင်ဘာ ၁ ရက်တွင် ပြောကြားသည်။

''မြစ်ကြီးနားမှာ အစိုးရကို ရှင်းပြသွားမှာပါ။ ဆွေးနွေးလို့တော့ မရသေးပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပြောတဲ့ဟာတွေများတော့ သူကလည်း ချက်ချင်းရတယ်၊ မရဘူး တုံ့ပြန်နိုင်မှာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ကတော့ ဒါတွေအားလုံး ညီညီညွတ်ညွတ်နဲ့ ရထားတယ်ဗျာဆိုပြီး ရှင်းပြရုံပေါ့'' ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

ယခုထိပ်သီး ဆွေးနွေးပွဲရလဒ်ကို အစိုးရက လက်ခံမည်ဆိုပါက နိုဝင်ဘာလအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ ဖြစ်လာရန် ရှိ၊ မရှိ ဆိုသည်မှာလည်း အစိုးရ အပေါ်တွင်သာ မူတည်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

''အစိုးရပေါ် မူတည်တယ်။ ကျွန်တော်တို့ ပေးလိုက်တဲ့ဟာကို အားလုံးကောင်းတယ်၊ လက်ခံတယ်၊ သမ္မတကြီးလည်း လက်မှတ်ထိုးမယ်ဆိုရင် ဖြစ်နိုင်တယ်။ ကျွန်တော်တို့ ဘက်ကတော့ ပြဿနာ မရှိဘူးလေ။ ကျွန်တော်တို့ လိုချင်တာ ရေးထားပြီးပြီကိုး။ ပြဿနာက အစိုးရဘက်မှာ ရှိတာပေါ့။ ဒါတို့လည်း တူတယ်ကွာ၊ ဒါမှမဟုတ် လိုတိုး ပိုလျှော့ လုပ်မယ်ဆိုရင်လည်း ဒါသူတို့အပေါ် မူတည်တာပေါ့။ ကျွန်တော်တို့ကတော့ ပစ္စည်း ရောင်းသလိုပေါ့။ ဈေးကို ပြောလိုက်ပြီလေ။ သူတို့ဝယ်နိုင်ရင်ဝယ်။ ၀ယ်နိုင်ရင် အရောင်းအ၀ယ်ဖြစ်ရင် လက်မှတ်ထိုးပေါ့'' ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

ချင်းအမျိုးသားတပ်ဦး (CNF) ၏ အဓိပတိကောင်စီဝင်ဖြစ်ပြီး တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ(WGEC) အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက နိုဝင်ဘာ ၁ ရက်တွင် ထုတ်လွှင့်ခဲ့သော သမ္မတမိန့်ခွန်းတွင် လိုင်ဇာထိပ်သီး ဆွေးနွေးပွဲကို အကောင်းဘက်မှ မျှော်လင့်ကြောင်း ထည့်သွင်းပြောဆိုခြင်းကို ၀မ်းသာကြောင်း ပြောကြားသည်။

''ကျွန်တော်တို့ ၀မ်းသာပါတယ်။ ကျွန်တော်တို့လည်း အကောင်းဆုံး ဖြစ်လာဖို့ ကြိုးစားနေပါတယ်။ သူမျှော်လင့်တဲ့အတိုင်း ပြည် သူလူထုအားလုံး မျှော်လင့်တဲ့အတိုင်း ကျွန်တော်တို့ အကောင်းဆုံးရလဒ်ကို ဒီကနေ ထုတ်နိုင်မယ်လို့ ကျွန်တော်တို့ အများကြီး မျှော်လင့်ပါတယ်'' ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်းက ဆိုသည်။

သို့သော် ယခုဆွေးနွေးပွဲအပြီး မြစ်ကြီးနားတွင် ပြုလုပ်ရန်ရှိသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်သည့် တိုင်းရင်းသား လက်နက်ကိုင် အားလုံးတက်မည်၊ မတက်မည် ဆိုသည်ကို ဆက်လက် ဆွေးနွေးနေကြောင်း နိုဝင်ဘာ ၁ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။

''မြစ်ကြီးနားကို အားလုံးတက်ဖို့ကတော့ အားလုံးသွားပြီး တက်မလား။ စုပေါင်းပြီးတော့ တချို့တစ်ဝက် တက်မလား။ အရေးကြီးတဲ့ ခေါင်းဆောင်လောက်ပဲ တက်မလားဆိုတာ ကျွန်တော်တို့ ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်'' ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။

EMG

တစ်ဦးလျှင် ကျပ် ၃၀၀ နှုန်းဖြင့် မြို့ပတ်အထူး ရထားတွဲသစ် စတင်ပြေးဆွဲ




စတင်ပြေးဆွဲသော အဆင့်မြှင့်တင် ထားသည့် မြို့ပတ်ရထားဖြင့် ခရီးသွားနေသော ကမ္ဘာ့လှည့် ခရီးသွားများအား တွေ့ရစဉ် (ဓာတ်ပုံ -ကြည်နိုင်)

ပြည်တွင်းရထားများကို အဆင့်မြှင့်တင် ထားသော ၃၀၀ တန် မြို့ပတ်အထူး ရထားတွဲသစ်ကို နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းတွင် စတင်ပြေးဆွဲခဲ့ပြီး ခရီးသည်များ စိတ်ဝင်တစား လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထားမှ မူလက ပြေးဆွဲနေသော ' ဇ ' ရိုးရိုးရထားမှ တွဲဆိုင်းများအစား မြစ်ငယ်ရထားတွဲ စက်ရုံမှ အဆင့်မြှင့်ထားသာ တွဲသေး ၆ တွဲကို တစ်ဆက်တည်း ဖြစ်အောင် ပြုပြင်ပြင်ဆင် ပြေးဆွဲခြင်း ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ ရထားတွဲဆိုင်းတွေကို တစ်ဆက်တည်း ဖြစ်အောင် ပြုလုပ်ထားပြီး ခရီးသည်တွေ သက်သောင့်သက်သာ ဖြစ်အောင် ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ဒီနေ့ရထားသစ် ပြေးဆွဲမှုကို မီးရထားဝန်ကြီး ကိုယ်တိုင် မနက်က လာရောက်ဖွင့်လှစ် ပေးသွားပါတယ်။ ခရီးသည် စီးနင်းမှုကတော့ အစနေ့ဆိုပေမဲ့ တွဲဆိုင်းအပြည့် လိုက်ပါစီးနင်း ကြတာကို တွေ့ရပါတယ်'' ဟု အဆိုပါ မြို့ပတ်အထူး ရထားမှ လက်မှတ်စစ်အုပ် ဦးခင်မောင်ထွန်းက ပြောကြားခဲ့သည်။

ယင်း ၃၀၀ တန် မြို့ပတ်အထူး ရထားတွဲသစ်တွင် ထိုင်ခုံများကို ဖိုင်ဘာခုံတန်း ရှည်များဖြင့် အစားထိုးပြီး တွဲဆိုင်းသေး တစ်ခုတွင် ပန်ကာ ၆ လုံးထိ တပ်ဆင်ထားသည်ကို တွေ့ရှိရသည်။

စီးနင်းခအဖြစ် ခရီးသည် တစ်ဦးလျှင် ၃၀၀ ကျပ်အဖြစ် သတ်မှတ်ထားပြီး နိုင်ငံခြားသား ခရီးသည် တစ်ဦးကိုမူ (၁) ဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။ ''အခုလို မြို့ပတ်ရထားကို အဆင့်မြှင့်ပြီး ပန်ကာတွေ၊ လက်ကိုင်တွေ တပ်လိုက်တော့ စီးရတာ သက်သောင့်သက်သာ ရှိပါတယ်။ ဒါပေမဲ့ ဈေးနှုန်းကတော့ ဒီထက်ပိုလျှော့ချ ပေးနိုင်ရင် ခရီးသွားတွေ ရထားကိုပဲ အာရုံစိုက် စီးလာနိုင်တယ်။ ကားကျတော့ လမ်းကျပ်လို့ ဘယ်အချိန် ရောက်မယ်မှန်း မသိဘူး'' ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။

Myanmar Handsome အထည်ချုပ်စက်ရုံ အလုပ်သမားများမှ တောင်းဆိုချက် လေးချက် ညှိနှိုင်းမရသရွေ့ ဆက်လက် သပိတ်မှောက် သွားမည်ဟုဆို

 Created on Saturday, 02 November 2013


Myanmar Handsome အထည်ချုပ်စက်ရုံ ရှေ့တွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်းအား နိုဝင်ဘာ ၁ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရှိ Myanmar Handsome အထည်ချုပ် စက်ရုံမှ သပိတ်မှောက် အလုပ်သမား ၃၀၀ ကျော်မှာ ဒုတိယနေ့အဖြစ် ဆက်လက် သပိတ်မှောက်ခဲ့ကြပြီး အလုပ်သမားများဘက်မှ တောင်းဆိုသည့် တောင်းဆိုချက် လေးချက်အား ညှိနှိုင်းမရသရွေ့ ဆက်လက် တောင်းဆို သပိတ်မှောက် သွားမည်ဖြစ်ကြောင်း အလုပ်သမား ခေါင်းဆောင်များက The Daily Eleven သတင်းစာသို့ နိုဝင်ဘာ ၁ ရက်က ပြောကြားခဲ့သည်။

အဆိုပါ သပိတ်စခန်းကို ယင်းစက်ရုံ ရှေ့တွင် အောက်တိုဘာ ၃၁ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ကာ (၁) အကြောင်းမဲ့ အလုပ်ဖြုတ်ခဲ့သည့် ကိုစည်သူမင်းအား အလုပ်ပြန်ခန့်ပေးရေး၊ (၂) ယခင်ချုပ်ဆိုထားသည့် စာချုပ်ပါ အခွင့်အရေးအတိုင်း အပြည့်အ၀ ရရှိရန် (၃) စီစီတီဗွီ ကင်မရာများအား လုပ်ငန်းခွင်နှင့် သက်ဆိုင်သည့် နေရာများတွင်သာ တပ်ဆင်ထားရှိရေးနှင့် ညှိနှိုင်းဆဲ ကာလအတွင်း လုပ်အားခနှင့် အလုပ်သမား အခွင့်အရေးများ အပြည့်အ၀ပေးရန် စသည့် အချက်လေးချက်အား တောင်းဆိုလျက် ရှိကြောင်း သိရသည်။

အလုပ်သမား ခေါင်းဆောင် မနုနုလွင်က ''ကျွန်မတို့ သပိတ်မှောက်တယ် ဆိုတာကကို စည်သူမင်းကို အငြိုးအတေးထားပြီး အကြောင်းပြချက် မရှိဘဲ အလုပ်ဖြုတ် လိုက်တာကို ပြန်ခန့်ပေးဖို့ရယ် စက်ရုံဝင်းထဲမှာ တပ်ဆင်ထားတဲ့ စီစီတီဗွီ ကင်မရာတွေကို အလုပ်နဲ့ သက်ဆိုင်တဲ့ နေရာတွေမှာပဲ တပ်ဆင်ဖို့ အဓိက တောင်းဆိုတာပါ'' ဟု ဆိုသည်။

အခြားသပိတ်မှောက် အလုပ်သမား တစ်ဦးဖြစ်သူ မဖြူစင်ကလည်း ''အလုပ်သမား ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ကိုစည်သူမင်းကို အိမ်သာသွားတာ ကြာတယ်ဆိုပြီး အပြစ်မရှိ အပြစ်ရှာတယ်။ နောက် စူပါနဲ့ စကားများပြီး သူ့ကိုလက်မှတ် ထိုးခိုင်းပြီး အလုပ်ထုတ် လိုက်တဲ့အတွက် ပြန်ခန့်ပေးဖို့ အောက်တိုဘာ ၂၈ ရက်ကစပြီး စက်ရုံထမင်းစား ဆောင်ထဲမှာ သုံးရက်ဆန္ဒပြ တောင်းဆိုတာ မရတဲ့အတွက် အပြင်မှာ သပိတ်စခန်းဖွင့်ပြီး တောင်းဆိုရတာပါ'' ဟု ပြောကြားခဲ့သည်။

ထို့အပြင် ယင်းစက်ရုံ၌ အလုပ်သမားများအား စောင့်ကြည့်ရန် အတွက် စီစီတီဗွီ ကင်မရာများအား မိန်းကလေးအိမ်သာ ကော်ရစ်တာအထိ တပ်ဆင်ထားပြီး ယင်းကင်မရာ မှတ်တမ်းများကို စောင့်ကြည့်ရန် အတွက် တရုတ်အမျိုးသား တစ်ဦးအား ငှားရမ်းတာဝန် ပေးထားကြောင်း စက်ရုံအလုပ်သမားများက ပြောကြားသည်။

EMG

မြန်မာအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာကြောင့် သေဆုံးနှုန်း နှစ်ဆတိုးမြင့်လာနိုင်

 Created on Friday, 01 November 2013

ဦးလှထွန်း မေတ္တာရိပ်မွန်(ကင်ဆာ) ဖောင်ဒေးရှင်းတွင် တက်ရောက် ကုသနေသည့် ဝေဒနာရှင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လာမည့်နှစ်နှစ်အတွင်း ကင်ဆာကြောင့် သေဆုံးနှုန်း နှစ်ဆတိုးမြင့် လာနိုင်ဟု ''ကင်ဆာရောဂါ ကင်းစင်ရေး အသိပညာဖြင့် ကာကွယ်ပေး'' ကျန်းမာရေး ဟောပြောပွဲတွင် ကင်ဆာအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစိုးအောင်က ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ကင်ဆာဖြစ်ပွားသူ ဦးရေ နှစ်စဉ်မြင့်တက်လာပြီး ခန့်မှန်းခြေ လူဦးရေ တစ်သိန်းတွင် ကင်ဆာဖြစ်ပွားသူ ၁၅၀ ခန့် ရှိကြောင်းနှင့် မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကင်ဆာကြောင့် သေဆုံးသူဦးရေမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ခန့်မှန်းတွက်ချက်မှု များအရ လူဦးရေ သုံးသန်းအထက်တွင် ရှိနေကြောင်း၊ ကင်ဆာဖြစ်ပွားရခြင်း အကြောင်းအရင်း များအနက် အစားအသောက်ကြောင့် ဖြစ်ပွားနှုန်းမှာ ၃၅ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးနေရာတွင် ရှိနေပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ၃၀ ရာခိုင်နှုန်း၊ ဗိုင်းရပ်စ်ပိုးများကြောင့် ၁၀ ရာခိုင်နှုန်းနှင့် လိင်ဆက်ဆံမှုများကြောင့် ၇ ရာခိုင်နှုန်း အသီးသီး ရှိနေသည်။

ထို့ပြင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ခန့်မှန်းတွက်ချက်မှု များအရ လာမည့်နှစ်များတွင် တစ်ကမ္ဘာလုံး၌ လူလေးဦးတွင် တစ်ဦးနှုန်း ကင်ဆာဖြစ်ပွား လာနိုင်သည်ဟု ထုတ်ပြန်ထားကြောင်းနှင့် လူတစ်ဦးချင်း အနေဖြင့် ကင်ဆာဖြစ်ပွား နိုင်ခြေမှာ ပုံမှန်အားဖြင့် ၂၅ ရာခိုင်နှုန်းခန့်သာ ရှိနေသော်လည်း ပြောင်းလဲလာသည့် လူနေမှုပုံစံများကြောင့် ကင်ဆာဖြစ်နှုန်းများမှာ နိုင်ငံတိုင်းတွင် တဖြည်းဖြည်း မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကင်ဆာဝေဒနာရှင်များကို ကုသပေးနေသည့် ကင်ဆာဌာနကြီး သုံးခုဖြစ်သည့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ မန္တလေးပြည်သူ့ ဆေးရုံကြီးနှင့် တောင်ကြီး စပ်စံထွန်း ဆေးရုံကြီးများတွင် တစ်နှစ်လျှင် ပျမ်းမျှလူနာသစ် ခုနှစ်ထောင်ကျော် ရှိနေပြီး ကုသမှုအပိုင်းနှင့် လူနာဦးရေမှာ ကွာဟချက်များစွာ ရှိနေကြောင်း သိရသည်။

ကင်ဆာဖြစ်နှုန်း အများဆုံး နိုင်ငံများအနက် မြန်မာနိုင်ငံသည် ဒုတိယနေရာ၌ ရပ်တည်နေခြင်း ဟုတ်မဟုတ်ကိုမူ သေချာသည့် စာရင်းဇယားများ မရှိခြင်းကြောင့် တရားဝင် ပြောကြားရန် အခက်အခဲများ ရှိနေကြောင်းလည်း ပါမောက္ခ ဒေါက်တာစိုးအောင်က ပြောကြားသည်။

၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့သော အာရှ-ပစိဖိတ်ဂျာနယ်၏ “Cancer Preview” ကဏ္ဍတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၌ ကင်ဆာရောဂါ ၀န်ထုပ်ဝန်ပိုး ဖြစ်နေမှုကို စနစ်တကျ သုတေသန ပြုခဲ့သည့် သိပ္ပံစာတမ်း တစ်စောင်တွင် ဖော်ပြချက်များအရ မြန်မာအမျိုးသားနှင့် အမျိုးသမီးများတွင် ကင်ဆာကြောင့် သေဆုံးမှုနှုန်းမှာ အရှေ့တောင်အာရှတွင် တတိယနှင့် ပဉ္စမနေရာ၌ ရှိနေသည်။

EMG

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့အကြား IMCEITS သင်တန်းဌာန၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

 Created on Friday, 01 November 2013


မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား IMCEITS သင်တန်းဌာနနှင့် ပတ်သက်၍ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ ကျင်းပနေစဉ်

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့အကြား IMCEITS သင်တန်းဌာန၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲအား အောက်တိုဘာ ၃၁ ရက် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ သင်တန်းများအား စွမ်းဆောင်ရည် ပိုမိုမြင့်မား လာစေရန်အတွက် သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် နိုင်ငံတကာ အသိအမှတ်ပြု Joint Certificate များ ပေးအပ်နိုင်သည့် သင်တန်းကျောင်းအဖြစ် ရပ်တည်နိုင်ရန် အတွက် Centre for Development of Advanced Computing ၏ Authorized Trading Centre တစ်ခုအဖြစ် ရပ်တည်နိုင်ရန် လက်ရှိ IT ဈေးကွက်နှင့် ကိုက်ညီမှု ရှိစေမည့် သင်ရိုးညွှန်းတမ်းများ မြှင့်တင်ရန်နှင့် မြန်မာနိုင်ငံ၏ ICT ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု စေရန်အတွက် ရည်ရွယ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယအစိုးရ တို့အကြား သင်တန်းဌာန၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအားဖြင့် ၀န်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ကိုက်ညီသည့် သင်တန်းများ ဖွင့်လှစ်ပေးနိုင်ခြင်း၊ လုပ်ငန်းခွင် အသင့်ဝင်နိုင်သော ပညာရှင်များ မွေးထုတ်ပေးနိုင်ခြင်း၊ အိန္ဒိယနိုင်ငံ၏ IT ပညာရပ်ဆိုင်ရာ ဗဟုသုတများ၊ အတွေ့အကြုံများ ရရှိလာမည် ဖြစ်ကြောင်း သိရသည်။

EMG

တစ်ပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်အထိ ရှိလာပြီး ပင်လယ်ရေကြောင်းမှ ပိုမိုကုန်သွယ်နိုင်ခဲ့

 Created on Friday, 01 November 2013


ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပြုလုပ်သော ဆိပ်ကမ်းတစ်ခုဖြစ်သည့် ဗိုလ်အောင်ကျော် ဆိပ်ကမ်းအား တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)

တစ်ပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်အထိ ရှိလာပြီး နယ်စပ်ကုန်သွယ်မှုထက် ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုပမာဏ ပိုမိုများပြားခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၄၂၈ ဒသမ ၆၂၁ သန်းရှိပြီး နယ်စပ်စခန်းများမှ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၃၀၈ သန်း ရှိသဖြင့် တစ်ပတ်အတွင်း စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၅၁၈ ဒသမ ၉၂၉ သန်း ရှိခဲ့ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက် မှ အောက်တိုဘာ ၁၈ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂၆၀၉ ဒသမ ၂၂၅ သန်း (၁၂ ဘီလျံကျော်) ရရှိခဲ့ပြီး အောက်တိုဘာ ၂၅ ရက်အထိ ဆိုပါက စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၁၂၈ ဒသမ ၁၅၄ သန်း (၁၃ ဘီလျံ) ကျော် ရှိကြောင်း သိရသည်။ ကုန်သွယ်မှု ပမာဏ ၁၃ ဘီလျံကျော်တွင် ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၅၉၈၀ ဒသမ ၂၃၃ သန်း၊ သွင်းကုန်မှ အမေရိကန် ဒေါ်လာ ၇၁၄၇ ဒသမ ၉၂၁ သန်းရရှိခဲ့သဖြင့် ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ရှိကြောင်း သိရသည်။



ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပြုလုပ်သော ဆိပ်ကမ်းတစ်ခုဖြစ်သည့် ဗိုလ်အောင်ကျော် ဆိပ်ကမ်းအား တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)

လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၂၅၅၅၉ ဒသမ ၈၄ သန်းရရှိရန် လျာထားခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၂၀ နှင့်ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ရာခိုင်နှုန်း ၈၀ ကုန်သွယ်မှု ပြုလုပ်နိုင်ရန် လျာထားကြောင်း သိရသည်။ ဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် ငါးလသာ လိုတော့သည့် အချိန်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ လျာထားချက်၏ ၅၁ ရာခိုင်နှုန်းကျော်သာ ရရှိသေးကြောင်း သိရသည်။

လက်ရှိဘဏ္ဍာရေးနှစ် အောက်တိုဘာ ၂၅ ရက်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃ ဘီလျံကျော် ရှိနေပြီး ယခင်ဘဏ္ဍာရေးနှစ် ကာလတူ ကုန်သွယ်မှု ပမာဏထက် အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို နယ်စပ်ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေသကဲ့သို့ ကုန်သွယ်မှု အများဆုံး ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများတွင်ပါ စတင်စစ်ဆေး နေပြီဖြစ်ကြောင်း သိရသည်။

EMG

အပစ်ရပ် စာချုပ်အတွက် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘော တူညီချက်တွင် ဖက်ဒရယ် တပ်မတော် တည်ဆောက်ရေးနှင့် စာချုပ်တွင် သမ္မတအပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ လက်မှတ်ထိုးရန် အချက်များပါဝင်

 Created on Saturday, 02 November 2013

လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများကို ဒေသခံများက ကြိုဆိုနေကြစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခြင်း၊ ဖက်ဒရယ် တပ်မတော် တည်ဆောက်ရေးနှင့် စာချုပ်တွင် သမ္မတအပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပါဝင်လက်မှတ် ရေးထိုးရန် အချက်များ ပါဝင်ကြောင်း သိရသည်။

''ဖက်ဒရယ် တပ်မတော်နဲ့ ပတ်သက်ပြီး ခြုံပြောရရင် တပ်မတော်က အရပ်ဘက်အုပ်ချုပ်မှု အောက်မှာ ရှိရမယ်ဆိုတဲ့ အချက်လေးတွေ ပါလာမယ်။ နောက်ပြီးတော့ ချင်းမိုင်ညီလာခံမှာတုန်းက တင်ထားတာရှိတယ်။ ဥပမာပြည်ထောင်စုကို ကာကွယ်ရမယ့် တာဝန်ပဲယူရမယ်။ ကျန်တာမယူရဘူး။ နောက်ပြီးတော့ ဥပဒေ ထိန်းသိမ်းရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့နဲ့ တာဝန်ချင်း မတူတဲ့အတွက်၊ အလုပ်မတူတဲ့ အတွက် ရဲတပ်ဖွဲ့နဲ့ ခွဲခြားထားရမယ်'' ဟု (UNFC) ၏ တွဲဖက် အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက နိုဝင်ဘာ ၁ ရက် ညဦးပိုင်းက ပြောကြားသည်။

ထို့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးရာ၌ အစိုးရဘက်မှ သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ရှေ့နေချုပ်၊ တရားသူကြီးချုပ်တို့ ပါဝင်ရမည်ဟု ဖော်ပြထားကြောင်း သိရသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဘက်ကမူ ဥက္ကဋ္ဌ(သို့မဟုတ်) ဒုတိယဥက္ကဋ္ဌ (သို့မဟုတ်) အတွင်းရေးမှူးများ၊ စစ်ဦးစီးချုပ် (သို့မဟုတ်) ဒုတိယ စစ်ဦးစီးချုပ်များ ပါဝင်မည်ဟု သိရသည်။ အခြားပါဝင် လက်မှတ်ရေးထိုး သင့်သည်များ စာရင်းတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၊ နိုင်ငံတကာ ခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ ပါဝင်သင့်ကြောင်း ရေးသားထားသည်ဟု ဆိုသည်။

''နိုင်ငံရေးပါတီ ခေါင်းဆောင်တွေလည်း သက်သေအဖြစ် ပါဝင်လက်မှတ် ထိုးသင့်တယ်လို့ အဆိုပြု ထားတာလည်း ရှိပါတယ်'' ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးရမည့်သူများ လျာထားသတ်မှတ်ချက်မှာ UNFC က အောက်တိုဘာလအတွင်း သဘောတူ ဆုံးဖြတ်ထားသော အပစ်ရပ်ရေးအပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားနှင့် များစွာကွဲလွဲမှု မရှိဘဲ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ တိုင်းရင်းသားများ၏ ဘုံသဘော တူညီချက်တွင် ထိုအချက်ကို ဆက်လက် အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

EMG

Related Posts Plugin for WordPress, Blogger...